no

အပိုင်း (၉.၂) - လှုပ်ရှားဖို့အသင့်


သူ့မှာ တခြားလူများ၏ကြင်နာမှုများနှင့် သိမ်မွေ့မှုတို့ကို တည်တည်ငြိမ်ငြိမ် လက်ခံဖို့ခက်ခဲသည့် အကျင့်စရိုက်ချို့ယွင်းချက်ရှိကြောင်း ယဲ့စစ် သိပေ၏။ ၎င်းက သူ့ကို အားနာမှုဖြစ်စေပြီး သူသည် အကြမ်းပတမ်းဆက်ဆံခံရတာကို ပို၍သက်တောင့်သက်သာရှိသည်။ ထို့ပြင် ယနေ့ည ဟော့ထင်းလန်၏အပြုအမူများက သဘာဝကျမနေချေ။ သူက သူ့စိတ်ကိုမြင်နေရသကဲ့သို့၊ သူ၏အကူအညီကို စိတ်အေးအေးနှင့် လက်ခံလာစေရန်အလို့ငှာ သူပြောလိုက်သည့်စကားလုံးတိုင်းက ချောမွေ့နေခဲ့သည်။


သို့သော် ၎င်းက ဖြစ်နိုင်သည်လော။


၎င်းမှာ အလွန်ကို အလိုလိုက်ခံထားရသလိုပင်။ သူက အဘယ့်ကြောင့် ထိုကဲ့သို့လုပ်လိမ့်မည်နည်း။


ယဲ့စစ်တစ်ယောက် သူ၏အတွေးများကို ဆင်ခြင်တုံတရားရှိရှိ အမှန်ပြင်လိုက်သည်။


ဟော့ထင်းလန်က စားပွဲထောင့်ကိုမှီကာ မျက်လွှာချ၍ ယဲ့စစ်၏ ပြောင်းလဲနေသောအမူအရာများကို လေ့လာနေခဲ့သည်။ ထို့နောက် အပြုံးကိုထိန်းချုပ်ကာ တည်ငြိမ်စွာပြောလိုက်သည်။


"မင်း ကိုယ့်ကို စိုက်ကြည့်နေတာပဲ၊ ဘာလို့လဲ... ကိုယ် မင်းကိုသင်ပေးနေတာကို အံ့သြနေတာလား။ မင်း မယုံနိုင်ဘူးဖြစ်နေတာလား။"


လူကြီးလူကောင်းပေါက်စလေးကို စနောက်ခြင်း။ ၎င်းက အလွန်ပျော်စရာကောင်းပြီး ရပ်တန့်ဖို့ရာ ခက်ခဲလွန်းလှသည်။


"မဟုတ်ပါဘူး။" ယဲ့စစ်တစ်ယောက် အဖမ်းခံလိုက်ရပြီး မေးခွန်းလွှာကို ပြန်ကြည့်လိုက်သည်။ "ကျွန်တော်... စိုက်ကြည့်မနေပါဘူး။"


ဟော့ထင်းလန်က ဝါကျအနည်းငယ်ဖြင့် ထပ်ပြီးလက်ချာရိုက်လိုက်၏။


စိတ်ပျက်လက်ပျက်ဖြစ်နေသော ဆူးပင်လေးလို သူ၏ငြိမ်းချမ်းမှုကို အဖျက််ဆီးမခံရစေရန် ဆူပူကြိမ်းမောင်းခံရခြင်းကို ငြီးငွေ့လာသောယဲ့စစ်တစ်ယောက် အနာဂတ်မှာ အိမ်စာများကို ပြီးအောင်လုပ်ကာ နားမလည်တာရှိခဲ့လျှင် သူ့ကိုမေးပါမည်ဟု ဟော့ထင်းလန်ကို ကတိပေးလိုက်ရတော့သည်။


ပန်းတိုင််က အောင်မြင်သွားပြီဖြစ်၏။ မေးခွန်းလွှာပေါ်မှာ မေးခွန်းတစ်ပုဒ်ထဲသာ ကျန်တော့သည်။ ဟော့ထင်းလန်က စကားဝိုင်းကိုအဆုံးသတ်ကာ ပုစ္ဆာကို ဘောပင်နှင့်ထောက်၍ ပြောလိုက်သည်။ "ဆက်တွက်ကြည့်လိုက်။"


ယနေ့ည သူ၏အပြုအမူများက ယဲ့စစ်အတွက် မျက်နှာဆယ်ဖို့ အလွန်များလွန်းနေသော်လည်း ယဲ့စစ်အတွက် ရှေ့ကိုဆက်သွားဖို့ လမ်းတစ်လမ်းထောက်ပံ့ပေးခဲ့သည်ဟုပြောတာ ပိုကောင်းပေ၏။


ကောလိပ်ဝင်ခွင့်စာမေးပွဲကို ကျရှုံးခဲ့သည်မှာ ယခင်ဘဝက ယဲ့စစ်၏ အကြီးမားဆုံးနောင်တဖြစ်ခဲ့သည်။


ယဲ့ဟုန်ကျွင်း၏ ပြင်းထန်သောရောဂါကြောင့်ဖြစ်ကောင်းဖြစ်နိုင်၏၊ တစ်ချိန်က ယဲ့စစ်သည် ဆေးကျောင်းတက်ချင်ခဲ့သော်လည်း ကံမကောင်းစွာဖြင့် အထက်တန်းစီနီယာနှစ်မှာ အင်မပြေမှုများစွာကို ကြုံတွေ့ခဲ့ရပြီး အဆင့်များတိုးတက်လာအောင် မလုပ်နိုင်ခဲ့ပေ။ နောက်ဆက်တွဲအဖြစ်အပျက်များကလည်း သူ့အား ထပ်မံကြိုးစားခွင့်မပြုခဲ့ချေ။ နောက်ပိုင်းတွင် သူသည် အသက်မွေးဝမ်းကြောင်းအတွက် ပြေးလမ်း၌ပြိုင်ပွဲများမှာ ပါဝင်ခဲ့၏။ ထိုအချိန်မှာတောင် သူက ကိုယ်ပိုင်စာကြည့်ခြင်းကို လက်မလျှော့ခဲ့ပေ။ သို့သော် ကံမကောင်းစွာဖြင့် နောက်ပိုင်းမှာဝင်ဖြေခဲ့သော အရွယ်ရောက်ပြီးသူ ကောလိပ်ဝင်ခွင့်စာမေးပွဲကလည်း ကျရှုံးခဲ့သည်...


ဟော့ထင်းလန် ယဲ့စစ်၏ချို့ယွင်းချက်များကို သူ့လက်နှင့် ပြင်ဆင်ပေးချင်၏။


ယဲ့စစ်မှာ ကိုယ်တိုင်ရွေးချယ်ရန် ခွန်အားများရှိလာဖို့ မျှော်လင့်မိသည်။


မေးခွန်းလွှာအဆုံးသတ်၌ ဆယ်မိနစ်အတွင်း မဖြေရှင်းနိုင်သည့် ပုစ္ဆာခွဲသုံးပုဒ်ပါသော မေးခွန်းကြီးတစ်ပုဒ်ရှိသည်။ ဟော့ထင်းလန်က အချ်န်အတော်ကြာတဲ့အထိ စားပွဲကို လက်တစ်ဖက်ဖြင့်ထောက်ကာ ငုံ့ကိုင်းထားရာ သူ၏ရုပ်ပိုင်းဆိုင်ရာခွန်အားက မည်မျှသန်မာသည်ပဲပြောပြော အနည်းငယ်ပင်ပန်းလာခဲ့သည်။ သူက မေးခွန်းကိုဖတ်ကာ ဆုံလည်ကုလားထိုင်ကိုဆွဲယူ၍ ယဲ့စစ်၏နံဘေး၌ ထိုင်လိုက်လေ၏။


သူ ထိုင်လိုက်သောအခါ နှစ်ဦးသားကြားမှအကွာအဝေးက ရုတ်တရက်ကျဥ်းမြောင်းသွားခဲ့သည်။


အားကောင်းလှသော အယ်ဖာဖယ်ရိုမုန်းများက စိမ့်ထွက်လာပြီး ယဲ့စစ်တစ်ယောက် မသိစိတ်အရ အောက်နှုတ်ခမ်းကို သပ်လိုက်မိ၏။ သူ၏နှုတ်ခမ်းများက နီရဲချောမွေ့နေပြီး သူ၏တံတွေးထဲမှာ ဗနီလာရနံ့၏ ချိုမြိန်မှုတို့ ပြည့်နှက်နေခဲ့သည်။


ဝေ့ဝဲလာသော အယ်ဖာဖယ်ရိုမုန်းများက အိမ်စာလုပ်ရန် အဘယ်ကြောင့် သူ့အိပ်ခန်းထဲကနေ စာဖတ်ခန်းထဲသို့ ပြောင်းရွှေ့လာခဲ့ကြောင်း ယဲ့စစ်ကို သတိပေးနေခဲ့သည်။ ဟော့ထင်းလန်၏သင်ခန်းစာများကို နားထောင်ရန်မဟုတ်ဘဲ သူ၏ rut ကာလကို နှောင့်နှေးစေဖို့ ဖယ်ရိုမုန်းများ ထောက်ပံ့ပေးရန်ပင်။


သူ အိမ်သို့ပြန်ရောက်လာပြီးနောက် ဖယ်ရိုမုန်းပျံ့နှံ့မှုကို အားပေးရန်အတွက် အတားအဆီးကပ်ခွာကို ဖယ်ရှားလိုက်ရန် ဦးလေးဟယ်ကလည်း သူ့ကို သတိပေးလာခဲ့သည်...


တစ်နည်းဆိုရသော် ယခုအခိုက်အတန့်၌ ဟော့ထင်းလန်က သူ့ကို အနံ့ခံနေခဲ့သည်။


... မဖြစ်နိုင်ပါဘူး။


သာမန်ကုသမှုက ဘယ်လိုလုပ်ပြီး ဒီလိုဖြစ်နိုင်မှာလဲ။


ယဲ့စစ်တစ်ယောက် အတွေးများကို မထိန်းချုပ်နိုင်တော့ဘဲ သူ တွေးလေတွေးလေ၊ ပို၍ကိုးရိုးကားရားနိုင်လေဟု ခံစားနေရသည်။ သူ ထိုင်တာကြာ၍ ညောင်းလာပြီး အကြောဆန့်ချင်သကဲ့သို့ဟန်ဆောင်ကာ သူ၏လည်ကုပ်ကို လက်တစ်ဖက်ဖြင့်ဖုံး၍ ဟော့ထင်းလန်ကို ကြည့်လိုက်၏။


သို့သော် ဟော့ထင်းလန်က မေးခွန်းလွှာကို လုံးဝအာရုံစိုက်ထားပြီး သူ၏ဘေးတစ်စောင်းပုံရိပ်က အတော်လေးကို ခံ့ညားနေပေသည်။


တစ်ချက်ကြည့်လိုက်ပြီးနောက် ယဲ့စစ်တစ်ယောက် သူ ရမ်းသန်းပြီးမှန်းဆချက်ပြုခဲ့မိကြောင််း သိသွားခဲ့သည်။


ယဲ့စစ် အလွန်ရှက်ရွံ့သွားပြီး သူ၏သဘောထားကို တည့်မတ်ကာ ဂရုတစိုက်ပြန်နားထောင်လိုက်သည်။


ယဲ့စစ်၏ဦးခေါင်းကို ထုံထိုင်းသွားစေခဲ့သော ဘာသာရပ်က ဟော့ထင်းလန်အတွက် အလွန်ရိုးရှင်း၏။ သူက ကိန်းဂဏန်းများကိုချရေးကာ သူ၏စဥ်းစားပုံကို ရှင်းပြနေခဲ့သော်လည်း သူ့စိတ်တစ်ဝက်လောက်က လွတ်နေဆဲပင်။


- ထိုတစ်ဝက်ထဲမှာ သူ၏အယ်ဖာစိတ်ဝိညာဥ်များက စတင်ပြီး တုန်လှုပ်စပြုလာခဲ့သည်။


ခွင့်ပြုချက်မရှိဘဲ ထိုစိတ်က ယဲ့စစ်၏ခန္ဓာကိုယ်မှထွက်လာသော အငွေ့အသက်တိုင်းကို ဖမ်းဆီးယူကာ ခွဲခြမ်းစိတ်ဖြာနေခဲ့၏။


ဗနီလာရနံ့ဖယ်ရိုမုန်းများ။


အလွန်ချိုမြိန်ပေ၏။


ထိုအပင်က အပူပိုင်းမိုးသစ်တော၏ဒေသထွက်ဖြစ်ပြီး ရှေးခေတ်ဥရောပတော်ဝင်မိသားစုအနွယ်များကြား ရေပန်းစားခဲ့သည်။ ၎င်း၏အမွှေးရနံ့က ခရင်မ်ကို သတိရစေ၏။


ဟော့ထင်းလန်တစ်ယောက် သူ၏အတွေးများကို ဘာသဲလွန်စမှမပြသဘဲ ယဲ့စစ်အား တည်ငြိမ်စွာကြည့်လိုက်ပြီး ပုံသေနည်းအစားသွင်းဖို့ မေးခွန်းတစ်ခုမေးလိုက်သည်။


ယဲ့စစ်တစ်ယောက် စကားထစ်ခြင်းကြောင့် အခြားသူများကို စိတ်အနှောက်အယှက်ဖြစ်စေမည်စိုး၍ နှုတ်ခမ်းများကို တင်းတင်းစေ့ထားလိုက်သည်။ ဘယ်ဘက်လက်ဖြင့် သူ၏လည်ပင်းကို မှင်တက်စွာပွတ်သပ်ကာ ညာဘက်လက်ဖြင့် ပုံသေနည်းကို ချရေးခဲ့သည်။


ထိုစဥ် သူက ခရင်မ်ရနံ့လေးကို ထုတ်လွှတ်နေခဲ့မိ၏။


ဤပုဂ္ဂိုလ်လေးက ပျော့ပျောင်းသော အဖြူရောင်ခရင်မ်လေးနှယ်။


ပျော့ပျောင်းပြီး တုန်တုန်ယင်ယင်နှင့် ၎င်း၏ချိုမြိန်မှုကိုဖုံးကွယ်ဖို့ အချည်းနှီးကြိုးစားနေ၏။ အလျက်ခံရမည်စိုး၍ မာကျောချင်ယောင်ဆောင်နေခဲ့သည်။


သို့သော် သူ ပိုပြီးကြိုးစားလေ၊ ပို၍ဆွဲဆောင်မှုရှိလေပင်။


A+ အဆင့်အယ်ဖာ၏ အနံ့ခံအာရုံက အလွန်ထိရှလွယ်သည်။ အိုမီဂါဖယ်ရိုမုန်းများသာမက ဟော့ထင်းလန်က အခြားတစ်စုံတစ်ခုကိုလည်း အနံ့ခံနိုင်ပေ၏။


ပိုးသတ်ဆေးအနံ့နှင့်တူသော ကော်လံနှင့် အင်္ကျီလက်တို့မှ အစွန်းချွတ်ဆေးအနံ့။


သူ၏အားကစားဝတ်စုံမှ နွေးထွးပြီး ကြည်လင်သောရနံ့ကို ထုတ်လွှတ်ပေးနေသည့် လိမ္မော်ဆပ်ပြာအနံ့လည်း ရနေသည်။


အလွန်ပေါ့ပါးပြီး တိရစ္ဆာန်ပေါက်လေးကဲ့သို့ နွေးထွေးနူးညံ့ကာ မနှစ်မြို့ဖွယ်ရနံ့မဟုတ်သည့် ချွေးအနည်းငယ်လည်း ရှိနေ၏။ ၎င်းက အတွင်းထဲမှ ချည်သားစစ်စစ်အဝတ်ကို စိုစွတ်နေစေပြီး ချာတိတ်လေး၏ကိုယ်အပူချိန်ဖြင့် လတ်ဆတ်ချိုမြိန်သော အာရုံခံစားမှုနှင့်အတူ အငွေ့ပျံလာခဲ့သည်...


ဤသည်မှာ ဆယ့်ရှစ်နှစ်အရွယ် သူ၏ချစ်ရသူပင်။


ကျောင်းဝတ်စုံကိို ဝတ်ဆင်လျက် မင်စိုဘောပင်ကိုကိုင်ထားပြီး သူ၏အသားအရေက တောက်ပနေသကဲ့သို့ ဖြူဖွေးနူးညံ့နေသည်၊


Rut ကာလကိုရောက်အောင် တွန်းပို့နေကြသော သူ၏အယ်ဖာဂလင်းများက သက်သာရာရကာ တည်ငြိမ်လာခဲ့သည်။


သို့သော်လည်း အခြားတစ်စုံတစ်ခုကတော့ ထကြွလာတော့မည်ပင်။


ဟော့ထင်းလန်တစ်ယောက် ယဲ့စစ်၏ရနံ့ကို အသံတိတ်ရှူရှိုက်နေခဲ့သည်။ သူ၏မျက်လုံးများက မည်းမှောင်ကာ သူ၏အချစ်စိတ်တို့က တိုးထွက်လာခဲ့သော်လည်း သူ့မှာ ဆိုးယုတ်သည့်အကြံများ မရှိသကဲ့သို့ သူ၏လေသံက တည်ငြိမ်နေခဲ့၏။ သူက ထိုင်နေသည့်အနေအထားကို ပြောင်းလဲကာ ဘယ်ဘက်ခြေထောက်ကို ညာဘက်ဖြင့်ချိတ်၍ ဘေးကနေကြည့်လျှင် မြင်နေရမည့်နေရာကို ကာကွယ်တားဆီးလိုက်ပြီး ပြုံးလိုက်သည်။


"...ဒါက နောက်ဆုံးအဖြေပဲ၊ နားလည်လား။"


"နားလည်ပါတယ်။"


ယဲ့စစ်တစ်ယောက် ခေါင်းညိတ်လိုက်ပြီး အလွန်စိတ်လှုပ်ရှားနေသောကြောင့် စကားတောင်မထစ်တော့ပေ။


"ဒီလိုချဥ်းကပ်တဲ့ပုံစံက အရမ်းဆန်းသစ်တာပဲ။"


ဟော့ထင်းလန်၏ ပုစ္ဆာဖြေရှင်းသည့်နည်းလမ်းက အဆင့်အနည်းငယ််ဖြင့် ဆန်းကျယ်ပြီး စိတ်ဝင်စားစရာကောင်းသည်။ ယဲ့စစ် ထိုကဲ့သို့အံ့သြဖွယ်ခွဲခြမ်းစိတ်ဖြာမှုကို မမြင်ဖူးခဲ့ရာ သူ၏မျက်လုံးများက တောက်ပနေလေ၏။ သူ ကျောင်းလွယ်အိတ်ထဲကနေ လေ့ကျင့်ခန်းစာအုပ်ကိုဆွဲထုတ်ကာ ပူနေတုန်း သံကိုနာနာရိုက်ဖို့ တူညီသောပုစ္ဆာများကို ရှာဖွေချင်သည့်စိတ်အား တားဆီးလို့မရတော့ပေ။ သို့သော်လည်း သူ လေ့ကျင့်ခန်းစာအုပ်ကိုဖွင့်လိုက်ချိန်မှာ ခေါင်းမာသောချာတိတ်လေးအသွင်က သတိမထားမိခင်မှာပင် ပြိုလဲသွားပြီး သူ၏ 'ပြုပြင်ပြောင်းလဲမှု' အရှိန်က အလွန်မြန်ဆန်နေကြောင်း သတိပြုမိသွားလေ၏။ ယဲ့စစ်တစ်ယောက် ရှက်ရွံ့စွာဖြင့် မျက်လုံးပင့်ကြည့်လိုက်ရာ မည်းနက်နေသည့် ခန့်မှန်းရခက်သောမျက်ဝန်းတစ်စုံနှင့် အကြည့်ချင်းဆုံသွားပြီး သူ၏နှလုံးသားက ခုန်ပေါက်သွားခဲ့သည်။


သူက လက်ချောင်းလေးများဖြင့် ခေါက််နေသောလေ့ကျင့်ခန်းစာအုပ်ထောင့်များကို ဖြန့်နေရင်း အမှန်တရားကို ဖုံးကွယ်ထားလို့မရနိုင်ကြောင်း သိရှိသွားလေ၏။


"ဒီနေ့၊ ခင်ဗျား... ခင်ဗျားပြောတာ မှန်ပါတယ်... ကျွန်တော် ပြောင်းလဲလိုက်ပါ့မယ်။"


ဟော့ထင်းလန်က ခေါင်းညိတ်ကာ အပြုံးလေးဖြင့် ပြောလိုက်သည်။


"မင်းရဲ့အမှားကိုသိပြီး အမှန်ပြင်တာက သိပ်ကိုကောင်းတယ်။"


ယဲ့စစ် သူ၏သဘောထားကို ကောင်းကောင်းနားလည်ပေ၏။


ဟော့ထင်းလန်က ၎င်းအား တမင်လုပ်ခဲ့ခြင်းဖြစ်သည်။ သနားညှာတာခြင်းအတွက် ဆိုဆုံးမခြင်းကိုအစားထိုးကာ သူ အကူအညီကို တည်ငြိမ်စွာလက်ခံနိုင်ဖို့ အသံတိတ်လိုက်ပါပေးခဲ့သည်။


ဘောပင်ကိုင်ထားသော ယဲ့စစ်၏လက်ချောင်းလေးများက အဖြူရောင်သန်းနေပြီး ခေါင်းငုံ့ကာ လေ့လကျင့်ခန်းစာအုပ်ကို လှန်လိုက်တော့လေ၏။ သူက မေးခွန်းကို လိုက်ရှာနေပုံပေါ်သော်လည်း တကယ်တမ်းမှာတော့ စူးအောင့်လာသော သူ၏မျက်လုံးများကို ဖုံးကွယ်ဖို့ကြိုးစားနေခြင်းပင်။


မစ္စတာဟော့က... တကယ်ကို အရမ်းကောင်းတဲ့လူတစ်ယောက်ပဲ။


__


စာရေးသူမှာ ပြောစရာရှိပါတယ်:


ဟော့ခွေးက သားပေါက်လေးကိုအနံ့ခံဖို့ ထိုင်တဲ့အနေအထားကို ပြောင်းလိုက်တာပဲ : မှန်ပါတယ်။


***


Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment