no
အပိုင်း (၅၂.၁) - အချပ်ပို (၇.၁)
[ပျော်ရွှင်ဖွယ်တရုတ်နှစ်သစ်ကူး]
နေ့ရက်များက လျင်မြန်စွာကုန်ဆုံးသွားခဲ့သည်။
ဤသည်မှာ ကောလိပ်ဝင်ခွင့်စာမေးပွဲများ ပြင်ဆင်နေကြသော စီနီယာအထက်တန်းကျောင်းသားများအတွက် အထူးမှန်ကန်ပေ၏။
ဆောင်းရာသီပိတ်ရက်က မျက်စိတစ်မှိတ်အတွင်း ရောက်ရှိလာခဲ့သည်။ အားလပ်ရက်က ၎င်းတို့၏တက်ကြွနေသော စိတ်ဝိညာဥ်များကို တိုက်ခိုက်ကာ ၎င်းတို့၏ကြွက်သားများနှင့် အရိုးများအားလုံး ပျင်းရိလာမည်စိုးသဖြင့် ကျောင်းပိတ်ရက်က နှစ်သစ်ကူးဆင်နွှဲရန်အတွက်သာ ရက်အနည်းငယ်ပိတ်ပေးခဲ့သည်။
ဟော့မိသားစုက ကြီးမားပြီး နိုင်ငံအနှံ့မှာရှိကြသည်။ အရင်က ဟော့မိသားစုနှင့် ခြူးမိသားစုတို့၏ မိသားစု ညစာစားပွဲကို လူတိုင်း မတက်ရောက်နိုင်ခဲ့ပေ။ အဝေးရောက်နေသော ဆွေမျိုးများနှင့် တစ်နှစ်မှ အကြိမ်အနည်းငယ်လောက်သာ အဆက်အသွယ်ရသောသူများ၊ နိုင်ငံခြားမှာ ပညာသင်နေသည့် ဂျူနီယာလေးများအားလုံး တရုတ်နှစ်သစ်ကူးမှသာ စုဝေးနိုင်ကြသည်။ နှစ်သစ်ကူးအကြို ညစာစားပွဲကို လင်ယောင်နှင့် ဟော့ချန်းယွီတို့ နေထိုင်သည့်အိမ်တော်မှာ စီစဥ်ခဲ့ကြ၏။ မည်သို့ပင်ဆိုစေ ထိုအိမ်တော်၌ များပြားလှသည့် ဟော့မိသားစုဝင်တို့ သက်တောင့်သက်သာနေနိုင်ပေ၏။
နှစ်သစ်ကူးအကြိုနေ့မနက်ခင်း၌ ယဲ့ဟုန်ကျွင်း၊ ယဲ့စစ်နှင့် ဟော့ထင်းလန်တို့ အိမ်တော်ကိုရောက်လာခဲ့ကြသည်။ ၎င်းတို့က အစောကြီးရောက်လာပြီး အခြားဟော့မိသားစုဝင်များ သိပ်မရှိကြသေးသော်လည်း တချို့စုံတွဲများကတော့ ရောက်နေပြီဖြစ်၏။ ယဲ့စစ် မိသားစုပွဲများ၌ ၎င်းတို့ကို အရင်ကမြင်ခဲ့ဖူးရာ ၎င်းတို့နှင့် စိမ်းသက်မနေတော့ပေ။ သူက ရှက်ရွံ့စွာပြုံးကာ အနှီဦး၏လေးများ၊ အန်တီများကို နှုတ်ဆက်ခဲ့သည်။
ဗီဒီယိုဂိမ်းကစားနေကြသော ကလေးအနည်းငယ်မှလွဲ၍ ဟော့မိသားစုဝင်အများစုမှာ အိမ်တော်ထိန်းအဖွဲ့နှင့်အတူ အလုပ်များနေကြပြီး လွယ်ကူသောအရာများကို ကူညီပေးခဲ့ကြ၏။ အရာအားလုံးကို ကျွမ်းကျင်အဖွဲ့က တာဝန်ယူထားသော်လည်း နှစ်သစ်ကူးလေထုကိုဖန်တီးရန် တချို့တာဝန်သေးသေးလေးများကို ၎င်းတို့ဘာသာ လုပ်ဆောင်ခဲ့ကြ၏။
စာဖတ်ခန်းထဲမှာ ဟော့ချန်းယွီက စုတ်တံဖြင့် ကောင်းချီးစာတန်းများကို ရေးသားနေသည်။ ဟော့ထင်းလန်၏လက်ရေးကလည်း လှသော်ငြား သူ၏အရေးအသားက အလွန်ထက်မြက်ကာ လုံလုံလောက်လောက် ဟန်ချက်မညီပေ။ "တစ်မိသားစုလုံး ချမ်းသာသုခပြည့်စုံပါစေ" ဟု ရေးသားခြင်းကတောင် အနည်းငယ်ကွဲလွဲနေခဲ့ရာ လင်ယောင်တစ်ယောက် ထိုကိစ္စအတွက် အကြိမ်တော်တော်များများ တိုင်တန်းခံခဲ့ရ၏။ ထို့ကြောင့် သူ(မ)လုပ်နိုင်သည်မှာ အင်္ကျီလက်များကိုခေါက်တင်၍ ဟော့ချန်းယွီအတွက် မင်သွေးပေးခြင်းသာ။
အခြားတစ်ဖက်တွင် ယဲ့စစ်က အိမ်တော်ထိန်းကို စာအိတ်နီများထဲ ပိုက်ဆံထည့်ပေးခြင်းအား စိတ်အားထက်သန်စွာကူညီပေးနေ၏။ ဂဏန်းအစဥ်လိုက်ပါသော အသစ်စက်စက်ငွေစက္ကူများက လက်ကို ရှနိုင်သည်အထိ ချောမွေ့ပြန့်ပြူးနေသည်။ ၎င်းတို့ကို လှန်လှောသည့်အသံအား ကြားရရုံဖြင့် ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာပါ သက်တောင့်သက်သာခံစားရစေသည်။
လင်ယောင်က အမတဖြစ်လာရန် လေ့ကျင့်နေသောကြောင့် သူ(မ)က အနှီလောကီရေးရာများကို ဂရုမစိုက်ဘဲ ယဲ့ဟုန်ကျွင်းကိုဆွဲကာ ဧည့်ခန်းထဲမှာ လက်ဖက်ရည်သောက်ရင်း စကားစမြည်ပြောနေခဲ့၏။ နှစ်သစ်ကူးအတွင်း လူတိုင်း အဝတ်အစားအသစ်များ၊ ပစ္စည်းအသစ်များကို ဝယ်သင့်သော်လည်း အပြင်မှာအေးနေသဖြင့် လင်ယောင်ကတော့ အပြင်သွားဖို့စိတ်မဝင်စားခဲ့ပေ။ အမျိုးမျိုးသော ဇိမ်ခံပစ္စည်းဆိုင်များ၏ မန်နေဂျာများက သူ(မ)ရွေးချယ်နိုင်စေရန် ကုန်ပစ္စည်းများကို သူ(မ)အိမ်သို့ လာပို့ခဲ့သည်။
လင်ယောင်က ၎င်းတို့ကို တစ်ခုချင်းကောက်ယူကြည့်ကာ မှတ်ချက်ပြုနေ၏။ ယဲ့ဟုန်ကျွင်းက ၎င်းတို့ကိုနားမလည်သဖြင့် လက်ဖက်ရည်ခွက်ကို ဂရုတစိုက်ဖြင့် ယဥ်ကျေးစွာကိုင်ထားရင်း လင်ယောင်နှင့်အတူလိုက်ကာ ခေါင်းညိတ်ပြလိုက်၊ ပြုံးလိုက်လုပ်နေခဲ့သည်။
ဆန်ဖရန်စစ္စကိုရှိ စမ်းသပ်မှုကနေ အံ့ဖွယ်ကောင်းစွာ ပြန်လည်သက်သာလာကာ တရုတ်ကိုပြန်ရောက်လာပြီးနောက် ဟော့ထင်းလန်ဆီကနေ အမေရင်းတစ်ယောက်သဖွယ် ဂရုစိုက်ခံခဲ့ရသည်။ ယခု သူ(မ)က စားဝတ်နေရေးအတွက် စိတ်ပူစရာမလိုဘဲ စုငွေများစွာရှိနေပြီဖြစ်သော်လည်း ခက်ခဲသောဘဝမှာ နေသားကျလာသူအဖို့ မည်ကဲ့သို့ အေးအေးဆေးဆေးနေရမလဲကို မသိခဲ့ပေ။ သူ(မ) ပိုက်ဆံမသုံးရဲသလို အစားအသောက်များနှင့် အဝတ်အစားအတွက် ချွေတာနေဆဲပင်။ ယဲ့စစ်မှာ သူ(မ)ကို မဖျောင်းဖျနိုင်သလို သူ(မ)ကို မည်ကဲ့သို့အားပေးရမည်ကိုလည်း မသိခဲ့ပေ။ ယခုတစ်ခေါက် သူ(မ)နှင့် ယဲ့စစ်တို့ နှစ်သစ်ကူးကိုဆင်နွှဲရန် ဟော့အိမ်တော်ကို ရောက်လာပြီး သူ(မ)က သပ်သပ်ရပ်ရပ်သာ ဝတ်စားထားခဲ့၏။ ကလေးဘဝကတည်းက အလိုလိုက်ခံ၊ တန်ဖိုးထားခံလာရပြီး အဖိုးတန်ကျောက်မျက်ရတနာများကို ဝတ်ဆင်ထားသော လင်ယောင်လိုအမျိုးသမီးနှင့် တွေ့ဆုံရသောအခါ သူ(မ) ယုံကြည်ချက်တချို့ ပျောက်ရှသွားခဲ့သည်။
လင်ယောင်က ထိုအရာကို သတိပြုမိပြီး ယဲ့ဟုန်ကျွင်း၏စိတ်ထဲ နစ်ဝင်နေခဲ့သော ဘဝခံယူချက်ကို ပြောင်းလဲပေးရန် ကြိုးစားလိုက်သည်။
"...ဒီနှစ် သူတို့ရဲ့ နှစ်သစ်ကူးကန့်သတ်ပစ္စည်းက မဆိုးဘူးပဲ။" လင်ယောင်က နွားသားရေဖြင့်လုပ်ထားသော လက်ကိုင်အိတ်တစ်လုံးကို ကောက်ယူလိုက်သည်။ ၎င်းက အဖြူရောင်အခံပေါ်မှာ ဆီးပန်းပွင့်ပုံစံကို ဥရောပစတိုင် ခြယ်သထားသော်လည်း လိုက်ဖက်မှုရှိနေသည်။ နိုင်ငံခြားသားဒီဇိုင်နာများက တရုတ်စတိုင်ဒီဇိုင်းများကို ဖန်တီးသည်မှာ ရှားပါးသော်လည်း ဤတစ်ခုက ကျက်သရေရှိကာ ပြေပြစ်ပြီး ယဲ့ဟုန်ကျွင်း၏စိတ်နေသဘောထားနှင့် အလွန်လိုက်ဖက်ပေ၏။
"ရှောင်ကျွင်း၊ ဒီအိတ်လေးကို စမ်းကြည့်လိုက်ပါလား။" လင်ယောင်က လက်ကိုင်အိတ်ကိုကောက်ယူကာ တည်ငြိမ်သောအမူအရာဖြင့် ယဲ့ဟုန်ကျွင်း၏လက်ထဲ ထိုးထည့်ပေးလိုက်သည်။ ထို့နောက် ခြေနှစ်လှမ်းလောက် နောက်ပြန်ဆုတ်ကာ ခေါင်းလေးစောင်းငဲ့ကြည့်လိုက်ပြီး နူးညံ့စွာချီးကျူးလိုက်သည်။ "အိုက်ယား၊ ကြည့်ကောင်းတာပဲ။ ဒီအိတ်က ရှင်နဲ့ တော်တော်လေးကြည့်ကောင်းတယ်။" သူ(မ)က အနောက်လှည့်ကာ သူ(မ)ဘေးနားရပ်နေသော မန်နေဂျာကို ပြောလိုက်လေ၏။ "ကျေးဇူးပြုပြီး ကျွန်မကို ဟိုလိမ္မော်ရောင်လေးယူခဲ့ပေးပါ။"
"ဒါက..." ယဲ့ဟုန်ကျွင်းက အနည်းငယ်အံ့အားသင့်ကာ စိတ်ပူသွားလေသည်။
သူ(မ)က ငြင်းတော့မည်မှန်း မြင်လိုက်ရချိန်မှာ လင်ယောင်က ပန်းနှင့် အရောင်မတူသော တစ်ခုကိုယူလိုက်လေသည်။ သူ(မ)က ယဲ့ဟုန်ကျွင်းနှင့်အတူရပ်ကာ လက်ကိုင်အိတ်ကိုကိုင်ထားပြီး ငြင်းဆန်လို့မရသော သိမ်မွေ့မှုဖြင့် ပြောလိုက်၏။ "ရှင်က ဆီးပန်းပွင့်ကိုသုံးလိုက်၊ ကျွန်မက ခြောက်လပန်းကို သုံးလိုက်မယ်။ ဒီအရွယ်အစားက စာအိတ်နီထည့်ဖို့ ကွက်တိပဲ။ ဘယ်လောက်တောင် ကောင်းလိုက်သလဲ၊ အခုဆို ကျွန်မတို့ စာအိတ်နီတွေတကိုင်ကိုင်နဲ့ လမ်းလျှောက်စရာမလိုတော့ဘူး။ ဘယ်လိုလဲ။ ကျွန်မမှာ ညီအစ်မတွေမရှိတော့ တစ်စုံတစ်ယောက်နဲ့ ဆင်တူပစ္စည်းမျိုးကို တစ်ခါမှမသုံးခဲ့ဖူးဘူး..."
သူ(မ)၏ စကားပြောဆိုပုံက နူးညံ့မှုတို့နှင့်ရစ်ပတ်ထားပြီး အင်အားတစ်ရပ်ရှိနေသည်။ ယင်းက ဟော့ထင်းလန်နှင့် တစ်ထပ်တည်းတူပေ၏။
၎င်းတို့က သားအမိဖြစ်ကြောင်း တစ်ချက်တည်းနှင့်ပြောနိုင်ပေသည်။
ယဲ့ဟုန်ကျွင်းကလည်း သူ(မ)၏သားလို နူးညံ့ကာ လှည့်စားရလွယ်ကူသောကြောင့် လင်ယောင်တစ်ယောက် သူ(မ) မှင်တက်နေချိန်မှာ သူ(မ)ကို ခေါင်းအစ၊ ခြေအဆုံး ဆင်မြန်းပေးနိုင်ခဲ့လေ၏။
သူ(မ)မှာ အိမ်ထိရောက်လာသည့် လက်သည်းပြင်ဆရာလည်းရှိပေသည်။
ယဲ့ဟုန်ကျွင်းအတွက် အိပ်မက်ယောင်လမ်းလျှောက်နေသလိုပင်။
သူ(မ)မှာ သဘာဝကျသော ပင်ကိုအလှရှိပြီး အိုမင်းရင့်ရော်ခြင်းလည်း မရှိပေ။ သူ(မ)၏တစ်ခုတည်းသောချို့ယွင်းချက်မှာ ပြင်းထန်သောရောဂါကနေ သက်သာလာခါစဖြစ်၍ အားအင်နည်းပြီး အလွန်ပိန်နေရုံမျှသာ။ သို့သော်လည်း လင်ယောင်က အမြင်ရှိပြီး သူ(မ)၏အားနည်းချက်ကိုရှောင်ကာ သူ(မ)၏အားသာချက်များကို မည်ကဲ့သို့အသုံးပြုရမလဲအား သိပေ၏။ ယဲ့ဟုန်ကျွင်းတစ်ယောက် သူ(မ)အား ယခုလိုမျိုးသာ အဝတ်ဆင်မြန်းခွင့်ပေးထားခဲ့ရပြီး ချက်ချင်းဆိုသလို တောက်ပသည့်ပုံပေါ်လာခဲ့သည်။ သူ(မ)ကို နှစ်ပေါင်းများစွာတိုက်စားခဲ့သော အမာရွတ်များကို လင်ယောင်၏ ကျွမ်းကျင်သောလက်များ၊ တန်ဖိုးကြီးသော အဝတ်အစားများ၊ လက်ဝတ်ရတနာများဖြင့် အရောင်တင်ခဲ့ပြီး တစ်ချက်ကြည့်လိုက်ရုံဖြင့် သူ(မ)က တခြားတစ်ယောက်လို ပြောင်းလဲသွားခဲ့သည်။
"နှစ်သစ်မှာ၊ အငွေ့အသက်အသစ်နဲ့၊ ဒီလိုပဲဖြစ်သင့်တာပေါ့။ ခေါင်းအစခြေအဆုံး ပြောင်းလဲတာကို နှစ်သစ်ကူးလို့ခေါ်တယ်။ ရှင်ရော ဘယ်လိုထင်လဲ။ လောင်ဟော့က စျေးဝယ်ထွက်တာကို ယုတ္တိမရှိဘူးလို့ အမြဲပြောပြောနေတာ၊ ဒါပေမဲ့ ရှင့်ကိုကြည့်လိုက်ပါဦး..."
လင်ယောင်က ယဲ့ဟုန်ကျွင်း၏လက်မောင်းကို ချစ်ခင်စွာတုပ်ကိုင်လိုက်ပြီး ချီးကျူးခံရဖို့အတွက် ချစ်စခင်စငယ်ရွယ်သောစုံတွဲလေးကို လှမ်းကြည့်လိုက်သည်။ မျှော်လင့်ထားသည့်အတိုင်း ထိုမြင်ကွင်းကြောင့် ယဲ့စစ်၏မျက်လုံးများက နီမြန်းလာပြီး ယဲ့ဟုန်ကျွင်းနှင့်အတူ ဓါတ်ပုံတချို့ကို တိတ်တိတ်လေးရိုက်လိုက်သည်။
သူ ယဲ့ဟုန်ကျွင်းအား ယခုလို တောက်ပသည့်ပုံစံဖြင့် မမြင်တွေ့ရသည်မှာ တော်တော်ကြာပြီဖြစ်၏။
'မေမေ ဒီလိုနေနိုင်တာ... တကယ် အရမ်းကောင်းတာပဲ။'
နေ့လယ်ရောက်လာသည်နှင့်အမျှ ဟော့မိသားစုဝင်များလည်း တော်တော်များများရောက်လာကြပြီး အများစုမှာ မျက်နှာစိမ်းများဖြစ်သည်။ ယဲ့စစ်အဆင်မပြေဖြစ်မည်စိုး၍ ဟော့ထင်းလန်က သူ့ကို ဧည့်ခန်းထဲသွားပြီး လင်ယောင်နှင့် ယဲ့ဟုန်ကျွင်းတို့ လက်ဖက်ရည်သောက်တာကို အဖော်ပြုခိုင်းကာ ယဲ့စစ်အတွက် ချစ်စရာကောင်းသည့် ခြေတံတိုတို နပိုလီယံကြောင်ကိုလည်း ယူလာပေးခဲ့၏။
စာမေးပွဲဖြေမည့်သူတစ်ယောက်၏ အားလပ်ရက်က အဖိုးတန်သဖြင့် အဆုံးမရှိသောစကားဝိုင်းမှာ စွမ်းအင်ဖြုန်းတီးစရာမလိုပေ။ သိသိသာသာကိုပင် သူက သက်တောင့်သက်သာရှိကာ လွတ်လပ်နေခဲ့၏။
ခြေတံတိုကြောင်လေးက ယဲ့စစ်ကိုမှတ်မိပြီး ရှင်းပြလို့မရစွာဖြင့် သူနှင့်ရင်းနှီးနေခဲ့သည်။ ၎င်းက ပက်လက်လှန်ကာ ယဲ့စစ်ကို အမွေးပွပွဝမ်းဗိုက်လေးအား ပြသခဲ့ပြီး သူ၏လက်သည်းလေးများဖြင့် ယဲ့စစ်၏လက်ကောက်ဝတ်ကိုတောင်ဆွဲကာ သူနှင့်ကစားရန် အချက်ပြခဲ့သည်။
ကြောင်လေးကို ယဲ့စစ်ဆီပို့ဆောင်ပြီးနောက် ဟော့ထင်းလန်က ဧည့်သည်များကိုဧည့်ခံရန် အရှေ့ဘက်ခန်းမထဲ ပြန်သွားရန်ပြင်လိုက်သော်လည်း သူ လှည့်ထွက်လိုက်ချိန်မှာ သူ၏အင်္ကျီအနားစကို ယဲ့စစ်က ဆွဲထားလေ၏၊
"ဟော့ရှူးရှူ၊ ခဏ၊ ခဏနေပါဦး။" လူငယ်လေးက လက်ဖြူဖြူလေးများဖြင့် သူ၏ရင်ဘတ်ကို နှစ်ကြိမ်ထိတွေ့လာခဲ့ပြီး သူ(ဟော့) အထင်မမှားခင် နီရဲနေသောနားရွက်လေးများဖြင့် အလျင်အမြန်ရှင်းပြလိုက်သည်။ "ကြောင်မွေးလေးတွေ နည်းနည်း... ကပ်နေလို့ပါ။"
ထိုသို့ပြောပြီးနောက် ပတ်ဝန်းကျင်လေထုက စက္ကန့်အနည်းငယ်မျှ ရပ်တန့်သွား၏။
ဟော့ထင်းလန်ကလည်း ဒွိဟဖြစ်စရာအမူအရာဖြင့် နှုတ်ခမ်းများကွေးညွတ်သွားခဲ့သည်။
ယဲ့စစ်က နှေးကွေးစွာ တုံ့ပြန်ခဲ့လေ၏။
သူသည် အရင်တုန်းက လင်ယောင်နှင့် အနည်းငယ်သာထိတွေ့ဆက်ဆံခဲ့ဖူး၏။ အဘယ့်ကြောင့်ဆိုသော် သူက တစ်ဦးတည်းနေတတ်ပြီး စကားနည်းသောကြောင့်ပင်။ အခြေခံအားဖြင့် သူက လေးလေးစားစားနှုတ်ဆက်ရုံမှအပ အတူတူ အချိန်ဖြုန်းခဲပေ၏။
အရှင်းဆုံးပြောရလျှင်... သူ(မ)အရှေ့မှာ ဟော့ထင်းလန်ကို တစ်ခါမှမခေါ်ခဲ့ဖူးချေ။
သူသည် ကနဦးတုန်းက ဟော့ထင်းလန်ကို လွယ်လွယ်ကူကူ 'ရှူးရှူ' ဟု ခေါ်ခဲ့သော်လည်း ၎င်းတို့က တစ်ခန်းတည်းမှာရှိနေပြီး လင်ယောင့်ကို 'မား' ဟု ခေါ်ရမည်ဖြစ်ရာ ဤဝါစဥ်အရခေါ်ဝေါ်မှုက သိသိသာသာကို လွဲမှားနေလေသည်။
ယင်းက ထိုအခြေအနေကို ယဲ့စစ်၏ အဓိပ္ပါယ်ဖွင့်ဆိုမှုဖြစ်သည်။
သို့သော်လည်း တကယ်တမ်းမှာတော့...
ကျစ်၊ ကျစ်။
လင်ယောင်က 'လူငယ်တွေက ကြံကြံဖန်ဖန် ကစားတတ်ကြတာပဲ' ဆိုသည့် ရှုပ်ထွေးသောအကြည့်မျိုးရှိနေ၏။ ရယ်ချင်သော်လည်း ယဲ့စစ်ရှက်သွားမည်စိုးသဖြင့် သူ(မ)က မျက်လွှာချကာ လက်ဖက်ရည်တစ်ငုံသောက်၍ သူ(မ)၏နှုတ်ခမ်းထောင့်များကို ထိန်းချုပ်ရန် 'များများရယ်ရင် အရေးအကြောင်းတွေပေါ်လာတတ်တယ်' ဆိုသည့်စကားစုကို မန္တာန်လိုရေရွတ်နေခဲ့သည်။
သူ နာမည်ပြောင်းရတော့မဲ့ပုံပဲ။
ယဲ့စစ်က ကြောင်လေးကိုပွတ်သပ်ရင်း စဥ်းစားနေခဲ့သည်။
အနည်းဆုံးတော့ တခြားသူတွေရှေ့မှာပေါ့။
ဒါပေမဲ့...
သူ့ကို ဘယ်လိုခေါ်ရမှာလဲ။
၎င်းက အလွန်ချစ်စဖွယ်ကောင်းနေလျှင် သူ သေချာပေါက် ခေါ်နိုင်မည်မဟုတ်သော်လည်း သူစိမ်းဆန်ဆန် ခေါ်ဝေါ်လို့လည်းမဖြစ်ပေ။
ယဲ့စစ် ၎င်းကို သေချာစဥ်းစားကာ မျိုးရိုးနာမည်ကိုဖြုတ်၍ သူ့နာမည်ကိုခေါ်ခြင်းကသာ အသင့်တော်ဆုံးဖြစ်ကြောင်း သိခဲ့ရလေသည်။
ဒါဆို သူ ဟော့ရှူးရှုကို... ထင်းလန်လို့ခေါ်ရမလား။
အဲ့ဒါ၊ အဲ့ဒါကြီးက အရမ်းများသွားပြီ။
၎င်းက အလွန်သာမန်ဆန်သော အခေါ်အဝေါ်ဖြစ်သော်လည်း ပါဝင်နေသော ချစ်မြတ်နိုးမှုနှင့် ရင်းနှီးမှုတို့က သူ၏နှလုံးသားအား အရင်ထက်တောင် ပို၍အခုန်လာမြန်လာစေ၏။
ဟော့ထင်းလန်က ဧည့်သည်များကိုနှုတ်ဆက်ရန် ထွက်သွားပြီဖြစ်ပြီး လင်ယောင်နှင့် ယဲ့ဟုန်ကျွင်းတို့က လက်ဖက်ရည်ခွက်ကိုယ်စီကိုင်လျက် ယဲ့စစ်နှင့်မျက်နှာချင်းဆိုင်ထိုင်နေကြသည်။ အနှီမျက်ဝန်းနှစ်စုံက ယဲ့စစ်၏ လေဟာနယ်ထဲ ကူးသန်းနေကဲ့သို့သော ဗလာကျင်းနေသည့်အမူအရာမှသည် တဖြည်းဖြည်း မျက်နှာကြီးနီမြန်းလာသည်အထိ သူ၏အမူအရာကို အသံတိတ်ငေးကြည့်နေခဲ့ကြ၏...
"..."
ဒီကလေး ဘာတွေများတွေးနေတာပါလိမ့်။
အမေနှစ်ယောက်က နားလည်မှုဖြင့် တစ်ယောက်ကိုတစ်ယောက်ကြည့်နေခဲ့ကြပြီး တစ်ချိန်တည်းမှာပင် အသံတိတ် ရယ်လိုက်ကြလေ၏။
ဟော့မိသားစုက နှစ်သစ်ကူးကျင်းပရာ၍ ပုံသေလုပ်ငန်းစဥ်တစ်ခုရှိ၏။ ညနေခင်း ညစာစားချိန်ရောက်လာချိန်မှာ လူတိုင်း နှစ်သစ်ကူးအကြိုညစာကို စားသုံးခဲ့ကြပြီး ငယ်ရွယ်သူများက နှစ်သစ်ဆုတောင်းစကားပြောကာ အကြီးအကဲများက စာအိတ်နီများပေးတတ်ကြသည်။ ထိုဖြစ်စဥ်ပြီးနောက် လင်ယောင်က ပကာသနကို နှစ်သက်သောကြောင့် ပရော်ဖက်ရှင်နယ်အဖွဲ့မှ စီစဉ်ထားသော နှစ်သစ်ကူးအကြို မီးရှူးမီးပန်းပြပွဲကိုလည်း စီစဥ်ခဲ့လေ၏။
နှစ်တိုင်း မတူညီသောတင်ဆက်မှုများကိုပြသရန် မီးရှူးမီးပန်းဒီဇိုင်းများက တစ်နှစ်နှင့်တစ်နှစ် မတူခဲ့ပေ။ ပုံမှန်အားဖြင့် သူ(မ)က ဟော့မိသားစုထဲ တစ်နှစ်အတွင်းဖြစ်ခဲ့သော ပျော်စရာအကောင်းဆုံးပွဲကို နမူနာယူကာ ၎င်းကို အပြင်အဆင်အဖြစ် အသုံးပြုတတ်သည်။ ဥပမာအားဖြင့် မနှစ်က ဟော့ထင်းလန်၏ဝမ်းကွဲသည် US ရှိ ထိပ်တန်းကျောင်းတစ်ခုသို့ အောင်မြင်စွာဝင်ခွင့်ရရှိသွားသည်ကို အောင်ပွဲခံရန် လင်ယောင်နှင့် ဟော့ချန်းယွီတို့က 'လမင်းနန်းတော်'* အပြင်အဆင်အား ရွေးချယ်ခဲ့သည်။ နောက်ဆုံးဘိတ် မီးရှူးမီးပန်းပုံစံက ရေခဲအပြာရောင်လမင်းကြီး ကောင်းကင်သို့ တဖြည်းဖြည်းမြင့်တက်လာသည့်ပုံဖြစ်၏။
[TN/ ရှေးတုန်းက နန်းတွင်းစာမေးပွဲကို အောင်မြင်တဲ့အချိန်မှာသုံးတဲ့ စကားစုပါ။]
***
Aurora Novel Translation Team
There is No Eng Version