no

အပိုင်း (၁၅) - ဟော့ရှူးရှူက တော်လား


သူ့ကိုအပြစ်တင်တယ်?


ဘယ်လိုလုပ်ပြီး သူ့ကိုအပြစ်တင်နိုင်မှာလဲ။


"မတင်ပါဘူး!" ယဲ့စစ် အလျင်အမြန် ငြင်းဆန်လိုက်သည်။


သူ့ရင်ဘတ်ထဲမှ စိတ်ခံစားချက်များက လျှံထွက်လာတော့မတတ်ဖြစ်နေပြီး သူ မောက်မာသောဗီလိန်နှင့် တူသွားမည်စိုး၍ စိတ်တည်ငြိမ်နေဖို့ အစွမ်းကုန်ကြိုးစားကာ အရှိကိုအရှိအတိုင်း မှတ်ချက်ပေးလိုက်သည်။


"ချူးရွေ့က တကယ်ကို... တစ််စုံတစ်ယောက်က သူ့ကိုဆုံးမပေးဖို့လိုအပ်နေတာပါ။"


သူက rut ကာလနီးနေပြီဖြစ်ရာ လူကြီးလူကောင်းတစ်ယောက်မျက်နှာဖုံးအား ဝတ်ဆင်ဖို့ ပိုပိုပြီးခက်ခဲလာခဲ့သည်။ ဟော့ထင်းလန်က ပြုံးလိုက်ပြီး ကမာကောင်လေးလို ပိတ်လိုက်ဖွင့်လိုက်ဖြစ်နေသော ယဲ့စစ်၏နှုတ်ခမ်းပါးတို့ကို ငုံ့ကြည့်လိုက်၏။ စိုက်ကြည့်နေရင်း အထဲက ကောင်းမွန်သောအရာလေးဖြစ်သည့် စကားလုံးများကိုထုတ်ပြောဖို့အသုံးပြုရသော လှုပ်လီလှုပ်လဲ့လျှာလေးကို ကျွမ်းကျင်စွာဖြင့် ခိုးကြည့်နေခဲ့သည်။


"အင်း၊ သူတို့ကိုဆုံးမဖို့ ကိုယ် မင်းကိုကူညီပေးခဲ့တာ။ မင်း ကိုယ့်ကို ဘာပြောသင့်လဲ။"


အခုလိုအခိုက်အတန့်မှာ ဘာပြောသင့်လဲ။


သေချာပေါက် 'ကျေးဇူးတင်ပါတယ်' ပဲပေါ့။ သူငယ်တန်းကျောင်းသားတွေတောင် အဲ့ဒါကိုသိတယ်။


အခြေအနေအရ ဝါကျလေးတစ်ကြောင်းပြောဖို့က သူ့တာဝန်ဖြစ်၏။ သို့သော်လည်း အဘယ့်ကြောင့်မှန်းမသိဘဲ ယဲ့စစ် ရှက်ရွံ့သလိုခံစားနေရပြီး သူ၏အသံက တိုးလျနေခဲ့သည်။


"ကျေး၊ ကျေးဇူးတင်ပါတယ် ဟော့ရှူးရှူ။"


အခန်းက စက္ကန့်အနည်းငယ် တိတ်ဆိတ်သွားခဲ့သည်။


ဟော့ထင်းလန် ချိုမြိန်မှုကို လုံလုံလောက်လောက်မရခဲ့ဘဲ နောက်ဆုံး၌ ကိုယ့်ကိုယ်ကိုယ်ထိန်းချုပ်ဖို့ ကျရှုံးသွားတော့လေ၏။ သူ့နှုတ်ခမ်းထောင့်များက အနည်းငယ်ကွေးညွတ်သွားပြီး ဖြောင့်မတ်သောလေသံဖြင့် အရှက်မဲ့သောမေးခွန်းကို မေးမြန်းလိုက်သည်။


"ဟော့ရှူးရှူးက တော်လား။"


...


ဆယ်မိနစ်ကြာပြီးနောက် ဟော့ထင်းလန်နှင့် ယဲ့စစ်တို့ ပင်ခန်းမထဲသို့ ရောက်လာချိန်မှာ ယဲ့စစ်၏ပါးပြင်များပေါ်မှအပူက နောက်ဆုံးတော့ ညနေခင်းလေပြည်များကြောင့် ပျောက်ကွယ်သွားခဲ့သည်။


စွဲထင်ကျန်ရစ်သောအရောင်က ပန်းရောင်သန်းနေပြီး အရမ်းကြီးမနီတော့ပေ။


-ဟော့ရှူးရှူက တော်လား။


ထိုမေးခွန်းက ရိုးရှင်းပြီး သူ စဥ်းစားစရာတောင်မလိုသော်လည်း ယဲ့စစ် စိတ်ရှုပ်ထွေးသွားပြီး မှင်တက်နေခဲ့မိသည်။ ခဏလောက် ချီတုံချတုံဖြစ်ပြီးနောက် ယဲ့စစ်တစ်ယောက် နီမြန်းနေသောမျက်နှာကြီးနှင့် 'တော်တယ်' ဆိုသောစကားလုံးကို ညှစ်ထုတ်လိုက်ရလေသည်။


လာရာလမ်းတစ်လျှောက်လုံး သူ့လက်ဖဝါးများက ချွေးထွက်နေပြီး ရှက်ရွံ့စွာဖြင့် လက်သီးဆုပ်ထားခဲ့သည်။ အရည်အသွေးညံ့သော ဟာသတစ်ခု*ကြောင့် ရှုပ်ထွေးမှုနှင့် ရှက်ရွံ့မှုတို့ရှိနေခဲ့၏။


[TN/ ဟော့ရှူးရှူကတော်လားကို ဟော့ရှူးရှူကကောင်းလားလို့လည်း အဓိပ္ပါယ်ကောက်လို့ရပါတယ်။ တစ်မျိုးပြောရရင် sex လုပ်တဲ့နေရာမှာ မေးလေ့ရှိသလိုမျိုးလည်း အဓိပ္ပါယ်ယူလို့ရလို့ ယဲ့စစ်က ရှက်နေတာပါ။]


သို့သော်လည်း ထိုဝါကျနှင့်ပတ်သက်ပြီး မလျော်ကန်မှုမရှိသလို လေသံကလည်း ပုံမှန်ဖြစ်နေသည်။


သူ စက်ဆုပ်ရွံရှာခြင်းမရှိဘဲ ရှက်ရွံ့နေရုံသာ။


အကယ်၍ ၎င်းကသာ လူကြီးဟာသတစ်ခုဆို သူ ယခုလိုမျိုးတုံ့ပြန်မှာမဟုတ်ဘဲ ဒေါသထွက်လာလိမ့်မည်ဖြစ်၏။


သို့သော် ထိုသို့မဟုတ်ပေ။


သူ ထိုအကြောင်းနှင့်ပတ်သက်၍ တွေးပြီးရင်း တွေးနေခဲ့၏...


၎င်းက ထိုကဲ့သို့မဖြစ်နိုင်ချေ။


ဟော့ထင်းလန်က သူ၏ဒေါသများကို ဖွင့်ထုတ်ရန် ကူညီပေးခဲ့ပြီး သူ့ဘက်ကိုငုံ့ကိုင်းလာကာ ရာဘာကျည်ဆန်မှန်ခဲ့သော သူ၏ဦးခေါင်းအနောက်ကိုတောင် ပွတ်သပ်ပေးခဲ့သည်။


ရလဒ်အနေဖြင့် သူက အလွန်ရိုင်းစိုင်းစွာ ခန့်မှန်းနေခဲ့မိသည်... သူ့မှာ အသိတရားရောရှိသေးရဲ့လား။


ယဲ့စစ် အသိစိတ်ပြန်ဝင်လာပြီး အရှက်တရားကို ခံစားလိုက်ရသည်။ သူ ဟော့ထင်းလန်၏ မြင့်မြတ်သောစရိုက်ကို အပုတ်ချနေသည့်အတွေးများအား ခါထုတ်လိုက်ပြီး စားပွဲ၌ သူနှင့်အတူထိုင်လိုက်၏။


ညစာစားပွဲ၏လေထုက ရွမ်ကျားယီနှင့် ချူးရွေ့တို့၏ ရုတ်တရက်ထွက်ခွာသွားမှုကြောင့် ပျက်စီးမသွားခဲ့ပေ။ ချူးဝမ်လင်က သူမှားနေမှန်းသိပြီး ဘာမှမဖြစ်ခဲ့သလို အစွမ်းကုန်ကြိုးစားခဲ့သည်။ အခြားသူများ မေးလာသောအခါ သူ့သားအငယ်က နေမကောင်းသဖြင့် ဇနီးသည်က အနားယူဖို့ အိမ်ပြန်ခေါ်သွားခြင်းဖြစ်သည်ဟုသာ ပြောဆိုခဲ့သည်။


ရာသီချိန်ဖြစ်၍ ညစာစားပွဲ၌ ပင်လယ်စာများနှင့် ငါးများက တော်တော်လေးများပေ၏။ ပါဝင်ပစ္စည်းများက စျေးကြီးပြီး ခင်းကျင်းထားသည့်ပုံစံကလည်း လက်ရာမြောက်လှသည်။ ဟင်းဆယ်ပွဲမှာ ရှစ်ပွဲလောက်က ယဲ့စစ် မသိသောဟင်းများဖြစ်နေပြီး ဘယ်ကစနှိုက်ရမှန်းတောင် မသိခဲ့ပေ။ သို့သော်လည်း သူက ဤညစာစားပွဲ၌ ဇာတ်လိုက်တစ်ယောက်ဖြစ်နေရာ လူတိုင်း အမြဲတမ်းစောင့်ကြည့်နေသည့် အာရုံစိုက်မှုဗဟိုချက်ဖြစ်ခဲ့သည်။


သူ သူ၏မသိနားမလည်မှုကို ထုတ်ဖော်မိကာ လှောင်ပြောင်ခံရပြီး ဟော့ထင်းလန်အား မျက်နှာပျက်အောင်လုပ်မိမည်ကို အလွန်စိုးရိမ်နေ၏။ ထို့ကြောင့် သူ့တူများကိုမလှုပ်ရှားခဲ့ဘဲ သူ့ခွက်ကိုကောက်ယူကာ ဖျော်ရည်ကိုသာ တစ်ငုံသောက်လိုက်သည်။ သောက်ပြီးနောက် ခွက်ကိုပြန်ချ၍ ခဏရပ်လိုက်ပြီး နောက်တစ်ငုံထပ်သောက်ဖို့ပြင်လိုက်သည်။ ထိုစဥ် ဟော့ထင်းလန်က စားပွဲထိုးဆီကနေ တူတစ်စုံထပ်တောင်းလိုက်ပြီး တစ်ကိုက်စာအရွယ် ရွှေရောင်သန်းနေသောချီစ်ဂဏန်းအသားကို သူ့ပန်းကန်းထဲထည့်ပေးကာ တီးတိုးပြောလာခဲ့သည်။


"ဒီကစားဖိုမှူးရဲ့လက်ရာက မင်းအကြိုက်နဲ့ ကိုက်ညီပါ့မလားမသိဘူး... အရင်ဆုံး မြည်းကြည့်လိုက်မလား။"


"...အင်း၊ ကောင်းပါပြီ။" ယဲ့စစ်က ကယ်တင်ခံလိုက်ရသကဲ့သို့ ဂဏန်းသားကိုကောက်ယူလိုက်၏။


"ဒါလေးစားကြည့်၊ ကြည့်ရတာကောင်းမဲ့ပုံပဲ။"


ဟော့ထင်းလန်က နှင်းပွင့်ပုံစံ ငါးအသားလွှာအစိမ်း သပ်သပ်ရပ်ရပ်ညှပ်ယူကာ တူထိပ်လေးဖြင့် ဝါဆာဘီကိုယူလိုက်ပြီးနောက် ယဲ့စစ်၏လက်တစ်ကမ်းမှာရှိနေသော ငံပြာရည်ဆော့စ်ပန်းကန်ထဲ နှစ်လိုက်၏။ အလွန်နီးကပ်လွန်းသဖြင့် ယဲ့စစ် ငါးအသားလွှာစားသည့်ဖြစ်စဥ်ကို ရှင်းရှင်းလင်းလင်းတွေ့လိုက်ရလေသည်။


ယဲ့စစ် အခိုက်အတန့်တစ်ခုလောက် မှင်တက်နေခဲ့ပြီး ထိုအကြောင်းကို တွေးလိုက်ပြီးနောက် သူ၏မျက်လုံးများက ရေမျက်နှာပြင်လေးလို တောက်ပသွားခဲ့သည်။


ဟော့ထင်းလန်က သူ၏ကိုရိုးကားရားနိုင်မှုကို မြင်တွေ့ခဲ့သော်လည်း ယဲ့စစ် စိတ်မသက်မသာမဖြစ်မိပေ။ သူ နွေးထွေးမှုလေးကိုသာ ခံစားခဲ့ရသည်။


ညစာစားပွဲတစ်လျှောက်လုံး ဟော့ထင်းလန်က အမြဲတမ်းစဥ်းစားပေးခဲ့သည်။ သူက နှိမ့်ချကာ စာနာမှုအပြည့်ဖြင့် အသစ်စက်စက်လက်ထပ်ထားသော သူ၏လူကြီးလူကောင်းလေးအတွက် ဖျော်ရည်များဖြည့်ပေးပြီး ဝိုင်ကိုတားဆီးလျက် ခစားပေးနေသည်အား မရပ်တန့်နိုင်ခဲ့ပေ...


သူက ငံပြည်ရည်ဆော့စ်နှင့်တို့ခြင်းကဲ့သို့ အသေးအဖွဲအရာလေးများကိုတောင် ဂရုစိုက်ပေးခဲ့ပြီး သူ၏လှုပ်ရှားမှုမှန်သမျှက နက်ရှိုင်းပြီး မြတ်နိုးသည့်ချစ်ခြင်းမေတ္တာကို ထုတ်ဖော်ပြသနေခဲ့သည်။ သူ့အဖေ၏ ဇနီးကိုချစ်သည့်အပြုအမူနှင့်ယှဥ်လျှင် သူက နောက်ကောက်ကျမနေခဲ့ပေ။


ပင်မမိသားစုနှင့် မိသားစုခွဲများမှ ဆွေမျိုးများအားလုံး တဖြည်းဖြည်း နားလည်လာကြ၏ - ဤအိမ်ထောင်ရေးက အကျိုးအမြတ်စီးပွားများ မည်မျှပါဝင်နေပါစေ၊ ယခုအချိန်ကစပြီး ယဲ့စစ်က ဟော့မိသားစုတို့ စော်ကားမောကားပြုဖို့မတတ်နိုင်တော့သည့် ဇာတ်ကောင်တစ်ဦးဖြစ်လာခဲ့သည်။


၎င်းတို့က ရှေ့ထွက်လာကြပြီး ယဲ့စစ်နှင့် ခွက်ချင်းတိုက်ကာ အမြင်ကောင်းများရရန် မျက်နှာလိုမျက်နှာရလုပ်ခဲ့ကြသော်လည်း ယဲ့စစ်ဆီမြှောက်ပေးလာသည့် ဝိုင်ခွက်တိုင်းကို ဟော့ထင်းလန်ကသာ သောက်ပေးခဲ့၏။


"ဟော့ရှူးရှူ။"


ညစာစားပွဲ၏ ဒုတိအပိုင်းမှာ ယဲ့စစ်တစ်ယောက် မနေနိုင်တော့ဘဲ စားပွဲအောက်ကနေ ဟော့ထင်းလန်၏လက်ကောက်ဝတ်လေးကို ညင်သာစွာဆွဲလိုက်သည်။


"အမ်?" ဟော့ထင်းလန်က အနည်းငယ်လှည့်ကြည့်လာ၏။


ယဲ့စစ်က သူ့ခွက်ကိုညွှန်ပြလိုက်သည်။


"ကျွန်တော့်၊ ကျွန်တော့်အတွက် သောက်မပေးပါနဲ့၊ ကျွန်တော်... ကျွန်တော် သောက်နိုင်ပါတယ်။"


ဟော့ထင်းလန်၏ ပြင်ဆင်မှုမရှိခြင်းကို အခွင့်ကောင်းယူကာ ယဲ့စစ်တစ်ယောက် သူ့ဘာသာသူ ဘီယာကို အသံတိတ်ငှဲ့လိုက်သည်။ အဝါရောင်အမြှုပ်လေးများက ခွက်နှုတ်ခမ်းဝထိ တက်လာခဲ့ပြီး မုယောစကားအနံ့ကို ထုတ်လွှတ်ပေးလာ၏။


ဟော့ထင်းလန်က သူ့ကိုစိုက်ကြည့်နေပြီး နှုတ်ခမ်းထောင့်များက ကွေးညွတ်လျက် ပေါ့ပေါ့ပါးပါးပြောလာသည်။ "မင်းက သောက်နိုင်တယ်?"


သူ၏လည်ချောင်းက ဝိုင်များဖြင့်တိုက်စားသွားရာ အသံက အနည်းငယ်ကြမ်းရှနေပြီး ခါတိုင်းထက်ပို၍ဆွဲဆောင်မှုရှိနေ၏။


လေယူလေသိမ်းက ပေါ့ပါးနေပြီး ညုတုတုနိုင်လှသည်။


သူ့ကို ကျီစယ်နေသည့်အတိုင်းပင်။


ယဲ့စစ်တစ်ယောက် ဟော့ထင်းလန်ကို အနည်းငယ်မူးနေပြီဟု ပို၍ယုံကြည်လာခဲ့ပြီး သက်ညှာသောနည်းလမ်းကို ဆုံးဖြတ်လိုက်၏။


"ဟုတ်၊ ခင်ဗျား၊ ခင်ဗျား အရက်မူးသွားမှာကို စိုးရိမ်လို့ပါ... ပြီးတော့ ခင်ဗျား မနက်ဖြန်ကျ ခေါင်းကိုက်နေလိမ့်မယ်။"


ဟော့ထင်းလန်က မှတ်ချက်မပေးတာကိုမြင်လိုက်ရာ သူ အနည်းငယ်စိုးရိမ်လာပြီး မျက်မှောင်ကြုတ်၍ သတိမထားမလိုက်ဘဲ အသံမြှင့်ကာပြောလိုက်သည်။


"ကျွန်တော်၊ ကျွန်တော် ကောင်းကောင်းသောက်နိုင်ပါတယ်။"


အရက်မူးသည့်ကိစ္စကိုပြောရလျှင် ဟော့ထင်းလန်တစ်ယောက် ဘယ်တုန်းကမှ 'အရက်မူး' တာမျိုးမဖြစ်ခဲ့ဖူးချေ။ ထိပ်တန်းအယ်ဖာတစ်ယောက်၏ ရုပ်ပိုင်းဆိုင်ရာသန်မာမှုက အချည်းနှီးမဟုတ်ဘဲ အရက်က သူ့အာရုံကြောများကို တက်ကြွလာရုံသာလုပ်နိုင်၏။


ဆယ့်ရှစ်နှစ်အရွယ်အိုမီဂါလေးဆီကနေ အရက်မသောက်တော့ဖို့ တားဆီးခံရခြင်းအား မလိုအပ်ပေ။


သူ ယဲ့စစ်ကို သောက်ခွင့်မပေးသင့်ချေ။ မည်သို့ပင်ဆိုစေ သူက လွန်ခဲ့သည့်လပိုင်းကမှ အသက်ပြည့်ထားသူဖြစ်ရာ ဆေးလိပ်၊ အရက်တို့နှင့် ခပ်ဝေးဝေးနေတာက ပိုကောင်းပေသည်။


ယဲ့စစ်က ဤပိတ်ရက်အတွက် အိမ်စာများကို မပြီးသေးသဖြင့် စားသောက်အနားယူပြီးလျှင် မေးခွန်းလွှာနောက်တစ်စုံကို ဖြေရဦးမည်ဖြစ်၏။


ထို့ပြင် အရင်ဘဝတုန်းက ယဲ့စစ်သည် အရက်ကိုခံနိုင်ရည်မရှိကြောင်း သူမှတ်မိပေ၏။ ဘီယာ သုံးလေးငါးခွက်သောက်ပြီးနောက်မှာ သူက မူးမှောက်သွားတတ်သည်။ ယခု သူက သူ၏အရက်သောက်နိုင်စွမ်းကို ယုံကြည်မှုအပြည့်ရှိနေခဲ့သည်။


ဟော့ထင်းလန် ဖြည်းဖြည်းချင်းမျက်မှောင်ကြုတ်လိုက်၏။


အိုမီဂါအဖြစ် ကွဲပြားသွားပြီးနောက်မှာ ယဲ့စစ်၏ဖွဲ့စည်းတည်ဆောက်ပုံက တဖြည်းဖြည်းပြောင်းလဲလာခဲ့သည်။ သူ၏အရက်ခံနိုင်ရည် သိသိသိသာသာကျဆင်းလာခဲ့သော်လည်း သူက မသိသေးပေ။


အတိတ်ဘဝတုန်းက ယဲ့စစ် အရက်မူးသွားလျှင် မည်ကဲ့သို့ဖြစ်သွားမှန်း သူမှတ်မိပေ၏။


ကြောက်စရာကောင်းလောက်အောင် နာခံမှုရှိတယ်။


အရက်မူးနေတဲ့ ပုစွန်ကွေးလေးလိုပဲ။


တစ်စုံတစ်ယောက်ကသာ အခွံချွတ်၍ အထဲမှာရှိသော နူးနူးညံ့ညံ့အသားလေးကို လျက်လိုက်ပါက... သူ သည်းခံထိန်းချုပ်ခြင်းဆိုသည့်အရာကို မသိတော့မှာတောင် ကြောက်ရွံ့မိသည်။


ဟော့ထင်းလန်၏မျက်လုံးများက မည်းနက်လာ၏။


အချိန်တစ်ခုကြာတဲ့အထိ မီးတောင်ချော်ရည်လိုဆန္ဒတစ်ခုက အရက်နှင့်အတူ တဖြည်းဖြည်းပြည့်လျှံလာပြီး အယ်ဖာဂလင်းများ၏အစိုးမရမှုက သူ့ကို ပွက်ပွက်ဆူလာစေခဲ့သည်။


သူ၏သွေးပြန်ကြောများနှင့် သွေးလွှတ်ကြောများက အနည်းငယ်လှုပ်ရှားလာတဲ့အထိ သက်ရောက်မှုရှိလာ၏။


"အဆင်ပြေရဲ့လား ဟော့ရှူးရှူ။"


ယဲ့စစ်က ကူညီရန် စိတ်အားထက်သန်မှုနှင့်အတူ အကျိုးဆက်များကိုမသိဘဲ ပေါ့ပေါ့တန်တန်ပြုမူခဲ့သည်။ သူ၏မျက်လုံးများက ကြည်လင်ကာ အပြစ်ကင်းစင်နေပြီး သူနှင့် ဝန်ထုပ်ဝန်ပိုးများကို မျှဝေချင်နေခဲ့သည်။


လူငယ်လေး၏နှလုံးသားက ဖြူစင်ကာ အဖိုးတန်လွန်း၏။


ဆုံးဖြတ်ချက်ချလိုက်သလိုမျိုး ဟော့ထင်းလန်က နှုတ်ခမ်းများကိုကွေးညွတ်၍ ကြမ်းရှသောလေသံဖြင့် ပြောလိုက်သည်။


"ဒီတစ်ကြိမ်ပဲ... နောက်တစ်ခေါက်ထပ်မရှိရဘူး။"


"အွန်း!" ယဲ့စစ်တစ်ယောက် သူ၏ဘီယာခွက်ကိုကိုင်ကာ ခပ်မတ်မတ်ထိုင်လျက် ဟော့ရှူးရှူအတွက်အရက်ခွက်များကို ကြားဖြတ်လက်ခံပေးနေတော့သည်။


သူအရက်သောက်နေပုံက အပိုစကားမဆိုဘဲ ခပ်တည်တည်မျက်နှာထားဖြင့် တည်ငြိမ်သပ်ရပ်ပြီး အလွန်ခံ့ညားလွန်း၏။ အရက်ခွက်တိုက်ဖို့လာသော ဧည့်သည်များ၏နှုတ်ဆက်စကားအပြီးမှာ သူက တစ်ခွက်လုံးကို မော့ချလိုက်သည်။


ဟော့ထင်းလန်က ခွက်အလွတ်နှင့်ကစားနေရင်း ယဲ့စစ်ကိုစိုက်ကြည့်ကာ သေးငယ်သောသူ၏လည်စေ့လေး အထက်အောက်ရွေ့လျားသွားပုံအား ငေးကြည့်နေရင်း မျက်လုံးများက မည်းမှောင်သွားခဲ့ပြန်သည်။


တစ်ခွက်။


နှစ်ခွက်။


သုံးခွက်။


...


စားပွဲထိုးက ယဲ့စစ်အတွက် လေးခွက်မြှောက်ကို ထည့်ပေးဖို့ရောက်ချိန်မှာ ဟော့ထင်းလန်က ရုတ်တရက်ဆိုသလို ယဲ့စစ်၏ဖန်ခွက်နှုတ်ခမ်းဝကို လက်ငါးချောင်းဖြင့်အုပ်ကာ စစနောက်နောက်ဟန်ပန်ဖြင့် ပြောဆိုလိုက်သည်။ "အခုလို မြန်မြန်မူးလာတာကို... အရက်သောက်နိုင်တယ်လို့ ကြွေးကြော်နေတုန်းပဲနော်။"


ယဲ့စစ် မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်ပြီး မျက်လုံးများမှေးကျဥ်းကာ စိုက်ကြည့်နေခဲ့သည်။ သူ့အရှေ့မှ ပုံရိပ်နှစ်ထပ်များကို ရှုပ်ထွေးစွာကြည့်နေရင်း မျက်လုံးများကို သူ့လက်ဖမိုးနှင့် ပွတ်သပ်လိုက်၏။


"မပွတ်နဲ့တော့၊ မင်းရဲ့လက်တွေက ညစ်ပတ်နေတာ။" ဟော့ထင်းလန်က ရယ်မောကာ မျက်လုံးများကိုပွတ်သပ်နေသည့် ယဲ့စစ်၏လက်ကို ညင်သာစွာတားဆီးရန် သူ၏လက်နှစ်ချောင်းကို သီးသန့်အသုံးပြုလိုက်၏။ "မင်း မူလတန်းနဲ့ ဂျူနီယာအထက်တန်းမှာ တစ်ကိုယ်ရေသန့်ရှင်းမှုအတန်းကို မတက်ခဲ့ဘူးလား။"


"ဒီဘီယာက။" ယဲ့စစ် ဦးခေါင်းကိုလှည့်လိုက်ပြီး ပန်းရောင်သန်းနေသောမျက်နှာလေးဖြင့် ပြောလိုက်သည်။ "အရက်ပါဝင်မှု၊ အရက်ပါဝင်မှုနှုန်း တော်တော်လေးမြင့်လောက်တယ်..."


"မင်းသောက်လိုက်တဲ့ ဘီယာတွေအကုန်လုံးက အရက်ပါဝင်မှု ၆% ပဲပါတာ၊ အဲ့ဒါက အဲ့လောက်ထိမြင့်လို့လား။"


ဟော့ထင်းလန်က ပြုံးလိုက်ပြီး သူ့အား လေသံအေးအေးလေးဖြင့် ပြောလာ၏။


ယဲ့စစ်တစ်ယောက် မှင်တက်သွားပြီး မျက်နှာလေးက ညှိုးကျသွားတော့သည်။


ညစာစားပွဲက အဆုံးသတ်ဖို့နီးလာသည်နှင့်အမျှ တစ်နည်းနည်းဖြင့် ပို၍ဆူညံလာ၏။ ဟော့ထင်းလန်၏အသံက တိုးလျပြီး သူပြောနေသည့်အရာကို အခြားသူများ မကြားနိုင်ပေ။ ၎င်းတို့အားလုံး သူ၏အမူအရာ သိမ်မွေ့နေပြီး ယဲ့စစ်၏နီမြန်းနေသောနားရွက်နားငုံ့ကိုင်းကာ တီးတိုးပြောဆို၍ ကျီစယ်နေကြောင်းကိုသာ မြင်တွေ့ခဲ့ကြရသည်။ ဇနီးမောင်နှံအသစ်တို့က ပရောပရည်လုပ်နေသည့်အတိုင်းပင်။


မမျှော်လင့်စွာဖြင့် ဟော့ထင်းလန်က အလွန့်အလွန်ရက်စက်လွန်း၏။ သူက ဘီယာ၏အရက်ပါဝင်မှုပမာဏကို ဖော်ထုတ်လိုက်ရုံသာမက ပျော်ရွှင်ဖွယ်ညစာစားပွဲမှာတောင် ချာတိတ်လေးအား သေစေလောက်သည့်စိတ်အားထက်သန်မှုနှင့်အတူ ဆူပူခဲ့သေးသည်။


"...အိုမီဂါအဖြစ်ကွဲပြားသွားပြီးရင် ရုပ်ပိုင်းဆိုင်ရာအခြေအနေက ပြောင်းလဲသွားလိမ့်မယ်။ အရင်က အရက်ခံနိုင်ရည်မြင့်တယ်ဆိုရင်တောင် နောက်ပိုင်းကျ တဖြည်းဖြည်းနိမ့်လာမှာ။ မင်း အခုလက်ရှိမှာ ဘီယာသုံးခွက်ကို သောက်နိုင်သေးတယ်၊ ဒါပေမဲ့ အရက်ပါဝင်မှုများတဲ့ဘီယာနဲ့သာ ပြောင်းလိုက်မယ်ဆိုရင် အခုချိန်လောက်ဆို မင်း မှောက်နေလောက်ပြီ။ နောင်ကျရင် မင်း အပြင်မှာ သောက်ဦးမှာလား။"


"ကျွန်တော်သိပါတယ်၊ ကျွန်တော် နားလည်ပါပြီ၊ ဟော့ရှူးရှူ။ အနာဂတ်မှာ... ကျွန်တော် မသောက်တော့ပါဘူး။"


ယဲ့စစ်က ရှက်ရွံ့မှုနှင့်အတူ ခေါင်းငုံ့နေခဲ့လေသည်။


ဘီယာသောက်ထားပြီး ကြည်လင်နေသော လူငယ်ဆန်သည့်အနှီအသံလေးက ငှက်မွေးလေးလို နူးညံ့လှသည်။


အတိတ်ဘဝတုန်းကအတိုင်းပင်။


အရက်မူးနေချိန်မှာ သိပ်ကိုနာခံမှုရှိလှ၏။


"ဟော့ရှူးရှူမပါရင် မသောက်ရဘူးဆိုတဲ့ ကိုယ့်အကြံပေးစကားကို လိုက်နာမှာလား။"


"...အွန်း။"


ဟော့ထင်းလန်တစ်ယောက် ခေါင်းငုံ့ကာ ပြုံးလိုက်လေသည်။


ယခု အဓိကလုံခြုံရေးဘေးအန္တရာယ်တစ်ခုကို ဖယ်ထုတ်လိုက်နိုင်ပြီဖြစ်၏။


ညစာစားပွဲပြီးနောက် ဧည့်သည်များအားလုံး တစ်ယောက်ပြီးတစ်ယောက် နှုတ်ဆက်ထွက်ခွာသွားခဲ့ကြသည်။


ယေဘုယျအားဖြင့်ပြောရလျှင် ညစာစားပွဲ၏ဇာတ်လိုက်နှစ်ယောက်ဖြစ်သော ဟော့ထင်းလန်နှင့် ယဲ့စစ်တို့က ဟော့ချန်းယွီနှင့် လင်ယောင်တို့ကိုအဖော်ပြုကာ ဧည့်သည်များကို နှုတ်ဆက်သင့်ပေသည်။ ၎င်းတို့က နောက်ဆုံးမှပြန်သည့်သူ သို့မဟုတ် ဤနေရာမှာတောင် တစ်ညလောက်အိပ်သင့်တာဖြစ်၏။


သို့သော် တကယ့်တကယ်မှာတော့ မည်သည့်ဧည့်သည်မှမပြန်သေးခင် ဟော့ထင်းလန်တစ်ယောက် ယဲ့စစ်ကို ကားဆီခေါ်သွားခဲ့သည်။ မပြန်ခင် သူက လင်ယောင်နှင့် စကားပြောခဲ့၏။ ၎င်းတို့၏စကားများကို မည်သူကမှမကြားရသော်လည်း လင်ယောင်၏နှုတ်ခမ်းထောင့်များက ကွေးညွတ်သွားခဲ့ပြီး သူ(မ)၏အပြုံးကို မထိန်းချုပ်ထားနိုင်ခဲ့ပေ။ သူ(မ)က သူ၏ခင်ပွန်းလေးကို ညအိပ်နေဖို့ပြောထားတာကိုတောင် ထည့်မပြောတော့ဘဲ ဟော့ထင်းလန်အား ပျော်ရွှင်စွာဖြင့် နှင်လွှတ်ခဲ့တော့သည်။


ကားထဲမှာ ဟော့ထင်းလန်က ပင်ပန်းနွမ်းနယ်မှုတို့ကို ရှားရှားပါးပါးပြသလာခဲ့ပြီး သူ၏ဦးခေါင်းကို အနောက်သို့ အနည်းငယ်လှန်ထား၏။ သူက မျက်လုံးများမှိတ်ထားပြီး တစ်မှေးလောက်အိပ်နေသည့်ပုံပင်။ သူ၏ခံ့ညားသောမျက်နှာက အနည်းငယ်မျက်မှောင်ကြုတ်ထားသည်။ သူ့နားထင်မှ အပြာရောင်သွေးကြောများက သက်တောင့်သက်သာမရှိသကဲ့သို့ တဒိတ်ဒိတ်ခုန်နေပြီး စူးရှသော တက်ကီလာရနံ့က ကားထဲမှာဝေ့သီနေကာ ပုံမှန်ထက်ကို ပြင်းထန်နေခဲ့သည်။


ယဲ့စစ်က ဟော့ထင်းလန်၏ဖယ်ရိုမုန်းများကို ကျင့်သားရနေပြီဖြစ်ရာ ၎င်းအား သတိမထားမိခဲ့ပေ။ သူက အရက်အများကြီးသောက်ခဲ့သည့်အတွက် အဆင်မပြေဖြစ်နေသည််ဟုထင်ကာ စိုးရိမ်နေခဲ့ပြီး ထစ်ထစ်ငေါ့ငေါ့ပြောလိုက်သည်။


"ဟော့ရှူးရှူ၊ ကားကို၊ ကားကို ခဏလောက်ရပ်ခိုင်းလိုက်မလား။ လမ်းလေးခဏလောက်ဆင်းလျှောက်ပြီး လောကောင်းလေသန့်၊ လေကောင်းလေသန့်ရှူဖို့... ကျွန်တော် ခင်ဗျားကို အဖော်ပြုပေးပါ့မယ်။"


ဟော့ထင်းလန်က မျက်လုံးများမှိတ်လျက်သားဖြင့် ပြုံးလိုက်၏။


"ကိုယ် မမူးပါဘူး..."


ယဲ့စစ်က မယုံကြည်နိုင်စွာ ခေါင်းယမ်းကာ သူ့ကို ဖျောင်းဖျဖို့ပြင်လိုက််ချိန်မှာ ဟော့ထင်းလန်က ဝါကျ၏ဒုတိယတစ်ဝက်ကို ပြောလာခဲ့သည်။


"ဒါက rut ဝင်နေတာ။"


***


Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment