no
အပိုင်း (၆.၂) - မိစ္ဆာမီးလျှံ
ရဲစခန်း၌။
စောင့်ကြည့်ရေးအခန်းထဲ၌ ယဲ့စစ်တစ်ယောက် အိပ်ရာအစွန်းမှာထိုင်ကာ ဘယ်ဘက်လက်၌ အင်္ဂလိပ်စာအုပ်ကိုကိုင်ထားရင်း စကားလုံးများကို ငြိမ်သက်စွာရွတ်ဆိုနေခဲ့သည်။
သူက ရဲစခန်းကို အရောက်အပေါက်များသူမဟုတ်သော်လည်း စိမ်းလည်းမစိမ်းသက်ပေ။ ထို့ကြောင့် သူက တည်ငြိမ်စွာနေနိုင်ခဲ့ပြီး သူစိတ်ရှိရာကို လုပ်နိုင်ခဲ့သည်။
ယနေ့ သူ့ကိုပြဿနာရှာဖို့ ဆံဝါကောင်၏နောက်ကနေလိုက်လာခဲ့သည့် လူရမ်းကားများက လက်နက်များကိုင်ဆောင်ထားပြီး မောက်မာလွန်းသည့်အတွက် အာရုံစိုက်ခံခဲ့ကြရသည်။ ထို့ကြောင့် ၎င်းတို့ ရန်ပွဲမစခင်မှာပင် တစ်စုံတစ်ယောက်က ရဲများကို ဖုန်းဆက်အကြောင်းကြားခဲ့သည်။ ယဲ့စစ် ၎င်းတို့ကို တစ်ယောက်ပြီးတစ်ယောက် ဂရုတစိုက်ရိုက်နှက်ခဲ့ပြီးနောက် ရဲကားက ရောက်လာခဲ့၏။ သူ၏စာရွက်စာတမ်းများကို စစ်ဆေးပြီးနောက်မှာ ယဲ့စစ်က အထက်တန်းကျောင်းသားတစ်ယောက်မှန်း သိသွားကြပြီး သူ့မိသားစုနှင့် ကျောင်းကို အကြောင်းကြားရမည်ဟု ပြောလာခဲ့သည်။ ယဲ့စစ် ချူးဝမ်လင်ကို အမှန်တကယ်မတွေ့ချင်ပေ။ ထို့ကြောင့် ဦးလေးဟယ်၏ဖုန်းနံပါတ်ကို သတင်းပို့ရန်သာ ရုန်းကန်ခဲ့သည်။
ဖုန်းခေါ်ပြီး သိပ်မကြာခင် စောင့်ကြည့်ရေးအခန်းတံခါးက ပွင့်သွားခဲ့၏။ ယဲ့စစ် ဦးလေးဟယ်ရောက်လာပြီဟု ထင်လိုက်သဖြင့် မပြင်ဆင်ရသေးဘဲ မော့ကြည့်လိုက်သော်လည်း တံခါးဝမှာ ဟော့ထင်းလန်၏ အရပ်ရှည်ရှည်ပုံရိပ်ကို မြင်လိုက်ရသည့်အတွက် ထိတ်လန့်သွားခဲ့သည်။
ဟော့ထင်းလန်က သူ့လက်ဖျံမှာ ကုတ်အင်္ကျီကိုချိတ်ထားပြီး အနက်ရောင်ရှပ်အင်္ကျီက သူ၏ရင်အုပ်ကြွက်သားများနှင့် သွယ်လျသောခါးတို့ကို ဖော်ကျူးနေခဲ့သည်။ ရှပ်အင်္ကျီကော်လံကို ဖွင့်ထားပြီး ခံ့ညားသော သူ့မျက်နှာထက်မှာ နားမလည်နိုင်သောအကြည့်တစ်ခုရှိနေ၏။ ၎င်းက အပြုံးနှင့်တူသော်လည်း သူ၏နှုတ်ခမ်းများက ကွေးညွတ်မနေခဲ့ပေ။
သူက အရင်ဆုံး ယဲ့စစ်ကို ခေါင်းအစခြေအဆုံး စစ်ဆေးလိုက်ပြီး သူ ထိခိုက်ဒဏ်ရာမရသလို၊ ကျောင်းဝတ်စုံကတောင် တွန့်ကြေသွားခြင်းမရှိကြောင်း တွေ့လိုက်ရတော့မှ ပြောလိုက်သည်။ "မင်း အိမ်ပြန်လို့ရပြီ။"
ယဲ့စစ် အင်္ဂလိပ်စာအုပ်ကို ပြန်သိမ်းလိုက်ပြီး ဟော့ထင်းလန်နှင့် အကွာအဝေးခြားကာ ဖြည်းဖြည်းချင်းထွက်လာခဲ့သည်။ အရန်ရဲအရာရှိများနှင့် ရှေ့နေဖြစ်ဟန်တူသော အနောက်တိုင်းဝတ်စုံဝတ်ကာ သားရေဖိနပ်စီးထားသည့် အမျိုးသားတစ်ယောက်က စင်္ကြံမှာရပ်နေ၏။ ဟော့ထင်းလန်က ထိုလူ့ကို ခေါင်းတစ်ချက်ညိတ်ပြကာ တာဝန်ကျအစောင့်နှင့်အတူ လှေကားကနေဆင်းသွားခဲ့သည်။
"မင်း ညစာစားပြီးပြီလား။" ဟော့ထင်းလန်က တည်ငြိမ်စွာမေးလာ၏။
"...ဟင့်အင်း။" ယဲ့စစ် ခဏရပ်တန့်သွားပြီး ဂရုစိုက်ခံရမှာကို စိုးရိမ်သကဲ့သို့ အလျင်အမြန်ထပ်ပြောလိုက်၏။ "ကျွန်တော် ဗိုက်မဆာပါဘူး။"
"မင်း ဗိုက်မဆာရင်တောင် မင်းရဲ့အစာအိမ်ကို အလွတ်ထားလို့မရဘူးလေ။ အိမ်ပြန်ပြီး ရိုးရှင်းတာတစ်ခုခုစားကြတာပေါ့။" ဟော့ထင်းလန်က နွေးထွေးစွာပြောလိုက်သည်။
ယဲ့စစ် စိတ်ထဲဗလာကျင်းသွားပြီး သူ့ကို ပြန်မဖြေခဲ့ချေ။ အခိုက်အတန့်တစ်ခုလောက် တိတ်ဆိတ်နေပြီးနောက် သူ လက်သီးဆုပ်ကာ မေးလိုက်သည်။ "ခင်ဗျား၊ ခင်ဗျား ဆေးဖိုးအတွက်... ဘယ်လောက်ပေးလိုက်ရတာလဲ။ ကျွန်တော် ပြန်ပေးပါ့မယ်။"
ယဲ့စစ်၏အတွေ့အကြုံအရ ရန်ဖြစ်ပြီးနောက်အလွယ်တကူလွတ်မြောက်နိုင်ခဲ့ခြင်းမှာ ဖျန်ဖြေကာ လျော်ကြေးငွေပေးဆောင်ခဲ့ခြင်းကြောင့်မှန်း သေချာပေ၏။
ထိုငွေက ဟော့ထင်းလန်အတွက် မပြောပလောက်သော်လည်း သူ ကိုယ့်တာဝန်ကို ယူဖို့လိုအပ်သည်။
"ပေးစရာမလိုပါဘူး။" စင်္ကြံမှာ မည်သူမှမရှိတော့ပေ။ ဟော့ထင်းလန်က ရပ်တန့်ကာ သူ့ကိုလှည့်ကြည့်လာ၏။
ယဲ့စစ်က သူ့ထက် ဦးခေါင်းတစ်ဝက်သာနိမ့်ပြီး အိုမီဂါများကြား အရပ်ရှည်သည်ဟုယူဆနိုင်သော်လည်း သူ၏ကိုယ်လုံးကိုယ်ပေါက်က ပိန်လှီကာ ပွယောင်းယောင်းအားကစားဝတ်စုံအောက်မှာ ပိုလို့တောင် သေးသွယ်ပုံပေါ်နေသည်။ ကျောင်းလွယ်အိတ်ကြိုးကို ဆုပ်ကိုင်ထားသော သူ၏လက်ချောင်းလေးများက ဖြူဖျော့ကာ နုနယ်လွန်းလှသည်။
"ဘာလို့၊ ဘာလို့... ပေးစရာမလိုတာလဲ။" ယဲ့စစ်က မေးလိုက်၏။
"စောင့်ကြည့်ကင်မရာနဲ့ ဒဏ်ရာမှတ်တမ်းတွေအရ မင်းက ကိုယ့်ကိုယ်ကိုယ်ကာကွယ်ဖို့ ပြန်ခုခံလိုက်တာလို့ ယူဆလို့ရတယ်။" ဟော့ထင်းလန်က ထပ်ပြီးရှင်းပြလာ၏။ "ဆန့်ကျင်ဘက်အနေနဲ့ လက်နက်တွေနဲ့ ရန်စနှောင့်ယှက်တဲ့ပြဿနာက ပိုပြီးပြင်းထန်တယ်။"
ရန်စနှောင့်ယှက်ခြင်းကဲ့သို့သောစွဲချက်က ထိုငနဲအဖွဲ့အား အထိနာစေရန်လုံလောက်သည်။
ယဲ့စစ် ဘာမှဆက်မပြောတော့သလို သူ၏တောင့်တင်းနေသောပခုံးများကလည်း ပြေလျော့သွားလေ၏။
"တစ်ယောက်နဲ့ ငါးယောက်။" ဟော့ထင်းလန်က ပြေးလမ်းရှိ စောင့်ကြည့်ကင်မရာမှတ်တမ်းကို ပြန်တွေးလိုက်ပြီး နောက်ဆုံးတော့ သူ၏အပြုံးကို မထိန်းနိုင်တော့ဘဲ နှုတ်ခမ်းထောင့်များက ခပ်ရေးရေးလေး ကွေးညွတ်သွားခဲ့၏။ သူက သူ၏လေသံကိုထိန်းချုပ်ကာ စစနောက်နောက်ပြောလိုက်သည်။ "အရည်အချင်းက ဘယ်ဆိုးလို့လဲ။"
ယဲ့စစ် သူ့ကို တစ်ချက်အမြန်ကြည့်လိုက်ပြီးနောက် မျက်လွှာချလိုက်သည်။
သူက ဆယ်ကျော်သက်အရွယ်ကောင်လေးတစ်ယောက်ဖြစ်ပြီး 'အရည်အချင်းက ဘယ်ဆိုးလို့လဲ' ဆိုသည့်စကားမျိုးက သူ့အတွက် အလွန်ကောင်းမွန်သော်လည်း ဂုဏ်ယူဝံ့ကြွားပြီး ရှက်ရွံ့သည့်အပြုံးကို အလျင်အမြန်ဖိနှိပ်ကာ 'အင်း' ဟုသာ လျစ်လျူရှူစွာပြန်ဖြေခဲ့သည်။
ဟော့ထင်းလန်က ယဲ့စစ်၏ တိုတောင်းလွန်းသောအမူအရာသေးသေးလေးကို ရှင်းရှင်းလင်းလင်း သတိပြုမိလိုက်ပြီး စိတ်လှုပ်ရှားသွားခဲ့သည်။
ဤသည်မှာ အတိတ်ဘဝတုန်းက ယဲ့စစ်၏မျက်နှာထက် တစ်ခါမှမမြင်ခဲ့ဖူးသည့် အမူအရာဖြစ်ပေ၏။ အတိတ်ဘဝတုန်းက ဖော်မြူလာပြိုင်ပွဲ၏ ချန်ပီယံဆုကိုရခဲ့တာတောင် စိတ်မလှုပ်ရှားခဲ့သော်လည်း ဆယ့်ရှစ်နှစ်အရွယ်ယဲ့စစ်ကတော့ 'အရည်အချင်းက ဘယ်ဆိုးလို့လဲ' ဟု အပြောခံခဲ့ရသဖြင့် ပျော်ရွှင်စွာခုန်ပေါက်နိုင်ပေသည်။
သိပ်ကိုကလေးဆန်တယ်၊ ပြီးတော့ အရမ်းချစ်စရာကောင်းတယ်။
အယ်ဖာတစ်ယောက်၏ ပြင်းထန်သောတွန်းအားများက အရိုးထဲကနေ တိုးထွက်လာပြီး သူ့နှလုံးသားလေးကို ကုတ်ခြစ်နေခဲ့သည်။ ဟော့ထင်းလန်တစ်ယောက် အသည်းယားနေသော်လည်း ထိုမိစ္ဆာမီးလျှံကို ပြန်လည်ဖိနှိပ်ကာ ထိန်းချုပ်ထားခဲ့ရသည်။ ယဲ့စစ်ကို ကျီစယ်လို့မရနိုင်ဘဲ သူ့ခမျာ နွေးနွေးထွေးထွေးသာ ပြောလိုက်လေသည်။ "သွားကြစို့။"
____
စာရေးသူမှာ ပြောစရာရှိပါတယ်:
ဆေးလိပ်သောက်ခြင်းက ကျန်းမာရေးကိုထိခိုက်စေနိုင်တာကြောင့် ကျေးဇူးပြုပြီး အတုအယူပါနဲ့။ ဒီဇာတ်လမ်းထဲက ဆေးလိပ်သောက်သူဟာ အရွယ်ရောက်ပြီးသူတစ်ယောက်ပါ။
[ပြဇာတ်ငယ်လေး]
ရှောင်စစ်: ပြပွဲ B။
လောင််ဟော့: မတ်တတ်ရပ်အားပေးဂုဏ်ပြု!!!
ရှောင်စစ်: (*///_///*)
(အရမ်းပျော်နေသော်လည်း အရေးမကြီးသလိုဟန်ဆောင်နေ။)
***
Aurora Novel Translation Team
There is No Eng Version