no
အပိုင်း (၁၂.၂) - သူ မတတ်နိုင်ဘူး
ယဲ့စစ်အတွက် အဝတ်အစားဝယ်ပေးရခြင်းမှာ ဟော့ထင်းလန်အတွက် ရှားပါးအခွင့်အရေးတစ်ခုဖြစ်သည့်အတွက် သူက ဆိုင်ရှင်၏သုံးလစာအချိန်ဇယားကို အပြည့်ဖြည့်ကာ တစ်ခါတည်းနှင့် အများကြီးမှာယူခဲ့လေသည်။ မိသားစုညစာစားပွဲ၌ ဝတ်ဆင်မည့်ဝတ်စုံများကိုတော့ ရက်အနည်းငယ်အတွင်းပြုလုပ်ပေးရန် အထူးတလှယ်ဝန်ဆောင်မှုကို ရယူခဲ့သည်။
ယနေ့မှာတော့ ယဲ့စစ်ကို အဝတ်များစမ်းဝတ်ကြည့်ဖို့ ခေါ်သွားပေးခဲ့၏။ ဖောက်သည်က အိုမီဂါဖြစ်ကြောင်း သိရှိထားသဖြင့် ဆိုင်ရှင်က အနီရင့်ရောင်ကတ္တီပါကန့်လန့်ကာကို ဖွင့်မပေးခဲ့ဘဲ ဟော့ထင်းလန်က အပြင်မှာ တစ်ယောက်တည်းရပ်နေခဲ့ရသည်။
အဖိုးတန်သောအထည်စများ အချင်းချင်းပွတ်တိုက်သံက သာယာနာပျော်ဖွယ်ကောင်းပြီး ယဲ့စစ်တစ်ယောက် ခဏလောက်ရုန်းကန်နေပြီးနောက် ရုတ်တရက်ဆိုသလို ကန့်လန့်ကာကို အဟသေးသေးလေးဖွင့်လိုက်သည်။ ဖြူဆွတ်ကာ သွယ်လျသောလက်ချောင်းလေးများက အနက်ရောင်မျှော့ကြိုးကိုကိုင်ထားရင်း တွန့်ဆုတ်စွာမေးလာခဲ့သည်။ "ဟော့ရှူးရှူ၊ ဒါ၊ ဒါက ဘာကြီးလဲ။"
ဟော့ထင်းလန်တစ်ယောက် ဂုဏ်သိက္ခာရှိသောအသွင်ကို ထိန်းသိမ်းထားဆဲပင်။ သူက တစ်ချက်ကြည့်လိုက်ပြီး ပြောလိုက်သည်။ "အဲ့ဒါ မင်းရဲ့တီရှပ်ကို လိပ်တက်မသွားအောင်ထိန်းပေးတဲ့ ကလစ်လေး။"
အနောက်တိုင်းဝတ်စုံများကို ဒုတိယအရေပြားကဲ့သို့ အမြဲဝတ်လေ့ရှိသောသူ့အတွက် ထိုရှပ်အင်္ကျီကလစ်ကို သုံးလေ့မရှိသော်လည်း ဆိုင်ရှင်က အလွန်စဥ်းစားတတ်သူဖြစ်သည်။ ယဲ့စစ်က ငယ်ရွယ်ပြီး အနောက်တိုင်းဝတ်စုံကို ဝတ်လေ့ဝတ်ထမရှိသည့် တက်ကြွသည့်လူငယ်ဖြစ်ကြောင်း သူက ခန့်မှန်းလိုက်ပြီး ကလစ်နှစ်ခုကို ပြင်ဆင်ပေးခဲ့သည်။
ယဲ့စစ်က ရှုပ်ထွေးနေဆဲဖြစ်ရာ မေးမြန်းလိုက်သည်။ "ကျွန်တော် ဒါကို ဘယ်လိုဝတ်ရမှာလဲ။"
ဟော့ထင်းလန်က ခေါင်းလှည့်ကာ အဝတ်လဲခန်းကန့်ကန့်ကာ၏ အဟလေးကို စိုက်ကြည့်လိုက်သည်။ ဆွယ်တာချွတ်တုန်းက ပွတ်တိုက်မှုကြောင့်ဖြစ်နိုင်၏၊ ယဲ့စစ်၏ နက်မှောင်နေသောဆံပင်များက ရှုပ်ပွနေပြီး သူ၏စိတ်ကို နှိုးဆွနေခဲ့သည်။ ရှပ်အင်္ကျီကော်လံကို ကြယ်သီးတပ်မထားရာ အဝတ်လဲခန်းထဲမှ ချိုမြိန်သောဗီနီလာရနံ့ဖယ်ရိုမုန်းများက အဟကြားထဲကနေ နွေးထွေးစွာပျံလွင့်လာ၏။
ဟော့ထင်းလန်တစ်ယောက် သူ၏မျက်လုံးများက သူ့လျှို့ဝှက်ချက်ကို ဖော်ထုတ်လိုက်မည်စိုး၍ အနှီလည်တိုင်လေးကိုကြည့်ဖို့ သူ့ကိုယ်သူ အခွင့်အရေးမပေးခဲ့ချေ။ သူက လက်မြှောက်ကာ ကန့်လန့်ကာကိုဆွဲလိုက်ပြီး ထိုအဟလေးကို ပြန်လည်ဖုံးအုပ်လိုက်သည်။
"တစ်ခုကို တစ်ဖက်စီမှာတပ်ရမှာ။" သူက မျက်လုံးများမှိတ်ကာ သူ၏အသွင်အပြင်ကို ထိန်းသိမ်းလိုက်၏။ "အဲ့ဒါကို ပေါင်မှာချည်လိုက်၊ သတ္တုညှပ်ပါတဲ့ဘက်ကို ရှပ်အင်္ကျီရဲ့အနားစမှာ ညှပ်လိုက်ရင်ရပြီ။"
"...အွန်း။" ယဲ့စစ် သူ့လက်ကို ပြန်ရုပ်သွားပြီး ရှပ်အင်္ကျီကလစ်အား ကြောင်အမ်းစွာကြည့်နေခဲ့သည်။
ကန့်လန့်ကာအပြင်ဘက်မှလေထုက လေးလံနေ၏။
ဟော့ထင်းလန်တစ်ယောက် လက်ကြယ်သီးများကိုပွတ်သပ်၍ စဥ်းစားနေခဲ့သည်။
ယဲ့စစ်တစ်ယောက် လွန်ခဲ့တဲ့တစ်လတုန်းကနှင့် မတူတော့ပေ။
သူက သူ၏သတိကို တော်တော်များများလျှော့ချခဲ့ကြောင်း သိသာပေ၏။ သူ၏ရှူးရှူက မျက်နှာဖုံးကို ကောင်းကောင်းကြီးဝတ်ဆင်ထားနိုင်သောကြောင့် ဖြစ်ရမည်။ ယဲ့စစ်က သူ့ကို 'လူကြီးလူကောင်း' နှင့် 'မြင့်မြတ်သူ' ကဲ့သို့ တံဆိပ်များတပ်ထားပြီး သူ့မှာ ဆိုးယုတ်သောအတွေးများမရှိဘူးဟု သေချာနေခဲ့သည်။
ကောင်းလည်းကောင်းသလို၊ ဆိုးလည်းဆိုးတယ်။
ဆက်ဆံရေးက နိီးကပ်လာတာကောင်းသော်လည်း ယဲ့စစ်က သူ၏ဇာတ်ကောင်ကို စောင့်ရှောက်သူနှင့် အကာအကွယ်ပေးသူအဖြစ် အသားကျသွားလိမ့်မည်ဖြစ်ပြီး သူ့ကို 'ခင်ဗျားက လူကောင်းတစ်ယောက်ပါ၊ ဒါပေမဲ့...' နှင့်အစချီ၍ ငြင်းပယ်လိမ့်မည်။
မိသားစုသံယောဇဥ် ဖြစ်ပေါ်လာသည်နှင့်တစ်ပြိုင်နက် နောက်ပြန်လှည့်ဖို့ မလွယ်ကူတော့ချေ။
ထိုအခိုက်အတန့်၌ ကန့်ကန့်လာနောက်ကွယ်မှ 'ဖက်' ခနဲအသံကို ကြားလိုက်ရ၏။
၎င်းမှာ အရေပြားပေါ် မျှော့ကြိုးမှန်သောအသံဖြစ်ပြီး ဆွဲဆောင်မှုရှိနေသည်။
ထိုအသံက ယဲ့စစ် ရဲစခန်းကနေပြန်လာသောညကို အမှတ်ရသွားစေ၏။ ယဲ့စစ်က တစ်စုံတစ်ယောက်နှင့်တိုက်ခိုက်ရင်း သူ၏ခြေချင်းဝတ်က ဒဏ်ရာရခဲ့ပြီး သူက ဒဏ်ရာကိုစစ်ဆေးရန် ဒူးတစ်ဖက်ထောက်ထိုင်ချ၍ ယဲ့စစ် ဒဏ်ရာရထားသောခြေထောက်နှင့် ကြမ်းပြင်ပေါ်နင်းလျှောက်သွားမည်ကို စိုးရိမ်ခဲ့သည်။ သူ ၎င်းကိုဆုပ်ကိုင်ထားဖို့ လက်လှမ်းလိုက်သော်လည်း မလွှတ်ချင်လွှတ်ချင်နှင့် ပြန်လွှတ်ပေးခဲ့ရ၏။
ထိုဆုပ်ကိုင်မှုသည် လက်ထပ်ပြီးကတည်းက ၎င်းတို့၏ တစ်ခုတည်းသောရုပ်ပိုင်းဆိုင်ရာအထိအတွေ့ဖြစ်ခဲ့ပြီး သူ ထိုအကြောင်းကို ပြန်မတွေးဘဲမနေနိုင်ခဲ့ချေ။
သွယ်လျသော အနှီခြေတံများက နွားပေါက်လေးလိုသန်မာပြီး သွယ်လျပေ၏။ သူ ထိုအရေပြားအောက်မှ ငယ်ရွယ်မှုနှင့် တက်ကြွမှုတို့ကို ခံစားနိုင််ခဲ့သည်။
ထိုခြေတံတစ်စုံကို မျှော့ကြိုးဖြင့်ပတ်ထားမည်ဆိုပါက ကြွက်သားများက မည်မျှတောင့်တင်းနေပါစေ မလွဲမသွေ တင်းတင်းကျပ်ကျပ်ချည်နှောင်ခံရမည်ပင်။
မေ့လိုက််တော့။
ထိုအကြောင်းကို ဘာမှမလုပ်နိုင်ဘဲ စဥ်းစားနေခဲ့ပြီးနောက် သူ အချည်းနှီးနှိပ်စက်ခံခဲ့ရသည်။
ဟော့ထင်းလန်တစ်ယောက် ကိုယ့်ကိုယ်ကိုယ်နှိမ့်ချမှုနှင့်အတူ ထိုရောင်စုံအတွေးများကို သရော်လိုက်၏။
သူ့လည်ကုပ်ပေါ်မှ အယ်ဖာဂလင်းများက တစ်ဖန်ထကြွလာကြသည်။
သူ၏ rut ကာလကို ဖယ်ရိုမုန်းကုသမှုဖြင့် တစ်လကျော်လောက် နှောင့်နှေးစေခဲ့ပြီး ယခု အကန့်အသတ်ကို ရောက်လုနီးနီးပင်...
ယဲ့စစ်၏ 'ခင်ဗျားက အရမ်းကောင်းတယ်'.... သူ ယင်းအား ခံနိုင်ရည်မရှိပေ။ သူ ထပ်ပြီး သည်းမခံချင်တော့ပေ။
***
Aurora Novel Translation Team
There is No Eng Version