no
အပိုင်း (၅၂.၂) - အချပ်ပို (၇.၂)
ယခုနှစ်တွင် ဟော့ထင်းလန်၏အိမ်ထောင်ရေးကို အောင်ပွဲခံရန် ၎င်းတို့က 'ထာဝရအချစ်' အပြင်အဆင်ကိုသုံးရန် ဆုံးဖြတ်ခဲ့ကြ၏။ မည်သို့ပင်ဆိုစေ အနှီစုံတွဲက အသက်ကြီးလာပြီး တစ်ခုသောအခိုက်အတန့်၌ သက်လက်ပိုင်းအရွယ် ထိုမှတစ်ဆင့် အသက်ကြီးသွားကြမည်ဖြစ်၏။ ယဲ့စစ်က ကခုန်နေသည့် အသည်းပုံပန်းရောင် မီးရှူးမီးပန်းများကိုကြည့်နေရင်း ဟော့ထင်းလန်၏ဝမ်းကွဲများဆီကနေ အစခံနေရလေ၏။ သူက သူ့မျက်နှာကို မည်သည့်နေရာမှာ ဝှက်ထားရမှန်းမသိဘဲ ရှက်ရွံ့စွာဖြင့် ရပ်နေခဲ့သည်။ ဟော့ထင်းလန်က အပြုံးလေးဖြင့် သူ့ကို ရင်ခွင်ထဲဆွဲခေါ်ကာ အလွန်ပိုင်ဆိုင်လိုစိတ်ကြီးသောအမူအရာဖြင့် သူ့ကို ပွေ့ဖက်ခဲ့လေသည်။
မီးရှူးမီးပန်းပြပွဲကို ကြည့်ရှုပြီးနောက် လူအုပ်ကြီးက အိမ်ထဲပြန်ဝင်ခဲ့ကြသည်။ အကြီးအကဲများက နွေဦးပွဲတော်ပြပွဲကိုကြည့်ကာ ကတ်များဆော့ရင်း စကားစမြည်ပြောနေခဲ့ကြစဥ် လူငယ်များက ၎င်းတို့ဘာသာပျော်ပါးခဲ့ကြ၏။ သို့သော် ညသန်းခေါင် ၁၂ နာရီထိုးသောအခါ အားလုံး နာရီစဥ်မြည်သံကိုနားထောင်ကာ ဖက်ထုပ်များစားခဲ့ကြသည်။ ယခုလိုထုံးတမ်းစဥ်များအားလုံး ပြီးဆုံးသွားသောအခါ မိမိ၏အခန်းကိုပြန်၍ အိပ်နိုင်ပြီဖြစ်သည်။
ယဲ့စစ်တစ်ယောက် အခန်းကိုပြန်ကာ စာအိတ်နီများကို သွားပြန်ထားခဲ့ရသည်။
ဟော့မိသားစု၌ ကလေးများသောကြောင့် သူက နှစ်သစ်ဆုတောင်းစကားများနှင့် ပိုက်ဆံအများကြီးပါသော စာအိတ်နီများစွာကို ပြင်ဆင်ထားခဲ့သည်။ နှစ်ကူးအကြိုညစာစားပြီးနောက် သူ့ထက်ငယ်သောတစ်စုံတစ်ယောက်ကို တွေ့လိုက်ရသောအခါ မဝံ့မရဲဖြင့် စာအိတ်နီကို ကမ်းပေးခဲ့သည်။ သူက သူပြင်ဆင်ခဲ့သော စာအိတ်နီများကို အပြတ်ရှင်းနိုင်မည်ဟု ထင်ထားခဲ့သော်လည်း သူပြန်လည်ရရှိသည့် စာအိတ်နီများက သူပြင်ထားတာထက်တောင် ပိုများနေခဲ့သည်။
ဟော့မိသားစု၏စည်းမျဥ်းက အိမ်ထောင်သည်များသည် စာအိတ်နီပေးရမည်ဖြစ်ပြီး အပျို၊ လူပျိုများက လက်ခံရသည်။ အိမ်ထောင်ရေးဆိုသည်မှာ တစ်စုံတစ်ယောက်က 'အမှီအခိုကင်းကင်း' နေနိုင်ရဲ့လားဟု ဆုံးဖြတ်ခြင်းဖြစ်သည်။ ယဲ့စစ်က အိမ်ထောင်သည်ဖြစ်သော်လည်း သူက ငယ်ရွယ်ပြီး သူ၏စိတ်နေသဘောထားက လူများကို သူ့အား ချစ်လာအောင်ပြုလုပ်နိုင်သဖြင့် ဟော့မိသားစု၏အကြီးအကဲများက ၎င်းတို့၏နှလုံးသားထဲတွင် သူ့ကို ကလေးတစ်ယောက်ဟုသတ်မှတ်ထားကြသည်။ ဟော့ထင်းလန်က စာအိတ်နီတစ်ဝက်တောင် မရခဲ့သော်လည်း ယဲ့စစ်၏အနွေးထည်အိတ်ကပ်များထဲ၌ စာအိတ်နီများစွာဖြင့် ပြည့်သိပ်နေခဲ့သည်။
ဟော့ထင်းလန်က လင်ယောင်နှင့် ဟော့ချန်းယွီတို့၏ စာအိတ်နီပုံကြီးထဲကနေကောက်ကာ အထူဆုံးနှစ်အိတ်ကို ယဲ့စစ်၏ခေါင်းအုံးဘေးမှာ ဘယ်ညာတစ်ဖက်စီ ထားလိုက်၏။ သူက အယူသီးသောအမူအရာကို တပ်ဆင်လျက် ပြောလာ၏။ "နှစ်သစ်ကူးမုန့်ဖိုးကို ခေါင်းအုံးဘေးမှာထားရင် ကံကောင်းစေနိုင်တယ်။"
သူ၏လေသံက ကျီစယ်နေပုံပေါက်သော်လည်း ယဲ့စစ်က အာရုံမစိုက်ခဲ့ပေ။ ယဲ့စစ်တစ်ယောက် ခေါင်းငုံ့ကာ သူ့အနွေးထည်အိတ်ကပ်ထဲ သီးသန့်ခွဲထားသောစာအိတ်ကို ထုတ်ယူကာ ဟော့ထင်းလန်ကို ပေးလိုက်သည်။
စာအိတ်နီက အလွန်ထူပြီး အနောက်မှာ ရွှေရောင်သီးသန့်ဘောပင်လေးဖြင့် ရေးသားထားသည့် လှပသော ယဲ့စစ်၏လက်ရေးလေးရှိနေသည်။ ဟော့ထင်းလန်က ငုံ့ကြည့်လိုက်သောအခါ အဓိကကျသည့် စကားလုံးအနည်းငယ်ကို မြင်လိုက်၏။
၎င်းတို့အများစုက ဆုတောင်းစကားများနှင့် အချစ်စကားများဖြစ်သည်။
"ခင်ဗျား၊ ခင်ဗျား ခဏစောင့်ဦး။ ကျွန်တော်မရှိတဲ့အချိန်မှဖတ်။" ယဲ့စစ်က စာအိတ်နီကို အမြန်ပြန်ယူကာ တီးတိုးပြောလိုက်သည်။ "ခင်ဗျားရဲ့စာအိတ်နီကို ခဏနေရင် ပြန်ပေးမယ်။"
ယဲ့စစ်၏ရှုထောင့်ကနေကြည့်လျှင် ယင်းက လက်ထပ်ခြင်းနှင့် ဘာမှမသက်ဆိုင်ဘဲ ဟော့ထင်းလန်အတွက် ကောင်းချီးရဖို့ မျှော်လင့်ရုံသာ...
ဤစာအိတ်နီထဲရှိ ငွေများအားလုံးက သူအလုပ်လုပ်ကာ ပြိုင်ပွဲမှရလာသည့် အရင်ကတ်အဟောင်းထဲမှ ငွေများဖြစ်သည်။ ထိုငွေများကိုအသုံးပြုကာ ဟော့ရှူးရှူကို စာအိတ်နီပေးခြင်းက ယဲ့စစ်၏ဆန္ဒကို ကျေနပ်သွားစေ၏။ ၎င်းက မည်မျှဖြစ်ပါစေ သူသည် ဟော့ရှူးရှူသုံးဖို့ ငွေရှာနိုင်ခဲ့၏။
ဤသည်မှာ မိသားစုကိုထောက်ပံ့ရန် ငွေရှာခြင်းကဲ့သို့ ထင်ယောင်ထင်မှားတချို့ကို အောင်မြင်စွာဖန်တီးနိုင်ခဲ့သည်။
"ကျေးဇူးတင်ပါတယ်။" ဟော့ထင်းလန်က စာအိတ်နီကိုပြန်ယူကာ သူ၏ပါးလေးကို မွှေးကြူလိုက်၏။ "နှစ်သစ််မှာ ပျော်ရွှင်ပါစေ ပေါင်ပေါင်း။"
"စကားမစပ်။" ဟော့ထင်းလန်က ယနေ့မနက်ကကိစ္စကို အမှတ်ရသွားပြီး နွေးထွေးသောလေသံဖြင့် ပြောလိုက်၏။ "ကိုယ်တို့ တခြားသူတွေရှေ့မှာ ကိုယ့်ကိုခေါ်တဲ့အခေါ်အဝေါ်လေး ပြောင်းလိုက်ကြမလား၊ မဟုတ်ရင် သူတို့တွေ..."
"ကျွန်တော် နားလည်ပါတယ်။" ယဲ့စစ်က ခေါင်းညိတ်ပြလိုက်၏။ "သူတို့တွေ ကျွန်တော့်ရဲ့မျိုးဆက်က မှားနေတယ်လို့ ခံစားရလိမ့်မယ်။"
ဟော့ထင်းလန်က ပြုံးလိုက်၏။ သူ လူများ၏ အတွေးအစစ်အမှန်များကို ယဲ့စစ်အား ပြောလိမ့်မည်မဟုတ်ပေ။
မဟုတ်လျှင် သူ အရှက်ရပြီး သေဆုံးသွားနိုင်သည်။
"ကိုယ်တို့ ဘယ်လိုလုပ်မလဲ။ မင်း ကိုယ့်ကို တခြားသူတွေရှေ့မှာ 'ရှူးရှူ' လို့ ခေါ်လို့မရတော့..." ဟော့ထင်းလန်က ဆုံးရှုံးမှုကို ခံစားလိုက်ရသကဲ့သို့ ကူကယ်ရာမဲ့စွာပြုံးကာ တိုးတိုးလေး ကျီစယ်လိုက်သည်။ "ကောကောလို့ခေါ်ရင်ရော?"
"..."
ယဲ့စစ် တစ်မိနစ်လောက် အသံတိတ်သွား၏။
ယင်းက ရင်းနှီးနေသော အသုံးအနှုန်းဖြစ်သော်လည်း ထိုသို့မခေါ်နိုင်ပေ။
သူက နီမြန်းနေသောမျက်နှာဖြင့် နှုတ်ခမ်းကိုတင်းတင်းစေ့ကာ ဟော့ထင်းလန်ကို အသံတိတ်ကြည့်နေခဲ့၏။
ဟော့ထင်းလန်က သူ၏ကိုယ်ပိုင်မျက်နှာကို အစားထိုးနိုင်သည်လော။
"ခင်ဗျား၊ ခင်ဗျားရဲ့နာမည်ကိုခေါ်တာက ပိုကောင်းပါတယ်။" ယဲ့စစ်က ခြောက်ကပ်စွာပြောလိုက်သည်။ "အဲ့ဒါက ပိုပြီး... သက်တောင့်သက်သာရှိတယ်။"
"ကောင်းပါပြီ။" ဟော့ထင်းလန်က ပျော့ပျောင်းစွာပြောလိုက်၏။ "ကိုယ် နားထောင်ကြည့်ရအောင်။"
ဟော့ထင်းလန်၏အမူအရာက လေးနက်နေသောကြောင့်ဖြစ်နိုင်ပြီး သူ နဂိုကနဦးကလောက် မရှက်တော့ဘဲ ရှင်းပြလို့်မရစွာဖြင့် ရင်ခုန်လာခဲ့သည်။
ယဲ့စစ်က ဟော့ထင်းလန်နည်းတူ လေးနက်နေသည့် တောက်ပသောမျက်ဝန်းများဖြင့် တီးတိုးရေရွတ်လိုက်၏။ "ထင်းလန်။"
တိုတောာင်းသော စကားလုံးနှစ်လုံးတည်းသာ။
အသံက အရင်ဘဝကအသံနှင့် တစ်ထပ်တည်းတူညီနေပြီး သူ အချိန်နှင့်နေရာကို ခရီးသွားလိုက်သကဲ့သို့ သူ၏နားထဲမှသည် နှလုံးသားထဲအထိ စိမ့်ဝင်လာခဲ့၏။
ယခုဘဝမှာ ၎င်းက 'ရှူးရှူ' ထက်တောင် ပို၍စွဲမက်ဖွယ်ကောင်းနေခဲ့သည်။
"ထပ်ပြောပါဦး။" ဟော့ထင်းလန်က ယဲ့စစ်နားချဥ်းကပ်သွားပြီး သူ့ကိုမှီလိုက်ရာ ဆိုဖာပေါ် နောက်ပြန်လဲကျသွားစေခဲ့၏။ ယဲ့စစ်မှာ ရွေးချယ်စရာမရှိဘဲ သူ့ကို ထပ်ခေါ်လိုက်ရလေသည်။
"လိမ္မာတယ်။" ဟော့ထင်းလန်က ရှတတအသံဖြင့်ပြောလိုက်၏။ သူ၏အချစ်စိိတ်များက တိုးထွက်လာပြီး သူ၏နှလုံးသားက နာကျင်လာရာ ဖွင့်ထုတ်လိုက််ဖို့ အရေးပေါ်လိုအပ်နေသည်။ သူက နှစ်သစ်ကူးညစာစားပွဲကြောင့် လုံးဝိုင်းနေသော ယဲ့စစ်၏ဝမ်းဗိုက်လေးကိုပွတ်သပ်ကာ မေးလိုက်သည်။ "အရမ်းဗိုက်တင်းနေတာလား။"
ယဲ့စစ်က ခေါင်းညိတ်ပြလိုက်သည်။ "အွန်း။ ညစာက အရမ်းအရသာရှိတယ်။"
"ညလယ်မှာ ဖက်ထုပ်စားဦးမယ်ဆိုရင် စားနိုင်သေးလား။" ဟော့ထင်းလန်က ကြင်နာတတ်ပြီး စိုးရိမ်နေလေ၏။
ကြီးထွားဆဲယောက်ျားလေးများက အများကြီးစားကြသည်ဟုပြောကြပြီး ယဲ့စစ်က ဖက်ထုပ်အနည်းငယ်မဆိုထားနှင့်၊ တစ်နေ့ကို ငါးနပ်တောင်စားနိုင်ပေ၏။
ယဲ့စစ်က ပဟေဠိဖြစ်သွားပြီး ပွင့်ပွင့်လင်းလင်းပြောလိုက်သည်။ "ကျွန်တော် စားနိုင်ပါတယ်။ အဲ့ဒါက လွန်ခဲ့တဲ့လေးနာရီလောက်ကဆိုတော့ ကျွန်တော် အစာကြေနေပါပြီ။"
မည်ကဲ့သို့ ပရောပရည်လုပ်ရမည်ကို မသိနားမလည်သော ဖြောင့်မတ်မှန်ကန်သည့် အယ်ဖာတစ်ယောက်အလား။
ဟော့ထင်းလန်က ရယ်မောကာ အကြောင်းအရာကို လမ်းကြောင်းပေါ်ပြန်တည့်အောင် ဖိအားပေး၍ ယဲ့စစ်၏နှုတ်ခမ်းတို့ကို နမ်းလိုက်လေသည်။ "လေ့ကျင့်ခန်းလုပ်ဖို့အတွက် ကိုယ့်ကိုအဖော်ပြုပေးလေ။ လှုပ်လှုပ်ရှားရှားနေတော့ အစာချေတာကို အကူအညီဖြစ်စေတာပေါ့၊ မဟုတ်ဘူးလား။"
...
"ဟော့ရှူးရှူ၊ ဖြည်းဖြည်း..."
"မင်း ဘယ်လိုလုပ်ပြီး မေ့သွားရတာလဲ၊ ကိုယ့်နာမည်ကိုခေါ်လေ..."
ဤသို့ဖြင့် နှစ်သစ်ကူးအကြိုနေ့ညကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းခဲ့ကြလေသည်။
...
ဆောင်းရာသီ၌ ရောင်နီထွက်ချိန်က နောက်ကျတတ်သည်။ မနက်ခြောက်နာရီ၌ ကောင်းကင်ကြီးက မီးခိုးရောင်သန်းနေဆဲဖြစ်၏။ နွေးထွေးသောမီးအိမ်လေးကို အခန်းထဲမှာထွန်းထားပြီး ယဲ့စစ်က အိပ်နေဆဲပင်။ သူ၏ဇီဝနာရီက အလင်းရောင်ကြောင့် ရှုပ်ထွေးသွားပြီး ယဲ့စစ် မှင်တက်စွာဖြင့် မျက်လုံးများဖွင့်ကြည့်လိုက်ပြီးနောက် ပြန်ပိတ်လိုက်သည်။
ဟော့ထင်းလန်က သူနှင့်ဆော့နေကြောင်း ခံစားမိသော်လည်း ၎င်းက အဆင်ပြေပေ၏။
တချို့သောရှုထောင့်များ၌ ဟော့ထင်းလန်၏စွမ်းအင်များက အထက်တန်းကျောင်းသားထက် မလျော့ဘဲ နှစ်ပေါင်းများစွာ အသောက်အစားရှောင်ကြဥ်ခြင်းကြောင့် ပိုတောင်ပိုများလောက်သည်... အိပ်နေရင်း ထိုကဲ့သို့ လှုပ်ရှားခံရခြင်းက ရံဖန်ရံခါဖြစ်နေကျပင်။
သို့သော်ငြားလည်း။
တကယ်တမ်းမှာ ဟော့ထင်းလန်က ယဲ့စစ်အား အဝတ်အစားလဲပေးနေခြင်းဖြစ်၏။
သူက ယနေ့အချိန်ဇယားကို ယခင်ကပြောခဲ့ဖူးသော်လည်း ယဲ့စစ်က ယခုလိုအိပ်နေပြီး သိသိသာသာကို မှတ်မိခြင်းမရှိပေ။
နှစ်သစ်ကူးပထမနေ့မှာ သူက လင်ယောင်နှင့် ဟော့ချန်းယွီတို့နှင့်အတူ ဘုရာကျောင်းသို့ အမွှေးတိုင်ပူဇော်၍ ဆုတောင်းဖို့ သွားတတ်သည်။
အတိတ်တုန်းက ယခုလိုအရာမျိုးကို လင်ယောင်က ကိုင်တွယ်ပေ၏။ ဟော့ထင်းလန်က ရုပ်ဝါဒီသမားဖြစ်ပြီး လင်ယောင်၏ဦးဆောင်မှုနောက်ကသာ လိုက်ပါခဲ့သော်လည်း ယခုနှစ်တွင် ရုတ်တရက် သူ၏သဘောထားကိုပြောင်းလဲခဲ့ပြီး ထိုအရာများတွင် တက်ကြွစွာ ပါဝင်လာခဲ့သည်။
လင်ယောင်က ၎င်းတို့တွေ ၆:၃၀ ၌ ထွက်ခွာမည်ဟု ပြောထားခဲ့သည်။ ယခင်နှစ်တုန်းကတော့ ဟော့ထင်းလန်က မလိုအပ်သည့်အရာဟု တွေးကောင်းတွေးနိုင်သော်လည်း ယခုတစ်ကြိမ်မှာတော့ သူက မငြင်းဆန်ခဲ့ပေ။
သူ ယဲ့စစ်နှင့်ပတ်သက်သော မည်သည့်အရာကိုမှ လျစ်လျူမရှုဝံ့ချေ။
ယဲ့စစ်ကတော့ သူ၏ကရုဏာဖြင့် အိပ်ပျော်နေလေသည်။
နှစ်သစ်ကူးအတွင်း လူများက အနီရောင်ဝတ်ဆင်တတ်ကြသည်။ လွန်ခဲ့သောရက်အနည်းငယ်က လင်ယောင်သည် သူ့(ယဲ့)အတွက် အနီတောက်တောက် အပူခံအတွင်းဝတ်နှင့်... အတွင်းခံဘောင်းဘီရှည်တို့ကိုဝယ်ရန် တစ်စုံတစ်ယောက်အား စေခိုင်းခဲ့၏။
မနေ့ညက ယဲ့စစ်မှာ အနီတောက်တောက် အတွင်းခံဘောင်းဘီရှည်ဖြင့် သူ့စိတ်ထဲ၌ ခဏတာရုန်းကန်ခဲ့ရသည်။ နာခံမှုရှိပြီး နူးညံ့သောသဘောသဘာဝလေးက သူ၏ 'ခပ်မိုက်မိုက်ပုံရိပ်' နှင့် လွန်ဆွဲနေခဲ့သော်လည်း နောက်ဆုံးမှာတော့ သူ ရှုံးနိမ့်ခဲ့လေ၏။
သူ ထိုအရာကို အမှန်တကယ်မဝတ်နိုင်ပေ။
၎င်းက တခြားသူများမမြင်နိုင်သည့် အတွင်းဝတ်ဖြစ်သော်လည်း သူ များများစားစားလှုပ်ရှားလိုက်ပါက သူ့ခြေချင်းဝတ် သို့မဟုတ် လက်ကောက်ဝတ်တို့မှာ အနီရောင်အစကြီးက ပေါ်နေလိမ့်မည်...
ဤသည်မှာ ဆယ့်ရှစ်နှစ်အရွယ်ကောင်လေးတစ်ယောက်အတွက် သေချာပေါက် ဆိုးဝါးသောထိုးနှက်ချက်တစ်ခုဖြစ်သည်။
သို့သော်လည်း...
၎င်းကို ရှည်လျားသောအဝတ်အစားများအောက်ကနေ ခံဝတ်လျှင် မည်သူမှမမြင်နိုင်ပေ။
နှစ်သစ်ကူးက ရာသီအသစ်ကို ဆောင်ကျဥ်းပေးလာပြီး နှစ်သစ်ကူးပထမရက်၌ ခေါင်းအစခြေအဆုံးအဝတ်အစားအသစ်များဝတ်ထားခြင်းမှာ ပုံမှန်ဖြစ်သည်။
ဟော့ရှူးရှူမှာ မည်သို့ဖြင့် မကောင်းသည့်အတွေးများရှိနေနိုင်မည်နည်း။
ဟော့ထင်းလန်၏နှုတ်ခမ်းထောင့်များက နတ်ဆိုးဆန်ဆန် ကွေးညွတ်သွားပြီး ခြေအိတ်များကိုခေါက်ကာ ယဲ့စစ်၏ခြေဖဝါးလေးမှာစွပ်၍ အပေါ်ကို ဆွဲတင်ပေးလိုက်သည်။
ချောမွေ့နေသောအဖြူရောင်က အနီတောက်တောက်အရောင်နှင့် သိသိသာသာ ခြားနားနေပေသည်။ လင်ယောင်သည် ယဲ့စစ်အား ပိန်လွန်းသည်ဟုထင်ပုံရပြီး မတော်တဆ အရွယ်အစားမှားဝယ်လာခဲ့လေ၏။ ထို့ကြောင့် အဝတ်စက ကျပ်နေရာ အမွေးအမှင်များက ကျဲသွားကာ ပါးလွှာပြီး နူးညံ့သလိုထင်ရပေသည်။
၎င်းက ယဲ့စစ်ထင်နေသလို ရယ်စရာမကောင်းသော်လည်း...
ဟော့ထင်းလန်က အသိစိတ်ပြန်ကပ်ကာ အသံနက်နက်ဖြင့် ခေါ်လိုက်သည်။ "ပေါင်ပေါင်း၊ ထတော့လေ။ ကိုယ်တို့ အမွှေးတိုင်ပူဇော်ရအောင်။"
သူက ပြောရင်းဖြင့် ယဲ့စစ်ကို ညင်သာစွာပုတ်လိုက်သည်။
တစ်နှစ်နီးပါး ကုန်ဆုံးခဲ့ပြီးနောက် ယဲ့စစ်မှာ ဟော့အိမ်တော်သို့ ပထမအကြိမ်ရောက်ခါစကနှင့် ယှဥ်လိုက်လျှင် အသားများပိုပြည့်လာ၏။
သို့သော် ပိန်ပိန်ရှည်ရှည်ဆိုသည့်ခေါင်းစဥ်အောက်မှာ ရှိနေဆဲပင်။
သူ့ကိုကြည့်လိုက်လျှင် ပိန်သည်ဟုထင်ရသော်လည်း သူ့ကို ပုတ်လိုက်ပါက စွဲမက်ဖွယ်ကောင်းမှုတချို့နှင့်အတူ အသားများက တုန်ခါလာလိမ့်မည်။
[TN/ဘယ်နားကအသားလို့ထင်လဲ 🌚]
"တကယ်မထဘူးလား။"
သူက ထပ်ပုတ်လိုက်ပြန်၏။
"..."
ယဲစစ်က ခေါင်းမာစွာဖြင့် ပျင်းရိလေးတွဲစွာ အိပ်နေဆဲပင်။
ဤသည်မှာ ယခင်က ဟော့ထင်းလန်ခြေအိတ်ဝတ်ပေးလျှင် အလွန်ထိတ်လန့်တတ်သည့် ယဲ့စစ်နှင့် အတော်လေးကွာခြားသွားလေပြီ။
ဟော့ထင်းလန်က ပြုံးကာ သူ့ကို ဆက်လက်ပြီး အဝတ်ကူဝတ်ပေးလိုက်၏။
နောက်ဆုံးတော့ သူ သူ၏ဂျင်းဘောင်းဘီကို ဇစ်ဆွဲပြီးချိန်၌ ယဲ့စစ် ထဖို့ရုန်းကန်ခဲ့သည်။ သူက အိပ်မှုန်စုတ်ဖွားဖြစ်နေပြီး ဆံပင်လေးများက ဟိုတစ်စ၊ သည်တစ်စထောင်နေ၏။ အသစ်ပေါက်ခါစ ကြက်ပေါက်လေးနှင့်တူနေသည်။
"နှစ်သစ်ကူးပထမနေ့မှာ အမွှေးတိုင်ပူဇော်ဖို့ စောစောသွားရမှာ။ ကိုယ် မင်းကို အရင်ရက်တွေတုန်းက ပြောခဲ့ဖူးတယ်လေ။" ဟော့ထင်းလန်က သူ့ပါးဖောင်းဖောင်းလေးကို အသာဆွဲလိုက်ပြီး နာရီကြည့်လိုက်၏။ "မင်းကို အဝတ်လဲပေးပြီးသွားပြီ။ သွားတိုက်၊ မျက်နှာသစ်ဖို့တွက် ကိုယ် ငါးမိနစ်အချိန်ပေးမယ်။ အဲ့ဒါဆို လုံလောက်ပြီလား။"
"...လုံလောက်တယ်!"
ယဲ့စစ်တစ်ယောက် မှင်တက်နေ၏။ သူ့ကိုယ်သူ ခေါင်းအစ၊ ခြေအဆုံး ခံစားကြည့်လိုက်ရာ အမှန်တကယ်အဝတ်လဲထားကြောင်း တွေ့လိုက်ရ၏။ ထို့နောက် များများစားစားတွေးမနေတော့ဘဲ အိပ်ချင်ပြေသွားအောင် ခေါင်ယမ်းကာ ကြမ်းပြင်ပေါ်ခုန်ချ၍ မျက်နှာသစ်ရန် ရေချိုးခန်းဆီပြေးသွားတော့သည်။
သူ နှစ်သစ်ကူးအကြိုညက နောက်ကျမှအိပ်ခဲ့ရပြီး ဖက်ထုပ်မစားခင် လေ့ကျင့်ခန်းများ အများကြီးလုပ်ခဲ့ရသည်။ ယဲ့စစ်က ကားပေါ်တက်ချိန်ထိ အိပ်ချင်စိတ်မပျောက်သေးချေ။ သူက ဟော့ထင်းလန်၏ပခုံးပေါ်မှီကာ လက်နှစ်ဖက်ကိုပေါင်ပေါ်တက်ရင်း သဘာဝကျစွာ အိပ်ပျော်သွားလေ၏။
လွန်ခဲ့သောနှစ်နှစ်တုန်းက သူသည် ပန်းကန်ဆေးသည့် အချိန်ပိုင်းအလုပ်ကို လုပ်ခဲ့ဖူးသည်။ ထိုအချိန်က သူ အထက်တန်းကျောင်းမပြီးသေးရာ ရွေးချယ်စရာများများစားစားမရှိဘဲ ထိုအလုပ်နှင့်သာ ကျေနပ်ခဲ့ရ၏။ စားသောက်ဆိုင်အသေးစား၌ အခြေအနေများက ဆိုးရွားသော်လည်း သူ အလုပ်မထွက်ရဲခဲ့ချေ။ ဆောင်းရာသီ၌ နောက်ဖေးဖီးဖိုချောင်က စိုစွတ်ကာ အေးစက်နေပြီး ပလတ်စတစ်လက်အိတ်များက အသုံးမဝင်ချေ။ သူ၏လက်များကို ရေထဲမှာ နာရီပေါင်းများစွာစိမ်ထားရပြီး ပြန်ထုတ်လိုက်လျှင် ရဲတွတ်ကာ နွေဦးမုန်လာဥလေးများကို ရောင်ရမ်းနေခဲ့၏။ လအနည်းငယ်လောက် ပန်းကန်ဆေးပြီးနောက် သူ နေမကောင်းဖြစ်ခဲ့ပြီး ဆောင်းတွင်းဝင်ချိန်မှာ သူ၏လက်ချောင်းများက နီရဲကာ ယားယံလာတတ်သည်။
***
Aurora Novel Translation Team
There is No Eng Version