no

အပိုင်း (၁၄.၂) - ချိုမြိန်မှုကိုတောင်းခံခြင်း


-ချူးရွေ့က အမှန်တကယ်ငိုကြွေးခဲ့သည်။


အော်ဟစ်ဆဲဆိုနေတာမဟုတ်ဘဲ ငိုကြွေးနေခြင်းဖြစ်၏။


ယဲ့စစ်ကဲ့သို့ လျစ်လျူရှုထားတတ်သူတစ်ဦးကတောင် ၎င်းအား ဆန်းသစ်နေပြီး ဘာဖြစ်နေသလဲကို သိချင်လာခဲ့သည်။


ကြောင်လေးကို ခြောက်လှန့်မိမည်စိုး၍ အိပ်ရာပေါ်တင်ထားခဲ့ပြီး အသံလာရာဆီသို့ လျှောက်သွားခဲ့လိုက်၏။ သူ ခပ်ဝေးဝေးလျှောက်စရာမလိုဘဲ လှေကားထစ်အနည်းငယ်ဆင်းလိုက်ရုံနှင့် ပထမထပ်ရှိ ခန်းမငယ်တစ်ခုမှာရပ်နေသော လူအနည်းငယ်ကို တွေ့လိုက်ရသည်။ ချူးရွေ့၏ အဆီဖုံးနေသောမျက်နှာပေါ်မှာ ပါးရိုက်ခံရသလို လက်ဖဝါးရာကြီးနှစ်ခုရှိနေ၏။ ချူးဝမ်လင်၏မျက်နှာက ဝက်အသည်းလိုမျိုး ရုပ်ဆိုးနေပြီး ချူးရွေ့ကို လက်ညှိုးငေါက်ငေါက်ထိုးကာ ကြမ်းတမ်းစွာအော်နေခဲ့သည်။


"ငိုစမ်း! နောက်တစ်ကြိမ် ထပ်ငိုကြည့်လိုက်စမ်း!"


ဟော့ထင်းလန်က တည်ငြိမ်ပြီး ကျက်သရေရှိစွာဖြင့် ဆိုဖာပေါ်ထိုင်နေ၏။ ချူးရွေ့ ငိုကြွေးစဥ်မှာ လွင့်စင်လာသော တံတွေးအမှုန်အမွှားများကို သူက မနှစ်မြို့သကဲ့သို့ သူ့ဝတ်စုံ၏အရှေ့ကို လေးထောင့်ပုံစံ လက်ကိုင်ပဝါဖြင့် သုတ်လိုက်သည်။ သုတ်ပြီးနောက်မှာတော့ တန်ဖိုးကြီးသောပိုးသားလက်ကိုင်ပဝါကို ပေါ့ပါးသောအမူအရာဖြင့် အမှိုက်ပုံးထဲသို့ လွှင့်ပစ်လိုက်လေ၏။


ချူးဝမ်လင်၏ဇနီး၊ ရွမ်ကျားယီက သူ(မ)၏မိတ်ကပ်များ ညစ်ပတ်သွားအောင်ထိ ငိုယိုနေပြီး ဂုဏ်သရေရှိရှိနေဖို့ကိုတောင် ဂရုမစိုက်နိုင်တော့ပေ။ သူ(မ)က ထခုန်ကာ ချူးဝမ်လင်မြှောက်ထားသောလက်ကို ဖမ်းဆုပ်လိုက်သော်လည်း သူ(မ)၏ခင်ပွန်းဆီမှ ကြိမ်းမောင်းခံလိုက်ရ၏။


"ဒါ မင်းသူ့ကိုသင်ပေးထားတဲ့ အမှိုက်တွေကြောင့်ပဲ!" ချူးဝမ်လင်က ခေါင်းလှည့်ကာ ညံ့ဖျင်းသော သွန်သင်ဆုံးမမှုများအတွက် ရွမ်ကျားယီကိုလက်ညှိုးထိုးကာ လူတိုင်းမြင်တွေ့နိုင်စေရန် ခက်ထန်စွာကြိမ်းမောင်းနေခဲ့သည်။


ရုန်းရင်းဆန်ခတ်အခြေအနေက ပြင်းထန်လာ၏။


ရွမ်ကျားယီမှာ အရှက်တကွဲဖြစ်ရခြင်းကို သည်းမခံနိုင်ဘဲ နောက်တစ်ကြိမ်ငိုကြွေးရင်း ချူးရွေ့နှင့်အတူထွက်ခွာသွားခဲ့ပြီး ညစာစားပွဲကို မတက်ရောက််ခဲ့တော့ပေ။


ဇနီးနှင့် သားဖြစ်သူတို့ ထွက်ခွာသွားပြီးနောက် ချူးဝမ်လင်က မိမိကိုယ်ကိုနှိမ့်ချကာ အပြစ်များကို တောင်းပန်ခဲ့သည်။ သူ့သား၏ အမှတ်မထင်သောလုပ်ရပ်တစ်ခုကြောင့် အနာဂတ်ပူးပေါင်းမှုကို သက်ရောက်စေပြီး မိသားစုနှစ်စုကြား သဘောထားကွဲလွဲသွားမည်ကိုစိုးရွံ့ကာ အိမ်ပြန်ရောက်လျှင် သူ့သားကို တင်းတင်းကျပ်ကျပ်ဆုံးမပါ့မည်ဟု သူ့ရင်ဘတ်သူပုတ်၍ ကတိပေးခဲ့လေ၏။


"...မစ္စတာချူးရဲ့စကားတွေက သိပ်ကိုလွန်နေပြီ။"


၎င်းက သူ့ယောက္ခထီးဖြစ်နေစေကာမူ ဟော့ထင်းလန်၏စကားလုံးများက ခပ်တန်းတန်းဖြစ်နေသည်။


"ပြီးတော့ ကျွန်တော့်ကိုတောင်းပန်စရာမလိုဘူး။ ခင်ဗျားတောင်းပန်ရမဲ့သူက ကျွန်တော့်ရဲ့လူကြီးလူကောင်းလေးပဲဖြစ်သင့်တယ်။"


"ဟုတ်တယ်၊ ဟုတ်တယ်၊ မစ္စတာဟော့ပြောတာ မှန်ပါတယ်။"


ချူးဝမ်လင်က ကြက်သွန်ဖြူကြိတ်နေသကဲ့သို့ ထပ်တလဲလဲခေါင်းညိတ်နေခဲ့သည်။


"ရှောင်စစ်က..." ဟော့ထင်းလန်က ဦးခေါင်းလေးစောင်းငဲ့ကာ လှေကားဆီသို့ တည်ငြိမ်စွာမော့ကြည့်လာလေ၏။


စောစောတုန်းက လှေကားနားမှာထိုင်နေသော ကြောင်ပေါက်လေးက လစ်ခနဲပြေးထွက်သွားလေသည်။ သူက ချူးဝမ်လင်နှင့် မဆက်ဆံချင်သလို သူ၏အတုအယောင်တောင်းပန်ခြင်းကို လက်ခံဖို့လည်း ဆန္ဒမရှိသည်မှာ သိသာနေပေ၏။


ဟော့ထင်းလန်က အသာအယာပြုံးလိုက်ပြီး နံရံအနောက်က ထိုနားရွက်သေးသေးလေး ရှင်းရှင်းလင်းလင်းမကြားရမည်စိုး၍ စကားဝိုင်းကို အသံမြှင့်ကာပြန်ဆက်ခဲ့သည်။


"... သဘောကောင်းတဲ့စရိုက်ရှိတာမို့ ဒီလိုအသေးအဖွဲကိစ္စတွေကို ဂရုစိုက်မှာမဟုတ်ဘူး။ သူက တစ်ဖက်လှည့်လိုက်တာနဲ့ မေ့ပစ်လိုက်မှာ။ ဒီတော့ သူ့ခင်ပွန်းဖြစ်တဲ့ ကျွန်တော်တစ်ယောက်တည်းကပဲ ဒီကိစ္စတွေကို ဂရုစိုက်ပေးရမှာပေါ့။"


ခင်ပွန်း...


ယဲ့စစ်တစ်ယောက် ခလုတ်တိုက်ကာ လှေကားပေါ်ကနေတောင် ချော်ကျမလိုဖြစ်သွားခဲ့သည်။


...


ညစာစားရန်အတွက် ယဲ့စစ်ကိုခေါ်ဖို့ ဟော့ထင်းလန် အပေါ်ထပ်ကိုတက်လာချိန်မှာ ယဲ့စစ်က အခန်းထဲကိုပြန်ရောက်နေပြီဖြစ်ပြီး ကြောင်လေးကို ခဏလောက်ပွေ့ဖက်ထားခဲ့သည်။


ခန်းမငယ်ထဲမှာ ဆူဆူညံညံအသံများစွာရှိနေခဲ့ပြီး နားကန်းနေသူမဟုတ်ပါက သေချာပေါ်ကကြားရမည်ပင်။ သို့သော် ယဲ့စစ် ဘာပြောရမှန်းမသိပေ။ တစ်စုံတစ်ယောက်က သူ့ဒေါသများကို ကူညီဖြေဖျောက်ပေးပြီး သူ့အတွက် အခြားလူများကို သင်ခန်းစာပေးခဲ့သည်။ သူ့နံရိုးအနောက်မှ သူ၏နှလုံးသားလေးက အလွန်ယားယံလာပြီး သူ့ကို အရည်ပျော်စေလုမတတ် နွေးထွေးနေခဲ့သည်။


ဟော့ထင်းလန်က လက်ပိုက်ကာ တံခါးကိုမှီရပ်နေပြီး ခဏလောက်စဥ်းစားလိုက်၏။ ထို့နောက် သူ့အား အခြေအနေကို အေးအေးဆေးဆေးဖွင့်ထုတ်ရန် တည်ငြိမ်စွာ ကူညီပေးခဲ့သည်။


"စောစောက မင်း အားလုံးကြားလိုက်တာလား။"


"...အွန်း။" ယဲ့စစ်၏မျက်ခွံပါးများက လှုပ်ခတ်သွားခဲ့သည်။


"ကိုယ် အောက်ထပ်မှာ သူတို့ကို သင်ခန်းစာနည်းနည်းပေးလိုက်တာပါ။" ဟော့ထင်းလန်က ပေါ့ပေါ့ပါးပါးပြောလာ၏။ "အသံတွေက တော်တော်လေးကျယ်သွားတော့ မင်းစာလေ့လာနေတာကို အနှောင့်အယှက်ဖြစ်သွားသေးလား။"


'သူတို့' ဆိုသည်မှာ ချူးဝမ်လင်တို့မိသားစုသုံးယောက်ကို ရည်ညွှန်းခြင်းဖြစ်သည်။


ဖော်ရွေသော နှစ်ဖက်မိသားစုဆက်ဆံရေးအရ ချူးဝမ်လင်နှင့် ဟော့ထင်းလန်တို့ကို လုပ်ဖော်ကိုင်ဖက်များဟု ယူဆနိုင်ပြီး အနည်းဆုံးတော့ သူ့ထက် ဆယ်နှစ်လောက်ကြီးပေ၏။ အိမ်ထောင်ရေးဆက်ဆံရေးအရမူ ယောက္ခထိီးက အကြီးအကဲတစ်ယောက်ဖြစ်ရာ 'သင်ခန်းစာပေးသည်' ဟုသုံးနှုန်းခြင်းက တော်တော်လေးမောက်မာပြီး ရိုင်းစိုင်းပေ၏။


သို့သော် ၎င်းက တစ်စုံတစ်ဦး၏ဒေါသများကို ပြေပျောက်သွားစေရန် လုံလောက်ခဲ့သည်။


ယဲ့စစ်၏နှုတ်ခမ်းများက ပါးလျနေပြီး ဟော့ထင်းလန်ရဲ့လုပ်ရပ်များ၏ အကြွင်းမဲ့တရားဝင်မှုကို ခုခံကာကွယ်ပေးခဲ့သည်။


"မဟုတ်ပါဘူး။ အဲ့ဒါက ကျွန်တော်စာလေ့လာတာကို အနှောင့်အယှက်မဖြစ်ပါဘူး။ ကျွန်တော်က ကြောင်လေးနဲ့ဆော့နေတာပါ။"


ကြောင်နဲ့ဆော့နေတာ...


ဟေ့ထင်းလန် ခေါင်းငုံ့ကာ ပြုံးလိုက်လေ၏။


ထို့နောက် အပြုံးကို ချက်ချင်းပြန်ထိန်းကာ လေးနက်စွာပြောလိုက်သည်။


"ကိုယ့်ကြောင့် ကောင်းမွန်တဲ့မိသားစုတွေ့ဆုံပွဲက ကမောက်ကမဖြစ်သွားခဲ့တယ်။ ဒေါသထွက်ပြီး လူရှေ့မှာ မထိန်းလိုက်နိုင်တာ ကိုယ့်အမှားပါ။ ပြီးတော့ မစ္စတာချူးအတွက် မျက်နှာဆယ်ပေးဖို့ကိုလည်း ကိုယ် မေ့သွားတယ်..."


သူက ကိုယ့်ကိုယ်ကိုယ် ဝေဖန်သုံးသပ်နေခဲ့သော်လည်း လေသံက ကျီစယ်သံပေါက်နေပြီး သူ၏မျက်ဝန်းနက်များထဲမှာလည်း သူနှင့် ယဲ့စစ်တို့ အလိုလိုနားလည်နေသည့် ယုတ်ညံ့မှု၏အရိပ်အမြွက်များ ကိန်းဝပ်နေခဲ့သည်။


"မင်း ကိုယ့်ကို အပြစ်မတင်ဘူးမဟုတ်လား။" သူက သိသိလျက်နှင့် မေးလိုက်လေ၏။


သူ သူ၏ချစ်ရသူလေးဆီကနေ ချိုမြိန်မှုတချို့ကို ရယူချင်ခဲ့သည်။


ဟော့ထင်းလန်တစ်ယောက် အသိအမှတ်ပြုခံရဖို့ ကြိုးစားနေခဲ့လေသည်။


***


Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment