no
အပိုင်း (၁၃.၂) - တိတ်တိတ်ကလေး စည်းကမ်းဖောက်မယ်
ရလဒ်အနေဖြင့် ဤအိုမီဂါက ဆင်းရဲစွာမွေးဖွားလာခဲ့ပြီး သူ၏ဘိုးဘေးများက အသိအမှတ်မပြုသည့် တရားမဝင်ကလေးဖြစ်ကြောင်း၊ သူက ဟော့မိသားစုအတွက် မျိုးဆက်ချန်ပေးဖို့ အရည်အချင်းမပြည့်မီကြောင်း စသဖြင့် မိသားစုအတွင်း ပြင်းထန်သောကောလာဟလတချို့ ပျံ့နှံ့လာခဲ့သည်။ ဟော့ထင်းလန်တို့ မိသားစုသုံးယောက်က သူ့ကို ဂရုတောင်မစိုက်ဘဲ ရောဂါကုသရန်အတွက် ဆေးအိုးအဖြစ် သတ်မှတ်ထားပြီး နှစ်ဦးသားကြား ဆက်ဆံရေးမကောင်းမွန်ဟုလည်း ပြောခဲ့ကြ၏။
ကိုက်ညီမှုအဆင့်မြင့်မားခြင်းက အသုံးမဝင်ဘဲ ကိုယ်ဝန်ရနိုင်ခြေနည်းပြီး သားသမီးရဖို့ ခက်ခဲလိမ့်မည်။ ၎င်းတိုနှစ်ယောက်ကြားမှ ကိုက်ညီမှုအဆင့်က အတုအယောင်ဖြစ််နိုင်ပြီး အမှန်တကယ်တော့ ထိုမျှမမြင့်နိုင်ဟုတောင် ပြောနေခဲ့ကြသည်။ လင်ယောင်က ၎င်းအား လက်မခံချင်သော်လည်း ကူကယ်ရာမဲ့သော သည်းခံအောင့်အီးခြင်းနှင့်အတူ အခြားဟော့မိသားစုများအတွက် ရှိုးတစ်ခုကို ပြင်ဆင်ခဲ့သည်...
လင်ယောင်က စိတ်အားထက်သန်ပြီး ဟော့ချန်းယွီဆီမှာ အလိုလိုက်ခံထားရသူဖြစ်၏။ သူ(မ)က ဤမကျေနပ်ချက်ကို မည်သို့သည်းခံနိုင်လိမ့်မည်နည်း။ သူ(မ)က အခြေအမြစ်မရှိသော အနှီကောလာဟလများနှင့်ပတ်သက်၍ ဒေါသများနှင့် လောင်ကျွမ်းနေခဲ့ရသည်။ ဤအချိန်အတောအတွင်း သူ(မ)က ကိုယ့်ကိုယ်ကိုယ်ထိန်းချုပ်ထားခဲ့ရပြီး နောက်ဆုံးတော့ သူ(မ)၏ဒေါသများကိုဖွင့်ထုတ်နိုင်ဖို့ အခွင့်အရေးရလာခဲ့ပြီးဖြစ်ရာ ယဲ့စစ်အပေါ် စိတ်အားထက်သန်စွာဖြင့် ရင်းရင်းနှီးနှီး၊ နွေးနွေးထွေးထွေးပြုမူခဲ့သည်။
ထို့အပြင် ကလေးက ရုပ်ရည်ချောမောပြီး တိတ်ဆိတ်ငြိမ်သက်သူဖြစ်ရာ အမှန်တကယ်ကို ချစ်စရာကောင်းလှသည်။ သူ(မ)က သရုပ်ဆောင်နေခြင်းဖြစ်သော်လည်း ၇၀% သို့မဟုတ် ၈၀% လောက်က အမှန်တရားများဖြစ်ပေသည်။
လင်ယောင်က မိန်းကလေးငယ်တစ်ယောက်လို စစနောက်နောက်ဖြင့် ယဲ့စစ်၏ပခုံးကို သိုင်းဖက်ကာ ဟော့ထင်းလန်ကို တမင်ရန်စလိုက်၏။
"မင်း သူ့ကိုမပြချင်လေ၊ အမေက ပိုပြီးတွေ့ချင်လေပဲ။ ဒီတစ်ခေါက်တော့ မင်း တားလို့မရတော့ဘူး။"
ထို့နောက် သူ(မ)က ယဲ့စစ်ဘက်ကိုလှည့်ကာ ပျော့ပျောင်းစွာပြောလိုက်သည်။
"ရှောင်စစ်၊ မင်း ဒီမှာ ရက်အနည်းငယ်လောက်နေပြီး အမေ့ကို အဖော်ပြုပေးရမယ််နော်။"
ယဲ့စစ်မှာ လင်ယောင်၏ စိတ်အားထက်သန်သောထိုးစစ်ကြောင့် အံ့အားသင့်သွား၏။ သူက ဤလူမှုရေးကျင့်ဝတ်များကို နားမလည်သောကြောင့် ရိုးသားစွာပင် ခေါင်းညိတ်ပြလိုက်သည်။ "ဟုတ်ကဲ့။"
လိမ္မာတဲ့ကလေးလေးပဲ။
လင်ယောင် သူ(မ)၏နှလုံးသားထဲမှာ နူးညံ့မှုကိုခံစားလိုက်ရပြီး သူ့ကို ပို၍သဘောကျလာခဲ့သည်။
ဟော့ထင်းလန်က ပြုံးလိုက်ပြီး ခေါင်းယမ်းလိုက်လေ၏။
"မနက်ဖြန်ကျ သူ ကျောင်းသွားရဦးမှာ။ ဒီကနေသွားမယ်ဆို သူ နာရီဝက်စောထနေရလိမ့်မယ်။ ပြီးတော့ ပိတ်ရက်အတွက် အိမ်စာတွေလည်းအများကြီးရှိသေးတယ်...."
"ရှောင်စစ်၊ သူ့စကားကိုနားမထောင်နဲ့။"
လင်ယောင်က ကြားဖြတ်ပြောကာ သူ့သားကို ဒေါသတကြီးဆူလိုက်၏။
"ရှားရှားပါးပါး အပြင်ထွက်လာတဲ့နေ့လေးကို မင်းက အိမ်စာအကြောင်း ပြောနေသေးတယ်။ မင်း ပြဿနာရှာဖို့ကြိုးစားနေတာလား၊ ဟမ်? ခဏနေရင် အနားယူဖို့အတွက် ရှောင်စစ်ကို မြင်းစီး၊ ဂေါက်ရိုက်ဖို့ ခေါ်သွားပေးလိုက်ဦး။ မင်းရဲ့လူကြီးလူကောင်းလေးကို ပျော်အာင်လုပ်ပေးရမှာက မင်းရဲ့တာဝန်ပဲ။"
ဟော့ထင်းလန်က ညင်သာစွာပြုံးလိုက်ပြီး လက်မြှောက်ကာ တောင်းပန်လိုက်သည်။
"ကိစ္စမရှိပါဘူး။ သူ့ရဲ့အိမ်စာတွေကိုစစ်ပြီးရင် သူ့ကို ခေါ်သွားပေးလိုက်ပါ့မယ်။"
"မင်း..."
လင်ယောင်တစ်ယောက် ဒေါသထွက်လွန်းလို့ စကားတောင်မပြောနိုင်တော့ပေ။ ဟော့ချန်းယွီကတော့ နံဘေးမှာ ရယ်မောနေလေ၏။
စားပွဲဝိုင်းရှိလေထုက နွေးထွေးလာခဲ့သည်။
တကယ်တမ်းတော့ ယခုတစ်ခေါက် လင်ယောင်၏သရုပ်ဆောင်မှုက ဟော့မိသားစုမှာ သူ(မ)၏အနေအထားကို ဖော်ပြရန်ဖြစ်သည်။ သူ(မ)က လက်ထပ်ပွဲကို စိတ်ကျေနပ်ပြီး ယဲ့စစ်ကိုလည်း သဘောကျသည်ဟူ၍။ မိသားစုလေးယောက်က စည်းချက်ညီနေသဖြင့် အပြင်လူများ အပြစ်တင်ပြောဆိုဖို့ လက်ညှိုးထိုးစရာမရှိတော့ပေ။
ဟော့ထင်းလန်၏အဒေါ်များနှင့် ဦးလေးများက အားလုံးခေတ်ပညာတတ်များဖြစ်ကြပြီး ကိုယ့်ကိုယ်ကိုယ် ဒုက္ခအရောက်မခံကြပေ။ အားလုံးက ဖော်ရွေသော အတုအယောင်အပြုံးများဖြင့် ယဲ့စစ်ကို စကားစမြည်ပြောနေခဲ့ကြပြီး အားလုံး၏နှုတ်ဖျားမှ ချီးကျူးစကားများဖြင့် ပြည့်နှက်နေခဲ့သည်။
စီစဥ်ထားသည့်အတိုင်း ဟော့ထင်းလန်က ယဲ့စစ်အတွက် ပြန်လည်တုံ့ပြန်ပေးခဲ့သည်။ ထိုစဥ် လင်ယောင်က ယဲ့စစ်စကားမပြောနိုင်ခင် သူက ဖြတ်ဖြတ်ပြောနေသည့်အတွက် ယဲ့စစ်ကို အနိုင်ကျင့်နေသည်ဟုတွေးလိုက်ပြီး ဟော့ထင်းလန်ကို အပြစ်တင်ပြောဆိုခဲ့လေ၏။
ဟော့ထင်းလန်က နွေးထွေးစွာဆန့်ကျင်လိုက်သည်။
"ကျွန်တော့်ရဲ့လူကြီးလူကောင်းလေးက တိတ်ဆိတ်တဲ့ကိုယ်ရည်ကိုယ်သွေးရှိပြီး စကားနည်းတယ်လေ။ ကျွန်တော်ကပဲ သူ့အတွက် စကားပိုပြောပေးပါ့မယ်။"
ထိုသို့ပြောပြီးနောက် သူက မိန်းမကြောက်ရသလိုပုံပေါ်သော်လည်း ချစ်မြတ်နိုးမှုများဖြင့် ယဲ့စစ်ကိုကြည့်ကာ အပြုံးလေးဖြင့် သက်ပြင်းချလိုက်သည်။
"ကျွန်တော်က ဘယ်လိုသတ္တိနဲ့ သူ့ကို အနိုင်ကျင့်ရဲမှာလဲ..."
လေသံက အလွန်တရာဒွိဟဖြစ်စရာကောင်း၏။ ယဲ့စစ် စိုးရိမ်တကြီးမော့ကြည့်လိုက်ချိန်မှာ ပြုံးနေပြီး နက်ရှိုင်းသောအချစ်များပြည့်နှက်နေသော မျက်ဝန်းနက်တစ်စုံနှင့်တွေ့ဆုံသွားပြီး သူ့နှလုံးသားကို တုန်လှုပ်သွားစေခဲ့သည်။
သူ၏နှလုံးသားက လေထုအလယ်မှာ ချိတ်ဆွဲခံထားရသလို ခံစားလိုက်ရသည်။ ယဲ့စစ်၏လက်ချောင်းလေးများက တင်းကျပ်သွားပြီး လက်ဖက်ရည်ခွက်ကိုတောင် ချေမွပစ်လုနီးနီးပင်။ သူ၏မျက်လုံးများကလည်း ရှုပ်ထွေးမှုများ၊ ထိတ်လန့်မှုများဖြင့် ပြည့်နှက်လာပြီး မျက်လွှာချထားလိုက်လေသည်။
...ဟော့ရှူးရှူတစ်ယောက် ယခုလိုသရုပ်ဆောင်စွမ်းရည်ကို မည်သည့်နေရာကနေရရှိလာကြောင်း သူ မသိပေ။
စီးပွားရေး၊ စီးပွားရေးညှိနှိုင်းမှုတွေကြောင့် ကျင့်သားရလာတာဖြစ်လောက်တယ်။
လင်ယောင်က နှစ်ဦးသားကို စိတ်ဝင်တစားကြည့်နေရင်း မျက်ခုံးများက ကွေးညွတ်လာခဲ့သည်။ ရုတ်တရက် တစ်စုံတစ်ခုက ပြောင်းလဲလာခဲ့ပြီး သူ(မ)၏နှုတ်ခမ်းထောင့်များက ပိုလို့တောင် သိသိသာသာမြင့်တက်လာခဲ့လေ၏။
ထိုအခိုက်အတန့်၌ ချူးဝမ်လင်က သူ့ဇနီး၊ သားတို့နှင့်အတူ ရောက်ရှိလာခဲ့ပြီး ဟော့မိသားစုဝင်များအား နှုတ်ဆက်ခဲ့သည်။
ချူးဝမ်လင်၏သားအငယ်က ချူးရွေ့ဖြစ်ပြီး ယဲ့စစ်၏သွေးတစ်ဝက်တော်သောညီဖြစ်သည်။ သူက သူ့မိဘများ၏ဆိုးမွေများကိုသာ လက်ဆင့်ကမ်းခဲ့ပုံပင်။ လှီးဖြတ်ပြီးကြော်ထားသည့် ဝက်အူချောင်းကဲ့သို့ တုံးတုံးအအနှင့် ခပ်ဝဝပုံစံရှိပြီး တစ်ချက်ကြည့်လိုက်တာနှင့် သဘောကျချင်စရာမရှိပေ။
ဟော့ထင်းလန်က အနှီသုံးယောက်ကို အေးစက်စွာကြည့်ကာ အသာအယာခေါင်းညိတ်ပြီးသာ နှုတ်ဆက်လိုက်သည်။ ထို့နောက် လာမည့်လလယ်စာမေးပွဲအတွက် စာများလုပ်ဖို့ ယဲ့စစ်ကို ခေါ်ထုတ်လာခဲ့လိုက်လေသည်။
သူက ယဲ့စစ်ကို လူအုပ်ကြီးထဲကနေခေါ်ထုတ်လာပြီး ဆိတ်ငြိမ်သော ဥယျာဥ်လမ်းလေးကနေ ပင်မအိမ်တော်ထဲဝင်လာခဲ့သည်။ ထို့နောက် ပြင်ဆင်ထားသော ဧည့်သည်အခန်းဆီသွားကာ တံခါး၌ရပ်လိုက်၏။
"ကိုယ် မင်းရဲ့ကျောင်းလွယ်အိတ်ကို ယူလာခဲ့တယ်။ မင်း နေ့ခင်းဘက်မှာ စကားမြည်ပြောဖို့ အပြင်ထွက်လာစရာမလိုပါဘူး။ အိမ်စာတွေပြီးသွားရင် ကိုယ် စာစစ်ပေးမယ်..."
"အင်း။" ယဲ့စစ်က မျက်နှာလွှဲလိုက်ပြီး အနည်းငယ်တိမ်းရှောင်ချင်နေပုံပင်။
ဟော့ထင်းလန် သူ့ကို အခိုက်အတန့်တစ်ခုလောက်ကြည့်လိုက်ပြီး နားလည်သဘောပေါက်သွား၏။ ထို့နောက် တောင်းပန်သည့်အပြုံးဖြင့် ရှင်းပြလိုက်လေသည်။
"လူကြီးတွေရှေ့မှာ ကိုယ် မင်းနဲ့စိမ်းနေသလိုမျိုး မမြင်စေချင်လို့ ကိုယ်တို့တွေ ရင်းနှီးသလိုမျိုး သရုပ်ဆောင်ခဲ့တာ..."
"ကျွန်တော်နားလည်ပါတယ်။"
ယဲ့စစ်၏နားရွက်များက ပူလာင်နီရဲလာ၏။
"ကျွန်တော်၊ ကျွန်တော် အိမ်စာတွေလုပ်လိုက်ပါ့မယ်... ခင်ဗျား အလုပ်သွားလုပ်ပါ။"
ထိုသို့ပြောပြီးသည်နှင့် ယဲ့စစ်က တံခါးပိတ်လိုက်၏။
တံခါးက တစ်ဝက်လောက်ပိတ်သွားချိန်မှာ ဟော့ထင်းလန်က သူ၏လက်ဖျံဖြင့် ခံလိုက်သည်။ ဟော့ထင်းလန်က သူ့အပြုံးကိုဖိနှိပ်ထားပြီး သူ၏လေသံက အလွန်ပျော့ပျောင်းနေခဲ့သည်။
"မင်း ကိုယ့်ကိုစိတ်ဆိုးနေတာလား။"
ပထမတစ်ချက်ကြည့်လိုက်လျှင် သူက လက်ဖက်ရည်ဝိုင်းမှာ ဒွိဟဖြစ်စရာမှတ်ချက်များအတွက် တောင်းပန်နေပြီး အလွန်တရာဖြောင့်မတ်နေသကဲ့သို့ပင်။
အနီးကပ်ကြည့်ရှုလိုက်ပါက သူ၏လူကြီးလူကောင်းလေးကို ဘာပဲဖြစ်ဖြစ် လိုက်လျောဖို့ဆန္ဒရှိနေသကဲ့သို့ သူ၏မျက်လုံးများထဲ၌ ကွက်ဝှက်ထားသည့် အမျိုးမျိုးသောချစ်ခြင်းတရားတို့ရှိနေခဲ့သည်။
ယဲ့စစ်၏အဆင်သင့်မဖြစ်မှုကို အခွင့်ကောင်းယူကာ သူ့ကို လျှို့ဝှက်စွာချော့မြှူလိုက်သည်။
သူက စည်းမျဥ်းစည်းကမ်းများကို တိတ်တိတ်ကလေး ကျော်ဖြတ်နေခဲ့လေသည်။
***
Aurora Novel Translation Team
There is No Eng Version