no

အပိုင်း (၁၁) - တစ်ဖက်မှာချော့မြှူပြီး တစ်ဖက်မှာအနိုင်ကျင့်မယ်


ဟော့ထင်းလန်က လျင်မြန်စွာရောက်ရှိလာပြီး ယဲ့စစ်ကို ဆေးပေးခန်းကနေ ခေါ်ဆောင်သွားချိန်မှာ မနက်ခင်းကိုယ်ပိုင်စာကြည့်ချိန်တောင် မပြီးသေးပေ။


ယဲ့စစ်ကို ဆရာဝန်နှင့်ပြဖို့ အဖော်ပြုလိုက်ပါခဲ့သူက ဟော့ထင်းလန်၏လက်ထောက်တစ်ဦးဖြစ်သည့် မျိုးရိုးလင်အမည်ရှိသော ဖော်ဖော်ရွေရွေမျက်နှာထားနှင့် သက်လတ်ပိုင်းအရွယ် ဘီတာအမျိုးသမီးဖြစ်သည်။ ထိုကဲ့သို့အထောက်အထားက သံသယများကိုလည်း ရှောင်ရှားနိုင်သဖြင့် အိုမီဂါတစ်ယောက်အတွက် ဆရာဝန်နှင့်ပြဖို့ အဖော်ပြုပေးရန် သက်တောင့်သက်သာရှိပေမည်။


သုံးယောက်သား ပုဂ္ဂလိကဆေးရုံတစ်ခုသို့ သွားခဲ့ကြသည်။ ထိုနေရာမှာ လူအနည်းငယ်သာရှိသဖြင့် တန်းစီစရာမလိုခဲ့ပေ။


လက်ထောက်လင်က သဘာဝကျစွာဖြင့် ယဲ့စစ်၏လက်မောင်းကို တွဲပေးလိုက်သည်။ ယဲ့စစ်တစ်ယောက် ရှောင်ဖို့အားမရှိတော့ဘဲ သူ(မ)နောက်ကနေ လိုက်ပါသွားခဲ့ရသည်။ သူ(မ)က ယဲ့စစ်ကိုအဖော်ပြု၍ အရင်ဆုံး တာဝန်ကျဆေးဌာနကိုသွားခဲ့သည်။ ၎င်းတို့တွေ စမ်းသပ်မှုများစွာပြုလုပ်ပြီးနောက် ဆရာဝန်၏အကြံပြုချက်အတိုင်း ဂလင်းထုတ်လွှတ်ရေးဌာနသို့ သွားခဲ့ကြ၏။ ဆရာဝန်က စစ်ဆေးမှုများစွာပြုလုပ်ပြီးနောက် ယဲ့စစ်က အပြင်းအထန်နာကျင်နေကြောင်း တွေ့လိုက်ရပြီး များများစားစားမပြောခဲ့ပေ။ သူ့ကို အကြောဆေးသွင်းရန် ဆေးစာအမြန်ရေးပေးလိုက်ပြီး စကားပြောဖို့အတွက် မိသားစုကို ဆွေးနွေးခန်းထဲလာခဲ့ဖို့ တောင်းဆိုလိုက်သည်။


လက်ထောက်လင်က ဆေးကောင်တာသို့သွားခဲ့ပြီး ဆေးထည့်ထားသော အညိုရောင်စက္ကူအိတ်နှင့် ပြန်ရောက်လာခဲ့သည်။ ထို့နောက် ယဲ့စစ်ကို ရေနွေးတစ်ခွက်ကမ်းပေးကာ သူ့ဘေးနားမှာရပ်နေပြီး နှစ်သိမ့်ပေးလိုက်၏။


"ကျွန်မ ဆွေးနွေးခန်းရှေ့ကနေဖြတ်လာတုန်းက မေးခဲ့လိုက်တယ်။ မစ္စတာဟော့က ကြီးကြီးမားမားပြဿနာမဟုတ်ဘူးတဲ့။ အဲ့ဒါကြောင့် စိုးရိမ်မနေပါနဲ့။"


"ဟုတ်။" ယဲ့စစ်က တစ်ခါသုံးစက္ကူခွက်ကို လှမ်းယူလိုက်၏။ "ကျေးဇူးတင်ပါတယ်။"


"ဒါ ကျွန်မရဲ့တာဝန်ပါ။" လက်ထောက်လင်က ဖော်ရွေစွာပြောလာ၏။


ယဲ့စစ်က လက်တစ်ဖက်ကနေ စက္ကူခွက်ကိုကိုင်ကာ နောက်တစ်ဖက်က သူ့ဘေးကထိုင်ခုံမှာတင်ထားသော စက္ကူအိတ်ကိုယူလိုက်ပြီး လက်ဟန်ပြလိုက်၏။ "ကျေးဇူးပြုပြီး ထိုင်ပါဦး။ ဒီနေ့... ကြိုးစားပေးခဲ့လို့ ကျေးဇူးတင်ပါတယ်။"


"ရပါတယ်။" လက်ထောက်လင်က သူ့စကားအတိုင်း ထိုင်လိုက်ပြီး သူ(မ)မျက်လုံးထောင့်မှာ အပြုံးလေးပေါ်ပေါက်လာခဲ့သည်။


သူ(မ)ကို ဟော့ထင်းလန်က ကလေးထိန်းဖို့ ယာယီစေလွှတ်လိုက်ခြင်းဖြစ်သည်။ ချမ်းသာပြီး အင်အားကြီးသော ဆယ့်ခုနစ်၊ ဆယ့်ရှစ်အရွယ် သခင်လေးတစ်ယောက်ကို ခစားပေးဖို့က ခက်ခဲလိမ့်မည်ဟု သူ(မ)တွေးထားခဲ့သော်လည်း ယခုလိုသဘောထားကို မမျှော်လင့်ခဲ့မိပေ။ သူက အေးစက်ပုံပေါ်သော်လည်း ဆက်ဆံဖို့အလွန်လွယ်ကူပြီး အပြုအမူကောင်းကာ ယဥ်ကျေးပေသည်။


အကြောဆေးသွင်းတာက သူ၏လက္ခဏာများအတွက် မှန်ကန်သည့်ကုသမှုဖြစ်ကြောင်း ထင်ရှားပြီး အချိန်တိုအတွင်း ဝမ်းဗိုက်နာကျင်မှုကို သက်သာစေခဲ့၏။ ယဲ့စစ် ရေနွေးတစ်ငုံသောက်ကာ အညိုရောင်စက္ကူအိတ်ထဲမှ ဆေးဘူးကို ပေါ့ပေါ့ပါးပါးထုတ်ယူသလိုဟန်ဆောင်၍ ဆေးအညွှန်းကို ဖတ်ကြည့်လိုက်သည်။


[အညွှန်းများ]: အိုမီဂါမျိုးပွားအင်္ဂါ*ဖွံ့ဖြိုးလာမှုကြောင့် ဖြစ်ပေါ်စေတတ်သည့် ဖျားနာခြင်း၊ ဗိုက်အောင့်ခြင်း အစရှိသည့်ရောဂါလက္ခဏာများကို သက်သာစေရန်အတွက် သင့်တော်ပါသည်။


[TN/ သားအိမ်ကိုပြောတာပါ။]


အိုမီဂါနှင့်ပတ်သက်၍ ဇီဝကမ္မအသိပညာကို တော်တော်လေးလစ်လပ်နေသော ယဲ့စစ်တစ်ယောက် စက္ကန့်အနည်းငယ် မှင်တက်သွားပြီးနောက် မယုံကြည်နိုင်စွာဖြင့် မျက်လုံးများကိုပွတ်သပ်လိုက်သည်။


"!"


...ဘာအင်္ဂါ?!


မျိုးပွား ဘာဖြစ်တယ်?!


အိုမီဂါများ၌ ထိုအင်္ဂါအစိတ်အပိုင်းပါကြောင်း ယဲ့စစ်သိထားသော်လည်း သူက ဒုတိယအဆင့်ကွဲပြားမှုမတိုင်ခင်ကအထိ အယ်ဖာဖြစ်ခဲ့ပြီး ထိုအရာကလည်း ဖွံ့ဖြိုးမလာခဲ့ပေ။ ထို့ကြောင့် သူထင်လိုက်သည်မှာ... ၎င်းက ဘယ်တော့မှ ဖွံ့ဖြိုးလာမည်မဟုတ်ဟူ၍။


ယဲ့စစ်၏လက်များက တုန်ယင်နေပြီး ဆေးဘူးကို ပြားချပ်သွားအောင်ထိ ညှစ်လိုက်လေသည်။


ဟော့ထင်းလန် ဆရာဝန်ဆီကနေ အခြေအနေများကိုနားထောင်ပြီးနောက် ဆေးသွင်းခန်းထဲကိုရောက်လာချိန်၌ ခရမ်းချဥ်သီးလေးလို နီရဲကာ ရှက်ရွံ့နေသည့်ယဲ့စစ်ကို တွေ့လိုက်ရ၏။


သူ ဆေးအညွှန်းများကို ဖတ်ကြည့်လိုက်တာကြောင့်ဖြစ်နိုင်၏၊ သူ၏မျက်နှာလေးက ပေါင်းထားသည့်အတိုင်း နီရဲနေခဲ့သည်။ သူ၏မျက်လုံးများက တုန်လှုပ်ချောက်ချားကာ ရှုပ်ထွေးနေသော်လည်း တည်ငြိမ်ချင်ယောင်ဆောင်နေပြီး မေးကိုပင့်ချီကာ လက်ထဲမှ ပုံပျက်နေပြီဖြစ်သော ဆေးဘူးကို ဆုပ်ကိုင်ထားသည်။


ဟော့ထင်းလန်က ရပ်တန့်ကာ မသိစိတ်အရ သူ့ကိုစိုက်ကြည့်နေခဲ့ပြီး သူ၏နှလုံးသားက တုန်လှုပ်သွားခဲ့၏။


အရင်ဘဝတုန်းက နှစ်ဦးသားတွေ့ဆုံချိန်မှာ ယဲ့စစ်က နှစ်ဆယ့်နှစ်နှစ်အရွယ်ဖြစ်သည်။ ထိုအချိန်တုန်းက သူသည် အိုမီဂါအဖြစ် အပြည့်အဝပြောင်းလဲခဲ့ပြီးဖြစ်ရာ ယခုလို ရှုပ်ထွေးကာ အရှက်ရစရာကောင်းသော ကူးပြောင်းမှုကာလ၌ ဟော့ထင်းလန် သူ့ကို အဖော်မပြုနိုင်ခဲ့ပေ။


အိုမီဂါတစ်ယောက်၏ ခန္ဓာကိုယ် ရင့်ကျက်လာမှုက ဇီဝကမ္မဆိုင်ရာ ပြောင်းလဲမှုအမျိုးမျိုးကို ဖြစ်ပေါ်စေ၏...


လျှို့ဝှက်အင်္ဂါ ဖွံ့ဖြိုးလာမည်။


ခန္ဓာကိုယ်ထဲမှ မျိုးပွားအင်္ဂါများကို ကာကွယ်ဖို့အတွက် ဝမ်းဗိုက်လေးက နူးညံ့ပျော့ပျောင်းလာမည်။


အထိအတွေ့များကို ပို၍ထိရှလွယ်လာလိမ့်မည်။


အသားအရေက အယ်ဖာတစ်ယောက်ထက် ပို၍နူးညံ့ကာ အမဲဆီလို ချောမွေ့လာလိမ့်မည်...


ယဲ့စစ်၏ခန္ဓာကိုယ်မှ အိုမီဂါအစိတ်အပိုင်းများက ကြီးထွားလာလိမ့်မည်။


ပဲသီးအိမ်ထဲ တင်းတင်းကျပ်ကျပ်ထုပ်ပိုးထားသော မျိုးဥက တစ်နေ့ထက်တစ်နေ့ ကြီးထွားလာပြီး ပဲသီးကိုခွာလိုက်လျှင် လုံးလုံးဝိုင်းဝိုင်းထွက်ပေါ်လာမည့် ပဲတီစိမ်းတစ််လုံးလိုပင်။


ထိုဖြစ်စဥ်တစ်ခုလုံးကို ဟော့ထင်းလန် မြင်တွေ့ရတော့မည်။


ဟော့ထင်းလန်တစ်ယောက် သူ၏ကော်လံကို ဆွဲဟလိုက်၏။ သူ၏လည်ချောင်းက အခိုက်အတန့်တစ်ခုလောက် တင်းကျပ်လာခဲ့သည်။


ရက်ပေါင်းများစွာ ပြေလျော့ကာ ဖိနှိပ်ခံထားသော သူ၏အယ်ဖာဂလင်းများက ပြန်လည်တက်ကြွလာခဲ့လေသည်။


...


ဆေးသွင်းခန်းထဲ၌ ယဲ့စစ်တစ်ယောက် ထိတ်လန့်ကာ ဆေးဘူးကိုကိုင်ထားပြီး သူ၏အတွေးများက ယောက်ယက်ခတ်နေခဲ့သည်။


အမျိုးသမီးအယ်ဖာများကဲ့သို့ အမျိုးသားအိုမီဂါအရေအတွက်က နည်းပါးပြီး ၎င်းတို့က လူနည်းစုအုပ်စုမှာ ပါဝင်၏။ သူ အမျိုးသားအိုမီဂါများအကြောင်း မသိသလို ဒုတိယအဆင့်ကွဲပြားခြင်း၏ တကယ့်အာရုံခံစားမှုကိုလည်း မသိခဲ့ပေ။ ဤအတောအတွင်း အေးစက်သောထင်းရှူးရနံ့ကနေ ချိုမြိန်သောဗနီလာရနံ့အဖြစ် ပြောင်းလဲသွားရုံမှအပ သူ အခြားအရာများကို မခံစားခဲ့ရဘဲ ဒုတိယအဆင့်ကွဲပြားမှုက ယခုလိုဆက်ဖြစ်နေသည့်အတွက် ကံကောင်းသည်ဟု ခံစားခဲ့ရသည်။


အဆုံးသတ်မှာတော့ သူ လက်တွေ့ဆီကနေ ပြင်းထန်သောထိုးနှက်ချက်ကို လက်ခံခဲ့ရလေ၏။


သူ သတိလက်လွတ်ဖြစ်ခဲ့သည်။


သူက ယောက်ျားလေးဖြစ်ပြီး အမှန်တကယ်ကို ဗိုက်ထဲမှာ...


ထို့ပြင် အစရှိသဖြင့်...


သူ တစ်စုံတစ်ခုကို မေ့နေသလိုပင်။


ဟေားထင်းလန်က ဆရာဝန်နှင့် ဆွေးနွေးခန်းထဲမှာ စကားပြောနေသည်ဟု လက်ထောက်လင်က သူ့ကိုပြောပြခဲ့သည်။


ဒါဆို အဲ့အချိန်မှာ ဟော့ရှူးရှူက သူ့ရဲ့ မျိုး... မျိုးပွားအင်္ဂါအသစ် ဖွံ့ဖြိုးလာတဲ့အကြောင်းကို ဆရာဝန်နဲ့ ပြောနေခဲ့တာမဟုတ်ဘူးလား!


"!!"


ယဲ့စစ်တစ်ယောက် တုန်လှုပ်သွား၏။ သူ၏မျက်လုံးများက ပြူးကျယ်လာပြီး ရုတ်တရက် ခေါင်းမော့ကာ တံခါးဘက်ကိုကြည့်လိုက်သည်။


ထိုအကြည့်တစ်ချက်ဖြင့် သူ ရေကန်ကဲ့သို့ နက်ရှိုင်းနေသော မျက်ဝန်းတစ်စုံကို မြင်တွေ့လိုက်ရလေသည်။


ဟော့ထင်းလန်က ဆေးသွင်းခန်း၏ မှန်တံခါးရှေ့မှာရပ်နေပြီး သူ့ကိုစောင့်ကြည့်နေ၏။


ယဲ့စစ်တစ်ယောက် အလိုဆန္ဒများပြည့်နှက်နေပြီး လောင်ကျွမ်းကာ ဒွိဟဖြစ်စေသော ထိုအကြည့်ကို နားမလည်နိုင်ခဲ့ချေ။ တစ်စက္ကန့်တောင်မရှိသည့် အကြည့်တစ်ချက်တည်းဖြင့်... ပျော့ပျောင်းနူးညံ့သော ပိုးသားချိတ်ကလေးက သူ့နှလုံးသားကို ညင်သာစွာချိတ်ဆွဲလိုက်သလိုပင်။ သူ့ဦးခေါင်းတစ်ခုလုံး ထုံထိုင်းသွားပြီး ထိတ်လန့်တကြားဖြင့် အကြည့်လွှဲလိုက်၏။


သူ နောက်တစ်ခေါက်ကြည့်လိုက်သောအချိန်မှာ ဟော့ထင်းလန်က တံခါးကိုတွန်းဖွင့်ဝင်လာပြီး သူ့လက်ထဲမှာ ဆေးမှတ်တမ်းများကို ကိုင်ထားခဲ့သည်။ သူက ယဲ့စစ်ကို တည်ငြိမ်စွာကြည့်လာပြီး လူကြီးလူကောင်းတစ်ယောက်ဖြစ်နေဆဲပင်။ အပြင်လူများရှိနေသည့်အတွက် သူက ပြဿနာကို လျှော့ပေါ့ပြောလိုက်သည်။


"ဒါက အသေးအမွှားပြဿနာလေးပါ၊ စိုးရိမ်စရာမရှိဘူး။"


ယဲ့စစ်၏လည်ချောင်းက ခြောက်သွေ့ကာ နှုတ်ခမ်းများကို လှုပ်ရှားလိုက်သော်လည်း သူ ဘာကိုမေးရမှန်း မသိခဲ့ပေ။


စောစောက အဲ့ဒီအကြည့်... အဲ့ဒါက ထင်ယောင်ထင်မှားတစ်ခုလား။


သူ ခေါင်းငုံ့လျက်သားဖြင့် ဆေးမှတ်တမ်းကို လက်ခံယူလိုက်သည်။ ထို့နောက် တစ်ခေါက်ထဲက မလုံလောက်ဘူးဟုတွေးကာ တို့ဖူးတုံးလေးအဖြစ် ခေါက်မိလုနီးနီးပင်။


အပြန်လမ်းတစ်လျှောက်လုံး ယဲ့စစ်တစ်ယောက် ဟော့ထင်းလန်ကို မျက်လုံးထောင့်ကနေ ခိုးခိုးကြည့်နေခဲ့သည်။


သူ့ကိုကြည့်ရတာ ပုံမှန်အတိုင်းပင်။


၎င်းတို့တွေ အမှတ်တမဲ့ အကြည့်ချင်းဆုံသွားခိုက်မှာ ဟော့ထင်းလန်က မျက်ခုံးပင့်လိုက်၏။ အပြစ်ကင်းပြီး ရှုပ်ထွေးနေပုံမျိုးဖြင့် သူက တစ်ခုခုဖြစ်လို့လားဟု မေးလာခဲ့သည်။ သူ၏အမူအရာက အတုအယောင်မဖြစ်နိုင်ချေ။


ယဲ့စစ်က ယောင်ဝါးဝါးသာ လက်ခါပြလိုက်သည်။ ယခုလိုမျိုး အကြိမ်အနည်းငယ်လောက် အဖမ်းခံလိုက်ရပြီးနောက် သူ ထပ်ပြီးခိုးမကြည့်ရဲတော့ဘဲ စစ်သင်တန်းမှာထက်တောင် စည်းကမ်းတင်းကျပ်စွာဖြင့် ရှေ့တည့်တည့်ကိုသာ ကြည့်နေခဲ့သည်။


အဲ့ဒါ သူစိတ်ထင်တာပဲဖြစ်ရမယ်။


သူ အထင်မှားသွားခဲ့တာပဲ။


လက်ထောက်ကို ကုမ္ပဏီပြန်ပို့ပေးပြီးနောက် ဟော့ထင်းလန်က ယဲ့စစ်ကို အိမ်သို့ခေါ်လာခဲ့၏။ သူက တတိယထပ်ရှိ စာဖတ်ခန်းထဲဝင်သွားလိုက်ပြီး တံခါးပိတ်ကာ စားပွဲကိုရှင်း၍ နွေးထွေးစွာပြောခဲ့သည်။


"ဒီမှာလာထိုင်ပါဦး၊ ကိုယ်တို့ ပြောစရာလေးရှိတယ်။"


ယဲ့စစ် နှုတ်ခမ်းကို တစ်တန်းတည်းစေ့ပိတ်ကာ ထိုင်ချလိုက်သော်လည်း သူ၏မျက်နှာက အချိန်မရွေးထွက်သွားဖို့ အသင့်ဖြစ်နေသကဲ့သို့ တောင့်တင်းနေခဲ့သည်။


ကံကောင်းစွာဖြင့် ဟော့ထင်းလန်က အပြန်လမ်းမှာ စာစီပြီးသားပင်။ သူက စကားလုံးတိုင်းကို ထပ်တလဲလဲဆန်းစစ်ကာ ထိရှလွယ်သည့်စကားလုံးများကို အစွမ်းကုန်ရှောင်ရှားခဲ့သည်။


အမှန်တကယ်တော့... စီးပွားရေးညှိိနှိုင်းမှုတွေတောင် ယခုလောက် မစေ့စပ်ပေ။


"ကိုယ် ဆရာဝန်နဲ့ ခဏလောက်စကားပြောခဲ့တယ်။"


ဟော့ထင်းလန်က လေသံကိုထိန်းချုပ်၍ တည်ငြိမ်စွာပြောလိုက်သည်။


"ဒါက ပုံမှန်ဖြစ်ရိုးဖြစ်စဥ်တစ်ခုမို့ စိုးရိမ်စရာမလိုဘူး။ ဒါပေမဲ့ ရောဂါလက္ခဏာတွေသက်သာဖို့ ဆေးကို အချိန်မှတ်သောက်ရမယ်။ လဝက်နေရင် ပြန်စစ်ဆေးဖို့သွားရမယ်... မင်းမှာ မေးစရာရှိသေးလား။"


ယဲ့စစ်၏တောင့်တင်းနေသောပခုံးများက ပြေလျော့သွားပြီး ခေါင်းယမ်းပြလိုက်၏။


ဟော့ထင်းလန်က marker တစ်ချောင်းယူ၍ ဆေးတစ်ဘူးချင်းစီမှာ ထင်ရှားသောနေရာ၌ ဆရာဝန်ညွှန်ကြားလိုက်သည့်အတိုင်း 'တစ်နေ့သုံးကြိမ်၊ တစ်ခါသောက်တစ်လုံး' ဟု ရေးပေးခဲ့သည်။


"ပြီးတော့ ဒီတစ်ခေါက် အရမ်းပြင်းထန်တဲ့လက္ခဏာတွေက မင်းရဲ့ ဆိုးဝါးတဲ့အိပ်ချိန်ရယ်၊ အလုပ်လုပ်တဲ့အကျင့်တွေရယ်နဲ့ သက်ဆိုင်နေမယ်လို့ ဆရာဝန်က ယူဆခဲ့တယ်။ ဦးလေးဟယ်ပြောတာတော့ ဒီနောက်ပိုင်း မင်းအခန်းထဲကမီးအိမ်က မနက်နှစ်နာရီလောက်ထိ ပိတ်မသွားဘူးတဲ့။ မင်း အခန်းကိုပြန်သွားပြီး အိပ်ရာဝင်ရမဲ့အစား စာခိုးလုပ်နေခဲ့တာမလား... စိတ်အားထက်သန်တာ ကောင်းတဲ့အရာဆိုပေမဲ့ မင်းရဲ့ခန္ဓာကိုယ် ထိခိုက်ပြီး မျက်စိတွေမှုန်သွားမယ်ဆိုရင် ကောလိပ်ဝင်ခွင့်စာမေးပွဲနဲ့ပတ်သက်ပြီး ဘာတတ်နိုင်ဦးမှာလဲ။"


သူက ယဲ့စစ်၏အပြစ်များကို တမင်သက်သက် ဖြည်းဖြည်းချင်း ထုတ်ပြောနေခဲ့သည်။ ယဲ့စစ်၏ ခေါင်းမာသောဇွဲနပဲကို မြင်လိုက်ရသောအခါ သူ၏မျက်ခွံများ တွန့်ချိုးသွားပြီး တိုးတိုးလေးပြောလိုက်သည်။


"အမ်?"


"...ကျွန်တော် နားလည်ပါပြီ ဟော့ရှူးရှူ။"


ယဲ့စစ်တစ်ယောက် တွန့်ဆုတ်စွာဖြင့်ပြောလိုက်သည်။


"အနာဂတ်မှာ နောက်ကျတဲ့အထိနေဦးမှာလား။" ဟော့ထင်းလန်က ဆေးဘူးများစွာကို အညိုရောင်စက္ကူအိတ်ထဲပြန်ထည့်ကာ ယဲ့စစ်ကိုကမ်းပေးရင်း ထပ်ပြောလိုက်၏။ "မင်း ဆေးတွေကို သိမ်းကျုံးပြီးသောက်လိုက်မှာစိုးလို့ ကိုယ် မင်းအတွက် မှတ်ပေးထားတယ်။"


ယဲ့စစ် မျက်လွှာချလိုက်ပြီး ဆေးဘူးများပေါ်မှ ထင်ထင်ရှားရှားရေးထားသော ညွှန်ကြားချက်များကို ကြည့်လိုက်၏။ နွေးထွေးသော အနှီခံစားချက်လေးက သူ့နှလုံးသားထဲ တစ်ဖန်ပြည့်နှက်သွားပြန်သည်။ ယဲ့စစ်တစ်ယောက် ထိုနွေးထွေးမှုကြောင့် တဖြည်းဖြည်းပျော့ပျောင်းလာပြီး တွန့်ဆုတ်စွာဖြင့် တီးတိုးပြောလိုက်၏။


"မနေတော့ပါဘူး။"


ဟော့ထင်းလန်က မိမိခန္ဓာကိုယ်ကိုဂရုမစိုက်သည့် ယဲ့စစ်၏အကျင့်ကို အပြီးတိုင်ဖယ်ရှားပစ်ဖို့ ဆုံးဖြတ်ထားလေ၏။ သူက ထိုင်ခုံအနောက်ကိုမှီလိုက်ပြီး စားပွဲကို လက်ချောင်းထိပ်လေးများဖြင့် တောက်နေခဲ့သည်။ စီးပွားရေးနယ်ပယ်မှာ ညှိနှိုင်းနေသကဲ့သို့ သူက ယဲ့စစ်ကို ဂရုတစိုက်ကြည့်ကာ လေးလေးနက်နက်ပြောလိုက်သည်။


"မင်း တကယ်ပြောင်းလဲမှာလား၊ ဒါမှမဟုတ် ကိုယ့်ကို ညာနေတာလား။"


ယဲ့စစ်၏မျက်ဆံများက အနည်းငယ်တုန်လှုပ်သွား၏။ "တကယ်ပါ၊ ကျွန်တော် မလုပ်တော့ပါဘူး။ ပြီးတော့၊ ပြီးတော့ ဆေးတွေကို ကြုံသလိုသောက်တာမျိုးကိုလည်း ရပ်လိုက်ပါ့မယ်... ကျွန်တော် မလိမ်ပါဘူး။"


"ဒါဆို ပြေလည်သွားပြီပေါ့။ မင်း ညသန်းခေါင် နောက်ကျတဲ့အထိနေတာကို။" ဟော့ထင်းလန်က ခြိမ်းခြောက်သည့်လေသံဖြင့် ပြောလာ၏။ "ကိုယ် ဖမ်းမိခဲ့မယ်ဆိုရင်..."


ယဲ့စစ်တစ်ယောက် ကတိထပ်ပေးရန်ပြင်လိုက်ချိန်မှာ ဟော့ထင်းလန်က ဝါကျ၏ဒုတိယတစ်ဝက်ကို ပြောလာခဲ့သည်။ "မင်း ကိုယ့်အခန်းထဲမှာ ပြောင်းအိပ်ရမယ်။"


ယဲ့စစ်တစ်ယောက် အခိုက်အတန့်တစ်ခုလောက် မှင်တက်သွားပြီး စကားထစ်သွားတဲ့အထိ အလွန်ထိတ်လန့်သွားခဲ့သည်။ သူက နီရဲနေသောမျက်နှာ၊ နီစွေးနေသောနားရွက်များဖြင့် ခေါင်းရော၊ လက်တွေပါ အစွမ်းကုန်ခါယမ်းပြခဲ့၏။ "မလို၊ မလိုပါဘူး! ကျွန်တော် သေချာပေါက်... အဲ့လို၊ အဲ့လိုထပ်မလုပ်တော့ပါဘူး!"


ထိုဝါကျ၌ 'အငြင်း' စကားလုံးများချည်းထပ်နေ၏။ ဟော့ထင်းလန်တစ်ယောက် နှုတ်ခမ်းများကွေးညွတ်သွားခဲ့သည်။ "ကိုယ့်ကို အဲ့လောက်တောင်ကြောက်တာလား။"


"မကြောက်ပါဘူး။"


ယဲ့စစ်က အလိုလိုပင် ငြင်းဆန်လိုက်၏။ ၎င်းတို့က တစ်လလုံး အေးအေးချမ်းချမ်း အတူတူနေထိုင်ခဲ့ကြသည်။ ဟော့ထင်းလန်က သူ့ကို စိတ်မဝင်စားသည်မှာ သိသာသော်လည်း သူက သူ့ကို လူဆိုးတစ်ယောက်အနေဖြင့် သတိထားနေခဲ့သေး၏... ဟော့ထင်းလန် စိတ်ပျက်သွားမည်ကို စိုးရိမ်သဖြင့် သူက အလျင်အမြန်ရှင်းပြလိုက်သည်။


"ခင်ဗျားက အရမ်းကောင်းပြီး ဖြောင့်မတ်တဲ့လူတစ်ယောက်ပါ...ဒါပေမဲ့ ကျွန်တော်၊ ကျွန်တော်က တစ်ယောက်တည်းအိပ်ရတာကို ကျင့်သားရနေလို့ပါ။"


ထိုသို့ပြောပြီးနောက် ဟော့ထင်းလန်ကို စကားပြောခွင့်မပေးဘဲ ဆေးအိတ်ကိုဆုပ်ကိုင်ကာ ပြေးထွက်သွားခဲ့လေသည်။


သူ့ပုံစံက မသိလျှင် လူယုတ်မာတစ်ယောက်က သူ့နောက်လိုက်ဖမ်းနေသကဲ့သိုပင်။


လူယုတ်မာကြီးဖြစ်သည့် ဟော့ထင်းလန်တစ်ယောက် အနက်ရောင်ဆံပင်များနောက်ကွယ်မှာ ကွယ်ဝှက်နေသည့် နီစွေးစွေးနားရွက်ကလေးများကို ပြန်တွေးလိုက်ပြီး နောင်တရနေခဲ့သည်။


စကားလေးနည်းနည်းပဲပြောရသေးတယ်၊ သူက ထွက်ပြေးသွားခဲ့ပြီ။


သူ့မှာ ပြောချင်သော်လည်း ပြောခွင့်မရလိုက်သည့်စကားလုံးများက ဗိုက်ထဲမှာအပြည့်ရှိနေ၏။


-သူ၏လေ့လာတွေ့ရှိချက်အရ ယဲ့စစ်၏ အိုမီဂါနှင့်ပတ်သက်သော ဇီဝကမ္မဆိုင်ရာ အသိပညာဗဟုသုတက ဘာမှမရှိသလောက်ပင်။


အိုမီဂါတစ်ယောက်က မည်မျှလက်လွတ်စပယ်နေပါစေ၊ 'မျိုးပွားအင်္ဂါဖွံ့ဖြိုးမှု၏နာကျင်မှု' ဖြစ်စဥ်ကို လျစ်လျူရှုမထားသင့်ချေ။ သို့သော် ယဲ့စစ်ကတော့ စာရွက်အလွတ်တစ်ရွက်ဖြစ်ကြောင်း သိသာထင်ရှားပေ၏။ သူ နာကျင်နေတာ သုံးရက်ရှိပြီဖြစ်ပြီး အကိုက်အခဲပျောက်ဆေးများကို လက်လွတ်စပယ်သောက်နေခဲ့သည်။ သို့သော် အိုမီဂါများအတွက်ရည်ရွယ်၍ ကန့်သတ်ထားသည့်အရာများရှိပြီး နေ့စဥ်လူနေမှုဘဝမှာ အာရုံစိုက်ရမည့် ပြဿနာများစွာရှိသည်။


ငယ်ရွယ်သောချစ်ရသူလေးကို ကိုယ်တိုင်ကိုယ်ကျ လိင်ပညာပေးသင်ခန်းစာပို့ချခြင်း... ဟော့ထင်းလန်၏စိတ်ထဲ အတွေးများစွာဖြတ်ပြေးသွားပြီး သူ့နှုတ်ခမ်းထောင့်များက ကွေးညွတ်သွားခဲ့သည်။


၎င်းက သူ့အကြိုက်ပင်။


သို့သော် ယဲ့စစ်က သေလောက်အောင်ရှက်ရွံ့ကာ ထွက်တောင်ထွက်ပြေးသွားနိုင်သည်။


ဆယ့်ရှစ်နှစ်အရွယ်ယဲ့စစ်က နှစ်ဆယ့်နှစ်နှစ်အရွယ်ထက် များစွာနူးညံ့သော်လည်း ကြမ်းတမ်းသလိုဟန်ဆောင်ရတာကို သဘောကျပေသည်။


သူက အရပ်ရှည်ကာ စိတ်ဝိညာဥ်မြင့်မားပြီး အပင်ငယ်လေးလိုရပ်နေသည့် မာကျောပြီး သွယ်လျသောပင်စည်ရှိသည့် ထိကရုံးပင်လိုပင်။ ရလဒ်အနေဖြင့် လက်ချောင်းထိပ်လေးနှင့် ကုတ်ခြစ်လိုက်ပါက သူက ထိတ်လန့်တကြားဖြစ်ကာ ကွေးညွတ်သွားလိမ့်မည်။ ယဲ့စစ်ကို အဆက်မပြတ်ကုတ်ခြစ်နေပြီး လှုံ့ဆော်နေပါက ကွေးညွတ်လွန်းလို့ အရည်တောင်ထွက်လာနိုင်လောက်သည်။


ယင်းက လူများအား သူ့အပေါ် သနားစိတ်ဝင်လာစေ၏။


သို့သော် အနိုင်ကျင့်လိုသည့်စိတ်ကို ပိုလို့တောင်ဖြစ်စေနိုင်သည်။


ဟော့ထင်းလန်တစ်ယောက် လက်ချောင်းများဖြင့် ကော်လံကိုချိတ်ကာ သူ၏လည်စီးကို ဖြေလျှော့လိုက်သည်။ သူ၏မျက်လုံးများကလည်း မည်းမှောင်နေခဲ့သည်။


နှစ်ဦးသား၏ဆက်ဆံရေးက ပို၍ရင်းနှီးလာသောအခါ ယဲ့စစ်က သူ့ကို ပို၍ယုံကြည်လာပြီး သူ့ဆီမှာ ခိုင်မြဲစွာချည်နှောင်၍ သူ့အနားကနေ ထွက်သွားဖို့ခက်ခဲလာလိမ့်မည်... ထိုသို့ဆိုလျှင် လုံလောက်ပေလိမ့်မည်။


သူ သူ့ကို ချော့မြှူ၍ တစ်ချိန်တည်းမှာပဲ အနိုင်ကျင့်နိုင်ပေသည်။


***


Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment