no
အပိုင်း (၃၂) - ရင်ခုန်သံ
"ပေါင်ပေါင်း။"
သူ့သွေးများ ပွက်ပွက်ဆူလာခဲ့သည်။
ဟော့ထင်းလန်တစ်ယောက် သူအသားကျလာဖို့ကို လုံးဝမစောင့်နိုင်တော့ပေ။ သူ့စိတ်က ပြင်းပြလာပြီး ပခုံးကိုအနည်းငယ်ကိုင်း၍ ယဲ့စစ်၏မျက်နှာလေးကိုပင့်ကာ အနှီနှုတ်ခမ်းတစ်စုံကို ပုံပျက်လုနီးနီး စားသုံးခဲ့သည်။ သူ့မှာ အရှက်မရှိတော့သကဲ့သို့ တိုးလျသောအသံဖြင့် ချော့မြှူနေလေ၏။ "ပေါင်ပေါင်းရဲ့နှုတ်ခမ်းတွေက အရမ်းနူးညံ့နေတာပဲ..."
သာမန်ချစ်သူစုံတွဲများ၏ ပြောစကားများဖြစ်သော်လည်း ၎င်းတို့က လူတစ်ယောက်ကို ရူးသွပ်သွားစေနိုင်သည့် စွမ်းအားရှိသော မန္တာန်တစ်ခုလိုပင်။
ယဲ့စစ်၏နှလုံးသားက လေထဲမြှောက်တက်လာပြီး နံရိုးများနောက်ကွယ်မှာ အပြင်းအထန်ခုန်ပေါက်နေခဲ့သည်။
ယဲ့စစ်၏နားစည်ထဲမှာလည်း အသံများတဝီဝီမြည်နေပြီး သူ့ဦးနှောက်ထဲဗလာကျင်းကာ တစ်ကိုယ်လုံး ခန်းခြောက်သွားသလိုပင်။ သူ့ရင်ဘတ်ထဲ တိုးဝင်လာခဲ့သော ထုံထိုင်းမှုက နှလုံးခုန်သံနှင့်အတူ ကမ်းစပ်ကိုရိုက်ပုတ်နေသော လှိုင်းလုံးကြီးများနှယ် တဟုန်ထိုး မြင့်လိုက်ကျလိုက်ဖြစ်နေခဲ့သည်။ သူစိတ်ကူးယဥ်ထားခဲ့သော အနမ်းက ပုစဥ်းလေးတစ်ကောင် ရေမျက်နှာပြင်ပေါ် ပွတ်တိုက်ယှက်ပြေးသွားသကဲ့သို့ ခပ်ဖွဖွအနမ်းမျိုးသာ။
ဤသည်မှာ လုံးဝကွဲပြားနေခဲ့သည်။
သူ ထပ်ပြီးခံနိုင်ရည်မရှိတော့ဘဲ အလွန်ထိတ်လန့်ကာ ထွက်ပြေးချင်ခဲ့သော်လည်း ဟော့ထင်းလန်က သူ့မျက်နှာကိုဆုပ်ကိုင်ထားပြီး သူ့နောက်ကနေ လိုက်နေခဲ့သည်။ ပုံမှန်အားဖြင့် နူးညံ့သိမ်မွေ့ကာ ကျက်သရေရှိသည့် ဟော့ရှူးရှူက ယခုအခိုက်အတန့်မှာ အလွန်စိတ်အားထက်သန်နေပြီး သူ့ကို မြဲမြံစွာဖမ်းဆီူထားလေ၏။
"ဟော့ရှူးရှူ။" ယဲ့စစ်၏ဦးခေါင်းက ပေါက်ကွဲတော့မည်ဖြစ်ပြီး ညှာတာပေးဖို့ တီးတိးတောင်းပန်လိုက်သည်။ "ဟော့ရှူးရှူ... လုံလောက်ပြီလားဟင်။"
သူ၏နှလုံးသားက သေလုမတတ်ခုန်ပေါက်နေပြီး သူ၏နှာခေါင်းက သိသိသာသာကို အလုပ်လုပ်နိုင်သော်လည်း သူ သတိမထားမိဘဲ အသက်ရှူအောင့်ထားမိလေသည်။
သူ၏ပါးစပ်က ပွတ်တိုက်မှုကြောင့် နာကျင်နေပြီး နှုတ်ခမ်းအရေပြားများကလည်း ပူလောင်လွန်းနေ၏။
သူ ထိုနည်းလမ်းဖြင့် ဝန်မခံခဲ့သင့်ပေ...
သူ အနည်းငယ်နောင်တရနေသော်လည်း အခါနှောင်းသွားလေပြီ...
သူက စိုစွတ်နေသောအကြေးခွံများနှင့် ငွေရောင်ငါးလေးတစ်ကောင်လို တွန့်လိမ်နေ၏။ ဟော့ထင်းလန်ကသာ သူ့ကို လွှတ်မပေးလျှင် သူ နံရံမှာရှိနေသော အက်ကွဲကြောင်းတစ်လျှောက် လျောဆင်းသွားပြီး ရေထဲသို့ပြန်သွားကာ ငါးစာကို ဘယ်တော့မှ ထပ်ပြီးမကိုက်တော့ပေ။
နောက်ဆုံးတော့ ဟော့ထင်းလန်က အနည်းငယ်မတ်လိုက်ပြီး သူ့နှာခေါင်းထိပ်ပေးကို ပွတ်သပ်၍ သတိပေးလိုက်လေ၏။ "အသက်ရှူလိုက်။"
ယဲ့စစ်တစ်ယောက် ပျာယာခတ်စွာဖြင့် အသက်ပြင်းပြင်းရှူရှိုက်လိုက်သည်။
ဟော့ထင်းလန်က သူ အသက်ရှူနေချိန်ကို စောင့်ဆိုင်းနေပြီးနောက် တစ်ဖန် ဦးခေါင်းကိုစောင်းငဲ့လိုက်၏။
"ခင်ဗျား၊ ခင်ဗျား နမ်းဦးမလို့လား။" ယဲ့စစ်မှာ တုန်တုန်ယင်ယင်ဖြင့် အနောက်သို့ဆုတ်ကာ အရည်လဲ့နေသော တရုတ်ဆီးသီးအစေ့လိုမျက်ဝန်းများက ဝိုင်းစက်နေ၏။
"ဘာလဲ။" ဟော့ထင်းလန်က ယဲ့စစ်၏ထိတ်လန့်မှုကို သတိပြုမိလိုက်ပြီး သူ့မျက်လုံးများထဲမှ မီးတောက်ကို ဖိနှိပ်ကာ အပြစ်ကင်းစင်သော 'ရှူးရှူကောင်းတစ်ယောက်' ၏အသွင်ကိုထုတ်သုံး၍ ပျော့ပျောင်းစွာပြောလိုက်သည်။ "အဲ့ဒါက တစ်ခါတည်းနမ်းရသေးတာမဟုတ်ဘူးလား..."
ယဲ့စစ်မှာ မယုံကြည်နိုင်ဘဲ သူ့စကားကိုသံယောင်လိုက်ပြောလိုက်မိသည်။ "တစ်ခါတည်းနမ်းရသေးတာ...?"
ဒီလောက်၊ ဒီလောက်လုပ်ဆောင်ချက်တွေအများကြီးကို တစ်ခါလို့ပဲ ရေတွက်တယ်?!
သူ စကားမပြောနိုင်လောက်အောင် စိတ်ရှုပ်ထွေးလာခဲ့သည်။ အချိန်အတော်ကြာပြီးနောက် သူက နီစွေးစွေးနှုတ််ခမ်းလေးကို သပ်လိုက်ပြီး လူယုံသတ်ခံလိုက်ရသကဲ့သို့ ချိုမြိန်သောငါးစာချိတ်ထားသော ငါးမျှားချိတ်ဖြင့် ထိုးဖောက်ခံရသလို သနားစရာကောင်းနေခဲ့သည်။
"ခင်ဗျား၊ ခင်ဗျား... ဒုတိယတစ်ခေါက် ထပ်မနမ်းလို့ရမလား၊ ဟော့ရှူးရှူ။" သူ၏အသံက ပြောရင်းပြောရင်း တိုးဝင်လာခဲ့သည်။ "ကျွန်တော့်... ကျွန်တော့်နှုတ်ခမ်းတွေ စုတ်ပြဲကုန်ပြီ။"
"စုတ်ပြဲကုန်ပြီ?" ဟော့ထင်းလန်က မယုံကြည်ဘဲ ဂရုတစိုက်စစ်ဆေးကြည့်ရန် ယဲ့စစ်၏လက်ကိုဖယ်လိုက်သည်။
မည်သည့်နေရာမှာ စုတ်ပြဲနေသနည်း၊ လုံးဝမစုတ်ပြဲပေ၊ သူက သူလုပ်နေသည့်အရာကို အတိုင်းအဆသိပေ၏။ ၎င်းတို့က နီရဲကာ ပူလောင်နေပြီး 'အရေပြားလန်သွားပြီ' ဟု ထင်ယောင်ထင်မှားဖြစ်စေခြင်းသာ။
"မပြဲပါဘူး။" သူက ချာတိတ်လေးကြားချင်သောစကားကို မရွေးချယ်ဘဲ အမှန်တိုင်းပြောလိုက်သည်။
"..." ယဲ့စစ်တစ်ယောက် စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းငုံ့သွားပြီး သူ့ကိုမထိဖို့ ငြင်းဆန်လိုက်သည်။
"ဒါပေမဲ့ မင်း နာကျင်နေတယ်ဆိုရင် ကိုယ်တောင်းပန်ပါတယ်။" ဟော့ထင်းလန်က ခြေတစ်လှမ်းနောက်ဆုတ်လိုက်ပြီး ယဲ့စစ်ကို လွှတ်ပေးလိုက်သည်။
ဆယ်ကျော်သက်အရွယ်လေးများ ချစ်မိသွားသောအခါ ၎င်းတို့တွေ စိတ်မရှည်ဘဲ မဆင်မခြင်လုပ်တတ်သည့် အယ်ဖာနှင့် မတွေ့ဆုံသရွေ့ ကျောင်းကိုအတူသွားကာ အိမ်စာများ အတူလုပ်ကြမည်။ တစ်ယောက်၏ဦးခေါင်းလေးကို ပွတ်သပ်ပေးကာ လက်ချင်းဆုပ်ကိုင်ကြလိမ့်မည်။ ထို့နောက် ခပ်ဖွဖွအနမ်းလေးများကို ဂရုတစိုက်ပေးကြရင်း လရောင်ထက်ပင် ပို၍မှုန်ဝါးနေလိမ့်မည်။
ပြဿနာမှာ...
ဟော့ထင်းလန်ကလည်း ယခု လရောင်ကဲ့သို့ မှုန်ဝါးနေသည်ဟုခံစားရပေ၏။
သူ သူ့လျှာကို အထဲကိုတောင်မထည့်ခဲ့ပေ...
ယင်းက မှုန်ဝါးနေပြီမဟုတ်လော။
သို့သော် ယဲ့စစ်မှာ သူ့ဝိညာဥ်လွင့်သွားရလောက်အောင်ထိ အကြမ်းပတမ်းပွတ်တိုက်ခံခဲ့ရပြီး ယခု ဆိုဖာသေးသေးလေးပေါ်ထိုင်ကာ သူ၏ပါးစပ်ကို မှင်တက်စွာဖြင့်အုပ်ထားလေ၏။
ဟော့ထင်းလန်အတွက် ၎င်းမှာ ရေမျက်နှာပြင်ကိုထိတွေ့သွားသော ပုစဥ်းလေး၏အထိအတွေ့မျှသာဖြစ်သော်လည်း ယဲ့စစ်အတွက််မူ မုန်တိုင်းထန်သောပင်လယ်ပြင်ဖြစ်နေခဲ့သည်။
ဟော့ထင်းလန်က လျှောက်သွားလိုက်ပြီး ဆိုဖာအရှေ့မှာ ဒူးတစ်ဖက်ထောက်၍ ယဲ့စစ်၏ ညအိပ်ဝတ်စုံလက်ကလေးကိုဆွဲကာ ညင်သာစွာချော့မြှူလိုက်သည်။ "ကိုယ့်ကိုစိတ်ဆိုးသွားတာလား။"
ယဲ့စစ်က အမြန်ခေါင်းယမ်းလိုက်သည်။ "မဟုတ်ပါဘူး။ ကျွန်တော် စိတ်မဆိုးပါဘူး။"
သူ ဟော့ထင်းလန်ကို စိတ်ဆိုးခြင်းက မဖြစ်နိုင်ပေ။
"ဘာဖြစ်လို့လဲ... ကိုယ့်ကိုပြောပြပေးလို့ရမလား။" ဟော့ထင်းလန်က လေးနက်သောလေသံဖြင့် ပြောလာလေ၏။
"ဒီတိုင်း။"
ယဲ့စစ်က အောက်နှုတ်ခမ်းကိုကိုက်ကာ ဖော်ပြဖို့ကြိုးစားနေခဲ့သည်။
"ကျွန်တော့်၊ ကျွန်တော့်နှလုံးသားက သေတော့မလိုမျိုး ခုန်နေတာ။ ကျွန်တော်လည်း မသိဘူး၊ အဲ့ဒါက ကျွန်တော်..."
သူက ဟော့ထင်းလန်ကိုတစ်ချက်ကြည့်ကာ အပြစ်ကင်းစင်သောလေသံဖြင့် လူတစ်ယောက်ကိုသတ်နိုင်သည့် စကားလုံးများကို ပြောလာခဲ့လေသည်။
"ကျွန်တော်၊ ကျွန်တော် ခင်ဗျားကို အရမ်းသဘောကျတာမို့ စိတ်လှုပ်ရှားနေတာကို ခံနိုင်ရည်မရှိတာဖြစ်နိုင်တယ်။ ခင်ဗျား ကျွန်တော့်ကို ဖြည်းဖြည်းချင်းပဲ သွားခွင့်ပေးလေ၊ ဟုတ်ပြီလား။"
ဟော့ထင်းလန်က အသက်ပြင်းပြင်းရှူလိုက်ပြီး အံကြိတ်လိုက်သည်။
"ဖြည်းဖြည်းချင်း..."
တစ်သက်တာဇွဲနပဲများက ယခုအခိုက်အတန့်၌ ကုန်ဆုံးသွားပြီဖြစ်၏။
"ရှောင်စစ်၊ ကိုယ်က မင်းထက် ဆယ့်နှစ်နှစ်ကြီးတယ်၊ ပြီးတော့ ကိုယ်က အရွယ်ရောက်ပြီးသားအယ်ဖာတစ်ယောက်။ ဒီလိုအရာတွေနဲ့ပတ်သက်ပြီး ကိုယ့်အတွေးတွေနဲ့ လိုအပ်ချက်တွေက မင်းနဲ့မတူနိုင်ဘူး။"
သူ၏လေသံက စစ်မှန်ပြီး ရှားရှားပါးပါး ရှက်ရွံ့မှုလေးနှင့် တောင်းပန်နေခဲ့သည်။
"ကိုယ့်ရဲ့လိုအပ်ချက်တွေက မင်းထက် ပိုများနေတာဖြစ်လောက်တယ်။ တောင်းပန်ပါတယ်။"
ယဲ့စစ်က ထုံနေဆဲဖြစ်သော သူ့နှုတ်ခမ်းကိုသပ်လိုက်ပြီး မျက်နှာလေးက နီမြန်းနေသည်။ မမျှော်လင့်စွာဖြင့် သူက ဟော့ထင်းလန်ကိုတောင် လိင်ပိုင်းဆိုင်ရာပညာပေးနေခဲ့၏။
"မ၊ မတောင်းပန်ပါနဲ့၊ ခင်ဗျားပြောတာက တကယ်တော့၊ တကယ်တော့ ပုံမှန်ပါပဲ..."
"အင်း၊ မင်းပြောတာမှန်တယ်။"
ဟော့ထင်းလန်က ပြုံးလိုက်ပြီးနောက် ပြောဖို့ခက်သောအကြောင်းအရာတစ်ခုကို ပြောနေသကဲ့သို့ သူ့ကိုယ်သူ ရယ်မောလိုက်သည်။
"ဒါဆို ကိုယ် ဘာလုပ်ရမလဲ။ ကိုယ့်မှာ လိုအပ်ချက်တွေအများကြီးရှိတယ်... ဒါမှမဟုတ်။"
သူက ပျော့ပျောင်းစွာကျီစယ်လိုက်သည်။
"မင်းလက်ခံနိုင်တဲ့ တခြားနည်းလမ်းရှိသေးလား။"
***
Aurora Novel Translation Team
There is No Eng Version