no
အပိုင်း (၁၃.၁) - တိတ်တိတ်ကလေး စည်းကမ်းဖောက်မယ်
"ဟော့ရှူးရှု၊ ကျွန်တော်ပြီးပြီ။" ဟော့ထင်းလန်တစ်ယောက် သူ့နှလုံးသားထဲမှ 'စောလွန်းတယ်' ဆိုသည့်အတွေးများကို ထိန်းချုပ်ဖို့ကြိုးစားနေခိုက် ယဲ့စစ်က အဝတ်အစားများဝတ်ဆင်ပြီး ကန့်လန့်ကာကိုဖွင့်၍ ထွက်လာခဲ့လေ၏။
ဟော့ထင်းလန်က ယဲ့စစ်အား အလွန်ရင့်ကျက်သည့်ပုံပေါ်မည်စိုး၍ သူ့အတွက် တည်ငြိမ်သောအရောင်များဖြစ်သည့် အနက်ရောင်နှင့် မီးခိုးရောင်တို့ကို မရွေးခဲ့ပေ။ ဆယ့်ရှစ်နှစ်အရွယ်ကောင်လေးတစ်ယောက်အတွက် ကန်ရေပြင်ကဲ့သို့ ကြည်လင်သောအပြာရောင်က လိုက်ဖက်လှပေ၏။ သူ၏ သဘာဝအတိုင်းဖြူဖွေးသောအသားအရေလေးက ကြည်ပြာရောင်ကြောင့် တဖျပ်ဖျပ်တောက်ပနေပြီး အနက်ရောင်ဆံပင်နှင့် ချောမွေ့သော နီစွေးစွေးနှုတ်ခမ်းတစ်စုံတို့က သိသာထင်ရှားကာ ရင်ဖိုဖွယ်ကောင်းနေတော့သည်။ အပေါ်ထပ်ကုတ်နှင့် အရောင်တူသောအင်္ကျီက ပါးလျသောရင်ဘတ်မှာ ဖိကပ်ထား၍ ခါးသိမ်သိမ်ကို ပို၍သွယ်လျစေခဲ့ပြီး ၎င်းအား လက်နှစ်ဖက်ဖြင့် ပွေ့ဖက်လာစေချင်၏...
"...မဆိုးပါဘူး။" သံသယများကိုရှောင်ရှားရန် ဟော့ထင်းလန်၏မျက်လုံးများက သူ၏ခါးကနေ ယဲ့စစ်၏လက်ထဲမှာကိုင်ထားသော လည်စီးဆီသို့ ကျရောက်သွားခဲ့သည်။ သူက တိုးတိုးလေးပြောလိုက်၏။ "ဒီကိုလာခဲ့၊ ကိုယ်ချည်ပေးမယ်။"
ယဲ့စစ်က ယခုလိုအဝတ်အစားမျိုးကို မဝတ်ခဲ့ဖူးရာ သူ့အဝတ်အစားအနားများကို ဆွဲဆန့်လိုက်ပြီး ကန်ရေပြင်လေးလို သန့်စင်သည့်နုပျိုမှု၊ အတွေ့အကြုံမရှိမှုတို့နှင့်အတူ သူ့ဆီချဥ်းကပ်လာခဲ့သည်။
ဟော့ထင်းလန်က သူ၏ရှပ်အင်္ကျီကော်လံကိုပင့်ကာ လည်စီးကိုစီးပေးလိုက်၏။ သူ၏လက်ချောင်းထိပ်များက ရှပ်အင်္ကျီပေါ်မှတစ်ဆင့် ယဲ့စစ်၏လည်ကုပ်ကို မတော်တဆပွတ်တိုက်မိသွားပြီး ထိုအရေပြားလေးက နူးညံ့ကာ ဂလင်းတစ်ဝိုက်၌ ထူးခြားသောအပူငွေ့များကို ထုတ်လွှတ်ပေးနေသည်။
မရည်ရွယ်သည့်အထိအတွေ့လေးကြောင့် ယဲ့စစ်တစ်ယောက် ကြောင်ကြီးတစ်ကောင်က လည်ကုပ်ကနေဖမ်းထားသည့် ကြောင်ပေါက်လေးလို အခိုက်အတန့်တစ်ခုလောက် အသက်ရှူသံများရပ်တန့်သွားခဲ့လေ၏။
ဤသည်မှာ အိုမီဂါ၏တုံ့ပြန်ချက်ဖြစ်ပြီး အယ်ဖာတိုင်းအတွက်မဖြစ်ဘဲ ကိုက်ညီမှုမြင့်မားကာ ယုံကြည်ရသည့်ဆက်ဆံရေးမျိုးမှာမှ ဖြစ်ပွားတတ်သည်။ ၎င်းက အယ်ဖာများအတွက် အဆင်မပြေသော... ဇီဝကမ္မယန္တရားတစ်ခုဖြစ်နိုင်၏။ ဟော့ထင်းလန် သူ့အရိုးများထဲမှ အယ်ဖာ၏ဆိုးသွမ်းမှုအနည်းငယ်ကို ထိန်းချုပ်မထားနိုင်ခဲ့ပေ။ သူ လည်စီးကိုချည်ပေးကာ ယဲ့စစ်၏ကော်လံကို ပြန်ချပေးချိန်၌ သူ၏လည်ကုပ်ကို လက်ဆစ်လေးများဖြင့် တမင်ပွတ်တိုက်ခဲ့ပြန်သည်။ ယဲ့စစ်တစ်ယောက် တစ်ဖန်အေးခဲသွားပြီး မျက်လုံးများလည်း ပြူးကျယ်လာခဲ့သည်။
ကြောင်ပေါက်လေးတစ်ကောင်လိုပဲ။
ဟော့ထင်လန် စိတ်ထဲကနေ ပြုံးနေခဲ့သည်။
လက်ချောင်းလေးဖြင့် သူ၏လည်ကုပ်ကို ခပ်ဖွဖွပွတ်တိုက်ရုံက သူ့အား ယခုလောက်ထိကြောင်အမ်းစေခဲ့လျှင် အကယ်၍သာ...
ဟော့ထင်းလန်၏အပြုံးက မှေးမှိန်သွားပြီး တည်ငြိမ်စွာပြောလိုက်သည်။ "မှန်သွားကြည့်လိုက်ဦး။"
ယဲ့စစ်တစ်ယောက် စိတ်ရှုပ်ထွေးနေပြီး အဖြစ်အပျက်တို့ကို နားမလည်နိုင်ခဲ့ပေ။ ဟော့ထင်းလန်က သူ၏ ပုံမှန်မဟုတ်သောအပြုအမူ၏ အခိုက်အတန့်နှစ်ခုကို သတိမထားမိလိုက်ဘူးဟု ယဲ့စစ်တွေးလိုက်ပြီး စိတ်လျှော့ကာ မှန်ကြည့်ရန်လျှောက်သွားလိုက်သည်။
ဘာမှမသိသောအိုမီဂါတစ်ယောက်ကို... အနိုင်ကျင့်ဖို့က အလွန်လွယ်ကူပေ၏။
လွန်ခဲ့သောအခိုက်အတန့်တုန်းက လူကြီးလူကောင်းလေးကို အနိုင်ကျင့်ခဲ့သော ဟော့ထင်းလန်တစ်ယောက် အနည်းငယ်စိုးရိမ်လာခဲ့သည်။
ယဲ့စစ်က အနောက်တိုင်းဝတ်စုံကို စမ်းဝတ်ကြည့်ခဲ့ပြီး ဟော့ထင်းလန်က သူ့အတွက် ပစ္စည်းသေးသေးလေးများကို ထပ်ဖြည့်ပေးကာ ဂရုတစိုက်သင်ကြားပေးခဲ့သည်-
လူကြီးလူကောင်းများက လက်ကိုင်ပဝါဆောင်လေ့ရှိကြပြီး Astaire စတိုင်ခေါက်နည်းက ပေါ့ပေါ့ပါးပါးရှိပြီး Kennendy စတိုင်က လေးနက်သောစီးပွားရေးသမားများအတွက် ပို၍သင့်တော်သည်။ ပိုးချည်အထုံးလက်ကြယ်သီးများက ညစာပါတီများအတွက် မသင့်တော်သော်လည်း ချိန်းကြိုးစတိုင်က ပြေပြစ်ပေ၏။ အနက်ရောင်ကြိုးတပ် Oxfords ဘွတ်ဖိနပ်များက တရားဝင်ပွဲတိုင်းအတွက် သင့်တော်ပေသည်...
[TN/ Astaire နဲ့ Kennendy က လက်ကိုင်ပဝါခေါက်နည်းတွေပါ၊ Oxfords က ဖိနပ်ကိုပြောတာပါ။]
"ဒီဘက်အခြမ်းမှာရှိတဲ့ ကော်လံအောက်က ကွင်းလေးက။" ဟော့ထင်းလန်က ယဲ့စစ်၏ဘယ်ဘက်ကော်လံကို လှန်လိုက်ပြီး သူ့အနောက်မှ ပန်းအိုးထဲကနှင်းဆီတစ်ပွင့်ကို ကောက်ယူလိုက်သည်။ ထို့နောက် လတ်ဆတ်ပြီး ပါးလျသည့်ရိုးတံကို ကြယ်သီးကနေဖြတ်၍ ရိုးတံအဆုံးကို ကွင်းလေးထဲမှာချိတ်လိုက်သည်။ "ပန်းရဲ့ရိုးတံတွေကိုထိန်းဖို့ အသုံးပြုလို့ရတယ််။"
သူ၏လေသံက သိမ်မွေ့ကာ တိုးလျနေ၏။ သူက ယဲ့စစ်နားမလည်သည့်အရာများကို ပြောပြနေသော်လည်း မောက်မာပြီး ကြွားဝါသည့်ပုံမပေါ်ချေ။ သူက လူငယ်လေးကို အမျိုးသားများ၏ကမ္ဘာထဲသို့ ကျက်သရေရှိစွာဖြင့် ဦးဆောင်ခေါ်လာပေးခဲ့သည်။
ယဲ့စစ် မှန်ကို တစ်ချက်ကြည့်လိုက်ပြီး ဘာသက်ရောက်မှုမှ မရှိသည့်ပုံပေါ်သော်လည်း တကယ်တမ်းမှာတော့ သူ၏နားရွက်များက နားစွင့်နေပြီး ကြည်လင်သောမျက်လုံးလေးများက အနည်းငယ်တုန်ယင်နေခဲ့သည်။
ဟော့ထင်းလန် စကားပြောတာ အဆုံးသတ်သွားပြီးနောက် ယဲ့စစ်က ခေါင်းပြန်မော့လာပြီး သူ၏မျက်လုံးများထဲမှာ လေးစားမှုအရိပ်အမြွက်တို့ ရှိနေခဲ့လေ၏။
ယဲ့စစ်တစ်ယောက် သူ့ဘဝ၏ ပထမဆုံးအကြိမ်အနောက်တိုင်းဝတ်စုံနှင့်ပတ်သက်ပြီး အရာအားလုံး အဆင်ပြေသည်ဟု ခံစားခဲ့ရသော်လည်း ဟော့ထင်းလန်က ချို့ယွင်းချက်တချို့ကိုထောက်ပြကာ အပ်ချုပ်ဆရာကို ပြုပြင်ပေးရန်တောင်းဆိုလိုက်သည်။ ရက်အနည်းငယ်နေပြီးနောက် အဝတ်များကို လာယူချိန်၌ ဟော့ထင်းလန် မည်သည့်လိုအပ်ချက်ကိုမှ ရှာမတွေ့တော့ပေ။
ပိတ်ရက်၌ ယဲ့စစ်တစ်ယောက် ထိုဝတ်စုံကိုဝတ်၍ အိမ်တော်အဟောင်း၌ကျင်းပသည့် မိသားစုတွေ့ဆုံပွဲကို တက်ရောက်ခဲ့သည်။
ဟော့အိမ်တော်အဟောင်းက မြို့စွန်မြို့ဖျား၌ တည်ရှိသည်။ ယင်းနေရာက ဟော့ချန်းယွီတစ်ယောက် သားဖြစ်သူကို အာဏာလွှဲပြောင်းပေးပြီးနောက် ချစ်ရသောဇနီးနှင့်အတူ ပျော်ရွှင်သောဘဝကိုဖြတ်သန်းရန် နေထိုင်သည့်အိမ်တော်ဖြစ်သည်။ ကိုယ်ပိုင်မြင်းခြံ၊ ရေပူစမ်းများနှင့် ဂေါက်ကွင်းတို့ကိုလည်း အိမ်တော်မှာ အလွယ်တကူရရှိနိုင်သည်။ သူ့မိသားစုစားသော အစားအသောက်များကို အရည်အသွေးကောင်းမွန်ပြီး သဘာဝအတိုင်းဖြစ်စေရန် ဟော့ချန်းယွီက မွေးမြူရေးခြံနှင့် စိုက်ပျိုးရေးအတွက် မြေနေရာတစ်ခုပြင််ဆင်ကာ တစ်နှစ်ပတ်လုံးဂရုစိုက်ပေးရန် အတွေ့အကြံုရှိသောတောင်သူများကို ငှားရမ်းထားခဲ့သည်။ အချိန်နှင့်တစ်ပြေးညီ ပတ်ဝန်းကျင်စောင့်ကြည့်ရေးအတွက် တာဝန်ယူထားသည့်ဒရုန်းများကလည်း အိမ်တော်အထက်မှာ ပျံဝဲနေကြသည်။
ဤမိသားစုညစာစားပွဲ၌ လူတစ်ရာနီးပါးလောက်ရှိ၏။ ဟော့ထင်းလန်နှင့် ယဲ့စစ်တို့ ရောက်လာအခါ နေ့ခင်းနှစ်ရာရီသာရှိသေးပြီး ညစာစားပွဲစတင်ရန် စောလွန်းနေဆဲပင်။
နွေရာသီအစောပိုင်း၌ နေရောင်ခြည်က နွေးထွေးပြီး လေပြည်က ညင်သာ၏။ လင်ယောင်က ဧည့်သည်များအတွက် ရေကန်ဘေးမှာ အမိုးဖွင့်လက်ဖက်ရည်သောက်ဖို့ ပြင်ဆင်ပေးဖို့ အိမ်တော်ထိန်းအဖွဲ့ကို ညွှန်ကြားလိုက်သည်။ ကန်ရေပြင်ပေါ်မှလှိုင်းလုံးများက ရွှေရောင်တောက်ပနေပြီး မြက်ခင်းပြင်က စိတ်လန်းနေကာ စားပွဲများကို အဖြူရောင်စားပွဲခင်းများ ခင်းကျင်းထား၏။ ပန်းအနွယ်များနှင့် အလှဆင်ထားပြီး ရေကန်နံဘေး ခင်းကျင်းထားမှုက မင်္ဂလာပွဲအလားတောင် ထင်မှတ်ရစေသည်။
အရမ်းချဲ့ကားလွန်းတယ်။
ယဲ့စစ် ချမ်းသာပြီး အင်အားကြီးသောမိသားစုများနှင့်ပတ်သက်၍ ယခုလိုအခြေအနေမျိုးကို ၈ နာရီရုပ်သံဇာတ်လမ်းတွဲများ၌သာ မြင်ခဲ့ဖူးသည်။
သူသိထားသည့် မိသားစုတွေ့ဆုံပွဲက စားသောက်ဆိုင်တစ်ခုမှာ စားပွဲဝိုင်းအနည်းငယ်ဖြင့်သာ ခင်းကျင်းထားထားသည့်ပွဲဖြစ်သည်။ အဝေးတစ်နေရာကနေ ထိုပြင်ဆင်မှုကိုမြင်လိုက်ရသောအခါ သူ၏အမူအရာက တောင့်တင်းသွားပြီး သတိမထားလိုက်မိဘဲ စက်ရုပ်လိုအမူအရာဖြင့် ခြေလှမ်းအနည်းငယ်လှမ်းလိုက်သည်။
ဒါ နေ့ခင်းလက်ဖက်ရည်ဘဲမဟုတ်ဘူးလား။
နေ့ခင်းလက်ဖက်ရည်က... ဒီလောက်ထိအရေးကြီးတာလား။
ဟော့ထင်းလန်က ယဲ့စစ်၏မှင်တက်နေသောမျက်ဝန်းများကို မြင်လိုက်ရသောအခါ သူ့ကိုယ်သူဟာသလုပ်ရန် ခဏရပ်လိုက်သည်။ "မောက်မာတဲ့ အရင်းရှင်ကြီးလောင်ဟော့နဲ့ယှဥ်ရင် ကိုယ်က လောင်ဟော့ဆီကနေ နေ့တိုင်းခေါင်းပုံဖြတ်ခံရတဲ့ အလုပ်သမားလေးသာသာပါပဲ..." ခဏရပ်ကာ စနောက်လိုက်သည်။ "မင်း ကိုယ့်ကိုသဘောမကျတော့ဘူး၊ ဟုတ်တယ်မလား။"
ယင်းက ထူးဆန်းသော နှိမ့်ချကြွားဝါခြင်းဖြစ်သော်လည်း ဟော့ထင်းလန်၏အမူအရာက အလွန်လေးနက်နေ၏။
ပြောရလျှင် ဟော့ထင်းလန်၏နေ့စဥ်လုပ်ငန်းဆောင်တာများက အမှန်တကယ််ကို များပြားလွန်းလှသည်။ ၎င်းက ချမ်းသာပြီး အာဏာရှိသည့် ခွေးသွေးဇာတ်လမ်းတွဲများထဲမှ တစ်ချိန်လုံး အချစ်နှင့်ဖြတ်သန်းနေသော ဥက္ကဌများနှင့် လုံးဝကွဲပြားပေ၏။ ဟော့ထင်းလန်က စားပွဲမှာ ညနက်သန်းခေါင်ထိထိုင်ရလောက်အောင် အလုပ်များပြီး အမျိုးမျိုးသောညစာစားပွဲများနှင့် ဖျော်ဖြေရေးပွဲများကိုလည်း တက်ရသေးသည်။ သူက များသောအားဖြင့် သူအထက်တန်းကျောင်းတုန်းကထက်တောင် အိပ်စက်ချိန်နည်းပြီး ခုတင်ပေါ်မှာ လှဲတောင်လှဲလိုက်ရရဲ့လားမသိပေ။
သူ၏အခြေအနေက ဘဝကို စိတ်နှလုံးသားတစ်ခုလုံးနှင့် ခံစားပျော်ရွှင်နေသော ဟော့ချန်းယွီတို့ဇနီးမောင်နှံနှစ်ယောက်နှင့် အမှန်တကယ်ကို ကွဲပြားခြားနား၏။
အလုပ်သမားများ၏အသုံးအနှုန်းအရ ၎င်းက ၉၉၆ ထက် ပို၍ပင်ပန်းပြီး ၀၀၇ တောင် ဖြစ်လာတော့ပေမည်။
[TN/ ၉၉၆ = မနက်ကိုး-ညကိုး၊ တစ်ပတ်ခြောက်ရက် အလုပ်လုပ်ချိန်။ ၀၀၇ = ညသန်းခေါင်ယံကနေ နောက်တစ်နေ့ညသန်းခေါင်၊ တစ်ပတ်မှာခုနစ်ရက် အလုပ်လုပ်ချိန်။ ၀၀၇ က ၂၄/၇ လိုပါပဲ။]
ဟော့မိသားစုက ကိုယ်ပိုင်စီးပွားရေးကို ထူထောင်ထားသော်လည်း...
ယဲ့စစ်တစ်ယောက် ဆိုရှယ်သတင်းများပေါ်မှ ငယ်ရွယ်ကာ အလုပ်အလွန်အကျွံလုပ်တတ်သော ထိပ်ပြောင်ပရိုဂရမ်မာများကို မတွေးဘဲမနေနိုင်ခဲ့ချေ။
သူ ဟော့ထင်းလန်၏ဦးခေါင်းကို တစ်ချက်အမြန်ကြည့်လိုက်သည်။
သူ၏ဆံပင်များက... ပို၍ထူပေ၏။
ကြည့်ကောင်းသော ယခုလိုပုံပန်းသွင်ပြင်မျိုးနှင့် သူ လေ့ကျင့်ခန်းပုံမှန်လုပ်ပြီး သူ၏နှလုံးသားကလည်း ကျန်းမာနေရမည်။
ဟော့ထင်းလန်၏ သနားစရာဇာတ်ကြောင်းက သူ၏အတွေးတချို့ကို နှိုးဆွပေးခဲ့ပြီး ယဲ့စစ်တစ်ယောက် စိတ်လှုပ်ရှားနေဖို့ အချိန်မရှိတော့ပေ။ သူက ခြေဖဝါးအောက်မှမြက်ခင်းပြင်ကို ငုံကြည့်ကာ ပါးစပ်ဖွင့်ဟလိုက်သည်။ "ဒါဆို၊ ဒါဆို အနာဂတ်မှာ ကျွန်တော် အစွမ်းအစရှိလာရင် ခင်ဗျားရဲ့ဝန်တွေကို မျှဝေယူပေးမယ်... အဲ့ဒါမှ ခင်ဗျား မပင်ပန်းတော့မှာ။"
အထက်တန်းကျောင်းသားလေးတစ်ယောက်ဆီမှ ထိုစကားလုံးများက ဗလာသက်သက်ဟုထင်ရသော်လည်း ယဲ့စစ်က လေးနက်နေခဲ့သည်။ ဟော့ထင်းလန်တစ်ယောက် မှင်တက်သွားပြီး ရွှတ်နောက်နောက်အပြုံးလေးက သူ၏မျက်လုံးများထဲ ဖြတ်ပြေးသွားခဲ့လေသည်။
"...မင်း စိတ်မလှုပ်ရှားတော့ဘူးလား။" ဟော့ထင်းလန်တစ်ယောက် သူ့ရည်ရွယ်ချက်အောင်မြင်သွားပြီး မြက်ခင်း၏အခြားတစ်ဖက်သို့ ညွှန်ပြလိုက်သည်။ "ဟိုဘက်မှာ ကိုယ့်ရဲ့အကြီးအကဲတချို့ရှိတယ်။ ခဏနေရင် မင်းကို သူတို့နဲ့မိတ်ဆက်ပေးမှာမို့ မင်းက ဟယ်လိုလို့ပဲပြောရင်ရတယ်။"
သူ၏နှုတ်ခမ်းထောင့်များက ကွေးညွတ်နေပြီး လေသံကလည်း ပျော့ပျောင်းနေ၏။ "ကိုယ် မင်းအတွက် တခြားအရာတွေအားလုံးပြောပေးမယ်၊ မင်းက ခေါင်းညိတ်ပြီး ပြုံးပြတာကိုပဲ တာဝန်ယူပေး... ဒီအစီအစဥ်က အဆင်ပြေရဲ့လား။"
"ပြေပါတယ်။" ၎င်းက ယဲ့စစ်အလိုရှိသောအရာဖြစ်ရာ ခေါင်းညိတ်ပြလိုက်လေသည်။
"မင်းက ကောင်းကောင်းခေါင်းညိတ်ပြတတ်တယ်။" ဟော့ထင်းလန်က လက်နှစ််ဖက်ကို အိတ်ကပ်ထဲထည့်လိုက်ပြီး အနည်းငယ်ငုံ့ကိုင်းကာ အေးစက်နေသော မျက်နှာလေးကို ခေါင်းလေးစောင်းငဲ့ကာ ကြည့်လိုက်သည်။ "အပြုံးကရော?"
ယဲ့စစ် အခိုက်အတန့်တစ်ခုလောက် အံ့အားသင့်သွားခဲ့သည်။ ထို့နောက် သူ့မျက်နှာပေါ်မှရေခဲအလွှာက အရည်ပျော်သွားပြီး နှုတ်ခမ်းထောင့်များက ရှက်ရွံ့စွာပင့်တက်သွား၏။ ယဲ့စစ် သူ၏အမူအရာကို ထိန်းညှိ၍ ဟော့ထင်းလန်နှင့်အတူ ရေကန်နံဘေးဆီ လျှောက်သွားလိုက်သည်။
လင်ယောင်က ဟော့မိသားစု၏အကြီးအကဲတချို့နှင့် လက်ဖက်ရည်သောက်နေ၏။ တစ်စုံတစ်ယောက် ချဥ်းကပ်လာတာကိုမြင်လိုက်ရသောအခါ သူ(မ)က ထရပ်ကာ ယဲ့စစ်၏လက်ကို ညင်သာစွာဖြင့် တရင်းတနှီးတွဲလိုက်ပြီး သူ(မ)ဘေးမှာထိုင်ဖို့ ခေါ်သွားခဲ့လေသည်။
စားပွဲဝိုင်းမှာ လူများများစားစားမရှိရာ ယဲ့စစ်က ဟော့ထင်းလန်၏ဦးဆောင်မှုဖြင့် ၎င်းတို့ကို တစ်ယောက်ချင်းနှုတ်ဆက်ခဲ့၏။ ယဥ်ကျေးမှုများဖလှယ်ပြီးနောက် လင်ယောင်က ယဲ့စစ်ကို စကားဝိုင်းထဲဆွဲခေါ်သွားခဲ့သည်။ သူ(မ)က အသားအရေကို ကောင်းမွန်စွာထိန်းသိမ်းထားပြီး လုံးဝအသက်ကြီးပုံမပေါက်ချေ။ သူ(မ) ပါးစပ်ဖွင့်ဟလိုက်ချိန်မှာ သူ(မ)၏လေသံက အလွန်နူးညံ့သိမ်မွေ့နေ၏။
"မင်းက အရမ်းရှက်တတ်ပြီး ကျောင်းစာတွေနဲ့ အရမ်းအလုပ်များနေတာမို့ အိမ်အဟောင်းကိုခေါ်မလာဖြစ်တာဆိုပြီး ထင်းလန်ကပြောတယ်။ အမေတွေ့ရသလောက်ကတော့ သူက သူ့ရဲ့လူကြီးလူကောင်းလေးကို တခြားသူတွေနဲ့မတွေ့စေချင်တဲ့ တွန့်တိုနေတဲ့သူပဲဖြစ်ရမယ်။"
ဟော့ထင်းလန်က ညည်းတွားလိုက်ပြီး အသံတိတ်သဘောတူထားသကဲ့သို့ လင်ယောင်အား ပျော်ပျော်ကြီးဆူခွင့်ပေးထားခဲ့သည်။ သူက အရှေ့ကိုတိုးကာ ယဲ့စစ်အတွက် လက်ဖက်ရည်သာငဲ့ပေးနေခဲ့၏။
"ကြင်စဦးအယ်ဖာတွေက အဲ့ဒီအတိုင်းချည်းပဲ၊ အမြဲတမ်း ရှာလကာရည်သောက်ပြီး အကျိုးကြောင်းမသင့်ကြဘဲ သူတို့ရဲ့ဇနီးလေးကို ဝှက်ထားချင်နေကြတာ။ ချန်းယွီနဲ့ အမေတို့ လက်ထပ်ပြီးခါစတုန်းကလည်း အတူတူပဲ။ အမေက သူငယ််ချင်းတွေနဲ့ စျေးဝယ်ထွက်ချင်ခဲ့တာကို သူက တံခါးမှူးလို တံခါးဝမှာစောင့်နေခဲ့တာလေ။ အဲ့တုန်းက အမေ့မှာ သူ့ကိုဒေါသထွက်ခဲ့ရတာ..."
လင်ယောင်က စိတ်တိုချင်ယောင်ဆောင်လိုက်ပြီး ဟော့ချန်းယွီက တောင်းပန်ကာ ချော့မြှူခဲ့လေ၏။ စားပွဲဝိုင်းမှာ လက်ဖက်ရည်သောက်နေသော ဟော့မိသားစုဝင်အချို့က တစ်ယောက်ပြီးတစ်ယောက် ရယ်မောခဲ့ကြသည်။
ဟော့မိသားစုက မိသားစုကြီးပြီး ချမ်းသာကြွယ်ဝသည်။ ဟော့ထင်းလန်က ဟော့ချန်းယွီ၏ တစ်ဦးတည်းသောသားဖြစ်သော်လည်း သူ့မှာ ဦးလေးများ၊ အဒေါ်များနှင့် ဝမ်းကွဲများ များစွာရှိသည်။ ၎င်းတို့က သူ၏ rut သည် တစ်နှစ်ထက်တစ်နှစ် ဆိုးဝါးလာပြီး သူနှင့်ကိုက်ညီသော အိုမီဂါကိုရှာဖို့ အလွန်ခက်ခဲကြောင်း သိထာားကြသည်။ သူ့လက်ထဲမှအာဏာက ကြာရှည်မခံတော့ဘဲ အနှေးနှင့်အမြန်ဆိုသလို ပြိုလဲတော့မည်ဖြစ်ရာ ထိုအဖြစ်ကိုမြင်တွေ့ရဖို့ ၎င်းတို့က ပျော်ရွှင်နေခဲ့ကြသည်။
မမျှော်လင့်စွာဖြင့် သူနှင့် ၁၀၀% ကိုက်ညီသော အိုမီဂါတစ်ယောက်က ချုးမိသားစုကနေ ရုတ်ခြည်းပေါ်ထွက်လာခဲ့သည်။ ယခု ဟော့ထင်းလန်က သက်သာလာရုံသာမက မျိုးဆက်အတွက်ကိုပါ မျှော်လင့်လို့ရပြီဖြစ်၏။ ထို့ကြောင့် ၎င်းတို့မှာ ဤအိုမီဂါလေးအပေါ် အမြင်ကောင်းများမရှိကြပေ။
***
Aurora Novel Translation Team
There is No Eng Version