no

အပိုင်း (၁၀) - လိမ္မာပါကွာ


ယဲ့စစ် လေ့ကျင့်ခန်းစာအုပ်ကို လှန်လိုက်သောအခါ ဟော့ထင်းလန်သင်ကြားပေးခဲ့သော ပုစ္ဆာများနှင့် အမျိုးအစားတူပုစ္ဆာတချို့ကို ရှာတွေ့ခဲ့ပြီး ၎င်းတို့ကို အမှီအခိုကင်းစွာ ဖြေရှင်းခဲ့သည်။


ပုစ္ဆာများကို ခဏလောက်တွက်ချက်နေပြီးနောက် သူ၏စိတ်အခြေအနေက နောက်ဆုံးတော့ တည်ငြိမ်သွားလေ၏။ ယဲ့စစ် ခေါင်းမော့ကာ ဟော့ထင်းလန်ကို ခဏခဏကြည့်နေခဲ့ပြီး ၎င်းတို့တွေ အကြည့်ချင်းဆုံသွားချိန်၌ သူ့ကို ကျေးဇူးတင်စကားပြောချင်ခဲ့သော်လည်း ဟော့ထင်းလန်က သူ့အလုပ်ကိုသာ အာရုံစူးစိုက်နေခဲ့သည်။ ယဲ့စစ်တစ်ယောက် မျက်လုံးများစပ်လာတဲ့အထိ သူ့ကို စိုက်ကြည့်နေခဲ့သော်လည်း အကြည့်ချင်းဆုံမည့်အခွင့်အရေးက ရောက်မလာခဲ့ပေ။


ခဏလောက်တွန့်ဆုတ်နေခဲ့ပြီးနောက် ယဲ့စစ် ညင်သာစွာခေါ်လိုက်သည်။ "မစ္စတာဟော့..."


သူက ဟော့ထင်းလန်၏အိမ်မှာရောက်နေတာ အချိန်တစ်ခုရှိပြီဖြစ်သော်လည်း သူ့ဘက်ကနေ စကားစပြောခဲသည်။ ၎င်းတို့၏ အပြန်အလှန်စကားဝိုင်းအနည်းငယ်အတွင်း ဟော့ထင်းလန်ကသာ ဦးစွာပြောလာပြီး သူက ပြန်ဖြေရုံသာရှိခဲ့သဖြင့် ထိုလူ့ကို ဘယ်တုန်းကမှ နာမည်တပ်မခေါ်ခဲ့ဖူးပေ။


ဟော့ထင်းလန်က သူ့ကို အချိန်အတော်ကြာအောင် မျက်လုံးထောင့်ကနေ စောင့်ကြည့်နေခဲ့ပြီး ထို 'မစ္စတာဟော့' ဆိုသည့်အခေါ်အား စောင့်နေခဲ့၏။


သူ့အတိတ်ဘဝတုန်းကလည်း ယဲ့စစ်က ယခုလိုဖြစ်ခဲ့သည်။


နှစ်ဦးသား သိကျွမ်းလာချိန်မှစကာ မရေမရာကာလကို ဖြတ်ကျော်ခဲ့သည့်တစ်လျှောက်လုံး ယဥ်ကျေးပြီး မရင်းနှီးသည့် 'မစ္စတာဟော့' သာဖြစ်ခဲ့သည်။ တစ်ယောက်နှင့်တစ်ယောက် ကောင်းကောင်းကြီးရင်းနှီးလာတော့မှသာ ဟော့ထင်းလန်ကိုမတွန်းလှန်နိုင်တော့ဘဲ သူ၏နာမည်အစစာလုံးကို စတင်ခေါ်ဝေါ်ခဲ့၏။ သို့သော် နှစ်ဦးသား နှီးနှောနေချိန်မှာတောင် သူက သူ့နာမည်ကိုသာသုံးပြီး အခြားနာမည်များကိုခေါ်ဖို့ ငြင်းဆန်ခဲ့လေသည်။ သူ့ကို ထိုကိစ္စနှင့်ပတ်သက်ပြီး စနောက်လျှင် သူက မက်မွန်သီးလေးလို နီရဲလာပြီး ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းငုံ့ကာ လက်ချောင်းထိပ်လေးများကို ဆုပ်ကိုင်၍ စကားတစ်ခွန်းမှမပြောတော့ပေ။ အချိန်များစွာပြီီးနောက်မှ သူ၏ကိုယ်ရည်ကိုယ်သွေးကြောင့်သာမက စကားထစ်သည့်အတွက်ကြောင့်ပါ သူက စကားမပြောခဲ့ခြင်းဖြစ်ကြောင်း ဟော့ထင်းလန် သိလိုက်ရသည်။ ထို့ကြောင့် နောက်ပိုင်းတွင် သူ့ကို ထိုကဲ့သို့မကျီစယ်တော့ဘဲ နောက်ထပ်အကောင်းဆုံးအရာများအတွက် အဖြေရှာကာ သူ့နာမည်အစကိုခေါ်တာနှင့်ပင် လုံလောက်နေပြီဟု သူ့ကိုယ်သူနှစ်သိမ့်ခဲ့သည်။


ဟော့ထင်းလန်က ခဏတွေးတောလိုက်ပြီး စာရွက်စာတမ်းကိုချကာ ထိုင်ခုံအနောက်ကို ပျင်းရိလေးတွဲစွာမှီလိုက်သည်။ သူက စားပွဲကို လက်ချောင်းထိပ်လေးများနှင့်တောက်နေခဲ့ပြီး အနှီ 'မစ္စတာဟော့' ကို မတုံ့ပြန်ခဲ့ပေ။ ထိုအစား သူက အကြောင်းအရာပြောင်းလဲကာ ပြောလိုက်လေသည်။


"ကြည့်ရတာ မင်း ကိုယ့်ကိုခေါ်တာ ဒါ ပထမဆုံးအကြိမ်ဖြစ်မဲ့ပုံပဲ။"


"...တကယ်?" ယဲ့စစ် မသက်မသာဖြစ်လာ၏။


ဟော့ထင်းလန်၏လေသံက မနွေးထွေးသလို အေးလည်းမအေးစက်ပေ။


"ဘာလို့ အရမ်းယဥ်ကျေးနေရတာလဲ... မင်း ကိုယ့်ကို စီးပွားရေးအကြောင်းပြောတော့မယ်လို့ ထင်လိုက်တာ။"


ယဲ့စစ်က ဘာမှမပြောဘဲ မျက်လွှာချကာ ရှက်ရွံ့မှုအရိပ်အမြွက်ကို ပြသနေခဲ့သည်။


မည်သို့ပင်ဆိုစေ ၎င်းတို့က လက်ထပ်ထားပြီး တစ်မိုးအောက်တည်းမှာ အတူတူနေနေကြ၏။ သူ့ကို ထိုကဲ့သို့ခေါ်ဝေါ်ခြင်းက သူသည် ဟော့ထင်းလန်နှင့် အလှမ်းဝေးနေကြောင်း ပြသနေခဲ့သည်...


ဟော့ထင်းလန်က အနည်းငယ်မပျော်မရွှင်ဖြစ်သွားသည်ဟု သူ ခံစားလိုက်ရ၏။


သို့သော် သူ သူ့ကို မည်ကဲ့သို့ခေါ်ရမလဲအား အမှန်တကယ်မသိပေ။


"နောက်တစ်ခါကျရင်။" ဟောထင်းလန်က သူ၏အမူအရာကို တွေးတောရင်း သူ၏မျက်လုံးများထဲကနေ အပြုံးလေးတစ်ခုပေါ်ပေါက်လာကာ အာရုံစူးစိုက်စွာပြောလိုက်သည်။ "ကိုယ့်ကို ဟော့ရှူးရှူလို့ခေါ်။"


[TN/ ရှူးရှူ - ဦးဦး။ ကိုယ့်အဖေထက်ငယ်တဲ့ညီ၊ ဒါမှမဟုတ် ကိုယ့်အဖေအရွယ်၊ ကိုယ့်အဖေထက် နည်းနည်းလောက်ငယ်တဲ့ အမျိုးသားတစ်ယောက်ကို ခေါ်ဝေါ်တဲ့အသုံးအနှုန်းပါ။]


၎င်းတို့က အသက်ဆယ့်နှစ်နှစ်ကွာသည်။ တစ်ယောက်က အလုပ်လုပ်နေသော အမျိုးသားတစ်ယောက်ဖြစ်ပြီး နောက်တစ်ယောက်က ကျောင်းသားဖြစ်၏။ ထို့ပြင် ဟော့နှင့် ချူးမိသားစု၏ အကြီးအကဲများက မျိုးဆက်တူသောကြောင့် သူ့ကို 'ရှူးရှူ' ဟုခေါ်ဖို့က အကျိုးကြောင်းသင့်သည်။ နောက်ထပ်တစ်ချက်ကတော့ ဟော့ထင်းလန်တစ်ယောက် ထိုဘွဲ့ထူးအတွက် အမြဲတမ်းတောင့်တနေခဲ့ခြင်းပင်။


တစ်ခုသောအခြေအနေများတွင်... ၎င်းက အံ့ဖွယ်အရာများကို လုပ်ဆောင်နိုင်ပေသည်။*


[TN/ စာရေးသူရဲ့ပြောစရာစကားထဲမှာ ထည့်ရှင်းထားပါတယ်။]


"..." ယဲ့စစ် ထိုစကားလုံးများကို ကြားလိုက်ရသောအခါ သူ၏မေးရိုးက တောင့်တင်းသွားပြီး သူ၏နှုတ်ခမ်းထောင့်များကလည်း တစ်တန်းတည်းဖြစ်သွား၏။ 'နောက်တစ်ခါဆိုတာ မရှိဘူး' ဆိုသည့်အရှိန်အဝါများက သူ့ခန္ဓာကိုယ်အနှံ့ ပျံ့လွင့်နေပေသည်။


စက္ကန့်အနည်းငယ် ကုန်ဆုံးသွား၏။


သူက မျက်နှာလွှဲလိုက်ပြီးနောက် အလွန်တရာတိုးလျစွာ တုံ့ပြန်လိုက်သည်။ "အွန်း။"


ယခုအခိုက်အတန့်ရှိ ယဲ့စစ်က ပါးလျအေးစက်သည့် သူ၏ရေခဲအခွံကို အရည်ဖျော်လိုက်သလိုမျိုး အထဲမှာဝှက်ထားသောအရာလေးက အလွန်နူးညံ့ပြီး အရမ်းချစ်စရာကောင်းနေပေ၏...


ဟော့ထင်းလန်တစ်ယောက် ဘာမှမဖြစ်ခဲ့သည်နှယ် အကြည့်လွှဲကာ သူ၏စာရွက်စာတမ်းများကို တည်ငြိမ်စွာစိုက်ကြည့်နေခဲ့သည်။ သူ၏နှုတ်ခမ်းထောင့်များက မမြင်ရလုနီးပါး အနည်းငယ်ကွေးညွတ်နေခဲ့လေသည်။


...


ယဲ့စစ် အဘယ့်ကြောင့်သူ့ကိုခေါ်လာကြောင်းကို သူက တမင်မမေးခဲ့တာဖြစ်၏။ နောက်ဆုံးတော့ ငါးမိနစ်ကြာပြီးနောက် ယဲ့စစ်က ထစ်ထစ်ငေါ့ငေါ့ဖြင့် သူ့ကိုခေါ်လာခဲ့သည်။ "ဟော့ရှူးရှူ...."


ဟော့ထင်းလန်က ပြုံးလိုက်ပြီး တုံ့ပြန်သံပေးလိုက်သည်။ "ဟမ်?"


အမှန်တိုင်းပြောရလျှင် ဆယ့်ခုနစ်၊ ဆယ့်ရှစ်အရွယ်ကောင်လေးများက 'ရှူးရှူ' ဆိုသည့် သံတူထပ်စာလုံးကိုသုံးဖို့အတွက် အသက်အရွယ်ကျော်သွားပြီဖြစ်၏။ ယဲ့စစ်၏သဘောထားအရ သူ့ကို တခြားနည်းလမ်းဖြင့်ခေါ်လာမည်ဟု ထင်နေခဲ့သော်လည်း သူ့စကားအတိုင်း အတိအကျခေါ်လာလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့မိပေ။


[TN/ ရှူးရှူဆိုတာ ကလေးလေးတွေခေါ်တဲ့နာမည်မျိုးပါ။]


ရှင်းလင်းပြီး လူငယ်ဆန်သောအသံလေးက စိတ်အနှောင့်အယှက်ဖြစ်မှုနှင့် ရှက်ရွံ့မှုတို့ကို သယ်ဆောင်ထားသော်လည်း အလွန်နာခံမှုရှိကာ 'ရှူးရှူး' ဆိုသည့်အသံက အလွန်ပျော့ပျောင်းနေ၏...


ဟော့ထင်းလန်က သူ့နှလုံးသားထဲမှာ နူးညံ့စွာသက်ပြင်းချလိုက်သည်။


အဲ့ဒါက သူ့ကိုသတ်နေတာပဲ။


"ဒီနေ့ ခင်ဗျားရဲ့ကြိုးစားပေးမှုအတွက် ကျေးဇူးတင်ပါတယ်။ ခင်ဗျားက ကျွန်တော့်ကို... မေးခွန်းတွေအများကြီး ရှင်းပြပေးခဲ့တာပါ။" ယဲ့စစ် သူ့စိတ်ထဲမှာ အကြမ်းရေးထားပြီး တစ်ခါထဲနှင့် အကုန်ပြောလိုက်သည်။


"ရပါတယ်။" ဟော့ထင်းလန်က စိတ်တည်ငြိမ်အောင်ထားကာ စာရွက်စာတမ်းတစ်ခုကို ပိတ်လိုက်ပြီး နောက်တစ်ခုကို ထပ်ဖွင့်လိုက်သည်။ "မင်းမှာ မေးစရာတွေရှိရင် ကိုယ့်ကို အချိန်မရွေးလာမေးလိုက်။"


ယဲ့စစ်က သူ့လက်ဘေးနားမှ စာရွက်စာတမ်းအထပ်လိုက်ကြီးကို ကြည့်လိုက်သည်။ "ခင်ဗျားက... နေ့တိုင်း အလုပ်များတယ်မလား။"


"ကိုယ် အလုပ်များ၊ မများဆိုတာ အခြေအနေပေါ်မူတည်တယ်။" ဟော့ထင်းလန်က ပေါ့ပါးစွာပြောလိုက်သည်။


ယဲ့စစ် သဘောပေါက်သွားပြီး သူ အလုပ်များနေမလား သို့မဟုတ် အားလပ်နေမလားကို သေချာမသိကြောင်းဆိုလိုသည်ဟု တွေးလိုက်မိသည်။


ဟော့ထင်းလန်က စာချုပ်မှာ စကားလုံးအနည်းငယ်ရေးလိုက်ပြီး သူ့ဝါကျ၏ဒုတိယတစ်ပိုင်းကို ဆက်ပြောလာခဲ့သည်။ "စာလေ့လာတာက အရေးကြီးတဲ့ကိစ္စပဲ။ မင်း ကိုယ့်ဆီကို မေးခွန်းတွေလာမေးတဲ့အချိန်ဆို ကိုယ် အလုပ်ရှုပ်နေမှာမဟုတ်ဘူး။"


သူက သာမန်ကိစ္စကို ပြောနေသကဲ့သို့ တည်ငြိမ်နေသော်လည်း ယဲ့စစ်မှာ ပြင်းပြင်းထန်ထန် ထိုးနှက်ခံလိုက်ရသလိုပင်။ သူ မူးဝေသွားပြီး စကားလုံးနှစ်လုံးကို ညှစ်ထုတ်လိုက်ရသည်။ "... အမ်၊ အွန်း။"


သူ လောကကြီးကို များများစားစား မမြင်ဖူးသေးလျှင်တောင် အသက်ရှင်နေထိုင်ခဲ့သည့် ဆယ့်ရှစ်နှစ်တာကာလအတွင်း ယဲ့ဟုန်ကျွင်းမှလွဲ၍ သူ့ကို မည်သူကမှ ယခုလိုဂရုတစိုက်မဆက်ဆံခဲ့ဖူးချေ။


သူ့ကို မကြိုဆိုသည့်လူများကို မည်ကဲ့သို့ကိုင်တွယ်ရမလဲ သူသိပေ၏။ သူလုပ်ဖို့လိုသည်က လက်သီးချင်းယှဥ်ကာ မည်သူ့လက်သီးက ပိုမာသလဲကြည့်ရုံသာ။


သို့သော် သူ့အပေါ်ကောင်းပေးသောလူများနှင့် မည်ကဲ့သို့အဆင်ပြေအောင်ဆက်ဆံရမလဲကို မည်သူကမှ သူ့ကိုမသင်ပေးခဲ့ပေ။


သူ တူညီသောကြင်နာမှုကို ပြန်လည်ပေးအပ်ဖို့စောင့်ဆိုင်းကာ နီးနီးကပ်ကပ်နေချင်သော်လည်း သူက ကိုးရိုးကားရားနိုင်ပြီး သူ့ကိုယ်သူ အရူးတစ်ယောက်ဖြစ်အောင်လုပ်မိမည်ကို စိုးရိမ်မိသည်။


ဟော့ထင်းလန်က မျက်လုံးပင့်လိုက်ရာ ယဲ့စစ်တစ်ယောက် စကားထစ်နေပြီး ဝါကျတစ်ကြောင်းလုံးကိုမပြောနိုင်ကြောင်း တွေ့လိုက်ရချိန်မှာ သူ၏နှလုံးသားက ပျော့ပျောင်းသွားခဲ့သည်။ နောက်ဆုံးတော့ သူက အံ့ဖွယ်ဖြစ်ရက်ကိုလက်ခံကာ ပျော့ပျောင်းစွာချော့မြှူလိုက်၏။


"အဲ့ဒါက ကိုယ့်အတွက် ဒုက္ခမများသလို အနှောင့်အယှက်လည်းမဖြစ်ပါဘူး။"


သူ လက်ထဲကစာရွက်ကို လှန်လိုက်ပြီး အပြုံးလေးနှင့်အတူ သက်ပြင်းချလိုက်သည်။


"မေးခွန်းတချို့ကို ဖြေရှင်းရတာထက် ဒီဟာတွေအကြောင်းတွေးရတာက ပိုပြီးပင်ပန်းတယ်... ကိုယ့်ကို စိတ်လက်ဖြေဖျောက်ဖို့ ကူညီပေးပါဦး၊ အဆင်ပြေတယ်မလား။"


"...အဆင်ပြေပါတယ်။" ယဲ့စစ်၏မျက်လုံးများက အနည်းငယ်လှုပ်ခတ်သွားပြီး လေးလေးနက်နက်ခေါင်းညိတ်လိုက်သည်။


ဟော့ထင်းလန်၏လမ်းပြမှုနှင့်အတူ ယဲ့စစ် မျှော်လင့်ချက်ရောင်ခြည်ကို တွေ့မြင်ခဲ့ပြီး စာလေ့လာရေးအတွက် သူ၏စိတ်အားထက်သန်မှုများလည်း တိုးမြင့်လာခဲ့သည်။ ကျောင်းကပေးလိုက်သော အိမ်စာများအပြင် သူ ကျောင်းနားခဲ့ချိန်တုန်းက အဆက်ပြတ်သွားခဲ့သောအရာများအတွက်လည်း ပြန်လည်ပြင်ဆင်ရမည်။


သူ့ကိုယ်သူအတွက်ချမှတ်ထားသော ပန်းတိုင်များကို အောင်မြင်ဖို့အတွက် ယဲ့စစ် မိုးသောက်ချိန်မတိုင်ခင်အထိ မအိပ်ခဲ့ပေ။ ရက်သတ္တပတ်တစ်ပါတ်လုံး ကြိုးကြိုးစားစားလုပ်ခဲ့ပြီးနောက် သူ နွမ်းလျလာတော့သည်။ သူ၏အသားအရေက မျှစ်ပေါက်လေးကဲ့သို့ ဖြူဖွေးနူးညံ့နေဆဲဖြစ်သော်လည်း သူ့မျက်လုံးများအောက်မှ အညိုအမည်းများကတော့ အလွန်သိသာလာခဲ့သည်။


ဟော့ထင်းလန် စိတ်သက်သာရာရခဲ့သလို ယဲ့စစ် ပင်ပန်းနွမ်းနယ်မည်ကို စိုးရိမ်ကာ စိတ်လည်းဆင်းရဲနေ၏။ ည ဆယ့်တစ်နာရီထိုးသောအခါ ဟော့ထင်းလန်တစ်ယောက် သူ့ကို စာဖတ်ခန်းထဲကနေ ကိုယ်တိုင်ကိုယ်ကျခေါ်ထုတ်ကာ သူ့အခန်းထဲ ပြန်အနားယူသည်ကို စောင့်ကြည့်နေခဲ့သည်။


ယဲ့စစ်က နာခံပါ့မည်ဟု ကတိပေးခဲ့သော်လည်း မေးခွန်းလွှာများကို တို့ဖူးတုံးလေးများလိုခေါက်၍ သူ့အိတ်ကပ်ထဲ ခိုးထည့်လာခဲ့ပြီး နယ်စပ်ကိုကျော်ဖြတ်ခဲ့လေ၏။ သူ့အိပ်ခန်းထဲရောက်သော် မီးဖွင့်ကာ စာဆက်လေ့လာခဲ့သည်။ ညသန်းခေါင်ယံအချိန်၊ သူ အိပ်ငိုက်လာသောအခါ လသာဆောင်သို့ထွက်၍ ဆေးလိပ်သောက်တတ်သည်။


သူက အမြဲလိုလို အအိပ်နည်းပြီး သူ၏ခန္ဓာကိုယ်က နှိပ်စက်မှုဒဏ်ကို ခံနိုင်ရည်ရှိခဲ့သည်။ ယဲ့ဟုန်ကျွင်း၏ ဆေးကုသမှုအတွက် ပိုက်ဆံရှာရန် ခက်ခဲခဲ့သောနှစ်များအတွင်း သူ နေ့နေ့ညည အလုပ်လုပ်ခဲ့ရသည်။ အချိန်ပိုင်းလုပ်ရင်း သူ အိပ်ငိုက်လာချိန်တိုင်း ငွေရှင်းကောင်တာ၌ ခေါင်းကိုမှောက်အိပ်တတ်ပြီး သူ မျက်လုံးများပြန်ဖွင့်ချိန်ဆို အလုပ်ပြန်စရန် အားအင်များ ပြန်လည်ပြည့်ဝလာခဲ့သည်။


သို့သော်လည်း ဤအတောအတွင်း ဟော့ထင်းလန်က သူ့ကို ဂရုစိုက်ယုယလွန်းတာကြောင့် ဖြစ်နိုင်၏။ လဝက်လောက် တစ်ညလုံးမအိပ်ဘဲ စာကြိုးစားခဲ့ပြီးနောက်မှာ ယဲ့စစ် အမှန်တကယ်ပင်ပန်းလာခဲ့သည်။


သောကြာနေ့၌ ယဲ့စစ် ထုံးစံအတိုင်း အစောကြီးထကာ သူ့ကျောင်းလွယ်အိတ်ထဲမှ ဆေးအနည်းငယ်ကို ထုတ်ယူလိုက်သည်။


ပင်ပန်းနွမ်းနယ်မှုက ကိုယ်ခံစွမ်းအားကို နိမ့်ကျသွားစေပုံရပြီး အအေးမိဗိုင်းရပ်စ်ပိုးက အခွင့်ကောင်းယူကာ သူ့ခန္ဓာကိုယ်ထဲ ကျူးကျော်ဝင်ရောက်လာခဲ့ပုံပင်။ ထပ်တလဲလဲအဖျားတက်ခြင်း၊ ငိုက်မျဥ်းခြင်းနှင့် ပင်ပန်းနွမ်းနယ်မှုတို့နှင့်အတူ လွန်ခဲ့တဲ့နှစ်ရက်လုံး နေမကောင််းဖြစ်လာခဲ့သည်။ သူ၏အစာအိမ်နှင့် အူလမ်းကြောင်းကလည်း သက်ရောက်မှုရှိလာပြီး အစာအိမ်က ရှင်းပြလို့မရအောင် နာကျင်ကာ ရောင်ရမ်းလာခဲ့၏။


ယဲ့စစ် ဆေးများကိုထုတ်ကာ သူ့လက်ဖဝါးလေးထဲ စုဆောင်းလိုက်ပြီး အားလုံးကို တစ်ပြိုင်နက်တည်းမျိုချလိုက်သည်။


အရောင်ကျဆေး၊ ပိုးသတ်ဆေး၊ အဖျားကျဆေး၊ အကိုက်အခဲပျောက်ဆေး...


သူ လွန်ခဲ့သည့်နှစ်နှစ်လုံး ယခုလိုမျိုး အဆင်အခြင်မဲ့သော ဆေးဝါးသုံးစွဲခြင်းအလေ့အကျင့်ကို ပျိုးထောင်ခဲ့သည်။ တစ်ရက်တာအတွက် အလုပ်များစွာလုပ်ကိုင်နေရသည့်အတွက် သူ့မှာ ဆေးရုံသွားဖို့ အချိန်မရှိပေ။ သူက ရိုးရိုးရှင်းရှင်း ကျယ်ပြန့်သောရောင်စဥ်တိုက်ခိုက်နည်းအား ကျင့်သုံးကာ သူ၏ရောဂါလက္ခဏာများကို သက်သာစေမည့်ဆေးများအား အကုန်သောက်ပြီး အလုပ်ကိုမနှောင့်နှေးစေဖို့အရေး အမြန်ဆုံးသက်သာအောင် ကြိုးစားခဲ့သည်။


အရင်ကနှင့်မတူဘဲ ဤအအေးမိခြင်းက အတော်လေးခေါင်းမာ၏။ ယဲ့စစ် နှစ်ရက်လုံးဆေးသောက်နေခဲ့သော်လည်း ထိရောက်မှုမရှိခဲ့ပေ။ မနက်စာစားနေစဥ်အတွင်း သူ နေမကောင်းသည့်ပုံပေါက်နေသောအခါ အမှန်တရားက ပေါ်သွားလေတော့၏။


"သခင်လေးယဲ့ နေမကာင်းဘူးလား။" ဦးလေးဟယ်က စိုးရရိမ်ပူပန်စွာ မေးလာခဲ့သည်။


"ဘာမှမဖြစ်ပါဘူး။" ယဲ့စစ် ဆန်ပြုတ်ကိုမျိုချကာ အန်ချင်စိတ်ကို ထိန်းချုပ်ထားခဲ့သည်။ "အဲ့ဒါက... နည်းနည်းလေး ဖျားနေတာပါ။"


ဦးလေးဟယ်က သူ၏နီစွေးနေသောမျက်နှာကိုကြည့်ကာ နည်းနည်းလေးဖျားနေတာဟု မထင်သဖြင့် အကြံပြုလိုက်၏။ "ဦးလေး မစ္စတာဟော့ကို သခင်လေးအတွက် နေ့တစ်ဝက်ခွင့်ယူပေးဖို့ ပြောပြီး ဆရာဝန်ကို လာကြည့်ပေးဖို့ပင့်လိုက်ပါ့မယ်... သခင်လေး ဘယ်လိုသဘောရပါသလဲ။"


"မဟုတ်တာ၊ သူ့ကို မနှောင့်ယှက်ပါနဲ့... ကျေးဇူးတင်ပါတယ်။" ယဲ့စစ် ထရပ်ကာ ထွက်ခွာသွားခဲ့သည်။ 


ဟော့ထင်းလန်က သူ၏အိပ်စက်ချိန်ကို တင်းတင်းကျပ်ကျပ်စောင့်ကြည့်လာမည်အား ယဲ့စစ် စိုးရိမ်မိ၏။ သို့သော် သူ အမြန်ဆုံးအရှိန်ဖြင့် ကျောင်းသင်ခန်းစာများကို အမီလိုက်ချင်သည်။


ရလဒ်အနေဖြင့် ဦးလေးဟယ်က အမြန်ဆုံးသတင်းပို့လိုက်လေသည်။ ယဲ့စစ် ကျောင်းကိုရောက်ရောက်ချင်း ဟော့ထင်းလန်က ဖုန်းခေါ်လာပြီး သူ အဆင်ပြေမပြေကို အတည်ပြုလာခဲ့၏။


"တကယ်အဆင်ပြေပါတယ်... ကျွန်တော် ဆေးသောက်ပြီးသွားပါပြီ။" ယဲ့စစ် စာသင်ခန်းထဲကထွက်ကာ စင်္ကြံဘက်မှာ ဖုန်းထွက်ပြောခဲ့သည်။ အဖျားကြောင့် သူ၏လေသံက အလွန်တိုးလျနေလေ၏။


"ဘာဆေးလဲ။" ဟော့ထင်းလန်က မေးလာသည်။


သူ့ကို စိတ်အေးသွားစေရန် ယဲ့စစ် ဆေးနာမည်များကို ထစ်ထစ်ငေါ့ငေါ့ဖြင့် ရှည်လျားစွာရွတ်ပြလိုက်သည်။


ဟော့ထင်းလန်က အသံတိတ်နားထောင်နေခဲ့ပြီး သက်ပြင်းချကာ ပြောလာ၏။ "အအေးမိပျောက်ဆေးတွေ အလွန်အကျွံသောက်တာက အသည်းနဲ့ ကျောက်ကပ်ကို ထိခိုက်စေနိုင်တယ်။ မင်း မသိဘူးလား။"


ယဲ့စစ် မှင်တက်သွား၏။ သူ အမှန်တကယ်ကို မသိခဲ့ပေ။


အသည်းနဲ့ ကျောက်ကပ်ကို ထိခိုက်စေတယ်... သူ ထိုကဲ့သို့အရာမျိုးကို တစ်ခါမှမကြားဖူးခဲ့ချေ။ သူသိသည်မှာ ဆေးသောက်ပြီး မကြာခင် သက်သာလာမည်ကိုပင်။


ဟော့ထင်းလန်က သက်ပြင်းဖွဖွချကာ မေးလိုက်သည်။ "မင်းရဲ့အဖျားက ဘယ်လောက်ရှိလဲ။"


"ကျွန်တော် မတိုင်းရသေးဘူး..." ဟော့ထင်းလန် မပျော်မရွှင်ဖြစ်နေကြောင်း ယဲ့စစ် ခန့်မှန်းမိလိုက်ပြီး အလျင်အမြန်ပြောလိုက်သည်။ "ကျွန်တော် အဖျားမကြီးဆိုတာ သေချာပါတယ်။"


သူက အဖျားမကြီးဘူးဟု ပြောနေသော်လည်း တကယ်တမ်းမှာတော့ သူ သေချာမသိပေ။ မည်သို့ပင်ဆိုစေ လောင်ကျွမ်းလုမတတ် ပူလောင်နေတာမဟုတ်လျှင် သူ ပုံမှန်အတိုင်း ပေကတ်ထိုင်နေပြီး အဖျားကနိမ့်သည်ဟုသာ သတ်မှတ်လိမ့်မည်။


"အဖျားမကြီးဘူး..." ယဲ့စစ်၏ 'အဖျားမကြီးဘူး' ဆိုသည့်ဆိုလိုရင်းက သာမန်လူများနှင့်ကွဲပြားနေမည်ကို ဟော့ထင်းလန် သိပေ၏။ သူက မျက်မှောင်ကြုတ်ကာ ညွှန်ကြားလိုက်သည်။ "ဆေးပေးခန်းကိုသွားလိုက်။ မင်း အဖျားကိုတိုင်းပြီး သာမိုမီတာပုံကို ကိုယ့်ဆီပို့ပေး။ အဖျားက ပြင်းတယ်ဆိုရင် ကိုယ် မင်းကိုလာခေါ်လိုက်မယ်။"


"မလိုပါဘူး။" ယဲ့စစ် နှုတ်ခမ်းသပ်လိုက်၏။ "ဒီမနက်ခင်းက၊ အားလုံး၊ အားလုံး မေဂျာဘာသာတွေချည်းပဲ။ ကျွန်တော်၊ ကျွန်တော် ကျောင်းမှာပဲရှိနေချင်တယ်..."


ရှားရှားပါးပါးဆိုသလို ဟော့ထင်းလန်က အေးစက်သောလေသံဖြင့် သူ့ကို ကြားဖြတ်ပြောလာခဲ့သည်။ "ကိုယ့်ကို ကိုယ်တိုင် လာတိုင်းပေးစေချင်တာလား။"


ယဲ့စစ် မှင်တက်သွား၏။ အချိန်တစ်ခုလောက် အတူတူရှိနေခဲ့ပြီးနောက် ဟော့ထင်းလန် ယခုလိုလေသံဖြင့်ပြောလာသည်ကို သူ ပထမဆုံးအကြိမ် ကြားဖူးခြင်းဖြစ်သည်။ အကြောင်းတချို့ကြောင့် သူ၏နှလုံးသားက ခုန်ပေါက်သွားပြီး အလျင်အမြန်ပြောလိုက်လေ၏။ "မလို၊ မလိုပါဘူး။ ကျွန်တော်... ကျွန်တော် ကိုယ့်ဘာသာတိုင်းလိုက်ပါ့မယ်။"


သူ လေးလံနေသောခြေလှမ်းများဖြင့် ဆေးပေးခန်းဆီ ခြေဦးလှည့်လိုက်တော့သည်။ အဖျားကြောင့် သူ၏ဦးခေါင်းက မူးဝေနေပြီး ဝမ်းဗိုက်နာကျင်မှုကြောင့် သူ၏ခြေထောက်များက အာနည်းလာခဲ့သည်။ သူ၏ရောဂါလက္ခဏာများက ယနေ့မနက် သူ ဆေးမသောက်ခင်ကထက်တောင် ပိုဆိုးလာ၏။ သူ ကျောင်းဆေးပေးခန်းသူနာပြုထံမှ လျှပ်စစ်သာမိုမီတာတောင်းလိုက်ပြီး အိပ်ရာအစွန်းမှာထိုင်ကာ အပူချိန်တိုင်း၍ လက်ထဲမှဖုန်းကို အမှတ်တမဲ့စိုက်ကြည့်နေခဲ့သည်။ သူ၏လက်ချောင်းလေးများက ဖုန်းခေါ်ဆိုမှုမှတ်တမ်းမှ 'ဟော့ရှူးရှူ' ဆိုသည့်စာလုံးများကို ပွတ်သပ်လိုက်ချိန်၌ သူ့နှလုံးသားထဲ ဖော်မပြနိုင်သောခံစားချက်တစ်ခုက ရုတ်တရက်ထွက်ပေါ်လာ၏။


နှစ်သိမ့်ပေးနိုင်တဲ့... နွေးထွေးမှုလိုပဲ။


သူ့တစ်ကိုယ်လုံး ဘောလုံးလေးကဲ့သို့ ကျုံ့သွားပြီး နွေးထွေးသောလက်တစ်စုံဖြင့် တင်းကျပ်စွာထွေးပွေ့ခံထားရသလိုပင်။


၎င်းမှာ မရင်းနှီးသောခံစားချက်တစ်ခုဖြစ်၏။


ထိုအခိုက်အတန့်၌ လျှပ်စစ်သာမိုမီတာက အသံမြည်လာ၏။


၃၉.၅။


[TN/ ၁၀၃.၁ °F]


သူ၏နှလုံးသားက နွေးထွေးနေခဲ့သည်။ ယဲ့စစ် နှုတ်ခမ်းများကိုစေ့ပိတ်ကာ ခဏလောက်တုံ့ဆိုင်းနေခဲ့သော်လည်း နောက်ဆုံးတော့ ရဲဝံ့ဖို့မကြိုးစားတော့ဘဲ ရိုးရိုးသားသားဓါတ်ပုံရိုက်ကာ ဟော့ထင်းလန်ကို ပို့လိုက်၏။


နှစ်စက္ကန့်၊ သုံးစက္ကန့်အကြာမှာ တစ််ဖက်က အလျင်အမြန်တုံ့ပြန်လာခဲ့သည်။


[ဟော့ထင်းလန်]: ကိုယ့်ကိုစောင့်နေ။


အခိုက်အတန့်တစ်ခုကြာပြီးနောက် ယဲ့စစ် ပေါ့ဆနေမည်စိုး၍ မက်ဆေ့ချ်နှစ်စောင် ထပ်ပို့လာခဲ့သည်။


[ဟော့ထင်းလန်]: ကိုယ်မင်းကို ဆေးရုံခေါ်သွားပေးမယ်။ လွတ်သွားတဲ့အတန်းတွေအတွက် ကိုယ် ပြန်လုပ်ပေးမယ်။


[ဟော့ထင်းလန်]: လိမ္မာပါကွာ။


၎င်းက မထင်မှတ်ထားသော ချော့မြှူသည့်လေသံဖြစ်နေ၏။


ယဲ့စစ် မှင်တက်သွားခဲ့သည်။


သူက အထက်တန်းကျောင်းသားတစ်ယောက်လေ...


လိမ္မာတာ၊ မလိမ္မာတာက ဘာရေးကြီးလို့လဲ။


သူ ဂနာမငြိမ်နိုင်တော့တဲ့အထိ ချော့မြှူခံလိုက်ရပြီး သူ၏အဆင်မပြေဖြစ်မှုကို သူနာပြုမြင်သွားမည်စိုး၍ သူ၏မျက်နှာကို လက်တစ်ဖက်ဖြင့်အုပ်ထားလိုက်ရသည်။


သူ့လက်ချောင်းများအောက်မှ အရေပြားကမူ အနီရောင်ပြောင်းနေလေပြီ။


___


စာရေးသူမှာ ပြောစရာရှိပါတယ်:


မစ္စတာဟော့က တရားဝင် ဟော့ရှူးရှူဖြစ်လာပါပြီ။ သူ့ကို 'ရှူးရှု' လို့ခေါ်တာ တစ်ခုသောကိစ္စရပ်တွေမှာ အံ့ဖွယ်တွေဖြစ်စေနိုင်ပါတယ်တဲ့။ အထူးတလှယ်ကိစ္စရပ်တွေက ဘာတွေလဲ။ စာစစ်က တည်းဖြတ်သူကို စိုက်ကြည့်လိုက်ပေမဲ့ တည်းဖြတ်သူက ဘာဆိုဘာမှ မပြောဝံ့ပါဘူး။


***


Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment