no

အပိုင်း (၃၁) - ပျားသူခိုးလေး

အိပ်ခန်းတံခါးခေါက်သံ ထွက်ပေါ်လာ၏။ တံခါးခေါက်သံနှစ်ချက်က သူ၏နှလုံးသားကို လာခေါက်နေသလို ယဲ့စစ် ခံစားလိုက်ရသည်။

ယဲ့စစ်က တုံ့ပြန်မည်မဟုတ်ကြောင်း သိနေသောကြောင့် ဟော့ထင်းလန်က အိပ်ခန်းတံခါးကို သူ့ဘာသာသူတွန်းဖွင့်၍ ဝင်လာခဲ့၏။

ချက်ချင်းဆိုသလို ရေချိုးခန်း၏မှန်တံခါးအနောက်မှာ အရိပ်တစ်ခုပေါ်လာခဲ့သည်။

"တံခါးဖွင့်ပေးပါဦး။" ဟော့ထင်းလန်က မတ်တတ်ရပ်နေပြီး သူ့ကို စိတ်ရှည်သောမုဆိုးတစ်ယောက်လို ချော့မြှူနေခဲ့သည်။ သူ၏လေသံက တိုးလျကာ ဆွဲဆောင်မှုအပြည့်ပင်။ "ပေါင်ပေါင်း။"

ပြောင်းလဲသွားသောအခေါ်အဝေါ်ကြောင့် ယဲ့စစ်၏မျက်နှာက နီမြန်းသွားပြီး အလွန်ရှက်ရွံ့ကာ တံခါးလက်ကိုင်ဘုကို လှည့်မိလုနီးပါးထိ ဖြစ်သွားခဲ့သည်။

"ကိုယ် မင်းကို အရမ်းလွမ်းနေခဲ့တာ။" ဟော့ထင်းလန်က မမျှော်လင့်စွာပြန်လာမိကြောင်း ကိုယ့်ကိုယ်ကိုယ် နားလည်ပုံရပြီး သူ့ကို ဖိအားမပေးဘဲ နူးညံ့စွာညှိနှိုင်းနေလေ၏။ "ကိုယ့်ကို ပေးမတွေ့တော့ဘူးလား။ ကိုယ် မနေ့က တစ်ညလုံးအလုပ်လုပ်ပြီး ၁၂ နာရီလုံး လေယာဥ်စီးလာရတာ။ ကိုယ် ခေါင်းအရမ်းကိုက်နေလို့ ခေါင်းကိုက်ပျောက်ဆေးသောက်ထားရတယ်... ကိုယ် မင်းကိုတွေ့ပြီးရင် အနားယူဖို့ပြန်သွားမှာပါ။"

သူက လှည့်စားနေခဲ့သည်။

သို့သော် ယဲ့စစ်၏နှလုံးသားက အလွန်လျင်မြန်စွာ နူးညံ့ပျော့ပျောင်းသွားပြီး တံခါးကို အဟသေးသေးလေး ဖွင့်ပေးလိုက်သည်။

ထိုတံခါးအဟလေးက လက်တစ်ချောင်းစာလောက်သာ ကျယ်သော်လည်း ဟော့ထင်းလန်ကို ချောင်းကြည့်နေသော မျက်ဝန်းနက်ကလေးများကို မြင်ရဖို့ လုံလောက်ပေ၏။

သို့သော်...

ထိုအဟလေးက မည်မျှပင်ကျဥ်းမြောင်းနေပါစေ၊ 'ဖွင့်' လိုက်ပြီဆိုတာနှင့် 'ခွင့်ပြုချက်' ပေးလိုက်သည်ဟု ဆိုလိုပေ၏။

ဟော့ထင်းလန်က တံခါးကို ရုတ်ခြည်းဆုပ်ကိုင်ကာ သူနာကျင်မည်စိုး၍ တံခါးမပိတ်လိုက်သည့် ယဲ့စစ်၏တွန့်ဆုတ်မှုကို အခွင့်ကောင်းယူလိုက်ပြီး ကမာခွံလေးဖွင့်သလို တံခါးကိုဆွဲဖွင့်လိုက်လေသည်။

ဟော့ထင်းလန်က နူးညံ့သော်လည်း မတွန်းလှန်နိုင်သောအားဖြင့် ယဲ့စစ်၏လည်ကုပ်လေးကို ဖမ်းဆုပ်လာသောအခါ သူ၏လည်ကုပ်လေးက ပူလောင်လာခဲ့သည်။ ကြောင်လေးတစ်ကောင်ကို ဆုပ်ကိုင်ထားသလို သူက ရေချိုးခန်းထဲကနေ ခေါ်ထုတ်လာပြီး ချောင်ပိတ်လိုက်လေ၏။

"မင်း ပုန်းနေရဲတယ်ပေါ့လေ... video call ထဲမှာ ဘာပြောခဲ့တာလဲ။" ကြောင်လေးကိုဖမ်းပြီးနောက် ဟော့ထင်းလန်က လက်ပြန်ရုပ်ကာ သူ့ဘောင်းဘီအိတ်ကပ်ထဲကို ထည့်လိုက်သည်။ သူက ပြုံးနေသည့်မျက်ဝန်းများဖြင့် ယဲ့စစ်ကိုငုံ့ကြည့်ကာ ပေါ့ပေါ့ပါးပါးအမူအရာဖြင့် ပြောလိုက်သည်။ "ထပ်ပြောပါဦး။"

"ခင်ဗျား၊ ခင်ဗျားပြောတော့..." ယဲ့စစ်တစ်ယောက် ချောင်ပိတ်ခံထားရပြီး မခုခံဝံ့ဘဲ ပါးစပ်ကိုဖွင့်ဟကာ လုံလောက်မှုမရှိသောယုံကြည်ချက်များနှင့် တီးတိုရေရွတ်လိုက်သည်။ "တွေ့၊ တွေ့ရုံပဲဆို။"

ထိုမျှနီးကပ်နေသော အကွာအဝေးကနေ ဟော့ထင်းလန်၏ သပ်ရပ်သန့်ရှင်းနေသော ရှပ်အင်္ကျီအသစ်ကို မြင်တွေ့နေရ၏။ အပြာရင့်ရောင်ပိုးသားလည်စည်းက အလယ်မှာရှိနေပြီး ၎င်း၏ဘေးတစ်ဖက်တစ်ချက်မှ ရင်ဘတ်ကြွက်သားများက ဆွဲဆောင်မှုရှိနေသည်။ အင်္ကျီလက်ခေါက်ရှိ လက်ကြယ်သီးများကလည်း အဖိုးတန်သော စိန်များဖြင့် တဖျပ်ဖျပ်တောက်ပနေလေ၏။

မုတ်ဆိတ်ရိပ်ပြီးခါစ vetiver* ရနံ့က လတ်ဆတ်နေဆဲပင်။ သူ၏ဟော့ရှူးရှူက ဝတ်ကောင်းစားလှများကို ဝတ်ဆင်ထားခဲ့သည်။ မိမိ၏လှပသော အမွေးများနှင့် သန်မာသောခန္ဓာကိုယ်ကို ကြွားလုံးထုတ်ကာ လူပျိုလှည့်မည့် သားရဲအထီးကဲ့သို့ သူ့ကိုတွေ့ဖို့လာခဲ့သည့် လေယာဥ်ပေါ်မှာ သူ့ကိုဆွဲဆောင်ဖို့ အကောင်းဆုံးပြင်ဆင်ခဲ့ပုံပင်။

[TN/ မြက်ပင်အခြောက်လိုအနံ့ရှိပါတယ်။ သူ့ရဲ့အမြစ်က ပိုအသုံးဝင်ပါတယ်။ အဲ့ဒါကို ရေမွှေး၊ ဆီမွှေး၊ တိုင်းရင်းဆေးလုပ်တဲ့နေရာမှာ အသုံးပြုပါတယ်။]

ဟော့ထင်းလန်က မျှော်လင့်ထားသောရလဒ်ကို အောင်မြင်ခဲ့သည်မှာ သိသာပေ၏။

ယဲ့စစ်၏မျက်လုံးများက သံသယများကိုရှောင်ရန် အကြည့်လွှဲလိုက်သော်လည်း ထိုရှပ်အင်္ကျီအောက်မှ ကောက်ကြောင်းထင်ရှားနေသော ရင်ဘတ်ကြွက်သားများ၊ တဖျပ်ဖျပ်တောက်ပနေသော အလှဆင်ပစ္စည်းများ၊ ခံ့ညားသောမျက်နှာ၏ ပြတ်သားသောအစိတ်အပိုင်းများ စသည်တို့ကို ပြန်လှည့်မကြည့်ဘဲ မနေနိုင်ခဲ့ချေ။

သူ ဝန်ခံဖို့ မငြင်းဆိုနိုင်ခဲ့ပေ။ သူက နုပျိုသောသားရဲပေါက်လေးတစ်ကောင်လို မြီးကောင်ပေါက်အရွယ် ကောင်လေးတစ်ယောက်ဖြစ်သည်။ ဟော့ထင်းလန်က သူ့ကို စိတ်ကျေနပ်စေရန် ကြိုးပမ်းနေပြီး သူ ထိုအရာကို အထပ်ထပ်မကြည့်ဘဲ မနေနိုင်လောက်အောင် စွဲလမ်းသွားခဲ့လေ၏။

"... ပြောထားပြီးသားစကားကို ပထမဆုံးဖောက်ဖျက်ခဲ့တဲ့သူက ဘယ်သူလဲ။" ဟော့ထင်းလန်က သွားတစ်ချောင်းအတွက် သွားတစ်ချောင်းဆိုသောသဘောဖြင့် သူ့ကို ကျီစယ်လိုက်သည်။

တစ်စုံတစ်ယောက်က မိမိ၏ကတိကို ထိန်သိမ်းထားရမည်။

ယဲ့စစ်တစ်ယောက် မနေ့ညက ဝန်ခံခဲ့သောစကားလုံးများကို ထစ်ထစ်ငေါ့ငေါ့ဖြင့် ထပ်ပြီးဝန်ခံခဲ့၏... သို့သော် ၎င်းက ထပ်တူမကျခဲ့ပေ။ စိတ်လှုပ်ရှားကာ သူ၏မေ့တတ်မှုများကြောင့် စကားလုံးများက အလုံးစုံမတူဘဲ အကြမ်းဖျင်းလောက်သာ တူနေ၏။

သို့သော် ဟော့ထင်းလန်ကတော့ ထိုနေ့က သူ၏စကားများကို အပြည့်အစုံမှတ်မိနေပုံပင်။ ယဲ့စစ်ပြောတဲ့အထဲမှာ နည်းနည်းလေးလွဲသွားလျှင်တောင် သူက ယဲ့စစ်အား ပြန်ပြောဖို့အတွက် ဖိအားပေးခဲ့သည်။

သိပ်ကိုနတ်ဆိုးဆန်တာပဲ။

ဖွင့်ဟဝန်ခံချက်တစ်ခုလုံးကို ပြန်ပြောပြီးနောက်မှာတော့ ယဲ့စစ်တစ်ယောက် နှာခေါင်းထိပ်လေးမှာ ချွေးများစို့နေပြီး သူ၏မျက်နှာကလည်း နီမြန်းနေခဲ့သည်။

နောက်ဆုံးတော့ သူ ထပ်ပြီးဝန်ခံနိုင်ခဲ့သည်။

ထို့နောက်တွင်မူ အခန်းထဲမှာ တိတ်ဆိတ်သွားခဲ့သည်။

ယဲ့စစ်တစ်ယောက် ဟော့ထင်းလန်ကို မျက်စိစွေပြီးကြည့်လိုက်သည်။ သူ၏မျက်ဝန်းများက တောက်ပကာ မည်းမှောင်နေပြီး ဆန့်ကျင်ဘက်အရာများ စုစည်းနေသည့်အတိုင်း အပြစ်ကင်းစင်သော ဆာလောင်မှုလေးရှိနေ၏။ ယဲ့စစ်မှာ လွှမ်းမိုးချုပ်ကိုင်ကာ ပိုင်ဆိုင်လိုသည့် အယ်ဖာတစ်ယောက်၏ဗီဇတို့ ရှိနေဆဲဖြစ်သော်လည်း အသစ်ပေါက််ဖွားလာသော အိုမီဂါဗီဇတို့ကြောင့်လည်း နူးညံ့ပျော့ပျောင်းနေသည်။ သူက ဟန်ချက်ညီသောကြိုးပေါ်ရပ်နေပြီး တစ်စုံတစ်ယောက်က သူ့ကိုတွန်းချလာမှာကို သို့မဟုတ် တစ်စုံတစ်ယောက်က သူ့ကို ဖမ်းပေးလာမှာကို စောင့်ဆိုင်းနေခဲ့သည်။

ဟော့ထင်းလန်က မျက်လွှာလျကာ ယဲ့စစ်၏နှုတ်ခမ်းလေးကို ကြည့်နေ၏။ ပါးလျသော်လည်း အလယ်မှာ ဖောင်းဖောင်းလေးဖြစ်နေပြီး အသက်ရှူလိုက်တိုင်း အေးမြသော ပူဒီနာရနံ့တို့က တဝဲလည်လည်ဖြစ်နေ၍ စွဲမက်ဖွယ်ကောင်းနေပေသည်။

"မင်း သွားတိုက်ထားတာလား။" ဟော့ထင်းလန်က ရယ်လိုက်၏။

"အွန်း၊ ကျွန်တော်၊ ကျွန်တော် video call ပြီးသွားရင် အိပ်ပျော်သွားမှာစိုးလို့ အရင်၊ အရင်တိုက်ထားနှင့်တာပါ။" ယဲ့စစ်က ဖုံးကွယ်ဖို့ကြိုးစားရင်း ပို၍သိသာအောင် ပြုလုပ်လိုက်မိသည်။ သူ၏မျက်ဝန်းများကလည်း ဟော့ထင်းလန်၏ပါးစပ်ဆီ အကြည့်ရောက်နေခဲ့၏။

'နှုတ်ခမ်းချင်းနမ်းခြင်း' ၏ခံစားချက်ကို သူ စူးစမ်းချင်မိသည်။

အနည်းငယ်တွေးတောပြီးနောက် သူ စမ်းကြည့်ဖို့ အနည်းငယ်စိတ်အားထက်သန်လာခဲ့၏...

နှစ်ဦးသားက အချင်းချင်း၏နှုတ်ခမ်းများကို စိုက်ကြည့်နေခဲ့ကြပြီး အသက်ရှူသံများက တစ်ဖက်တည်းကျနေခဲ့သည်။

လေထုက နူးညံ့ကာ ဟန်ချက်ညီနေ၏။

ရုတ်တရက်ဆိုသလို ဟော့ထင်းလန်က ထိုဟန်ချက်ညီမှုကိုချိုးဖျက်ကာ ယဲ့စစ်၏မေးစေ့လေးကို ညင်သာစွာဆုပ်ကိုင်၍ ဦးခေါင်းကိုစောင်းငဲ့လိုက်ပြီး သူ့ကိုထိတွေ့ခဲ့လေသည်။

ပျားရည်ကိုခိုးယူနေသော ပျားတစ်ကောင်ကဲ့သို့ နူးညံ့ပြီး လောဘကြီးလှ၏။

သူက အလွန်အမင်းဆာလောင်နေပြီး ပန်းအဖူးလေးကလည်း စတင်ပွင့်လန်းလာခဲ့သည်။ ပန်းပွင့်ချပ်လေးများက တစ်ဝက်တစ်ပျက်သာ ပွင့်လန်းလာသေးသော်လည်း သူက အရှက်မဲ့စွာဖြင့် ထိုအထဲကိုဝင်ရောက်၍ အလယ်မှာရှိနေသော အကောင်းတကာ့အကောင်းဆုံးဝတ်မှုန်ကို ပွတ်သပ်လိုက်လေသည်။

အစပိုင်းမှာ ၎င်းက ထိတွေ့ရုံမျှသာ။

ထို့နောက်မှာတော့ သူက အနည်းငယ်ပွတ်တိုက်လိုက်သည်။

ယဲ့စစ်တစ်ယောက် ထိရှလွယ်လွန်းပြီး နံရံနှစ်ဖက်ကြားကထောင့်လေးထဲကိုမှီကာ တုန်ယင်နေခဲ့သည်။ သူ၏ကျောရိုးကလည်း အလွန်ပျော့ပျောင်းသွားပြီး ကျောကိုတောင် မတ်မတ်မထားနိုင်တော့ပေ။

သိပ်ကိုသက်တောင့်သက်သာရှိတယ်။

ကြောက်စရာကောင်းလောက်အောင်ကို သက်တောင့်သက်သာရှိတယ်။

အောက်ဆီဂျင်နည်းလာပြီး အသက်ရှူမဝဖြစ်လာရာ သူ ရှက်ရွံ့စွာဖြင့် မျက်နှာလွှဲလိုက်ပြီး သူ့ကိုယ်ပိုင်တုံ့ပြန်မှုကို ရင်ဆိုင်န်ိုင်စွမ်းမရှိခဲ့ပေ။

ဤသည်မှာ အိုမီဂါတစ်ယောက်တစ်ယောက်အဖြစ် ခံစားရပေသည်။ အနမ်းလေးတစ်ခုက နက်ရှိုင်းသောစမ်းရေအဖြစ် ပြောင်းလဲနိုင်ပြီး သူ၏အရိုးများက အားနည်းကာ ပျော့ပျောင်းသွားရသည်။ သူ ထိုအရာနှင့် လုံးဝမရင်းနှီးပေ။

"ဘာဖြစ်တာလဲ။" ဟော့ထင်းလန်က ယဲ့စစ်ကို ထိန်းထားပေးနိုင်ရန် သူ၏ခန္ဓာကိုယ်ကို ယဲ့စစ်နှင့်ဖိကပ်ထား၏။

ထို့နောက် လက်ချောင်းထိပ်လေးများဖြင့် ယဲ့စစ်၏မျက်နှာလေးကို သူ့ဘက်ပြန်လှည့်စေခဲ့သည်။ သူ၏မျက်ဝန်းနက်များက တိုင်းတာသည့်ကိရိယာတစ်ခုနှယ် စိတ်အားထက်သန်နေပြီး ယဲ့စစ်၏စိတ်ခံစားချက်တိုင်းကို အာရုံခံနေခဲ့သည် - ရှက်ရွံ့မှု၊ ရှုပ်ထွေးမှု၊ ပျော်ရွှင်မှု...

"ခဏနေပါဦး၊ ဟော့ရှူးရှူ။" ယဲ့စစ်က ရွှံ့စေးလို ပျော့ပျောင်းနေပြီး ချွေးစို့နေသောလက်ဖဝါးများဖြင့် နံရံကိုထောက်ကန်၍ သူ့ကိုယ်သူ မြဲမြဲရပ်နိုင်ဖို့ ကြိုးစားနေခဲ့သည်။ "ကျွန်တော်၊ ကျွန်တော် ထပ်ပြီးမရပ်နိုင်တော့ဘူး..."

တစ်စုံတစ်ခုက အညှောင့်လေးစတင်ထွက်လာပြီး ရှက်ရွံ့နေသည့်အသွင်အပြင်လေးမှာ ပန်းပွင့်အဖူးလေးက ၎င်း၏ဝတ်ဆံဖိုကိုပြသနေသလို သို့မဟုတ် လတ်လတ်ဆတ်ဆတ်ခူးဆွတ်ထားသော ဝက်မြေဥကို အခွံခွာထားသလို လန်းဆန်းကာ အသက်ဓါတ်ပြည့်ဝနေပေသည်။

***

Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment