no

အပိုင်း (၁.၁) - အဖြူထည်


ပြေးလမ်းအဆုံး၌ အဖြူနှင့်အနက်စင်းကြားအလံက တလွင့်လွင့်ဖြစ်နေ၏။


ပြိုင်ပွဲက အဆုံးသတ်တော့ပေမည်။


နောက်ဆုံးအကွေ့ကို အရှိန်တင်ရင်း နိုင်ငံတကာဖော်မြူလာဝမ်းပြိုင်ပွဲ၌ ရှားရှားပါးပါး အာရှသားပြိုင်ကားမောင်းသမား ယဲ့စစ်က ဦးဆောင်နေလျက်ပင်။


သူက ဤပြိုင်ပွဲမှာလည်း သူ့ပုံစံအတိုင်း ပြင်းထန်သည့်ပုံစံနှင့် ရူးသွပ်လုနီးပါး လုပ်ဆောင်ခဲ့သည်။


တစ်ဦးထက်မကသော အားကစားအစီရင်ခံတင်ပြသူများက သူ၏ပြင်းထန်သောကစားဟန်ကို အဆိုးမြင်မှတ်ချက်များ ပြောခဲ့ကြသည်။


တချို့က ဤတက်သစ်စကြယ်ပွင့်သည် သေကြောင်းကြံဖို့စိတ်အားထက်သန်နေကြောင်း တွေးခဲ့ကြသလို တစ်ယောက်ကဆို သူသည် အားကစားကို အမှန်တကယ် ချစ်မြတ်နိုးခြင်းမရှိကြောင်း၊ သူ၏ပြင်းထန်သောစိတ်ခံစားချက်များအတွက် ပြေးလမ်းက ဖွင့်ထုတ်ရာနေရာတစ်ခုဖြစ်ကြောင်း ပြောင်ပြောင်တင်းတင်း ဖော်ပြခဲ့သည်။ ယဲ့စစ်က စိတ်ရောဂါတစ်မျိုးမျိုးကို ခံစားနေရပုံပေါ်သည်ဟု အွန်လိုင်းမီဒီယာတချို့မှာလည်း ဖော်ပြထားကြသေး၏။ ရှားပါးသည့် အာရှသားအထောက်အထားနှင့် အိုမီဂါဆိုသည့်လိင်အပြင်၊ မီဒီယာအင်တာဗျူးများ၌ လူသားမဆန်သည့် သူ၏မောက်မာမှုတို့ကိုပါ ပေါင်းထည့်လိုက်သောအခါ...


ပွဲကြည့်စင်များ၌ အားပေးသံများနှင့် ရှုံ့ချသံများ ရောထွေးလျက်ပင်။


သူ့မှာ အဆိုးအကောင်းဂုဏ်သတင်းများရှိပေ၏။


သို့သော် ထိုအရာအားလုံး ယဲ့စစ်အပေါ် သက်ရောက်မှုမရှိခဲ့ချေ။


သူမောင်းနှင်သောကားက မှုန်မှိုင်းသည့်အနက်ရောင်ဖြစ်ပြီး ကားကိုယ်ထည်တစ်ခုလုံးကို ကာဗွန်ဖိုက်ဘာဖြင့် ပြုလုပ်ထား၏။ အနားသတ်မှာ ရွှေရောင်ဖျော့ဖျော့ကိုသုံးထားသဖြင့် ရွှေချည်ကို အနက်ရောင် dysprosium* နှင့် တွယ်ယှက်ထားသည့်နှယ်။ ၎င်းက တားဆီးလို့မရသည့် မြားတစ်စင်သဖွယ် အဆုံးသတ်မျဥ်းကို ဖြတ်ကျော်သွားခဲ့သည်။


[TN/ ငွေရောင်ရှိတဲ့ ရှားပါးတဲ့ဒြပ်စင်တစ်မျိုးပါ။]


VIP ပွဲကြည့်စင်၌ ခံ့ညားသည့်အမျိုးသားတစ်ယောက်က သူ့ပတ်ပတ်လည်မှ ရှုံ့ချသံများကိုလျစ်လျူရှုကာ ဂုဏ်ယူဝံ့ကြွားသောအပြုံးလေးနှင့် လက်ခုပ်တီးအားပေးလိုက်သည်။


နားနေခန်း၌။


ယဲ့စစ် မတည်ငြိမ်သောခြေလှမ်းများနှင့် ယိုင်နဲ့နဲ့လျှောက်လာပြီး ဆိုဖာပေါ် ပစ်လှဲချလိုက်သည်။ စိုရွှဲနေသောဆံပင်များကို အနောက်သို့လှန်တင်ကာ နွေဦးမက်မွန်သီးလေးလို ပန်းရောင်သန်းနေသော နွေးထွေးသည့်မျက်နှာလေးအား ဖော်ထုတ်ပြသလာ၏။


ဖော်မြူလာပြိုင်ပွဲတစ်ပွဲက အိုမီဂါတစ်ယောက်အတွက် ရုပ်ပိုင်းဆိုင်ရာအားအင်များကို လုံးဝကုန်ခန်းသွားစေနိုင်ပေသည်။


သူ ပြိုင်ပွဲဝတ်စုံကိုတောင် မချွတ်နိုင်ခဲ့ချေ။


ဤသည်မှာ ယဲ့စစ်၏သီးသန့်နားနေခန်းဖြစ်၏။ ဟော့ထင်းလန်က တံခါးပိတ်ကာ သော့ခတ်လိုက်ပြီး အားဖြည့်အချိုရည်ဘူးကို အဖုံးဖွင့်လိုက်သည်။ အပြာရောင်ပလတ်စတစ်ဘူးလေးက သူ၏နီစွေးစွေးနှုတ်ခမ်းတို့ကို ထိသွားခဲ့ပြီး ယဲ့စစ်တစ်ယောက် အချိုရည် တိုက်ကျွေးခံခဲ့ရ၏။


ယဲ့စစ်က ဆိတ်ငြိမ်ကာ နာခံမှုရှိပြီး ဟော့ထင်းလန်၏လက်ကောက်ဝတ်ကို ထိန်းပေးထားဖို့ သူ့လက်ကိုမြှောက်၍ ထိုအနေအထားအတိုင်းပဲ တစ်ဘူးလုံးကုန်အောက်သောက်ခဲ့သည်။ မျက်ဝန်းတစ်စုံက ကျဥ်းမြောင်းနေပြီး ၎င်းတို့၏စိတ်ခံစားချက်များက လျှို့ဝှက်နက်နဲသည်။ ၎င်းတို့က ဖျော့တော့သောအရောင်အသွေးနှင့် မြူများရစ်သိုင်းနေသော အလှမ်းကွာဝေးသည့်တောင်တန်းတစ်ခုနှယ်။


ဟော့ထင်းလန်နှင့်လက်ထပ်ပြီးတာ ငါးနှစ်ရှိပြီဖြစ်သော်လည်း သူက အမြဲတမ်း ယခုလိုပင်။


အေးစက်တယ်၊ သီးသန့်ဆန်တယ်၊ တိတ်ဆိတ်တယ်။


ယဲ့စစ်က သူ၏စိတ်ခံစားချက်များကိုဖော်ပြရာ၌ မတော်ကြောင်း ဟော့ထင်းလန်သိထားပြီး အထီးကျန်ဆန်၍ သီးသန့်နေတတ်သည့် သူ့ပင်ကိုယ်စရိုက်၏အကြောင်းအရင်းကိုလည်း သူသိပေ၏။ ထို့ကြောင့် သူ့အတွက် ပိုလို့တောင် စိတ်မကောင်းဖြစ်ရပြီး သူ့ကို ပိုသနားမိသည်။ သူ့အမြင်မှာ ယဲ့စစ်က မာကျောသည်ဟုထင်ရသော်လည်း တကယ်တမ်းတော့ ကျိုးပဲ့လွယ်သည့်အစိတ်အပိုင်းများနှင့် ဖန်တီးသိုလှောင်ထားသော ကြွေထည်အလှလေးနှင့်တူသည်။ လက်ထပ်ပြီးငါးနှစ်အတွင်း သူ ယဲ့စစ်ကို အလွန်ဂရုစိုက်ပေးကာ ချစ်ခြင်းမေတ္တာများနှင့် ဆက်ဆံပေးခဲ့သော်လည်း ကံမကောင်းစွာဖြင့် ရလဒ်များက မလှပခဲ့ပေ။ ယဲ့စစ်ကို အနည်းငယ်သော်မျှ စိတ်သက်သာရာရစေသည့် တစ်ခုတည်းသောအရာက ဖော်မြူလာဝမ်းလို ကားမောင်းပြိုင်ပွဲများသာ။ လွန်ကျွံသောအရှိန်၏ သေရေးရှင်ရေးလှုံ့ဆော်မှုကသာ သူ၏နှလုံးခုန်သံနှင့် သူ့ခန္ဓာကိုယ်ထဲမှာ တည်ရှိနေဆဲဖြစ်သော အသက်ဓါတ်တို့ကို သူ့အား ခံစားမိစေသည့်ပုံပင်။


လေထုထဲ၌ ပြိုင်ပွဲဝတ်စုံထဲ စိုရွှဲနေသောချွေးများနှင့် ချိုမြိန်သော ဗနီလာရနံ့တို့က ရောထွေးလျက် လွတ်လပ်စွာ စီးမျောနေကြသည်။


ဤပြိုင်ပွဲက အဆုံးသတ်ပြီဖြစ်၏။ ယဲ့စစ်၏ ရုပ်ပိုင်းဆိုင်ရာခွန်အားကို အလဟဿမဖြစ်စေရန် ဟော့ထင်းလန်တစ်ယောက် ရက်ပေါင်းများစွာကြာအောင် လိင်ကိစ္စကိုရှောင်ရှားခဲ့သည်။ အရွယ်ကောင်းမှာရှိသော အယ်ဖာတစ်ယောက်က သူ့လက်တွဲဖော်၏ ၁၀၀% ကိုက်ညီသည့် အိုမီဂါဖော်မုန်းများထဲ နစ်မြုပ်နေရသည်မှာ ဆာလောင်နေသော ဝံပုလွေ သို့မဟုတ် ကြမ်းကြုတ်သော ကျားတစ်ကောင်နှယ်။ ဟော့ထင်းလန်တစ်ယောက် မီးကိုငြိမ်းသတ်ရုံသာတတ်နိုင်ပြီး သိမ်မွေ့စွာ မေးလိုက်သည်။ "အခု အဆင်ပြေသွားပြီလား။"


ယဲ့စစ်က ခေါင်းညိတ်ကာ ဘာမှပြန်မပြောခဲ့ပေ။


ဟော့ထင်းလန်သည် ယဲ့စစ်ကို အလွန်အကျွံမလှုံ့ဆော်မိစေရန်၊ သူ့အယ်ဖာသဘာဝ၏ 'ဆိုးသွမ်း' သောအရည်အသွေးများကို အစွမ်းကုန်ဖိနှိပ်ထားရပြီး ယဲ့စစ်ရှေ့မှာ အရှက်မဲ့စွာ မလုပ်ဆောင်ဝံ့ပေ။ တစ်ယောက်က တိတ်ဆိတ်ကာ သီးသန့်ဆန်ပြီး နောက်တစ်ယောက်က နူးညံ့ကာ လူကြီးလူကောင်းဆန်၏။ နှစ်ဦးသား ငါးနှစ်လုံးလုံး တစ်ယောက်အပေါ်တစ်ယောက် လေးစားခဲ့ကြသည်။ ၎င်းတို့၏အိမ်ထောင်ရေးက အတော်လေးထိုင်းမှိုင်းသော်လည်း တစ်ခါမှ ကတောက်ကဆမဖြစ်ခဲ့ဖူးဘဲ အနည်းဆုံးတော့ သဟဇာတဖြစ်ခဲ့သည်။


သူ ဒီထက်ပိုပြီး မတောင်းဆိုနိုင်ပေ။


ဟော့ထင်းလန် ဘူးကိုလွှင့်ပစ်ကာ အနားတိုးကပ်သွားပြီး ယဲ့စစ်ကို ဆိုဖာအနောက်သို့ဖိ၍ ပွေ့ဖက်လိုက်သည်။ ထို့နောက် ပူလောင်နေသောမျက်ဝန်းများနှင့် သူ့ကို အခိုက်အတန့်တစ်ခုလောက်ထိ စိုက်ကြည့်နေခဲ့ပြီး ရှတတအသံဖြင့် ပြောလိုက်၏။ "မင်းမှာ အဖျားရှိနေတာလား... မင်း ဒီနောက်ပိုင်း ထိန်းချုပ်ဆေးမသုံးဘူးလား။"


ယဲ့စစ်က ခေါင်းယမ်းပြပြီးနောက် သူ့ကို သိမ်မွေ့စွာ၊ နာခံမှုရှိစွာ မော့ကြည့်လာခဲ့သည်။


နှစ်ပေါင်းများစွာကြာ တိတ်တဆိတ်နားလည်မှုများပြီးနောက် ဤသည်မှာ သူ့ကို လုံးဝအမှတ်အသားပေးလို့ရသည်ဟု ယဲ့စစ် အရိပ်အမြွက်ပြောနေခြင်းဖြစ်ကြောင်း ဟော့ထင်းလန် နားလည်လိုက်သည်။


ယဲ့စစ်အတွက် ဤသည်မှာ အလွန်နွေးထွေးသည့် ဖိတ်ခေါ်ချက်တစ်ခုဟု သတ်မှတ်လို့ရပေသည်။


ဟော့ထင်းလန် ခေါင်းငုံ့ကာ သူ၏နှုတ်ခမ်းပါးများဖြင့် စိုစွတ်နေသော နီစွေးစွေးနှုတ်ခမ်းလွှာတို့ကို စားသုံးနေသည်။ သို့သော် သူ၏အလျင်လိုမှုတို့ကို ထိန်းချုပ်ထားဆဲဖြစ်ပြီး ခပ်ဖွဖွဖိကပ်ကာ စိတ်ရှည်လက်ရှည် ကျီစယ်နေခဲ့၏။


ယဲ့စစ် မျက်လုံးများကိုဖွင့်လိုက်သည်။ ၎င်းက ဖန်လုံးလေးများလို အချောသတ်ထားသည့်နှယ် အတော်လေးလည်း အေးစက်နေ၏။ ပထမတစ်ချက်ကြည့်လိုက်ရုံဖြင့် သူ၏စိတ်ခံစားချက်များကို မမြင်နိုင်သော်လည်း အနီးကပ်ကြည့်ရှုလိုက်ပါက တဖြည်းဖြည်းပျော့ပျောင်းလာကြောင်း တွေ့ရပေလိမ့်မည်။


"ထင်းလန်..."


သူ ပျော့ပျောင်းနူးညံ့စွာ ခေါ်လိုက်သည်။


သူက စိတ်ခံစားချက်ကို များများစားစားမဖော်ပြနိုင်ရာ ဟော့ထင်းလန်၏ စိန်နှင့်လုပ်ထားသော လက်ကြယ်သီးလေးများကို သူ၏လက်ချောင်းထိပ်လေးများဖြင့် ကလေးဆန်စွာ ပွတ်သပ်နေခဲ့သည်။ သူ၏လက်ချောင်းလေးများ နီရဲလာတဲ့အထိ သူ့ကို လွှတ်မပေးခဲ့သလို တွန်းလည်းမဖယ်ခဲ့ချေ။


"ထင်းလန်..."


သူ ထပ်ခေါ်လိုက်ပြန်သည်။


နှစ်ဦးသား သိသိသာသာကို နီးကပ်နေကြသော်လည်း သူ၏အသံက ဝေးကွာနေသယောင်။ ထူထဲလှပြီး မမြင်နိုင်သော အတားအဆီးတစ်ခုကိုဖြတ်၍ ဟော့ထင်းလန်ကို အကူအညီတောင်းနေသကဲ့သို့ပင်။


ဟော့ထင်းလန် သူ့ကို တင်းကျပ်စွာပွေ့ဖက်ကာ သူ၏လက်ချောင်းများက ချွေးစို့နေသော ယဲ့စစ်၏နဖူးလေးထက် ကူးလူးနေရင်း နှစ်သိမ့်စကားများ တီးတိုးရေရွတ်နေပြီး သူ၏အကူအညီတောင်းသံကို ပြန်ဖြေပေးဖို့ကြိုးစားနေခဲ့သည်။


တင်းကျပ်စွာပွေ့ဖက်ထားရင်း နည်းနည်းလောက်ပို၍တင်းကျပ်စွာ ပွေ့ဖက်ချင်ခဲ့သည်။


၎င်းက ချော်ထွက်နေသောငါးတစ်ကောင်ကို ဖမ်းဆုပ်ရန်ကြိုးစားနေသလိုပင်။


သို့သော် နောက်ဆုံးတော့ ၎င်းက နက်ရှိုင်းသောပင်လယ်ထဲသို့ ထိုးဆင်းသွားခဲ့သည်။


...


သုံလကြာပြီးနောက် အသက် ၂၇ နှစ်အရွယ် ယဲ့စစ်မှာ ပြိုင်ပွဲတစ်ခု၌ မမျှော်လင့်ဘဲ ဆုံးပါးသွားခဲ့သည်။


သူ ကွယ်လွန်သွားပြီးနောက် ပြင်ပလောကက အမျိုးမျိုးခွဲခြမ်းစိတ်ဖြာခဲ့ကြသည်။


၎င်းတို့က ထိုအကြောင်းနှင့်ပတ်သက်ပြီး ယုံကြည်လို့မရသော ဆိုးဆိုးဝါးဝါးကောလာဟလများဖြန့်ကာ လူများ၏အာရုံကို ဆွဲဆောင်ဖို့အတွက် အစွမ်းကုန်ကြိုးစားနေကြသည်။ 


အနည်းငယ် ယုံကြည်ရသူအချို့က သူသည် စိတ်ဓါတ်ကျခြင်းနှင့် အခြားစိတ်ပိုင်းဆိုင်ရာပြဿနာများကြောင့် အနှောင့်အယှက်ဖြစ်ကာ ပြိုင်ပွဲအတွင်း ပြင်းထန်သောအမှားများကို လုပ်မိသွားသည်ဟုဆိုခဲ့ကြ၏။


အစွန်းရောက်သုံးသပ်ချက်များနှင့် ဤတက်သစ်စကြယ်ပွင့်လေး၏ ကံဆိုးမိုးမှောင်ကျခဲ့သော အတိတ်နှစ်များအကြောင်း ဖော်ပြထားသူများလည်းရှိသည်။


ငယ်ငယ်လေးကတည်းက ချမ်းသာတဲ့ဖခင်အရင်းဆီကနေ စွန့်ပစ်ခံခဲ့ရပြီး မိခင်နဲ့အတူ ဆင်းရဲသားရပ်ကွက်မှာနေထိုင်ခဲ့ရတယ်...


ပထွေးဆီက နှိပ်စက်ခံရ၊ ရိုက်နှက်ခံခဲ့ရတာကြောင့် စကားထစ်သွားခဲ့ရှာတာ...


သူအရွယ်ရောက်လာတော့ ချမ်းသာတဲ့အဖေဆီကနေ အသိအမှတ်ပြုခံခဲ့ရပေမဲ့ သူ့အဖေအတွက် အမွေဆက်ခံခွင့်ရဖို့ အသုံးပြုခံရတဲ့ ကိရိယာတစ်ခုဖြစ်ပြီး မမျှမတဆက်ဆံခံခဲ့ရတယ်...


သူ့အမေရဲ့နာမကျန်းမှုကြောင့် ကျောင်းထွက်အလုပ်လုပ်ခဲ့ရလို့ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကျခဲ့တယ်...


ဒါပေမဲ့ သူ့အမေရဲ့အခြေအနေက ယိုယွင်းလာပြီး နောက်ဆုံးတော့ သေဆုံးခဲ့ရတာပါပဲ...


...


ဟော့ထင်းလန်ဆီမှာ ခိုလှုံခြင်းမပြုခဲ့ချိန်က သူသည် မှောင်မိုက်ပြီး နာကျင်စရာအခိုက်အတန့်များစွာကို တွေ့ကြုံခံစားခဲ့ရသည်။


သူ၏စိတ်ဝိညာဥ်က မြေပြင်အထိလောင်ကျွမ်းနေနှင့်ပြီးသားဖြစ်နိုင်၏။


နွေဦးမိုးက မည်မျှပင်သိမ်မွေ့ကာ တစိမ့်စိမ့်ရွာနေပါစေ၊ လောင်ကျွမ်းနေသောကမ္ဘာမြေကို စိုစွတ်စေဖို့ ခက်ခဲပေသည်။


ယဲ့စစ်၏ ကြေကွဲဝမ်းနည်းဖွယ်ဘဝအကြောင်း ကောလာဟလများက လျင်မြန်စွာပင် ပျောက်ကွယ်သွားခဲ့သည်။


လက်တွေ့၏လေးလံသောထိုးနှက်ကြောင့် လုံးလုံးလျားလျားရှုံနိမ့်မသွားခင်တုန်းက ယဲ့စစ်က သန်မာပြီး အခြားသူများဆီကနေ သနားခံရတာကိုမကြိုက်ပေ။ ဟော့ထင်းလန်က သူ၏အမာရွတ်များကို အခြားသူများ ညစာစားပြီးနောက် ပြောကြသောစကားစမြည်မျိုး မဖြစ်စေချင်ခဲ့ပေ။ အမျိုးမျိုးသောပရိသတ်များ၏ပို့စ်များက မိနစ်ပိုင်းအတွင်း ဖြုတ်ချခံခဲ့ရသော်လည်း အတင်းအဖျင်းများကိုရပ်တန့်ဖို့က ခက်ခဲပေ၏။ ယဲ့စစ်နှင့်ပတ်သက်သည့် သတင်းများ၏မှတ်ချက်ထဲမှာ ဖြတ်သွားဖြတ်လာများကို ပညာပေးနေသော အတင်းအဖျင်းချစ်သူများက မပြတ်လပ်သွားပေ။


အကြိမ် ၁၀၀၀၀၀ ကျော် မျှဝေခဲ့သောနာကြေးကြော်ငြာအောက်မှာ ကားချစ်သူများ၏ ဝမ်းနည်းပူဆွေးမှုများကြား အနည်းငယ် 'ဟန်ဆောင်ပန်ဆောင်'နိုင်သည့် ရေပန်းစားနေသောမှတ်ချက်တစ်ခုရှိ၏-


"ဟော့ထင်းလန် ဘယ်လောက်ထိနာကျင်နေရမလဲဆိုတာ တွေးကြည့်ဖို့တောင်ခက်ခဲတယ်။ သူက သူ့ခင်ပွန်းလေးကို ထာဝရဆုံးရှုံးလိုက်ရပြီပဲ။"


ဖြတ်သွားဖြတ်လာတစ်ယောက်က ဟော့ထင်းလန်နှင့် ယဲ့စစ်တို့ကြားကဆက်ဆံရေးကို သိချင်စိတ်ဖြင့် မေးမြန်းလိုက်သောအခါ တချို့က စတင်၍အတင်းချကြတော့သည်။


"သူတို့လက်ထပ်ထားတာ ငါးနှစ်ရှိပြီ။ ယဲ့စစ် နှစ်ဆယ့်နှစ်နှစ်တုန်းက ဟော့ထင်းလန်က သူ့ကို ပြိုင်ပွဲတစ်ခုမှာ တွေ့လိုက််တာလေ၊ မြင်မြင်ချင်းအချစ်လို့ ပြောရမှာပေါ့။ သူ့ကို နှစ်ဝက်လောက်ထိ လိုက်ခဲ့ရတာလို့ပြောတယ်။ ဟော့ထင်းလန်က သူ့ထက် ဆယ့်နှစ်နှစ်ကြီးတယ်၊ ဒီတော့ သူ့ကို 'လူကြီးလေး' လို့ခေါ်တတ်တယ်။ လက်ထပ်ပြီးတာတောင် နှစ်ယောက်သားက တစ်ယောက်ပေါ်တစ်ယောက် သိပ်ကိုယဥ်ကျေးနေကြတုန်းပဲ။ သူတို့ကြားမှာ အပြန်အလှန်လေးစားမှုရှိတယ်။ ယဲ့စစ်က တော်တော်လေးအရှက်အကြောက်ကြီးပေမဲ့ သူတို့နှစ်ယောက်ကလေ သိပ်ကိုချိုမြိန်တာ၊ နှမြောစရာပဲ..."


"ဟော့က A+ အဆင့် အယ်ဖာဖြစ်လို့ သူနဲ့ လိုက်ဖက်တဲ့အိုမီဂါဆိုတာ တော်တော်ရှားတယ်။ ဒီဘဝမှာ သူနဲ့ လိုက်ဖက်မှု ၁၀၀% ရှိတဲ့ နောက်ထပ်အိုမီဂါကို သူ ဘယ််တော့မှတွေ့နိုင််မှာမဟုတ်ဘူး။"


"တကယ်လို့ ဒုတိယတစ်ယောက်ရှိနေရင်ရော... ဇာတ်လမ်းတစ်ခုလုံးကို သိတဲ့သူတိုင်း ဟော့ထင်းလန်က တကယ်ချစ်တတ်တဲ့သူဆိုတာကို မြင်နိုင်တယ်။ တကယ်လို့ သူသာ တခြားတစ်ယောက်ကို လွယ်လွယ်လေးလက်ထပ်နိုင်ရင်တော့ အဲ့ဒီအယ်ဖာက လူကောင်းတစ်ယောက်မဟုတ်တော့ဘူးပဲ။"


ထိုအကြောင်းအရာကို စတင်လိုက်သည်နှင့် မှတ်ချက်ဧရိယာမှာ ၎င်းနှင့်ပတ်သက်ပြီး ဆွေးနွေးမှုများက တဖြည်းဖြည်းများပြားလာတော့သည်။


တစ်နာရီကြာပြီးနောက် မှတ်ချက်အသစ်တစ်ခုက ထိပ်ဆုံးသို့ ခုန်တက်လာ၏။


"အချိန်တွေကို နောက်ပြန်ဆုတ်နိုင်လို့ ဟော့ထင်းလန်သာ သူ့လူကြီးလေးနဲ့ စောစောတွေ့ပြီး သူ့ကို စောစောကာကွယ်ပေးနိုင်ခဲ့ရင် အရာအားလုံးပြောင်းလဲသွားနိုင်မလား။"


အောက်မှာရှိနေသော လူအုပ်ကြီးကလည်း ၎င်းအား သဘောတူခဲ့ကြလေသည်။


***


Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment