no

အပိုင်း (၂၅) - စီးကရက်တစ်ဝက်

သူ၏လက်များက အေးစက်နေပြီး စိတ်လှုပ်ရှားမှုကြောင့် ချွေးများလည်းစို့နေ၏။ ဆန့်ကျင်ဘက်အနေဖြင့် ဟော့ထင်းလန်၏လက်ဖဝါးက မီးကိုကိုင်ထားရသကဲ့သို့ ပူလောင်ခြောက်သွေ့နေရာ သူ့ကို ယောက်ယက်ခတ်သွားစေခဲ့သည်။

ပိုးသား၏ ပွတ်တိုက်မှုနိမ့်ပါးခြင်းကို အမှီပြု၍ ယဲ့စစ်တစ်ယောက် စောင်အောက်ကနေ တဖြည်းဖြည်းလျှောချကာ လဲလျောင်းလိုက်သည်။ သူ၏မျက်နှာတစ်ဝက်လောက်ကို ဝှက်ထားပြီး သူ၏နှာခေါင်းလေးနှင့် တောက်ပနေသော မျက်ဝန်းတစ်စုံတို့ကသာ စောင်ထဲကနေ ပေါ်လွင်နေခဲ့သည်။

အနှီလက်များမှာ မကောင်းသောရည်ရွယ်ချက်များ ရှိနေကြောင်း သူ ရေးရေးလေးရိပ်မိလိုက်သော်လည်း ၎င်းကို မယုံချင်ဘဲ ဆွဲထုတ်ရန် တွန့်ဆုတ်နေကာ သူ့ကိုယ်သူလှည့်စားနေခဲ့သည်။

ယဲ့စစ်က အနေအထားကို ကိုးရိုးကားရားမဖြစ်စေရန် ဘေးတစောင်းလှဲလိုက်ပြီး ဟော့ထင်းလန်က ခုတင်ခေါင်းရင်းကိုမှီကာ စိုစွတ်နေသောနှင်းလုံးလေးကို လက်နှစ်ဖက်လုံးဖြင့် ဆုပ်ကိုင်လိုက်သည်။

ယဲ့စစ်၏လက်များက အလွန်သွယ်လျပြီး အရိုးများက မာကျောစူးရှသည်။ ၎င်းက ယောက်ျားလေးတစ်ယောက်၏လက်ဖြစ်ကြောင်း ထင်ရှားပေ၏။

သို့သော် လွန်ခဲ့သောလအနည်းငယ်အတွင်း အိုမီဂါဖယ်ရိုမုန်းများ၏သက်ရောက်မှုကြောင့် အရေပြားလေးက တို့ဖူးလေးလို နူးညံ့ပြီး အမဲဆီလို ချောမွေ့နေသည်။ သွယ်လျသောလက်ချောင်းအရိုးများက စက္ကူထီးကိုထောက်ပံ့ပေးထားသည့် ဝါးအရိုးလေးနှယ် ထင်ရှားနေပေ၏။

ဟော့ထင်းလန်၏အမူအရာက ရိုးသားပြီး သူ့ကို အနွေးဓါတ်ပေးချင်ရုံသာ။ သူ စည်းကမ်းများကို နည်းနည်းလေးတောင် မချိုးဖောက်ခဲ့ဘဲ ဖယ်ရိုမုန်းများကို သိမ်မွေ့စွာရောစပ်စေခဲ့သည်။

ခဏအကြာတွင် ယဲ့စစ်တစ်ယောက် သတိများကို ဖြေလျှော့လိုက်သည့်အတွက် ဟော့ထင်းလန်၏လက်ထဲမှ လက်ကလေးက နူးညံ့လာပြီး ကြွက်သားများကလည်း တောင့်တင်းမနေတော့ပေ။

ထို့နောက် ဟော့ထင်းလန်က တည်ငြိမ်သောအမူအရာဖြင့် လက်ဖဝါးလေးကို စတင်ပွတ်သပ်ကာ ဖြည်းဖြည်းချင်း နှိပ်နယ်ပေးခဲ့သည်။ ပထမဆုံး လက်ဖမိုးနှင့် လက်ဖဝါးဘေးစောင်းကို ပွတ်သပ်ပေးကာ ထို့နောက်တွင် ယဲ့စစ်၏ ကြောင်လက်လေးနှင့်တူသော အေးစက်နေသည့်လက်ဆယ်ချောင်းကို သွေးလည်ပတ်မှုကောင်းလာစေရန် ပွတ်သပ်ပေးခဲ့သည်။

အနှီလမ်းစဥ်က မသင့်တော်တာမျိုးမရှိချေ။ ၎င်း၏ တစ်ခုတည်းသောရည်ရွယ်ချက်က သူ့ကို နွေးထွေးစေပြီး ဖယ်ရိုမုန်းများကို လွှဲပြောင်းပေးရန်သာ။

သို့သော် ယဲ့စစ်က မျက်လွှာချထားပြီး သူ၏မျက်တောင်များက တုန်ယင်နေကာ သူ့ကို မကြည့်ဝံ့ခဲ့ပေ။

"ရှောင်စစ်။"

သူ၏အာရုံကို လမ်းလွှဲဖို့ကြိုးစားသကဲ့သို့ ဟော့ထင်းလန်က ရုတ်တရက် ပြောလာခဲ့၏။

"ကိုယ် မင်းကို တစ်ခုလောက်တောင်းဆိုချင်တယ်၊ ရမလား။"

"ဘာကိုလဲ။" ယဲ့စစ်က မော့ကြည့်လာ၏။ "ကောင်းပါပြီ၊ ခင်ဗျား၊ ခင်ဗျား ပြောလို့ရပါတယ်။"

ကျောင်းသားလေးနှင့်တူပြီး နာခံမှုရှိသော ဤသဘာဝလေးက အမှန်တကယ်ကို အူယားစေပေသည်။

ဟော့ထင်းလန်က ခဏလောက်စဥ်းစားပြီး နွေးထွေးစွာပြောလာခဲ့သည်။

"အနာဂတ်မှာ မင်း ပြဿနာတစ်ခုခုနဲ့ ရင်ဆိုင်ရတဲ့အခါ၊ အခက်အခဲတွေနဲ့ ကြုံတွေ့ရတဲ့အခါ ကိုယ့်ကိုပြောပြပြီး မင်းအတွက် ကိုယ့်ကိုဖြေရှင်းခွင့်ပေးဖို့၊ အဲ့ဒါကို ကိုင်တွယ်ဖို့အတွက် မင်းကို နည်းလမ်းကူရှာခွင့်ပေးဖို့ မျှော်လင့်မိတယ်။"

သူက နုနယ်လှသော ယဲ့စစ်၏ ကိုယ့်ကိုယ်ကိုယ်လေးစားမှုကို နှစ်သိမ့်ပေးခဲ့သည်။

"မှန်ကန်တဲ့လူဆီက အကူအညီတောင်းတာက ထက်မြက်တယ်။ အဲ့ဒါကြောင့်နဲ့ မင်းက အစွမ်းအစမရှိဘူးလို့ မဆိုလိုဘူး။ ပြီးတော့..."

သူက ယဲ့စစ်ကို စိုက်ကြည့်လိုက်ပြီး သူ၏မျက်လုံးများထဲ သနားစိတ်မပါဘဲ ငယ်ရွယ်နုပျိုပြီး ဒဏ်ရာရထားသော လင်းယုန်ငှက်လေးကို ကြည့်နေသကဲ့သို့ သိမ်မွေ့နေ၏။

"မင်းက သိပ်ကိုငယ်သေးတယ်။ မင်းနဲ့ရွယ်တူတွေထက် အများကြီးသည်းခံခဲ့ရပေမဲဲ့ စိတ်ဓါတ်မကျခဲ့ဘူး။ မင်းက သန်မာတယ်၊ သတ္တိရှိတယ်။ အဲ့ဒါတွေက တစ်ခါတလေမှာ မင်း အကူအညီလိုအပ်တာကြောင့်နဲ့ ပြောင်းလဲသွားမှာမဟုတ်ဘူး... နားလည်ပြီလား။"

၎င်းက အလွန်အခြေခံကျသော အသိတရားပင်။ အခြားတစ်ယောက်ကသာ ပြောလာပါက ယဲ့စစ် နားထိုင်းချင်ယောင်ဆောင်လိုက်မည်ဖြစ်သော်လည်း ဟော့ထင်းလန်၏နှုတ်က ထွက်လာသောအခါ သူ အမှန်တကယ်နားထောင်ခဲ့လေ၏။

"ကျွန်တော်၊ ကျွန်တော် နားလည်ပါပြီ... ဟော့ရှူးရှူ။"

သူက ခေါင်းညိတ်ပြလိုက်သည်။

တစ်ချိန်တည်းမှာပင် နူးညံ့သော ခဲရောင်ပိုးထည်ပေါ်မှာ နူးညံ့သိမ်မွေ့သော လှိုင်းဂယက်လေးများ ပေါ်ပေါက်လာခဲ့သည်။

သန်မာသည့် လက်ချောင်းငါးချောင်းက နှောင့်နှေးမှုမရှိဘဲ ချွေးအနည်းငယ်ထွက်နေသော ယဲ့စစ်၏လက်ချောင်းလေးများကြား ရောက်ရှိလာခဲ့သည်။

၎င်းတို့၏လက်ဖဝါးကောက်ကြောင်းများက တစ်ထပ်တည်းကျသွား၏။

၎င်းတို့၏လက်ဆယ်ချောင်းကလည်း တွေ့ဆုံသွားကြသည်။

ဖယ်ရိုမုန်းများက ချွေးထဲသို့ ရောနှောသွားပြီး ယဲ့စစ်၏ heat တက်နေသောဂလင်းများကို ထိထိရောက်ရောက်နှစ်သိမ့်ပေးနိုင်ခဲ့သည်။

နွေးထွေးနေသောလက်များနှင့် ယခုလိုမျိုး ဖယ်ရိုမုန်းဖလှယ်သည့်နည်းလမ်းက ယဲ့စစ်ကို ရှက်သွေးဖြာလာစေပြီး နှလုံးခုန်သံများကလည်း မြန်ဆန်လာကာ အခိုက်အတန့်တစ်ခုလောက် အားနည်းစွာဖြင့် ရုန်းကန်နေခဲ့သည်။

"အခန်းကိုပြန်ရောက်ရင် ဒီနေ့ညကိစ္စအတွက် ပြန်တွေးပြီး ရှက်နေဖို့မလိုဘူး။"

ဟော့ထင်းလန်က ၎င်းကို ဂရုတစိုက်၊ စေ့စေ့စပ်စပ်စဥ်းစားကာ ယဲ့စစ် ထိုအကြောင်းကိုတွေးလေ၊ ပိုပြီးရှက်ရွံ့လာလေဖြစ်မှာကို စိုးရိမ်နေခဲ့သည်။

"မင်းက လက်ထပ်စာချုပ်ရထားတဲ့ ကိုယ့်ရဲ့အိမ်ထောင်ဖက်လေး။ ဒီအိပ်ရာမပြောနဲ့၊ ဒီအိမ်တစ်ဝက်ကတောင် မင်းအပိုင်ပဲ။ ကိုယ့်ကို တောင်းပန်စရာမလိုဘူး။ ပြီးတော့..."

သူက ပြုံးလိုက်ပြီး ပွင့်ပွင့်လင်းလင်းရှိသော်လည်း လူကြီးလူကောင်းဆန်သော အပြုံးဖြင့် ပြောလိုက်သည်။

"မင်းလှဲအိပ်ဖူးတဲ့ ဒီအိပ်ရာကို ကိုယ် အရမ်းသဘောကျတယ်။"

သူက လူကြီးလူကောင်းတစ်ယောက်၏လေသံဖြင့် အရှက်မဲ့စွာ ပေါက်ကရစကားများကိုဆိုခဲ့သည်။ ယဲ့စစ်တစ်ယောက် ဆွံ့အသွား၏။ သူ့လက်ချောင်းများတစ်ဝိုက် ယှက်ကိုင်ထားသောလက်ချောင်းများကို လျစ်လျူရှုကာ ပြန့်ကျဲနေသောစိတ်အစဥ်နှင့် ရှုပ်ထွေးစွာခေါင်းညိတ်ပြလိုက်သည်။

"အွန်း၊ ကျွန်တော် အဲ့ဒါကို မတွေး၊ မတွေးပါဘူး...:

သူ မသိလိုက်ပါဘဲနှင့် နောက်တစ်ကြိမ်ထပ်ပြီး ပရောပရည်လုပ်ခံလိုက်ရသည်။

ဟော့အိမ်တော်ရှိ ဗဟိုလေအေးပေးစက်မှာ အသိဉာဏ်ရှိသော အပူချိန်အာရုံခံစနစ်ရှိပြီး လူသားများအတွက် သက်တောင့်သက်သာရှိသည့် အမြင့်ဆုံးအဆင့်နှင့်လိုက်ကာ အခန်းတွင်းအပူချိန်ကို အလိုအလျောက်ထိန်းညှိပေးတတ်သည်။ လက်ရှိအပူချိန်က မှန်ကန်သော်လည်း ဟော့ထင်းလန်က အေးနေပုံရပြီး အချိန်တစ်ခုအရောက်မှာ စောင်အောက်ကိုဝင်လာခဲ့သည်။

သူ၏လှုပ်ရှားမှုများက ကြော့ရှင်းကာ သဘာဝကျနေခဲ့ပြီး ယဲ့စစ် သတိပြုမိလိုက်ချိန်၌ သူက စောင်အောက်မှာ လဲလျောင်းနေပြီဖြစ်၏။ ၎င်းတို့၏နှာခေါင်းထိပ်လေးများက နီးကပ်နေပြီး စင်တီမီတာအနည်းငယ်သာ ခြားနေ၏။ ပထမတစ်ချက်ကြည့်ရုံဖြင့် ၎င်းက လူငယ်စုံတွဲတစ်တွဲ ဦးခေါင်းလေးများအချင်းချင်းမှီ၍ အိပ်စက်နေသကဲ့သို့ ရင်းနှီးကာ သိမ်မွေ့လှသည်။

ယဲ့စစ်၏နားရွက်များက ပူလာပြီး ဘယ်ကိုကြည့်ရမှန်းမသိဘဲ မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်သော်လည်း သူ အနောက်ကိုဆုတ်မသွားမျချေ။ တစ်ဆယ်စင်တီမီတာအတွင်းမှာ နွေးထွေးသော ဝင်သက်ထွက်သက်များက အတူတူရောယှက်သွားခဲ့သည်။

သူ၏နှာဖျား၊ နှုတ်ခမ်းသားနှင့် ပါးပြင်များက နွေးထွေးလာခဲ့၏။

သူ၏လက်များကလည်း နွေးထွေးလာသည်။

သူ၏နှလုံးသားလေးကပါ နွေးထွေးလာခဲ့လေသည်။

ယဲ့စစ်၏မျက်နှာက တဖြည်းဖြည်း နီမြန်းလာ၏။

၎င်းတို့က အတူတူမနေခဲ့ကြသော်လည်း စကားလုံးများနှင့် စေ့စေ့စပ်စပ်မဖော်ပြခဲ့ဘဲ သူက မသိနားမလည်သလို ရှက်ကြောက်နေခဲ့ပြီး ဤလူ့ကို သူ့အား အခွင့်ကောင်းယူခွင့်ပေးလိုက်တော့သည်။ သူက အခြားလူတစ်ဦးနှင့် အိပ်ရာပေါ်မှာ လဲလျောင်းနေပြီး သူ၏လက်များက 'အနွေးဓါတ်' ပေးခံရခြင်းကြောင့် နီမြန်းနေဆဲပင်။

ဒါက မဟုတ်သေးပါဘူး...

မဟုတ်ဘူး၊ တော်တော်လေးကို မှန်ကန်မနေဘူးမလား။

"မင်းက အကြိမ်တိုင်းကတိပေးတယ်။ ဒါပေမဲ့ နောက်တစ်ခေါက် တစ်ခုခုနဲ့ကြုံတွေ့တဲ့အချိန်ကျ ခေါင်းမာပြီး ကိုယ့်ကိုပြောမပြပြန်ဘူး... ဒီအကျင့်ကို ပြောင်းလဲဖို့လိုအပ်တယ်။"

ဟော့ထင်းလန်၏ နက်မှောင်သောမျက်လုံးများက အပြုံးများဖြင့်ပြည့်နှက်နေပြီး ကြောင်လေးကို ကြိုးလေးဖြင့်ကျီစယ်နေသကဲ့သို့ ယဲ့စစ်၏စိတ်အခြေအနေကို မြှင့်တင်ပေးရန် စကားလုံးများကို အသုံးချနေခဲ့သည်။ သူက ကောင်းမနေသော်လည်း ပွက်ပွက်ဆူနေသော ရမ္မက်များအတွက် လျှို့ဝှက်ထွက်ပေါက်ကို ရှာဖွေဖို့လိုအပ်သည်။ ထိုသို့မဟုတ်ပါက ယဲ့စစ်ကို အကောင်းအတိုင်းပြန်လွှတ်ပေးလိုက်ဖို့ သူ့အတွက် ခက်ခဲပေလိမ့်မည်။

"အဲ့ဒါကြောင့် ဒီတစ်ခေါက်မှာ ကိုယ် မင်းကို တာဝန်တစ်ခုပေးချင်တယ်။"

"ဘာ၊ ဘာတာဝန်လဲ။"

သူ၏ရှက်ရွံ့မှုတန်ဖိုးက အမြင့်ဆုံးကိုမရောက်ခင် ယဲ့စစ်အာရုံတို့က လမ်းလွဲသွားပြန်၏။

"တစ်ပတ်အတွင်း ကိုယ့်ကို တောင်းဆိုမှုတစ်ကြိမ်လုပ်ပြီး လေ့ကျင့်ရမယ်။"

ဟော့ထင်းလန်က သူ့ကို တည်ငြိမ်စွာကြည့်ကာ တစ်လုံးချင်းပြောလိုက်သည်။

"ကိုယ်လုပ်နိုင်တဲ့အတိုင်းအတာဖြစ်နေသရွေ့ ဘာတောင်းဆိုမှုမဆိုရတယ်။"

ရှားရှားပါးပါးဆိုသလို ယဲ့စစ်တစ်ယောက် ချက်ချင်းသဘောမတူဘဲ တွန့်ဆုတ်နေခဲ့သည်။

လူတွေကို တောင်းဆိုဖို့ အစပျိုးရမယ်။

သူ ထိုစွမ်းရည်ကို စွန့်လွှတ်ခဲ့တာကြာပြီဖြစ်၏။

ခက်ခဲကြမ်းတမ်းသောဘဝက သူ့ကို အချိန်မတိုင်မီ ရင့်ကျက်လာစေခဲ့ပြီး ယဲ့စစ်၏ငယ်ဘဝအတွင်း ကြုံရာကျပန်းတောင်းဆိုမှုများ ပြုလုပ်လို့မရကြောင်း သူသိခဲ့သည်။ သူ၏အမေက ငွေကြေးချို့တဲ့ပြီး ၎င်းတို့၏ဘဝကို ဂရုတစိုက်စီမံဖို့လိုသဖြင့် သူ၏ဆန္ဒများကိုချုပ်တည်းကာ အရုပ်များ၊ မုန့်များကိုတောင်း၍ သူ့အမေအတွက် အခက်အခဲများမလုပ််မိအောင် ကြိုးစားခဲ့သည်။

သူ အရွယ်ရောက်လာသည်နှင့်အမျှ ယင်းက ပိုလို့တောင်ဆိုးဝါးလာခဲ့သည်။ သူက အမျိုးသားတစ်ယောက်ဖြစ်ပြီး သစ်ပင်ကြီးတစ်ပင်လို မားမားမတ်မတ်ရပ်ကာ သူ့အမေအတွက် အထောက်အပံ့ဖြစ်ပေးသင့်သည်။ သူက တောင်းဆိုမှုများကို ဖြေရှင်းပေးသည့်သူသာ ဖြစ်သင့်၏။

"ကျွန်တော့်၊ ကျွန်တော့်မှာ ဘာမှ... တောင်းဆိုစရာမရှိပါဘူး။"

ယဲ့စစ်က ဟာကွက်တစ်ခုကို အခွင့်အရေးယူဖို့ ကြိုးစားလိုက်သည်။

"ဒါဆို ကျွန်တော့်ကို စာရှင်းပြပေးဖို့တောင်းဆိုတယ်..."

"အဲ့ဒါကို ထည့်မတွက်ဘူး။"

ထိုချာတိတ်၏မကျေနပ်မှုကို မြင်လိုက်ရသောအခါ ဟော့ထင်းလန်က နှာမှုတ်လိုက်သည်။

"ကိုယ်ပဲဆုံးဖြတ်ချက်ချမယ်။"

အဆုံးသတ်မှာ ယဲ့စစ်တစ်ယောက် ဟော့ထင်းလန်အား နိုင်အောင်မပြောနိုင်ခဲ့ဘဲ မှင်တက်စွာ တုံ့ပြန်လိုက်သည်။ ယာယီ heat က ဖယ်ရိုမုန်းနှစ်သိမ့်မှုအောက်မှာ ဖြည်းဖြည်းချင်းသက်သာလာခဲ့သော်လည်း သူ ဟော့ထင်းလန်၏အိပ်ရာပေါ်ကနေ ဆင်းလိုက်သောအခါ သူ၏ခြေထောက်များက အလွန်အားနည်းနေခဲ့သည်။ သူ၏ညအိပ်ဝတ်စုံနှင့် ဆံပင်များကလည်း ရှုပ်ပွနေပြီး တစ်စုံတစ်ယောက်ကြောင့် လေလျော့သွားသော ဘောလုံးလေးတစ်လုံးနှယ်။

သာမန်လူများအတွက် တစ်ခုခုတောင်းဆိုဖို့က လွယ်ကူပေ၏။

သူကတော့ ဘာတောင်းဆိုချက်ကိုမှ မစဥ်းစားနိုင်ခဲ့ပေ။ ဟော့မိသားစု၏ ငွေကြေးအရင်းအမြစ်များနှင့်ဆို အနည်းဆုံးတော့ စျေးကြီးသည့်လက်ဆောင်တစ်ခုကို တောင်းဆိုလို့ရသည်။

သို့သော် ယဲ့စစ်တစ်ယောက် အကျပ်ရိုက်နေခဲ့၏။ သူ တက္ကသိုလ်ကောင်းကောင်းကို ဝင်ခွင့်ရချင်သည်မှလွဲ၍ ဘာကိုမှမလိုချင်ပေ။ သူ လက်ရှိကြုံတွေ့နေရသော အကြီးမားဆုံး အခက်အခဲမှာ...

ယဲ့ဟုန်ကျွင်း၏ နာမကျန်းမှုပင်။

မွေးဖွားခြင်း၊ အိုခြင်း၊ နာခြင်းနှင့် သေခြင်းတရားတို့က လူသားများ၏ထိန်းချုပ်မှုကို ကျော်လွန်နေပေသည်။

သူ ထိုအကြောင်းကို တွေးတောင်မတွေးရဲပေ။ အချိန်အများစုမှာ ဤကမ္ဘာပေါ်ရှိ သူ့ကိုချစ်သော တစ်ဦးတည်းသောသူက သူ့ကိုထားသွားလျှင် ဘာဖြစ်မည်ကို စိတ်မကူးဘဲ သူ့ဦးနှောက်၏ထိုအစိတ်အပိုင်းကို တမင်သက်သက် ထုံထိုင်းနေအောင်ထားခဲ့သည်။ ထိုသို့မဟုတ်ပါက သူ တစ်နေ့လုံး ထိတ်လန့်ခြင်း၊ စိုးရိမ်ပူပန်ခြင်းတို့ကြား ပိတ်လှောင်နေပြီး နေ့စဥ်ဘဝကို အခက်တွေ့စေလိမ့်မည်။

...

စနေနေ့ နေ့လယ်က ပူပြင်းသော နွေရာသီနေ့တစ်နေ့ဖြစ်ခဲ့သည်။ ယဲ့စစ်တစ်ယောက် ထနောင်းပင်၏အရိပ်အောက်ရှိ ခုံတန်းရှည်တစ်ခုမှာ ထိုင်ကာ စီးကရက်သောက်နေခဲ့သည်။

ကနဦးတုန်းက သူ မေးခွန်းများဖြေပြီး ပင်ပန်းလာသဖြင့် အောက်ထပ်သို့ဆင်း၍ ဥယျာဥ်ထဲ လမ်းလျှောက်ကာ ကြွက်သားများနှင့် အရိုးများကို အကြောများဖြေလျှော့ချင်ခဲ့၏။ သို့သော် သူ လမ်းလျှောက်နေရင်း ဟော့ရှူးရှူက တောင်းဆိုမှုတစ်ခုလုပ်ဖို့ ပြောထားကြောင်း သတိရမိသွားပြီး သူ့အမေ၏ရောဂါအကြောင်းကို တွေးလိုက်မိသည်။

ထိုအတွေးကြောင့် သူ၏ဝမ်းဗိုက်ထဲ တင်းကျပ်လာခဲ့ပြီး ခဲတုံးတစ်တုံး ကျသွားသလို လေးလံလာခဲ့သည်။ သူ စီးကရက်တစ်လိပ်ကို မီးညှိလိုက်ပြီး သောက်လေသောက်လေ ပို၍စိတ်ရှုပ်လာလေ၊ ပိုစိတ်ရှုပ်လာလေ၊ ပိုသောက်ချင်လာလေဖြစ်လာ၏။

ခုံတန်းရှည်ပေါ်မှာ သူသောက်ပြီးသား စီးကရက်ဖင်စီများကို သပ်သပ်ရပ်ရပ်စီထားပြီး ယင်းက ရှင်းပြလို့မရစွာဖြင့် စိတ်ကျေနပ်စရာကောင်းနေသည်။

သူ စီးကရက်တစ်ဘူးလုံးကို အကုန်သောက်ကာ ဖင်စီများအားလုံးကို စုပြီးလွှင့်ပစ်ဖို့ ကြံစည်ထား၏။

ယဲ့စစ်က ခြေထောက်ချိတ်ထိုင်နေပြီး သူ၏တံတောင်ဆစ်များကို ဒူးနှစ်ဖက်ပေါ်တင်၍ တစ်ဖက်က ဖုန်းကိုကိုင်ထားပြီး အခြားလက်တစ်ဖက်က စီးကရက်ကိုကိုင်ထားသည်။

သူ ယဲ့ဟုန်ကျွင်းအတွက်ထည့်ထားသော လူနာအဖွဲ့စကားပြောခန်းက လက်ရှိအခိုက်အတန့်မှာ အတော်လေး အသက်ဝင်နေခဲ့သည်။ မိနစ်အနည်းငယ်အတွင်း မက်ဆေ့ချ်များက ၉၉+ ရှိနေပြီဖြစ်၏။ တစ်စုံတစ်ယောက်က ဆေးခန်းစမ်းသပ်မှုတွင် ပါဝင်ရန် X နိုင်ငံသို့ သွားခြင်းအတွက် မှတ်ပုံတင်ခြင်းအချက်အလက်ကို ပို့စ်တင်ခဲ့သည်။

လူနာများ၏ မိသားစုဝင်အများအပြားက ဗီဇာလျှောက်ထားမှုနှင့် အသွားအပြန်ခရီးစရိတ်များကို ဆွေးနွေးနေကြသည်။ ယဲ့စစ်က ထိုအချက်အလက်ကိုကြည့်ကာ မျက်မှောင်ကြုတ်လိုက်၏။

ယဲ့ဟုန်ကျွင်း နာမကျန်းဖြစ်ခါစတုန်းက သူ ယခုလိုသတင်းမျိုးကို အလွန်ထိရှလွယ်ခဲ့သည်။ လွန်ခဲ့သောနှစ်နှစ်အတွင်း သူ အများကြီးမြင်ဖူးခဲ့ပြီး အကြိမ်ပေါင်းများစွာ စိတ်ပျက်ခဲ့ရသည်။ ၎င်းတို့ထဲမှ အများစုသည် ရွေးချယ်စရာမရှိဘဲ မတည်ငြိမ်သည့် အမျိိုးမျိုးသောအချက်များစွာဖြင့် လက်တွေ့စမ်းသပ်မှုများ ပြုလုပ်ဖို့ကြိုးစားကြလိမ့်မည်ကို သူသိသည်။

အကယ်၍ တစ်ယောက်ယောက်က သွားခဲ့ပြီး မကုသနိုင်ခဲ့ပါက ကိစ္စမရှိသော်လည်း လူနာ၏ဖွဲ့စည်းပုံက အားနည်းကာ အဆက်မပြတ်သော အတက်အကျများစွာကို ခံနိုင်ရည်မရှိခြင်း သို့မဟုတ် တုံ့ပြန်မှုက ဆန့်ကျင်ဘက်အာနိသင်ကို ပြသလာမည်အား သူ စိုးရိမ်ခဲ့၏။ ကြောက်စရာအကောင်းဆုံးအရာမှာ ၎င်းတို့၏စစ်မှန်မှုနှင့် ယုံကြည်စိတ်ချရမှုကို မသိရခြင်းပင်။

လူနာအုပ်စုထဲမှ လူတချို့သည် မည်သည့်စမ်းသပ်မှုတွင်မဆို ပါဝင်ရန် လူနာများကိုစေလွှတ်ဖို့ လမ်းကြောင်းတစ်ခုရှိနေသည်ဟုဆိုကာ ငွေရှာတတ်ကြသည်။ ၎င်းတို့က မှတ်ပုံတင်ကြေးကို ကြီးကြီးမားမားယူကာ ဘာမှမလုပ်ခဲ့ကြဘဲ လူနာများက မရေရာသောအနှီနေရာအတွက် သေတဲ့အထိ စောင့်ဆိုင်းနေကြရလိမ့်မည်...

ယဲ့စစ် ထို'တောင်းဆိုမှု'ကို ပြန်တွေးလိုက်သည်။

ဟော့ရှူးရှူမှာ နည်းလမ်းရှိကောင်းရှိနိုင်သည်။ သူ့မှာ ယဲ့စစ်မသ်ိသော လမ်းကြောင်းများရှိနေနိုင်ပြီး အနည်းဆုံးတော့ ပို၍စိတ်ချရသော ကုသမှုများရှိသည့်နေရာကို သူ့အား ကူရှာပေးနိုင်လိမ့်မည်...

သူ၏နှလုံးသားက ရုတ်တရက် အခုန်မြန်လာ၏။

ယဲ့စစ်တစ်ယောက် မှင်တက်နေခဲ့သည်။ သူ သူ့လက်ထဲမှ တစ်ဝက်ကျန်နေသေးသော စီးကရက်ကို နှုတ်ခမ်းဆီယူဆောင်လိုက်သော်လည်း လမ်းတစ်ဝက်မှာ ရုတ်တရက်ဆိုသလို သူ့လက်ချောင်းများက ဗလာကျင်းသွားခဲ့သည်။

"!"

ထိတ်လန့်သွာသော ယဲ့စစ်တစ်ယောက် မော့ကြည့်လိုက်ရာ ဟော့ထင်းလန်က သူ့နံဘေးမှာရပ်နေပြီး တစ်ဝက်ကျန်နေသေးသည့် စီးကရက်ကို လက်ညှိုးနှင့်လက်မကြားညှပ်ကိုင်ထားပြီး သူ့ကို မျက်ခုံးများပင့်၍ကြည့်နေကြောင်း တွေ့လိုက်ရ၏။

"ဟော့၊ ဟော့ရှူးရှူ!"

ယဲ့စစ် ခုံတန်းပေါ်ကနေ ခုန်ထလိုက်ပြီး သူ့အင်္ကျီအနားစများကို ထိတ်လန့်တကြားဆွဲလိုက်သည်။

"ခင်ဗျား ဘယ်တုန်းက ပြန်ရောက်လာတာလဲ။"

သူ လမ်းလျှောက်ဖို့ အောက်ထပ်ဆင်းလာချိန်တုန်းက ဟော့ထင်းလန် အိမ်မှာမရှိကြောင်း မှတ်မိပေ၏။

ဟော့ထင်းလန်က ပြန်မဖြေဘဲ ခုံတန်းပေါ် စီစီရီရီတင်ထားသော ဆေးလိပ်ဖင်စီခုနစ်ခုကို ငုံ့ကြည့်ကာ ယဲ့စစ်ကို အေးစက်စွာစိုက်ကြည့်လိုက်သည်။

"မင်း ဆေးလိပ်စွဲနေတာက ပေါ့သေးသေးမဟုတ်ဘူးပဲ။"

"ကျွန်တော် မစွဲပါဘူး၊ ဒီတိုင်း-"

ယဲ့စစ်၏အသံက တဖြည်းဖြည်းတိုးဝင်သွား၏။

"ဒီတိုင်း အပျော်ပဲသောက်တာပါ။"

"ဆေးလိပ်သောက်တာက ပျော်စရာကောင်းတယ်ပေါ့။"

ဟော့ထင်းလန်က ပေါ့ပေါ့ပါးပါးမေးလိုက်၏။ ယဲ့စစ်၏အဆိုကို အတည်ပြုချင်သကဲ့သို့ သူက ခေါင်းငုံ့ကာ တစ်ဝက်ကျန်နေသောစီးကရက်ကို တစ်ရှိုက်ဖွာလိုက်သည်။

ဖင်စီီက အနည်းငယ်စိုနေ၏။

"ကျွန်တော် သောက်ပြီး၊ သောက်ပြီးသားကြီး... ခင်-ခင်ဗျား ကြိုက်မှာမဟုတ်ဘူး..."

ယဲ့စစ်တစ်ယောက် မီးပူလောင်သလိုဖြစ်သွားပြီး ဟော့ထင်းလန်က သူသောက်လက်စစီးကရက်ကို သောက်နေသည်အား ကူကယ်ရာမဲ့စွာကြည့်နေရင်း သူ၏နဖူးကနေ လည်ပင်းအထိ နီမြန်းလာခဲ့သည်။

-တကယ်ပျော်စရာကောင်းတာပဲ။

ဆေးရွက်ကြီးက စျေးပေါလှသည်။ ဟော့ထင်းလန်တစ်ယောက် သီးသွားပြီး ချောင်းဆိုးကာ သူ၏နှုတ်ခမ်းထောင့်များက ကွေးညွတ်သွားခဲ့သည်။

"ကိစ္စမရှိပါဘူး။"

ဟော့ထင်းလန်က သူ့လက်ထဲကစီးကရက်ကို တည်ငြိမ်စွာခါလိုက်၏။

"နောက်တစ်ခါ မင်းကို ဖမ်းမိခဲ့မယ်ဆိုရင်..."

"နောက်တစ်ခါ၊ နောက်တစ်ခါဆိုတာ မရှိစေရပါဘူး!"

ယဲ့စစ်တစ်ယောက် ခေါင်းရော လက်ရော ခါယမ်းပြလိုက်ပြီး အမြီးပေါက်ကာ ထိုအမြီးကိုပါ ခါယမ်းပြနိုင်ဖို့ ဆုတောင်းနေလေ၏။

ဟော့ထင်းလန်က ယဲ့စစ်အား လက်ဖြန့်ပြလိုက်သည်။

"ရှိသေးလား။"

ယဲ့စစ်၏မျက်နှာက နီမြန်းနေပြီး ကျန်နေသေးသော စီးကရက်များနှင့် မီးခြစ်ကို အလွန်ယဥ်ကျေးစွာ ကမ်းပေးလိုက်သည်။

ထိုစီးကရက်ဘူးလေးကို ယဲ့စစ်၏အိတ်ထဲသိမ်းထားသည်မှာ နှစ်ရက်ရှိပြီဖြစ်ရာ ရှုံ့တွနေ၏။

ဟော့ထင်းလန်က အနည်းငယ်ခေါင်းညိတ်ကာ လှည့်ထွက်သွားခဲ့သည်။

ယဲ့စစ်တစ်ယောက် နေရာမှာတင် အေးခဲနေလေ၏။

သူ ၎င်းအား ရှင်းရှင်းလင်းလင်းမမြင်လိုက်ရပေ။

သို့သော် ဟော့ရှူးရှူ လှည့်ထွက်မသွားခင်က သူ...

ခေါင်းငုံ့ကာ စီးကရက်ဘူးကို အနံ့ခံလိုက်သည်မဟုတ်လော။

***

Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment