no
အပိုင်း (၂၁) - ကောင်းကင်ပေါ်ကလမင်း၊ တောင်တန်းတွေပေါ်က ဆီးနှင်း
ယဲ့စစ်၏ အဆိုးမြင်တုံ့ပြန်မှုများက ဟော့ထင်းလန်စိတ်ကူးထားတာထက် ပို၍ကြီးမားနေခဲ့သည်။
သူ ဆေးရုံကနေဆင်းချိန်မှာ အတွင်းအပြင်စစ်ဆေးမှုများကို ထပ်မံခံယူခဲ့ပြီး ရလဒ်များအားလုံးက သူ ပုံမှန်ပြန်ဖြစ်ပြီဟု ညွှန်ပြနေ၏။ သို့သော် လူကိုယ်တိုင်ကတော့ ကိစ္စများကို သိသိသာသာစဥ်းစားနေရင်း ပင်ပန်းနွမ်းနယ်နေဆဲပင်။
ဟော့ထင်းလန်က သူ့ကိုတောင်းပန်ခဲ့ပြီး သူက တောင်းပန်မှုကိုလက်ခံခဲ့သည်။ သူက ဒေါသမထွက်ဝံ့သလို စကားလည်းမပြောဝံ့သည့် လူတစ်ယောက်နှယ်။ သို့သော် သူ ယဲ့စစ်နှင့် ပြန်လည်သင့်မြတ်ဖို့ အခွင့်အရေးရယူချင်သောအချိန်မှာ သူက ရှက်ရွံ့စွာဖြင့် ရှောင်ထွက်သွားလိမ့်မည်ပင်။
သူက ဟော့ထင်းလန်နှင့် ပြောဆိုဆက်ဆံမှုကို ရှောင်ရှားရန် 'ကျွန်တော် နေလို့မကောင်းဘူး' နှင့် 'ကျွန်တော် အိပ်ချင်တယ်' ကဲ့သို့ ဆင်ခြေများကိုအသုံးပြုကာ များသောအားဖြင့် စကားလုံးအနည်းငယ်ထက် ပိုမပြောတော့ပေ။
၎င်းမှာ ရန်လိုသည့်ပုံမပေါ်သော်လည်း တကယ်တမ်းမှာတော့ ယင်းက ဒေါသထွက်နေသူထက်ပင် ကိုင်တွယ်ရခက်ပေသည်။
သူ့ကို အလွန်အကျွံမလှုံ့ဆော်မိစေရန် ဟော့ထင်းလန်က မေးခွန်းများနှင့် ဖိအားပေးတိုက်တွန်းမှုများကို ရှောင်ခဲ့သည်။ ဤကိစ္စကို ရက်အနည်းငယ်လောက် ဘေးချိတ်ထားခဲ့ပြီးနောက် နှစ်လယ်စာမေးပွဲမေးခွန်းလွှာများကို ဦးလေးဟယ်က လာပို့ပေးခဲ့သည်။
ကျောင်းစာမေးပွဲမေးခွန်းလွှာများကို ရရှိပြီးနောက်မှာ ယဲ့စစ်တစ်ယောက် လွန်ခဲ့သောနှစ်ရက်အတွင်း သူ့ကိုနှောင့်ယှက်နေခဲ့သော ထူးဆန်းသည့်စိတ်ခံစားချက်များကို အစွမ်းကုန်ဖျောက်ဖျက်ကာ ကျောင်းစာမေးပွဲအချိန်ဇယားအတိုင်း တင်းတင်းကျပ်ကျပ်လိုက်နာ၍ သူ့ကိုယ်သူ ကြပ်မတ်ခဲ့သည်။ သူ့အိပ်ခန်းထဲမှာ စာမေးပွဲကိုဖြေဆိုပြီးနောက် ရမှတ်များကိုနှိုင်းယှဥ်ရန် ဦးလေးဟယ်အား အဖြေများကိုတောင်းဆိုလိုက်သည်။
ကွက်လပ်ဖြည့်ခြင်း၊ သင်္ချာ၊ ရူပဗေဒနှင့် ဓါတုဗေဒတို့၏ ပုစ္ဆာကြီးများအတွက် အဆင့်များအတိုင်းစစ်ဆေးခြင်းတို့က လွယ်ကူသော်လည်း တရုတ်ဘာသာနှင့် အင်္ဂလိပ်စာတို့၌ တချို့အတွေးအခေါ်မေးခွန်းများ၊ အထူးသဖြင့် ရေးဖွဲ့ခြင်းနှင့်ပတ်သက်သည့်အပိုင်းမှာ သူ အမှတ်ပေးဖို့မသေချာတော့ပေ။
သူ့ကိုယ်သူ အမှတ်နည်းနည်းပဲပေးလိုက်ပါက သူ အဆင့်တက်လာမည်မဟုတ်သလို သူ့ကိုယ်သူ ရမှတ်များများပေးလိိုက်ပြန်လျှင်လည်း လိမ်ညာရာကျဦးမည်။
ခဏလောက် တွန့်ဆုတ်နေခဲ့ပြီး နောက်ဆုံးမှာတော့ အဖြေလွှာများကိုကိုင်ကာ ဟော့ရှူးရှူကိုသွားရှာတော့သည်။
"...ဟော့ရှူးရှူ။" ယဲ့စစ် စာဖတ်ခန်းတံခါးကို ခေါက်လိုက်သည်။
"ဝင်ခဲ့လေ။" ဟော့ထင်းလန်က စာရွက်စာတမ်းများကိုပိတ်လိုက်ပြီးနောက် ယဲ့စစ်၏လက်ထဲမှ အဖြေလွှာကို မြင်လိုက်ရသည်။ သူက ယဲ့စစ်ကို အဆင်မပြေမဖြစ်စေချင်၍ ဦးဆောင်မှုယူကာ ပြောလိုက်၏။
"စာမေးပွဲဖြေတာ ဘယ်လိုလဲ။"
"ကျွန်တော် ကောင်းကောင်းဖြေနိုင်ခဲ့ပါတယ်။" ယဲ့စစ်က ပြောလိုက်လေသည်။
ဟော့ထင်းလန်က ယနေ့ ပြောင်လက်တောက်ပနေသော ရှပ်အင်္ကျီအဖြူကို ဝတ်ဆင်ထားပြီး ပလက်တီနမ်လည်စီးကို နံဘေးမှာ သမင်ဦးချိုချိတ်ကလေးဖြင့် အလှဆင်ထားသည်။ သူ့မှာ အယ်ဖာတစ်ယောက်၏ ထူးခြားသောစွမ်းအားနှင့် ဂုဏ်သရေတို့ရှိနေ၏။ ရေကဲ့သို့ ကြည်လင်ကာ နက်ရှိုင်းသောမျက်ဝန်းတစ်စုံနှင့်အတူ သူက ထူးထူးကဲကဲ ခံ့ညားလွန်းပေသည်။
ယဲ့စစ်တစ်ယောက် သူခိုးလေးလို စိတ်လှုပ်ရှားနေပြီး အမြန်အကြည့်လွှဲကာ သူ၏ဖိနပ်ကိုသာ ငုံ့ကြည့်နေခဲ့သည်။ "ဒါက စာစီစာကုံးလိုမျိုး မေးခွန်းတွေပါ။ ကျွန်တော် ဘယ်လိုအကဲဖြတ်ရမလဲဆိုတာ မသေချာလို့... ကျွန်တော့်ကို ကူကြည့်ပေးလို့ရမလား။"
"ကောင်းပါပြီ။ ကိုယ့်ဆီယူလာခဲ့ပေး။"
ဟော့ထင်းလန်က လက်လှမ်းလာ၏။
သူ၏လက်က သွယ်လျပြီး အားကောင်းကာ၊ သန်မာပြီး ပိန်လျသည်။ လက်ဖမိုးပေါ်မှ အပြာရောင်သွေးကြောများနှင့်အတူ လက်ချောင်းများနှင့် လက်ဆစ်များက အချိုးကျနေ၏။ နီလာဖန်သားပြင်၊ မိကျောင်းသားရေလက်ပတ်ကြိုးနှင့်အတူ ဒိုင်ခွက်ထဲမှာ ခမ်းနားလှပသော လပန်းချီရေးဆွဲထားသည့် တန်ကြေးမြင့်နာရီတစ်လုံးက အနှီလက်ကောက်ဝတ်မှာ ရစ်ပတ်နေသည်။
ငွေဖြင့် အာဟာရဖြည့်တင်းထားသည့် စေ့စပ်သောပင်ကိုခံ့ညားမှု၊ ပြိုးပြိုးပြက်ပြက်လက်ကာ တည်ငြိမ်ပြီး ကျက်သရေရှိမှု - အနှီဆွဲဆောင်မှုတို့ကို ခုခံနိုင်ရန် အိုမီဂါတိုင်းအတွက် ခက်ခဲလိမ့်မည်ဖြစ်သော်လည်း တစ်စုံတစ်ယောက်ကတော့ ယင်းတို့ကို အခုလေးတင်မှ သတိပြုမိသွားခဲ့သည်။
သူ၏မေးရိုးကို အသုံးပြု၍ သွေးထွက်နေသော အနှီလက်ကို ကြိတ်ချေခဲ့မိသည်...
မသင့်လျော်သော ပုံရိပ်တချို့က သူ့စိတ်ထဲကနေ ထွက်ပေါ်လာခဲ့သည်။ ယဲ့စစ်၏နှလုံးသားက သူ့လည်မျိုထိရောက်လာခဲ့ပြီး မျက်နှာကိုငုံ့ကာ အဖြေလွှာကို သူ့စားပွဲထောင့်စွန်းပေါ်တင်ပေးရန် သူ့လက်ကို နေရာရွှေ့လိုက်၏။
"ကျေး၊ ကျေးဇူးတင်ပါတယ်။"
ထိုသို့ပြောပြီးနောက် ဟော့ထင်းလန်၏တုံ့ပြန်မှုကိုတောင် မစောင့်ဘဲ ကြောင်ရိုင်းလေးထက် ပို၍လျင်မြန်စွာဖြင့် ပြေးထွက်လာခဲ့လိုက်သည်။
ယဲ့စစ်တစ်ယောက် သူ့အခန်းထဲပြန်ရောက်လာပြီး သူ့စိတ်ထဲ ထပ်တလဲလဲပေါ်ပေါက်လာသော မျက်နှာကြီးနီမြန်းကာ နားရွက်ဖျားများပူလောင်လာစေသည့် ပုံရိပ်များကို ဖယ်ရှားရန်အလို့ငှာ စီးကရက်ဘူးတစ်ဝက်လောက်သောက်ရန် လသာဆောင်ကိုသွားခဲ့သည်။
သူ စီးကရက်အလွန်အကျွံသောက်ခြင်းကြောင့် သိို့မဟုတ် အချိန်အတော်ကြာ ဝပ်ဝပ်ကလေးထိုင်နေသောဖြစ်ကောင်းဖြစ်နိုင်၏၊ သူထရပ်လိုက်ချိန်မှာ သူ၏ခြေထောက်များက တုန်ယင်နေခဲ့ပြီး ရွှံ့တောထဲမှာဖြတ်သွားရသကဲ့သို့ ခြေထောက်နှစ်ဖက်လုံးက လေးလံနေခဲ့သည်။
ယဲ့စစ် အလျင်စလိုဆေးကြောကာ ဆယ်ကျော်သက်အရွယ်၏ ကမောက်ကမစိတ်အစဥ်နှင့်အတူ ခေါင်းအုံးပေါ်လှဲချလိုက်ပြီး မလိုလားအပ်သောအတွေးများကို ဖယ်ထုတ်ရန် ပုံသေနည်းများကို အဆက်မပြတ်ရွတ်ဆိုနေခဲ့သည်။ အိပ်တစ်ဝက်၊ နိုးတစ်ဝက်ဖြင့် မခံမရပ်နိုင်သော ခြောက်ကပ်သည့်အပူရှိန်က သူ့ခန္ဓာကိုယ်ထဲမှာ မြင့်တက်လာခဲ့ပြီး ချိုမြိန်သောဗနီလာရနံ့က ပျံ့လွင့်လာခဲ့၏။
ယဲ့စစ်တစ်ယောက် မှင်တက်စွာဖြင့် မျက်လုံးများပွင့်လာကာ လေအေးပေးစက်ကို ဖွင့်ချင်ခဲ့သော်လည်း သူ ခက်ခက်ခဲခဲပျိုးထောင်ခဲ့ရသော ငိုက်မျဥ်းခြင်းကို အချည်းနှီးဖြစ်သွားစေမည်စိုး၍ တွန့်ဆုတ်နေခဲ့ပြီး နောက်တစ်ဖန် အိပ်မက်တိုင်းပြည်ဆီသို့ဘအလည်သွားခဲ့တော့သည်။
ထိုအိပ်မက်ထဲမှာ အရာအားလုံးက..
ဟော့ထင်လန်၏လက်အကြောင်းသာ။
သူ ထိုနေ့ညနေက စာဖတ်ခန်းထဲမှာတွေ့ခဲ့သော သူ၏လက်ပင်။
ချွန်ထက်သောလက်ဆစ်များနှင့် ဆွဲဆောင်မှုရှိသော အပြာရောင်သွေးကြောများနှင့်အတူ ထိုနေ့ညကလို ယဲ့စစ်၏မေးရိုးကိုဆုပ်ကိုင်ထားပြီး အနှီဒဏ်ရာရထားသောသူ့လက်အား ယဲ့စစ်၏မေးရိုးဖြင့် ကြိတ်ချေခွင့်ပြုခဲ့သည်။ ထို့နောက်မှာ ချိုမြိန်သော သွေးရနံ့ဖျော့ဖျော့က ထွက်ပေါ်လာခဲ့လေ၏။
"ပေါင်ပေါင်း..."
စွဲမက်ဖွယ်ကောင်းသော သြရရှချော့မြှူအသံ။
သူ့လည်ကုပ်ထက်မှ စူးရှသောနာကျင်မှု။
အယ်ဖာတစ်ယောက်ဆီမှ သိမ်းပိုက်ခံလိုက်ရသော ခံစားချက်။
အိုမီဂါတစ်ယောက်၏ဖြစ်အင်များ...
မရေမရာအိပ်မက်က ရုတ်ခြည်းအဆုံးသတ်သွားခဲ့သည်။
"ဝူး..."
ယဲ့စစ် ရုတ်တရက်နိုးလာခဲ့၏။
ခြေထောက်တစ်ဖက်က အိပ်ရာခင်းကို ဆတ်ခနဲကန်လိုက်ရာ အဖြူရောင်ချည်သားအခင်းပေါ်မှာ အစိုကွက်တစ်ခုရှိနေခဲ့သည်။
အိပ်ခန်းက ချိုမြိန်မွေးပျံ့နေပြီး ယဲ့စစ်၏ကိုယ်မှ ပုံမှန်မဟုတ်သောအပူငွေများကို ထုတ်လွှတ်နေပြီး ချွေးများလည်းစီးကျနေ၏။ သူ၏ညအိပ်ဝတ်စုံနှင့် အိပ်ရာခင်းများကတောင် ချွေးများစိုနေပြီး သူ၏မျက်နှာအရောင်က နွေဦးမက်မွန်သီးလေးလို တစ်ဖန်ပြန်ဖြစ်သွားပြီး သူ၏စိတ်က အတော်လေးဖရိုဖရဲဖြစ်နေသည်။
ယင်းက ထိုနေ့ညတုန်းက ခံစားခဲ့ရတာနှင့် အတော်လေးကိုတူပေ၏။
ဒီကရီအနည်းငယ်မျှ ကွာခြားရုံသာ။
... ဤသည်မှာ အပျော့စားနှင့် တိုတောင်းသော heat ကာလဖြစ်ပုံပင်။
သူ ဟော့ရှူးရှုကို အိပ်မက်မက်ခဲ့တယ်။
သူ အခုထိ...
သူ ရူးသွားပြီလား!
သူ ဘာတွေတွေးနေတာလဲ!
ရေထဲကနေတက်လာသည့် ငါးလေးတစ်ကောင်နှယ် ယဲ့စစ်တစ်ယောက် ရုတ်ခြည်းထထိုင်လိုက်ပြီး ဒူးပေါ်ကို လက်ထောက်ကာ ပူလောင်ပြီး ရှက်ရွံ့နေသောသူ၏မျက်နှာကို လက်တစ်ဖက်ဖြင့်ဖုံးအုပ်ထား၏။
မည်သည့်အရာက ပုံမှန်ဖြစ်ပြီး ဘယ်အရာက ပုံမှန်မဟုတ်ကြောင်း သူမသိတော့ပေ။ သူ့မှာ ယောက်ျားလေးတစ်ယောက်ကို ကြီးကောင်ဝင်စအရွယ်၌ ကောင်းမွန်စွာလမ်းပြပေးနိုင်သည့် တာဝန်ကျေသောဖခင်မရှိခဲ့သလို သူ၏လူငယ်ဘဝအတွင်း ဘဝ၏ဖိအားများကြောင့် စူးစမ်းချင်စိတ်ကိုလည်း ဘယ်တုန်းကမှ စမ်းသပ်ခွင့်မပြုခဲ့ချေ။
သူက မကောင်းသည့်အရာတစ်ခုကို လုပ်မိသွားသကဲ့သို့ အလွန်ရှက်ရွံ့နေ၏။
ယဲ့စစ်၏မျက်နှာက အလွန်နီမြန်းနေပြီး သူ့မျက်လုံးများထဲက အပူငွေ့ကြောင့် မျက်ဝန်းများက အနည်းငယ်နီမြန်းစိုစွတ်ကာ ရေကြည်လေးတစ်လွှာကို ဆုပ်ကိုင်ထားခဲ့သည်။
သူက မျက်လုံးများကို အကြမ်းပတမ်းပွတ်သုတ်လိုက်ပြီး အသက်ရှူထုတ်လိုက်၏။ အေးစက်နေသောမျက်နှာထားနှင့် သူက ချွေးများစိုနေသောအိပ်ရာခင်းနှင့် စောင်များကို ဖယ်ရှားကာ သူ၏ညအိပ်ဝတ်စုံကို ကန်ချွတ်လိုက်ပြီး ရေချိုးခန်းထဲသို့ ယူသွားခဲ့လေသည်။
ပုံမှန်အားဖြင့် လျှော်ဖွပ်ရန်လိုအပ်သည့်အရာများကို အဝတ်ပေခြင်းထဲထည့်ဖို့သာလိုအပ်ပြီး နောက်တစ်နေ့မှာ အဝတ်လျှော်ခန်းမှအစေခံက လာသိမ်းလိမ့်မည်ဖြစ်၏။ အပေါ်ထပ်ဝတ်စုံများကို ၎င်းတို့လက်ထဲပုံအပ်လိုက််ဖို့က အဆင်ပြေသော်လည်း သူ့အတွင်းခံများကို အခြားသူများအားထိခွင့်ပေးဖို့အတွက် ယဲ့စစ် အလွန်ရှက်ရွံ့မိသည်။ သူ ဆပ်ပြာဘူးသေးသေးသေးကို ဝယ်ထားပြီး ဘောင်းဘီတိုများနှင့် ထိုကဲ့သို့အရာများကို လဲဝတ်သည့်နေ့မှာပဲ လျှော်ဖွပ်ကာ မသိသာသောနေရာမှာ ချိတ်လှန်းခဲ့သည်။
ကံကောင်းစွာဖြင့် သူ ပြင်ဆင်ထားပြီးသားရှိ၏။
သူ ဆပ်ပြာကိုကလော်၍ အိပ်ရာခင်းများကို စတင်ပွတ်တိုက်တော့သည်။
ထိုအခင်းများကို လျှော်ပြီးချိန်၌ သူ ဝရန်တာမှာ မလှန်းရဲခဲ့ပေ။ မဟုတ်လျှင် လူများက တွေ့သွားပြီး ညလယ်သန်းခေါင်ကြီး အဘယ့်ကြောင့် အဝတ်တွေထလျှော်နေရသနည်းဟု သူ့ကိုမေးလာမည်စိုး၍ ထိုင်ခုံနှစ်လုံးကိုယူကာ အကွာအဝေတစ်ခုခြား၍ အိပ်ရာခင်းအား ထိုအပေါ်မှာ အခြောက်ခံခဲ့သည်။
သူ ရေမိုးချိုး၊ အဝတ်လဲ၊ အိပ်ရာခင်းများကို လဲခင််းခြင်းတို့အား တစ်နာရီကျော်လောက် လုပ်ကိုင်လိုက်ရသည်။ အဖျားကလည်း မပျောက်သေးရာ ယဲ့စစ်တစ်ယောက် စောင်များလဲရင်း အိပ်ငိုက်လာခဲ့လေ၏။ ထို့နောက်မှာတော့ သူ့ကိုယ်သူ အပြစ်တင်ဖို့မအားတော့ဘဲ အိပ်ပျော်သွားခဲ့တော့သည်။
နောက််တစ်နေ့၌။
ယဲ့စစ်တစ်ယောက် ရှားရှားပါးပါး နောက်ကျတဲ့အထိအိပ်ခဲ့သည်။
ယဲ့စစ်၏ခံယူချက်အရ ယမန်နေ့ညက တိုတောင်းလှသော ထိုအဖျားမှာ ပျောက်ကင်းသွားပြီး အရာအားလုံး ပုံမှန်အတိုင််းပြန်ဖြစ်သွားခဲ့သည်။
သူ ကွဲပြားမှုဖြစ်နေစဥ်အတွင်း အယ်ဖာဆီကနေ အမှတ်အသားပေးခံခဲ့ရပြီး အဆုံးသတ်မှာ ခံနိုင်ရည်မရှိတော့ဘဲ ဟော်မုန်းချို့ယွင်းမှု၏ နောက်ဆက်တွဲလက္ခဏာများဖြစ်ပေါ်စေခဲ့သဖြင့် နောက်ရက်များတွင် ပုံမှန်မဟုတ်သော အပျော့စားဖျားနာမှုများကို မကြာခဏခံစားရလိမ့်မည်ပင်။
ဆေးရုံက ဆင်းလာချိန်၌ ဆရာဝန်က သူ့အား အတားအဆီးကပ်ခွာများကို ကိုယ်နှင့်မကွာဆောင်ထားရန်၊ ဟော်မုန်းများ မတည်ငြိမ်မချင်း အိမ်နှင့် ကျောင်းမှလွဲ၍ အခြားနေရာများသို့ မသွားရန်နှင့် သူ၏ကိုယ်ပိုင်လုံခြုံရေးကို ဂရုစိုက်ဖို့ မှာကြားခဲ့သည်...
ဤအဖျားက ပြင်းထန်မှုအဆင့် ပျော့ပျောင်းပြီး ကျန်းမာရေးကို မထိခိုက်စေနိုင်သည့်အတွက် ၎င်းကိုကုသဖို့ ပထမဆုံးအရာက စိတ်ရှည်ရှည်ထားရမည်ဖြစ်၏။ ၎င်းက အခြားသူများကို မထိခိုက်စေဖို့ ဖယ်ရိုမုန်းများကို သီးသန့်ခွဲထုတ်ထားလျှင် လုံလောက်ပေသည်။ ဒုတိယအနေဖြင့် နှစ်သိမ့်မှုရရှိရန် သူ့ကို အမှတ်အသားပေးထားသောအယ်ဖာကို ရှာဖွေရန်ဖြစ်သည်။
စျေးကွက်အတွင်းရှိ အိုမီဂါထိန်းချုပ်ဆေးများတွင် ပါဝင်သောပစ္စည်းများက အယ်ဖာဖယ်ရိုမုန်းအတုများဖြစ်သောကြောင့် ထို 'အတုအယောင်ထုတ်ကုန်များ' က ယဲ့စစ်၏ကိုယ်ထဲမှာ ကျန်နေဆဲဖြစ်သော အယ်ဖာဖယ်ရိုမုန်းများကို လှုံ့ဆော်ကာ သူ့ကို ပို၍မသက်မသာဖြစ်လာစေနိုင်သည်။ ထို့ကြောင့် ဟော့ထင်းလန်၏ယာယီအမှတ်အသား မပျောက်ကွယ်ခင်အထိ ထိန်းချုပ်ဆေးများက ယဲ့စစ်အတွက် အကျိုးသက်ရောက်မှုရှိမှာမဟုတ်ပေ။
ယဲ့စစ်က ၎င်းကို သည်းခံဖို့ကြိုးစားခဲ့သည်။
သူက ဆေးခွင့်ဖြင့် အတန်းကို တစ်ပတ်လုံးမသွားခဲ့ချေ။ နောက်တစ်ပတ် တနင်္လာနေ့မှာတော့ ယဲ့စစ်တစ်ယောက် အံဆွဲထဲမှ အတားအဆီးကပ်ခွာများကို လက်တစ်ဆုပ်စာယူ၍ သူ့ကျောပိုးအိတ်ထဲ ပစ်ထည့်ခဲ့လိုက်သည်။
တစ်ထပ်တည်းက မလုံလောက်သဖြင့် နှစ်ထပ်ကပ်ခဲ့သည်။ သို့သော် နှစ်ထပ်ကလည်း မလုံလောက်ရာ သုံးထပ်ကပ်ခဲ့သည်။
နောက်ဆုံးမှာတော့ ယဲ့စစ်တစ်ယောက် ကပ်လို့ပြီးသွားပြီဖြစ်၏။
သူ နောက်ကျမှထလာခဲ့သဖြင့် မနက်စာအတွက် အောက်ထပ်ကိုဆင်းသွားချိန်မှာ ဟော့ထင်းလန်က ကုမ္ပဏီကိုသွားနှင့်လေပြီ။
ယဲ့စစ် သူနှင့် မျက်နှာချင်းဆိုင်မတွေ့ရတော့သည့်အတွက် စိတ်သက်သာရာရကာ သက်ပြင်းချလိုက်သည်။
မဟုတ်လျှင်...
ယဲ့စစ်တစ်ယောက် ရှက်စရာကောင်းသော အိပ်မက်အကြောင်းကို ပြန်တွေးလိုက်မိပြီး ဟော့ထင်းလန်နှင့်မျက်နှာချင်းဆိုင်ရန် မည်သည့်အမူအရာကို အသုံးပြုသင့်ကြောင်း သူ မသိတော့ပေ။
ထိုနေ့ညက ၎င်းတို့တွေ အထိန်းအကွပ်မဲ့သွားခဲ့သည်။
သို့သော် ဟော့ရှူးရှူက သူ၏ rut ကာလကြောင့် သက်ရောက်ခံရရုံသာဖြစ်ပြီး rut ကာလအဆုံးသတ်သွားသောအခါ ပုံမှန်အခြေအနေကို ချက်ချင်းပြန်ရောက်လာခဲ့သည်။ သူက ယခင်အတိုင်း အလွန်နူးညံ့သိမ်မွေ့နေဆဲပင်။
သူကသာ ကိုယ့်ကိုယ်ကိုယ် မထိန်းချုပ်နိုင်ခဲ့သည့်သူပင်။ အမြစ်တွယ်နေသည့် ဆိုးဝါးသောအကျင့်များ၊ အမှောင်ဗီဇတချို့၊ ယုတ်မာကောက်ကျစ်သည့်အတွေးများနှင့် မမြင်အပ်သောပုံရိပ်များကို နှိုးဆွလိုက်သကဲ့သို့ပင်။
ယင်းက ကုသမှုအတွက် ယာယီအမှတ်အသားတစ်ခုမျှသာဖြစ်သော်လည်း မမျှော်လင့်စွာဖြင့် ထိုအကြောင်းကို ထပ်တလဲလဲတွေးတောနေမိပြီး သူ၏စိတ်ဝိညာဥ်က ထိုအတွေးကြောင့် တုန်ယင်သွားခဲ့သည်။
အကယ်၍ ဟော့ရှူးရှူသာ သူ့အတွေးများကို ဖြတ်မြင်ခဲ့ပါလျှင်...
သူ မြေကြီးထဲတွင်းတူးဖို့မလိုဘဲ ထုတ်တန်းတစ်ခုရှာကာ ထိုအပေါ်ကနေပဲ ကြိုးဆွဲချလိုက််တော့မည်။
စားပွဲပေါ်၌ အမှတ်ပေးထားသော အဖြေလွှာစာရွက်နှစ်ခုရှိ၏။
ဘောပင်အမှတ်ရာများက ချောမွေ့ပြတ်သားပြီး အထင်ရှားဆုံးအပိုင်းက အင်္ဂလိပ်စာ စာစီစာကုံးအပိုင်းပင်။ သူက စာလုံးပေါင်းနှင့် သဒ္ဒါအမှားများကိုခြစ်ထုတ်ကာ နံဘေးမှာ အမှန်ပြင်ပေးထားပြီး ဝါကျတည်ဆောက်ပုံအနည်းငယ်ကို ရှင်းပြထား၏။ တကယ့်စာပိုဒ်ထက် မှတ်ချက်များက ပိုများနေသေးသည်။ ရှင်းပြပြီးနောက်မှာ သူ၏တိုးတက်မှုက သိသာထင်ရှားကြောင်း အားပေးစကားအနည်းငယ်ကိုလည်း ချန်ဖို့မမေ့ခဲ့ပေ။
ထိုကဲ့သို့ သာမန်အရာလေးက တစ်နည်းနည်းဖြင့် သူ၏မျက်လုံးများကို စပ်ဖျင်းဖျင်းဖြစ်လာစေခဲ့သည်။
ယဲ့စစ် ၎င်းအား ကြိမ်ဖန်များစွာ ပြန်ဖတ်နေခဲ့သည်။
ဟော့ထင်းလန်ပေးထားသော ရမှတ်များက အလွန်မျှတပြီး သူ့ကိုချော့မြှူဖို့ သူ၏စံနှုန်းများကို တမင်ဖြေလျှော့ထားခြင်းမရှိခဲ့ပေ။
သင်္ချာ၊ ရူပဗေဒနှင့် ဓါတုပေဒဘာသာရပ်များနှင့်အတူ ထိုရမှတ်များကို အတူတူပေါင်းလိုက်သောအခါ စိတ်လှုပ်ရှားစရာကောင်းသော ရမှတ်တစ်ခုထွက်လာခဲ့၏။
၎င်းက သူ ကျောင်းစတက်ခါစတုန်းက စာမေးပွဲထက် အများကြီးပိုကောင်းလာ၏။ သူ၏အဆင့်က ကြည့်ကောင်းနေဖို့မလိုအပ်ပေ။ ပြောရလျှင် ထျန်းချန်လို ကိုယ်ပိုင်ကျောင်းမှာ ဘိတ်ချေးကျောင်းသားများကတောင် လုံလုံလောက်လောက်တော်ကြပေသည်။
ယဲ့စစ် အဖြေလွှာများကိုခေါက်ကာ ညပိုင်း ယဲ့ဟုန်ကျွင်းဆီသွားလည်တဲ့အခါ သူ(မ)ကိုပြသဖို့ စီစဥ်လိုက်သည်။ အကယ်၍ သူ(မ)က အခြေအနေကောင်းလျှင် သူနှင့် အချိန်ခဏလောက် စကားစမြည်ပြောနိုင်လိမ့်မည်။
ဤကမ္ဘာပေါ်မှာ သူ့အမေပြီးလျှင် သူ၏ပျော်ရွှင်မှုကို မျှဝေချင်သည့် တစ်ဦးတည်းသောသူက ဟော့ထင်းလန်တစ်ယောက်သာ။
ယဲ့စစ်တစ်ယောက် ဆန်ပြုတ်ကို ဇွန်းနှင့်မွှေနေရင်း ပါးပြင်များက ပန်းရောင်သန်းလာပြီး မျက်တောင်လေးများကလည်း တဖျပ်ဖျပ်ခတ်နေ၏။
ဟော့ထင်းလန်က သူ့အမေ၏ ပစ္စည်းအဟောင်းများကို ရှင်းလင်းပေးကာ သူတန်ဖိုးထားသည့်အရာများကို သိမ်းဆည်းပေးပြီး တန်ဖိုးထားပေးခဲ့သည်။ သူ၏နုနယ်လှသော ကိုယ့်ကိုယ်ကိုယ်တန်ဖိုးထားဖို့ သင်ကြားပေးခဲ့ပုံ၊ ဆေးဘူးပေါ်မှ ဟော့ထင်းလန် ရေးသားပေးခဲ့သော 'တစ်ရက်သုံးကြိမ်၊ တစ်ကြိမ်သောက်တစ်လုံး' ဟူသော စာလုံးများ၊ လည်စည်းကို မည်ကဲ့သို့ချည်ရပုံအား ထပ်တလဲလဲ သင်ကြားပေးခဲ့ပုံများကို သူ ပြန်တွေးမိသွားသည်။
သူနှင့် ကျွမ်းဝင်မှုမရှိသည့်အစားအသောက်များကို မည်ကဲ့သို့စားရကြောင်း သင်ပြပေးကာ၊ သူ့ကိုယ်စား အခြားသူများကို သင်ခန်းစာပေး၍ သူ၏ဒေါသများကို ဖြေလျှော့ဖို့ကူညီပေးခဲ့သလို သူ့အတွက်နှင့် သူ၏လက်များကို သွေးထွက်သံယိုဖြစ်စေခဲ့သည်။
နှစ်လအတွင်း ဟော့ထင်းလန်က အလွန်ကောင်းပေးခဲ့သော်လည်း သူ ထိုအကြောင်းကို မတွေးခဲ့မိပေ။
၎င်းမှာ အလွန်များပေ၏။
ဤဟော့ရှူးရှုက ရွှေဇွန်းကိုက်ကာ မွေးဖွားလာသည့် ချမ်းသာသော ဆက်ခံသူတစ်ယောက်ဖြစ်ပြီး စိတ်အားထက်သန်မှုရှိသော်လည်း အနိုင််မကျင့်ခဲ့ပေ။
ကောင်းကင်ပေါ်မှ လမင်းကြီးနှင့် တောင်တန်းများထိပ်မှ ဆီးနှင်းများနှယ်။
၎င်းက အေးစက်ကာ အလှမ်းဝေးပုံပေါ်သော်လည်း သူ့ရင်ခွင်ထဲ ကျရောက်သွားသည့်အရာကတော့ ကြည်လင်သောအလင်းတန်းလေးနှင့် အေးမြသော နွေဦးလေပြည်လေးသာ။
ယဲ့စစ် ဆန်ပြုတ်ကို တစ်ငုံသောက်လိုက်သည်။
၎င်းက သူအကြိုက်ဆုံး ပင်လယ်စာဆန်ပြုတ်ဖြစ်သော်လည်း အရသာမခံနိုင်ခဲ့ပေ။
သူ သူ၏ဟော့ရှူးရှူအကြောင်းကို တွေးနေခဲ့မိသည်။ သူ၏နှလုံးသားက တင်းကျပ်ကာ နားရွက်များက ပူလောင်လာခဲ့၏။ သူ လွန်ခဲ့သောနှစ်လအတွင်း အဖြစ်အပျက်အားလုံးကို တွေးနေခဲ့သော်လည်း အဘယ့်ကြောင့် တွေးနေမိကြောင်းကိုတော့ နားမလည်ခဲ့ပေ။
ဤသည်မှာ အချစ်ဇာတ်လမ်း၏ ပထမဆုံးနိုးထလာမှုဖြစ်သည်။
မသိလိုက်ဘဲ ချစ်မိသွားခြင်းပင်။
***
Aurora Novel Translation Team
There is No Eng Version