no

အပိုင်း (၄၅.၁) - ရှေ့သို့ဆက်လျှောက်ခြင်း

ကျောင်းနှစ်စမှာ လေ့ကျင့်ရေးစခန်းဝင်ခဲ့ရသောကြောင့် ယဲ့စစ်က ကျောင်း၌ ကိုယ်ပျောက်လူသားမဟုတ်တော့ပေ။ အနှီအိုမီဂါကောင်လေးများ၏ ဆက်သွယ်ရေးစွမ်းရည်က စက်သေနတ်တိုက်ပွဲနှင့်တောင် ယှဥ်လို့ရပေသည်။ လူဆယ်ချီအတူစုဝေးနေခြင်းက ကြက်ဆယ်ကောင်ထက်တောင် ပို၍ဆူညံပြီး ၎င်းတို့နှင့်သိကျွမ်းရခြင်းက တစ်ကျောင်းလုံးကိုသိခြင်းနှင့် ညီမျှပေသည်။

ထိုအိုမီဂါလေးများနှင့် စကားစမြည်ပြောပြီးနောက် ယဲ့စစ်၏ နူးညံ့သောစိတ်သဘောထားနှင့် အယ်ဖာများကိုတောင် အနိုင်ယူနိုင်သည့်အားကစားစွမ်းရည်မှာ ဖော်ထုတ်ခံလိုက်ရတော့သည်။ ဘေးအတန်းမှ အိုမီဂါတစ်ယောက်က လေ့ကျင့်ရေးကွင်းသို့ ဖုန်းခိုးယူလာခဲ့သည်။ ယဲ့စစ်၏ မီတာ ၄၀၀ အတားအဆီးဖြတ်ကျော်သည့်ပြိုင်ပွဲအတွင်း သူက မှတ်တမ်းတင်ခဲ့ပြီး ကျယ်ပြန့်စွာဖြန့်ဝေခဲ့လေ၏။ သူက စိတ်အားထက်သန်ပြီး မြူးကြွသည့်နောက်ခံတေးသီချင်းထည့်ကာ အဆုံးသတ်မှာ 'အိုမီဂါတို့ရဲ့ဂုဏ်ကျက်သရေ' ဟု စတော်ဘယ်ရီမက်ရှ်မဲလိုစာလုံးပုံစံနှင့် ရေးသားထားရာ ယဲ့စစ်တစ်ယောက် ရှက်ရွံ့စွာဖြင့် မျက်နှာကိုဖုံးအုပ်ထားရတော့သည်။

နေ့တိုင်းနေ့တိုင်း ကွမ်းချိုင်ပန်*ကဲ့သို့မျက်နှာထားကို အမြဲတမ်းတပ်ဆင်ထားသော ခံ့ညားသည့်ကောင်လေးတစ်ယောက်က အမှန်တကယ်တော့ အရှက်အကြောက်ကြီးသည်။ တကယ်တမ်းပြောရလျှင် သူ့ကို အကြိမ်အနည်းငယ်လောက် ကျီစယ်ပြီးနောက် သူက အတန်းဖော်များရှေ့မှာ ဆန်ကိတ်ထက်တောင် ပို၍နူးညံ့လာသော်လည်း သူက အားကစား၌မူ ကြောက်လန့်ဖွယ်ကောင်းစွာ ထူးချွန်နေခဲ့သည်...

[TN/အပိုင်း ၂ မှာပါပါတယ်။ အပေါ်ယံအေးစက်ပြီး အတွင်းစိတ်နူးညံ့တဲ့သဘောပါ။]

အနှီအိုမီဂါကောင်လေးများသာမက မိန်းကလေးများကလည်း သူ့ကို ချစ်စရာကောင်းသည်ဟုထင်ကြပြီး မိခင်မေတ္တာများ တဖွားဖွားပေါ်လာခဲ့ကြသည်။ တခြားအရာများထက် ယဲ့စစ် နားမလည်သည့်ပုစ္ဆာရှိလာလျှင် ဟော့ထင်းလန်ကို ရှင်းပြခိုင်းဖို့မလိုတော့ပေ။ ၎င်းတို့၏ပျမ်းမျှအသက်က ယဲ့စစ်ထက် တစ်နှစ်ငယ်သော်လည်း ၎င်းတို့က ခေါင်းမာစွာဖြင့် သူတို့ကိုယ်သူတို့ 'ကျယ်ကျဲ fans' နှင့် 'အန်တီ fans' များဟူ၍ ခေါ်ဆိုနေခဲ့ကြ၏။ မိန်းကလေးများက စာလေ့လာခြင်းကို စွဲလမ်းနေသည့် ဤမူလတန်းကျောင်းသားကလေးကို ပျိုးထောင်ပေးရန် အတူတကွ အလုပ်လုပ်ခဲ့ကြလေသည်။

ရေပန်းစားလာပြီးနောက် ယဲ့စစ်ဆီကနေ ဆွဲဆောင်ခံလိုက်ရသည်မှာ အိုမီဂါနှင့် ဘီတာမိန်းကလေးများသာမကဘဲ အယ်ဖာများလည်းပါပေ၏။ ၎င်းတို့သည် အရင်တုန်းက နံရံကိုသွားတိုက်သကဲ့သို့ ဖြစ်နေမည်စိုး၍ အကွက်ရွှေ့ဖို့ ကြောက်ရွံ့နေခဲ့ကြသော်လည်း ယခုမှာမူ ယဲ့စစ်က စက္ကူကျားဖြစ်နေကြောင်း တွေ့လိုက်ရသောအခါ အားလုံးက ကြိုးစားကြဖို့ အသင့်ဖြစ်နေခဲ့ကြသည်။

သို့သော် ပရောပရည်လုပ်သည့် အယ်ဖာများနှင့် ရင်ဆိုင်ရသောအခါ ယဲ့စစ်က ပုံမှန်အတိုင်း အေးစက်သောမျက်နှာကို ထိန်းသိမ်းထားခဲ့သည်။

လက်ထပ်လက်စွပ်ဝတ်ခြင်း သို့မဟုတ် သူ၏အိမ်ထောင်ရေးကို ကြေညာခြင်းက လက်ရှိအချိန်မှာ ယဲ့စစ်အတွက် အတော်လေးကြီးမားသောကိစ္စရပ်ဖြစ်သည်။ သူ ကိုယ့်ကိုယ်ကိုယ် ရှင်းမပြနိုင်သောအခါ သူ၏စိတ်ပိုင်းဆိုင်ရာကို ပြင်ဆင်ထားဖို့လိုအပ်သည်။

သို့သော် ၎င်းကို ယဲ့စစ်ကိုယ်တိုင်က သိပေ၏။

သူက အိမ်ထောင်သည်အမျိုးသားတစ်ယောက်ဖြစ်သည်...

ထို့ကြောင့် သူ့ကိုယ်သူ စည်းရှိဖို့လိုအပ်သည်။

အယ်ဖာတစ်ယောက်၏ ပိုင်ဆိုင်လိုစိတ်က အကျိုးကြောင်းမသင့်ပေ။ ဟော့ထင်းလန်က ယဲ့စစ်နှင့် အသက်ရွယ်တူ အယ်ဖာများမဆိုထားနှင့် အိုမီဂါများနှင့်တောင် ရှာလကာရည်သောက်နေသူဖြစ်၏။ ထို့ကြောင့် လေ့ကျင့်ရေးစခန်းဝင်ပြီးနောက် ရုတ်တရက်ကြီး ပိုးပန်းသူများပေါ်လာသည့်အချက်ကို ယဲ့စစ် ဖုံးကွယ်ထားခဲ့သည်။ ထိုအရာမှလွဲ၍ သူက ကျောင်းမှာဖြစ်ပွားခဲ့သော သေးသေးကြီးကြီးအရာများအားလုံးကို ဟော့ထင်းလန်နှင့်မျှဝေခဲ့သည် - ကာယလေ့ကျင့်ရေးအတန်းမှာ သူက အိုမီဂါလေးများအား သုံးလှမ်းပစ်ချက်ကို* သင်ကြားပေးခဲ့ပြီး သင်ယူခဲ့သူများက 'ယဲ့စစ်က အရမ်းမိုက်တာပဲ ဝူးဝူး!' ဟု အော်ခဲ့ကြ၏။ နေ့လယ်ခင်းနားချိန်အတွင်း ၎င်းတို့က သူ့ကို ဂိမ်းကစားနည်းများ ပြန်သင်ပေးခဲ့ပြီး သူနှင့်တောင် အသင်းဖွဲ့ခဲ့သေးသည်...

[TN/ဘက်စကတ်ဘောမှာ ကစားသမားတစ်ယောက်က ခြင်းဆီကို ခြေလှမ်းသုံးလှမ်းနဲ့သွားပြီး ပစ်တဲ့ပစ်ချက်ပါ။]

၎င်းမှာ အိုမီဂါဇာတ်လိုက်အတွက် အဝတ်အစားဆင်ပေးသည့်ဂိမ်းဖြစ်နေ၏။

ယင်းက သူ လုံးဝမသိသောနယ်ပယ်ဖြစ်နေခဲ့သည်...

ယဲ့စစ် တစ်နှစ်ပတ်လုံးဝတ်နေကျ ခေါင်းစွပ်အနွေးထည်၊ အားကစားဖိနပ်နှင့် ဂျင်းဘောင်းဘီတို့၏ ရိုးရှင်းသောအလှခံစားမှုကြောင့် နောက်ဆုံးမှာတော့ မျက်ရည်များပြည့်နှက်နေသော အိုမီဂါဆီမှာ အသင်းထဲကနေထုတ်ခံလိုက်ရသည်။ ယဲ့စစ်မှာ ကြောင်အမ်းသွားလေ၏။

"ငါ သူ(မ)ကို အဝတ်ဆင်ပေးထားတာက ကြည့်မကောင်းဘူးလား။ ဘာလို့ F အဆင့်ပဲရတာလဲ။"

အိုမီဂါလေးများမှာ ယဲ့စစ်၏ အလှခံစားမှုကြောင့် ဝမ်းနည်းကြေကွဲကုန်ကြသည်။

ယဲ့စစ်က စိုးရိမ်ပူပန်စွာဖြင့် နှုတ်ခမ်းသပ်လိုက်သည်။

"ငါ သူ(မ)ကို ပန်းရောင်နှုတ်ခမ်းနီဆိုးထားပေးတာလေ၊ အဲ့ဒါက ဘာဘီနဲ့မတူဘူးလား။"

လူတိုင်း ဆက်လက်ကြေကွဲနေကြဆဲပင်။

ယဲ့စစ်မှာ အပြင်အထန်ရုန်းကာ တီးတိုးမေးလိုက်သည်။ "ဒါက မလှဘူးလား၊ ဟင်..."

"ဒါ ဘာဘီ fans တွေကို စစ်ကြော်ငြာလိုက်တာပဲဟ!!!" အိုမီဂါလေးများအားလုံး တညီတညွတ်တည်းပြောကာ မျက်ရည်များကျလာခဲ့ကြသည်။

ကျောင်းသားဘဝ၏ နုပျိုသော လူငယ်များ၏အားမာန်၊ ရယ်မောသံများ၊ စကားများသံများနှင့် သူငယ်ချင်းများက နောက်ကျမှရောက်လာခဲ့သော်လည်း အဆုံးသတ်မှာတော့ ရောက်လာခဲ့လေသည်။

ယဲ့စစ်၏ အထက်တန်းကျောင်းသားဘဝမှာ နောင်တရစရာမရှိတော့ပေ။

ထိုနှစ်က ဆောင်းဦးပြီးနောက် အပူချိန်မှာ သိသိသာသာထိုးကျသွားပြီး ဆောင်းဦးမိုးတစ်မိုးရွာပြီးတိုင်း အအေးပိုလာခဲ့သည်။ အားကစားကွင်းရှိ ရာဘာပြေးလမ်းပေါ်မှာ ရွှေအိုရောင်နှင့် အနီရောင်သစ်ရွက်ကလေးများဖြင့် ညတွင်းချင်း ဖုံးလွှမ်းသွားခဲ့လေ၏။ ထို့နောက်မှာမူ ကိုယ်ပိုင်စာကြည့်ချိန်ညတစ်ည၌ ဆီးနှင်းလွှာများနှင့် အသံတိတ်ဖုံးလွှမ်းခံခဲ့ရသည်။

သိပ္ပံနည်းကျ သက်သေပြချက်မရှိသော်လည်း သူ၏ကိုယ်ပိုင်အတွေ့အကြုံအရ အထက်တန်းတတိယနှစ်၌ အချိန်က အရင်ကထက် လျင်မြန်စွာကုန်ဆုံးလာကြောင်း ယဲ့စစ် ခံစားမိသည်။

မီးရှူးမီးပန်းများ၏ စူးရှသောအသံနှင့် ယမ်းမှုန့်အနံ့များက မနေ့တစ်နေ့ကအတိုင်း လတ်ဆတ်နေဆဲဖြစ်သော်လည်း လမ်းမပေါ်ရှိနှင်းများက နွေးထွေးသောနွေဦး၌ အရည်ပျော်နေပြီဖြစ်၏။

လဝက်၊ ထိုမှတစ်ဆင့် တစ်လ၊ အချိန်အားလုံးက ယခင်ကမကြုံခဲ့ဖူးသည့်နည်းဖြင့် မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားခဲ့သည်။

ဘဝက ပုံစံတကျရှိလာသည့်အတွက် ဖြစ်နိုင်ပေသည်။

ဟော့ထင်းလန်က လူသားတစ်ယောက်လို မပြုမူလျှင်တောင် ယဲ့စစ်၏စာလေ့လာမှုကို နှောင့်နှေးအောင်မလုပ်ဝံ့ပေ။ သူသည် ယခင်နွေပိတ်ရက်မှာ အခွင့်အရေးယူခဲ့သော်လည်း ယဲ့စစ် အထက်တန်းတတိယနှစ်ကို စတက်ချိန်ကတည်းက ယခင်ထိန်းချုပ်မှုပုံစံအတိုင်း ပြန်လည်ကျင့်သုံးခဲ့သည်။ တစ်သက်တာအမှတ်အသားပြီးနောက် ယဲ့စစ်က နှစ်လတစ်ခါ နှစ်ရက်ကနေ သုံးရက်အထိ heat ကာလကိုကျော်ဖြတ်ရသည်။ သူက ထိုနှစ်ရက်၊ သုံးရက်၌သာ သူ့ကိုယ်သူကျေနပ်စေခဲ့ပြီး ကျန်ရက်များ၌ အများဆုံး ယဲ့စစ်ကိုကျီစယ်ခြင်းသာရှိပြီး သူ၏ဆန္ဒများကို ကျေနပ်ရောင့်ရဲခွင့်မပေးခဲ့ပေ။

ဤနည်းဖြင့် ယဲ့စစ်တစ်ယောက် ကျောင်းနှင့်အိမ်၊ အိမ်နှင့်ကျောင်းသာ အပြန်အလှန်သွားခဲ့ရပြီး စာအုပ်ပင်လယ်ထဲ သူ၏အတန်းဖော်များနှင့်လက်တွဲကာ ကူးခတ်ခဲ့ရသည်။ အရေးကြီးသော စာလေ့လာရေးအကြောင်းအရာများ၊ လေ့ကျင့်ခန်းပုစ္ဆာများမှလွဲ၍ နေ့ရက်တိုင်းက အတူတူပင်ဖြစ်၏။ ပြည့်စုံနေသော်လည်း အချိန်များက လျင်မြန်စွာကုန်ဆုံးသွားသည်ဟု ခံစားရပေသည်။

သို့သော်လည်း ပုံတူကူးထားသော ဤလအများအတွင်း ပုံမှန်မဟုတ်သော ကိစ္စအနည်းငယ်ဖြစ်ပွားခဲ့ပြီး လှိုင်းအနည်းငယ်ထလာခဲ့သည်။

ခြူးမိသားစု၏လူအိုကြီးက လွန်ခဲ့သောတစ်နှစ်ကတည်းက နာမကျန်းဖြစ်၍ ဆေးရုံတင်ထားရ၏။ သူ့အသက်ကို ကယ်တင်နိုင်ခဲ့သော်လည်း ခန္ဓာကိုယ်ကတော့ ချုန်းချုန်းကျသွားခဲ့သည်။ ပြီးခဲ့သောတစ်နှစ်လုံး သူ့အသက်ကို အပ်ချည်လေးဖြင့် ဆွဲထားသလိုသာ ဖြစ်နေခဲ့သည်။

အကြောင်းတချို့ကြောင့် အချိန်မရွေးဆုံးပါးသွားနိုင်သော ထိုလူအိုကြီးက သေတမ်းစာရေးဖို့ကို ခေါင်းမာစွာငြင်းဆန်နေခဲ့၏။ ချူးမိသားစုသားသမီးများကြား အမွေဆက်ဆက်ခံခွင့်တိုက်ပွဲကို ဖြစ်စေခဲ့ပြီး အိမ်တော်တစ်ခုစီမှ ဆက်ခံသူတိုင်းက တစ်နှစ်ပတ်လုံး တိုက်ခိုက်နေခဲ့ကြသည်။ ဒုတိယသားဖြစ်သူက အမွေပိုရဖို့ ဖန်ပြွန်သန္ဓေယူခဲ့ပြီး လွန်ခဲ့သည့်သုံးလက သူ့ဇနီးသည်မှာ အမြွာကိုယ်ဝန်ဆောင်နိုင်ခဲ့၏။ ထိုစဥ် တတိယအိမ်တော်၏အကြီးဆုံးသားဖြစ်သူ ချူးဝမ်လင်က နှစ်ပေါင်းများစွာစွန့်ပစ်ခဲ့သော တရားမဝင်သားကိုရှာကာ ဟော့မိသားစုအားတွယ်ကပ်ရန် လက်ထပ်ဖို့ဖိအားပေးခဲ့သည်။

ဤမိသားစုကြီးမှာ သာမန်လူမရှိတော့ပေ။

မည်သို့ပင်ဆိုစေ လူအိုကြီး၏ပိုင်ဆိုင်မှုများက ပမာဏများပေ၏။ တစ်ယောက်ကပိုရလျှင် တစ်ယောက်က လျော့ပြီးရမည်ဖြစ်ရာ အဖေတူ အမေကွဲမောင်နှမများက တစ်ယောက်ကိုတစ်ယောက် မျက်စိဒေါက်ထောက်ကြည့်နေခဲ့ကြသည်။ ၎င်းတို့က တစ်ယောက်ကိုတစ်ယောက် အသားများဆုတ်ဖြဲကာ အသားစိမ်းလိုက်ဝါးစားချင်နေကြသော်လည်း တိုက်ပွဲက ရှည်ကြာနေပြီး တဖြည်းဖြည်းနှင့် မည်သူနှင့်မျှ ရင်ဆိုင်ဖြေရှင်းလို့ရနိုင်သည့် ဟန်ချက်ညီသောအခြေအနေထဲ ဝင်ရောက်ကာ ရှေ့မတိုးသာ၊ နောက်မဆုတ်သာဖြစ်လာခဲ့ကြသည်။

ထိုအခိုက်အတန့်၌ ဟော့ထင်းလန်က ဟန်ချက်ကိုဖျက်ဆီးဖို့ ချူးမိသားစု၏ရေအိုင်ထဲ ကျောက်စရစ်ခဲအနည်းငယ် ပစ်ချခဲ့လိုက်သည်။

သူက အရင်ဆုံး ချူးဝမ်လင် ယဲ့ဟုန်ကျွင်းအတွက်ပေးခဲ့သော ဆေးစရိတ်များကို ယဲ့စစ်ကိုယ်စားပြန်ပေးခဲ့သည်။ အကြွေးများရှင်းပြီးနောက် သွေးသားတော်စပ်သည်ဆိုသောအချက်မှလွဲ၍ သားအဖနှစ်ယောက်က ဘာမှမသက်ဆိုင်တော့ပေ။

ချူးဝမ်လင်က ပါးနပ်သူဖြစ်၏။ သူက ယဲ့စစ်ကို အသိအမှတ်ပြုလိုက်ပြီးနောက်ပိုင်း သူ့ကို ကြမ်းကြမ်းတမ်းတမ်းမပြောခဲ့ပေ။ သူက ပေါ်တင်တစ်ဝက်၊ ကွယ်ဝှက်ခြင်းတစ်ဝက်ဖြင့် ခြိမ်းခြောက်မှုကို ပြုလုပ်ခဲ့သည်။ အစပိုင်းတွင် 'အဖေက မင်းနဲ့ မင်းအမေအတွက် ပြန်ပြီးပြင်ဆင်ပေးချင်တယ်၊ အယ်ဖာတွေဆိုတာ ငယ်တုန်းရွယ်တုန်းမှာ အမှားနဲ့မကင်းနိုင်ဘူးလေ။' ကဲသို့ ဒရမ်မာများခင်းခဲ့သော်လည်း ယဲ့စစ်က သူ့ထောင်ချောက်ထဲမကျကြောင်း သိလိုက်ရသောအခါ ဒရမ်မာအားလုံးကို ရပ်တန့်ခဲ့သည်။

အတိုချုပ်ရသော် ယဲ့စစ်နှင့်အတူရှိခဲ့သည့် လအနည်းငယ်အတွင်းမှာ သူက အပြုံး၏နောက်ကွယ်၌ ဓါးကိုဝှက်ထားသော စိတ်မြန်လက်မြန်သူတစ်ယောက်ဖြစ်ခဲ့၏။ ဟော့ထင်းလန်ကသာ ယဲ့စစ်ကို ဆေးအိုးအဖြစ်ပဲ အသုံးချပါက သူ မည်သည့်အရာကို ကြောက်နေရမည်နည်း။ ဟော့ထင်းလန်က ယဲ့စစ်ကို အမှန်တကယ်သဘောကျခဲ့ပါက သူ(ချူး)ငယ်ငယ်တုန်းက မည်မျှအမှားလုပ်ခဲ့ပါစေ သူသည် ၎င်းတို့ကိုတွဲဖက်ပေးခဲ့သူ၊ ယဲ့စစ်၏ဖခင်အရင်းဖြစ်သည်။ သူက သူ့အမှားအတွက်ပြင်ဆင်ခဲ့ရာ ဟော့ထင်းလန်က သူ့ကို ဆန့်ကျင်လိမ့်မည်မဟုတ်ပေ။

-သူ့အတွက် အရှုံးမရှိပေ။

သို့သော်လည်း ဤလူသည် အရိုးထဲအထိပုပ်ပွနေကြောင်း ဟော့ထင်းလန်ကသိထား၏။ ပြင်းထန်သောအကျိုးဆက်များ မရှိခဲ့သော်လည်း ယခုတစ်ခေါက်၌ ယဲ့စစ်က ဟော့အိမ်တော်ထဲ စောစီးစွာဝင်ရောက်လာသောကြောင့်သာ ဖြစ်ပွားဖို့အချိန်မရှိခဲ့ခြင်းဖြစ်သည်။

ယခင်ဘဝမှာလည်း ဟော့ထင်းလန်က ယဲ့စစ်အတွက် ဒေါသများဖြေဖျောက်ရန် ချူးဝမ်လင်ကို တိုက်ခိုက်ခဲ့သည်။ ထိုအချိန်က သူသည် ချူးဝမ်လင်၏ဇနီး ရွမ်ကျားယီနှင့် စတင်ခဲ့၏။

ထိုစုံတွဲက နှစ်ပေါင်းများစွာ လိုက်လျောညီထွေရှိခဲ့ပြီး ကျော်ကြားသောမိသားစု၏ သမီးတစ်ယောက်အနေဖြင့် သူ(မ)က အမြဲတမ်း မော်ကြွားခဲ့သူဖြစ်သည်။ သူ(မ)က အခြားသူများနှင့် လိုက်ယှဥ်ကာ သူတို့ထက် အမြဲတမ်းသာလွန်အောင်ကြိုးပန်းခဲ့သည်။ သို့သော်လည်း သူ(မ)ခင်ပွန်း၏ဘဝက ယိုယွင်းနေခဲ့၏။ သူ့မှာ တရားမဝင်သားရှိခဲ့ရုံတင်မကဘဲ သူ(မ)အပေါ် ပို၍အေးစက်၊ ကြမ်းတမ်းလာပြီး သူ၏လွန်ကျွံသော လိင်ပိုင်းဆိုင်ရာလုပ်ဆောင်မှုကြောင့် သူ(မ)ကို ဖျားနာစေခဲ့သည်။ သူ(မ)မှာ ရင်ဖွင့်စရာနေရာတောင် မရှိခဲ့ပေ။ အပေါ်ယံမှာ ခမ်းနားသောဘဝ၌ နေထိုင်သော်လည်း တကယ်တမ်းမှာတော့ သူ(မ)၏ဘဝက သနားစရာကောင်းနေခဲ့သည်။ ရွမ်မိသားစု၏စီးပွားရေးက တစ်နှစ်ထက်တစ်နှစ် ဆုတ်ယုတ်လာပြီး သူ(မ)၏မိသားစုကိုလည်း အားကိုးလို့မရသဖြင့် ဒေါသများကို မျိုသိပ်ခဲ့ရသည်။

ဟော့ထင်းလန်က ၎င်းကိုသိရှိသွားပြီး သူ(မ)ကို အကျိုးအမြတ်တချို့ပေးမည်ဟု ကတိပေးကာ သိမ်မွေ့သောအမူအရာဖြင့် နှစ်သိမ့်ပေးသယောင် နှိုးဆွခဲ့လေသည်။ ရွမ်ကျားယိက ထပ်ပြီးသည်းမခံနိုင်တော့ဘဲ ချူးဝမ်လင်လုပ်ခဲ့သမျှ ညစ်ပတ်သောအရာအားလုံးကို သူ့ဆီဖွင့်ချလာလေ၏...

ချူးဝမ်လင်က လောဘကြီးသူဖြစ်ပြီး လူအိုကြီးချူးက အာဏာကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားသည်။ ထိုကဏ္ဍ၌ သားအဖနှစ်ယောက်လုံး တူညီကြပေ၏။

ချူးဝမ်လင်တစ်ယောက် ရက်စက်စွာဖိနှိပ်ခံခဲ့ရသည်။ လောဘနှင့် အလိုရမ္မက်တို့၏ အောက်ခြေမဲ့သောတွင်းကြီးထဲ၌ စီးပွားရေးကိစ္စများတွင် သူ၏ခြေလက်များမှာ အညစ်အကြေးများစွန်းထင်းနေပြီး သူ့ယခင်ဘဝမှာ ရွမ်ကျားယီနှင့် ဟော့ထင်းလန်တို့ဆီကနေ ပြင်းထန်စွာအပြစ်ပေးခံခဲ့ရ၏။

ယခုဘဝ၊ အသက်သုံးဆယ်သို့ပြန်ရောက်လာချိန်၌ ဟော့ထင်းလန်၏လုပ်ရပ်များက ရပ်တန့်သွားခြင်းမရှိခဲ့ပေ။ ယခင်ဘဝက ရွမ်ကျားယီပေးခဲ့သော သတင်းအချက်အလက်များနှင့်အတူ ယခုတစ်ခေါက်၌ တစ်ဝက်လောက်သာ အားစိုက်ခဲ့ရပြီး တော်တော်များများလုပ်နိုင်ခဲ့လေ၏။ သူ၏တတိယမျက်လုံးကို ဖွင့်လိုက်သကဲ့သို့ မည်သည့်ဦးတည်ရာကို အားသက်ရောက်မရလဲဟု စစ်ဆေးနေဖို့မလိုအပ်ခဲ့ပေ။

ထို့ကြောင့် ယခုနှစ်အစ၊ နွေဦးပွဲတော်ပြီးပြီးချင်း အသေးစိတ်အချက်အလက်များကို အကျယ်တဝင့်ရေးသားထားသော ကောင်းမွန်စွာပြင်ဆင်ထားသည့် အစီရင်ခံစာတစ်ခုကို စစ်ဆေးရေးဌာနသို့ တင်ပြခဲ့သည်။

ချူးဝမ်လင်အပေါ် မိုးကောင်းကင်ပြိုကျလေတော့၏။ လာဘ်ပေးလာဘ်ယူမှု၊ အခွန်ရှောင်မှုတို့အတွက် ရှင်းလင်းပြတ်သားစွာ ဖော်ထုတ်ခံခဲ့ရသည်... ဤအမှုကို ဖြေရှင်းပြီးလျှင်တောင် သူ ထောင်ထဲမှာ နှစ်အနည်းငယ်လောက် အကျဥ်းချခံရလိမ့်မည်။ နှစ်အနည်းငယ် အကျဉ်းချခံရရုံသာမကဘဲ သူ၏များစွာသောအရှုပ်အထွေးများထဲမှာ လူအိုကြီးချူးကိုယ်တိုင် လက်မှတ်ရေးထိုးပေးခဲ့ပြီး အကောင်အထည်ဖော်ခဲ့သော အစိုးရနှင့်ဖက်စပ်ပရောဂျက်များတောင် ပါဝင်ခဲ့သည်။ ဤသို့ဖြင့် ချူးတစ်မိသားစုလုံး စစ်ဆေးမေးမြန်းရန် ခေါ်ဆောင်ခံခဲ့ရသည်။ ကနဦးတည်းက အခြေအနေမတည်ငြိမ်သော လူအိုကြီးချူးခမျာ အလွန်လှုံ့ဆော်ခံလိုက်ရပြီး ICU ရောက်သွားကာ သေလုနီးပါးဖြစ်သွားခဲ့သည်။

ချူးဝမ်လင်က လူအိုကြီးချူး၏သေရေးရှင်ရေးကို ဂရုမစိုက်ပေ။ သူ နှစ်အနည်းငယ်လောက် အကျဥ်းချခံရရုံဖြင့် မသေနိုင်သော်လည်း အနာဂတ် အမွေဆက်ခံမှုအတွက် ငါးမန်းလိုညီအစ်ကိုမောင်နှမများဆီကနေ သူ့အတွက် မည်မျှကျန်မလဲကို မပြောနိုင်ချေ။

ပိုက်ဆံနှင့် အကျိုးအမြတ်အတွက် လောဘကြီးသော သူ့လိုလူဆိုးတစ်ယောက်အတွက် ယင်းက ထောင်ထဲမှာ အကျဥ်းချခံရသည်ထက် ပိုလို့တောင်နာကျင်ရပေ၏။

ထုံးစံအတိုင်း ဟော့ထင်းလန်က ထိုအရာများကို မတင်ပြမီ ယဲ့စစ်၏အမြင်ကို အတည်ပြု၍မေးမြန်းခဲ့သည်။

ယဲ့စစ်က နှလုံးသားနူးညံ့ကာ ရိုးသားသော်လည်း အချစ်နှင့်အမုန်းကို ရှင်းရှင်းလင်းလင်းသိပေ၏။ ချူးဝမ်လင်က သူ့အမေ၏ဘဝကို ဖျက်ဆီးခဲ့ပြီး သူ့ကို အိမ်ထောင်ပြုဖို့အတွက် ကိရိယာတစ်ခုလို သဘောထားခဲ့သည်။ ဟော့ထင်းလန်၏နည်းလမ်းများက အလွန်အကျွံမဖြစ်ဘဲ လျှော့ပေါ့ပေးထားသည်ဟုတောင် သူ ခံစားခဲ့ရသည်။

ထို့အပြင် ထိုအရာက အတုအယောင်မဟုတ်သလို ပုတ်ခတ်စော်ကားထားခြင်းလည်းမဟုတ်ပေ။ ယင်းက သူလုပ်ခဲ့သည့်အရာများကို ဖော်ထုတ်လိုက်ခြင်းသာ။ ချူးဝမ်လင်က သူနှင့်ထိုက်တန်သည့်အရာကို ခံစားခဲ့ရခြင်းဖြစ်ပြီး သူ့ကိုယ်သူမှလွဲ၍ မည်သူ့ကိုမှ အပြစ်တင်လို့မရချေ။

ဤမတော်တဆက ချူးမိသားစုကို ကမောက်ကမဖြစ်သွားစေခဲ့သော်လည်း ယဲ့စစ်က ပုစ္တာများဖြေရှင်းရင်း ဟော့ထင်းလန်ပေးလာသောအစီရင်ခံစားများကို တစ်ချက်လောက်သာကြည့်ခဲ့ရ၏။

...ဒါကို သူ့အမေကိုယ်စား အဲ့ဒီအမှိုက်ကောင်ကိုလက်စားချေတယ်လို့ သတ်မှတ်လို့ရတယ်မလား။

တကယ်တမ်းတော့ ယဲ့စစ်၏နှလုံးသားက သိပ်ပြီးတုန်လှုပ်မသွားခဲ့ပေ။ ထိုအကြောင်းကို တစ်မိနစ်လေးတွေးလျှင်တောင် သူ့ဘဝအတွက် အချိန်ဖြုန်းခြင်းသာဖြစ်လိမ့်မည်။ ကောလိပ်ဝင်ခွင့်စာမေးပွဲက နီးကပ်လာပြီစ်ရာ ယခု သူ့အတွေးထဲမှာ ပုစ္ဆာများသာရှိနေခဲ့သည်။

သူ၏နှလုံးသားကို ခုန်ပေါက်သွားစေခဲ့သော အခြားအရာတစ်ခုလည်း ရှိပေ၏...

ယဲ့ဟုန်ကျွင်းက ဟော့ထင်းလန်စေလွှတ်လိုက်သော ဆေးအဖွဲ့နှင့်အတူ နွေဦးပွဲတော်မတိုင်ခင် ဆန်ဖရန်စစ္စကိုကနေ ပြန်လာခဲ့သည်။

နာမကျန်းမှုကင်းစင်ကာ ကျန်းမာသောခန္ဓာကိုယ်နှင့်ပင်။

ဆေးဝါးကုမ္ပဏီ၏ အဆင့် III စမ်းသပ်မှုက တော်တော်လေးကျေနပ်စရာကောင်းသော အောင်မြင်မှုကို ရရှိခဲ့သည်။ စမ်းသပ်မှုတွင်ပါဝင်ခဲ့သည့် ဝေဒနာရှင်များအားလုံး ကောင်းမွန်သော ကုသမှုအကျိုးသက်ရောက်မှုကို မရရှိခဲ့ကြသော်လည်း ယဲ့ဟုန်ကျွင်း၏အဖွဲ့မှ အဖွဲ့ဝင်များအားလုံးကတော့ တိုးတက်မှုအဆင့်များစွာကို ပြသခဲ့ကြသည်။ တရုတ်နိုင်ငံသို့မပြန်ခင် သူ(မ)က ထပ်တလဲလဲစမ်းသပ်ခံခဲ့ရ၏။ ညွှန်ပြချက်အားလုံးက ပုံမှန်ဖြစ်ပြီး သူ(မ) နေမကောင်းမဖြစ်ခင်ကအတိုင်း အပြည့်အဝသက်သာလာခဲ့သည်။ သူ(မ)က ပုံမှန်စစ်ဆေးမှုများနှင့် သူ(မ)၏ ရုပ်ပိုင်းဆိုင်ရာအခြေအနေအတွက် အစီရင်ခံစာများကို လိုအပ်သော်လည်း ပရောဂျက်အဖွဲ့ကတော့ သူ(မ)၏ရောဂါနှင့်ပတ်သက်၍ အကောင်းမြင်ခဲ့ကြပြီး သီအိုရီအရ ရောဂါထပ်ဖြစ်နိုင်ခြေမှာ အလွန်နည်ပါးသည်ဟု ယုံကြည်ခဲ့ကြ၏။

အိမ်အဟောင်းကို ရောင်းထားရာ သူ(မ) တရုတ်သို့ပြန်ရောက်လာပြီးနောက် ဟော့အိမ်တော်၌ ယာယီနေထိုင်ခဲ့သည်။

လွန်ခဲ့သည့်ခြောက်လအတွင်း ဟော့ထင်းလန်သည် စီးပွားရေးကိစ္စများဖြင့် နိုင်ငံနှစ်နိုင်ငံကြား ကူးသန်းနေခဲ့ရပြီး သူ မည်မျှအလုပ်များနေပါစေ ဆန်ဖရန်စစ္စကိုသို့ အထူးတလှယ်သွားကာ သူ(မ)ဆီကိုလာရောက်ခဲ့သည်။ သူ(မ)က ယဲ့စစ်နှင့် မကြာခဏဆိုသလို video call ပြောတတ်ပြီး ပို၍အဆက်အသွယ်များလေ၊ နှစ်ဦးသားကြားမှဆက်ဆံရေးက သူ(မ)အတွက် တဖြည်းဖြည်းချင်း သဘာဝကျလာလေပင်။ သူ(မ)က ဟော့ထင်းလန်အပေါ် အမြင်ကောင်းရှိပြီးသားဖြစ်ပြီး သတင်းကောင်းကို ကြားလိုက်ရသောအခါ သူ(မ)၏ကလေးအတွက် ပျော်ရွှင်နေခဲ့သည်။

ယဲ့စစ်က ပညာရေးမှာ နှောင့်နှေးမနေသည့်အပြင် ဟော့ထင်းလန်၏ အားပေးမှုနှင့် လမ်းညွှန်မှုအောက်မှာ သိသိသာသာတိုးတက်လာပြီး သူ(မ)၏နှလုံးသားထဲ စိတ်အေးသွားခဲ့သည်။ ယင်းက သူ(မ)၏ပညာရေးကိုလက်လျှော့ကာ သူနှင့်အတူခိုးပြေး၍ ကလေးယူဖို့ဖျောင်းဖျခဲ့သည့် ချူးဝမ်လင်နှင့် တခြားစီပင်။ ဟော့ထင်းလန်က ယဲ့စစ်၏တောင်ပံလေးများကို တန်ဖိုးထားပေးခဲ့သည်။

သူက ယဲ့စစ်ကို အမှန်တကယ်ချစ်ပြီး သူ့ကို ကောင်းကင်ထက်ဆန်တက်ဖို့ အားတက်သရောကူညီပေးလိမ့်မည်။

ယဲ့ဟုန်ကျွင်း တရုတ်ကိုပြန်ရောက်လာပြီးနောက် ဟော့ထင်းလန်က ဟော့အိမ်တော်နှင့် မိနစ်အနည်းငယ်သာကားမောင်းသွားရသော အနောက်တိုင်းပုံစံနှစ်ထပ်အိမ်လေးတစ်လုံးကို ဝယ်ပေးခဲ့သည်။

အနောက်တိုင်းပုံစံအဆောက်အအုံ၏ အတွင်းပိုင်းက သိပ်မကြီးမားပေ။ ၎င်းက ယဲ့ဟုန်ကျွင်း တစ်ယောက်တည်းနေဖို့သင့်တော်ပြီး အိမ်တော်ထိန်းတစ်ယောက်နှင့် ဥယျာဥ်မှူးတစ်ယောက်ကို ခန့်အပ်ထားလို့ရသည်။

ပထမထပ်၌ ဥယျာဥ်လေးတစ်ခုရှိပြီး သစ်ပင်ပန်းမန်များ၊ နံရံထက်တွယ်တက်နေသော နွယ်ပင်များလည်းရှိ၏။ နွေဦးပြီးနောက် အကိုင်အခတ်အရွက်အလက်များက အသက်ဓါတ်ပြည့်ဝကာ စိမ်းစိုနေလေ၏။ ကြိုကြားကြိုကြား၌ အဝါရောင်ပန်းလေးများလည်း ရှိနေပြီး အဖြူရောင်အုတ်ခဲများ၊ ကျောက်တုံးများကို စီတန်းထားရာ နတ်သမီးပုံပြင်ထဲကအတိုင်း လှပနေခဲ့သည်။

***

Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment