no

အပိုင်း (၈.၁) - အခွင့်ကောင်းယူခြင်း


ပြတင်းတံခါးစက္ကူအလွှာကို မဖောက်လိုက်တာ ပိုကောင်းပေ၏။ သို့သော် ဖောက်လိုက်ပြီဖြစ်ရာ လေထုက တစ်မုဟုတ်ချင်း ရှုပ်ထွေးသွားပြီး ထူးဆန်းသွားခဲ့သည်။


[TN/ ကိစ္စတစ်ခုကို ထုတ်မပြောတာ ပိုကောင်းတယ်လို့ပြောတာပါ။]


ယဲ့စစ်တစ်ယောက် ခေါင်းငုံ့ထားပြီး ဇစ်တပ်ထားသော သူ့အားကစားဝတ်စုံကို ဇစ်ဆွဲချလိုက်၏။ သူ ရှက်ရွံ့နေသောကြောင့် သူ၏လှုပ်ရှားမှုများက အလွန်တရာနှေးကွေးနေပြီး ဇစ်အသွားများကလည်း တစ်ခုချင်းစီပြုတ်နေခဲ့သည်။ ရှက်ရွံ့မှုကြောင့် သူ့မျက်နှာထက် သွေးရောင်လွှမ်းကာ နီစွေးလာခဲ့လေသည်။


သူ မော့မကြည့်ရဲသည့်အချက်ကို အခွင့်ကောင်းယူကာ သိမ်းငှက်တစ်ကောင်က သူ၏သားကောင်ကိုစိုက်ကြည့်နေသကဲ့သို့ ဟော့ထင်းလန်တစ်ယောက် သူ့အား မဆင်မခြင်စိုက်ကြည့်နေခဲ့သည်။ ယဲ့စစ်၏ရှက်ရွံ့မှုက အထွတ်အထိပ်ထိရောက်ရှိသွားပြီး တစ်စုံတစ်ယောက်ကို ထိုးနှက်တော့မလိုမျိုး လက်သီးကို ဆုပ်လိုက်၊ ဖြန့်လိုက်လုပ်နေချိန်ကျမှ ဟော့ထင်းလန် သူ၏ ဆိုးညစ်သောရူးမိုက်မှုတို့ကို ထိန်းချုပ်ကာ ပြောလိုက်သည်။


"ခဏ။"


ယဲ့စစ်၏မျက်ဝန်းများက တုန်ယင်သွားပြီး ကယ်တင်ခံလိုက်ရသလိုမျိုး သူ၏ဦးခေါင်းကို မော့လာခဲ့လေ၏။


ဟော့ထင်းလန်က သိမ်မွေ့ပြီး ဂုဏ်သိက္ခာရှိသောအပြုအမူဖြင့် ပုံမှန်အတိုင်း ဟန်ဆောင်ကာ ပျော့ပျောင်းစွာမေးလိုက်သည်။


"ခွခေါင်းအုံး(ဖက်လုံး)လိုမျိုး တစ်စုံတစ်ခုရှိလား။ အဲ့ဒါတွေကိုလည်း သုံးလို့ရနိုင်လောက်တယ်။"


"ခွ၊ ခွခေါင်းအုံးတွေရှိတယ်။" ယဲ့စစ်က အလျင်အမြန်ခေါင်းညိတ်လိုက်သည်။


သူက အိပ်စက်လျှင် တစ်စုံတစ်ခုကိုဖက်ပြီးမှ အိပ်တတ်သည့်အကျင့်ရှိသော်လည်း အလွန်ထိတ်လန့်နေသည့်အတွက် ထိုအချက်ကို မမှတ်မိခဲ့ပေ။ ဟော့ထင်းလန် ပြန်ရုပ်သိမ်းသွားမည်ကို စိိုးရိမ်သဖြင့် သူက အိပ်ခန်းဆီသို့ အလျင်အမြန်သွားကာ ခွခေါင်းအုံးကိုယူ၍ ကမ်းပေးလိုက်၏။ သူသည် တစ်ချိန်လုံး မျက်လွှာချထားပြီး ဟော့ထင်းလန်၏မျက်နှာကို မကြည့်ဝံ့ခဲ့ပေ။


ဤအကျပ်အတည်းက ပြီးဆုံးသွားပြီဟု သူတွေးလိုက်သော်လည်း အိမ်ထဲကနေထွက်ရန်ပြင်လိုက်ချိန်မှာ ဟော့ထင်းလန်က သူ့ကိုတားဆီးလာပြီး ယနေ့ ကျောင်းကနေ စောစောပြန်ခဲ့ဖို့ စကားနုနုသုံးကာ ပြောခဲ့သည်။


မည်သို့ပင်ဆိုစေ ခွခေါင်းအုံးတစ်လုံးမှာ ဖယ်ရိုမုန်းများစွာမပါနိုင်ချေ။


သူသည် ညအချိန်မှာ ယဲ့စစ်၏အကူအညီကို လိုအပ်နေဆဲပင်။


ယဲ့စစ်တစ်ယောက် မူးဝေလောက်အောင်ထိ အလွန်ရှက်ရွံ့သွားပြီး ဟော့အိမ်တော်တံခါးကနေ မည်သို့ထွက်လာခဲ့မှန်းကိုတောင် မမှတ်မိတော့ပေ။


ယနေ့မနက်ခင်းက ခံနိုင်ရည်ရှိဖို့ ခက်ခဲပေသည်။


ဟော့ထင်းလန်သာ သူ အရင်ကတွေးခဲ့ဖူးသလို ဆိုးဝါးနေပါက ကုသမှုကိုအကြောင်းပြ၍ စံနှုန်းထက်ကျော်လွန်သည့် တစ်စုံတစ်ခုကိုပြုလုပ်ရန် ကြိုးစားလိမ့်မည်ဖြစ်ပြီး အခြေအနေက ပို၍လွယ်ကူလာလိမ့်မည်။ သူက လူများနှင့် ထိပ်တိုက်တွေ့ဖို့ကို မကြောက်ရွံ့ပေ။


သို့သော် ဟော့ထင်းလန်က အမှန်တကယ်ကို ဖြောင့်မတ်ပြီး ထိန်းချုပ်နိုင်စွမ်းရှိကာ ယဥ်ကျေးသလို စည်းမျဥ်းစည်းကမ်းများကို တင်းတင်းကျပ်ကျပ်လိုက်နာခဲ့သည်။ သူ ထိုကဲ့သို့ပြုမူလေ ယဲ့စစ်အတွက် ပို၍ကူကယ်ရာမဲ့လေပင်။ သူ၏စိတ်ခံစားချက်များကို ထွက်ပေါက်မရှိသည့်အတွင်းထဲမှာ ထိန်းချုပ်ထားခဲ့ပြီး သူ့ဆံပင်ကနေ ခြေဖဝါးအထိ နီစွေးနေတော့သည်။


တစ်နေ့လုံး စိတ်နဲ့ကိုယ်နဲ့မကပ်ဘဲ သူမသိလိုက်ခင်မှာပင် ညနေခင်းစာကြည့်ချိန်က ပြီးဆုံးသွားပြီး အိမ်ပြန်ဖို့အချိန်ရောက်လာ၏။


ဟော့အိမ်တော်၏ခြံဝင်းထဲ၌ ယဲ့စစ်တစ်ယောက် ကျောင်းလွယ်အိတ်ကို ကျောမှာလွယ်လျက် သစ်ပင်များစီစီရီရီစိုက်ပျိုးထားသော လမ်းလေးအတိုင်း လမ်းလျှောက်နေခဲ့သည်။


သူ မနက်က သဘောတူထားခဲ့သည့်အတိုင်း ဟော့ထင်းလန်ကို ကုသပေးရန်လိုအပ်သည်။


သို့သော်လည်း သူ၏ စိတ်ပိုင်းဆိုင်ရာအသိဉာဏ်က အယ်ဖာတစ်ယောက်ဖြစ်နေဆဲဖြစ်ပြီး အခြားအယ်ဖာက ဂလင်းများကို အနံ့ခံရန် သူ့လည်ကုပ်ကို ဖိကပ်လာခဲ့မည်ဆိုပါက...


"..."


ယဲ့စစ် သစ်ပင်တစ်ပင်ကို လက်သီးဖြင့်ထိုးလိုက်၏။


သူ့လက်မှနာကျင်မှုက သူ့ကို စိတ်တည်ငြိမ်သွားစေခဲ့သည်။


မည်သို့ပင်ဆိုစေ အနှေးနှင့်အမြန်ဆိုသလို သူ ကူညီပေးရမည်ပင်။ အကယ်၍ မိမိက သေရတော့မည်ဆိုလျှင် တိုက်ခိုက်ရင်းသေတာ ပိုကောင်းပေ၏။ ယင်းက သေဖို့ထိုင်စောင့်နေတာထက် ပို၍ကောင်းမွန်သည်...


ယဲ့စစ် လက်သီးများဆုပ်ထားပြီး သူ၏နှလုံးသားက ကမောက်ကမဖြစ်ကာ ဟော့အိမ်တော်၏ ပင်မအဆောက်အအုံဆီ ပြန်လှည့်ရန်ပြင်လိုက်သည်။ သူ မော့ကြည့်လိုက်ချိန်၌ ဟော့ထင်းလန်က ခြေလှမ်းအနည်းငယ်အကွာမှာရပ်နေပြီး သူ့ကိုကြည့်နေကြောင်း တွေ့လိုက်ရ၏။


သူ၏ရှပ်အင်္ကျီကော်လံကို ကြယ်သီးဖြုတ်ထားပြီး သူ့ရင်ဘတ်ကြွက်သားများ၏ ကောက်ကြောင်းများကို မြင်တွေ့နေရသည်။ သူ့လည်ပင်းမှသွေးကြောများက သိသိသာသာထောင််မတ်နေပြီး နဖူးပေါ်ဖြာကျနေသော ဆံပင်များက သူ့မျက်ခုံးကို ဖုံးလွှမ်းနေ၏။ သူ၏မျက်ဆံများက မည်းနက်နေပြီး ခံ့ညားသော်လည်း သုန်မှုန်နေခဲ့သည်။ သူ၏လက်ငါးချောင်းက စုတ်ပြတ်ပြီး ရှုံ့တွနေသည့်ခွခေါင်းအုံးကို ဆုပ်ကိုင််ထား၏...


ယနေ့ သူ၏နာကျင်မှုလက္ခဏာများက ပေါ့သေးသေးမဟုတ်တာ ထင်ရှားနေပေသည်။


အယ်ဖာများ ၎င်းတို့၏ rut ကာလကို နီးကပ်လာသည်နှင့်အမျှ တဖြည်းဖြည်း ကြမ်းကြုတ်လာပြီး ဖယ်ရိုမုန်းများ၏တွန်းအားပေးမှု၊ ကြောက်ရွံ့ထိတ်လန့်မှုနှင့် တွယ်ကပ်မှုတို့၏အောက်မှာ မနာလိုဝန်တိုဖြစ်လာတတ်ကြသည်။ ၎င်းတို့က သည်းမခံနိုင်သောတွန်းအားကိုပြသကာ ကိုက်ညီမှုမြင့်မားသော အိုမီဂါကို တောင့်တမှုနှင့်အတူ ပုံမှန်မဟုတ်တော့ဘဲ လုံးဝခြားနားသောလူတစ်ယောက်ဖြစ်လာတတ်၏။ Rut ကာလ တရားဝင်စတင်သည်နှင့်အမျှ ထိုအဆိုးမြင်သည့်စိတ်ခံစားချက်များက အထွတ်အထိပ်ကို ရောက်ရှိသွားမည်ဖြစ်သည်။ အယ်ဖာ၏အဆင့်က မြင့်မားလေလေ rut ကာလအတွင်း အနှီစရိုက်ပြောင်းလဲမှုများက သိသာလေလေပင်...


သို့သော် ဟော့ထင်းလန်၏ rut က မစတင်သေးပေ။


ယခု အစောပိုင်းအဆင့်သာရှိသေးသော်လည်း လက္ခဏာများက အလွန်ပြင်းထန်နေပြီလော။


A+ အဆင့်အယ်ဖာများက ၎င်းတို့၏ rut ကာလအတွင်း ကိုယ့်ကိုယ်ကိုယ်နှိပ်စက်ကြသည်မှာ အံ့သြစရာမရှိတော့ပေ...


ယဲ့စစ် ထိတ်လန့်သွားပြီး အေးစက်သောတုံ့ပြန်မှုဖြင့် ခြေတစ်လှမ်းဆုတ်လိုက်သည်။


"တစ်ဆိတ်လောက်၊ ကိုယ် လေကောင်းလေသန့်ရှူဖို့ ထွက်လာခဲ့တာပါ။" ဟော့ထင်းလန်က သူ၏ကော်လံကို ပြင်ဆင်လိုက်၏။ "ကိုယ် မင်းကိုခြောက်မိသွားတာလား။"


သူ၏မျက်လုံးများက တည်ငြိမ်နေဆဲပင်။


မည်သို့ပင်ဆိုစေ ၎င်းက သူ၏ပုံမှန်အနေအထားနှင့် မတူညီပေ။ ထိုအခိုက်အတန့်၌ ဟော့ထင်းလန်က တစ်စုံတစ်ခုကိုထိန်းချုပ်ရန် အစွမ်းကုန်ကြိုးစားနေပုံပင်။


ကျောက်သားအလွှာတစ်ချပ်အောက်မှာ စီးဆင်းနေသော ပျစ်ချွဲချွဲချော်ရည်များကဲ့သို့ အေးစက်မာကျောသော မီးတောင်ထွက်ကျောက်က အရည်ပျော်အမှတ်အထိ လောင်ကျွမ်းနေခဲ့သည်။ အယ်ဖာတစ်ယောက်၏ rut ကာလအတွင်း ယုတ္တိမတန်သောပိုင်ဆိုင်လိုမှုကနေ ထွက်ပေါ်လာသော မြင့်မားသည့်ထိုအပူချိန်နှင့် မီးလျှံကဲ့သို့ အလိုရမ္မက်များ။


ယဲ့စစ်၏နှလုံးသားက စည်းချက်လွဲသွားပြီး မျက်လုံးများကလည်း ပြူးကျယ်နေ၏။ သူ အနီးကပ်ကြည့်ချင်ခဲ့သော်လည်း ဟော့ထင်းလန်က ပုံမှန်အခြေအနေပြန်ဖြစ်ကာ သူ့ကို တည်ငြိမ်နေသော မျက်ဝန်းနက်တစ်စုံဖြင့် ကြည့်ရှုနေခဲ့သည်။ စောစောက မီးတောက်လောင်ကာ ဆာလောင်နေခဲ့သောမျက်ဝန်းများက ယဲ့စစ်၏ ထင်ယောင်ထင်မှားတစ်ခုလိုပင်။


ယဲ့စစ် ထိတ်လန့်သွားပြီး ခေါင်းယမ်းကာ တီးတိုးပြောလိုက်၏။ "ကျွန်တော် မလန့်ပါဘူး။"


ဟော့ထင်းလန်က တစ်စုံတစ်ခုအတွက် ပြန်လည်ပြင်ဆင်ပေးသလို သိမ်မွေ့စွာပြုံးလိုက်ပြီး သူ့မျက်နှာပေါ်မှာ စိတ်သက်ရာရမှုတောင် ရှိနေခဲ့သည်။ "မင်း ဒီနေ့ စောစောပြန်လာတာပဲ။"


"...အွန်း။"


ဟော့ထင်းလန်က အကြောင်းပြချက်ကို ဖြည်းဖြည်းချင်းအတည်ပြုလိုက်သည်။


"ဒီမနက်က ကိုယ်မင်းကို တောင်းဆိုခဲ့တာကြောင့်လား၊ ဒါမှမဟုတ် ပြိုင်ပွဲက ပျော်စရာမကောင်းလို့လား။"


ပြင်ပပတ်ဝန်းကျင်မှာတောင် ဟော့ထင်းလန်၏ဖယ်ရိုမုန်းပြင်းအားက တော်တော်လေးမြင့်နေဆဲပင်။ ယဲ့စစ် အသက်ရှူအောင့်ကာ တီးတိုးပြောရုံမျှ ပါးစပ်ကိုဖွင့်ဟလိုက်သည်။ "မနက်က၊ မနက်က... ခင်ဗျားတောင်းဆိုခဲ့တာကြောင့်ပါ။"


ဟော့ထင်းလန်တစ်ယောက် နူးညံ့ခြောက်သွေ့နေသော ခွခေါင်းအုံးကို လက်ချောင်းထိပ်လေးများဖြင့် ပွတ်သပ်လိုက်ပြီး သစ်ပင်အရိပ်ဖြင့် တစ်ဝက်ဖုံးကွယ်နေသော ခံ့ညားသည့်မျက်နှာလေးဖြင့် ယဲ့စစ်ကို နှစ်စက္ကန့်လောက်စိုက်ကြည့်ကာ နူးညံ့စွာမေးလိုက်သည်။


"ဒါဆို မင်း ကိုယ့်ကိုကုသပေးဖို့အတွက် စိတ်ပိုင်းဆိုင်ရာပြင်ဆင်ပြီးပြီလို့ ယူဆလို့ရမလား။"


ယဲ့စစ်၏အသက်ရှူသံများ ကမောက်ကမဖြစ်သွားပြီး အချိန်တစ်ခုလောက် တိတ်ဆိတ်သွားခဲ့သည်။ ထို့နောက် ဇဝေဇဝါပြောလိုက်လေသည်။ "အွန်း။"


ယခုအချိန်က မှောင်နေပြီဖြစ်သော်လည်း ခြံဝန်းထဲမှမီးများက နွေးထွေးသောအဝါရောင်အလင်းများကို ထုတ်လွှတ်ပေးနေပြီး မလှမ်းမကမ်းမှာ သွားလာနေကြသော အစေခံများလည်းရှိသည်။


"ဒီမှာလုပ်ရင် အဆင်ပြေမလား။" ဟော့ထင်းလန်က စိတ်ရှည်သော အမဲလိုက်သမားတစ်ယောက်ကဲ့သို့ သူ၏ထင်မြင်ချက်ကိို မေးမြန်းခဲ့သည်။


အလုံပိတ်အခန်းထက်စာလျှင် ဥယျာဥ်က ယဲ့စစ်ကို ပို၍လုံခြုံအောင်ပြုလုပ်ပေးနိုင်ကြောင်း ရှင်းလင်း၏။


လုံခြုံသည့်အာရုံခံစားချက်က သူ၏သတိကို ပြေလျော့သွားစေလိမ့်မည်။


ယဲ့စစ်တစ်ယောက် အေးစက်ကာ လျစ်လျူရှုဟန်မျက်နှာထားကိုတပ်ဆင်ဖို့ အစွမ်းကုန်ကြိုးစား၍ ပေါ့ပေါ့ပါးပါး ခေါင်းညိတ်ပြလိုက်သည်။


"ဒါဆို ကိုယ်တို့ ဒီမှာပဲလုပ်ကြမယ်။" ဟော့ထင်းလန်က မူလနေရာမှာပဲ မလှုပ်မယှက်ရပ်နေဆဲပင်။ "မင်း ကိုယ့်ဘာသာကိုယ်အစပျိုးပြီး ဖယ်ရိုမုန်းတွေထုတ်နိုင်လား။"


"ဟမ်?" ယဲ့စစ်က မျက်လုံးများပင့်လိုက်ပြီး ရှုပ်ထွေးသွားပုံပင်။ "ဟင့်အင်း၊ ကျွန်တော် မလုပ်နိုင်ဘူး။"


သူ အိုမီဂါဖြစ်တာ ဘယ်လောက်ကြာသေးလို့လဲ။ သူ့ရဲ့ဂလင်းတွေက ကောင်းကောင်းမဖွံ့ဖြိုးသေးတာကို ဘယ်လိုလုပ်ပြီး အဲ့ဒါကိုလုပ်နိုင်မှာလဲ...


ဟော့ထင်းလန်က ခဏလောက်တိတ်ဆိတ်နေခဲ့ပြီး ယဲ့သစ်ကို အသက်ရှူဖို့ နေရာပေးထား၏။


အရှက်အကြောက်ကြီးသည့် ချော်ထွက်နေသောငါးတစ်ကောင်ကို ကိုင်ထားရသလိုပင်၊ တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်လေ၊ ငါးက မိမိလက်ထဲကနေ ထွက်ပြေးလွတ်မြောက်ဖို့ မြန်ဆန်လေဖြစ်သွားလိမ့်မည်။


သူ့ကို မခြောက်လှန့်မိစေရန်နှင့် သူ့ဆီမှ ထွက်ပြေးသွားခြင်းကနေ ကာကွယ်ရန် မတင်းလွန်း မလျော့လွန်းသောအားဖြင့် ကိုင်ထားရမည်ဖြစ်သည်။


ခဏအကြာတွင် ဟော့ထင်းလန်က ဖြည်းဖြည်းချင်းပြောလိုက်သည်။ "ဒါဆို ကိုယ် မင်းအနားကို တိုးကပ်လာဖို့ လိုအပ်လိမ့်မယ်ထင်တယ်။"


ယဲ့စစ် အနည်းငယ်ငြိမ်သက်သွားပြီး သူ့ကိုယ်သူ အေးစက်သလိုဆက်နေနေဖို့ ဖိအားပေးလိုက်၏။ "ဘာပဲဖြစ်ဖြစ်။"


ဟော့ထင်းလန်က ယဲ့စစ်အနားသို့ လျှောက်သွားလိုက်ပြီး သူ့ကို သတိပေးလိုက်သည်။ "အတားအဆီးကို ခွာဖို့လိုတယ်။"


"အိုး။" ယဲ့စစ်၏လက်များက တော်တော်လေးကိုတုန်ယင်နေ၏။ သူ့ကို ရှာဖွေဖော်ထုတ်ခံရမည်စိုး၍ ယဲ့စစ် အခိုက်အမာပြောလိုက်သည်။ "ခင်ဗျားပဲ ခွာလိုက်ပါ။"


အတားအဆီးကိုကပ်ထားသည်မှာ နာရီပေါင်းများစွာရှိပြီဖြစ်ရာ ၎င်း၏ထောင့်စွန်းလေးများက ကပ်အားမရှိတော့ဘဲ အနည်းငယ်လန်နေ၏။ ဟော့ထင်းလန်က ယဲ့စစ်ကိုမထိမိစေရန် ဂရုစိုက်ကာ သူ၏လက်ချောင်းထိပ်လေးများဖြင့် အတားအဆီးကပ်ခွာကို ဖယ်ရှားလိုက်ပြီး ၎င်းကို သူ့လက်ထဲမှာ ဆုပ်ကိုင်ထားခဲ့သည်။


အိုမီဂါဖယ်ရိုမုန်းများနှင့် ရောထွေးနေသော စိုစွတ်ပြီး အနည်းငယ်နွေးထွေးသောချွေးများက သူ့လက်ဖဝါးထဲ စိမ့်ဝင်လာပြီး ဟော့ထင်းလန်၏မျက်လုံးများက စိတ်လှုပ်ရှားစွာဖြင့် လှုပ်ရှားသွားခဲ့၏။


အယ်ဖာဖယ်ရိုမုန်းများဖြင့် လှုံ့ဆော်ခံလိုက်ရသော ယဲ့စစ်၏လည်ပင်းက ပန်းရောင်သန်းလာပြီး ပါးလျသောချွေးတစ်လွှာနှင့် ဖုံးလွှမ်းသွားသာ်။ အတားအဆီးကို ဖယ်ရှားလိုက်သည့်အခိုက်အတန့်၌ ချိုမြိန်ပြီး စေးကပ်ကပ်နိုင်သော ဗနီလာရနံ့က ရုတ်တရက်ပျံ့နှံ့လာပြီး အကြွင်းမဲ့ဗီဇကိုက်ညီမှုကြောင့် ဖြစ်ပေါ်လာသည့် သက်တောင့်သက်သာရှိမှုက နွေးထွေးသော ရေပူစမ်းလေးလိုပင်။


၎င်းက ဟော့ထင်းလန်၏ ပြင်းထန်သောအာရုံကြောများနှင့် နာကျင်စွာလည်ပတ်နေသော သွေးကြောများကို ရစ်ပတ်လွှမ်းခြုံသွားပြီး ချက်ချင်းဆိုသလို နာကျင်မှုလက္ခဏာရပ်များက ဘယ်တုန်းကမှမရှိခဲ့ဖူးသည့်အတိုင်း ပျောက်ကွယ်သွားလေ၏...


ချိုမြိန်ပြီး ပျော်ရွှင်နေတဲ့ ဗနီလာ။


၎င်းက သူ့ယခင်ဘဝမှာ သူ့အား ထပ်တလဲလဲနှစ်သိမ့်ပေးခဲ့သည့်ရနံ့လေးဖြစ်သည်။


သိပ်ကိုရင်းနှီးတယ်။


ထို့ကြောင့် သူ့အား ပိုပြီးတောင့်တလာစေခဲ့သည်။


***


Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment