no
အပိုင်း (၇.၁) - ရှောင်ပိုင်ယန်
နှစ်ဦးသား ရဲစခန်းထဲကနေ ထွက်လာခဲ့ကြသည်။ ဟော့ထင်းလန်က အိမ်ကနေ အလျင်စလိုထွက်လာခဲ့ရသဖြင့် ကားကို နှစ်စီးမယူခဲ့မိပေ။ ထို့ကြောင့် သူက အရှေ့ခန်းကိုသွားကာ ခရီးသည်ထိုင်ခုံမှာထိုင်လိုက်ပြီး လူကြီးလူကောင်းတစ်ယောက်လို ဟန်ဆောင်ခဲ့သည်။
မိနစ်နှစ်ဆယ်ကြာပြီးနောက် ကားက ဟော့အိမ်တော်ဆီပြန်ရောက်လာပြီး ယဲ့စစ်တစ်ယောက် သဘာဝမကျသောခြေလှမ်းများကို ဖုံးကွယ်ရန်ကြိုးစားလိုက်၏။ သို့သော်လည်း သူ တံခါးဝကနေဝင်ကာ ဖိနပ်လဲဖို့ခုံမှာထိုင်နေပြီး အားကစားဖိနပ်ကိုချွတ်နေခိုက် ဟော့ထင်းလန်က သူ့ကို တားဆီးလာခဲ့သည်။
"မင်းရဲ့ခြေထောက်က ဘာဖြစ်တာလဲ။" ဟော့ထင်းလန်က တံခါးပေါက်မှာမတ်တတ်ရပ်နေပြီး မျက်မှောင်ကြုတ်ကာ သူ၏ခြေထောက်ကို ညွှန်ပြလာခဲ့သည်။
ယဲ့စစ်တစ်ယောက် ကျောင်းဝတ်စုံဘောင်းဘီကို ပင့်တင်၍ ငုံ့ကြည့်လိုက်သည်။
သူ ညာဘက်ခြေချင်းဝတ်မှာ နာကျင်မှုကို ခံစားလိုက်ရသည်။ ရန်ပွဲအတွင်း သံပိုက်လုံးကို သူ့ခြေထောက်တစ်ဖက်ဖြင့် ကန်ခဲ့ပြီး ထိုအခိုက်အတန့်မှာတုန်းက နာကျင်မှုကြောင့် သူ၏ဦးခေါင်းထဲ ကြယ်တွေလတွေ မြင်ခဲ့ရလေ၏။ ရဲစခန်းမှာရှိနေစဥ် သူ့ဘာသာစစ်ဆေးကြည့်ခဲ့ပြီးနောက် ၎င်းက အညိုအမည်းဒဏ်ရာတစ်ခုသာဖြစ်ကြောင်း တွေ့လိုက်ရချိန်မှာ အလေးအနက်မထားတော့ပေ။ သို့သော် ယခုအချိန်တွင် ပေါက်စီတစ်လုံးလို ရောင်ရမ်းနေလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့မိချေ။ ၎င်းက တော်တော်လေးကြောက်စရာကောင်းနေ၏။
"...အဆင်ပြေပါတယ်။" ယဲ့စစ်က ဝတ်ကျေတမ်းကျေသဘောထားဖြင့် သူ၏ဘောင်းဘီကို ပြန်ဆွဲချလိုက်သည်။
သူ့အမြင်မှာ အရိုးကျိုးသွားတာမဟုတ်သရွေ့ အဆင်ပြေပေ၏။ ရေခဲကပ်လိုက်လျှင် လုံလောက်ချေပြီ။ ဆင်းရဲသားရပ်ကွပ်မှာ ကြီးပြင်းလာခဲ့ရသည့်ကလေးများက ထိုမျှနုနယ်မနေပေ။
"ခဏ။" ဟော့ထင်းလန်က သူ့ရှေ့မှာ ဒူးတစ်ဖက်ထောက်၍ထိုင်လိုက်ပြီး လေးလေးနက်နက်ပြောလာ၏။ "ကိုယ့်ကိုပြကြည့်။"
အမိန့်ပေးသည့်လေသံက အလွန်အားပါသဖြင့် ယဲ့စစ်ထိတ်လန့်သွားပြီး ငြင်းဖို့ကိုတောင် မေ့လျော့သွားခဲ့သည်။
ဟော့ထင်းလန်က ယဲ့စစ်၏ ဒဏ်ရာရထားသောခြေချင်းဝတ်ကို ဘယ်လက်ဖြင့်ကိုင်ကာ ညာဘက်လက်က ဘောင်းဘီကိုဆွဲတင်လိုက်သည်။ ၎င်းက အမှန်တကယ်ထိတွေ့မှုမရှိသော်လည်း ပါးလျသောအကွာအဝေးမှတစ်ဆင့် ပူလောင်လှသော အယ်ဖာတစ်ယောက်၏ လက်ဖဝါးအနွေးဓါတ်က ရောင်ရမ်းမှုကြောင့် အထိမခံဖြစ််နေသည့်သူ၏ခြေချင်းဝတ်ကို နွေးထွေးသွားစေခဲ့သည်။
ယဲ့စစ် ခြေထောက််ကို တောင့်တင်းစွာဆန့်ထုတ်ထားရင်း သူ့လွယ်အိတ်ကြိုးကို တင်းကျပ်စွာဆုပ်ကိုင်ထားခဲ့သည်။
၎င်းက သွယ်လျသောကောက်ကြောင်းများနှင့် အိုမီဂါတစ်ယောက်၏ခြေထောက်ဖြစ်ပြီး သန့်ရှင်းသော အဖြူရောင်ချည်သားခြေအိတ်လေးနှင့် ရှည်လျားသွယ်လျနေ၏။
ချည်သားက နွမ်းနေသော်လည်း ဖြူဆွတ်နေဆဲပင်။ အားကစားဖိနပ်များကို ချွတ်လိုက်ချိန်မှာလည်း အနံ့အသက်တို့မရှိပေ။ သူ့ခြေအိတ်ထိပ်ဖျားမှ သူ့ခြေချောင်းများပုံသဏ္ဌာန်ကို မြင်တွေ့နိုင်ပြီး စိတ်လှုပ်ရှားမှုကြောင့် အနည်းငယ်ကွေးညွတ်သွားခဲ့သည်... ၎င်းမှာ အလွန်ချစ်စရာကောင်းလှ၏။
"ရောင်နေတာက တော်တော်ဆိုးတယ်၊ အရိုးကျိုးသွားတာလားဆိုတာ ပြောလို့မရဘူး။" တကယ်တမ်းတော့ စစ်ဆေးရေးလုပ်ငန်းစဥ်က နှစ်စက္ကန့်၊ သုံးစက္ကန့်လောက်သာ ကြာမြင့်ခဲ့၏။ သို့မဟုတ် ထိုထက်တောင် ပို၍အချိန်တိုလောက်သည်။ သံသယများကိုရှောင်ရှားရန် ဟော့ထင်းလန်တစ်ယောက် ထိန်းချုပ်မှုများနှင့်အတူ အကြည့်လွှဲလိုက်ရလေ၏။ "X-ray ရိုက်ဖို့အတွက် ကိုယ် မင်းကို ဆေးရုံခေါ်သွားပေးမယ်။"
"ဒါ အရိုးကျိုးတာမဟုတ်ပါဘူး... ကျွန်တော်၊ ကျွန်တော် ဒီလိုအရာတွေကို သိပါတယ်။" လေထုထဲမှ ပြောင်းလဲမှုသေးသေးလေးကို ယဲ့စစ် သတိပြုမိပြီး ထိုလက်ဖဝါးနှင့်ကိုင်ထားသော သူ၏ခြေချင်းဝတ်က ရုတ်တရက် ထုံကျဥ်လာ၏။ ရှက်ရွံ့မှုနှင့် အားနာမှုတို့ကို သည်းမခံနိုင်တော့ဘဲ ယဲ့စစ် သူ၏ခြေထောက်ကို ရုတ်ခြည်းပြန်ရုပ်ကာ အိမ်တွင်းဖိနပ်စီး၍ ထွက်ခွာရန်ပြင်လိုက်သည်။
"ကြမ်းပြင်ပေါ် မနင်းသေးနဲ့ဦး။" ဟော့ထင်းလန်က အလိုလို ဆုပ်ကိုင်လိုက်မိ၏။
သူ ထိုခြေချင်းဝတ်လေးကို အကြိမ်ပေါင်းထောင်ချီ ကိုင်ခဲ့ဖူးသည်။ ကိုင်ရုံသာမကဘဲ သူ့ပခုံးပေါ်တင်ကာ နမ်းလည်းနမ်းဖူးသလို စုပ်လည်းစုပ်ခဲ့သည်။ သို့သော် သူ မည်သို့ပင်တွေးနေပါစေ၊ ယနေ့က မနေ့နှင့်မတူတော့ဘဲ သူသည် ယဲ့စစ်အတွက် စိမ်းသက်နေဆဲဖြစ်ပေ၏။ စက္ကန့်တိုင်းမှာ ဟော့ထင်းလန်တစ်ယောက် လူကြီးလူကောင်းတစ်ယောက်လိုဟန်ဆောင်ဖို့ သူ့ကိုယ်သူ သတိပေးနေခဲ့ရသည်။ သူ သံသယများကို ရှောင်ရှားချင်သော်လည်း မေ့လျော့ခြင်းနှင့် သတိလက်လွတ်ဖြစ်ခြင်းတို့ကလည်း မလွဲမသွေရှိလာနိုင်ပေသည်။
အားကစားဘောင်းဘီများကို ချောမွေ့သောအထည်စနှင့် ပြုလုပ်ထားပြီး သမင်ပေါက်လေးလို သွယ်လျသောခြေသလုံးတို့ကို ဖုံးအုပ်ထား၏။
သူ၏ပိန်လှီမှုကြောင့် ၎င်းက ရှိရင်းစွဲထက်တောင် အနည်းငယ်ပိုပိန်နေသလိုပင်။
အတိတ်ဘဝတုန်းက ယဲ့စစ်၏မတော်တဆမှသည် ယခုအထိ...
၎င်းတို့တွေ ရုပ်ပိုင်းဆိုင်ရာ မထိတွေ့ခဲ့သည်မှာ မည်မျှကြာမြင့်နေပြီနည်း။
သူတောင့်တနေခဲ့သော ပျောက်ဆုံးသွားသည့်ချစ်ရသူသည် ငယ်ရွယ်နုပျိုကာ အလွန်ချစ်စရာကောင်းနေ၏။ ဟော့ထင်းလန်၏နှလုံးသားထဲ ပူလောင်ပြင်းပြလာပြီး သူ့ဦးနှောက်ထဲမှ တင်းမာနေသောကြိုးများမှာ ဖျပ်ခနဲ ပြတ်တောက်သွာတော့သည်။ သူက ခြေချင်းဝတ်ကို လွှတ်မပေးရုံတင်မကဘဲ နမ်းဖို့အတွက်တောင် ဆွဲယူသွားခဲ့မိသည်။
တစ်ချိန်တည်းမှာပင် A+ အဆင့် အယ်ဖာဖယ်ရိုမုန်းများက အထည်ကိုဖြတ်၍ အလွယ်တကူထိုးဖောက်ဝင်ရောက်သွားခဲ့သည်။ ယဲ့စစ်မှာ အနီရောင်တောက်လောက်နေသော မီးညှပ်ဖြင့် အညှပ်ခံလိုက်ရသလို ခံစားလိုက်ရပြီး ဟော့အိမ်တော်ထဲ ပြောင်းရွှေ့လာကတည်းက နေ့နေ့ညည တင်းမာနေခဲ့သောဖိအားများက 'ဒင်' ခနဲနေအောင် ကျိုးပျက်သွားခဲ့လေ၏။
ဟော့ထင်းလန် မသင့်တော်တာ ဘာမှမလုပ်နိုင်ခင် ယဲ့စစ်က သူ၏ခြေထောက်ကို ပြန်ဆွဲယူကာ ရှက်ရွံ့စွာဖြင့် အကြမ်းပတမ်းအော်လိုက်သည်။ "ကျွန်တော့်ကိုမထိနဲ့!"
ထို့နောက် နီရဲနေသောနားရွက်များဖြင့် ချက်ချင်းဆိုသလို သူ့အိပ်ခန်းထဲ အပြေးဝင်ရောက်သွားပြီး တံခါးကို ကြမ်းတမ်းစွာပိတ်လိုက်သည်။
ကျယ်လောင်သောအသံတစ်သံ ထွက်ပေါ်လာခဲ့သည်။
"..." ဒူးတစ်ဖက်ထောက်ထားသော ဟော့ထင်းလန်တစ်ယောက် ခဏကြာပြီးနောက် အသိစိတ်ပြန်ဝင်လာပြီး တောင်းပန်ခြင်းနှင့်အတူ ရောပြွန်းနေသောခံစားချက်များ အုံကြွလာခဲ့သည်။
ကံကောင်းစွာဖြင့် သူ တစ်ခုခုလုပ်ဖို့ အချိန်မရခဲ့ပေ။
သို့သော်လည်း သူ ဘာမှမလုပ်နိုင်ခဲ့တာတောင် သူ့အား လူယုတ်မာတစ်ယောက်အဖြစ် သတ်မှတ်လို့ရနေဆဲပင်။
သူ၏ယခင်အားထုတ်မှုများအားလုံး အလဟဿဖြစ်သွားလေပြီ။
ဟား...
ဟော့ထင်းလန် သူ့နဖူးကို ပွတ်သပ်လိုက်သည်။
မည်သို့ပင်ဆိုစေ ယဲ့စစ်၏ခြေထောက်ဒဏ်ရာကို ဒီတိုင်းထားလို့မဖြစ်ပေ။ ဟော့ထင်းလန် အနောက်ကိုလှည့်ကြည့်လိုက်၏။ ဦးလေးဟယ်က ထိုချာတိတ်လေး၏အကျပ်အတည်းနှင့် ဟော့ထင်းလန်၏ 'လူဆိုးလုပ်ရန်ကြိုးစားမှု' မအောင်မြင်ခဲ့ပုံကို သတိမပြုမိသကဲ့သို့ အလုပ်များချင်ယောင်ဆောင်နေပြီး ခပ်လှမ်းလှမ်းမှာ ပါးနပ်စွာရပ်နေခဲ့သည်။
ဟော့ထင်းလန် စိတ်ထဲကနေရယ်မောလိုက်ပြီး ယဲ့စစ်ကိုကြည့်ပေးဖို့ သူ၏သီးသန့်ဆရာဝန်ကိုအကြောင်းကြားရန်် အမိန့်ပေးလိုက်၏။ ထို့နောက် သူက စာဖတ်ခန်းထဲကိုသွားခဲ့ပြီး စိတ်တည်ငြိမ်အောင်ထားကာ စောစောက မပြီးပြတ်သေးသည့်အလုပ်များကို ကိုင်တွယ်ခဲ့လေသည်။
ဟော့ထင်းလန်က အလုပ်ထဲစိတ်နစ်လိုက်ချိန်မှာ အလွန်ထိထိရောက်ရောက်လုပ်ကိုင်နိုင်ခဲ့ပြီး ကျန်ရှိနေသောစာချုပ်များကို အလျင်အမြန် အပြီးသတ်နိုင်ခဲ့သည်။ နောက်ဆုံးသောစာရွက်စာတမ်းကို ပိတ်လိုက်ပြီးနောက် ဟော့ထင်းလန် ဖုန်းကိုယူလိုက်ပြီး အချိန်ကိုစစ်ဆေးလိုက်သည်။ သူ အလုပ်လုပ်တာ တစ်နာရီမပြည့်သေးပေ။
ယခုအချိန်လောက်ဆို ယဲ့စစ် အနည်းငယ်စိတ်အေးသွားလောက်ပြီဖြစ်ကြောင်း ခန့်မှန်းလိုက်ပြီး ဖုန်းကိုထုတ်ကာ ယနေ့ သူ၏လုပ်ရပ်များက ဆိုးယုတ်သည့်ရည်ရွယ်ချက်များမပါကြောင်း ရှင်းပြချင်ခဲ့၏။ သူ ယဲ့စစ်၏ WeChat ကို နှိပ်လိုက်သောအခါ ဗလာကျင်းနေသော စကားပြောခန်း၌ 'တစ်ဖက်လူက စာရိုက်နေပါသည်' ဟု ပြသနေလေ၏။
ယဲ့စစ်ပြောလာမည့်အရာကို ဟော့ထင်းလန် သိချင်နေပြီး စိတ်ရှည်စွာဖြင့် စောင့်ဆိုင်းနေခဲ့သည်။ သုံးမိနစ်ကုန်ဆုံးသွားသော်လည်း ထိုမျက်နှာပြင်၌ 'တစ်ဖက်လူက စာရိုက်နေပါသည်' ဟု ပြသနေဆဲပင်။
"..." ဟော့ထင်းလန်တစ်ယောက် ပြုံးလိုက်ပြီး ထို app အစား သူ၏ဓါတ်ပုံအယ်လ်ဘမ်ထဲ ဝင်လိုက်၏။ ထိုထဲမှာ ရဲစခန်းကနေကူးယူခဲ့သော ပြေးလမ်းမှစောင့်ကြည့်ကင်မရာမှတ်တမ်းများ ရှိနေခဲ့သည်။
အစောဆုံးဗီဒီယိုအတိုလေးက ရန်ပွဲနှင့်မသက်ဆိုင်ပေ။ ထိုဗီဒီယိုထဲမှာ ယဲ့စစ်နှင့် အခြားဆိုင်ကယ်သမားတို့ ပြိုင်ပွဲတစ်ပွဲယှဥ်ပြိုင်ပြီးသွားကြသည်။ ယဲ့စစ်က ကျောင်းဝတ်စုံနှင့် အကြမ်းခံမော်တော်ဆိုင်ကယ်ပေါ်ကနေ ခြေထောက်ထောက်ထားပြီး သူ၏ဦးထုပ်ကို ဆွဲချွတ်လိုက်ကာ နက်မှောင်နေသောဆံပင်များကို ဖွလိုက်သည်။ ဟန်ဆောင်ရင့်ကျက်မှုနှင့်အတူ သူက တစ်ဖက်ဆိုင်ကယ်သမားဆီကနေ ငွေစက္ကူအထပ်လိုက်ကိုလက်ခံ၍ သူ့အိတ်ထဲထိုးထည့်ခဲ့၏။ နောက်ထပ်ဗီဒီယိုများက ယဲ့စစ်၏ တစ်ယောက်တည်းနှင့် ငါးယောက်ကိုယှဥ်ချခဲ့သော ဗီဒီယိုအပိုင်းများဖြစ်သည်။
ဟော့ထင်းလန် စောင့်ကြည့်မှတ်တမ်းကို ခဏခဏကြည့်နေခဲ့ပြီး သူ၏နှုတ်ခမ်းများက အပြုံးတစ်ခုအဖြစ် ကွေးညွတ်သွားခဲ့သည်။
ဤသည်မှာ ယခင်ဘဝတုန်းက သူ နားလည်ဖို့ကျရှုံးခဲ့သော ယဲ့စစ်ဖြစ်၏။ အနှီအေးစက်မှုနှင့် နုနယ်သော ကြွေထည်အလှတရားတို့အောက်မှာ ဖုံးကွယ်ထားသည်က ရှောင်ပိုင်ယန်လေးတစ်ယောက်သာ။
[TN/ ရှောင်ပိုင်ယန် - 小白杨 က တရုတ်စစ်ရေးပြသီချင်းပါ။ သီချင်းထဲက အဓိက၏ဇာတ်လိုက်က အားနည်းတဲ့သူအဖြစ်ကနေ စစ်သည်တစ်ယောက်အဖြစ် ပြောင်းလဲလာခဲ့ပါတယ်။]
သူ ၎င်းအားကြည့်နေရုံဖြင့် မလုံလောက်ပေ။
ဟော့ထင်းလန် စကားပြောခန်းကို ပြန်ကြည့်လိုက်သောအခါ ဗလာကျင်းနေဆဲပင်။
တစ်ဖက်လူက စာရိုက်နေပါသည်...
စကားလုံးအသုံးအနှုန်းကိုတွေးရန် စက္ကန့်အနည်းငယ်မျှ ရပ်တန့်သွား၏။
တစ်ဖက်လူက စာရိုက်နေပါသည်...
ရပ်လိုက်၊ နှိပ်လိုက်၊ ရပ်လိုက်၊ နှိပ်လိုက်။
ဤသို့ဖြင့် ထပ်တလဲလဲ သံသရာလည်နေတော့၏။
ဟော့ထင်းလန် စိတ်မကောင်းဖြစ်မိသလို ရယ်လည်းရယ်ချင်နေခဲ့သည်။
စာလုံးရေ ၈၀၀ ရှိသော စာစီစာကုံးတစ်ပုဒ်တောင် ယခုအချိန်ဆို ပြီးနေလောက်ချေပြီ။ ယဲ့စစ်က သူ့ကို... စွဲချက်များတင်နေတာလား။
သူ့ဘက်ကနေ အရင်စာပို့လိုက်ချင်သော်လည်း ယဲ့စစ်၏လက်ရှိအခြေအနေကို သူ သေချာမသိသလို သဘောထားကွဲလွဲမှုတစ်ခုကြောင့် ထိုချာတိတ်လေး ရှက်ရွံ့မှုနှင့် ဒေါသတို့နှင့်အတူ ပေါက်ကွဲသွားမည်ကို သူစိုးရိမ်မိသည်။ ထို့နောက် သူ ဖုန်းစခရင်ကို ပိတ်လိုက်တော့သည်။ သူ့အနေနှင့် ကိုယ့်ကိုယ်ကိုယ်ထိန်းချုပ်ကာ စောင့်ဆိုင်းရပေမည်။
အိပ်ခန်းထဲ၌၊ ဟော့ထင်းလန် စာဖတ်ခန်းထဲမှာ အချိန်ကြာမြင့်စွာစောင့်ဆိုင်းနေသည်ကို မသိရှာသော ယဲဲ့စစ်တစ်ယောက် စောင်ဖြင့်လုံးထွေးနေရင်း စကားလုံးများကို ဂရုတစိုက်စီနေခဲ့သည်။ သူ၏နဖူးကလည်း ချွေးများထွက်နေလေသည်။
သူ စောစောတုန်းက အလွန်အကျွံတုံ့ပြန်လိုက်မိပြီး တော်တော်လေးရိုင်းပျကြောင်း သူသိပေ၏။ အယ်ဖာဖယ်ရိုမုန်းများအပေါ် သူ၏ဖိစီးသောတုံ့ပြန်မှုများ ပျောက်ကွယ်သွားပြီးနောက် သူ အလွန်စိတ်ရှုပ်ထွေးကာ သူ့ကိုယ်သူ အထုံးတစ်ခုသဖွယ် စောင်နှင့်ကွေးနေခဲ့သည်။ သူ ဟော့ထင်းလန်ကို တောင်းပန်သင့်ကြောင်းသိသော်လည်း စကားကိုးလုံးမှာ သုံးလုံးလောက်ထစ်နေမည်ကို စိုးရိမ်မိသည့်အတွက် လူကိုယ်တိုင်ပြောဖို့ကို ရှက်ရွံ့နေမိ၏။ သို့သော် အခြားသူများနှင့် ပြောဆိုဆက်ဆံခြင်းက သူ၏အားနည်းချက်ဖြစ်ရာ စာရေးပြီးပြောတာကလည်း ပို၍ကောင်းမနေခဲ့ချေ။
ယဲ့စစ် စာပိုဒ်ကြီးတစ်ခုရိုက်ထားပြီး ၎င်းတို့ထဲမှ အစိတ်အပိုင်းတော်တော်များများကို ပြန်ဖျက်လိုက်သည်။ အချိန်အတော်ကြာအောင် တွေဝေနေပြီးနောက် ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ ပင်ပန်းလာပြီး မျက်စိစုံမှိတ်၍ ပို့သည့်ခလုတ်ကိုနှိပ်လိုက်တော့လေ၏။
[ယဲ့စစ်]: ဒီနေ့ဖြစ်ခဲ့တာနဲ့ပတ်သက်ပြီး ကျွန်တော် တောင်းပန်ပါတယ်။ ကျွန်တော် ခင်ဗျားကို အော်လိုက်ဖို့မရည်ရွယ်ပါဘူး။
အပြစ်တင်မည့်စွဲချက်ကို လက်ခံဖို့ အဆင်သင့်ဖြစ််နေသော ဟော့ထင်းလန်တစ်ယောက် ထိုစကားလုံးများကို အားနည်းစွာစိုက်ကြည့်နေပြီး အခိုက်အတန့်တစ်ခုလောက် မှင်တက်နေခဲ့သည်။ ထို့နောက် သူ၏နှုတ်ခမ်းထောင့်များက တဖြည်းဖြည်းကွေးညွတ်လာပြီး ပြန်လည်တုံ့ပြန်လိုက်လေသည်။
[ဟော့ထင်းလန်]: ကိစ္စမရှိပါဘူး။
[ဟော့ထင်းလန်]: ကိုယ်ကသာ သတိလက်လွတ်ဖြစ်ခဲ့တဲ့သူပါ။ ကိုယ်လည်း မင်းကို တောင်းပန်စကားပြောချင်တယ််။
သူက အလွန်လေးနက်တည်ကြည်သယောင် ဟန်ဆောင်နေခဲ့၏။
[ဟော့ထင်းလန်]: မင်းရဲ့ခြေထောက်ကို ဆရာဝန်နဲ့ပြပြီးပြီလား။
ယဲ့စစ် စိတ်သက်သာရာရကာ သက်ပြင်းချလိုက်သည်။
[ယဲ့စစ်]: ဆရာဝန်လာသွားပြီး ဒဏ်ရာကို ကုသပြီးပါပြီ။
[ဟော့ထင်းလန်]: ကောင်းတယ်။ စောစောအနားယူလိုက်ပါ။
တစ်ဖက်က တိတ်ဆိတ်နေခဲ့သည်။
စကားလုံးသုံးနှုန်းမှုကို ထပ်တလဲလဲ ပြန်တွေးနေသကဲ့သို့ပင်။
ခဏအကြာတွင် မက်ဆေ့ချ်ရောက်သံက ထွက်ပေါ်လာခဲ့သည်။
[ယဲ့စစ်]: အွန်း။
တည်တည်ငြိမ်ငြိမ်နှင့် ပေါ့ပေါ့ပါးပါးရှိလှ၏။
အကြောင်းတချို့ကြောင့် ဟော့ထင်းလန်တစ်ယောက် ရုတ်တရက်ဆိုသလို ကန်ရေပြင်မှာကူးခတ်နေသော ဘဲလေးများကို တွေးမိသွားခဲ့သည်... အပေါ်ပိုင်းမှာ တည်ငြိမ်အေးဆေးနေသော်လည်း ရေအောက်ထဲမှာတော့ ခြေထောက်သေးသေးများဖြင့် ယက်ကန်ယက်ကန် ကူးခတ်နေကြသည်လေ။
သူ ပြုံးလိုက်ပြီး ဖုန်းကို ပြန်ချလိုက်တော့သည်။
ထိုရှောင်ပိုင်ယန်လေး ဖျက်ပြီး ပြင်ဆင်ထားသော စကားလုံးများကို သူမသိခဲ့ပေ။
***
Aurora Novel Translation Team
There is No Eng Version