no

အပိုင်း (၂၆) - အကြောက်တရား

ယဲ့စစ် ဆေးလိပ်သောက်ခြင်းကို အမှန်တကယ် စွဲလမ်းမနေချေ။

ပုံမှန်အားဖြင့် သူက ဆေးလိပ်ကို အလွန်အကျွံသောက်လေ့မရှိသော်လည်း ဤရက်ပိုင်းမှာ စိုးရိမ်ပူပန်စရာများ များနေသည့်အတွက် သူ၏အာရုံကြောများကို ဖြေလျှော့ရန် နီကိုတင်းဓါတ်ကို မှီခိုအားထားခဲ့ရသည်။

စွဲလမ်းသည့်လက္ခဏာများ ပေါ်ပေါက်လာသည်နှင့် ဟော့ထင်းလန်က ၎င်းကို ဖယ်ထုတ်လိုက်လေသည်။

ယဲ့စစ် နာတာရှည်ဆေးရုံသို့ ချဥ်းကပ်လာသည်နှင့်အမျှ သူ၏စိုးရိမ်ထိတ်လန့်မှုတို့ကို မဖုံးကွယ်နိုင်ခဲ့ပေ။ သူ ကုန်စုံဆိုင်ကို ဖြတ်သွားချိန်တုန်းက ဒရိုက်ဘာကို ကားရပ်စေကာ စီးကရက်တစ်ဘူးလောက် ဝယ်ချင်ခဲ့သော်လည်း အနှီမြင်ကွင်းကို အလိုလိုအမှတ်ရသွားပြီး သူ့နှုတ်ကနေ စကားလုံးများထွက်ကျမလာခဲ့ပေ။

ဟော့ထင်းလန်၏နှုတ်ခမ်းပါးက စိုစွတ်ကာ အနည်းငယ်ပုံပျက်နေသောဖင်စီကို ဖုံးလွှမ်းသွားပြီး အဖြူရောင်မီးခိုးငွေ့များက မည်းနက်နေသော မျက်ခုံးများကို ကျော်ဖြတ်သွားလေ၏...

သူ၏လေသံနှင့် အပြုအမူများက တည်ငြိမ်နေပြီး နာခံမှုမရှိသောကလေးကို ဆုံးမနေသည့်အနေအထားအမှန်ဖြစ်သည်။

ထို့ပြင်... ၎င်းက တစ်ဝက်ကုန်နေသည့်စီးကရက်ကနေ တစ်ရှိုက်ဖွာလိုက်ရုံသာ။

"နောက်တစ်ခါ မင်းကို ဖမ်းမိခဲ့မယ်ဆိုရင်..."

အကယ်၍ သူ နောက်တစ်ကြိမ်ဖမ်းခံလိုက်ရပါက... ဘာဖြစ်လာမည်နည်း။

သူ၏စီးကရက်ကို ဆွဲယူ၍ သူ့ဘာသာသူ ဆက်သောက်လိုက်မည်လော!

သူ၏စိတ်အခြေအနေက မည်သို့ဖြစ်နေပါစေ၊ ယင်းက သိချင်စိတ်ကြောင့် ဖြစ်ကောင်းဖြစ်နိုင်ပြီး ယဲ့စစ်တစ်ယောက် ဟော့ထင်းလန်ကို စကားဖြတ်ပြောခဲ့မိသည်အား နောင်တရလာခဲ့သည်။

သို့သော် ၎င်းအား လက်တွေ့စမ်းကြည့်ဖို့ သတ္တိမရှိပေ။

သူက ရိုးသားပြီး 'နောက်တစ်ကြိမ် မရှိစေရဘူး' ဟု ကတိပေးလိုက်သည်နှင့် စီးကရက်ကို တိတ်တိတ်လေးခိုးဝယ်ဖို့ ရုန်းကန်နေခဲ့ရတာကို ရှက်ရွံ့လာခဲ့သည်။ ကားက နာတာရှည်ဆေးရုံ၏ကားရပ်ကွင်းမှာ ရပ်တန့်သွားပြီဖြစ်၏။

စနေ၊ တနင်္ဂနွေနေ့တိုင်း နေ့လယ် သို့မဟုတ် ညနေခင်းဘက်မှာ ဟော့ထင်းလန်က သူ့အား နာတာရှည်ဆေးရုံကိုသွားကာ သူ့အမေကိုတွေ့ဖို့ ဒရိုက်ဘာကိုစေလွှတ်ပေးတတ်ပြီး အချိန်အတိအကျကိုတော့ ယဲ့စစ်က ဆုံးဖြတ်ပေသည်။

ယဲ့စစ် သူ့ကို အတိအလင်းမပြောခဲ့ဖူးသော်လည်း ဤအိမ်ထောင်ရေးကြောင့် သူ့အမေ စိတ်အနှောင့်အယှက်ဖြစ်သွားမှာကို ယဲ့စစ်ကကြောက်နေကြောင်း ဟော့ထင်းလန်က သိနေလောက်ပြီး ယဲ့စစ်၏အမေဆီ အလည်အပတ်လိုက်လာဖို့ကို တစ်ခါမှ မတောင်းဆိုခဲ့ဖူးချေ။

တတိယထပ်က အများအားဖြင့် တိတ်ဆိတ်ငြိမ်သက်သော အဆင့်မြင့်လူနာဆောင်ဖြစ်သော်လည်း ယနေ့မှာမူ ဓာတ်လှေကားတံခါးပွင့်လာသည်နှင့် ဖရိုဖရဲဖြစ်နေသော မြင်ကွင်းတစ်ခုက ယဲ့စစ်၏မျက်လုံးများကို ဖမ်းစားသွားခဲ့သည်။

ဤအထပ်မှလူနာတစ်ယောက် သေဆုံးသွားခြင်းပင်။

စင်္ကြံမှာ လက်တွန်းလှည်းကိုရပ်ထားပြီး စောင်အောက်မှာ လူတစ်ယောက်၏ပုံရိပ်က ကောက်ကြောင်းထင်ဟပ်နေ၏။ ရောဂါကြောင့် ရှုံ့တွနေပြီး ၎င်းကိုကြည့်ရတာ အထီးကျန်ဆန်ကာ ကူကယ်ရာမဲ့စေသည်။ ၎င်း၏မျက်နှာကို အဝတ်ဖြူဖြင့်အုပ်ထားသောကြောင့် ထိုလူက အသက်မရှိတော့ပေ။

မိသားစုဝင်များက ငိုကြွေးနေကြပြီး ဝက်ဝံညိုကဲ့ သန်မာသောအယ်ဖာကောင်လေးတစ်ယောက်က သေးငယ်သော လက်တွန်းလှည်းရှေ့မှာ ဒူးထောက်ထိုင်ကာ ဝမ်းနည်းနေသော ကလေးတစ်ယောက်လို ငိုကြွေးနေခဲ့သည်။

"အမေ..."

သူ့မှာ အမေမရှိတော့ပေ။

နေဝင်ချိန်အလင်းရောင်က အလောင်းကိုအုပ်ထားသော အဝတ်စအဖြူပေါ် ဖြာကျနေသည်။

သိပ်ကို အဖော်မဲ့လွန်းသည်။

ယဲ့စစ်က မျက်နှာလွှဲလိုက်ပြီး သူ၏နှလုံးသားက နစ်မြုပ်သွားခဲ့သည်။ သူ ယဲ့ဟုန်ကျွင်း၏လူနာဆောင်သို့ အမြန်သွားလိုက်ပြီး တံခါးကိုအမြန်ပိတ်ကာ ပြင်ပမှ အထီးကျန်သောနီမြန်းမှုနှင့် သေခြင်းတရားတို့ဆီကနေ ကာရံလိုက်လေ၏။

ကံကောင်းစွာဖြင့် ယဲ့ဟုန်ကျွင်းက နိုးမနေခဲ့ပေ။

သူ(မ) စင်္ကြံမှလှုပ်ရှားမှုတို့ကို မကြားခဲ့ချေ။

သူ့စိတ်ကူးပဲလားမသိသော်ငြား ယဲ့ဟုန်ကျွင်းက အရင်အပတ်ကထက် ပိုပိန်သွားသလိုပင်။ အဆီနှင့် အသားများက လျော့ကျသွားပြီး သူ(မ)၏ညှပ်ရိုးများက ဖျော့တော့သောအရေပြားထက်မှာ ရေလယ်ကျောက်တန်းနှစ်ခုသဖွယ် ငေါ်ထွက်နေခဲ့သည်။

သူ ချူးမိသားစုဆီကနေ အသိအမှတ်ပြုခံရချိန်က ယဲ့စစ် ချူးဝမ်လင်ကို တောင်းဆိုမှုများစွာပြုလုပ်ခဲ့သည်။ သူ ချူးဝမ်လင်၏ပိုက်ဆံကိုအသုံးပြုကာ ယဲ့ဟုန်ကျွင်းအား ထိပ်တန်းဆေးရုံများသို့ ခေါ်ဆောင်သွားပြီး ရှာဖွေရခက်သော နယ်ပယ်တွင်းကျွမ်းကျင်သူများကို ဖိတ်ကြားခဲ့၏။ စျေးကြီးသော ထိုးဆေးများကိုလည်း ဝယ်ယူကာ အတည်ပြုပြီး စိတ်ချရသည့် အမျိုးမျိုးသောကုသနည်းများကို ကြိုးစားခဲ့သည်။

သို့သော် ယဲ့ဟုန်ကျွင်း၏အချိန်က တိုသည်ထက် တိုတောင်းလာခဲ့၏။

ယဲ့စစ် ပန်းအိုးထဲမှ ညှိုးနွမ်းတော့မည့် ဇော်မွှားပန်းများကိုထုတ်ကာ လတ်ဆတ်သော တရုတ်နှင်းဆီပန်းများနှင့် အစားထိိုးလိုက်သည်။

ရိုးတံကိုကိုင်ထားသော လက်ချောင်းထိပ်လေးများက စင်္ကြံရှိမြင်ကွင်းကြောင့် အကြောက်တရားများနှင့် တုန်လှုပ်နေခဲ့သည်။

ယနေ့ည သူ ပြန်သွားချိန်မှာ... ဟော့ရှူးရှူကို တောင်းဆိုရမည်။

သူ့မှာ တခြားနည်းလမ်းရှိနေခဲ့လျှင် မည်သို့ဖြစ်လာမည်နည်း။

၎င်းတို့က အချင်းချင်းသိလာတာ နှစ်လမျှသာရှိသေးသော်လည်း ဟော့ထင်းလန်က ကံကြမ္မာတစ်ခုကဲ့သို့ သူ့ဘဝထဲရှိ ကံဆိုးမှုများအားလုံး၏အဆုံးသတ်နှင့် ကံကောင်းမှုများ၏စတင်ခြင်းဖြစ်ပုံပင်။

ထို့ကြောင့် သူ့ဘဝမှာ အကြီးမားဆုံးကံဆိုးမှုဖြစ်သည့် သူ့အမေ၏နာမကျန်းမှုကို ဟော့ထင်းလန်က ပြောင်းပြန်လှန်ပစ််နိုင်ဖို့ ဖြစ်နိုင်ခြေရှိသည်လော။

ယဲ့စစ် စိတ်ပိုင်းဖြတ်လိုက်ပြီး စိတ်ပျက်အားငယ်ရမည်ကို ကြောက်ရွံ့သောကြောင့် အရှေ့ကိုအဝေးကြီး ကြိုမတွေးဝံ့ဘဲ ငြိမ်သက်သွားခဲ့သည်။ သူက သူ့လက်ထဲမှ ဇော်မွှားပန်းကို အမှိုက်ပုံးထဲလွှင့်ပစ်လိုက်ပြီး ခုတင်လေးမှာထိုင်ကာ ယဲ့ဟုန်ကျွင်း၏ အားနည်းနေသောလက်ကလေးကိုဆုပ်ကိုင်၍ ပျော့ပျောင်းစွာခေါ်လိုက်သည်။

"မေမေ..."

သူ့အရွယ်ကောင်လေးတစ်ယောက်အတွက် 'မေမေ' ဟုသည်မှာ ရှားပါးပေ၏။ သူက သူ(မ)ကို ထိုသို့ခေါ်ရန် မရှက်ရွံ့သော်လည်း များသောအားဖြင့် 'အမေ' ဟုခေါ်ရသည်ကို ပို၍သက်တောင့်သက်သာရှိခဲ့သည်။

သို့သော် နုနယ်သော တချို့အခိုက်အတန့်များမှာ 'မေမေ' ဟူသောနာမည်က နွေးထွေးပြီး လက်တွေ့ကျသော ခွန်အားကို ဆွဲထုတ်ပေးနိုင်ခဲ့သည်။

"မေမေ... အဆင်ပြေမှရမယ်။"

သက်ပြင်းရှည်ကြီးတစ်ချက်နှင့်အတူ သူက ယဲ့ဟုန်ကျွင်း၏ခြေထောက်ပေါ် ဦးခေါင်းလေးတင်လိုက်သည်။

အခိုက်အတန့်တစ်ခုလောက် တိတ်ဆိတ်နေပြီးနောက် သူက လတ်တလောအခြေအနေများကို ပြောပြနေပြီး အသေးစိတ်အချက်တချို့ကို ချန်လှပ်ကာ သူပြောနိုင်သည့်အရာများကို ရွေးထုတ်ပြောခဲ့သည်။

အချိန်မည်မျှကြာသွားမှန်း မသိသော်လည်း သူပြောနိုင်သမျှအရာအားလုံးကို ပြောပြီးသွားလေပြီ။

"မေမေ။"

ယဲ့စစ် နီရဲနေသောမျက်ခွံများကို ပွတ်လိုက်သည်။ သူက သူ့မျက်နှာကို စောင်အောက်မှာဝှက်ထားပြီး တွန့်ဆုတ်စွာဖြင့် တီးတိုးပြောပြလိုက်၏။

"ကျွန်တော့်မှာ၊ ကျွန်တော့်မှာ... သဘောကျရတဲ့သူရှိနေပြီထင်တယ်။"

"ကျွန်တော် သူ့ကို မပြော၊ မပြောရသေးပါဘူး။ တချို့၊ တချို့အရာလေးတွေက... မရှင်းလင်းသေးဘူးလေ။"

သူက အောက်နှုတ်ခမ်းကို ကိုက်လိုက်၏။

"ဒါက၊ ဒါက ကြီးကြီးမားမားကိစ္စတစ်ခုပဲ။ ကျွန်တော်၊ ကျွန်တော် တခြားသူတွေအတွက် တာဝန်ယူဖို့လိုတယ်။ ဒါက... ယာယီရင်ခုန်တာမျိုးဆို ဘယ်လိုလုပ်မလဲ။"

ဟော့ထင်းလန်၏အသက်အရွယ်အရ သူ နှောင့်နှေးနေလို့မဖြစ်နိုင်ပေ။

သို့သော် ထိုအရာကို သူ မပြောရဲချေ။

ယဲ့ဟုန်ကျွင်းက ငြိမ်သက်စွာအိပ်စက်နေခဲ့သည်။

"နောက်ကျ အခွင့်အရေးရခဲ့မယ်ဆိုရင်... ကျွန်တော် မေမေ့ကို သူနဲ့တွေ့စေချင်တယ်။"

ယဲ့ဟုန်ကျွင်းက သူပြောတာကို အမှန်တကယ်မကြားနိုင်ပေ။ သို့သော် ယဲ့စစ်တစ်ယောက် ရုန်းကန်နေဆဲဖြစ်ပြီး သူ့တစ်ကိုယ်လုံး ချွေးများစိုရွှဲကာ သူ၏မျက်နှာက နီမြန်းနေလေ၏။

"မေမေ စကားမပြောနိုင်ဘူးဆိုရင် ဒါက အဖြေပဲပေါ့။ ဒါဆို မေမေ စောင့်နေပြီး သူနဲ့တွေ့ဖို့ ကတိပေးလိုက်ပြီနော်။"

...

ယဲ့စစ် ယဲ့ဟုန်ကျွင်းဆီကပြန်လာပြီး အိမ်ပြန်ရောက်သောအခါ မှောင်တောင်မှောင်နေပြီဖြစ်၏။

လမ်းတစ်လျှောက်မှာ သူ ဟော့ထင်းလန်အား မည်သို့ပြောရမလဲဟု စဥ်းစားနေခဲ့ပြီး မူကြမ်းများစွာကို ပြင်ဆင်ခဲ့သည်။

သူ စကားကောင်းကောင်းမပြောနိုင်၍ ငြင်းပယ်ခံရမည်ကို ကြောက်နေတာမဟုတ်ပေဘဲ သူ့နှလုံးသားထဲက အခက်အခဲများကို မကျော်လွှားနိုင်သေးတာဖြစ်၏။ သူ ဤပါးစပ်ပေါက််ကို ဖွင့်ဟလိုက်ပြီးနောက် ဟော့ထင်းလန်က သဘောတူလိုက်ပါက ငွေကြေးနှင့် စွမ်းအင်များက ပါဝင်လာလိမ့်မည်။

သူ ထိုအရာများကို မည်သို့ပြန်ပေးဆပ်နိုင်မည်နည်း။

လက်ရှိအချိန်အတွက် သူ့မှာ အကြံဉာဏ်များမရှိသေးသော်လည်း ထိုကိစ္စကို သူ မစဥ်းစားနိုင်ပေ။ မည်သို့ပင်ဆိုစေ ဟော့ထင်းလန်က သူ့ကိုသဘောကျသည်ဟု ပြောခဲ့ရုံမျှနှင့် တစ်ဖက်လူ၏အားထုတ်မှုများကို သူ မယူချင်ပေ။

ယဲ့စစ် ကားထဲကထွက်ကာ ဟော့အိမ်တော်တံခါးဆီ လျှောက်သွားလိုက်ပြီး သူ့စိတ်ထဲကအရာများကို ဆက်တွေးနေခဲ့သည်။ သူ စိတ်လွင့်နေပြီး ဝင်ပေါက်ကိုမော့မကြည့်ဘဲ လျှောက်လာသည့်အတွက် ဟော့ထင်းလန်၏ရင်ခွင်ထဲကို တည့်တည့်ကြီးဝင်တိုးမိတော့၏။

ထိုလူက ဒရိုက်ဘာ၏တင်ပြချက်ကို ကြိုတင်လက်ခံရရှိထားပြီး သူ့ကို တံခါးဝမှာစောင့်နေခဲ့သည်။

"မလှုပ်နဲ့။"

တန်ဖိုးကြီးသော ရှပ်အင်္ကျီအဖြူရောင်ကို ဝတ်ဆင်ထားသည့် ဟော့ထင်းလန်က တံခါးပိတ်ကာ ယဲ့စစ်ကို တံခါးနှင့် ဝင်ပေါက်ကြားရှိ ကျဥ်းမြောင်းသောနေရာ၌ ပိတ်ဆို့ထားလိုက်၏၊ သူ၏ကျောပြင်က တံခါးဘောင်မှာကပ်နေပြီး သူ့အရှေ့မှာ အိတ်ကပ်ထဲ လက်နှစ်ဖက်ထည့်ထားသော ဟော့ထင်းလန်ရှိနေသည်။ သူ၏မျက်နှာက တောင့်တင်းနေပြီး နှုတ်ခမ်းများက တစ်တန်းတည်းဖြစ်နေသော်လည်း သူ၏မျက်လုံးများထဲမှာ ဖျော့တော့သောအပြုံးလေးရှိနေသည်။

"ဒါက လျှပ်တပြတ်စစ်ဆေးတာ။"

"ဘာ... ဘာအတွက် စစ်ဆေးတာလဲ။"

ယဲ့စစ်တစ်ယောက် အံ့အားသင့်နေပြီး အလိုလိုပင် သူ၏အနေအထားကို ခပ်မတ်မတ်ရပ်လိုက်သည်။

ဟော့ထင်းလန်က စောင်းလေးစောင်းငဲ့ကာ ကြော့ရှင်းစွာဖြင့် အရှေ့ကို ငုံ့ကိုင်းလာ၏။

ဖြောင့်တန်းနေသော နှာတံစင်းစင်းလေးက သူ့ဆီ နီးကပ်လာခဲ့သည်။

ထို့နောက်မှာတော့ ယဲ့စစ်၏ စေ့ပိတ်ထားသောနှုတ်ခမ်းများကို အနံ့ခံလေတော့သည်။

ထိတွေ့စရာမလိုဘဲ ၎င်းတို့က မည်မျှနူးညံ့နေကြောင်းကို ဟော့ထင်းလန် မြင်တွေ့နိုင်ပေ၏။ ၎င်းတို့က ပန်းပွင့်ချပ်ကလေးများနှယ်။

"မင်း ဆေးလိပ်မသောက်ခဲ့ဘူးမလား။"

ဟော့ထင်းလန်က သူ့နှုတ်ခမ်းကို နမ်းတော့မည်ဟုတွေးနေသည့် ယဲ့စစ်မှာ တစ်ကိုယ်လုံး တောင့်တင်းသွား၏။ သူ၏နှလုံးခုန်သံများက ကြမ်းတမ်းနေပြီး သူ စောစောကကြားလိုက်သည့်အရာကို နားလည်ဖို့ စက္ကန့်ပိုင်းမျှ အချိန်ယူလိုက်ရသည်။ သူ၏မျက်နှာက ရင့်မှည့်နေသောအသီးနှယ် နီရဲနေပြီး သူ ရှက်လွန်းသဖြင့် ခေါင်းငုံ့သွားခဲ့သော်လည်း ပြန်ဖြေဖို့မမေ့ခဲ့ပေ။

"ကျွန်တော် မသောက်ခဲ့ပါဘူး။ ကျွန်တော်၊ ကျွန်တော် ထပ်မသောက်တော့ဘူးလို့ ကတိပေးခဲ့တယ်လေ..."

သူက ရိုးသားသောကလေးတစ်ယောက်ပင်။

တကယ်တမ်းတော့ ဟော့ထင်းလန် မေးစရာမလိုဘဲ သိထားပြီးသားပင်။

အတိတ်ဘဝတုန်းကလည်း ယဲ့စစ်က ယခုလိုပင်။ သူက ရိုးသားပြီး သိမ်မွေ့ကာ တိတ်ဆိတ်သည်။ သူ တစ်စုံတစ်ခုကို ပြောခဲ့လျှင် ထိုစကားကို စောင့်ထိန်းတတ်သူဖြစ်၏။

"မဆိုးပါဘူး။"

ဟော့ထင်းလန်က သဘောတူကာ သူ့အတွက် လမ်းဖယ်ပေးလိုက်သည်။ သူ့ကို ထိုအကြောင်းအား တွေးခွင့်မပေးဘဲ စိုးရိမ်စိတ်ဖြင့် မေးမြန်းလိုက်၏။

"ဒီနေ့လယ်တုန်းက မင်းအမေကို သွားတွေ့ခဲ့တာလား။"

ယဲ့စစ်က ဖိနပ်လဲသည့်ခုံမှာ ထိုင်လိုက်ပြီး ပေါ့ပါးသောလှုပ်ရှားမှုများနှင့်အတူ ဖိနပ်အပါးများကို လဲဝတ်လိုက်သည်။ "အွန်း..."

"ဒီနောက်ပိုင်း သူ(မ) ဘယ်လိုနေသေးလဲ။"

ဟော့ထင်းလန်က ယဲ့စစ်နှင့် သူ့အမေအကြောင်းကို ဆွေးနွေးကာ စကားဝိုင်းကို ထိုဦးတည်ရာသို့ လမ်းညွှန်လိုက်သည်။

ယဲ့ဟုန်ကျွင်းအကြောင်း ပြောလာချိန်မှာ နေ့လယ်က စင်္ကြံရှိမြင်ကွင်းမှာ ယဲ့စစ်၏စိတ်ထဲ ရုတ်ခြည်းဝင်ရောက်လာခဲ့သည်။ ယဲ့စစ် လက်သီးနှစ်ဖက်ဆုပ်ကာ သူ့ကိုယ်သူ တွန့်ဆုတ်နေခွင့်မပေးဘဲ ပွင့်ပွင့်လင်းလင်းထုတ်ပြောလိုက်၏။

"ဟော့ရှူးရှူ၊ လွန်ခဲ့တဲ့ရက်တုန်းက ကျွန်တော်... ကျွန်တော် ခင်ဗျားဆီကနေ တစ်ခု၊ တစ်ခုတောင်းဆိုရမယ်လို့ ပြောခဲ့တယ်မဟုတ်လား... ကျွန်တော် အဲ့ဒါကို အခုတောင်းဆိုမယ်ဆိုရင် အဆင်ပြေလား။"

"သေချာတာပေါ့။" ဟော့ထင်းလန်က နူးညံ့စွာပြောလာ၏။ "တောင်းဆိုလို့ရတယ်လေ။"

"ခင်ဗျား၊ ခင်ဗျား ကျွန်တော့်... ကျွန်တော့်အမေကို ကူညီ၊ ကူညီပေးနိုင်မလား။"

ယဲ့စစ်၏နှလုံးသားက ပြင်းထန်စွာခုန်ပေါက်နေ၏။ ဟော့ထင်းလန်ကို ဖွင့်ဟရန် သူထင်ထားသလောက် မခက်ခဲပေ။ ကိုယ့်ကိုယ်ကိုယ်တန်ဖိုးထားမှုကို ထိခိုက်ခြင်းလည်းမရှိခဲ့ချေ။ ဆန့်ကျင်ဘက်အနေဖြင့် သူ ထိုစကားများကို ပြောသောအခါတွင် မကြုံဖူးသော သက်သာရာရမှုနှင့် မောပန်းနွမ်းနယ်မှုတို့ကို ခံစားလိုက်ရသည်။

သူ၏စိတ်ဝိညာဉ်ထဲ ကြာရှည်စွာပိတ်လှောင်ထားခဲ့သော အလုံပိတ်ဧရိယာတွင် အပေါက်တစ်ခုပေါ်လာပြီး ကန့်သတ်ချက်အထိ ရောက်ရှိနေပြီဖြစ်သော ဖိအားများက တစ်ခုပြီးတစ်ခု ပေါက်ကွဲထွက်လာခဲ့သည်။ မာကျောပြီး ပုံပျက်နေသည့်အရာက လျင်မြန်စွာပြိုလဲကာ ပျော့ပျောင်းလာပြီး မူလအသွင်အပြင်သို့ ပြန်ရောက်သွားခဲ့သည်။

ယဲ့စစ် သူ့စိတ်ထဲမှာ သိမ်းဆည်းထားသောအရာများကို ဖွင့်ထုတ်လိုက်၏။ သူ ထိုအရာများကို ယခုမပြောလိုက်လျှင် နောက်တစ်ကြိမ် မပြောနိုင်တော့မည်ကို စိုးရွံ့မိသည်။

"ကျွန်တော် သူ(မ)ကို ကျွန်တော်တတ်နိုင်တဲ့ ဆေးရုံကြီးတွေဆီ ခေါ်သွားပေးပြီး ကုသမှုအစီအစဥ်အမျိုးမျိုးကို ကြိုးစားခဲ့တယ်။ ကျွန်တော်၊ ကျွန်တော် တခြားဘာလုပ်ရမလဲကို မသိတော့ဘူး။ သူ(မ)၊ သူ(မ) ဒီနှစ်ကို ကျော်ဖြတ်နိုင်မှာမဟုတ်ဘူးလို့ ကျွန်တော်ခံစားနေရတယ်။ ကျွန်တော် အဲ့ဒီအကြောင်းကိုတွေးလိုက်ရင် ကျွန်တော် ကြောက်တယ်... ကျွန်တော် အရမ်းကြောက်တယ် ဟော့ရှူးရှူ..."

သူ စကားပြောနေချိန်မှာ စိုးရိမ်နေခဲ့သော စကားပြောစွမ်းရည်က လုံးဝပြိုလဲသွားပြီး ယဲ့စစ်တစ်ယောက် သူဘာတွေပြောနေမှန်းကို မသိတော့ပေ။ ရေကာတာတံခါးကို ကျယ်ကျယ်ဖွင့်လိုက်ရာ ခါးသီးသောရေများက မရပ်တန့်နိုင်လောက်အောင် စီးဆင်းလာခဲ့လေသည်။

သူ လွန်ခဲ့သောနှစ်အနည်းငယ်အတွင်း ဆေးကုသမှုခရီးရှည်ပေါ်မှ ခါးသီးသောအခက်အခဲများ၊ ဆေးကုသစရိတ်အတွက် တစ်နေ့တစ်နေ့ အလုပ်များစွာလုပ်ကိုင်ရသည့် ပင်ပန်းမှု၊ စာမေးပွဲရလဒ်များ အကြိမ်ကြိမ်ကျရှုံးခဲ့ရသည့် စိတ်ပျက်အားငယ်မှုများ၊ ဆေးရုံစင်္ကြံရှိ မာကျောအေးစက်သော ခုံတန်းလျားများ၊ ရေနွေးအိုးအဖုံးအောက်မှ ပျော့ဖက်သွားကာ ပေါက်စီများ၊ သူနှင့် သက်ဆိုင်ခဲ့ဖူးသော စာသင်ခန်းအတွင်းရှိ စားပွဲခုံအလွတ်...

ဝမ်းနည်းကြေကွဲမှုများနှင့် ခေါင်းကိုက်မှုများကို သူ မြဲမြံစွာဆုပ်ကိုင််ထားပြီး မဖွင့်ထုတ်ရဲခဲ့ပေ။ သူ၏စွမ်းအင်များ ကုန်ခန်းသွားပြီး သူ ပြားချပ်ကာ ပျော့ပျောင်းလာပါက သူ့ကို မည်သူကထောက်ပံ့ပေးမည်နည်း။

နောက်ဆုံးမှာတော့ သူ ပြောနိုင်ခဲ့သည်။ သူ့ကိုယ်သူ စကားပြောခွင့်ပြုနိုင်ခဲ့၏။

သူ မည်မျှကြာအောင် ထစ်ထစ်ငေါ့ငေါ့ဖြင့် စကားပြောနေမိမှန်း မသိသော်လည်း သူ၏ပါးစပ်က ပင်ပန်းလာပြီး သူ၏မျက်နှာကလည်း နာကျင်လာခဲ့သည်။ ဟော့ထင်းလန်က သူ့ဘေးမှာရှိနေပြီး သူ့ကို ကြားဖြတ်ပြောခြင်းမရှိဘဲ ဝင်ပေါက်မှဖိနပ်လဲသည့်ခုံမှာ ဘေးချင်းကပ်ထိုင်နေခဲ့၏။

သူက တိတ်တဆိတ်နားထောင်နေပြီး သူနားထောင်နေကြောင်း ပြသသည့်အနေအဖြင့် ရံဖန်ရံခါ အသံပြုလာတတ်သည်။ သူက ကလေးတစ်ယောက်အား ချော့မြှူနေသကဲ့သို့ ညင်သာစွာ၊ စိတ်ရှည်စွာဖြင့် ယဲ့စစ်၏ကျောပြင်ကို ပွတ်သပ်ပေးနေခဲ့၏။

စိတ်ခံစားချက်များကို လုံးလုံးလျားလျားဖွင့်ထုတ်ပြီးနောက် ယဲ့စစ်တစ်ယောက် သူ၏ဦးခေါင်းက ဗလာကျင်းကာ ထုံထိုင်းသွားသလိုသာ ခံစားလိုက်ရသည်။

သူ့ဘဝမှာ ထိုအရာများကို မည်သူတစ်ဦးတစ်ယောက်ကိုမှ ရင်မဖွင့်ခဲ့ဖူးပေ။ စိတ်အားထက်သန်မှုများ ကျော်လွန်သွားသည့်အခါ သူ ရှက်ရွံ့လာပြီီး သူ၏ဦးခေါင်းလေးကို ဟော့ထင်းလန်၏ပခုံးပေါ်ကနေ ဖြည်းဖြည်းချင်းဖယ်ရှားကာ ဟော့ထင်းလန်၏ရှပ်အင်္ကျီအဖြူပေါ်မှ အစိုကွက်ကြီးကို သူ့အင်္ကျီလက်ဖြင့် သုတ်ပေးဖို့ အချည်းနှီးကြိုးစားနေခဲ့သည်။

ဟော့ထင်းလန်က လက်မြှောက်ကာ နူးညံ့ပြီး ရှုပ်ပွနေသည့် သူ၏ဆံပင်များကို ပွတ်သပ်လိုက်သည်။ အချိန်အတော်ကြာ တိတ်ဆိတ်နေခဲ့ပြီးနောက် သူက ပျော့ပျောင်းစွာပြောလိုက်သည်။

"ကိစ္စမရှိပါဘူး။"

"...ဟမ်?"

ယဲ့စစ်က နှာရှုံ့လိုက်သော်လည်း တုံ့ပြန်နိုင်စွမ်းမရှိသေးပေ။

"မင်းရဲ့တောင်းဆိုချက်လေ။"

ဟော့ထင်းလန်က သူ့ပခုံးကိုပုတ်ကာ ထရပ်လိုက်သည်။

"အစတုန်းက ကိုယ် နောက်နှစ်ရက်လောက်နေမှ မင်းကိုပြောပြမလို့ စီစဥ်ထားတာ... လာ ကိုယ်နဲ့လိုက်ခဲ့။"

***

Aurora Novel Translation Team

အပိုင်း (၂၇) - တောအုပ်လေးဆီပြန်သွားခြင်း

ယဲ့စစ်တစ်ယောက် ဟော့ထင်းလန်၏အနောက်ကနေ တတိယထပ်ရှိ အနောက်ဘက်အခြမ်းမှ အခြားစာဖတ်ခန်းတစ်ခုဆီ လိုက်ပါသွားခဲ့သည်။

သူ အရင်က ဤအခန်းထဲသို့ လုံးဝမရောက်ဖူးချေ။ ၎င်းကို ပိုအရေးကြီးသည့်အရာများသိမ်းဆည်းရန် အသုံးပြုသည့်ပုံပင်။ ကြမ်းပြင်ကို ချောမွေ့သောသစ်ကတိုးဖြင့်ခင်းထားပြီး ကော်ဇောက ပျော့ပျောင််းလှသည်။ လူ့တစ်ရပ်ရှိသော သားရေအစစ်နှင့်ပြုလုပ်ထားသည့် မီးခံသေတ္တာတစ်လုံးရှိပြီး နက်ပြာရောင်၊ ရွှေရောင်တို့နှင့်စီခြယ်ထားကာ မာကျောပြီး လေးလံမည့်ပုံပင်။

မီးခံသေတ္တာထဲမှာ အံဆွဲလေးများရှိပြီး အမျိုးအစားခွဲထားသော အိမ်ခြံမြေနှင့် စတော့ရှယ်ယာများနှင့်သက်ဆိုင်သည့် စာရွက်စာတမ်းများနှင့် ပြည့်နှက်နေပြီး အပေါ်ဆုံးမှာ ယဲ့စစ်အတွက် သီးသန့်ထားထားသည်။

ထိုထဲမှာ အချောသပ်အနားများနှင့် ကောင်းမွန်စွာဖုံးအုပ်ထားသော လက်မှတ်ဟောင်းများက အထပ်လိုက်ရှိနေခဲ့သည်။ 'ကောင်းခြင်းသုံးမျိုး'၊ 'ဂုဏ်ပြုလွှာ'၊ အနီရောင်တောက်တောက်နှင့် ကြေးဝါရောင်တောက်တောက်တို့ဖြင့် ပြုလုပ်ထားသော 'သတင်းကောင်းစာစောင်' စသည်တို့က ယဲ့ဟုန်ကျွင်း၏ လက်ရေးဖြင့်ရေးသားထားသော အုပ်ထိန်းသူမှတ်တမ်းနှင့် အယ်လ်ဘမ်အကြီးကြီးနှစ်ခုနှင့်အတူ အဖိုးတန်သော အနက်ရောင်အံဆွဲထဲမှာ အေးအေးချမ်းချမ်းရှိနေခဲ့ပြီး 'ငါ့ဘဝတစ်ခုလုံးက အဖိုးတန်တယ်...' ဟူသောလေထုကို ထုတ်လွှတ်နေခဲ့သည်။

"...ဘာလို့လဲ၊ ဘာလို့ ဒါတွေအားလုံးက မီးခံသေတ္တာထဲမှာ ရှိနေရတာလဲ။"

ယဲ့စစ် မူလတန်းတုန်းကရရှိခဲ့သည့် 'ဗီဇကောင်းမွန်ခြင်းစံနမူနာ' တောင် ရှိနေခဲ့လေ၏။

ယဲ့စစ်တစ်ယောက် ခြေထောက်များပျော့ခွေသွားတဲ့အထိ ရှက်ရွံ့သွားပြီး ဟော့ထင်းလန်ရှေ့မှာ ဒူးထောက်လုနီးနီးပင်။

သူ ယူလာခဲ့သော သေတ္တာအဟောင်းများကို ဦးလေးဟယ်က သိမ်းဆည်းပေးခဲ့ပြီး ၎င်းတို့ကို စတိုခန်းထဲမှာ စုပုံနေလိမ့်မည်ဟုသာ ထင်ထားခဲ့သည်။ ဤအချိန်အတောအတွင်း သူ ထိုအကြောင်းကို မတွေးနိုင်လောက်အောင်အထိ စာလေ့လာခြင်းကိုသာ အာရုံစိုက်ထားခဲ့၏...

"ဘာလို့လဲ။" ဟော့ထင်းလန်၏နှုတ်ခမ်းများက ကွေးညွတ်နေသည်။ သူက ဖိုင်တွဲတစ်ခုကိုထုတ်ယူ၍ သူ၏ကျီစယ်မှုကို ဖုံးကွယ်ကာ တည်ငြိမ်စွာမေးမြန်းလိုက်၏။ "မီးခံသေတ္တာရဲ့ရည်ရွယ်ချက်က အရေးကြီးတဲ့ပစ္စည်းတွေကို သိမ်းဆည်းဖို့ပဲလေ။ ဒါတွေက မင်းအတွက် အရေးကြီးတဲ့ပစ္စည်းတွေမဟုတ်ဘူးလား။"

"ဟုတ်ပါတယ်၊ အရေး၊ အရေးကြီးပါတယ်။" ယဲ့စစ်တစ်ယောက် ဆွံ့အနေလေ၏။

သို့သော် ၎င်းတို့က အဖိုးမတန်ပေ။ ဤသည်မှာ...

"ဒါဆို။" ဟော့ထင်းလန်က ပြုံးလိုက်ပြီး ချာတိတ်လေး၏ဦးခေါင်းပေါ်မှ ထွက်လာသည့် အပြာရောင်မီးခိုးငွေ့လေးများကို ကြည့်ရှုနေခဲ့သည်။ "ဘာဖြစ်လို့လဲ။"

ယဲ့စစ်: "..."

ယဲ့စစ်က တိတ်ဆိတ်နေသည်ကို မြင်လိုက်ရသောအခါ ဟော့ထင်းလန်က ဖိုင်ကိုဖွင့်ကာ အရေးကြီးကိစ္စကို ပြောလိုက်လေသည်။

ဖိုင်တွဲထဲမှာ အရွယ်အစားအမျိုးမျိုးရှိသော ဆေးဘက်ဆိုင်ရာမှတ်တမ်းများကို အကြောင်းအရာနှင့် ရက်စွဲအလိုက် သေသေသပ်သပ်စီထားသည်။ မကြာသေးမီနှစ်များအတွင်း ယဲ့ဟုန်ကျွင်း၏အခြေအနေ ပြောင်းလဲမှုများကို တစ်ချက်ကြည့်လိုက်ရုံနှင့် ရှင်းလင်းနေပေ၏။ ထို့ပြင် ယဲ့စစ်နားမလည်သော နိုင်ငံခြားဘာသာနှင့်ရေးသားထားသည့် စာရွက်စာတမ်းတချို့လည်းရှိနေသေးသည်။

ထိုဖိုင်ကို ယဲ့စစ်ရင်းနှီးနေ၏။ တစ်နေ့က စာဖတ်ခန်းထဲမှာ ထိုဖိုင်တွဲအား ဟော့ထင်းလန်ကိုင်ထားတာကို မြင်ခဲ့ဖူးသည်။ ထိုအချိန်က တစ်နည်းနည်းဖြင့် ဆေးမှတ်တမ်းများနှင့်တူသည်ဟုတောင် သူ တွေးခဲ့သေး၏...

အမှန်တကယ်လည်း ဆေးမှတ်တမ်းများဖြစ်နေခဲ့သည်။

"ဥပဒေအရ မင်းရဲ့အမေကလည်း ကိုယ့်အမေပဲလေ။ မင်းအပေါ်မှာရှိတဲ့ ကိုယ့်ခံစားချက်ကြောင့်ပဲဖြစ်ဖြစ်၊ ဥပဒေနဲ့ စာရိတ္တကြောင့်ပဲဖြစ်ဖြစ်၊ သူ(မ)ရဲ့ကျန်းမာရေးအတွက် ကိုယ်တာဝန်ယူပေးသင့်တယ်... မင်း သဘောတူမယ်လို့ ကိုယ်ယုံကြည်တယ်။ တကယ်လို့ ကိုယ်တို့တွေ နေရာပြောင်းသွားခဲ့မယ်ဆိုရင် မင်းလည်း အခုလိုလုပ်ပေးမှာပဲ။"

ဟော့ထင်းလန်က သဘာဝကျသောလေသံဖြင့် ပြောလာပြီး သူ၏လုပ်ရပ်များက ပုံမှန်ဖြစ်ပြီး ထိုသို့မလုပ်မှ ထူးဆန်းနေလိမ့်မည်ဟူသော သူ၏ယုတ္တိကျကျခွဲခြမ်းစိတ်ဖြာမှုထဲ ယဲ့စစ်ကို အပျော့ဆွဲဆွဲနေခဲ့သည်။

"အဲ့ဒါကြောင့် ကိုယ် သူ(မ)ရဲ့ကနဦးဆရာဝန်နဲ့ ဆွေးနွေးခဲ့ပြီး လွန်ခဲ့တဲ့နှစ်နှစ်အတွင်း သူ(မ)ရဲ့မှတ်တမ်းတွေကို စုဆောင်းခဲ့တယ်။ ပြီးတော့ ဆန်ဖရန်စစ္စကိုမှာရှိတဲ့ ဇီဝဆေးကုမ္ပဏီတစ်ခုနဲ့ ဆက်သွယ်ခဲ့တယ်..."

ယဲ့ဟုန်ကျွင်းက အိုမီဂါဇီဝစနစ်နှင့် ဆက်စပ်နေသည့် အန္တရာယ်များသောရောဂါကို ခံစားနေရပြီး ယင်းက မျိုးရိုးလိုက်တတ်ပေ၏။

အတိတ်ဘဝတုန်းက ယဲ့စစ် သူ့အမေ၏ရောဂါကို မျိုးရိုးလိုက်မည်စိုးရိမ်သောကြောင့် ဟော့ထင်းလန်က ရောဂါအကြောင်း ကျယ်ကျယ်ပြန့်ပြန်နှင့် အသေးစိတ်လေ့လာခဲ့ပြီး အန္တရာယ်များသောအချက်များ၊ ကနဦးလက္ခဏာများ၊ ကာကွယ်နည်းများနှင့် အရေးကြီးဆုံးဖြစ်သည့် ကုသနည်းများအထိ ရှာဖွေခဲ့လေသည်။ ကံကောင်းစွာဖြင့် ထိုအချိန်က ကုသနိုင်သည့်သက်ရောက်မှုရှိသော ဆေးဝါးအသစ်ကို စျေးကွက်မှာ အတည်ပြုခဲ့ပြီး စျေးနှုန်းကမြင့်မားသော်လည်း ကုသမှုအာနိသင်က အလွန်ကောင်းမွန်၏။

ယဲ့စစ် အနာဂတ်မှာ အမှန်တကယ် မကျန်းဖြစ်ခဲ့ပါက သူ ထိုဆေးဖြင့် ကုသနိုင်ပေသည်။ ဝမ်းနည်းစရာကောင်းသည်မှာ ဆေးအသစ်က နိုင်ငံ၏ဆေးဝါးထိန်းချုပ်ရေးအာဏာပိုင်များ၏ ခွင့်ပြုချက်ကို ယဲ့ဟုန်ကျွင်း ဆုံးပါးသွားသည့်နှစ်မှာမှ ရရှိခဲ့သည်။ အနာဂတ်တွင် အောင်မြင်မှုကြီးကြီးမားမားရရှိလာမည့် ဤပရောဂျက်က ၎င်းတို့၏နိုင်ငံမှာ အာရုံစိုက်မှုမရရှိထားသလို ၎င်း၏ယုံကြည််စိတ်ချရမှုကိုလည်း ရာနှုန်းပြည့် သက်သေမပြနိုင်သေးပေ။

သို့သော်လည်း ဟော့ထင်းလန်က အာနိသင်ရှိသည့်ဆေးဖြစ်လာမည့် ဤဆေးအသစ်၏အနာဂတ်ကို ကြုံတွေ့ခဲ့ဖူးပြီး လုံခြုံသည့်ဘက်မှာရှိနေရန် လွန်ခဲ့သည့်နှစ်လလုံး ပါတီများစွာဖြင့်ဆွေးနွေးကာ ထိုပရောဂျက်ကို ကျယ်ကျယ်ပြန့်ပြန် သုတေသနလုပ်ခဲ့သည်... လက်ရှိမှာ ၎င်းက ယဲ့ဟုန်ကျွင်း၏ရောဂါ သက်သာလာဖို့ တစ်ခုတည်းသောမျှော်လင့်ချက်ဖြစ်၏။

"... ဆေးကုမ္ပဏီက မနှစ်ဒီဇင်ဘာလက Nasdaq* မှာ လူသိရှင်ကြားချပြခဲ့တယ်။ ထောက်ပံ့ငွေက $၃၃၅ သန်းအထိရောက်သွားပြီး သုတေသနနဲ့ ဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေအတွက် လုံလောက်သွားပြီ။ လက်ရှိ သူတို့ရဲ့ထုတ်ကုန်ထဲမှာ ဆေးဝါးခုနစ်မျိုးရှိပြီး သူတို့ထဲကတစ်ခုဖြစ်တဲ့ ပြင်းထန်တဲ့ အိုမီဂါဂလင်းရောဂါအတွက်ဆေးဝါးက စမ်းသပ်မှုအဆင့် III ကိုရောက်သွားပြီး အဲ့ဒီအဆင့်မှာ သူတို့ရဲ့အဓိကပရောဂျက်ဖြစ်လာခဲ့တယ်။"

ဟော့ထင်းလန်က အခြေအနေကိုရှင်းပြကာ ကုမ္ပဏီအချက်အလက်များနှင့် ဆေးဝါးတိုးတက်မှုအဆင့်တို့ကို ပုံနှိပ်ထားသည့်စာရွက်အား ထုတ်ယူလိုက်ပြီး ယဲ့စစ်ကို ကမ်းပေးလိုက်သည်။

"ဒီအတောအတွင်း ကိုယ် ဆေးပညာနယ်ပယ်ထဲက အာဏာပိုင်တော်တော်များများနဲ့ ဆွေးနွေးပြီးသွားပြီ။ သူတို့မှာ ဒီပရောဂျက်အတွက် မြင့်မားတဲ့အကဲဖြတ်မှုတွေရှိနေတယ်။ လက်တွေ့စမ်းသပ်မှုအဆင့်မှာ မသေချာမရေရာမှုတွေ ရှိနေပေမဲ့ တခြားကုသနည်းတွေက သိသာတဲ့အကျိုးသက်ရောက်မှုတွေမရှိဘူး။ ကိုယ်ကတော့... ဒါကို ကြိုးစားကြည့်သင့်တယ်လို့ထင်တယ်။"

[TN/ Nasdaq ဆိုတာ ကမ္ဘာလုံးဆိုင်ရာ စတော့စျေးကွက်တစ်ခုပါ။]

ဟော့ထင်းလန်က ဤအစီအစဥ်ကို ဖြစ်နိုင်ခြေရှိသည်ဟု တွေးထားပြီး ၎င်း၏အရေးပါမှုကို ချဲ့ကား၍ဖော်ပြလို့မရနိုင်ပေ။

ယဲ့စစ်က ဟော့ထင်းလန်ပေးလာသော စာရွက်စာတမ်းများကို ဆုပ်ကိုင်ထား၏။ ၎င်းတို့ကိုဖတ်ရှုနေသည့် သူ၏မျက်လုံးများက အနည်းငယ်တုန်လှုပ်နေပြီး သူဆုပ်ကိုင်ထားသောနေရာမှာ စာရွက်က တွန့်ကြေနေခဲ့သည်။ သူသာ နှေးကွေးစွာတုံ့ပြန်ပါက အခွင့်အရေးက သူ့လက်ချောင်းများကြားကနေ ချော်ထွက်သွားမည့်အလား ဆုပ်ကိုင်ထားခဲ့သည်။

ဟော့ထင်းလန်က သူ့ကို ဖိုင်တစ်ခုလုံးပေးကာ နွေးထွေးစွာပြောလိုက်သည်။

"ကိုယ် အရင်က ပြည့်ပြည့်စုံစုံမပြင်ဆင်ရသေးလို့ အဲ့ဒါက လုံခြုံမှုရှိ၊ မရှိကို မသိခဲ့ဘူး။ အဲ့ဒါကြောင့် မင်းကိုမပြောပြခဲ့တာ။ တစ်စုံတစ်ခုမှားယွင်းသွားရင် ကိုယ် မင်းရဲ့မျှော်လင့်ချက်တွေကို ဖျက်ဆီးမိမှာစိုးတယ်... အခု ဒီပရောဂျက်ရဲ့အချက်အလက်တွေအားလုံးက ဒီထဲမှာရှိတယ်။ ဒါကိုယူသွားပြီး ဂရုတစိုက်ဖတ်ကြည့်လိုက်ပါဦး၊ ပြီးမှ ကိုယ့်ကို အဖြေပြန်ပေး။ လက်တွေ့စမ်းသပ်မှုအဆင့် III စဖို့ အချိန်တွေအများကြီးလိုသေးတယ်။"

သူက လက်မြှောက်ကာ ယဲ့စစ်၏ဆံပင်လေးကို ပွတ်သပ်ပေးလိုက်ပြီး သူ၏တည်ငြိမ်သောလေသံက ရှင်းပြလို့မရစွာဖြင့် နှစ်သိမ့်မှုဖြစ်စေခဲ့သည်။

"စိတ်မပူပါနဲ့၊ ကြောက်လည်းမကြောက်နဲ့၊ အခု မင်းအမေရဲ့အခြေအနေက တည်ငြိမ်နေတုန်းပဲ။"

အတိတ်ဘဝက ယဲ့ဟုန်ကျွင်းသည် ယဲ့စစ်၏ တက္ကသိုလ်ဝင်စာမေးပွဲမတိုင်ခင် သုံးလအလိုမှာ ကွယ်လွန်သွားခဲ့သည်။ ယခုအချိန်နှင့်ဆို အဝေးကြီးလိုသေးပြီး ပြဿနာကြီးကြီးမားမား ရှိလိမ့်မည်မဟုတ်ပေ။

"သူ(မ)က စမ်းသပ်မှုမှာ ပါဝင်မယ်ဆိုရင်... ကျွန်တော့်အမေက ဆန်ဖရန်စစ္စကို'ကို သွားရမှာလား။"

ယဲ့စစ်က မေးမြန်းလိုက်ပြီး သူ့မျက်လုံးများထဲမှာ ကူကယ်ရာမဲ့မှုတို့ရှိနေခဲ့သည်။

သူက တရုတ်စာကိုတောင် ဖြောင့်အောင်မပြောနိုင်ပေ။ အကယ်၍ အင်္ဂလိပ်စာကို လက်တွေ့အသုံးချရတော့မည်ဆိုပါက လမ်းအမှတ်အသားများနှင့် ကုန်စုံဆိုင်မှာ 'How... how much?' ဟုသာ မေးမြန်းနိုင်ပေလိမ့်မည်...

သို့သော် စမ်းသပ်မှုမှာပါဝင်ဖို့ ယဲ့ဟုန်ကျွင်းကို သမုဒ္ဒရာ၏အခြားတစ်ဖက်သို့ တစ်ယောက်တည်းပို့လိုက်ဖို့ကိုလည်း သူ စိတ်မချနိုင်ပေ။

ဟော့ထင်းလန်က သူ၏စိုးရိမ်မှုတို့ကို မြင်တွေ့လိုက်ပြီး ပျော့ပျောင်းစွာပြုံးလိုက်သည်။

"လက်တွေ့စမ်းသပ်မှုလုပ်ငန်းစဥ်က တော်တော်ကြာလိမ့်မယ်။ မင်း သူ(မ)ကို လိုက်ပြီးစောင့်ရှောက်ပေးနိုင်မှာမဟုတ်ဘူး။ တကယ်လို့ မင်းအမေကို ကုသဖို့အတွက် စေလွှတ်ဖို့ဆန္ဒရှိတယ်ဆိုရင် ကိုယ် ကုသမှုတစ်လျှောက်လုံး သူ(မ)ကိုအဖော်ပြုပေးမဲ့ ဆေးအဖွဲ့နဲ့ လက်ထောက်တစ်ယောက်ကို စီစဥ်ပေးလို့ရတယ်။ လက်ရှိမှာ မင်းရဲ့ဦးစားပေးက စာလေ့လာဖို့ပဲ... ကျန်တာကို ကိုယ့်ကိုပဲအပ်ထားလိုက်လို့ရတယ်။"

ကုသမှုတစ်လျှာက်လုံးမှာ တစ်စုံတစ်ယောက်ကို အဖော်ပြုကာ နိုင်ငံခြားတိုင်းပြည်များသို့ လိုက်ပါသွားမည့် ဆေးအဖွဲ့နှင့်ပတ်သက်၍ ယဲ့စစ်၏ဗဟုသုတက ကန့်သတ်ချက်ရှိသည်။ လက်ရှိမှာ သူ ဘာကိုမှမတွေးနိုင်ဘဲ နိုင်ငံခြားမှာကုသမှုခံယူဖို့ ရှာဖွေခဲ့သည့် ယခင်အတွေ့အကြုံများကို ပြန်လည်သုံးသပ်နေခဲ့၏။

ကိစ္စများကို ယခုလိုမျိုး ဖြေရှင်းနိုင်ခဲ့သည်။

ကမ္ဘာပေါ်မှာ ဟော့ရှူးရှူလိုလူကောင်းမျိုးက မည်သို့ဖြင့်တည်ရှိနိုင်ရသနည်း။

ယဲ့စစ်၏နှာခေါင်းထိပ်လေးက စူးရှကာ နာကျင်လာခဲ့သော်လည်း သူ ဘာမှမပြောနိုင်ခဲ့ပေ။

တိုးထွက်လာသည့် ကမောက်ကမစိတ်ခံစားချက်များက သူ့လည်ချောင်းမှာတစ််နေပြီး သူ့အား အသက်ရှုကျပ်လာစေခဲ့သည်။

ထို့ကြောင့် သူက ရုတ်တရက် အရှေ့ကိုတက်ကာ ဟော့ထင်းလန်၏ရင်ခွင်ထဲ တိုးဝင်သွားလိုက်တော့သည်။ ပင်ပန်းနွမ်းနယ်နေသော ငှက်ကလေးက တောအုပ်လေးဆီ ပြန်ရောက်သွားသလိုမျိုး သူက သူ့ကိုယ်သူ နွေဦးလေပြည်လေးထဲ ပစ်ဝင်ကာ သူ၏လက်မောင်းများဖြင့် ဟော့ထင်းလန်၏ခါးကို တင်းကျပ်စွာရစ်ပတ်ထားခဲ့သည်။ ကလေးတစ်ယောက်လို အပြစ်ကင်းစင်မှုမျိုးနှင့်အတူ သူ၏စိတ်ခံစားချက်များကို မည်သို့ဖော်ပြရမှန်းမသိဘဲ တင်းကျပ်စွာသာ ပွေ့ဖက်ထားခဲ့လေ၏။

ထိုအဖြူရောင်တီရှပ်လေးက ခြောက်သွေ့ခါစပဲရှိသေးသော်လည်း ယခု ပြန်ပြီးစိုသွားခဲ့သည်။

အချိန်တစ်ခုကြာပြီးနောက် ယဲ့စစ်က ဝါကျတစ်ကြောင်းကို ဖျစ်ညှစ်၍ပြောလိုက်ရသည်။

"ကျွန်တော်က ပုံမှန်ဆို ဒီလိုမဟုတ်ပါဘူး။ ကျွန်တော်၊ ကျွန်တော်က ဘာပဲဖြစ်ဖြစ် မငို၊ မငိုတတ်ဘူး..."

ဤရက်ပိုင်းအတွင်း သူ ဟော့ရှူးရှူရှေ့မှာ မျက်ရည်များကုန်ခန်းအောင် ငိုကြွေးနေမိသလိုပင်။

သူ ရှင်းမပြရရင် စိတ်သက်သာရမည်မဟုတ်ပေ။

"အင်း။" ဟော့ထင်းလန်က ခေါင်းငုံ့ကာ သူ့ကို ပွေ့ဖက်လိုက်သည်။ "အနာဂတ်မှာ ရှောင်စစ်က ငိုတော့မှာမဟုတ်ဘူး။"

သူ၏ကျန်ဘဝတစ်လျှောက်လုံး ခါးသီးမှုမျက်ရည်များကို ဘယ်တော့မှကျရတော့မည်မဟုတ်ပေ။

ယဲ့စစ်က ခေါင်းညိတ်ပြကာ မလှုပ်မယှက်ဘဲ ပလာစတာတစ်ခုလို ဟော့ထင်းလန်ကိုသာ ပွေ့ဖက်ထားခဲ့သည်။

ယဲ့စစ်၏အမြင်မှာ ဤပွေ့ဖက်မှုက အလွန်တရာသန့်စင်ပြီး ဘာအလိုရမ္မက်မှမပါဘဲ နွေးထွေးမှုနှင့် သန့်ရှင်းသောတွယ်တာမှုတို့သာ။ အနှီရင်အုပ်ကြီးက ပင်လယ်ပြင်နှင့်တူပြီး သိမ်မွေ့ကာ သူ့ကိုနေရာပေးထားခဲ့သည်။ သူက သူ့နှလုံးသား၏ နွေးထွေးကာ သက်တောင့်သက်သာရှိသော လှိုင်းလုံးလေးများကို စီးနေခဲ့ပြီး မကြုံဖူးသောပျော်ရွှင်မှုနှင့် ငြိမ်းချမ်းမှုလေးကို ခံစားနေခဲ့မိ၏။ သူ လက်လွှတ်ပေးဖို့ကို တွန့်ဆုတ်နေခဲ့သည်။

အချိန်တစ်ခုကြာအောင် ပွေ့ဖက်ပြီးနောက် ဟော့ထင်းလန်က ရုတ်တရက်ဆိုသလို ယဲ့စစ်၏နောက်ကျောကိုပုတ်ကာ သူ့ကိုသတိပေးလာခဲ့သည်။

"ဟုတ်ပါပြီ... ဒီနေ့က စိတ်ခံစားချက်တွေပြင်းထန်တဲ့ နေ့တစ်နေ့ဖြစ်ခဲ့တာဆိုတော့ ရေနွေးနွေးလေးနဲ့ရေချိုးပြီး စောစောအနားယူလိုက်နော်။"

ယဲ့စစ်က လွှတ်မပေးသည့်အပြင် နှင်လွှတ်ခံရမည်စိုး၍ ပိုလို့တောင် တင်းကျပ်စွာပွေ့ဖက်ခဲ့သည်။ သူက သူ၏ဦးခေါင်းလေးကို ဟော့ထင်းလန်၏ပခုံးနှင့်ပွတ်သပ်ကာ နှစ်ကြိမ်ခေါင်းယမ်းပြခဲ့လေ၏။

"ရှောင်စစ်က လိမ္မာပါတယ်။" ဟော့ထင်းလန်က အကြောင်းတချို့ကြောင့် ခြေတစ်လှမ်းဆုတ်လိုက်၏။

"ဘာ၊ ဘာဖြစ်လို့လဲ ဟော့ရှူးရှူ။" ယဲ့စစ်က သူ့ကို ကပ်တွယ်ထားဆဲဖြစ်ရာ အနည်းငယ်ယိုင်သွားခဲ့သည်။

"ဘာမှမဖြစ်ပါဘူး။ အခုက အနားယူဖို့အချိန်ရောက်ပြီလေ။"

ဟော့ထင်းလန်က ယဲ့စစ်၏ရှပ်အင်္ကျီကော်လံပေါ်ကနေတစ်ဆင့် သူ၏ကုပ်ပိုးလေးကို ညှစ်လိုက်ပြီး တွယ်ကပ်လွန်းသည့် ကြောင်ပေါက်လေးတစ်ကောင်ကဲ့သို့ဖြစ်နေသော ယဲ့စစ်ကို ခွာချရန် အိုမီဂါ၏ဖိအားတုံ့ပြန်မှုကို အသုံးပြုလိုက်သည်။

ယဲ့စစ်က ဘာမှမပြောဘဲ သူ၏မျက်လုံးများက အရောင်မှိန်သွားကာ သူနှင့် ခြေတစ်လှမ်းအကွာမှာရပ်လိုက်သည်။

ဟော့ထင်းလန်က သက်ပြင်းချလိုက်လေ၏။

ရှားရှားပါးပါး ကြုံတောင့်ကြုံခဲ ရင်းနှီးမှုလေးကို...

"ကိုယ်တို့ပွေ့ဖက်နေတာ ငါးမိနစ်လောက်ရှိနေပြီ။"

ဟော့ထင်းလန်က အခိုက်အတန့်တစ်ခုလောက် တွေးတာကာ သူ၏အမူအရာက ယဲ့စစ်ဆီကနေ မကြားဝံ့မနာသာများပြောဖို့ ဖိအားပေးခံရသူ၏ အပြစ်ကင်းစင်မှုမျိုးဖြင့် ပြည့်နှက်နေလေ၏။

"ကိုယ်က ကျန်းမာပြီး တက်ကြွတဲ့ အယ်ဖာတစ်ယောက်၊ ပြီးတော့ မင်းကို အချိန်အကြာကြီး သဘောကျလာတဲ့သူ။ မင်းက ကိုယ့်ကို အခုလိုဖက်ထားတော့..."

ဟော့ထင်းလန်တစ်ယောက် ရှုပ်ထွေးမှုကနေ မယုံကြည်နိုင်ခြင်းအဖြစ် ပြောင်းလဲလာသော ယဲ့စစ်၏အမူအရာကို ကြည့်နေခဲ့ပြီး ကူကယ်ရာမဲ့စွာပြောလိုက်သည်။

"ကိုယ် ရှင်းပြပေးဖို့လိုသေးလား။ အဲ့ဒါက ယဥ်ကျေးမှုရှိမှာတော့မဟုတ်ဘူး။"

ယဲ့စစ်၏မျက်နှာက နီမြန်းလာခဲ့ပြီး အလိုလိုပင် အောက်ကိုငုံ့ကြည့်လိုက်မိသည်။

ဟော့ရှူးရှူလို လူကြီးလူကောင်းတစ်ယောက်ကလည်း အယ်ဖာများရှိသင့်သည့် လုပ်ဆောင်ချက်များရှိနေသည့်အတွက် သူ အံ့အားသင့်သွားခဲ့၏။

"မင်း ဘယ်ကိုကြည့်နေတာလဲ။" ဟော့ထင်းလန်က သူ့ကိုယ်သူရယ်မောကာ လက်ချောင်းလေးဖြင့် ယဲ့စစ်၏မေးစေ့ကိုပင့်၍ သူ့ကိုမော့ကြည့်စေလိုက်သည်။ "အရှေ့ကိုပဲကြည့်။"

"ကျွန်တော်၊ ကျွန်တော် ဘာမှမမြင်လိုက်ပါဘူး!" ယဲ့စစ်တစ်ယောက် ကြောက်အားလန့်အားဖြင့် တံတွေးမျိုချကာ ရှေ့တည့်တည့်ကိုပဲ ကြည့်နေခဲ့သည်။

နှစ်ဦးသားက တရားဝင် အတူမရှိသေးသည့်အပြင် အကယ်၍ အတူတူရှိခဲ့လျှင်တောင် ယဲ့စစ်၏ လက်ရှိအပြစ်ကင်းစင်သည့်အဆင့်အရ သူ များများစားစားလုပ်နိုင်မှာမဟုတ်ပေ။

ထိုသို့မဟုတ်ပါက...

ယဲ့စစ်တစ်ယောက် အိပ်ရာကိုဖြတ်၍ လှိုဏ်ခေါင်းတစ််ခုတူးကာ ညတွင်းချင်း ထွက်ပြေးသွားလိမ့်မည်။

"အနောက်လှည့်ပြီး အရှေ့ကိုဆက်သွား။" ဟော့ထင်းလန် မရယ်ဘဲမနေနိုင်ခဲ့ချေ။ "အခန်းကိုပြန်ပြီး သွားအိပ်လိုက်တော့နော်။"

"ကောင်း၊ ကောင်းသောညပါ ဟော့ရှူးရှူ။"

ယဲ့စစ်က သတင်းအချက်အလက် တစ်ပွေ့တစ်ပိုက်ကြီးနှင့်အတူ အလျင်အမြန် တစ်ဖက်လှည့်လိုက်၏။ သူ၏ခြေလှမ်းများက စက်ရုပ်ထက်တောင် ပို၍တောင့်တင်းနေပြီး ဒုတိယထပ်ရှိ သူ့အိပ်ခန်းဆီသို့ မှင်သေသေဖြင့် လျှောက်သွားခဲ့လေသည်။

စောစောက ဟော့ရှူးရှူလုပ်ခဲ့တဲ့ဟာ... အဲ့ဒါကို ညစ်ညမ်းတဲ့အပြုအမူလို့ သတ်မှတ်ရမှာလား။

မည်သို့ပင်ဆိုစေ သူ၏စံချိန်စံညွှန်းများနှင့် ၎င်းကိုတွက်ချက်ရန် ခက်ခဲပေသည်။

"..."

ယဲ့စစ် လက်သီးဆုပ်လိုက်သည်။

ဒါ သူ့အပြစ်ပဲ။

သူ အသက်ဘယ်လောက်ရှိနေပြီလဲ။ သူ ဒါကို ကောင်းကောင်းသိသင့်ထားသင့်တယ်လေ။

သူ ဟော့ရှူးရှုကို လူဆိုးဖြစ်အောင် ကစားခဲ့မိတာပဲ။

***

Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment