no
အပိုင်း (၄၅.၂) - ရှေ့သို့ဆက်လျှောက်ခြင်း
အိမ်ကိုဝယ်ယူပြီးနောက် ပြုပြင်မွမ်းမံဖို့ အချိန်တချို့လိုအပ်သလို သားအမိနှစ်ယောက် မတွေ့ရသည်မှာလည်း တစ်နှစ်ခွဲလောက်ရှိပြီဖြစ်ရာ ယဲ့ဟုန်ကျွင်းက အရင်ဆုံး ဟော့အိမ်တော်၌ ယာယီနေထိုင်ခဲ့ပြီး ယဲ့စစ်၏ ခက်ခဲသော အထက်တန်းဒုတိယနှစ်ဝက်တစ်လျှောက်လုံး ကိုယ်တိုင်ကိုယ်ကျ အဖော်ပြုပေးနိုင်ခဲ့သည်။
သူ(မ)၏ဟင်းချက်လက်ရာက ဟော့မိသားစုခန့်ထားသော စားဖိုမှူးများလောက် မကောင်းမွန်သော်လည်း လောင်ဟော်*စွပ်ပြုတ်ကို ချက်နိုင်သူက သူ(မ)တစ်ယောက်တည်းသာရှိပေ၏။
[TN/ လောင်ဟော်စွပ်ပြုတ်ဆိုတာ အိုးတစ်အိုးထဲ ဒါမှမဟုတ် ပေါင်းအိုးထဲ အမျိုးမျိုးသောပါဝင်ပစ္စည်းတွေကို နာရီပေါင်းများစွာ ပွက်ပွက်ဆူအောင်တည်ထားတာပါ။]
၎င်းကို လွန်ခဲ့သောနှစ်ပေါင်းများစွာက သူ(မ)အမေဆီကနေ သင်ယူခဲ့ခြင်းဖြစ်ပြီး ထူးခြားသော လျှို့ဝှက်ပါဝင်ပစ္စည်းတစ်ခုပါပေသည်။ စားဖိုမှူးက မည်မျှတော်နေပါစေ၊ ထူးကဲသောအရသာကို ပြန်လည်မဖန်တီးနိုင်ပေ။ သူ(မ) နေမကောင်းမဖြစ်ခင်က ယဲ့စစ်အတွက် ကျန်းမာရေးနှင့်ညီညွတ်သော အစားအသောက်များကို တစ်ပတ်မှာ တစ်ကြိမ်သာ ချက်ပြုတ်ပေးနိုင်ခဲ့သည်။ သူ(မ) နာမကျန်းဖြစ်ပြီးနောက် နှစ်နှစ်လောက် မီးဖိုချောင်ထဲ မဝင်နိုင်တော့သလို ယဲ့စစ်က ထိုကဲ့သို့အရသာရှိသောစွပ်ပြုတ်ကို ထပ်ပြီးမသောက်နိုင်ခဲ့ပေ။
ထိုနေ့ည ကိုးနာရီ၌၊ ထုံးစံအတိုင်း ယဲ့စစ်တစ်ယောက် စာဖတ်ခန်းထဲမှာရှိနေပြီး ပုစ္ဆာများဖြေခြင်း၌ စိတ်နစ်ထားလေ၏။
ဟော့ထင်းလန်က သူ၏အလုပ်များပြီးသွားပြီး စာဖတ်ခန်းထဲမှာ သူ့ကိုအဖော်ပြုပေးနေခဲ့သည်။ သူ့လက်ထဲ၌ အနက်ရောင်သားရေအဖုံးနှင့် ကြေးဝါရောင်ထွင်းထုထားသောစာလုံးများရှိပြီး ၎င်း၏ခေါင်းစဥ်က ဖတ်ရခတ်ပေ၏။
စာဖတ်ခန်းတံခါးကို ဟထားသော်လည်း ယဲ့ဟုန်ကျွင်းက တံခါးဝမှာရပ်ကာ နွေးထွေးသောအသံနှင့် ခေါ်လာခဲ့သည်။ "ထင်းလန်၊ ရှောင်စစ်၊ မင်းတို့အတွက် အဆာပြေယူလာခဲ့တယ်။"
ဟော့ထင်းလန်က အလျင်အမြန်ထရပ်ကာ သူ(မ)၏သွားလိုက်၏။ ယဲ့ဟုန်ကျွင်း၏လက်ထဲကလင်ပန်းကို ယူလိုက်ပြီးနောက် သူက ကျေးဇူးတင်စွာပြုံးပြကာ ပြောလိုက်သည်။ "နောက်ကျနေပြီကို၊ ချက်ပြုတ်နေသေးတာလား..."
"အဆင်ပြေပါတယ်၊ ရှောင်စစ်က ဒါသောက်ရတာကို အရမ်းကြိုက်တာလေ။"
ယဲ့ဟုန်ကျွင်းက သိမ်မွေ့စွာပြုံးလိုက်၏။ သူ(မ)၏ခန္ဓာကိုယ်က ကျန်းမာလာပြီး လွန်ခဲ့သည့်ခြောက်လအတွင်း နည်းနည်းချင်းစီ ပြန်လည်သက်သာလာသော်လည်း ခြုံငုံသုံးသပ်ရလျှင် အနည်းငယ်ပိန်နေဆဲပင်။ သို့သော် သူ(မ)၏ပါးပြင်များက အများကြီးပိုပြည့်လာပြီး အသားအရေကလည်း ကျန်းမာသောအသွင်အပြင်နှင့် ပန်းရောင်သန်းလာ၏။
ယဲ့စစ် ပုစ္ဆာဖြေရှင်းနေသည်မှာ အဓိကနေရာကိုရောက်နေပြီး စာရေးနေခြင်းကိုရပ်လိုက်ဖို့ တွန့်ဆုတ်နေသော်လည်း မအားလပ်သောအချိန်ကြားထဲကနေ စိတ်ဆင်းရဲသောလေသံဖြင့် သူ(မ)ကို ဆူလိုက်သေး၏။
"မား မနေ့ကပြောတော့ ဒီနေ့ ကောင်းကောင်းနားမယ်ဆို။ ကတိကို တည်သင့်တယ်မဟုတ်ဘူးလား။"
"အိုက်ယား။" ယဲ့ဟုန်ကျွင်းက သူ(မ)သားဆီမှာ ဖမ်းမိသွားလေ၏။ "စွပ်ပြုတ်လုပ်တာက ဘာမှမပင်ပန်းပါဘူး။ မား အဲ့နားထိုင်ပြီး မီးကြည့်နေဖို့ပဲလိုတာ၊ ကြက်သားတွေကို တခြားသူတွေက ပြင်ဆင်ပေးကြတာလေ..."
ဟော့ထင်းလန်က ပြုံးလိုက်ပြီး အရပ်ရှည်ရှည်နှင့် ခံ့ညားသောစာပွဲထိုးလေးလို လင်ပန်းပေါ်ကစွပ်ပြုတ်နှစ်ပန်းကန်ကို စားပွဲပေါ်တင်၍ သူ့ကို ဖျောင်းဖျလိုက်၏။
"အရင်ဆုံး အနားယူပြီး ပူနေတုန်းလေးသောက်လိုက်ပါဦး။"
ယဲ့စစ်က တံတွေးမျိုချကာ တွက်ချက်မှုအနည်းငယ်ပြုလုပ်၍ အဖြေကိုအလျင်အမြန်ချရေးလိုက်ပြီး ဘောပင်ကိုချလိုက်သည်။
ယခု အထက်တန်းတတိယနှစ်၏ အဆုံးသတ်ကိုရောက်နေပြီး သူ လင်ယောင်ကို ကတိပေးထားသော ထိပ်ဆုံးအဆင့် ၅၀ ရောက်ဖို့ ကွာဟချက်အနည်းငယ်ရှိနေဆဲဖြစ်ရာ ယဲ့စစ် အေးအေးဆေးဆေးမနေဝံ့ပေ။
"အမ်း... အနံ့က မွှေးနေတာပဲ။"
သူ ညစာကို အများကြီးစားထားပြီးပြီဖြစ်သော်လည်း ဦးနှောက်ကို များများအသုံးပြုခဲ့သဖြင့် သုံးနာရီလောက် စာလေ့လာပြီးနောက် ဗိုက်ထပ်ဆာလာခြင်းဖြစ်လောက်သည်။ ယဲ့စစ်တစ်ယောက် သူ၏ဗိုက်ချပ်ချပ်လေးကို အနည်းငယ်ပွတ်သပ်ကာ စွပ်ပြုတ်ပန်းကန်ကို အဖုံးဖွင့်လိုက်သည်။
မွေးပျံ့သောရနံ့နှင့် ရောယှက်နေသည့်အငွေများက ထောင်းထောင်းထလာပြီး နှုတ်ခမ်းရဲရဲလေးနှင့် သွားဖြူဖြူလေးများကို အငွေ့များ၏နောက်ကွယ်၌ ဝေဝါးသွားစေခဲ့၏။
အညိုရောင်စွပ်ပြုတ်က အလွန်ကြည်လင်နေပြီး စစ်ထုတ်ထားသကဲ့သို့ အညစ်အကြေးကင်းစင်နေသည်။ ဇွန်းဖြင့်ခပ်လိုက်သောအခါ စွပ်ပြုတ်က ပျစ်နှစ်နေပြီး ဂျယ်လီနှင့်တူနေ၏။
ဤသည်မှာ ကျွမ်းကျင့်အဆင့်လက်ရာပင်။
ယဲ့စစ်က စွပ်ပြုတ်ကို အားပါးတရခပ်သောက်နေပြီး ယဲ့ဟုန်ကျွင်းက ခုံတစ်ခုံဆွဲထိုင်ကာ သူ(မ)၏ကလေး စွပ်ပြုတ်သောက်နေသည်ကို အပြုံးလေးဖြင့်ကြည့်နေခဲ့သည်။ ယဲ့ဟုန်ကျွင်း ဤနေရာသို့ ယာယီပြောင်းရွှေ့လာကတည်းက စာဖတ်ခန်းထဲမှခုံများ မပျောက်တော့တာဖြစ်၏။ ဟော့ထင်းလန်က အကြီးအကဲများရှေ့မှာတော့ မျက်နှာတချို့ဆယ်ထားဆဲပင်။
"စကားမစပ် ရှောင်စစ်..."
ယဲ့ဟုန်ကျွင်းက သူ(မ)၏လက်ကို အေပရွန်ဖြင့်သုတ်လိုက်သည်။ သူက ဟော့ထင်းလန်ကို တစ်ချက်ကြည့်လိုက်ပြီး အနည်းငယ်ရှက်ရွံ့နေသော်လည်း မေးမြန်းလိုက်လေသည်။
"သားရဲ့မွေးနေ့က မကြာခင်ရောက်တော့မယ်ဆိုတော့ သားလိုချင်တဲ့လက်ဆောင်တစ်ခုခုရှိလား။ မား သားအတွက်ဝယ်ပေးမယ်။"
သူ(မ) တရုတ်သို့ပြန်လာပြီးနောက် ဟော့ထင်းလန်က သူ(မ)အတွက် အကောင့်တစ်ခုဖွင့်ပေးကာ လတိုင်းလတိုင်း ငွေများလွှဲပေးခဲ့သည်။ ၎င်းက မိမိခင်ပွန်း၏မိခင်ကို ထောက်ပံ့ပေးသည့်ငွေဖြစ်၏။ သို့သော် သူ(မ)က မျက်နှာပျက်ကာ လက်မခံမည်စိုး၍ သူ(မ) ယဲ့စစ်အတွက် စွပ်ပြုတ်ချက်ချိန်၌ လိုအပ်တာဝယ်ဖို့ 'စျေးဖိုး' ဟူ၍ပေးခဲ့လေ၏။
တကယ်တမ်းတော့ ယဲ့ဟုန်ကျွင်း ဘာမှဝယ်ရန်မလိုအပ်ပေ။ ဟော့အိမ်တော်မှာအသုံးပြုသော ပါဝင်ပစ္စည်းများကို နေ့တိုင်း လူတစ်ယောက်က အမြဲလာပို့ပေးခြင်းဖြစ်၏။ ထို့အပြင် ငွေပမာဏက ပါဝင်ပစ္စည်းများဝယ်ဖို့မပြောနှင့် စူပါမားကတ်တစ်ခုကိုတောင် ဝယ်ဖို့လုံလောက်သည်။
သို့သော်လည်း ဟော့ထင်းလန်က ယဲ့စစ်၏မိသားစုကို ကောင်းကောင်းမွန်မွန် ဆက်ဆံပေးချင်သောကြောင့်သာဖြစ်ကြောင်း ယဲ့ဟုန်ကျွင်းက သိသဖြင့် ၎င်းကိုငြင်းလိုက်ပါက စိတ်မကောင်းစရာဖြစ်သွားမည်ဖြစ်ရာ သူ(မ)က ကျေးဇူးတင်လိုက်ပြီး လက်ခံလိုက်လေသည်။
သူ(မ)က လက်ခံလိုက်သော်လည်း ထိုထဲကငွေများကို မသုံးခဲ့ပေ။ သူ(မ)မှာ ခက်ခဲသောအချိန်များရှိခဲ့ပြီး သူ(မ)၏သုံးစွဲတတ်သောအကျင့်က ပြောင်းလဲသွားခဲ့သည်။ သူ(မ)က လိုလိုမယ်မယ် သူ(မ)၏ကလေးအတွက်သာ စုထားချင်ခဲ့သည်။
"ကျွန်တော်လိုချင်တာ... ဘာမှမရှိဘူးထင်တယ်။" ယဲ့စစ်က အမှန်တိုင်းပြောလိုက်သည်။
"ပစ္စည်းနည်းနည်းလောက်ကို ပြောလိုက်လည်း ရတာပဲလေ။" ယဲ့ဟုန်ကျွင်းက သူ၏ဆံပင်လေးများကို ပွတ်သပ်ကာ စိတ်ခံစားချက်များနှင့် ပြောလိုက်၏။ "မား လွန်ခဲ့တဲ့နှစ်နှစ်တုန်းက နေမကောင်းဖြစ်နေတာနဲ့ သားကို မွေးနေ့လုပ်မပေးနိုင်ခဲ့ဘူး။ မား အဲ့ဒါကို ပြန်လုပ်ဖို့ ကြိုးစားလို့ရမလား..."
"အမ်...."
ယဲ့စစ် အကျပ်ရိုက်သွား၏။
ဤနှစ်ပိုင်းမှာ ဟော့ထင်းလန်က သူ့ကို ကောင်းကောင်းဂရုစိုက်ပေးခဲ့ရာ သူ ဘာကိုမှမလိုအပ်ပေ။ စာမေးပွဲမှာ ထိပ်တန်း ၅၀ ထဲဝင်ချင်သည်မှအပ သူ မည်သည့်အရာကို လိုအပ်မည်နည်း။
ယခုတစ်ခေါက်၌ ဟော့ထင်းလန်က ပြုံးလိုက်ပြီး ယဲ့ဟုန်ကျွင်းဘက်သို့ လှည့်ပြောလိုက်၏။ "ရှောင်စစ်ရဲ့မွေးနေ့ပွဲအတွက် စိတ်မပူပါနဲ့။ ကျွန်တော် အားလုံးကို ပြင်ဆင်ပြီးပါပြီ။"
ယဲ့ဟုန်ကျွင်း၏မျက်လုံးများက တောက်ပသွားပြီး သူ(မ)က သိချင်စိတ်ဖြင့် ယဲ့စစ်ကိုယ်စားမေးလိုက်သည်။ "အားလုံးပြီးသွားပြီ? ဘာတွေပြင်ဆင်ထားတာလဲ။ အန်တီရော အဲ့ထဲပါလို့ရမလား။"
ဟော့ထင်းလန်က မျက်လွှာချကာ ခဏလောက်စဥ်းစားလိုက်၏။ "အဲ့ဒါက တကယ်တော့... ကျွန်တော် ဒီကိစ္စကိုနောက်ကျမှ အန်တီနဲ့သီးသန့်ဆွေးနွေးပါ့မယ်။ အချိန်ကျလာရင် စပရိုက်ဖြစ်အောင် ဒီအကြောင်းကို ယဲ့စစ်ကိုပေးသိလို့မဖြစ်ဘူး။"
တစ်စုံတစ်ယောက်ကို စပရိုက်တိုက်ချင်လျှင် ထိုကိစ္စကို အဘယ့်ကြောင့် ထိုလူ၏ရှေ့မှာပြောနေရသနည်း။
ဇာတ်လမ်းတစ်ပုဒ်လုံးကို မပြောလိုက်လျှင် လူကို နာကျင်သွားစေမည်မဟုတ်လော!
"ဘာလဲ။" ယဲ့စစ်က စားနေတာကိုရပ်ကာ ဟော့ထင်းလန်၏အင်္ကျီလက်ကို ဆွဲလိုက်သည်။ "တစ်ခုခုကို တစ်ဝက်တစ်ပျက်ပဲ ပြောလို့မရဘူးလေ..."
"အဲ့လိုဆို ဘယ်လိုလုပ်ပြီး စပရိုက်ဖြစ်တော့မှာလဲ။" ဟော့ထင်းလန်က ယဲ့စစ်၏လေသံအတိုင်း လိုက်ပြောလိုက်ပြီး သူ၏နှာခေါင်းထိပ်လေးကို ညင်သာစွာကုတ်ခြစ်လိုက်သည်။ "ကိုယ်မပြောပြပါဘူး။"
ယဲ့ဟုန်ကျွင်းမှာ အပြုံးများကိုမထိန်းထားနိုင်တော့ဘဲ စာဖတ်ခန်းထဲကနေ အလျင်အမြန်ထွက်ကာ ငယ်ရွယ်သူနှစ်ယောက်အတွက် အနှောင့်အယှက်မဖြစ်စေရန် တံခါးပိတ်ပေးခဲ့သည်။
တံခါးက ညင်သာစွာပိတ်သွားပြီး စာဖတ်ခန်းထဲမှာ ၎င်းတို့နှစ်ယောက်တည်းသာကျန်ခဲ့သည်။
"ချော့ကြည့်လေ။" ဟော့ထင်းလန်က နူးညံ့စွာပြောလိုက်က်သည်။
ယဲ့စစ်က အခိုက်အတန့်တစ်ခုလောက် တိတ်ဆိတ်သွားပြီး အရှေ့သို့တိုးကာ ဟော့ထင်းလန်ကို ပွေ့ဖက်လိုက်သည်။ သူက ဟော့ထင်းလန်၏ရင်ဘတ်ထဲ မျက်နှာကိုဝှက်၍ ဘယ်ညာပွတ်သပ်၍ အနည်းငယ်ကိုးရိုးကားရားနိုင်စွာ ပြောလိုက်သည်။
"နည်းနည်းလောက် ပြောပြလေ၊ နည်းနည်းလေးပဲ။ ခင်ဗျားက အကောင်းဆုံး၊ ကျွန်တော်၊ ကျွန်တော် ခင်ဗျားကို အကြိုက်ဆုံးပဲ။"
"ပေါင်ပေါင်းက ချစ်စရာကောင်းလိုက်တာ။"
ဟော့ထင်းလန်က သူ၏နီမြန်းနေသောမျက်နှာလေးကို အနမ်းပေးလာပြီး ဘာမှမဖြစ်ခဲ့သည့်နှယ် ဖက်လက်စစာအုပ်ကိုကောက်ကိုင်၍ ဆက်ပြီးဖတ်နေခဲ့သည်။
"?"
ယဲ့စစ်တစ်ယောက် မှက်တက်စွာရပ်နေမိ၏။
"ခင်ဗျား ..."
"ဟင့်အင်း။" ဟော့ထင်းလန်က ပြုံးပြလာ၏။
"ကျွန်တော် ဘာမေးမလို့လဲဆိုတာ သိလို့လား..."
"ကိုယ်သိတယ်လေ။"
ဤသည်မှာ ကလေးကို အနိုင်ကျင့်နေခြင်းပင်။
သူက 'ချော့ကြည့်လေ' ဟုသာ ပြောခဲ့ပြီး 'သူကိုချော့မြှူလျှင် ပြောပြမည်' ဟု မပြောခဲ့ပေ။
အသက်ကြီးကြီးလူယုတ်မာကြီးကို ချစ်ကြိုက်မိခြင်းက သိပ်ကိုခက်ပေ၏။
ယဲ့စစ်မှာ ရွေးချယ်စရာမရှိတော့ဘဲ မကျေနပ်ချက်များကိုမျိုသိပ်ကာ ပုစ္ဆာများကိုသာ ဆက်ပြီးဖြေရှင်းနေလိုက်သည်။
ဤနည်းအားဖြင့် ယဲ့စစ်တစ်ယောက် ရက်အနည်းငယ်ကြာသည်အထိ ကလိကလိဖြစ်နေခဲ့လေ၏။ စာသင်ချိန်အားလပ်ရက်များအတွင်း သူ ထိုအကြောင်းကိုပဲ စဥ်းစားနေမိပြီး သူ၏မျှော်လင့်ချက်များက မြင့်မားလာခဲ့သည်။
နောက်ဆုံးတော့ စနေနေ့နှင့်အချိန်ကိုက်ကျသွားသည့် မတ်လ ၁၇ ရက်နေ့ကို ရောက်ရှိလာပြီး ကျောင်းက နေ့တစ်ပိုင်းပိတ်သောအခါ သူ အတန်းဖော်များဆီမှရခဲ့သော မွေးနေ့လက်ဆောင်အိတ်နှစ်အိတ်အပြည့်ဖြင့် အိမ်ပြန်လာခဲ့သည်။ ကားလေးက ဟော့မိသားစု၏ခြံဝန်းလေးထဲ မောင်းနှင်လာပြီး ဦးလေးဟယ်က သူ့ကိုစောင့်နေခဲ့သည်။ ယဲ့စစ် ကားပေါ်ကဆင်းပြီးနောက် ဦးလေးဟယ်က လက်ဆောင်အိတ်များကို တစ်စုံတစ်ယောက်အား သယ်ခိုင်းလိုက်သည်။ သူ့ကို အိမ်ထဲမဝင်စေဘဲ အရန်အဆောက်အအုံဘေးမှ ခန်းမထဲသို့ ခေါ်သွားပေးခဲ့လေသည်။
ဟော့ထင်းလန်က လင်ယောင်ကဲ့သို့ လူမှုပေါင်းသင်းဆက်ဆံရေးမရှိသလို တက်ကြွသည့်စရိုက်မျိုးမရှိပေ။ ဤခန်းမကို တစ်နှစ်လုံးနေမှ တစ်ကြိမ်တောင်အသုံးမပြုတတ်ရာ ယဲ့စစ် အထဲကို လုံးဝမရောက်ဖူးချေ။ ဦးလေးဟယ်က သူ့အတွက် တံခါးဖွင့်ပေးခဲ့ပြီး တံခါးအဟကြားထဲကနေ ခန်းမထဲသို့ နေ့လယ်ခင်း၏ နွေးထွေးသောအလင်းရောင်က တိုးဝင်သွား၏။ ရေခဲဖြူရောင် စကြင်ကျောက်သားကြမ်းပြင်ကို တောက်ပနေအောင်ပွတ်တိုက်ထားပြီး ခန်းမထဲမှာ မီးမထွန်းထားပေ။ ကြမ်းပြင်ထိရှည်သော အနီရောင်ကန့်လန့်ကာများက အလင်းရောင်ကို ပိတ်ဆို့ပေးထားပြီး အဝေးမှအရာဝတ္ထုများမှာ အမှောင်ထုထဲ ပုန်းကွယ်နေကြသည်။ ယဲ့စစ် အထဲကိုဝင်လိုက်ပြီး ဦးလေးဟယ် တံခါးမပိတ်ခင် ရေးရေးလေးသာမြင်လိုက်ရသည်။ သူက တစ်စုံတစ်ဦးကို ကိစ္စတုံးဖို့ကြိုးစားနေသော လူဆိုးတစ်ယောက်နှယ် လျင်မြန်သောအရှိန်ဖြင့် တံခါးကို ချက်ချင်းပိတ်လိုက်လေ၏။
တံခါးပိတ်သွားသည်နှင့်တစ်ပြိုင်နက် ကြီးမားလှသောခန်မကြီးထဲမှာ မိမိ၏လက်ကို မမြင်ရလောက်တဲ့အထိ မည်းမှောင်သွား၏။
"ဟော့ရှူးရှူ?" ယဲ့စစ်က ခေါ်လိုက်ပြီး သူ၏အသံက စိုးထိတ်မှုကြောင့် တုန်ယင်နေခဲ့သည်။
သူ၏နှလုံးခုန်သံများလည်း မြန်ဆန်လာ၏။
ရုတ်တရက်ဆိုသလို အမှောင်ထဲကနေ ခလုတ်နှိပ်လိုက်သံကို ကြားလိုက်ရသည်။
ထို့နောက် မလှမ်းမကမ်းမှတစ်စုံတစ်ခုက အလင်းရောင်ထွက်ပေါ်လာ၏။
ယင်းမှာ သေးသွယ်ပြီး ရှည်လျားသော လေးထောင့်ကျကျ ပြပွဲစင်အသေးစားလေးဖြစ်၏။ ယင်းမှာ ပြတိုက်များ၌ အမွေအနှစ်များကို ပြသရာမှာသုံးသည့်အရာနှင့်ဆင်တူပြီး ထိုအပေါ်မှာ တောက်ပြောင်နေသောပိုးသားကို ခင်းထားသည်။ ဖန်အုပ်ဆောင်းလေးတစ်ခုသာ လိုအပ်နေတာဖြစ်၏။ အလင်းတန်းက သိပ်ကိုကျဥ်းမြောင်းပြီး သီးသန့်ခွဲထားသည့်အတိုင်း ဤနေရာကိုသာ မီးမောင်းထိုးပြကာ ပတ်ပတ်လည်မှအရာများက မရှင်းလင်းသေးချေ။
...ထိုအပေါ်မှ ဟော့ထင်းလန်၏ သူ့အတွက်မွေးနေ့လက်ဆောင်က မည်သည့်အရာဖြစ်မည်နည်း။
ယဲ့စစ်၏နှုတ်ခမ်းထောင့်လေးက ကွေးညွတ်သွားပြီး စိတ်လှုပ်ရှားစွာဖြင့် ထိုနေရာသို့ အလျင်အမြန်လျှောက်သွားလိုက်သည်။
ပိုးသားအခင်းပေါ်မှာ ငွေသက်ရှည်သော့ခလောက်လေး*နှင့်အတူ စာတစ်စောင်ရှိနေ၏။ စာကိုခေါက်ထားပြီး ၎င်း၏နောက်ကျောဘက်မှာ '၀ နှစ်'
ဟု ရေးထားသည်။
[TN/ သော့ခလောက်ပုံစံရှိတဲ့ ဆွဲသီးလေးပါ။ ကလေးတွေအတွက် ဘေးအန္တရာယ်ကင်းပြီး မကောင်းတဲ့ဝိညာဥ်တွေဆီကနေ ကာကွယ်ပေးတဲ့ အဆောင်သဘောမျိုးပါ။]
ယဲ့စစ် လက်ဆောင်နှင့်ပတ်သက်၍ မစောင့်နိုင်တော့ဘဲ သက်ရှည်သော့ခလောက်လေးကို ကောက်ယူကာ ပွတ်သပ်ကြည့်လိုက်သည်။ သော့ခလောက်က မီးခိုး-ငွေရောင်ဖြစ်ပြီး ကလေးလေးက မြင်းစီးနေသည့်ပုံကို ထွင်းထုထားပြီး ငွေကြိုးလေးကို ခေါင်းလောင်းလေး လေးခုနှင့် အလှဆင်ထားသည်။ ထွင်းထုမှုက ရှေးကျပြီး ဆန်းကြယ်ကာ နှစ်တစ်ရာကျော်ရှေးဟောင်းပစ္စည်းတစ်ခုလို ခံစားရပေ၏။
ယဲ့စစ် စာကိုဖွင့်ဖတ်လိုက်သည်။
စာရွက်ပေါ်မှာ ဟော့ထင်းလန်၏ ထက်မြက်ပြီး ကြော့ရှင်းသည့်လက်ရေးကို တွေ့လိုက်ရသည်။
"...လွန်ခဲ့တဲ့ ၁၉ နှစ်က ဒီလိုနေ့မှာ မင်းကို မွေးဖွားခဲ့တယ်။ ကိုယ်ကတော့ ၁၂ နှစ်ပေါ့။ အဲ့ဒီအချိန်တုန်းက ကိုယ်သာ မင်းရဲ့ဘဝထဲမှာရှိခဲ့ရင် 'ဟော့ရှူးရှူ' မဟုတ်ဘဲဘေးအိမ်က 'ရှောင်ကောကော' ဖြစ်နေမှာပဲ..."
"...မင်းက ညဘက်ဆို ငိုခဲပြီး လသားအရွယ်လေးကတည်းက သိပ်ကိုလိမ္မာတာလို့ မင်းအမေဆီကနေ ကိုယ်ကြားခဲ့တယ်။ မင်းရဲ့လက်ချောင်းလေးတွေ လေ့ကျင့်ဖို့အတွက် ရာဘာအရုပ်လေးတွေကြားထဲ မင်းသဘောအကျဆုံးမြင်းရုပ်လေး ပျောက်သွားခဲ့တယ်လို့လည်း သူ(မ)ကပြောပြခဲ့တယ်..."
"...ကိုယ် မင်းရဲ့ ၀ နှစ်ပြည့်မွေးနေ့အတွက် လက်ဆောင်အနေနဲ့ မြင်းစီးနေတဲ့ကောင်လေးပုံနဲ့ သက်ရှည်သော့ခလောက်လေးကို ပေးချင်တယ်။ ဒီသော့ခလောက်လေးကို ကိုယ်ရဲ့အဘေးငယ်ငယ်တုန်းက ဝတ်ခဲ့တာလေ။ သူက အသက် ၁၁၂ နှစ်မှာ ဆုံးပါးသွားခဲ့ပြီး ရောဂါလည်းမရှိ၊ နာကျင်မှုလည်းမရှိဘဲ အသေကောင်းခဲ့တယ်။ အဲ့ဒါကြောင့် ဒီသော့ခလောက်လေးက သိပ်ကိုထိရောက်မှုရှိတယ်လို့ ကိုယ်ထင်တယ်..."
"...သက်ရှည်သော့ခလောက်၊ နှစ်တစ်ရာကျော်တိုင်တဲ့ သော့ခလောက်၊ သာယာအေးချမ်းတဲ့ဘဝအတွက် သော့ခလောက်။ ကိုယ့်ရဲ့ပေါင်ပေါင်း အနာရောဂါကင်းဝေးပြီး အသက်ရှည်ရှည်နေရပါစေ။ ဒါက အသက် ၁၂ နှစ်အရွယ် ဟော့ထင်းလန်ပေးတဲ့ လက်ဆောင်လေး..."
ယဲ့စစ် ငွေသော့ခလောက်လေးကို ဆုပ်ကိုင်လိုက်သည်။ ၎င်းက သတ္တုဆိုသော်လည်း အေးစက်မနေဘဲ သူ၏လက်ဖဝါးထဲမှာ နွေးထွေးမှုလေးနှင့် ပြည့်နှက်နေပေ၏။
သူ၏မျက်လုံးများက ရုတ်တရက်နီမြန်းလာပြီး ထိုစာထဲမှ စကားလုံးတိုင်း၊ ဝါကျတိုင်းကို သူ့နှလုံးသားထဲ ထွင်းထုထားချင်သကဲ့သို့ အထပ်ထပ်အခါခါဖတ်နေခဲ့၏။ ထို့နောက် စာလေးကို ၎င်း၏ခေါက်ရာအတိုင်း ဂရုတစိုက်ပြန်ခေါက်လိုက်ပြီး လောလောဆယ်အတွက် မူလနေရာမှာပဲ ပြန်ထားလိုက်သည်။
ထို့နောက် ဒုတိယမီးရောင်က ထွန်းလင်းလာ၏။
မီးနှစ်လုံး၏အကူအညီဖြင့် သူ မလှမ်းမကမ်းကို ရေးရေးလေးမြင်တွေ့လိုက်ရသည်။
အမှောင်ထဲမှာ ထိုကဲ့သို့ လက်ဆောင်များနှင့် စာများ ဆယ်ချီရှိသော်လည်း သူ ကျော်ပြီးမသွားခဲ့ပေ။
ဒုတိယမြောက်စာ၌ '၁ နှစ်' ဟုပြောထားသည်။
တတိယမြောက်စာ၌ '၂ နှစ်' ဟု ရေးသားထား၏။
နောက်ထပ်၊ နောက်ထပ်...
ဟော့ထင်းလန်က သူ မွေးဖွားလာချိန်ကတည်းက ဆယ့်ရှစ်နှစ်ရောက်သည့်တိုင် မွေးနေ့လက်ဆောင်များကို ပြင်ဆင်ထားပြီး ၎င်းတို့ကို ကြုံသလိုမပေးခဲ့ချေ။ သက်ရှည်သော့ခလောက်လေးလို သက်ဆိုင်ရာအသက်အရွယ်အလိုက် လေးနက်သောအဓိပ္ပါယ်များ အပြည့်ပါဝင်နေခဲ့သည်။ ထိုသို့လုပ်ဖို့မှာ စိတ်ကူးယဥ်ဆန်ပြီး ခက်ခဲလွန်းပေသည်။
"...လွန်ခဲ့တဲ့ ၁၅ နှစ် ဒီလိုနေ့မှာ မင်းက မူကြိုပဲရှိဦးမှာ။ မင်းအမေပြောပြခဲ့တာက...."
"...ဒါ အသက် ၁၆ နှစ်အရွယ် ရှောင်ကောကောဟော့ထင်းလန်ဆီက မွေးနေ့လက်ဆောင်လေး..."
"ကိုယ် မင်းဘဝထဲ စောစောရောက်မလာခဲ့မိတာကို တောင်းပန်ပါတယ်။ အဲ့ဒီအတွက် ကိုယ် အခုလိုမျိုးပဲ ပြန်လုပ်ပေးနိုင်ခဲ့တယ်..."
"..."
လက်ဆောင်များသာမက ထိုအချိန်က သူသာ ယဲ့စစ်၏ဘဝထဲ ပေါ်ပေါက်လာခဲ့ပါက နှစ်ဦးသားဖြစ်နေမည့်အရာတို့ကိုပါ သူက ခန့်မှန်းရေးသားထားသေးသည်။
"...လွန်ခဲ့တဲ့ ၃ နှစ်၊ ဒီလိုနေ့မှာ မင်းအသက် ၁၆ နှစ်ရှိပြီ၊ ကလေးဘဝကနေ ဆယ်ကျော်အရွယ်ကိုကူးပြောင်းတာ အောင်မြင်သွားတဲ့အချိန်ပေါ့။ ကိုယ်ထင်တာတော့ ကိုယ့်အသက် ၂၈ နှစ်အရွယ်မှာ မြန်နှုန်းနဲ့ စိတ်လှုပ်ရှားမှုတွေကိုသဘောကျတဲ့ အယ်ဖာတစ်ယောက်ဖြစ်တဲ့မင်းကို အရမ်းလှတဲ့ မြင်းအစစ်တစ်ကောင် ဝယ်ပေးမိမယ်ထင်တယ်။ မင်းရဲ့လုံခြုံရေးကို အာမခံနိုင်တဲ့အခြေအနေအောက်မှာ မင်းရဲ့ဝါသနာကို ကိုယ် လေးစားပေးချင်တယ်။ ကိုယ် မင်းအမေဆီကနေကြားခဲ့ရတယ်၊ မင်း တခြားသူတွေနဲ့ မော်တော်ဆိုင်ကယ်ဘယ်လိုစီးရတယ်ဆိုတာကို တိတ်တိတ်လေးသင်ခဲ့တယ်ဆို? အဲ့ဒါက မကောင်းဘူးနော်။ မြင်းကမှ ပိုစိတ်ချရတာ။ ကိုယ် မင်းကို မြင်းစီးသင်ပေးမယ်။ မင်း မတတ်မြောက်ခင်မှာတော့ ကိုယ် မင်းနဲ့အတူတူစီးဖို့ပဲ ရွေးချယ်ချင်တယ်..."
"... Friesian မြင်းက အသိဉာဏ်မြင့်တယ်၊ ထိန်းချုပ်ရလွယ်တယ်၊ သိမ်မွေ့တယ်၊ မြင်းစီးစသင်မဲ့သူတွေအတွက် သင့်တော်တယ်။ ဒါက သူ့ရဲ့မျိုးစိတ်လက်မှတ်။ အခု ခြံနောက်ဖေးမှာရောက်နေပြီ၊ မင်း နောက်ကျရင် သူနဲ့သွားကစားလို့ရတယ်..."
"...ဒါက အသက် ၂၈ နှစ်အရွယ် မစ္စတာဟော့ဆီက လက်ဆောင်လေး..."
ယဲ့စစ် မျက်ရည်များကိုသုတ်ရင်း လမ်းဆက်လျှောက်လာခဲ့သည်။
သူ၏မျက်ရည်များက အဖိုးတန်စာများကို စိုစွတ်သွားမည်စိုး၍ သူ၏အင်္ကျီလက်ဖြင့် သူ့မျက်နှာကိုသုတ်နေခဲ့ပြီး အင်္ကျီလက်ခေါက်မှာ စိုရွှဲနေပြီဖြစ်၏။
နောက်ဆုံးတော့ ပြသထားသည့်စင်များ၏အဆုံး၌ ရပ်စောင့်နေသော ဟေ့ထင်းလန်ကို တွေ့လိုက်ရသောအခါ ယဲ့စစ် ပြင်းထန်စွာငိုကြွေးခဲ့ပြီး စကားတောင်မပြောနိုင်ခဲ့ပေ။
"ပေါင်ပေါင်း။" ဟော့ထင်းလန်က လက်နှစ်ဖက်ကို ဆန့်တန်းပေးလိုက်ပြီး နူးညံ့စွာပြုံးကာ နားလည်မှုအပြည့်ဖြင့်ပြောလိုက်သည်။ "ဘာမှပြောစရာမလိုပါဘူး၊ ကိုယ့်ကိုပဲ ပွေ့ဖက်ပေးပါ။"
ယဲ့စစ်က သူ့ကို အသက်ရှုကျပ်ပြီးသေလုအောင်ထိ အပြင်းအထန်ပွေ့ဖက်လိုက်သည်။ သူ၏လည်ချောင်းထဲမှာ တစ်ဆို့နေခဲ့လေသည်။
သူနဲ့တွေ့ရတာ ဘယ်လောက်တောင် ကံကောင်းလိုက်သလဲ။
ဟော့ထင်းလန်၏ နွေးထွေးသောလက်ဖဝါကြီးက ယဲ့စစ်၏ဦးခေါင်းအနောက်ကို ဖိကပ်ထားပြီး အလွန်ပိုင်ဆိုင်လိုစိတ်ပြင်းစွာ ပွေ့ဖက်ထားခဲ့သည်။ ခဏအကြာမှာ သူ အနည်းငယ်စိတ်ငြိမ်သွားသောအခါ နောက်ဆုံးဘိတ် 'အစွမ်းထက်ဆုံးအရာ' ကို ဖွင့်ပြလိုက်လေသည်။
"ကိုယ် မင်းကို ဆယ့်ကိုးနှစ်ပြည့်မွေးနေ့လက်ဆောင် မပေးရသေးဘူး... ဒီနှစ်ကနေစပြီး ဘယ်တော့မှ ထပ်ပြီးမလွဲချော်စေရတော့ပါဘူး။ မင်း လက်ခံပေးမယ်မလား။"
ယဲ့စစ်က ကိုယ်ကိုပြန်မတ်ကာ နှာသံအပြည့်ဖြင့် လေးလံစွာပြောလိုက်သည်။ "အွန်း။"
ဟော့ထင်းလန်က ထူထဲသော စာရွက်စာတမ်းများကို သူ့ထံပေးလာ၏။ ဖိုင်ထဲ၌ အမည်မသိသတ္ထုနှင့်လုပ်ထားသော သော့တစ်ချောင်းလည်းပါပေသည်။ သူက အပြုံးလေးဖြင့် ပြောလာ၏။ "ပျော်ရွှင်စရာကောင်းတဲ့ ဆယ့်ကိုးနှစ်ပြည့်မွေးနေ့လေးဖြစ်ပါစေ။"
***
Aurora Novel Translation Team
There is No Eng Version