no

အပိုင်း (၄၆) - အချပ်ပို (၁)

[သုံးမှတ်တန်ပစ်ချက်]

ထျန်းချန်ကိုယ်ပိုင်ကျောင်း၏ နွေးရာသီအားလပ်ရက်က ရက်နှစ်ဆယ်သာရှိပြီး စစ်ရေးလေ့ကျင့်သည့်ခုနစ်ရက်ကိုပါ ထည့်တွက်လိုက်သောအခါ သိပ်မကြာခင် ကိုးလပိုင်းကို ရောက်လာတော့မည်ဖြစ်သည်။

ယခု ပူနေသေးပြီး နေရောင်က ပြင်းထန်နေဆဲပင်။

[TN/ တရုတ်မှာ ကိုးလပိုင်းက နွေရာသီကနေ ဆောင်းဦးကို ကူးပြောင်းတဲ့ကာလပဲရှိပါသေးတယ်။]

အားကစားကွင်းများ၌ လူအများကြီးမရှိဘဲ ကာယအတန်းများကိုလည်း လေအေးပေးစက်ရှိသောခန်းမများထဲ ပြောင်းရွှေ့ထားရသည်။ ထိုသို့ဆိုလျှင်တောင် မည်သည့်နေရာကထွက်လာမှန်းမသိသည့် ကောလာဟလတစ်ခုက အားလပ်ရက်အပြီး အာရုံမစူးစိုက်နိုင်သေးသော ကျောင်းသားများအဖို့ ဂနာမငြိမ်ဖြစ်သွားစေဖို့ လုံလောက်ပေ၏။ ယခုနှစ် ဆောင်းဦးရာသီအားကစားပွဲများကို ယခင်နှစ်များထက်စောပြီး ကျောင်း၏ နှစ် ၃၀ ပြည့်အထိမ်းအမှတ်ပွဲနှင့် တွဲပြီးကျင်းပမည်ဖြစ်ကြောင်း သိရှိခဲ့ကြရသည်။

ကျောင်းအားကစားပွဲတိုင်းတွင် လူကြည့်အများဆုံးကစားပွဲမှာ ဘတ်စကတ်ဘောဖြစ်၏။ အပြိုင်အဆိုင် အားကစားများက စိတ်လှုပ်ရှားစရာကောင်းသလို ယင်းက အယ်ဖာများ ကိုယ်ရည်သွေးခြင်းအားကြည့်ရှုဖို့ အခွင့်အရေးကောင်းတစ်ခုလည်းဖြစ်သည်။

ယခုနှစ် ယဲ့စစ်တို့အတန်းထဲမှ အိုမီဂါများသည် 'အယ်ဖာများကိုကြည့်ခြင်း' အတွက် စိတ်အားထက်သန်မှုမရှိကြပေ။ နံစော်နေသောအယ်ဖာများက မည်သို့ဖြင့် ခံ့ညားချောမောကာ မွှေးပျံ့နေသော ၎င်းတို့၏အိုမီဂါရှောင်ကောကောနှင့် ယှဥ်နိုင်လိမ့်မည်နည်း။

ကျောင်းတွင်းအားကစားပြိုင်ပွဲများက ပုံမှန်အားကစားပြိုင်ပွဲများလို တင်းကျပ်ပြီး ပြိုင်ပွဲဝင်များကို ဂလင်းဆိုင်ရာလိင်အရ ခွဲခြားထားသည်။ မည်သို့ပင်ဆိုစေ ကိုယ်ကာယကြံ့ခိုင်မှုအပေါ် ဂလင်းနှင့်ဆိုင်သောလိင်၏ သက်ရောက်မှုက ဖွဲ့စည်းတည်ဆောက်ပုံဆိုင်ရာလိင်ထက် ပို၍ကြီးမားပေသည်။ အမျိုးသမီးအယ်ဖာများက အမျိုးသားအယ်ဖာများနှင့် လက်ရည်ညီသော်လည်း အမျိုးသားဘီတာများက အမျိုးသားအယ်ဖာများထက် နိမ့်ကျပေ၏။ ထို့ကြောင့် ၎င်းတို့ကို ကျားမခွဲခြားကာ တစ်ကျောင်းလုံး တူညီသောကစားပွဲကို ကစားကြပါက ယင်းမှာ အမျိုးသား၊ အမျိုးသမီးအယ်ဖာများအတွက် ပြုလုပ်ပေးထားသော အားကစားပြိုင်ပွဲဖြစ်လာလိမ့်မည်။

ယဲ့စစ်တို့အတန်းထဲမှ အယ်ဖာများက အားလုံးတော်ကြပြီး တစ်နှစ်မှာ အတန်း ၁၅ တန်းရှိသည်။ ယခင်ဘတ်စကတ်ဘောပွဲများ၌ ၎င်းတို့၏အတန်း ၇ က ထိပ်ဆုံးငါးနေရာဝင်ခဲ့သော်လည်း ၎င်းတို့အတန်းထဲမှ အိုမီဂါများကတော့ အချိန်အတော်ကြာသည်အထိ အတန်းအုပ်စု၏အောက်ဆုံးအဆင့်ကို နေရာယူထားခဲ့ကြသည်။ တစ်ကျောင်းလုံးရှိ စိတ်အားထက်သန်မှုအနည်းဆုံးအိုမီဂါများက အတန်း ၇ မှာ စုနေသကဲ့သို့ပင်။ ပြီးခဲ့သောနှစ်များတုန်းက ၎င်းတို့တွေ ဘာမှမတတ်နိုင်ခဲ့ကြသော်လည်း ယခုနှစ်မှာ အိုမီဂါတို့၏ဂုဏ်ကျက်သရေက ၎င်းတို့၏အတန်းထဲမှာရှိနေရာ ပထမနေရာအတွက် ရဲရဲဝံ့ဝံ့တိုက်ခိုက်ဖို့ အချိန်ကျလေပြီ!

ထို့ကြောင့် ယဲ့စစ်က သူ့အတန်းထဲမှ အိုမီဂါတချို့ကိုခေါ်ထုတ်ကာ လေ့ကျင့်ဖို့အတွက် အားကစားခန်းမထဲသွားခဲ့သည်။

ဘတ်စကတ်ဘောကစားဖို့အချိန်ကို ကျောင်းမဆင်းခင် ဒုတိယအတန်းချိန်အပြီးမှာစဖို့ ဆုံးဖြတ်ခဲ့ကြသည်။ ယဲ့စစ်က သူ့ကိုလာကြိုမည့်ဒရိုက်ဘာအား အခြေအနေကိုရှင်းပြကာ ယနေ့ နောက်ကျတော့မှ သူ့ဘာသာသူတက်စီငှားပြီးပြန်လာမည်ဟု စာပို့ခဲ့သည်။ သူ စာပို့ပြီးနောက် အတန်းပိုင်က အတန်းကိုလာစစ်သည့်အတွက် ယဲ့စစ်က ဖုန်းကိုအသံပိတ်ကာ စားပွဲထဲသို့ အမြန်ထိုးထည့်လိုက်၏။ ခေါင်းလောင်းတီးသောအခါ အိုမီဂါတစ်ဖွဲ့သည် အားကစားခန်းမဆီ ချီတက်ခဲ့ကြသည်။ အဖွဲ့ထဲမှာ မိန်းကလေးရော ယောက်ျားလေးများပါပြီး ငှက်တစ်အုပ် အတောင်ပံခတ်နေသကဲ့သို့ ဆူညံနေလေ၏။

"ဒီတစ်ခေါက် ငါတို့အတန်းကအိုမီဂါတွေက ချန်ပီယံဖြစ်လိမ့်မယ်။"

"ငါ ငါးကြိမ် foul* လုပ်မိလို့ ခုံတန်းမှာသွားပြန်ထိုင်ပြီး မျက်နှာပျက်ရမှာကို စိုးရိမ်မိတယ်..."

[TN/ စည်းကမ်းချိုးဖောက်မိတာကိုပြောတာပါ။ anime တစ်ခုထဲမှာ အဲ့ဒါကို foul လို့ပဲပြောတာကြားဖူးလို့ foul လို့ပဲရေးလိုက်ပါတယ်။]

"ငါရောပဲ..."

"အားလုံးက ရှောင်စစ်အပေါ်မူတည်တယ်! သူက ငါတို့တစ်ရွာလုံးရဲ့ မျှော်လင့်ချက်လေးပဲ!"

ယဲ့စစ်တစ်ယောက် ဘတ်စကတ်ဘောကို လက်ထဲမှာ မြှောက်ကစားနေရင်း အနှီချီးကျူးမှုများကြောင့် မျက်နှာပူလာခဲ့သည်။ သူက အားလုံးကို အားပေးကာ နှစ်သိမ့်လိုက်သည်။ "မင်းတို့က လေ့ကျင့်ဖို့ပဲလိုတာ။ မင်းတို့ရဲ့အရည်အချင်းက ငါ့ထက်မဆိုးပါဘူး။ မင်းတို့ foul လုပ်မိမှာကို ကြောက်နေရင် အပျော်သဘောပဲဆော့၊ မင်းတို့ ကျင့်သားရသွားတာနဲ့ အဆင်ပြေသွားမှာ။"

"ရှောင်စစ်က အရမ်းချိုမြိန်တာပဲ!"

"ဟေး၊ ရှောင်စစ်က လမ်းဘေးဘတ်စကတ်ဘောစကားနိုင်တယ်လို့ ငါ့ကို ဘယ်သူပြောခဲ့ဖူးတာပါလိမ့်။"

"ငါ လှည့်ကွက်နည်းနည်းတော့သိတယ်။" ယဲ့စစ်က နှာခေါင်းထိပ်လေးကိုကုတ်ခြစ်ကာ ဆယ်ပုံမှာ ခုနစ်ပုံလောက်က ရှက်ရွံ့နေပြီး သုံပုံလောက်ကတော့ ဂုဏ်ယူဝံ့ကြွားနေ၏။ "နည်းလမ်းတွေက ရိုးရှင်းပြီး ကြမ်းတမ်းတယ်။"

"ငါတို့ ကြည့်ကြည့်ချင်တယ်!"

"မိုက်လိုက်တာ၊ ရင်တောင်ခုန်လာပြီ။"

"အားးးး ငါ့မှာသာ အယ်ဖာဂလင်းရှိလို့ကတော့ကွာ!"

"ကောင်းပါပြီ၊ အတန်းပြီးရင်... မင်းတို့ကို သရုပ်ပြပေးမယ်။"

ယဲ့စစ်က ချီးကျူးစကားများကြောင့် ရှက်ရွံ့ကာ အမြန်သဘောတူလိုက်သည်။ သူက ထိုသို့ပြောနေစဥ် ကူကယ်ရာမဲ့နေပြီးနောက် အကြံတစ်ခုရကာ ဘတ်စကတ်ဘောကာတွန်းများထဲကလို ဘောလုံးကို သူ့လက်ချောင်းဖြင့်လှည့်နေလိုက်သည်။

ထိုအခါ သူ့နားထဲ 'ဝိုး' အသံများဖြင့် ပြည့်နှက်သွားလေ၏။

စိတ်လှုပ်ရှားနေသောယဲ့စစ်မှာ သူ့ဒရိုက်ဘာ စာပြန်ထားသလားကိုစစ်ဆေးရန် လုံးဝမေ့လျော့သွားလေသည်။

...

မိနစ်နှစ်ဆယ်ကြာပြီးနောက်။

အားကစားခန်းမထဲ၌။

"ငါ သရုပ်ပြပေးမယ်။"

ခန်းမထဲမှာ အတော်လေးအေးပေ၏။ ယဲ့စစ်က နွေရာသီဝတ်ကျောင်းယူနီဖောင်း၏ လက်ရှည်အပါးလေးကိုဝတ်ထားပြီး အင်္ကျီလက်ကိုခေါက်တင်ကာ

သူ၏လက်ဖျံကို ဖော်ပြလိုက်သည်။ သူက ဘောလုံးကိုပုတ်ကာ သုံးလှမ်းရိုက်သွင်းခြင်းနည်းဖြင့် သွင်းလိုက်လေသည်။

၎င်းမှာ အခြေခံအကျဆုံး ပစ်သွင်းခြင်းနည်းလမ်းဖြစ်သည်။ ယခင်က ကာယအတန်းများ၌ သူနှင့်အတူဆော့ဖူးသော အိုမီဂါအနည်းငယ်ရှိပြီး ဤအရာအား ၎င်းတို့ကို သင်ပေးဖူးပြီးသားဖြစ်၏။

"ခြောက်လုံးနည်းလမ်းကိုလည်း မှတ်ထားလိုက်။" ယဲ့စစ်က လက်ခြောက်ချောင်းထောင်ပြကာ သူ၏စိတ်အားထက်သန်နေသောအသွင်အပြင်က သိပ်ကိုဆွဲဆောင်မှုရှိပေ၏။ "ခြေလှမ်းကြီးကြီးတစ်လှမ်း၊ ခြေလှမ်းငယ်နှစ်လှမ်း၊ သုံးခါခုန်ပြီး လက်မက၊ လက်မက..."

"လက်မက၊ လက်မက ဘာဖြစ်လဲ။"

ရုတ်တရက်ဆိုသလို တစ်စုံတစ်ယောက်က ဖြတ်ပြောလာ၏။

ထိုကဲ့သို့ နက်ရှိင်းသည့်အသံက အယ်ဖာတစ်ယောက်ဖြစ်ဖို့များသည်။ သူ၏အသံထဲမှာ အပြုံးတစ်ခုပါဝင်နေပြီး ယဲ့စစ်ကိုကျီစယ်ဖို့ ထစ်ထစ်ငေါ့ငေါ့ဖြင့် ပြောလာခဲ့သည်။

၎င်းက ရန်ပြုဖို့မဟုတ်ဘဲ သူ့အသံက အတော်လေးသက်တောင့်သက်သာရှိနေသည်။

ယဲ့စစ်က ဘာသိဘာသာဖြင့် သူ့ကိုကျောပေးကာ ရှောင်ထွက်သွားလိုက်သည်။

၎င်းမှာ သူ့အတန်းထဲမှ အယ်ဖာဖြစ်သည့် ချန်ရှောက်ပင်။

သူက အလွန်ချောမောပြီး သခင်လေးလည်းဖြစ်သည်။ နှစ်နှစ်တာအချိန်တိုအတွင်း သူ၏ပါတနာများက မီးပုံးများလဲသလို ခဏခဏပြောင်းလဲနေပြီး သူက ချိန်းတွေ့ဖို့ ဤနေရာကိုရောက်နေကြောင်း လူတိုင်းသိကြပေ၏။

ယဲ့စစ် ထျန်းချန်ကို ပထမဆုံးပြောင်းရွှေ့လာခါစက ထိုလူသည် သူ့ကို မကြာခဏနှောင့်ယှက်ကာ ပေါက်ကရစကားများကို ပြောခဲ့သည်။ ယဲ့စစ်က မျက်နှာထားတည်တည်ဖြင့် လက်ရည်ကောင်းသူတစ်ယောက်ဖြစ်ကြောင်း ပြသခဲ့၏။ ရလဒ်အနေဖြင့် သူက အုပ်စုပြန်ဖွဲ့ကာ ပို၍ချွဲပစ်နေသော pickup lines တချို့နှင့် ပြန်ရောက်လာခဲ့သည်။

"ချန်ရှောက်၊ မင်းက ကလေးဆန်နေတာမဟုတ်ဘူးလား။" အိုမီဂါလေးတစ်ယောက်က ပြောလိုက်သည်။ "မင်း ကိုယ့်ဘာသာကိုယ် သွားလေ့ကျင့်နေလိုက်။"

၎င်းတို့၏အတန် ၇ မှ အိုမီဂါများအားလုံး ချန်ရှောက်ကိုသိကြပြီး သူ့ကို သဘောမကျကြပေ။

"ဘာတွေဂရုစိုက်တာလဲ။" ချန်ရှောက်က မျက်ခုံးပင့်ကာ ယဲ့စစ်ကို အသာလေးတွန်းလိုက်သည်။ "ဟေး၊ ငါက စနေတာပါ!"

"ငါ့ကိုမထိနဲ့။"

ယဲ့စစ်က နောက်စေ့မှာ မျက်လုံးပါသကဲ့သို့ ဘေးသို့ရှောင်လိုက်သည်။

"ဟုတ်ပါပြီ၊ ဟုတ်ပါပြီ။" ချန်ရှောက်က စိတ်အနှောင့်အယှက်ဖြစ်သွား၏။ အိုမီဂါတစ်သိုက် ဘတ်စကတ်ဘောကစားချင်ယောင်ဆောင်နေသည်အား စိတ်ဝင်စားစရာကောင်းသည်ဟု တွေးမိသည့်အတွက်ကြောင့် သူက ထိုနေရာမှာရပ်ကာ ဘောလုံးကိုကိုင်ထားရင်း နှုတ်ခမ်းပေါ်မှာ အပြုံးတစ်ခုဖြင့် စောင့်ကြည့်နေခဲ့လေ၏။

"ပြောရမယ်ဆိုရင်..." ယဲ့စစ်က သူ့ကိုလျစ်လျူရှုကာ ကျောင်းသားများကို ဆက်လက်သင်ကြားပေးလိုက်သည်။

ဘတ်စကတ်ဘောအပေါ် ယဲ့စစ်၏စိတ်အားထက်သန်မှုက သာမန်ဟုယူဆလို့ရပြီး သူ့မှာ အခြားပျော်စရာမရှိသောကြောင့် လမ်းဘေးဘတ်စကတ်ဘောကစားသည့် လူမိုက်အုပ်စုနှင့် လောင်းကြေးထပ်ကာ အမြဲကစားလေ့ရှိခဲ့သည်။ ထိုအချိန်က သူသည် ငယ်ရွယ်သေးရာ လူမိုက်အဖွဲ့က သူ့ကို ကလေးတစ်ယောက်လိုဆက်ဆံခဲ့ကြ၏။ ၎င်းတို့က သူ့အပေါ် ကောင်းကောင်းမွန်မွန်ဆက်ဆံခဲ့ပြီး သူ ရှုံးနိမ့်လျှင်တောင် သူ့ဆီကပိုက်ဆံမယူသဖြင့် သူက အချိန်ကောင်းလေးများ ရရှိခဲ့သည်။

ဘောလုံးကစားနည်းများက အကြမ်းပတမ်းဆန်ပြီး ယဲ့စစ်က စိတ်ဝင်စားသော်လည်း ကျောင်းမှစီစဥ်သောပွဲများကို တစ်ခါမှမသွားခဲ့ဖူးချေ။

ထို့ကြောင့် လူများကို တရားဝင်ကစားနည်းပုံစံ သင်ကြားပေးသောအခါ အတွေ့အကြုံမရှိသူတချို့က သူ့ပုံစံကို တစ်ဆင့်ချင်း လိုက်ပြီးတုပခဲ့ရသည်။

ချန်ရှောက်က စောင့်ကြည့်နေခဲ့ပြီး ယဲ့စစ်၏အဆင့်ကို 'စေ့စပ်'ကာ အနည်းငယ်ကြော့ရှင်းသည်ဟု ခံစားလိုက်ရသည်။ သူ(ချန်)က လက်မောင်းကြားထဲမှာ ဘောလုံးကိုညှပ်ထားပြီး နံဘေးကနေ လိုက်နှောင့်ယှက်ကာ ယဲ့စစ်၏အာရုံစိုက်မှုကို ရရှိစေဖို့ 'ကြိုးစားထား' ဟု အော်နေခဲ့လေ၏။

နောက်ဆုံးတွင် ယဲ့စစ် စိတ်အနှောင့်အယှက်ဖြစ်လာခဲ့သည်။ သူက လက်မြှောက်ကာ ဘတ်စကတ်ဘောကို မိန်းကလေးတစ်ဦးထံပစ်ပေးကာ လေ့ကျင့်မှုကို ဦးဆောင်စေလိုက်ပြီး သူက ချန်ရှောက်ဆီသို့ ခြေလှမ်းကျယ်များဖြင့် လျှောက်သွားလိုက်လေ၏။

ချန်ရှောက်က အလွန်ကျေနပ်နေပြီး အပြုံးလေးဖြင့်ပြောလိုက်သည်။ "မင်း ဘာလုပ်မလို့လဲ၊ အာ?"

ယဲ့စစ်က လက်ညှိုးလေးတစ်ချောင်းဖြင့် ချန်ရှောက်၏လက်မောင်းကြားထဲမှဘောလုံးကို ပုတ်ထုတ်လိုက်ပြီး အခြားလက်တစ်ဖက်ဖြင့် ကာဗာယူလိုက်သည်။ "လာခဲ့။"

ချန်ရှောက်က အလွန်ပျော်ရွှင်သွားပြီး အိုမီဂါလေးက မိမိုက်ချင်ယောင်ဆောင်နေသည်ဟု တွေးလိုက်၏။ သူ့ကို ဒေါသထွက်သွားစေမည်စိုး၍ သူက အောက်နှုတ်ခမ်းကိုက်ကာ ပျော့ပျောင်းသောအသံဖြင့် ပြောလိုက်သည်။ "ကောင်းပြီလေ၊ မင်းကို လှည့်ကွက်တချို့သင်ပေးရတာပေါ့။"

"ကျေးဇူးပဲ၊ ဒါပေမဲ့ မလိုဘူး။" ယဲ့စစ်က အမူအရာမဲ့စွာ ပြန်ပြောလိုက်သည်။

"မလိုဘူး? မင်းက တကယ်ကြီး ကိုယ့်ကိုယ်ကိုယ် ငါနဲ့ယှဥ်နေတာလား ဟမ်?" ချန်ရှောက်က ရယ်လိုက်ပြန်၏။ "ဒါဆို ငါနိုင်ခဲ့မယ်ဆိုရင်... ငါ ဘာတောင်းဆိုလို့ရမလဲ။"

"ငါနိုင်ရင် မင်း ထွက်သွားရမယ်။" ယဲ့စစ်က မလှမ်းမကမ်းရှိ ၎င်းတို့ဘက်ကိုကြည့်ကာ ရယ်မောနေကြသော အယ်ဖာအဖွဲ့ကို ညွှန်ပြလိုက်သည်။ ၎င်းတို့အားလုံးက အတန်း ၇ ၏ ဘတ်စကတ်ဘောအဖွဲ့မှဖြစ်ပြီး လေ့ကျင့်ရန်ရောက်လာခဲ့ကြသည်။ သို့သော် လေ့ကျင့်ပြီးနောက် ၎င်းက 'ညီအစ်ကိုရှောက် အိုမီဂါလေးကို ကျီစယ်ခြင်းအား စောင့်ကြည့်ခြင်း' အဖြစ် ပြောင်းလဲသွားခဲ့သည်။

ယဲ့စစ်၏အမြင်မှာ ထိုလူတစ်စုက အိပ်မက်ကနေ မနိုးသေးသည့်သူများသာ။

"ဒါဆို ငါနိုင်ခဲ့ရင်။" ချန်ရှောက်က လူယုတ်မာတစ်ယောက်လိုကစားကာ သူ့သူငယ်ချင်းများကို အရာအားလုံး သူ့ထိန်းချုပ်မှုအောက်မှာရှိပါသည်ဆိုသောအကြည့်ဖြင့် လှမ်းကြည့်လိုက်သည်။ "မင်း ငါနဲ့ချိန်းတွေ့ရမယ်၊ အမ်?"

ယဲ့စစ်: "..."

သူက အမှန်တကယ်ကို အရှက်မရှိပေ။

ချန်မျိုးရိုးက ထုထောင်းခံချင်နေတာဖြစ်နိုင်သည်။

"ဘာပဲဖြစ်ဖြစ်။" ယဲ့စစ်က ပြောလိုက်သည်။ "မင်း အနိုင်မရနိုင်ဘူး။"

"သောက်ကျိုးနည်း။" ချန်ရှောက်က ခပ်တိုးတိုးဆဲရေးကာ ယဲ့စစ်ကို လက်ညှိုးကွေး၍ခေါ်လိုက်သည်။ "လာခဲ့လေ။"

သူ၏လက်က လေထဲမှာရှိနေဆဲဖြစ်ပြီး ယဲ့စစ်က ဘောလုံးကို ပစ်လိုက်ပြီးပြီဖြစ်၏။ ၎င်းကို ချန်ရှောက်ယိ၏မျက်နှာတည့်တည့်သို့ ချိန်ရွယ်လိုက်ပြီး လူသတ်လိုသောအရှိန်အဝါနှင့် ထိုကဲ့သို့အင်အားကိုပါ ပေါင်းစပ်လိုက်သောအခါ ၎င်းက အမှန်တကယ် သူ့မျက်နှာကိုမှန်သွားပါက နှာခေါင်းကျိုးသွားနိုင်သည်။ ချန်ရှောက်က သူ့မျက်နှာကို အလိုလိုကာလိုက်သော်လည်း ယဲ့စစ်၏လက်က ပိုမြန်ပေ၏။ ဘောလုံးက သူ့လက်ဖဝါးထဲကပ်နေသည့်အတိုင်း အလျင်အမြန်ပြန်ဆုတ်လိုက်သည်။

သူ ဘောလုံးကို ပြန်ယူလိုက်ပြီးနောက် ချန်ရှောက်၏ရှောင်တိမ်းမှုက ငကြောက်တစ်ယောက်လိုမျိုး ရယ်စရာကောင်းသွားလေသည်။

ဘေးကနေ စိတ်လှုပ်ရှားစွာကြည့်နေကြသော အိုမီဂါလေးများက ရယ်မောလိုက်ကြ၏။

ချန်ရှောက်က လှမ်းကြည့်လိုက်ပြီး စိတ်ရှုပ်သွားလေ၏။

တစ်စက္ကန့်အတွင်း ယဲ့စစ်က ဘောလုံးကို နောက်ခံပြားနှင့် ခပ်ကြမ်းကြမ်းရိုက်လိုက်သည်။ ချန်ရှောက်က ကိုယ်ကိုတစ်ပတ်လှည့်ကာ ဘောလုံးကိုယူရန်ခုန်လိုက်သော်လည်း သူခုန်နေစဥ်အတွင်း ဘောလုံးက ယဲ့စစ်၏လက်ထဲ ပြန်ရောက်လာပြီဖြစ်၏။ ချန်ရှောက်က ဆင်းသက်ပြီးသည်နှင့် အလျင်အမြန်လှည့်လိုက်သော်လည်း သူ အခြေမခိုင်ခင် ဘောလုံးက သူ့ခွကြားအောက်ကနေ ဖြတ်သန်းသွားလေ၏။ သူက ဘောလုံးကိုဖမ်းရန် လှည့်လိုက်စဥ် ယဲ့စစ်က လေပြင်းတစ်ချက်လို သူ့ကိုကျော်ဖြတ်သွားပြီး ဘောလုံးကို သူ့အရှေ့မှာ စက်ဝိုင်းပုံသဏ္ဌာန်ထိန်းချုပ်ကာ လက်ကိုင်ပဝါလေးလို ပစ်လိုက်လေသည်။

ချန်ရှောက်က လေးနက်သောကစားပွဲများကို ကစားဖူးသော်လည်း လူများကို မျောက်များလိုဆက်ဆံသည့်တစ်စုံတစ်ယောက်နှင့် လုံးဝမတွေ့ခဲ့ဖူးပေ။ သူ လှည့်ပတ်နေရပြီး မူးဝေလာခဲ့သည်။ ယဲ့စစ်က ဘောလုံးကို နောက်ခံပြားနှင့်ပစ်ကာ အပြင်းအထန်လှည့်ပတ်ခြင်းကို ထပ်တလဲလဲ အသုံးပြုနေခဲ့၏။ ချန်ရှောက်က သူ၏လှည့်ကွက်ကိုမြင်လိုက်ပြီး ငြိမ်ငြိမ်လေးရပ်ကာ ဘောလုံးကို လူယုဖို့ပြင်ဆင်ရင်း ယဲ့စစ်၏လက်ကို စိုက်ကြည့်နေခဲ့သည်။ သို့သော် ယဲ့စစ်က ဘောလုံးကို ချက်ချင်းဖမ်းကာ ထိုနေရာကနေပဲ တိုက်ရိုက်ခုန်သွင်းလိုက်သည်။

ချန်ရှောက်မှာ ထပ်တလဲလဲလှည့်ပတ်ခြင်းဖြင့် အရူးလုပ်ခံခဲ့ရသည်။ သူက အရပ်ရှည်ပြီးထွားသောကြောင့် ယဲ့စစ်က မျောက်တစ်ကောင်နှင့်ဆော့နေသည်ဟာ တိတိကျကျပြောလို့မရသော်လည်း ဂေါ်ရီလာနှင့်ဆော့နေသည်ဟုပြောလျှင် ပို၍တိကျလောက်သည်။

ကြည့်ရှုနေသော အိုမီဂါများအားလုံး ခြေဆောင့်ကာ ပျော်ရွှင်နေကြပြီး ဟားတိုက်သံများက မဆုံးနိုင်ခဲ့ပေ။

ယဲ့စစ်က ချန်ရှောက်ကို လက်တစ်ချောင်းထောင်ပြလိုက်ပြီး သူ တစ်ကြိမ်သွင်းပြီးသွားပြီဟု ညွှန်ပြလိုက်သည်။ ထို့နောက် သူက ဘောလုံးကို သူ့ဆီပစ်ပေးက အနှီအိုမီဂါများကို လှည့်ကြည့်လိုက်ပြီး တည်ငြိမ်စွာပြောလိုက်လေ၏။ "ငါ မင်းကို သရုပ်ပြပေးမယ်လို့ ငါတို့သဘောတူထားတယ်။"

"ငိုး၊ မင်းက လုပ်နိုင်တာပဲ။" ချန်ရှောက်က အသိစိတ်ပြန်ကပ်လာပြီး တောက်ပနေသောမျက်လုံးများဖြင့် ယဲ့စစ်ကိုချီးကျူးကာ လေချွန်လိုက်သည်။ "မင်း လမ်းဘေးဘတ်စကတ်ဘောကစားဖူးတာလား။"

သူ အလွန်အရှက်ကွဲပြီး တခြားသူများဆီကနေ အစခံရတော့မည်ဟု သံသဖြစ်မိသော်လည်း သူက ပိုလို့တောင်စိတ်လှုပ်ရှားလာ၏။

သူ ကစားခဲ့ဖူးသည်။

ယဲ့စစ်က အနှီကောင်စုတ်လေးနှင့် စကားမပြောချင်သဖြင့် ခေါင်းသာညိတ်ပြလိုက်သည်။

"ကောင်းပြီလေ၊ ငါတိုက်ခိုက်မယ်၊ မင်းက ခံစစ်ပြင်လိုက်..." ချန်ရှောက်က စိတ်လှုပ်ရှားစွာဖြင့် နေရာပြောင်းဖို့ပြောလိုက်သည်။

ခံစစ်က ယဲ့စစ်အတွက် ဘာမှမဟုတ်ပေ။ မနှစ်နှစ်ဝက်တုန်းက သူ ကျောင်းအားကစားပွဲမှာ မပါခဲ့သော်လည်း တစ်တန်းလုံး ကစားပွဲများကို ကြည့်ခဲ့ကြရသည်။ ထို့ကြောင့် သူ ချန်ရှောက်၏အရည်အချင်းများကို ကောင်းကောင်းသိပေ၏။

၎င်းက အနိုင်အရှုံးအတွက် မေးခွန်းထုတ်ဖို့မလိုဘဲ သူ ဘောလုံးကို လုယူလိုက်ချိန်မှာ ချန်ရှောက်က သားလေးဖြစ်မလား သို့မဟုတ် မြေးလေးဖြစ်လာမလားကသာ မေးစရာဖြစ်ပေ၏။

သူနှင့် ချန်ရှောက်တို့က နေရာလဲလိုက်ကြပြီး စတင်တော့မည့်အချိန်မှာ သူ၏ရှုထောင့်ကနေ အားကစားခန်းမဝင်ပေါက်၌ရပ်နေသော ရင်းနှီးနေသည့်ပုံရိပ်ကို မြင်လိုက်ရလေသည်။

"ခဏ။"

စကားလုံးများကို ရွှေလိုတန်ဖိုးထားသော ယဲ့စစ်က ကစားပွဲကိုနားဖို့ အော်လိုက်သည်။

"ခဏ" ဆိုသည့်စကားလုံးက ရှာလကာရည်အိုးကြီးကွဲမသွားဖို့ နောက်ဆုံးကောက်ရိုးတစ်မျှင်ဖြစ်နေမည်ကို သူ ကြောက်ရွံ့မိပေသည်။

***

Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment