no

အပိုင်း (၅၂.၃) - အချပ်ပို (၇.၃)

ပြီးခဲ့သောဆောင်းရာသီတုန်းက သူ အင်တာနက်မှာရှာကာ လိမ်းဆေးတချို့ဝယ်ခဲ့ပြီး အသုံးဝင်သည်ဖြစ်စေ၊ မဝင်သည်ဖြစ်စေ ဂရုမစိုက်ဘဲ ပေါ့ပေါ့တန်တန်လိမ်းခဲ့သည်။ ယခုဆောင်းရာသီ၌ ဟော့ထင်းလန်က သဲလွန်စတချို့တွေ့တွေ့ချင်း သူ၏လက်နှစ်ဖက်လုံးရှိ နှင်းကိုက်ဝေဒနာကို ရှာတွေ့သွားပြီး အကြိမ်အနည်းငယ်ကုသမှုအတွက် သူ့ကို ဆေးရုံခေါ်သွားပေးခဲ့ပြီး ညွှန်းပေးလိုက်သောလိမ်းဆေးများကို နေ့တိုင်းလိမ်းပေးခဲ့၏။ ယခုဆို သူ သက်သာနေပြီဖြစ်သော်လည်း ဟော့ထင်းလန်က လက္ခဏာပြန်ပြမည်စိုး၍ နေ့တိုင်းနေ့တိုင်း သူ မနက်တစ်ကြိမ်၊ ညတစ်ကြိမ် hamd cream လိမ်းသည်အား စောင့်ကြည့်နေတတ်သည်။ ယနေ့ အလျင်စလိုထွက်လာရသည့်အတွက် ယဲ့စစ် လိမ်းဖို့မေ့ခဲ့သည်။

ကံကောင်းစွာဖြင့် ဟော့ထင်းလန်က ကားထဲမှာ အပိုဆောင်ထားခဲ့၏။

ဘဝ၏ ယခုလိုအသေးစိတ်များကို ဂရုစိုက်တတ်သောကြောင့် သူက အမှန်တကယ်ကို စဥ်းစားတွေးခေါ်တတ်သည့် 'ရှူးရှူကောင်း' တစ်ယောက်ဖြစ်ပေ၏။

သူက ချိုမြိန်သော ဗာဒံရနံသင်းနေသည့် hand cream ဘူးလေးကိုဖွင့်ကာ သူ့လက်ဖဝါးထဲ ညှစ်ထုတ်လိုက်ပြီးနောက် ယဲ့စစ်၏လက်ကိုယူကာ လိမ်းပေးခဲ့သည်။

မော်တော်ဆိုင်ကယ်လက်ကိုင်ကို ကိုင်ရခြင်းနှင့် အလုပ်ကြမ်းများလုပ်ခဲ့ရခြင်းကြောင့် ရရှိခဲ့သည့် အသားမာပါးပါးလေးများက ပျောက်ကွယ်သွားတာကြာပြီဖြစ်၏။ လွန်ခဲ့သောတစ်နှစ်အတွင်း စိတ်နေသဘောထားကိုသာမက သူ၏လက်လေးများကလည်း နူးညံ့လာခဲ့သည်။ အသားအရေက နူးညံ့ကာ အသစ်ဖြစ်လာပြီး လက်အဆစ်များနှင့် လက်သည်းများက ပန်းရောင်သန်းကာ ကြာပွင့်လိုအရောင်လေးဖြစ်နေပြီး အယ်ဖာ၏စိတ်ဝင်စားမှုကို အလွယ်တကူနှိုးဆွနိုင်ပေ၏။

နှစ်ဦးသား လက်ချင်းယှက်ကာ ဟော့ထင်းလန်က ယဲ့စစ်၏လက်ဖမိုးလေးကို နူးနူးညံ့ညံ့လေး ပွတ်သပ်လိုက်သည်။ အစိုဓါတ်ကိုထိန်းပေးသော hand cream က စေးကပ်ကာ စိမ့်ဝင်မှုအားနည်းပြီး သူက အများကြီးသုံးလိုက်သောကြောင့် အဆီပြန်နေသောလက်ဖဝါးနှင့် စေကပ်နေသောလက်ဖမိုးတို့က စိုစိုစိစိအသံများကို အဆက်မပြတ်ထုတ်လွှတ်နေခဲ့သည်။

ထိုအသံများက ဒွိဟဖြစ်စရာ ကောင်းလွန်း၏။

ယဲ့စစ်မှာ ဟန်ဆောင်အိပ်စက်ခြင်းကို ဆက်မထိန်းနိုင်တော့ပေ။ သူ၏မျက်လုံးများက အနည်းငယ်ပွင့်လာပြီး ဟော့ထင်းလန် hand cream လိမ်းပေးနေသည်အားကြည့်နေရင်း သူ၏မျက်နှာက နီမြန်းလာခဲ့၏။

လေထုက စွဲမက်ဖွယ်ကောင်းနေသည်။ သူ၏အတွေ့အကြုံအရ နောက်ထပ် တစ်စုံတစ်ခုဖြစ်လာတော့မည်ဟု ခံစားမိနေသည်။ သူ အလိုလိုပင် အရှေ့နှင့်အနောက်ကို ကာထားသောကန့်လန့်ကာအား ကြည့်ကာ အတည်ပြုပြီးနောက် သူ၏လက်က သားရေထိုင်ခုံပေါ် ဖိချခံလိုက်ရသည်။

အောက်ကနေ ခါးပတ်ကြိုးဖြည်သံ ထွက်ပေါ်လာ၏။

ယဲ့စစ်က ဟော့ထင်းလန်၏လက်ကောက်ဝတ််ကို ဆုပ်ကိုင်ကာ တီးတိုးပြောလိုက်သည်။ "ကားထဲမှာ အဝတ်၊ အဝတ်ပိုမပါဘူးနော်။"

"ကိုယ်သိပါတယ်။" ဟော့ထင်းလန်၏နှုတ်ခမ်းတို့က ကွေးညွတ်သွားပြီး သိသိလျက်နှင့် မေးလိုက်၏။ "ဒီနေ့ ပေါင်ပေါင်း ဘာဝတ်ထားလဲဆိုတာ... ကြည့်ကြည့်ချင်ရုံတင်ပါ။"

ဆယ့်ရှစ်နှစ်အရွယ်ကောင်လေးများက ၎င်းတို့သဘောကျနေသူဆီကနေ အစခံရသောအခါ စိတ်လှုပ်ရှားလာတတ်ကြသည်။

ထို့နောက် ဝိုင်းစက်နေသော အနီတောက်တောက် လက်သည်းခွံအရွယ်အကွက်တစ်ခုပေါ်လာ၏။ ယနေ့မနက် ဟော့ထင်းလန်ဆီကနေ အဝတ်လဲပေးခံရပြီးနောက် ယဲ့စစ် အဝတ်များကိုချွတ်မကြည့်ခဲ့ပေ။ ယခုအခိုက်အတန့်၌ ဟော့ထင်းလန်ကြည့်နေသည့်နေရာကို လိုက်ကြည့်လိုက်ရာ ယဲ့စစ် မှင်တက်သွားခဲ့သည်။

ယဲ့စစ်၏မျက်နှာက နီရဲလာပြီး ခါးပတ်ကို ပြန်ဆွဲတင်ကာ အလျင်အမြန်ပြန်ဝတ်လိုက်သည်။

ခဏတာတိတ်ဆိတ်သွားပြီးနောက် ဟော့ထင်းလန်က အေးအေးလူလူ မှတ်ချက်ပေးလာခဲ့၏။ "ပေါင်ပေါင်းက အရမ်းကို တောက်တောက်ပြောင်ပြောင်ဝတ်ထားတာပဲ။"

"..."

ယဲ့စစ်တစ်ယောက် တောင့်တင်းစွာမေးထောက်ကာ ပြတင်းပေါက်ဘက်ကို ကြည့်နေလိုက်သည်။

သူ ယမန်နေ့ညက အိပ်ရာမဝင်ခင် အတွင်းခံဘောင်းဘီကို အဖြူရောင်လဲထားကြောင်း မှတ်မိပေ၏။

တိတိကျကျပြောရလျှင် သူ၏အတွင်းခံဘောင်းဘီများက အခြေခံအားဖြင့် အဖြူရောင်များသာရှိရာ နှစ်ခါပြန်စဥ်းစားစရာမလိုခဲ့ပေ။

ယနေ့မနက်စောစောမှာ ဟော့ထင်းလန် သူ့ကို အဝတ်လဲပေးချိန်ကို ပြန်စဥ်းစားလိုက်ပါက...

"ဟော့ရှူးရှူ!!!"

သူ ဒီမှာရှိနေရဲသေးတယ်!!!

ဟော့ထင်းလန်က စိတ်အားထက်သန်စွာ ချီးကျူးလိုက်သည်။ "ကျားပေါက်လေးက အရမ်းချစ်စရာကောင်းတယ်။"

ယခုနှစ်က ကျားနှစ်ဖြစ်ရာ အတွင်းခံဘောင်းဘီရှည်၏အရှေ့ဘက်၌ ကာတွန်းကျားပုံလေးကို ပုံနှိပ်ထားသည်။

သူ၏အရှက်က နှစ်ဆလောက်မြင့်တက်လာခဲ့သည်။

"ဟော့ရှူးရှူ!" ယဲ့စစ်က အလွန်ရှက်ရွံ့ကာ တစ်စုံတစ်ယောက်ကို ရိုက်နှက်ပစ်ချင်လောက်အောင် ဒေါသထွက်လာ၏။ သူက အရှေ့ကိုတိုးကာ ဟော့ထင်းလန်၏ပါးစပ်ကို အုပ်လိုက်သော်လည်း ဟော့ထင်းလန်က သူ့ကို ရင်ခွင်ထဲဆွဲထည့်ကာ အနိုင်ကျင့်ခဲ့သည်။

...

တရုတ်နှစ်သစ်ကူး ပထမနေ့၌ ဘုရားကျောင်း၌ ဘုရားဖူးများစည်ကားနေ၏။ အမွှေးတိုင်ပူဇော်ရာ ခြံဝန်းအတွင်းမှာ မီးခိုးငွေ့များ လှိုင်လှိုင်ထနေသော်လည်း ဆန္ဒကူးရနံ့သင်းသင်းလေးက မွှေးပျံ့နေ့ပြီး ချောင်းဆိုးရလောက်အောင်ထိ မပြင်းပေ။

အမွှေးတိုင်များအားလုံးကြားမှာ လင်ယောင်ပူဇော်ခဲ့သော နဂါးဦးခေါင်းအမွှေးတိုင်က အလွန်မျက်စိဖမ်းစားနေခဲ့၏။

ယဲ့စစ်သည် အရင်က အမွှေးတိုင်ပူဇော်ရန် ဘုရားကျောင်းကို တစ်ခါမှမရောက်ဖူးသော်လည်း ၎င်းက မလုပ်ချင်၍မဟုတ်ပေ။ သူက လေးလေးစားစားဖြင့် ကူရှင်ပေါ်ဒူးထောက်ကာ ဆုတောင်းဝတ်ပြုခဲ့၏။ ဤအချိန်အတောအတွင်း သူက စိုးထိတ်သောအမူအရာဖြင့် သူ၏အနွေးထည်အနောက်ဘက်ကို ဆွဲဆွဲချနေခဲ့သည်။ အကြောင်းမှာ သူ အရှေ့သို့ငုံ့ကိုင်းလိုက်လျှင် အနီရောင်တစ်စုံတစ်ခုက ပေါ်သွားမည်စိုးသောကြောင့်ဖြစ်၏။

အမွှေးတိုင်ပူဇော်ကာ ဆုတောင်းဝတ်ပြုခြင်းလုပ်ငန်းစဥ်အပြီး ထိုအဖွဲ့က အိမ်ပြန်ခဲ့ကြ၏။

မပြန်ခင် ယဲ့စစ်က ဘုရားကျောင်း၏ဆရာတော်ဆီကနေ ငွေရောင်အဆောင်လေးတစ်ခုကို လက်ခံရရှိခဲ့သည်။ ၎င်းက လက်သန်းတစ်ဝက်စာအရွယ်လောက်သာရှိပြီး ထိုအပေါ်မှာ သက္ကတနှင့် ကြာပန်းပုံစံများကို ရေးထိုးထားကာ မြင့်မြတ်သည်ဟု ဆိုကြပေသည်။ ယင်းက ငြိမ်းချမ်းစေသည့်ကောင်းချီးအပြင် လူတို့၏ သဘာဝအစစ်အမှန်ကို မြင်နိုင်ကာ ၎င်းတို့၏ဉာဏ်ပညာကို တိုးပွားစေရန်လည်း ကူညီပေးနိုင်သည်။ ယဲ့စစ် ဗုဒ္ဓဘာသာ၏ဉာဏ်ပညာက ဘာကိုရည်ညွှန်းမှန်းမသိရာ ၎င်းကို ကျောင်းပညာရေးကဏ္ဍ၌ တိုးတက်လာမည်ဟုသာ နားလည်ထားပြီး ၎င်းကိုဝတ်ထားဖို့ ဆန္ဒရှိနေခဲ့၏။

အဆောင်ကို အနီရောင်ကြိုးလေးမှာချိတ်ဆွဲက ငွေခေါင်းလောင်းလေးနှစ်ခုဖြင့် အလှဆင်ထား၏။ ဟော့ထင်းလန်က ကြိုးနီလေးကို ယဲ့စစ်၏လက်ကောက်ဝတ်မှာ နှစ်ကြိမ်ရစ်ပတ်ကာ ချည်ပေးလိုက်သည်။

ဖြူဖွေးနေသော လက်ကောက်ဝတ်လေး၌ ငွေရောင်အဆောင်နှင့်ကြိုးနီလေးတို့ရှိနေရာ အရောင်ကွာဟချက်က လူတို့၏နှလုံးသားကို တဒုတ်ဒုတ်ခုန်လာစေနိုင်သည်။

ဟော့ထင်းလန်က ယဲ့စစ်၏လက်ဖဝါးလေးကိုလှန်ကာ ခေါင်းငုံ့၍ သူ၏လက်ကောက်ဝတ်အတွင်းဘက်ကို နမ်းလိုက်သည်။

"ဟော့ရှူး..." ယဲ့စစ်တစ်ယောက် လမ်းတစ်ဝက်ရောက်တော့မှသတိရကာ သူ၏စကားလုံးများကို ကိုးရိုးကားရားပြောင်းလဲလိုက်၏။ "ထင်းလန်။"

"ပြောလေ၊ ပေါင်ပေါင်း။" ဟော့ထင်းလန်က ပြုံးလိုက်၏။

"ခင်ဗျား ဒီလိုအရာတွေကို တကယ်၊ တကယ်အယုံအကြည်ရှိလား။" ယဲ့စစ်က သူ(ဟော့) ကြိုးနီလေးကို ညှိနေသည်အားကြည့်ရင်း ပေါ့ပေါ့ပါးပါးပြောလိုက်သည်။ "ကျွန်တော်တို့ အမွှေးဆိုင်ပူဇော်ဖို့ အစောကြီးထခဲ့ရတာလေ။"

"အဲ့ဒါက အရေးမကြီးပါဘူး။" ဟော့ထင်းလန်က ငွေရောင်အဆောင်လေးကို လက်ချောင်းထိပ်လေးများဖြင့် ပွတ်သပ်ကာ နူးညံ့စွာပြုံးလိုက်သည်။ "ကိုယ်က မင်းနဲ့ပတ်သက်တဲ့အရာတွေကိုပဲယုံတယ်။"

ငွေရောင်အဆောင်ပေါ်မှ ထိုလက်ချောင်းထိပ်လေးများက သူ၏နှလုံးသားကို နွေးထွေးသွားစေသလိုပင်။ ယဲ့စစ်၏မျက်လုံးများက တုန်ယင်လာပြီး ဟော့ထင်းလန်ကိုပွေ့ဖက်လိုက်လေသည်။

...

နှစ်သစ်ကူးပထမနေ့၌ ညစားစာပွဲမှလွဲ၍ မည်သည့်အစီအစဥ်မှမရှိရာ လူတိုင်း လွတ်လွတ်လပ်လပ် လှုပ်ရှားသွားလာလို့ရပေ၏။

ဟော့မိသားစု၏ဂျူနီယာလေးများက ယဲ့စစ်ကို မျက်နှာသာပေးကာ သူ့ကို ကောင်းကောင်းဆက်ဆံချင်ကြသည်။ မျိုးဆက်ပေါင်းများစွာ ချမ်းသာလာခဲ့သော ဤမိသားစု၌ကြီးပြင်းလာသည့် သခင်လေး၊ သခင်မလေးများက ပညာတတ်ပြီး ယဉ်ကျေးသိမ်မွေ့ကြသည်။ သူက ဟော့ထင်းလန်၏အိမ်ထောင်ဖက်ဖြစ်သောကြောင့် ၎င်းတို့သည် သူနှင့် ကောင်းမွန်သောဆက်ဆံရေးတစ်ခု ရှိနေမှဖြစ်မည်။

အပြင်ထွက်ကစားရမည့်အားကစားများအတွက် ရာသီဥတုက အေးနေသဖြင့် နှိပ်စက်ခြင်းနှင့် တူနေပေလိမ့်မည်။ အစပိုင်းတွင် တစ်ယောက်က အိမ်တော်၏ အိမ်တွင်းရေကူးကန်၌ ယဲ့စစ်ကိုအဖော်ပြုပေးရန် အကြံပြုလာသည်။ သို့သော် A+ အဆင့်အယ်ဖာ၏ ကျိုးကြောင်းမဆီလျော်သော ပိုင်ဆိုင်လိုမှုကြောင့် ထိုအကြံကို လက်လျှော့လိုက်ရသည်။ အရွယ်မရောက်တရောက်ကလေးများက ဆွေးနွေးပြီးရင်း ဆွေးနွေးကာ နောက်ဆုံးတော့ အလုံခြုံဆုံးဖြစ်သည့် ဗီဒီယိုဂိမ်းကစားဖို့သာ ယဲ့စစ်ကို မေးလာခဲ့သည်။

"ဦးဦးလေးက ပုံမှန်ဆို ဘာဂိမ်းတွေကစားတာလဲဟင်။" ဟော့ထင်းလန်၏တူဖြစ်သူ ဟော့ဝမ်းယွီကို ယဲ့စစ်နှင့်ပြိုင်ရန် ရွေးချယ်ထား၏၊ သူက ဟော့မိသားစု၌ ရှားပါး 'ညံ့ဖျင်းသည့်မျိုးဆက်လေး' ဖြစ်၏။ သူ၏အဆင့်များက ရှုပ်ပွနေပြီး သူသည် တစ်နေ့လုံး ဂိမ်းကစားကာ e-sports လမ်းကြောင်းပေါ်လျှောက်ရန် စိတ်ပိုင်းဖြတ်ကာ အချိန်တိုင်းလေ့ကျင့်နေခဲ့သည်။

ဟော့မိသားစု၏ မသိနားမလည်သော ကလေးများသည် ဟော့ဝမ်းယွီကို 'ဧကရာဇ်နှင့်စစ်တုရင်ကစားခြင်း' အတွက် ပထမဆုံးရွေးချယ်မှုအဖြစ် သတ်မှတ်ထားကြ၏။ သူက အနိုင်၊ အရှုံးကို သေချာသိပြီး ယဲ့စစ်အား အနိုင်ရအောင်လုပ်ပေးလိုက်လျှင်တောင် ယဲ့စစ်က သိလိမ့်မည်မဟုတ်ပေ။

"ဦးဦး၊ ဦးဦးက ပုံမှန်ဆို ဂိမ်းမစားဘူး။" ယဲ့စစ်က remote (အဝေးထိန်းကိရိယာ) ကိုယူကာ ၎င်းအားဆော့ကြည့်လိုက်သည်။

ဟော့အိမ်တော်၌ ဂိမ်းစက်အမျိုးမျိုးရှိသော်လည်း ယဲ့စစ်မှာ စာလေ့လာချိန်တောင်မလုံလောက်ရာ ဂိမ်းကစားဖို့ စိတ်မဝင်စားခဲ့ပေ။

"ဒါဆို ဦးဦးလေး ကျပန်းတစ်ခုကို ရွေးလိုက်ပါ။" ဟော့ဝမ်းယွီက ယုံကြည်ချက်အပြည့်ဖြင့်ပြောလိုက်သည်။ "ကျွန်တော်က အားလုံးကိုကစားနိုင်ပါတယ်။"

ယဲ့စစ်က ဂိမ်းအခွေများကိုလှန်လှောကြည့်ကာ ရှက်ရွံ့စွာပြောလိုက်သည်။ "ကားပြိုင်ပွဲဆို အဆင်ပြေလား။"

ဤသည်မှာ နောက်ဆုံးထွက် ကားပြိုင်ပွဲလက်ရာကောင်းတစ်ခုဖြစ်သည်။ ရှုခင်းများနှင့် ကားမောင်သည့်အသေးစိတ်အချက်များ၏ ပုံထွက်အရည်အသွေးက တကယ့်အစစ်နှင့်တူသည်ဟုပြောလို့ရ၏။ ပြိုင်ပွဲဝင်များက ကစားနေစဥ်အတွင်း ဂရပ်ဖစ်ကတ်၏လောင်ကျွမ်းနေသောအနံ့ကိုတောင် ခံစားနိုင်သည်...

"ကောင်းပြီလေ။ ဆော့ကြမယ်။" ဟော့ဝမ်းယွီက သူ၏လက်ကောက်ဝတ်များကို ကျွမ်းကျင်စွာလှုပ်ရှားသွားလေ၏။

ပထမအကျော့မှာ ခလုတ်များကိုသိရဖို့ ကြိုးစားခဲ့ရသော ယဲ့စစ်မှာ ဟော့ဝမ်းယွီဆီကနေ အပြတ်အသတ်အနိုင်ယူခံလိုက်ရသည်။

ဒုတိယပွဲ၌ ဟော့ဝမ်းယွီက ယဲ့စစ်ကိုညှာပေးခဲ့ရာ သရေကျသွားခဲ့သည်။

တတိယပွဲ၌မူ ပြိုင်ပွဲ၏အလယ်တစ်ဝက်လောက်မှာ အခြေအနေက ပြောင်းလဲသွားပြီဖြစ်ကြောင်း ဟော့ဝမ်းယွီ သတိပြုမိသွားပြီး သူ့ကို အလျှော့မပေးတော့သော်လည်း ဆိုးဆိုးဝါးဝါးရှုံးနိမ့်သွားခဲ့သည်။

"ကျွန်တော် အတည်ဆော့တော့မှာနော် ဦးဦးလေး။" ဟော့ဝမ်းယွီက တဖြည်းဖြည်း မျက်နှာပျက်လာရပြီး ယဲ့စစ်ကို အကျောပေးဖို့ ဂရုမစိုက်နိုင်တော့ဘဲ ယခုပွဲစဥ်၌ အစွမ်းကုန်ထုတ်သုံးဖို့ စီစဥ်ထားလေ၏။

သူက စကားပြောပြီးနေက် ကျော်တက်ဖို့ပြင်လိုက်သော်လည်း ယဲ့စစ်က ဘယ်ညာယိမ်းကာ လမ်းကြောင်းကိုလှုပ်ခတ်၍ သူ့အရှေ့ကိုပိတ်လိုက်ရာ ကြည့်ရှူနေသူများအား ပါးစပ်အဟောင်းသားဖြစ်သွားစေခဲ့သည်။

ဟော့ဝမ်းယွီ: "..."

ဟော့ဝမ်းယွီက စိတ်လှုပ်ရှားလာပြီး အင်္ကျီလက်ကိုပင့်တင်လိုက်သည်။ "ဦးဦးလေးက ဒီလိုမျိုး ညစ်ပတ်တဲ့လှည့်ကွက်တွေနဲ့ကစားရင် ကျွန်တော်လည်း ထိန်းမထားတော့ဘူးနော်။"

ဒါက ညစ်ပတ်တာလား။

ယဲ့စစ်၏နှုတ်ခမ်းထောင့်များက ကွေးညွတ်သွားပြီး လွန်ခဲ့သောတစ်နှစ်က ဖုန်းချီလမ်းကြောင်းကို လွှမ်းမိုးခဲ့သည့်အမူအရာမျိုး ဖော်ပြလာခဲ့သည်။ သူက တိုတိုတုတ်တုတ်ပြောလိုက်၏။ "ထိန်းမထားနဲ့။"

...

ဂိမ်း X၊ ဥရောပမြို့ပတ်လမ်း။

ဟော့ဝမ်းယွီတစ်ယောက် အရှိန်မတင်သင့်သောဧရိယာမှာ ယဲ့သစ်ဆီကနေ အရှိန်တင်ရန်ဖိအားပေးခဲလိုက်ရပြီး ကောင်းကသ်ပေါ်သို့ မြှောက်တက်သွားပြီး Aston Martin* လေးခမျာ ဘုရားကျောင်းထိပ်မှာချိတ်နေပြီး ပြန်မဆင်းနိုင်ခဲ့ပေ။

[TN/ ကားနာမည်ပါ။]

ဂိမ်း X+1၊ ဟာဝိုင်အီပင်လယ်ကွေ့ပတ်လမ်း။

ဟော့ဝမ်းယွီတစ်ယောက် ယဲ့စစ်၏ ငါးအမြီးပုံစံ drift ဆွဲမှုကြောင့် ပင်လယ်ထဲပြုတ်ကျသွားပြီး ငါးမန်းအဖြူကြီးတစ်ကောင်ကြောင့် ဇာတ်သိမ်းသွားခဲ့လေ၏။

ဂိမ်း X+2၊ ....

"ဦးဦး! လေး!"

နှစ်သစ်ကူးပြီးပထမရက်၌ ဟော့ဝမ်းယွီ၏ နှလုံးထိုးဖောက်လုမတတ်အော်သံက ပင်မအဆောက်အအုံတစ်ခုလုံးကို ပံ့တင်ထပ်သွားလေတော့သည်။

ကြည့်ရှုနေကြသော ကလေးများမှာလည်း ယဲ့စစ်ကို ဗီဒီယိုကစားဖို့ဖိတ်ရသည့်ရည်ရွယ်ချက်က ဆက်ဆံရေးတည်ဆောက်ရန်ဖြစ်ကြောင်းကို မေ့လျော့ကုန်ကြ၏။ မည်သို့ပင်ဆိုစေ ၎င်းတို့၏နှလုံးသားလေးများက နုပျိုနေသေးရာ ခင်မင်ရင်းနှီးဖို့ ကြိုးစားမှုက တဖြည်းဖြည်းနှင့် စစ်မှန်သောလေးစားမှုအဖြစ် ပြောင်းလဲသွားခဲ့သည်။ အိပ်မက်များပျောက်ဆုံးကာ ရွှံ့နွံထဲနစ်မြုပ်နေရှာသော ဟော့ဝမ်းယွီတစ်ယောက် ယဲ့စစ်ကို တိုက်ခိုက်ရေးနှင့် သေနတ်ပစ်ခြင်းကစားနည်းတို့ဖြင့် အနိုင်ယူရန်ကြိုးစားခဲ့သည်။

ယဲ့စစ်၏ဦးနှောက်အလုပ်လုပ်နှုန်းက ရယ်စရာကောင်းလောက်အောင် မြန်ဆန်ပြီး သူ ဘာပဲကစားပါစေ၊ ထိန်းချုပ်မှုများနှင့် ရင်းနှီးလာပြီး သူ့ပြိုင်ဘက်ကိုချေမှုန်းဖို့ လုပ်ဆောင်နိုင်ခဲ့၏။ အဆောက်အအုံတစ်ခုလုံးမှာ ထိုကလေးတစ်စု၏အသံကို ကြားနေရပေသည်။

ထိုအဖွဲ့က နေ့လယ်ကနေ ညစာစားချိန်အထိ ဆော့ခဲ့ကြသည်။ ယဲ့စစ်က ၎င်းတို့နှင့် WeChat ID များလဲကာ ကောလိပ်ဝင်ခွင့်စာမေးပွဲပြီးလျှင် ထပ်ဆော့ကြမည်ဟု သဘောတူခဲ့ကြသည်။

သူ မနေ့ညက အိပ်ရေးမဝသဖြင့် စားသောက်ပြီးနောက် အိပ်ချင်လာသဖြင့် ယဲ့စစ်က ကိုးနာရီမထိုးခင်မှာ ဟော့ထင်းလန်နှင့်အတူ အခန်းဆီပြန်သွားခဲ့သည်။

ခြေတံတိုကြောင်လေးက ယဲ့စစ်ကို တွေ့သွားပုံရပြီး နှစ်ဦးသား ခုတင်ပေါ်လှဲလိုက်သည်နှင့်တစ်ပြိုင်နက် ၎င်းက တံခါးကိုကုတ်ခြစ်လာခဲ့သည်။ ယဲ့စစ်က ဟော့ထင်းလန်၏ခွင့်ပြုချက်ကိုတောင်းပြီးနောက် ကြောင်လေးကို အိပ်ရာထဲခေါ်သွင်းကာ တိမ်ဘောလုံးလေးနှင့်တူသော ကြောင်လေးအား ဖက်အိပ်ခဲ့လေ၏။

စာလေ့လာမှု၏ ဖိအားများကြောင့်လားကို မသိသော်လည်း ယဲ့စစ် ဝမ်းနည်းစရာအိပ်မက်ကို မက်ခဲ့သည်။

အိပ်မက်ထဲမှာ အရောင်များအားလုံးကို ရေမြှုပ်တစ်ခုက စုပ်ယူလိုက်သလိုမျိုး ခံစားရပေ၏။ ခေတ်ဟောင်း အသံတိတ်ရုပ်ရှင်တစ်ခုလို အရောင်အသွေးမရှိဘဲ မြင်ကွင်းများနှင့် အသံပလံများက ကမောက်ကမဖြစ်နေသည်။ ၎င်းက အလွန်ဟောင်းနွမ်းနေပြီး မရေမတွက်နိုင်သော အမှတ်တရတချို့ကို အသိစိတ်ပင်လယ်၏ နက်နဲသောနေရာကနေ ဆယ်ယူလိုက်သလိုပင်။

ယဲ့စစ် မှင်တက်စွာဖြင့် မျက်လုံးများဖွင့်လိုက်သောအခါ ၎င်းကို အမှတ်ရလိုက်၏။

သူ ဝမ်းနည်းစရာအိပ်မက်ကိုမက်ခဲ့သော်လည်း အသေးစိတ်ကို မမှတ်မိခဲ့ပေ။ သူ အိပ်မက်ကနေ နိုးလာတော့မည့်အချိိန်လေးကိုသာ ရှင်းရှင်းလင်းလင်းမှတ်မိနေ၏။ နွေးထွေးကာ အားကောင်းလှသော လက်ဖဝါးကြီးတစ်ဖက်က တစ်နေရာရာကနေ ဆန့်ထွက်လာပြီး အေးခဲနေသောမြူများကို ရှင်းထုတ်ပေးခဲ့သည်။ ကနဦးတုန်းက အရောင်မဲ့နေသောအိပ်မက်မှာ ရုတ်တရက် အရောင်အသွေးများအပြည့်ဖြင့် ကောင်းကင်နှင့် ကမ္ဘာမြေက တောက်ပလာခဲ့လေ၏။

"ဝူး..."

ယဲ့စစ် ခေါင်းအုံးအောက်မှဖုန်းကို လှမ်းနှိုက်လိုက်သည်။

ယခု မနက်ရှစ်နာရီထိုးပြီဖြစ်၏။

ခြေတံတိုကြောင်လေးက သူ့ကိုတွယ်ကပ်နေပြီး သူ့ရင်ဘတ်ပေါ်ကို နူးညံ့သောခြေဖဝါးလေးတစ်ဖက်ဖြင့် ဆုပ်ကိုင်ထား၏။

ယဲ့စစ်၏လှုပ်ရှားမှာက ၎င်းကို နှောင့်ယှက်လိုက်မိပြီး အမွေးပွပွဦးခေါင်းလေးဖြင့် ယဲ့စစ်၏ရင်ခွင်ထဲ ပွတ်သီးပွတ်သပ်လုပ်လာခဲ့သည်။

ဟော့ထင်းလန်က သူဘေးမှာထိုင်ကာ ခေါင်းအုံးကိုမှီ၍ လပ်တော့တစ်လုံးဖြင့် စီးပွားရေးကိစ္စများလုပ်နေသည်။

"ဟော့ရှူးရှူ..." ယဲ့စစ်က သူ၏ဦးခေါင်းလေးဖြင့် တိုးဝှေ့လိုက်သည်။ သူက အခုမှနိုးခါစဖြစ်ရာ သူ၏စကားလုံးများက ရှင်းရှင်းလင်းလင်းမရှိပေ။ "ကျွန်တော်၊ ကျွန်တော် အိပ်မက်ဆိုးမက်ခဲ့တယ်။ ကျွန်တော့်ကို ဖက်ပေးပါဦး။"

"ဘာအိပ်မက်မက်ခဲ့တာလဲ။" ဟော့ထင်းလန်က ဖိုင်ကိုသိမ်းလိုက်ပြီး လပ်တော့ကို အောက်ချလိုက်သည်။

"မေ့သွားပြီ။"

သူက ယုံကြည်ချက်အပြည့်ဖြင့် ဖြေလိုက်၏။

"မေ့သွားပြီ?"

ဟော့ထင်းလန်က ရယ်မောလိုက်လေ၏။

"အဲ့ဒါက အရမ်း၊ အရမ်းဆိုးတာ... အဆုံးသတ်မှာ ခင်ဗျားက ကျွန်တော့်ကိုကယ်ပေးခဲ့တာတဲ့။"

"...အွန်း၊ ပေါင်ပေါင်း ဘာမှကြောက်စရာမလိုဘူး။"

ဟော့ထင်းလန်က အနီရောင်ကြိုးလေးစည်းထားသော ယဲ့စစ်၏လက်ကောက်ဝတ်ကိုယူကာ သူ့ရင်ဘတ်ပေါ်တင်လိုက်သည်။

"ကိုယ်ရှိတယ်။"

နွေးထွေးသောခံစားမှုလေးက ဤနေရာငယ်လေး၌ ပျံ့နှံ့သွားခဲ့၏။

နှစ်သစ်တစ်နှစ်သို့ ရောက်ပြန်လေပြီ။

[ပျော်ရွှင်ဖွယ်တရုတ်နှစ်သစ်ကူး ပြီးပါပြီ။]

***

Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment