no
အပိုင်း (၈.၂) - အခွင့်ကောင်းယူခြင်း
ဟော့ထင်းလန်၏အသက်ရှူသံများက ရုတ်တရက်လေးလံလာပြီး သူ့နားထင်မှ အပြာနုရောင််သွေးကြောများက ပြင်းထန်သောနှလုံးခုန်သံနှင့် ပေါင်းစပ်သွားသည်။ ရေမျက်နှာပြင်ပေါ် တက်လာနိုင်ခဲ့သည့် ရေနစ်နေသူကဲ့သို့ အမောတကောအသက်ရှူနေရသည်။ သူ အနည်းငယ်တုန်ယင်နေပြီး အရှေ့သို့ငုံ့ကိုင်းကာ သူနှင့် ယဲ့စစ်ကြားမှအကွာအဝေးကို ချက်ချင်းကျဥ်းမြောင်းပစ်လိုက်၏။
ပူလောင်ကြမ်းရှသော ဝင်သက်ထွက်သက်များက ယဲ့စစ်၏လည်ကုပ်ပေါ် ထပ်တလဲလဲဖြန်းပက်နေသည်။ ဆာလောင်နေသောကျားတစ်ကောင်က သူ့နောက်ကျောကို ခုန်အုပ်ထားသလို၊ သူ ရိုးတွင်းချဥ်ဆီများထိပါ စုပ်ယူစားသောက်ခံရမလား သို့မဟုတ် သူ့ဝမ်းဗိုက်ထဲ လူတစ်ကိုယ်လုံးမျိုချခံရမလားဆိုတာ ထိုကျားရဲ အသိစိတ်ရှိမရှိပေါ် မူတည်ပေသည်။
ယဲ့စစ်တစ်ယောက် ကျောရိုးကနေ ဦးခေါင်းခွံအထိ ထုံထိုင်းသွားခဲ့သည်။ A+ အယ်ဖာ၏ မြင့်မားလွန်းသောဖယ်ရိုမုန်းများကြောင့် သူ၏အရေပြားက ယားယံနေပြီး ခေါင်းအစ ခြေအဆုံး၊ သူ့ခန္ဓာကိုယ်ပေါ်မှ အမွေးအမျှင်များအားလုံး ထိတ်လန့်မှုကြောင့် ထောင်မတ်လာကြ၏။
"ခဏ..." ယဲ့စစ် ထပ်ပြီးသည်းမခံနိုင်တော့ပေ။ သူ အရှေ့သို့ ခြေတစ်လှမ်းလှမ်းကာ မသိစိတ်ကနေ ထွက်ပြေးချင်နေခဲ့သည်။
ဟော့ထင်းလန်တစ်ယောက် သူ၏ဆင်ခြင်တုံတရားကို ပြန်လည်ရယူရန် အစွမ်းကုန်ကြိုးစားလိုက်ပြီး ယဲ့စစ်ကို ခြောက်လှန့်မိမည့်အရေးအား ရှောင်ရှားလိုက်သည်။
သူက ယဲ့စစ်အရှေ့မှသစ်ပင်ထက် လက်နှစ်ဖက်ထောက်လိုက်ပြီး ယဲ့စစ်ကို သူ့လက်မောင်းများထဲမှာ ချုပ်နှောင်ထားလိုက်သည်။ သူ၏လည်စေ့က အထက်အောက်ရွေ့လျားသွားပြီး ကြမ်းရှနေသောလေသံဖြင့် သူ၏ချစ်သူလေးကို အရှက်မဲ့စွာချော့မြှူလိုက်၏။
"မကြောက်ပါနဲ့... ဒါက ကုသမှုပဲမို့... မလှုပ်နဲ့နော်..."
၎င်းတို့၏ခန္ဓာကိုယ်များက အမှန်တကယ်ထိမနေသော်လည်း အလွန်နီးကပ်နေ၏။ အယ်ဖာ၏ကြွက်သားများက မာကျောပူလောင်ကာ နီရဲနေသောမီးကြီးခဲကဲ့သို့ သူ၏နောက်ကျောကို လောင်ကျွမ်းစေခဲ့ပြီး ယဲ့စစ်၏မျက်နှာတစ်ခုလုံး နီမြန်းလာခဲ့သည်။ သူ အံကြိတ်ကာ သည်းခံဖို့ကြိုးစားလိုက်သော်လည်း မလုပ်နိုင်ခဲ့ပေ။
သူ၏စိတ်ဆန္ဒနှင့် အခြားအယ်ဖာအပေါ် သူ၏ခုခံမှုတို့က အချင်းချင်းတွန်းလှန်ကာ သွားကျိန်းလောက်စရာ သတ္တုချင်းရိုက်ခတ်သံမျိုးနှင့် ထိုအင်အားစုနှစ်ဖွဲ့ကြား တိုက်ပွဲက အရေးကြီးသောအခိုက်အတန့်သို့ ရောက်ရှိသွားခဲ့သည်။ မီးပွားများစင်လာပြီး ခန္ဓာကိုယ်နှစ်ခုကြားမှ မရေရာသောဝင်သက်ထွက်သက်များက ကျယ်လောင်သောအသံနှင့်အတူ ပေါက်ကွဲသွားခဲ့သည်...
ယဲ့စစ်တစ်ယောက် သတိပေးခြင်းမရှိဘဲ တောကြောင်ကဲ့သို့ ခုန်လိုက်လေ၏။
သူ့ဦးခေါင်းအနောက်က တစ်စုံတစ်ခုကို တိုက်မိသွားပုံရပြီး ဟော့ထင်းလန်အား ညည်းသံထွက်ပေါ်လာစေသော်လည်း ယဲ့စစ် ဘာကိုမှဂရုမစိုက်နိုင််တော့ပေ။ သူ၏မျက်နှာက ဟင်းချက်လို့ရလောက်အောင်ထိ အလွန်ပူလောင်လာပြီး ခြေရာလက်ရာမကျန်ဘဲ ပျောက်ကွယ်သွားတော့သည်။
ဥယျာဥ်ထဲမှာ ညလေပြည်တိုက်ခတ်သံမှလွဲ၍ တစ်ဖန် တိတ်ဆိတ်သွား၏။
ဟော့ထင်းလန်၏ရှပ်အင်္ကျီအရှေ့ဘက်မှာ သွေးစက်အနည်းငယ် စွန်းထင်းနေခဲ့သည်။ သူ ပိုးသားလက်ကိုင်ပဝါကို ထုတ်ယူလိုက်ပြီး ၎င်းအား တည်ငြိမ်စွာဖြင့် နှစ်ခေါက်ခေါက်လိုက်၏။
ထို့နောက် ချက်ချင်းဆိုသလို အနှီဦးခေါင်းသေးသေးလေးကြောင့် နာကျင်သွားခဲ့သော သူ၏နှာခေါင်းကို ပိုးသားလက်ကိုင်ပဝါဖြင့် ဖုံးအုပ်လိုက်သည်။ သူ သိသိသာသာကို ဒဏ်ရာရခဲ့သော်လည်း အားသာချက်တစ်ခုခုရရှိသွားသလိုမျိုး ပြုံးလိုက်လေ၏။
...
နှစ်ပေါင်းများစွာကြာ ဝေဒနာခံစားခဲ့ရသော ဟော့ထင်းလန်၏အယ်ဖာဂလင်းများက ယဲစစ်၏ဖယ်ရိုမုန်းများအပေါ် တော်တော်လေးအထိအရှမခံခဲ့ပေ။ စက္ကန့်ပိုင်းလောက် အနီးကပ်အနံ့ခံခဲ့ရုံမျှဖြင့် အကျိုးသက်ရောက်မှုက နာရီပေါင်းများစွာခံခဲ့သည်။ သူ အိပ်ရာဝင်ချိန်တစ်လျှောက်လုံး ဘာလက္ခဏာကိုမှ မခံစားခဲ့ရပေ။
သူ အိပ်ရာခေါင်းရင်းကိုမှီကာ သိပ်မရေးမကြီးသော စာရွက်စာတမ်းများကို လှန်လှောနေခဲ့သည်။ သူ့ဖုန်းမျက်နှာပြင်မှာ ယဲ့စစ်၏ WeChat စကားပြောခန်းကို ပြသနေဆဲပင်။
ယဲ့စစ်၏ 'တစ်ဖက်လူက စာရိုက်နေသည်' အဆင့်မှာ မည်မျှကြာအောင်ရှိနေမလဲကို သူ သိချင်မိသည်။
ယဲ့စစ်က သူ၏မျှော်လင့်ချက်များကို စိတ်မပျက်သွားစေခဲ့ပေ။ ၎င်းက မိနစ်နှစ်ဆယ်ကျော်တာတောင် ဘာမှဆက်ဖြစ်မလာခဲ့သေးချေ။
ဟော့ထင်းလန် အပြုံးလေးနှင့်အတူ သက်ပြင်းချလိုက်၏။ လူကြီးလူကောင်းပေါက်စလေးကို ကျီစယ်ရမလား သို့မဟုတ် တည်တည်တံ့တံ့သူရဲကောင်းလုပ်ရမလားကို အပြန်အလှန်စဥ်းစားနေခဲ့ပြီး နောက်ဆုံးတော့ သူ၏ပုံရိပ်ကောင်းကို ထိန်းသိမ်းဖို့သာ ဆုံးဖြတ်လိုက်တော့သည်။
သူ ဖုန်းထုတ်ကာ ယဲ့စစ်ကိုကူညီဖို့ စကားပြောခန်းကိုဖွင့်၍ စာလုံးအနည်းငယ်ရိုက်လိုက်သည်။
[ဟော့ထင်းလန်]: ကိုယ် စိတ်မဆိုးပါဘူး။ မင်းရဲ့အိမ်စာတွေပြီးရင် စောစောအနားယူလိုက်ဦး။
နောက်ဆုံးတော့ ယဲ့စစ် စိတ်သက်သာရာရသွားပုံပင်၊ သူ၏ပြန်စာက အလျင်အမြန်ရောက်ရှိလာခဲ့သည်။
[ယဲ့စစ်]: တောင်းပန်ပါတယ်၊ ကျွန်တော် ခင်ဗျားကို တိုက်မိသွားသေးလား။
[ဟော့ထင်းလန်]: အင်း။
[ယဲ့စစ်]: ဘယ်နေရာ ထိမိသွားတာလဲ။
နောက််ထပ် စာတစ်စောင်ပါ ထပ်ရောက်လာခဲ့သည်။
[ယဲ့စစ်]: ခင်ဗျား နာနေသေးလား။
[ဟော့ထင်းလန်]: နှာခေါင်းကို။
ဟော့ထင်းလန်က ယဲ့စစ်၏ပထမဆုံးမေးခွန်းကို ဦးစွာတုံ့ပြန်လိုက်၏။ ထို့နောက် သူက သူ့နှာတံကိုပွတ်သပ်ကာ ယဲ့စစ်၏ မရည်ရွယ်ဘဲထုတ်ပြလာသော စိုးရိမ်ပူပန်မှုကြောင့် ကြည်နူးနေခဲ့သည်။
ခဏတာစဥ်းစားပြီးနောက် 'မထိခိုက်ပါဘူး' ဆိုသည့်စာကိုဖျက်ကာ အပြုံးလေးဖြင့် စာလုံးငါးလုံးကို ပြန်ရိုက်လိုက်၏။
[ဟော့ထင်းလန်]: ဒဏ်ရာရသွားတယ်။
ယဲ့စစ်ဘက်က အချိန်တစ်ခုကြာအောင် တိတ်ဆိတ်သွားသည်။
'စာရိုက်နေသည်' ဟုတောင် မပေါ်တော့ပေ။
သူစတာ... လွန်သွားပြီလား။
အချိန်တစ်ခုကြာအောင် တုံ့ပြန်မှုမရခဲ့ဘဲ ဟော့ထင်းလန်တစ်ယောက် စခရင်ကို လက်ချောင်းများဖြင့်တောက်နေရင်း ယဲ့စစ်အတွက် ထွက်ပေါက်ရအောင် တစ်စုံတစ်ခုပြောဖို့ရည်ရွယ်၍ ဖုန်းကိုပြန်ဖွင့်လိုက်သည်။
သို့သော် ထိုအခိုက်အတန့်၌ သူ့အိပ်ခန်းအပြင်ဘက်ရှိ စင်္ကြံတစ်ဝိုက်မှာ ခြေသံများ ရုတ်တရက်ပေါ်ထွက်လာခဲ့သည်။ ခြေသံများက သတိထားနေပြီး ကြောင်တစ်ကောင်ထက်တောင် ပေါ့ပါးနေသည့်အတွက် သာမန်လူသာဆို မကြားရနိုင်ပေ။ သို့သော် ထိပ်တန်းအယ်ဖာဖြစ်သည့် ဟော့ထင်းလန်၏အကြားစွမ်းရည်က မည်သည့်အသံကိုမဆို ရှင်းရှင်းလင်းလင်းကြားနိုင်သည်။
စင်္ကြံကနေလျှောက်လာသော ထိုပုဂ္ဂိုလ်က သူ့တံခါးရှေ့မှာ စက္ကန့်ပိုင်းလောက်ရပ်နေပြီးနောက် ပြန်ပြေးထွက်သွား၏။
တစ်စုံတစ်ယောက်ကို စနောက်နေသလိုမျိုး ယင်းကဲ့သို့ ထပ်တလဲလဲလုပ်နေခဲ့သည်။
တတိယအကြိမ်မြောက်တွင် ဟော့ထင်းလန်တစ်ယောက် သူ့နှလုံးသားထဲမှ နွေဦးမြက်လေးများတိုက်စားသကဲ့သို့ ယားယံမှုကို သည်းမခံနိုင်တော့ပေ။ ထို့ကြောင့် အသက်ပြင်းပြင်းရှူကာ တံခါးဆီလျှောက်သွားလိုက်ပြီး ဖွင့်လိုက််လေသည်။
သတိပေးခြင်းမရှိဘဲ တံခါးဖွင့်လိုက်ရာ တံခါးရှေ့မှာရပ်နေသော ယဲ့စစ်တစ်ယောက် ထိတ်လန့်သွားခဲ့၏။ စိတ်ဖိစီးနေသောကြောင်လေးတစ်ကောင်လို သူ ဟော့ထင်းလန်ကို လက်သီးနှင့်တောင် ထိုးမိတော့မလိုဖြစ်သွားခဲ့သည်။
"ဘာလို့ ဒီရောက်နေတာလဲ။" ဟော့ထင်းလန်က မျက်ခုံးပင့်ကာ အံ့အားသင့်သလို ဟန်ဆောင်လိုက်သည်။
"ခင်ဗျားကို၊ ခင်ဗျားကို ပေးဖို့..." ယဲ့စစ် ဟော့ထင်းလန်၏နှာခေါင်းကို တစ်ချက်ကြည့်လိုက်၏။ သူ ဝါကျ၏ဒုတိယပိုင်းကို ပြန်မျိုသိပ်လိုက်ပြီး သူ့လက်ထဲရှိ ရေခဲအိတ်နှင့် ဒဏ်ရာဖြန်းသည့်ဆေးဘူးကိုသာ လှုပ်ပြလိုက်သည်။
ရေခဲအိတ်နှင့် ဖြန်းဆေးဘူးတို့က အရင်တစ်ခေါက် သူ့ခြေချင်းဝတ်ဒဏ်ရာကုသချိန်၌ ဟော့ထင်းလန်၏သီးသန့်ဆရာဝန် ညွှန်ကြားပေးခဲ့ခြင်းဖြစ်သည်။ ဖြန်းဆေးက သုံးရလွယ်ပြီး သုံးပြီးခဏအကြာမှာ နာကျင်မှုများကို ပျောက်ကင်းသွားစေ၏။ ဘူးထဲမှာ တစ်ဝက်လောက်ကျန်နေသေးသဖြင့် သူယူလာခဲ့ခြင်းဖြစ်သည်။ သူ့မှာသာ ရွေးချယ်စရာရှိလျှင် သေအောင်အရိုက်ခံရလျှင်တောင် မလာချင်ခဲ့သော်လည်း ဟော့ထင်းလန်၏နှာခေါင်းက သူ့ကြောင့် ဒဏ်ရာရသွားခဲ့သည်။
သူက အဲ့ဒါကို ထိခိုက်စေခဲ့တဲ့အတွက်၊ အဟမ်း၊ တာဝန်ယူပေးဖို့လိုတယ်...
ဒါပေမဲ့ မေးရာရှိတာက... သူ့နှာခေါင်းဘယ်နေရာမှာ ဒဏ်ရာရသွားတာလဲ။
ချက်ချင်းဆိုသလို 'တရားခံလေး' ယဲ့စစ်၏စိတ်ထဲမှာ နှလုံးသားမဲ့သော မှန်းဆချက်များ အနည်းငယ်ဖြတ်ပြေးသွားခဲ့လေသည်။
____
စာရေးသူမှာ ပြောစရာရှိပါတယ်:
သူ့ရဲ့မှန်းဆချက်တွေအားလုံး မှန်ကန်ပါတယ်။
ဟော့ခွေး: ဒဏ်ရာတွေမရှိပေမဲ့ အဲ့ဒါက အရိုးကျိုးသွားတာလေ QAQ
***
Aurora Novel Translation Team
There is No Eng Version