no
အပိုင်း (၃) - တကယ်တော့ မင်း ကိုယ့်ကို ရှစ်ရှူးလို့ခေါ်သင့်တယ်
ချူးအိမ်တော်၏ဧည့်ခန်းထဲ၌ ဧည်သည်တော်များက အချိန်အတော်ကြာအောင် စောင့်ဆိုင်းနေခဲ့ကြသည်။
ဟော့ထင်းလန်နှင့်အတူ သူ၏ကိုယ်ရေးကိုယ်တာလက်ထောက်၊ ရှေ့နေနှင့် စာချုပ်စာတမ်းသက်သေခံရှေ့နေတို့ပါ ပါလာခဲ့၏။
ယဲ့စစ်တစ်ယောက် အချိန်အတော်ကြာအောင် တွန့်ဆုတ်နေခဲ့ပြီးနောက်မှ ဧည့်ခန်းထဲသို့လျှောက်သွားလိုက်ပြီး ထောင့်ဆုံးရှိ တစ်ယောက်ထိုင်ဆိုဖာပေါ်မှာ နေရာယူလိုက်လေသည်။
သူ အလွန်စိတ်လှုပ်ရှားနေပြီး ကြွေထည်လေးလို ဖြူဖျော့နေသော်လည်း သူ၏ကိုယ်နေဟန်ထားကို ထိန်းသိမ်းဖို့ ကြိုးစားနေဆဲပင်။ ဂျင်းဘောင်းဘီအဖြူက သူ၏ခြေတံရှည်များကို ထင်ရှားစေပြီး ခန္ဓာကိုယ်ကို အရှေ့သို့ကိုင်းကာ ခြေထောက်ကိုကျယ်ကျယ်ဟ၍ ဒူးနှစ်ဖက်ပေါ် တံတောင်ဆစ်များတင်ထား၏။
၎င်းက အိုမီဂါတစ်ယောက်အနေဖြင့် ရိုင်းစိုင်းသောအနေအထားဖြစ်သည်။
သူက သူ့ကိုယ်သူ အရည်အသွေးနိမ့်သော လမ်းဘေးစင်တင်ပစ္စည်းကဲ့သို့ ဟန်ဆောင်နေခဲ့သည်။
ဟော့ထင်းလန်က သူ့ကို သဘောမကျဘဲ အဝေးကြီးကို ဆက်မသွားတော့ဖို့ မျှော်လင့်မိ၏။
သူကိုယ်တိုင်မငြင်းရသည်မှာ ယဲ့ဟုန်ကျွင်း၏အသက်က ချူးဝမ်လင်၏လက်ထဲမှာ ရှိနေဆဲကြောင့်ပင်။
ချူးဝမ်လင်က မှုန်ကုပ်နေပြီး ယဲ့စစ်ကို သတိပေးသည့်အကြည့်ဖြင့် ကြည့်လိုက်၏။
ယဲ့စစ်က မည်သူ့ကိုမှကြည့်မနေချေ။ သူက မျက်လွှာချကာ တစ်စုံတစ်ခုနှင့် အလုပ်ရှုပ်နေသကဲ့သို့ သူ၏ဖုန်းကိုသာ ပွတ်နေခဲ့သည်။
သူ၏ပင်ကိုအသိစိတ်အရ ဟော့ထင်းလန် သူ့ကိုကြည့်နေကြောင်း ပြောပြနေပြီး သူ၏အကြည့်စူးစူးက သူ့ဦးခေါင်းပေါ်သို့ အေးစက်သောတိမ်တိုက်တစ်ခုလို လေးလံသောအလေးချိန်တစ်ခုဖြင့် ဖိထားသကဲ့သို့ ခံစားနေရသည်။
ဟော့ထင်းလန်က ဖယ်ရိုမုန်းအကာအကွယ်ကို ဝတ်ဆင်ထားလောက်သော်လည်း A+ အဆင့်ရှိသော အယ်ဖာတစ်ယောက်၏ဖယ်ရိုမုန်းများက အလွန်အားကောင်းကာ အနည်းငယ်ယိုဖိတ်ခြင်းက မလွှဲသာမရှောင်သာရှိနိုင်သဖြင့် ယဲ့စစ်တစ်ယောက် အရက်ပြင်းကဲ့သို့ ပူလောင်သော ယောက််ျားဆန်သည့်ရနံ့ကို ရရှိနေ၏။
တက်ကီလာရနံ့။
A+ အဆင့်ဂလင်းရှိသော အယ်ဖာများက အလွန်ရှားပါးပြီး ဤသည်မှာ ထိုကဲ့သို့သောတစ်ယောက်နှင့် ယဲ့စစ် ပထမဆုံးအကြိမ် နီးနီးကပ်ကပ်နေဖူးခြင်းဖြစ်သည်။
အိုမီဂါအဖြစ် ကွဲပြားခြင်းအဆင့်မှာရှိနေသော ယဲ့စစ်ကိုမဆိုထားနှင့် ဖယ်ရိုမုန်းများကို အနံ့မခံနိုင်သော ဘီတာတစ်ယောက်ကတောင် ထိုဖိနှိပ်မှုနှင့် ရန်လိုမှုအောက်မှာ စိတ်မသက်မသာခံစားရလိမ့်မည်။
ယဲ့စစ်တစ်ယောက် ဟော့ထင်းလန်၏တည်ရှိမှုနှင့် ရနံ့ကိုရှောင်ရှားရန် သူ့ဦးခေါင်းကနေ ခြေဖျားထိ ကြိုးတစ်ချောင်းဖြင့်စည်းနှောင်လိုက်ပြီး ဘောလုံးလေးတစ်လုံးကဲ့သို့ ဆိုဖာအဟကြားထဲကနေ လှိမ့်ပြီးထွက်သွားချင်နေ၏။
သူက ထိုတွန်းအားကို အံကြိတ်သည်းခံကာ သူ၏ခန္ဓာကိုယ်ကို မတ်မတ်ထိုင်လိုက်သည်။
"ဟယ်လို။" ဟော့ထင်းလန်က နှုတ်ဆက်လာ၏။
သူ၏အသံက အယ်ဖာတစ်ယောက်အတွက် စံနှုန်းတစ်ခုလိုမျိုး သြရှရှနှင့် ဆွဲဆောင်မှုရှိလှသည်။
ယဲ့စစ်တစ်ယောက် သူ၏ဝင်သက်ထွက်သက်တို့ လှုပ်ခတ်သွားလောက််တဲ့အထိ ခုခံနေခဲ့သည်။ သူက သူ့ဖုန်းမျက်နှာပြင်ကို အစကနေ အဆုံးထိ အပြန်အလှန်ဆွဲနေခဲ့ပြီး app icons များကို နေရာလျှောက်ရွှေ့နေခဲ့ပြီး သူ၏လက်ဖဝါးများက ချွေးအေးများဖြင့် စိုစွတ်နေလေ၏။
သူ၏အသံ တုန်လှုပ်ခြင်းမရှိလောက်တော့ကြောင်း အတည်ပြုပြီးနောက် ယဲ့စစ်တစ်ယောက် အေးစက်စွာပြန်ပြောလိုက်သည်။ "ဟယ်လို။"
ချူးဝမ်လင်က ထိုကလေးသည် အရှက်အကြောက်ကြီးပြိီး သူစိမ်းများကို ကြောက်ရွံ့တတ်ကြောင်းပြောပြကာ ကိစ္စများကို ချောမွေ့သွားစေရန်ကြိုးစား၍ လက်ထပ်ပွဲသဘောတူစာချုပ်၏ အသေးစိတ်အချက်အလက်များကို အလျင်အမြန်ဆွေးနွေးခဲ့သည်။
ဤလက်ထပ်ပွဲက စီးပွားရေးသက်သက်သာဖြစ်သည်။ နှစ်ဦးနှစ်ဖက် လက်ထပ်စာချုပ်မှာ လက်မှတ်ရေးထိုးပြီးနောက် ဟော့မိသားစုက ချုးမိသားစုနှင့်ပူးပေါင်း၍ မိသားစုနှစ်ခုလုံးအတွက် အကျိုးအမြတ်ရစေနိုင်ပြီး အပြန်အလှန် win-win ရလဒ်များကိုရယူနိုင်သည့် ကြီးမားသော 'အစိုးရ' စီမံကိန်းတစ်ခုကို ဆောင်ရွက်လိမ့်မည်။
ချူးမိသားစု၏အာဏာက လူအိုကြီးချူး၏လက်ထဲမှာပဲ အခိုင်အမာရှိနေသေးသည်။ ယင်းစီမံကိန်း ပြီးဆုံးသွားလျှင် ချူးဝမ်လင်ရနိုင်သည့် အကျိုးအမြတ်များက အကန့်အသတ်ရှိပေ၏။
ထို့ကြောင့် ချူးဝမ်လင်အတွက် စီမံကိန်းက အဓိကသော့ချက်မဟုတ်ဘဲ ချူးမိသားစု၏တတိယအိမ်ထောင်နှင့် ဟော့မိသားစုတို့ကြား ခမည်းခမက်ဆက်ဆံရေးနှင့် ချူးမိသားစုအတွက် သူလုပ်ပေးနိုင်သည့် ကြီးကြီးမားမား အကျိုးအမြတ်များကသာ အဓိကကျသည်။ ၎င်းတို့က အမွေဆက်ခံခွင့်တိုက််ပွဲအတွက် သူ၏အားသာချက်ဖြစ်လာပြီး မစ္စတာချူး၏စိတ်ထဲမှာ သူ၏အနေအထားက တော်တော်လေးတိုးမြင့်လာလိမ့်မည်။ ပထမအိမ်ထောင်နှင့် ဒုတိယအိမ်ထောင်မှဇနီးနှစ်ယောက်အပြင် သွေးသားတစ်ဝက်တော်စပ်သော သူ၏မောင်နှမလေးယောက်တို့ကပါ သူ့ကိုအမီလိုက်ဖို့ ခက်ခဲသွားပေလိမ့်မည်။ အပြန်အလှန်အနေဖြင့် ချူးဝမ်လင်က သူ၏အိုမီဂါသားအကြီးကို ဟော့ထင်းလန်၏ 'လူသားဆေးအိုး' အဖြစ် ထောက်ပံ့ပေးရမည်ဖြစ်သည်။
ရှားရှားပါးပါး A+ အဆင့်အယ်ဖာအနေဖြင့် ဟော့ထင်းလန်က သူ၏ဂလင်းနှင့် ရုပ်ပိုင်းဆိုင်ရာစွမ်းရည်များ၏ အားသာချက်များကို ရရှိထားရုံသာမက rut ကာလတွင် အခြားသောအယ်ဖာများထက် ပို၍ပြင်းထန်သော နှိပ်စက်မှုတို့ပါ ခံစားရသည်။ မကြုံဖူးသူများကတော့ စိတ်ကူးကြည့်လို့ မရနိုင်ပေ။ နှိပ်စက်မှုဒဏ်ကို မခံနိုင်ကြသော တချို့ A+ အဆင့်အယ်ဖာများက rut ကာလအတွင်း ၎င်းတို့၏စိတ်ကို လွတ်ထွက်မသွားစေရန် ကိုယ့်ကိုယ်ကိုယ် ထိခိုက်အောင်တောင် ပြုလုပ်တတ်ကြသည်။
ထိုမျှသာမကဘဲ A+ အဆင့်၏ ပြင်းထန်လွန်းသောဗီဇက အားနည်းသောအိုမီဂါများနှင့် လိုက်ဖက်ဖို့ခက်ခဲပြီး မျိုးရိုးဗီဇလိုက်ဖက်မှုကို ထည့်သွင်းမစဥ်းစားဘဲ လက်တွဲဖော်ရှာဖို့က ပိုလို့တောင်မဖြစ်နိုင်ချေ။ ပြင်းအားများသော A+ အဆင့်ဖယ်ရိုမုန်းများက ကိုက်ညီမှုနည်းသောအိုမီဂါကို ထိတ်လန့်တုန်လှုပ်စေခြင်းနှင့် မေ့မြောခြင်းတို့ကို ဖြစ်သွားစေနိုင်သည်။ ထို့ကြောင့် A+ အဆင့် အယ်ဖာအများစုက ၎င်းတို့၏ကျန်ဘဝတစ်လျှောက်လုံး မကြာခဏဖြစ်လာတတ်သော rut ကာလနှင့် နာကျင်မှုများကို တစ်ယောက်တည်း ရုန်းကန်နေကြရပြီးအထီးကျန်စွာ သေဆုံးသွားတတ်ကြသည်။
ထိုကဲ့သို့သောအယ်ဖာအတွက် သူ၏ rut ကာလလက္ခဏာရပ်များကို သက်သာစေနိုင်သည့်ယဲ့စစ်က အတော်လေးတန်ဖိုးရှိကြောင်း ချူးဝမ်လင်သိပေ၏။
ဟော့ထင်းလန်ကလည်း သူ့(ချူး)အား ထိုကဲ့သို့တွေးစေနိုင်ခဲ့သည့်အတွက် ပျော်ရွှင်နေခဲ့သည်။
ဆိုဖာ၏အခြားတစ်ဖက်၌ ငယ်ရွယ်နုပျိုသော ဆယ်ကျော်သက်လေးတစ်ယောက်မှာ အေးစက်သောမျက်နှာထားနှင့် ဖြူကောင်ပေါက်လေးလို ချွန်ထက်သောစိတ်နေသဘောထားတို့ရှိနေသည်။
သူက ဤအပေးအယူနှင့်ပတ်သက်၍ ဂရုမစိုက်သလို ဟန်ဆောင်နေသော်လည်း မည်သူ့ကိုမှ မော့မကြည့်ဝံ့ဘဲ ဖုန်းကိုဆုပ်ကိုင်ထားသော သူ၏လက်ချောင်းလေးများက အဖြူရောင်တောင်ပြောင်းနေလေပြီ။
ထိုအေးစက်မှုက အပြင်လူများကို အရူးလုပ်လို့ရနိုင်သော်လည်း ဟော့ထင်းလန်၏အမြင်မှာတော့ သာသာလေးထိလိုက်လျှင်တောင် ပြဲသွားနိုင်သည့် ရေစိုနေသောစာရွက်လေးတစ်ရွက်လို ပျော့ပျောင်းနေခဲ့သည်။
အံ့သြဖွယ်ကောင်းစွာဖြင့် အတိတ်ကိုပြန်ရောက်လာကတည်းက ဤသည်မှာ ဟော့ထင်းလန်အတွက် ယဲ့စစ်နှင့် ပထမဆုံးအကြိမ် အနီးကပ်ဆက်ဆံရခြင်းဖြစ်သည်။
ဒါ ယဲ့စစ် ဆယ့်ရှစ်နှစ်အရွယ်တုန်းကပုံစံပဲ...
ဟော့ထင်းလန်က သူ့ကို ပြင်းပြစွာစိုက်ကြည့်နေခဲ့သည်။
ယဲ့စစ်က ဓါတ်ပုံရိုက်လေ့ရိုက်ထမရှိသလို ၎င်းကို အနည်းငယ်တောင် ဆန့်ကျင်နေသေးသည်။ ထို့ကြောင့် အထက်တန်းကျောင်း ဘွဲ့ဓါတ်ပုံများမှလွဲ၍ ယဲ့စစ်ငယ်ငယ်တုန်းကပုံကို ဟော့ထင်းလန် မမြင်ခဲ့ဖူးချေ။
ယခုမှာမူ သူ မြင်တွေ့လိုက်ရသည်။
မနက်ခင်းနှင်းရည်စက်လေးများနှင့် မနက်ခင်းအလင်းရောင််တို့ဖြင့် အားဖြည့်ထားသော ကြက်သွန်မြိတ်လေး သို့မဟုတ် နွေဦးတွင် ခူးဆွတ်ထားသော လက်ဖက်အညွှန့်ကလေးလို စိမ်းစိမ်းစိုစိုဖြင့် လန်းဆန်းတက်ကြွကာ အသက်ဓါတ်များ ပြည့်ဝနေပေ၏။
သူ့ကို ခြောက်လှန့်မိမည်စိုးသကဲ့သို့ ဟော့ထင်းလန်၏မျက်လုံးများထဲမှအမူအရာက သိမ်မွေ့မှုနှင့် နူးညံ့မှုများဖြင့် ရောယှက်နေသည်။
ဆယ့်ရှစ်နှစ်အရွယ်ယဲ့စစ်က အတော်လေးငယ်ရွယ်သေးသည်။
တကယ်ကို အလွန်သေးကွေးပြီး ပိန်လွန်းလှ၏။
သူ၏လက်ချောင်းလေးများကတောင် အရင်ကထက် ပို၍သေးသွယ်နေပုံပင်။
... သူ ကောင်းကောင်းမှစားရရဲ့လား။
ဟော့ထင်းလန်၏ရင်ဘတ်ထဲ တင်းကျပ်သွားပြီး သူ၏လက်မက ပြောင်ရှင်းနေသော ဘယ်ဘက်လက်သန်းကြွယ်ကို ပွတ်သပ်လိုက်မိသည်။
ယဲ့စစ် ခေါင်းမော့မကြည့်ရဲသည့်အချက်ကို အခွင့်ကောင်းယူကာ ဟော့ထင်းလန်က ယဲ့စစ်၏တောက်ပသောမျက်ဝန်းများကို သေသေချာချာကြည့်နေခဲ့သည်။ သူ၏နှာတံလေးက နုနယ်ကာ၊ မေးရိုးကထင်ရှားနေပြီး သူ၏နှုတ်ခမ်းများကလည်း ပျော့ပျောင်းနေ၏... ထိုရေခဲမျက်နှာလေးက ထပ်ပြီးသည်းမခံနိုင်တော့ချိန်မှာ သူ(ဟော့)၏နှုတ်ခမ်းများက အနည်းငယ်ကွေးညွတ်သွား၏။ ယဲ့စစ်က သူ့ကို သံသယအကြည့်ဖြင့် မော့ကြည့်လာချိန်၌ ဟော့ထင်းလန်တစ်ယောက် အကြည့်လွှဲကာ သူ့မျက်လုံးများထဲမှ လောဘနှင့် လွမ်းဆွတ်မှုတို့ကိုပါ ပြန်ရုပ်သိမ်းလိုက်သည်။
... ဟော့ထင်းလန်က သူ့ကိုကြည့်မနေဘူး။
ဒါ ထင်ယောင်ထင်မှားသက်သက်ပဲ။
ယဲ့စစ်တစ်ယောက် ဟော့ထင်းလန်အား လျှပ်တစ်ပြက်စစ်ဆေးလိုက်ပြီး စိတ်သက်သာရာရကာ သက်ပြင်းချလိုက်သည်။ နောက်ဆုံးတော့ သူ၏တင်းမာနေသောမျက်နှာကြွက်သားများက အနည်းငယ်ပြေလျော့သွားလေ၏။
ချူးဝမ်လင်က ရှေ့နေနှင့် သတ်မှတ်ထားသောအချက်အလက်များကို အပြီးသတ်နေသည်။
ဤလက်ထပ်ပွဲသဘောစာချုပ်ကို ရှေ့ရက်များကတည်းက ကြိုတင်ရေးဆွဲခဲ့ပြီး မိသားစုနှစ်စုက အရေးကြီးသောအချက်များနှင့်ပတ်သက်၍ အကြိမ်ပေါင်းများစွာ ဆွေးနွေးခဲ့ကြသည်။ ဟော့ထင်းလန်က ဤကိစ္စကို သိသိသာသာနှလုံးသွင်းထားပြီး ချူးမိသားစုဆီမှ တစ်စုံတစ်ယောက်ကို တောင်းယူချင်နေသည့်အတွက် အခြေအနေများကို လျှော့လျှော့ပေါ့ပေါ့သာ ရေးဆွဲပေးခဲ့၏။ နှစ်ဦးနှစ်ဖက် လက်ထပ်ပွဲသဘောတူစာချုပ်နှင့် ပူးပေါင်းလုပ်ဆောင်မည့် စီမံကိန်းနှစ်ခုကို သဘောတူရန် ရက်အနည်းငယ်သာလိုအပ်ခဲ့သည်။ ဤဟော့မျိုးရိုးက သူ၏ဇနီးကိုရဖို့အတွက် အတော်လေးစိတ်မရှည်ဖြစ်နေကြောင်း ချူးဝမ်လင်တောင် ခံစားမိခဲ့ပေသည်။
ယနေ့မှာမူ ဟော့ထင်းလန်က ယဲ့စစ်နှင့် တရားဝင်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးရန် ရောက်လာခဲ့ခြင်းဖြစ်သည်။
ယဲ့စစ်တစ်ယောက် စာချုပ်ပါအကြောင်းအရာများကို နားစွင့်နေ၏။
သူ စီးပွားရေးအခြေအနေနှင့်ပတ်သက်၍ ရေးတေးတေးဖြစ်နေသော်လည်း ဟော့ထင်းလန်အတွက် လူသားဆေးအိုးဖြစ်ပေးရမည့်အပိုင်းမှာ ရိုးရှင်းပြီး နားလည်ရလွယ်ကူပေသည်။
သဘောတူစာချုပ်အရ ယဲ့စစ်သည် ဟော့ထင်းလန်၏ rut ကာလရောက်ရှိမှုကို နှောင့်နှေးအောင်ကူညီရန်နှင့် rut ကာလစတင်ပြီးနောက် နာကျင်မှုများကို သက်သာစေရန် သူ၏ဖယ်ရိုမုန်းများကို အသုံးပြုဖို့လိုအပ်သည်။ စာကြောင်းများ၏အဓိပ္ပါယ်အရ ဟော့ထင်းလန်၏ rut ကာလက အခြားအယ်ဖာများထက် ပို၍အဖြစ်များပြီး ပို၍ကြာသည့်ပုံပင်။
ယဲ့စစ် ဇီဝကမ္မအတန်းကို တက်ခဲ့ဖူးသည်။
'အယ်ဖာတစ်ယောက်ကို rut ကာလမှာ ကူညီပေးခြင်း' နှင့်ပတ်သက်၍ သူသိပေ၏။ ပွေ့ဖက်ခြင်း၊ နမ်းရှုပ်ခြင်း၊ ယာယီအမှတ်အသားများ၊ လိင်ပိုင်းဆိုင်ရာ အပြုအမူများ...
သူ ထိုကိစ္စနှင့်ပတ်သက်၍ ဆက်ပြီးမတွေးနိုင်တော့ပေ။
ရှက်ရွံ့မှုနှင့် ဒေါသတို့က သူ၏နားရွက်လေးများနှင့် ပါးပြင်များကို နီရဲလာစေပြီး ယဲ့စစ် အသံတိတ်လက်သီးဆုပ်လိုက်မိ၏။
Rut ကာလမှာ ကုသပေးခြင်းဆိုသည်မှာ နားထောင်လို့ကောင်းသော်လည်း တကယ့်လက်တွေ့မှာမူ ကောင်းတဲ့အရာမဟုတ်ပေ...
သူ ထိုကိစ္စကို စဥ်းစားလိုက်ပြီးနောက်မှာ သဘောတူညီချက်များအားလုံးကို ငြင်းဆိုလိုက်မည်ဟု တွေးလိုက်၏။ မည်သို့ပင်ဆိုစေ သူ A+ အဆင့်အယ်ဖာကို အနိုင်မယူနိုင်လျှင်တောင် ပြိုင်ဘက်အား စိတ်တိုင်းကျလုပ်ခွင့်မပေးနိုင်ပေ။ သူ အကောင်းဆုံးကြိုးစားပြီး အချိန်ဆွဲရမည်။ ထို့နောက် ယဲ့ဟုန်ကျွင်း သက်သာလာချိန်၌ သူ(မ)ကိုခေါ်ထုတ်သွားပြီး အခြားမြို့တစ်မြို့မှာ အခြေချကာ အဓိပ္ပါယ်မဲ့သော ဤလက်ထပ်ပွဲသဘောတူညီချက်ကို ဖျက်သိမ်းပစ်ရမည်။ သူ စာလေ့လာကာ အချိန်ပိုင်းအလုပ်လုပ်နိုင်သလို ပြိုင်ပွဲများယှဥ်ပြိုင်နိုင်သည့် နေရာတစ်ခုရှာ၍ ချူးဝမ်လင်ကို ဆေးကုသစရိတ်များကို ဖြည်းဖြည်းချင်းပြန်ဆပ်လို့ရပေ၏။ သူ့မှာ ဘာအကြွေးမှမရှိတော့လျှင် ယဲ့စစ် သူ့ဆီကနေ အတင်းအကျပ် စေခိုင်းခံရမည်မဟုတ်တော့ပေ။
သို့သော်...
ယဲ့စစ်၏စိတ်ထဲ အတွေးတစ်ခုဝင်ရောက်လာ၏။
ယဲ့ဟုန်ကျွင်း၏ကျန်းမာရေးက အမှန်တကကယ် တိုးတက်လာမည်လော။
သူ(မ)က အသက်ကိုဆွဲဆန့်ရန် စျေးကြီးသောဆေးများကို မှီခိုနေရပြီး လက်ရှိအချိန်အတွက် ကုသဖို့မျှော်လင့်ချက်မရှိသလို ချူးဝမ်လင်ကလည်း သူ(မ)၏ရောဂါကို ဂရုမစိုက်ပေ...
ရုတ်တရက်ဆိုသလို ခပ်ဖွဖွစားပွဲခေါက်သံက ယဲ့စစ်၏ဖရိုဖရဲအတွေးများကို ကြားဖြတ်နှောင့်ယှက်လိုက်သည်။
ဟော့ထင်းလန်က လက်ချောင်းများကိုကွေးကာ ယဲ့စစ်အရှေ့က စားပွဲအစွန်းကို သူ၏လက်ဆစ်များဖြင့် နှစ်ချက်မျှခေါက်လိုက်ပြီး စာသင်ချိန်မှာ အပြင်ကိုစိတ်ရောက််နေသည့်ကျောင်းသားအား သတိပေးနေသကဲ့သို့ - သဘောတူစာချုပ်ကို အာရုံစိုက်ဟု ပြောနေသည့်အလား။
ယဲ့စစ်၏မငြိမ်မသက်အတွေးများမှာ ဖောက်ထွင်းမြင်ခံလိုက်ရသဖြင့် အလွန်ရှက်ရွံ့သွားပြီး ဟော့ထင်းလန်အား တစ်ချက်မော့ကြည့်လိုက်၏။
ထိုလူက အလွန်ခံ့ညားပေသည်။ သူ၏မျက်နှာအစိတ်အပိုင်းများက အထူးသီးသန့်အယ်ဖာတစ်ယောက်၏ စူးရှထက်မြက်မှုတို့ရှိနေ၏။ သူ၏မျက်ဆံများက သာမန်လူများထက်မည်းနက်နေပြီး ခွဲခြားလို့မရသော စိတ်ခံစားချက်များကို ဖုံးကွယ်ထားသည်။ သူက ကိုယ်တိုင်းနှင့်ချုပ်ထားသော ကြည်ပြာရောင်အနောက်တိုင်းဝတ်စုံကို ဝတ်ဆင်ထားပြီး သူ၏ရင်ဘတ်ကြွက်သားများကြောင့် အနည်းငယ်တင်းကျပ်နေ၏။ သူ၏အသက်ရှူသံနှင့်အတူ အင်္ကျီအစက နိမ့်ချည်မြင့်ချည် ညင်သာစွာလှုပ်ရှားနေသည်။
အလွန်ယောက်ျားဆန်လွန်းပေ၏။
ဟော့ထင်းလန်က ဘာမှလုပ်စရာမလိုပါဘဲ သူ၏တည်ရှိမှုနဲ့တင် ပြင်းထန်သောလိင်ပိုင်းဆိုင်ရာလွှမ်းမိုးမှုကို အလိုလိုထင်ရှားနေစေနိုင်သည်။
သူ၏မျက်လုံးများက မီးတောက်လောင်နေပုံပေါ်ပြီး ယဲ့စစ် အလျင်အမြန် မျက်နှာလွှဲလိုက်သည်။
၎င်းက ပမာမခန့်လုပ်ခြင်းဖြစ်သော်လည်း အပြင်လူများအမြင်မှာတော့ ရှက်ရွံ့မှုနှင့် အနည်းငယ်တူပေ၏။
ရှေ့နေက စည်းမျဥ်းစည်းကမ်းများကို ရွတ်ဆိုပြချိန်မှာ သူ၏အတက်အကျမရှိသောလေသံက ယဲ့စစ်၏နားထဲ ဝင်ရောက်လာခဲ့သည်။
"... ပွေ့ဖက်ခြင်းနှင့် ထိတွေ့ခြင်းသာမက ပါတီ B ၏ဆန္ဒနှင့်ဆန့်ကျင်သည့် ရည်ရွယ်ချက်ရှိရှိ ရုပ်ပိုင်းဆိုင်ရာထိတွေ့မှုပုံစံအားလုံးကို တင်းတင်းကျပ်ကျပ်တားမြစ်သည်..."
"... ပါတီ B အပေါ် စကားလုံးများ၊ စာသားများ၊ ရုပ်ပုံများ အစရှိသည့်နည်းလမ်းများဖြင့် မလိုလားသော လိင်ပိုင်းဆိုင်ရာတိုးတက်ခြင်းများနှင့် အနှောင့်အယှက်ပေးခြင်းတို့အား တားမြစ်သည်..."
"... တားမြစ်သည်..."
"... တားမြစ်သည်..."
"ဖယ်ရိုမုန်းများကို လေထုထဲသို့ ထုတ်လွှတ်ပေးခြင်းနှင့် လုံလောက်သော ဖယ်ရိုမုန်းပမာဏပါဝင်သည့် ပစ္စည်းများကို ထောက်ပံ့ပေးခြင်းကဲ့သို့ တိုက်ရိုက်ထိတွေ့မှုပုံစံမဟုတ်ဘဲ ဖယ်ရိုဖုန်းများကို ထောက်ပံ့ပေးရမည်..."
လက်ထပ်ပွဲသဘောတူစာချုပ်က ဟော့ထင်းလန်၏ အပြုအမူများကို အသေးစိတ်ကျကျ ထိန်းချုပ်ကန့်သတ်ထားလေသည််။
မျှော်လင့်ထားသည့်အတိုင်း ယဲ့စစ်၏မျက်နှာအမူအရာက ပို၍ကောင်းမွန်လာ၏။
ဟော့ထင်းလန်က သူ့ကိုစိုက်ကြည့်နေခဲ့သည်။ သူ၏မျက်ဆံနက်များက တိုင်းတာသည့်ကိရိယာတစ်ခုနှယ် ယဲ့စစ်၏စိတ်ခံစားချက်များကို ဂရုတစိုက်စူးစမ်းနေပြီး ၎င်းကိုအခြေခံ၍ သူ့ကိုဖျောင်းဖျဖို့ စကားလုံးများကို ရွေးချယ်ခဲ့သည်။ "သဘောတူစာချုပ်မှာ ကိုယ် သတ်မှတ်ချက်တွေထည့်ထားတယ်။ အဲ့ဒါက မင်းကို ပိုပြီးစိတ်အေးစေနိုင်လောက်မှာပါ။ ဟော့နဲ့ ချူးမိသားစုတွေက သူငယ်ချင်းတွေလေ၊ ကိုယ်တို့ဆက်ဆံရေးက အမြဲတမ်း ရင်းနှီးပြီးသားမို့ မင်း ကိုယ့်ကို ရှစ်ရှူးလို့ခေါ်ဖို့လိုတယ်..."
[TN/ ရှစ်ရှူး - ဦးလေး။ ကိုယ့်အဖေ့ထက်ငယ်တဲ့သူငယ််ချင်းကို ခေါ်တဲ့အသုံးအနှုန်းပါ။]
တကယ်တမ်းတော့ လူအိုကြီးနှစ်ယောက်က ထိုမျှမရင်းနှီးကြပေ။ ၎င်းတို့ကို သူငယ်ချင်းများဟုပြောဖို့မှာ ချူးမိသားစုအတွက် လပေါ်တက်ခြင်းဖြစ်နေလိမ့်မည်။ 'မိသားစုနှစ်စုမှာ ရင်းနှီးသောဆက်ဆံရေးရှိသည်' ဆိုတာ သံတမန်စကားမျှသာဖြစ်ပြီး ဖခင်ဆီကနေ အလဲအလှယ်တစ်ခုအနေဖြင့် သူစိမ်းဆီသို့ အပေးခံရခြင်းအတွက် ယဲ့စစ်ကို စိုးရိမ်ထိတ်လန့်မှုများ လျော့နည်းစေရန်ရည်ရွယ်၏။
"... အိမ်ထောင်ရေးကို ဆင်ခြေအဖြစ်အသုံးချပြီး မင်းဆန္ဒကိုဆန့်ကျင်တဲ့အရာမှန်သမျှကို ကိုယ် လုပ်မှာမဟုတ်ပါဘူး။" ဟော့ထင်းလန်က လေးလေးနက်နက်ပြောလိုက်သည်။ "မင်း သိပ်ပြီးစိတ်ပူစရာမလိုပါဘူး။"
ယဲ့စစ်က နှုတ်ခမ်းများကို အလျင်အမြန်ဖွင့်ဟကာ တောင့်တင်းစွာ ပြောလိုက်သည်။ "မပူပါဘူး..."
သူက 'ကျွန်တော့်မှာ ဘာစိတ်ပူစရာမှမရှိပါဘူး' ဟု ပြောချင်ခဲ့သော်လည်း စကားထစ်မှာစိုး၍ ထိုမျှသာပြောပြီး အသံတိတ်နေလိုက်သည်။
ဟော့ထင်းလန်က သူ့ကို အခိုက်အတန့်တစ်ခုလောက် စိုက်ကြည့်နေပြီးနောက် သူကြားချင်နေသောအရာများကို ပါးနပ်စွာ ဆက်ပြောခဲ့သည်။ "မင်းက လောလောဆယ် အထက်တန်းတက်နေတာဆိုတော့ စာလေ့လာတာကို အာရုံစိုက်ထားသင့်တယ်။ လက်ထပ်ပွဲကို လူသင့်ရှင်ကြားလုပ်ဖို့အတွက် မသင့်တော်ဘူး။ ကိုယ့်ရဲ့အမြင်ကတော့ လက်ရှိအချိန်အတွက် မင်းနဲ့ကိုယ့်ရဲ့အိမ်ထောင်ရေးကို မီဒီယာတွေဆီကနေ လျှို့ဝှက်ထားလို့ရတယ်။ ဆက်စပ်တဲ့ကိစ္စတွေအားလုံးကို မင်းရဲ့စာလေ့လာမှုနဲ့ မင်းရဲ့နေထိုင်မှုပတ်ဝန်းကျင်ကို မသက်ရောက်စေဖို့အတွက် အကောင်းဆုံးစီစဥ်ပေးပါ့မယ်။ ပြီးတော့ ကိုယ်တို့ သိုသိုသိပ်သိပ်ပဲထားဖို့ ကြိုးစားပေးပါ့မယ်။ လက်ထပ်ပွဲကို မင်း အထက်တန်းဘွဲ့ရတဲ့အချိန်ထိ ရွှေ့ဆိုင်းထားလို့ရတယ်။ ဒါပေမဲ့..." ဟော့ထင်းလန်က ခဏရပ်လိုက်ပြီး ဖြည်းဖြည်းချင်း ထပ်ပြောလိုက်သည်။ "ကိုယ်စဥ်းစားထာားတာတွေက မလုံလောက်တာမျိုးရှိနိုင်တယ်။ တကယ်လို့ မင်းက ဒီကိစ္စကို အပြင်လောကဆီ ထုတ်ဖော်ပြီး မင်္ဂလာပွဲကိုလည်း ခပ်မြန်မြန်ကျင်းပချင်တယ်ဆိုရင်လည်း ကိုယ် မင်းရဲ့အတွေးအမြင်ကို လေးစားပေးမှာပါ..."
ထိုစကားများကြောင့် ယဲ့စစ် ထိတ်လန့်သွား၏။
မင်္ဂလာပွဲကို ရွှေ့ဆိုင်းထားပြီး လျှို့ဝှက်ထားချင်သည်မှာ သူလိုချင်နေသည့်အရာများပင်။ လူကြီးလူကောင်းဆန်သော သဘောတူညီချက်များကိုပါ ထပ်ပေါင်းလိုက်သောအခါ အခြေအနေက သူစိတ်ကူးထားတာထက် အများကြီးပိုကောင်းနေ၏။ သူ လျှော့စျေးပစ္စည်းကို ကောက်ယူလိုက်မိသလိုမျိုးပင်။ ဟော့ထင်းလန် သူ၏ကမ်းလှမ်းချက်များကို ပြန်ရုပ်သိမ်းသွားမည်စိုး၍ ယဲ့စစ်တစ်ယောက် အန္တရာယ်ကင်းပုံရသောပိုက်ကွန်ထဲသို့ အလျင်အမြန် ထိုးဆင်းသွားလိုက်တော့သည်။ "ကျွန်တော်... ကျွန်တော့်မှာ ကန့်ကွက်စရာမရှိပါဘူး။"
ဟော့ထင်းလန်၏မျက်လုံးများထဲမှာ အပြုံးလေး ဖြတ်ပြေးသွားခဲ့သည်။ သူက မေးပင့်လိုက်ရာ ရှေ့နေက သဘောတူစာချုပ်၏ နောက်ဆုံးပုံစံကို ယဲ့စစ်ဘက်သို့ တွန်းပို့ပေးလိုက်၏။
၎င်းအား လက်မှတ်ရေးထိုးလိုက်လျှင် နှစ်ဦးသားက သူစိမ်းအဖြစ်ကနေ လက်ထပ်ပြီးသားစုံတွဲအဖြစ် တရားဝင်ပြောင်းလဲသွားလိမ့်မည်။
သူ့ကိုစိုက်ကြည့်နေကြသော မျက်ဝန်းများက ပင့်ကူအိမ်လို ရှုပ်ယှက်ခတ်နေ၏။ လေထုက ရုတ်တရက် ပါးလျသွားပြီး ယဲ့စစ်၏ရင်ဘတ်က အကြိမ်အနည်းငယ်လောက် နိမ့်ချည်မြင့်ချည်ဖြစ်လာခဲ့သည်။
ထိုစဥ် ပျော့ပျောင်းသောခေါင်းအုံးပေါ်မှာ နစ်မြုပ်နေသည့် ယဲ့ဟုန်ကျွင်း၏မျက်နှာက သူ့စိတ်ထဲ ဖျပ်ခနဲဝင်ရောက်လာ၏။
သူ အမှန်တကယ်ကို လမ်းဆုံးနေလေပြီ။
ယဲ့စစ် အသက်ပြင်းပြင်းရှူကာ အံကြိတ်လိုက်ပြီး ဖောင်တိန်ကိုဆုပ်ကိုင်လိုက်၏။
၎င်းမှာ ဟော့ထင်းလန်၏ဖောင််တိန်တစ်ချောင်းဖြစ်သည်။ ဖောင်တိန်က လေးလံပြီး ရွှေရောင်နှင့် အပြာရောင်မျက်နှာပြင်မှာ ဖယ်ရိုမုန်းများနှင့် စွန်းထင်းနေ၏။
ယဲ့စစ်တစ်ယောက် သူ့လက်များတုန်နေသည်ကို အခြားသူများသိသွားမည်စိုး၍ သူ့နာမည်ကို အလျင်အမြန် ခပ်ကြမ်းကြမ်းရေးခြစ်လိုက်၏။
'辞' ဟူသောစကားလုံးက စာချုပ်ပေါ်မှာ ပြတ်ပြတ်သားသား ထင်ရှားနေပေသည်။
[TN/ 辞 - စစ်]
__
စာရေးသူမှာ ပြောစရာရှိပါတယ်:
ဟော့ခွေးက သူ့ဇနီးကို အဆင့်သုံးဆင့်သုံးပြီး ပိုးပန်းခဲ့ပါတယ်။
ပထမအဆင့် - သဘောတူစာချုပ်ကို လက်မှတ်ထိုးပြီး လူသားတစ်ယောက်လို သရုပ်ဆောင်ရန်။
ဒုတိယအဆင့် - ဇနီးလေးကို အိမ်ခေါ်သွားရန်။
တတိယအဆင့် - သဘောတူစာချုပ်ကို ဆုတ်ဖြဲပစ်ရန်။
ယဲ့စစ်: ¥%&*&
***
Aurora Novel Translation Team
There is No Eng Version