no
အပိုင်း (၂၈) - မှော်ဝင်ဆေးရည်
ဟော့ထင်းလန်ပေးခဲ့သော အချက်အလက်များက အတော်လေးအသေးစိတ်ကျပြီး ပြီးပြည့်စုံလှသည်။ ယဲ့စစ်တစ်ယောက် ၎င်းကို အကြိမ်များစွာဖတ်ခဲ့ပြီး ဖတ်လေဖတ်လေ ပို၍စိတ်လှုပ်ရှားလာလေ ဖြစ်လာခဲ့သည်။
ကြာရှည်စွာဖျားနာခြင်းက လူနာတစ်ယောက်ကို ဆရာဝန်ဖြစ်လာစေသည်ဟု ပြောတတ်ကြ၏။ ယဲ့စစ်က ယဲ့ဟုန်ကျွင်း၏ရောဂါကို နက်နဲစွာနားလည်ထားပြီး ရှုပ်ထွေးသော သုတေသနအစီရင်ခံစာကို နားလည်သဘောပေါက်ခဲ့သည်။
သူ ဟော့ထင်းလန်အကြံပြုလာသော သုတေသနပရောဂျက်ကို ယုံကြည်လို့ရသော်လည်း လောင်းကြေးက အလွန်မြင့်မားသဖြင့် သူကိုယ်တိုင် ထိုအရာများကို သိထားရမည်ဖြစ်၏။
ကုသမှုခံယူရန် အန္တရာယ်ရှိနေသေးသည့်အတွက် ယင်းအား စမ်းသပ်မှုဟုခေါ်ဆိုခြင်းဖြစ်သော်လည်း ကျယ်ကျယ်ပြန့်ပြန်အကဲဖြတ်ခြင်းက စမ်းသပ်မှုခံယူဖို့ ထိုက်တန်ပေသည်။
အောင်မြင်သွားခဲ့ပါက ယဲ့ဟုန်ကျွင်းသည် သူ(မ)၏ကျန်ဘဝတစ််ဝက်ကို ကျန်းကျန်းမာမာ ရှင်သန်နိုင်ပေလိမ့်မည်။
၎င်းက လက်ရှိခံယူနေသော ကုသမှုအစီအစဥ်များနှင့်ဆို မဖြစ်နိုင်ပေ။
ယဲ့ဟုန်ကျွင်းက လက်ရှိမှာ အားနည်းလွန်းနေ၏။ သူ(မ)က နိုးနေချိန်မှာ စကားအနည်းငယ်ကိုသာ ပြောနိုင်သော်လည်း အသိစိတ်ရှိနေဆဲဖြစ်ပြီး ယခုလို အရေးကြီးသည့်ဆုံးဖြတ်ချက်ကို သူ(မ)ကိုယ်တိုင်သဘောတူဖို့လိုအပ်သည်။
ထို့ကြောင့် သူ(မ)ကို ရှင်းပြမည့်ကိစ္စများက များစွာရှိနေသေးသည်။
စမ်းသပ်မှုက စေတနာ့ဝန်ထမ်းစုဆောင်းခြင်းပုံစံဖြစ်ပြီး ကုသမှုစရိတ်တို့ ကျသင့်မည်မဟုတ်သော်လည်း အခြားသော အထွေထွေကုန်ကျစရိတ်တို့က ကုသမှုထက်တောင် ပို၍များပြားပေသည်။ ထိုအဖိုးအခများကို မည်သူကပေးလိမ့်မည်နည်း။ သူ ဗီဇာကို မည်သို့ရနိုင်မည်နည်း။ ဆန်ဖရန်စစ္စကိုကဲ့သို့ ဝေးလံလှသောနေရာက ဆေးကုမ္ပဏီကို သူ မည်ကဲ့သို့ အဆက်အသွယ်ရခဲ့သနည်း။ အဖော်ပြုလိုက်ပါပေးမည့် ဆေးအဖွဲ့နှင့် လက်ထောက်တို့က မည်သည့်နေရာကနေ ရောက်လာကြသနည်း။ ချူးဝမ်လင်က သူ့သဘာဝကို ရုတ်ခြည်းပြောင်းလဲကာ သူ(မ)အတွက် ဤအရာကို မည်သို့လုပ်ပေးနိုင်မည်နည်း။
ထို့ကြောင့် ယဲ့စစ်၏ပြဿနာမှာ ထိုအရာများကို ရှင်းပြဖို့ပင်။
ကံကောင်းထောက်မစွာဖြင့် ဟော့ထင်းလန်က ဤပြဿနာအတွက် သူ့ကို အချိန်အကြာကြီး မစိုးရိမ်စေခဲ့ပေ။
ယဲ့စစ်က ကုသမှုလုပ်ဖို့ သဘောတူလိုက်သည်နှင့် အင်္ဂါနေ့ညနေခင်းမှာ ဟော့ထင်းလန်က ယဲ့ဟုန်ကျွင်းနှင့်ဆွေးနွေးရန် ကိုယ်တိုင်ကိုယ်ကျ နာတာရှည်ဆေးရုံကို လိုက်လာခဲ့သည်။ ဆေးရုံသို့မလာခင် ယဲ့စစ်က ယဲ့ဟုန်ကျွင်းကို WeChat ကနေ အနည်းငယ်အသိပေးကာ စမ်းသပ်မှုအကြောင်းကို ရေးရေးလေးပြောပြထားခဲ့သည်။
သူက ဟော့ထင်းလန်၏အနေအထားကိုလည်း မိတ်ဆက်ပေးခဲ့၏။ ၎င်းတို့ လက်ထပ်ထားသည့်ကိစ္စကိုတော့ သူ(မ)ကို ဖြည်းဖြည်းချင်းးမှ အသိပေးကြမည်ပင်။ အရင်ဆုံး ဟော့နှင့် ချူးတို့က မိတ်ဆွေများဖြစ်ပြီး ဟော့ထင်းလန်က ဟော့မိသားစု၏ခေါင်းဆောင််ဖြစ်ကြောင်း၊ ယဲ့စစ် ချူးမိသားစုကို ရောက်သွားပြီးနောက် သူနှင့် အချင်းချင်းတွေ့ဆုံဖြစ်ခဲ့ပြီး သူ(မ) နာမကျန်းဖြစ်နေတာကို ဟော့ထင်းလန်ကသိသွားကာ ကူညီပေးဖို့ ဆန္ဒရှိကြောင်းသာ ပြောပြထားခဲ့သည်။
အရေးကြီးသော 'အသေးစိတ်' များကိုမူ ဖုံးကွယ်ထားသော်လည်း ပြောပြခဲ့သောအရာများက အလုံးစုံမှားယွင်းမနေပေ။
ယဲ့စစ်၏ WeChat ထဲမှ ဖော်ပြထားသောပျော်ရွှင်မှုများနှင့် မျှော်လင့်ချက်တို့ကြောင့် ယဲ့ဟုန်ကျွင်းက ရှားရှားပါးပါး စိတ်ခွန်အားများရလာပြီး ညစာအတွက် ဆန်ပြုတ်တစ်ဝက်ကို ကုန်အောင်သောက်ခဲ့သည်။ သူ(မ) အန်လည်းမအန်ခဲ့သလို အိပ်ချင်စိတ်လည်း မဖြစ်ခဲ့ချေ။ သူ(မ)က လူနာခုတင်ကိုတောင် မတ်ကာ ခေါင်းအုံးများနှင့် မှီပြီးထိုင်နေခဲ့သေးသည်။
သူ(မ)နှင့် ယဲ့စစ်တို့က အတော်လေးတူကြပြီး အထူးသဖြင့် မျက်လုံးများပင်။ မျက်ဆံများက အရောင််အားဖြင့် တောက်ပသလို တရုတ်ဆီးသီးအစေ့များနှယ် ကြီးမားလုံးဝိုင်းပြီး သဘာဝအားဖြင့် အပြစ်ကင်းစင်မှုနှင့် ချစ်စရာကောင်းသည့်အရှိန်အဝါတို့ကို ဖော်ကျူးပေးသည်။
လွန်ခဲ့သောနှစ်များအတွင်း ယဲ့ဟုန်ကျွင်းက ရောဂါကို တိုက်ထုတ်နေခဲ့ရသည်။ သူ(မ)၏စိတ်ဝိညာဥ်နှင့် ခန္ဓာကိုယ်က ယိုယွင်းနေပြီး ခုတ်ထစ်ထားသော ကျူပင်ကဲ့သို့ သူ(မ)၏အသားအရေက ဖြူဖျော့နေခဲ့သည်။ သို့သော် ယဲ့စစ် တံခါးကနေဝင်လာသောအခါ သူ(မ)၏သားလေး စိတ်ပူမည်စိုး၍ မျက်လုံးထောင့်မှ နူးညံ့သောအပြုံးလေးနှင့်အတူ စိတ်အားထက်သန်စွာ နှုတ်ဆက်လိုက်သည်။
"ရှောင်စစ်၊ သားရောက်လာပြီပဲ။"
ထိုသို့ပြောပြီးနောက် မဖုံးကွယ်နိုင်သော သံသယတချို့နှင့်အတူ ဟော့ထင်းလန်ကိုလည်း ခေါင်းညိတ်ကာနှုတ်ဆက်လိုက်သည်။
"မစ္စတာဟော့၊ မင်္ဂလာပါ။ ရှောင်စစ်ဆီကနေ မင်းအကြောင်းကို ကြားဖူးပါတယ်..."
"မင်္ဂလာပါ။" ဟော့ထင်းလန်က ခဏတွေးလိုက်ပြီးနောက် ပြုံးလိုက်လေ၏။ "အန်တီယဲ့။"
"..."
ယဲ့စစ်တစ်ယောက် မီးကြီးခဲများပေါ် ခြေဗလာဖြင့် ဖြတ်လျှောက်လာခဲ့သည့်လူကဲ့သို့ တစ်စက္ကန့်လေးတောင် စိတ်အေးစွာ ရပ်မနေနိုင်ခဲ့ဘဲ ခြေထောက်များက အရှေ့နှင့်အနောက် ခြေစာထပ်ကာ မျက်လုံးများကလည်း ဂနာမငြိမ်ခဲ့ပေ။
ယဲ့ဟုန်ကျွင်းက အနည်းငယ်အံ့အားသင့်သွားပြီး တွန့်ဆုတ်စွာဖြင့် ပြန်ပြောလိုက်သည်။
"အာ။"
သူ(မ)က နှစ်ဆယ့်နှစ်နှစ်အရွယ်မှာ ယဲ့စစ်ကိုမွေးဖွားခဲ့ပြီး ယခုနှစ်မှ အသက်လေးဆယ်ကို ကျော်ရုံသာရှိသေးသည်။ အသက်နှစ်ဆယ်ကျော် လူငယ်လေးများကတောင် သူ(မ)ကို 'ကျဲ' ဟု ခေါ်ပေလိမ့်မည်။
သို့သော်လည်း သူ(မ)က ဟော့ထင်းလန်၏အသက်ကို မခန့်မှန်းနိုင်ပေ။ သူ့အသားအရေအရ သူက အများဆုံးမှ နှစ်ဆယ့်ခြောက်၊ နှစ်ဆယ့်ခုနစ်သာ ရှိလောက်သော်လည်း သူ၏အရှိန်အဝါအရ အသက်သုံးဆယ်အစောပိုင်းဟု ထင်ရစေသည်။
"ကျေးဇူးပြုပြီး ထိုင်ပါဦး... ရှောင်စစ်။" ယဲ့ဟုန်ကျွင်းက တွန့်ဆုတ်မနေတော့ဘဲ ပြောလိုက်သည်။ "မြန်မြန်၊ မစ္စတာဟော့ကို ထိုင်ခုံယူပေးလိုက်ဦး။"
ယဲ့ဟုန်ကျွင်း၏မိသားစုက သာမန်ဖြစ်သော်လည်း မိသားစု၏ပညာစေးက တင်းကျပ်သည်။ သူ(မ)အဖေက ဆရာတစ်ယောက်ဖြစ်ပြီး သူ့တပည့်များအပေါ် စည်းကမ်းတင်းကျပ်သလို သူ့သမီးအပေါ်မှာ ပိုလို့တောင်ပြင်းထန်၏။ အတိတ်တုန်းက သူ(မ) ချူးဝမ်လင်၏စကားချိုချိုလေးများကို စွဲလမ်းကာ မျက်ကန်းဖြစ်သွားခဲ့ပြီး 'အချစ်' ဆိုသည့်အရာအတွက် အရာအားလုံးကို စတေးပြီး ပုန်ကန်ထကြွခဲ့လေသည်။
နှစ်ပေါင်းများစွာ ကြာလာသည်နှင့်အမျှ သူ(မ) ဆင်းရဲသားရပ်ကွက်မှာ အသက်ရှင်ဖို့ ရုန်းကန်ခဲ့ရသော်လည်း ကောင်းမွန်သောစရိုက်လက္ခဏာများက အသွေးအသားထဲ နက်ရှိုင်းစွာနစ်ဝင်နေရာ ဆိုးဝါးသောပတ်ဝန်းကျင်ကြောင့် နည်းနည်းလေးတောင် လွှမ်းမိုးမခံခဲ့ရဘဲ စကားပြောယဥ်ကျေးကာ သူ(မ)နှင့် ပြောဆိုဆက်ဆံခြင်းက သက်တောင့်သက်သာရှိစေသည်။
ဟော့ထင်းလန်က ယဲ့စစ် WeChat ကနေမပြောခဲ့သော အစီအစဥ်အားလုံးကို ယဲ့ဟုန်ကျွင်းအား ရှင်းပြခဲ့သည်။ သူ(မ)အတွက် လေယာဥ်စင်းလုံးငှားပြီး လေယာဉ်ပျံသန်းမှုဘေးကင်းစေရန် ဆေးဘက်ဆိုင်ရာ အထောက်အကူပစ္စည်းများကို မည်သို့တပ်ဆင်မည်ဆိုသည့် အသေးစိတ်အချက်လေးများကိုတောင် ရှင်းပြခဲ့သည်။ ထိုမျှသာမကသေးဘဲ ဟော့ထင်းလန်က သူ(မ)၏ရောဂါအကြောင်းကို အသေးစိတ်လေ့လာထားကြောင်း ယဲ့ဟုန်ကျွင်း သူ့စကားများထဲကနေ ကြားသိလိုက်ရသည်။ သူက သူ(မ)ထက်မနည်း သိထားပြီး ပိုလို့တောင်သိချင်သိနေနိုင်သလို သူ(မ)၏မေးခွန်းအားလုံးကိုတောင် ဖြေပေးခဲ့၏။
ထိုကိစ္စကို ဆွေးနွေးပြီးသွားချိန်မှာ အခန်းထဲ၌ အားလုံးသတိပြုမိသော်လည်း လက်မခံချင်သည့် ထူးဆန်းသောတိတ်ဆိတ်မှုများနှင့် ပြည့်နှက်လာခဲ့သည်။
"စကားမစပ်၊ ရှောင်စစ်။"
ယဲ့ဟုန်ကျွင်းက ရုတ်တရက် တိတ်ဆိတ်မှုကိုဖြိုခွင်းကာ ပျော့ပျောင်းသောလေသံဖြင့် ညွှန်ကြားလိုက်၏။
"အောက်ထပ်ကိုသွားပြီး မစ္စတာဟော့အတွက် သောက်စရာတစ်ခုခု သွားဝယ်လိုက်ပါဦး... ကျွန်မ တောင်းပန်ပါတယ်။ နေမကောင်းဖြစ်နေတော့ စိတ်နဲ့ကိုယ်နဲ့မကပ်ဘဲ အဲ့ဒီအကြောင်းကို မေ့နေခဲ့တာ။ သတိရဖို့ အချိန်တော်တော်ယူလိုက်ရတယ်..."
ယဲ့စစ်က တွန့်ဆုတ်တွန့်ဆုတ်နှင့် ထရပ်လိုက်၏။
ဟော့ထင်းလန်က မော့ကြည့်ကာ သိမ်မွေ့သောအပြုံးလေးဖြင့် ပြောလိုက်သည်။
"ရေသန့်ဆို အဆင်ပြေပါတယ်။ ကျေးဇူး။"
ယဲ့စစ် သူနှင့် အကြည့်ချင်းမဆုံဝံ့ပေ။ သူက ခေါင်းငုံ့ကာ အသံပြုလိုက်ပြီး အလျင်အမြန်ထွက်သွားလိုက်လေ၏။
ယဲ့စစ်တစ်ယောက် အပြင်ထွက်သွားပြီး ခေါင်းငုံလျက်ဖြင့် လှေကားဆီခြေလှမ်းအနည်းငယ် လျှောက်သွားလိုက်သော်လည်း သူက အမှန်တကယ်ကို စပ်စုချင်နေပြီး ဟော့ရှူးရှူက ၎င်းတို့၏ဆက်ဆံရေးအကြောင်းကို မည်သို့ရှင်းမလဲအား သိချင်သည့်အတွက် ပြန်လှည့်လာခဲ့လေသည်။
သူ့အသိတရား၏ဆန့်ကျင်မှုကို ကြံ့ကြံ့ခံရင်း တံခါးလက်ကိုင်ကို တိတ်တဆိတ် ဖြည်းဖြည်းချင်းဖွင့်ကာ တံခါးကို အနည်းငယ်ဟလိုက်၏။
၎င်းတို့က အထဲမှာ စကားပြောနေကြသည်။
ဟော့ရှူးရှူ၏လေသံထဲမှာ ရှင်းပြလို့မရစွာဖြင့် ရင်းနှီးနေသော တောင်းပန်မှု၊ ကူကယ်ရာမဲ့မှုတို့နှင့် ပြည့်နှက်နေခဲ့သည်။
"... ဒီနှစ်တွေမှာ ကျွန်တော့်အလုပ်တွေနဲ့ပဲ အလုပ်များနေခဲ့ပြီး ကိုယ်ရေးကိုယ်တာအချိန်က သိပ်မရှိခဲ့သလို ကျွန်တော်နဲ့ကိုက်ညီမှုရှိတဲ့ အိုမီဂါကလည်း တော်တော်ရှားပါတယ်။ သုံးဆယ်ကျော်အရွယ်မှာ အချစ်နဲ့တွေ့ဖို့မပြောနဲ့ blind date ကိုတောင် တစ်ခါမှ မလုပ်ခဲ့ဖူးပါဘူး။ ကျွန်တော်က အချစ်ရေးနဲ့ပတ်သက်လာရင် စာရွက်အလွတ်ပဲလို့ပြောမယ်ဆို အန်တီတောင် ရယ်ချင်ရယ်သွားနိုင်ပါတယ်... အဲ့ဒီနေ့က ချူးမိသားစုကျင်းပတဲ့ပွဲတစ်ပွဲမှာ ကျွန်တော် ရှောင်စစ်ကို အမှတ်မထင်တွေ့ခဲ့ရပြီး သူ့ကို စိတ်ထဲကနေ ထုတ်လို့မရခဲ့ပါဘူး..."
"...အန်တီမှန်ပါတယ်၊ ကျွန်တော်က သူ့အတွက် အသက်ကြီးလွန်းပါတယ်... မဟုတ်တာ၊ တောင်းပန်ဖို့မလိုပါဘူး၊ အန်တီက ဘာအမှားမှလုပ်မထားဘူးလေ... ကျွန်တော်တို့တွေ အရမ်းမြန်နေမှာကို အန်တီမစိုးရိမ်ပါနဲ့။ ကျွန်တော် ရှောင်စစ်ကို ဖွင့်ပြောထားပေမဲ့ သူက ကျွန်တော့်ကို အဖြေမပေးသေးရပါဘူး။ အန်တီရဲ့အခုလိုအခြေအနေကြောင့် သူက စိတ်မပူစေချင်လို့ ကျွန်တော်နဲ့ပတ်သက်ပြီး စဥ်းစားမဲ့အချိန်မရှိတာကို ကျွန်တော် အပြည့်အဝနားလည်ပါတယ်..."
"ကျွန်တော်က ဒီနယ်ပယ်မှာ အရင်းအမြစ်တွေနဲ့ လမ်းကြောင်းတွေရှိပါတယ်။ အန်တီထင်သလောက် ဒုက္ခမများပါဘူး။ ကျွန်တော်က ရှောင်စစ် ခက်ခက်ခဲခဲကြိုးစားနေတာကို မကြည့်ရက်လို့ပါ။ ကျွန်တော် သူ့ကိုကူညီပေးချင်တယ်၊ ကူညီပေးနိုင်လို့လည်း ဝမ်းသာရပါတယ်။ ကျွန်တော် စကားနဲ့ပဲမပြောပါဘူး၊ ကျွန်တော့်ရဲ့လုပ်ရပ်တွေကိုကြည့်ပြီး အကဲဖြတ်နိုင်ပါတယ်..."
သူ့အသံက ရုတ်တရက် နီးကပ်လာလေ၏။
ထို့နောက် တံခါးက ပိတ်သွားခဲ့သည်။
ချောက်ခနဲအသံနှင့်အတူ ဟော့ထင်းလန်က အထဲကနေ တံခါးကို လောချလိုက်လေသည်။
သူ ခိုးနားထောင်နေတာကို ဟော့ရှူးရှူသိသွားတာပဲ။
ယဲ့စစ်၏နားရွက်လေးများက နီရဲလာပြီး မှင်တက်စွာဖြင့် ရေသွားဝယ်ရန် ပြေးဆင်းသွားတော့သည်။
ဟော့ရှူးရှူပြောနေတာတွေက... လိမ်ညာနေတာမဟုတ်သလိုပဲ။
ယဲ့ဟုန်ကျွင်းအား စိတ်အနှောင့်အယှက်မဖြစ်ရစေရန် ချူးဝမ်လင်၏ ဖိအားပေးလက်ထပ်ခိုင်းသည့်အပိုင်းကို အမှတ််ထင်ကြုံကြိုက်မှုအဖြစ် လှလှပပပြောင်းလဲခဲ့သည်။ ယင်းက ၎င်းတို့မလာခင် ကြိုတင်ဆွေးနွေးခဲ့သည့်အရာဖြစ်သည်။
သို့သော် ထိုစကားများကြားမှာ ဟော့ရှူးရှုက အဘယ့်ကြောင့် သနားစရာကောင်းနေမှန်း သူ မပြောနိုင်ခဲ့ပေ။
ဟော့ရှူးရှူက တကယ်ကို အရမ်း... အရမ်းသနားစရာကောင်းတာပဲ!
ယဲ့စစ် အောက်ထပ်ကိုဆင်းကာ ရေနှစ်ဘူးဝယ်ခဲ့ပြီး ပြန်ရောက်လာသောအခါ ဆေးရုံအခန်းတံခါးက ပိတ်ထားဆဲပင်။ သူက ပါးနပ်စွာဖြင့် စင်္ကြံမှာစောင့်ဆိုင်းနေခဲ့သည်။
ဆယ်မိနစ်ကြာပြီးနောက် ဟော့ထင်းလန်က ထွက်လာပြီး အနည်းငယ်ရှုပ်ထွေးနေသော ယဲ့စစ်၏မျက်ဝန်းများကို စိုက်ကြည့်လာ၏။ သူက အပြုံးလေးဖြင့် သိမ်မွေ့စွာပြောလာခဲ့သည်။
"မင်းအမေက ဆန်ဖရန်စစ္စကိုသွားဖို့ သဘောတူလိုက်ပြီ... အချိန်အကြာကြီး စကားပြောခဲ့တာဆိုတော့ သူ(မ) အနားယူသင့်ပြီ။ မင်း သွားနှုတ်ဆက်ပြီးရင် ကိုယ်တို့ ပြန်ကြတာပေါ့။"
ယဲ့စစ် အခန်းထဲဝင်လိိုက်ချိန်မှာ ယဲ့ဟုန်ကျွင်းက လူနာခုတင်ပေါ် လဲလျောင်းနေပြီဖြစ်ပြီး သူ(မ)ကိုကြည့်ရတာ အမှန်တကယ်ပင်ပန်းနေသလိုပင်။
သူ အချိန်ဆွဲမနေဘဲ ယဲ့ဟုန်ကျွင်းကို စောင််ခြုံပေးလိုက်ပြီး နှုတ်ဆက်လိုက်လေ၏။ ယဲ့ဟုန်ကျွင်းက သူ့ကို နူးညံ့စွာပြုံးပြလာပြီး စိတ်အခြေအနေမကောင်းသည့်ပုံမပေါ်ချေ။
အပြန်လမ်းမှာ ယဲ့စစ်တစ်ယောက် သိချင်စိတ်ကို အောင့်မထားနိုင်တော့ပေ။ သူ ခဏတာတုံ့ဆိုင်းနေပြီးနောက် မေးလိုက်လေ၏။ "ဟော့ရှူးရှူ၊ စောစောက ကျွန်တော့်အမေနဲ့ ဘာ... ဘာပြောခဲ့တာလဲဟင်။"
"ထွေထွေထူးထူးမဟုတ်ပါဘူး။" ဟော့ထင်းလန်က ပြုံးလိုက်ပြီး စနောက်လိုက်သည်။ "မင်း တံခါးမှာ နားထောင်နေခဲ့တာမဟုတ်ဘူးလား။"
ယဲ့စစ်တစ်ယောက် သီးသွားလေ၏။ "ကျွန်တော်... ကျွန်တော် နည်းနည်းလေးပဲ နားထောင်ခဲ့တာပါ။"
"ဘာလဲ။" ဟော့ထင်းလန်က မျက်ခုံးပင့်ကာ အပြစ်ကင်းစင်သည့်ပုံဖြင့် ပြောလိုက်သည်။ "ကိုယ်တို့ ဆွေးနွေးထားတဲ့အပိုင်းအပြင် တခြားအပိုင်းတွေက အချက်အလက်တွေနဲ့ မကိုက်ညီလို့လား။"
"အဲ့ဒါက..." ယဲ့စစ်တစ်ယောက် ပြန်ပြောစရာရှာနေစဥ် ဖုန်းသံမြည်လာခဲ့၏။
သူ ကောက်ယူကြည့်လိုက်ရာ ယဲ့ဟုန်ကျွင်းဆီကဖြစ်နေခဲ့သည်။
သူ(မ)က ယဲ့စစ်ဆီကို ရှည်လျားသော WeChat စာတစ်စောင်ပို့လာခဲ့သည်။
ယဲ့စစ် ၎င်းကို တစ်ချက်ကြည့်လိုက်ပြီး မျက်လုံးများက တုန်ယင်လာခဲ့၏။
[မေမေ]:
သား၊ ဒီနေ့ည အမေ မစ္စတာဟော့နဲ့ စကားအများကြီးပြောဖြစ်ခဲ့သလို အများကြီးလည်းတွေးခဲ့တယ်။ တချို့အရာတွေကို အမေ သားအရှေ့မှာပြောဖို့ကို အရမ်းရှက်မိလို့ အခုလိုမျိုးပြောခွင့်ပေးပါ။
ဒီနှစ်တွေထဲ အမေ ကျန်းမာရေးချို့တဲ့ပြီး သားကို ခါးခါးသီးသီး ခံစားရစေခဲ့တဲ့အတွက် တောင်းပန်ပါတယ်။ တစ်ခါတလေ ညည ဒီအကြောင်းကိုတွေးမိတဲ့အခါ အမေ မငိုဘဲမနေနိုင်ဘူး။ ကံကြမ္မာက တရားမျှတမှုမရှိဘဲ အမေ့ရဲ့သားလိမ္မာလေးကို အခက်အခဲတွေအများကြီး ခံစားရစေခဲ့တယ်။ အမေ သားကို ဒီလောကထဲခေါ်လာပေးခဲ့ပေမဲ့ အမြဲတမ်း ဆင်းရဲတွင်းနက်စေခဲ့တယ်။ အမေ ဒီအကြောင်းတွေကိုတွေးမိတိုင်း အနာဂတ်မှာ သားလေး ကံကောင်းခြင်းတွေနဲ့တွေ့ဆုံပါစေလို့ ကောင်းကင်ဘုံကို ဆုတောင်းမိတယ်။ အမေ အများကြီးမတောင်းဆိုပါဘူး။ သားကို အန္တရာယ်ကင်းပြီး ကျန်းကျန်းမာမာရှိဖို့နဲ့၊ ခက်ခက်ခဲခဲ အလုပ်လုပ်စရာမလိုဘဲ နွေးနွေးထွေးထွေးအဝတ်အစားတွေ၊ အစားအသောက််တွေ လုံလုံလောက်လောက်ရှိစေချင်ရုံပါပဲ။ အဲ့ဒါဆို အရမ်းကောင်းနေပါပြီ။
ကြည့်ရတာ အမေ့ဆုတောင်းတွေက အချည်းနှီးဖြစ်မသွားဘူးထင်တယ်။
အမေလေ မစ္စတာဟော့ကို ကောင်းကောင်းမသိသလို ဒီကနေ့မတိုင်ခင်ကအထိ သူစိမ်းတွေပဲဖြစ်ခဲ့ကြတာပါ။
မစ္စတာဟော့က ဉာဏ်ကောင်းတဲ့ပုဂ္ဂိုလ်ဖြစ်ပြီး စကားကို ဘယ်လိုပြောရမလဲဆိုတာလည်း သိတယ်။ အမေ အဲ့ဒါကိုမြင်သလို သူ သားအပေါ်ဂရုစိုက်တာကိုလည်း အမေခံစားမိတယ်။ အမေ များများစားစားမပြောတော့ပါဘူး။ အမေတို့ အနာဂတ်မှာ မစ္စတာဟော့ရဲ့ကြင်နာမှုကို ပြန်ပေးဆပ်ဖို့ နည်းလမ်းရှာလို့ရပါတယ်။ သားရဲ့ကိုယ်ပိုင်အတွေး၊ ကိုယ်ပိုင်ခံစားချက်ကသာ အရေးအကြီးပဲ။ အမေက ကံမကောင်းခဲ့လို့သာ ဘဝမှာ စစ်မှန်တဲ့လူနဲ့ မတွေ့ခဲ့ရဘဲ ဒုက္ခခံစားခဲ့ရတာ။ အမေ သားကို နည်းနည်းလောက်တော့ နားပူချင်တယ်။ သားကို စိတ်ရင်းနဲ့ဆက်ဆံပေးတဲ့သူက ဒီလောကမှာ အရှားပါးဆုံးရတနာ၊ ရာတွေ့ဖို့ခက်တဲ့ ရတနာပါပဲ။ သား အဲ့ဒါကို မချစ်ရင်တောင်မှ တန်ဖိုးထားတတ်ဖို့ကို သိထားရမယ်။ သူတို့အပေါ် ကြင်နာရမယ်၊ သူတို့ကို နာကျင်အောင်၊ ဝမ်းနည်းအောင်မလုပ်ပါနဲ့။ သားလေး၊ သားရဲ့ကိုယ်ပိုင်ပျော်ရွှင်မှုကို မြဲမြဲဆုပ်ကိုင်စေဖို့ အမေမျှော်လင့်ပါတယ်...
...
ဆယ့်နှစ်နှစ်ကြီးသော အယ်ဖာပိုးပန်းသူက အကြီးအကဲများကိုကျော်ဖြတ်ဖို့ ခက်ခဲလိမ့်မည်။ မည်သို့ပင်ဆိုစေကာမူ ယဲ့ဟုန်ကျွင်းက ငွေမက်သူမဟုတ်ဘဲ ချမ်းသာသည့်မိသားစု၏ဆွဲဆောင်မှုက မည်မျှကြီးမားနေပါစေ၊ သူ(မ)က သူ(မ)၏သားအတွက် စိတ်ပူနေလိမ့်မည်ပင်။
သို့သော် ယဲ့စစ်စိတ်ပူနေသည့်အရာက ဖြစ်မလာခဲ့ချေ။
ကနဦးတုန်းက သူ့အမေကို စိတ်အေးသွားအောင်ဖျောင်းဖျရန် စိတ်ကူးအကြံဉာဏ်များကို အပြည့်တွေးထားပြီးသားဖြစ်၏။
"..."
ယဲ့စစ်၏မျက်ဆံများက လှုပ်ခတ်သွားပြီး သူ၏ဦးခေါင်းကို ဆတ်ခနဲလှည့်၍ ပြတင်းပေါက်အပြင်ဘက်သို့ကြည့်နေသော ဟော့ထင်းလန်ကို မယုံကြည်နိုင်စွာ ကြည့်လိုက်လေ၏။
ဟော့ရှူးရှူ၊ ဒါက...
သူက မှော်ဆေးရည်လုပ်တဲ့နေရာမှာ အဲ့လောက်တောင်တော်တာလား!*
[TN/ *ဒါက လူတွေကို တစ်စုံတစ်ခုကကောင်းတယ်လို့ ထင်မြင်လာစေပြီး ရှုပ်ထွေးအောင်လုပ်တဲ့အပြောအဆို ဒါမှမဟုတ် အမူအရာကိုရည်ညွှန်းတဲ့ ဥပစာစကားပါ။]
***
Aurora Novel Translation Team
There is No Eng Version