no

အပိုင်း (၄၁) - ခင်ဗျားအတွက် မွေးဖွားလာတာ

ဟော့ထင်းလန်၏မျက်လုံးများထဲမှ ရှားရှားပါးပါး အံ့အားသင့်သည့်အကြည့်တစ်ချက်ပေါ်လာပြီး ကျယ်လောင်စွာအော်ရယ်မိလုနီးပါးပင်။

ယဲ့စစ်၏ဦးခေါင်းထဲမှာ မည်သို့သော ထူးဆန်းသည့်ပုံရိပ်မျိုးရှိနေသနည်း...

သူက စိတ်ခံစားချက်များကို အမြန်မျိုသိပ်လိုက်ပြီး စောင်ပါးပါးလေးနှင့်ထုပ်ထားသော ပိုးတုံးလုံးလေးကို သူ့ရင်ခွင်ထဲ ပွေ့ဖက်လိုက်လေသည်။

"အဲ့ဒါကြောင့်မဟုတ်ပါဘူး။"

သူက မိမိကိုယ်ကို ရှုတ်ချသလိုဟန်ဆောင်လိုက်သည်။

"တစ်ခါတလေကျ မင်း... ကိုယ့်ကို အဲ့လောက်ထိ အများကြီးသဘောကျဘူးလို့ ကိုယ်ခံစားရလို့ပါ။"

"ကျွန်တော်၊ ကျွန်တော် ခင်ဗျားကို အများကြီးသဘောကျတာပါ၊ အာ!"

ယဲ့စစ်တစ်ယောက် မတရားမှုကိုခံစားလိုက်ရပြီး သူ့ရင်ခွင်ထဲမှာ တောင့်တင်းသွားလေ၏။ ဟော့ထင်းလန်က သူ့ကိုငုံ့ကြည့်ကာ ခိုကိုးရာမဲ့နေသော အနှီမျက်ဝန်းများကို စိတ်အားထက်သန်စွာကြည့်လိုက်သည်။

"ဘာလို့၊ ဘာလို့ အဲ့လိုထင်ရတာလဲ။"

ဟော့ထင်းလန်က မကောင်းမှုများကြောင့် နာမည်ဆိုးရှိခဲ့သော်လည်း သူ့မျက်နှာပေါ်မှ အေးစက်စိုစွတ်သော မျက်ရည်များကတော့ အစစ်အမှန်ဖြစ်သည်။ ညအချိန်မှာ ထိပ်တန်းအယ်ဖာတစ်ယောက် တိတ်တိတ်လေးငိုကြွေးနေခြင်းက အလွန်ဝမ်းနည်းနေသောကြောင့်သာ ဖြစ်ရမည်။

... သူ့အတွက် မျက်စဉ်းခတ်ဖို့ဆိုသည်မှာလည်း မဖြစ်နိုင်ပေ။

ဟော့ရှူးရှူမှာ အထိခိုက်မခံသောအရာရှိနေဆဲပင်။

...

ဟုတ်တယ်မဟုတ်လား!

ယဲ့စစ်တစ်ယောက် စက္ကန့်ဝက်မျှတွန့်ဆုတ်နေပြီးနောက် အမှောင်မှန်းဆမှုများကိုဖယ်ရှားကာ သတိထား၍ပြောလိုက်သည်။

"ကျွန်တော် ဘာ၊ ဘာအမှားလုပ်ထားလို့လဲဟင်။ ကျွန်တော့်ကိုပြောပါ၊ ကျွန်တော်၊ ကျွန်တော် ပြောင်းလဲလိုက်ပါ့မယ်။"

သူက ဟော့ထင်းလန်၏လက်ကိုဆုပ်ကိုင်၍ ဝမ်းနည်းနေသောချစ်သူကောင်မလေးကို ချော့မြှူနေသလိုမျိုး ပြောလိုက်လေ၏။

"ပြောင်းလဲဖို့လိုအပ်တာကို ထောက်၊ ထောက်ပြလိုက်ပါ။"

ဟော့ထင်းလန်က အရှက်မဲ့စွာဖြင့် ငယ်ရွယ်သောချစ်သူလေးဆီမှ ချော့မြှူနှစ်သိမ့်မှု၏ အံ့ဖွယ်အရသာကို ခံစားရင်း ကူကယ်ရာမဲ့စွာပြုံးလိုက်၏။

"ကိုယ် တကယ်ပဲထုတ်ပြောရမှာလား။"

သူက ရှက်ရွံ့နေပုံမပေါ်ဘဲ ပြောလာလေ၏။

"ကိုယ်က မင်းနဲ့နီးစပ်ချင်ပေမဲ့ မင်းက အမြဲတမ်း ပုန်းအောင်းနေတော့ ကိုယ်..."

တကယ်ပဲ သူခန့်မှန်းထားသည့်အတိုင်း ထိုကိစ္စဖြစ်နေခဲ့သည်။

လူနှစ်ယောက်၏ ထပ်တူကျမှုမရှိခြင်းက နားလည်မှုလွဲမှားခြင်းကို ဖြစ်စေနိုင်ကြောင်း သူ စိုးရိမ်မိသဖြင့် ယခုတစ်ခေါက်၌ ယဲ့စစ်က မှန်ကန်စွာခန့်မှန်းခဲ့သည်။

ပျာယာခတ်သွားသော ယဲ့စစ်တစ်ယောက် လည်ချောင်းက တင်းကျပ်လာသည့်အတွက် အောက်နှုတ်ခမ်းကိုသပ်လိုက်သည်။ နားလည်မှုလွဲနေသည့်အရာကို ဖြေရှင်းရန် သူ ကိုယ့်ကိုယ်ကိုယ်အားတင်းကာ ရှင်းပြလိုက်လေသည်။

"အဲ့ဒါက ကျွန်တော်၊ ကျွန်တော် ခင်ဗျားကိုသဘောမကျလို့မဟုတ်ပါဘူး။ ကျွန်တော် ရှက်၊ ရှက်လို့ပါ... ဘာလို့လဲဆိုတော့ ခင်ဗျားက..."

ယဲ့စစ် ကောင်းမွန်သောစကားလုံးကို ရွေးချယ်ရန် ကြိုးစားလိုက်သော်လည်း မရွေးချယ်နိုင်ခဲ့ပေ။

"အရမ်း၊ အရမ်း..."

"အရမ်း ဘာဖြစ်တာလဲ။"

ဟော့ထင်းလန်က ရယ်လိုက်၏။ သူ ယခုတစ်ခေါက်၌ အမှန်တကယ်မကြားလိုက်ခြင်းဖြစ်ပြီး သူ၏နားရွက်ကို ယဲ့စစ်နား တိုးကပ်သွားလိုက်သည်။

"ကိုယ်က အရမ်းရမ္မက်ကြီးတာလား။"

ယဲ့စစ်တစ်ယောက် ရှက်ရွံ့သွားပြီး ဘာမှမပြောတော့ဘဲ ဟော့ထင်းလန်ကို ထိတ်လန့်သောအရိပ်အမြွက်ဖြင့် ကြည့်နေခဲ့သည်။

အရမ်းရမ္မက်ကြီးတယ် - ဤတိုင်ကြားချက်က အပြစ်ကင်းစင်ပြီး အတွေ့အကြုံမရှိမှုတို့ အပြည့်ပါဝင်နေ၏။ ဟော့ထင်းလန်က အလွန်စိတ်လှုပ်ရှားလာပြီး သူ၏မြီးညှောင့်ရိုးကနေ လည်ကုပ်အထိ မီးဘောလုံးတောက်လောင်နေသကဲ့သို့ပင်။ သူက အကောင်ပေါက်လေးကို ညည်းညူပြရင်း သူ၏နှုတ်ခမ်းထောင့်မှအပြုံးကို ဖိနှိပ်မထားခဲ့ပေ။ သူ၏အပြစ်ကင်းစင်မှုက ယဲ့စစ်ကြောင့် ညစ်ညမ်းသွားသလို သူက ရှင်းလင်းချက်ကို တောင်းဆိုလိုက်သည်။

"ကိုယ် ဘာမှားလို့လဲ။ ကိုယ် ဘာလုပ်ခဲ့လို့လဲ ဟမ်။"

"သာ၊ သာမန်အခြေအနေတွေကို မပြောနဲ့၊ ကျန်းမာရေး သင်ခန်းစာအချိန်မှာတောင် ခင်ဗျားရဲ့လက်တွေက... မရိုးသားဘူး။"

ယဲ့စစ်က အပြစ်တင်လိုက်ပြီး အရေးကြီးသောနေရာအရောက်မှာ သူ၏လေသံကိုလျှော့ချလိုက်သည်။

"တစ်ချိန်လုံးပဲ။"

ဟော့ထင်းလန်က ပြုံးလိုက်ပြီး သူ၏အပြစ်ကင်းစင်သောလေသံကို ဆက်ထိန်းထားလေသည်။

"ကိုယ်က မင်းကို အမြဲတမ်းထိတွေ့နေတာလား။"

စကားအသုံးအနှုန်းက အလွန်ရိုင်းဆန်ပေ၏။

သူက အဘယ့်ကြောင့် ထိုကဲ့သို့ ကျယ်လောင်စွာထပ်ပြောရသနည်း!

ယဲ့စစ် မျက်ဖြူလန်ကာ မေ့လဲချင်ချင်ဖြစ်သွားခဲ့သည်။

"အဲ့ဒါကို ရုပ်ပိုင်းဆိုင်ရာစစ်ဆေးတယ်လို့ ခေါ်တယ်။ ရုပ်ပိုင်းဆိုင်ရာစစ်ဆေးမှုကို ဘယ်လိုလုပ်ပြီး ရမ္မက်ကြီးတယ်လို့ ခေါ်လို့ရမှာလဲ..."

ဟော့ထင်းလန်က သူ့နားတိုးကပ်ကာ သူ့ကိုအနမ်းပေးရင်း ကျိုးကြောင်းမဆီလျော်သောအရာများကို ပြောကြားနေလေ၏။ ဟော့ထင်းလန်၏အနမ်းများက ယဲ့စစ်၏ပါးပြင်ကို ပန်းရောင်သန်းကာ သူ၏နှုတ်ခမ်းများကို နီရဲသွားစေခဲ့သည်။ ချွေးများလည်းထွက်လာပြီး ခန္ဓာကိုယ်နှစ်ခုလုံးက စိတ်လှုပ်ရှားမှုများဖြင့် ပူလောင်လာသလို ဖယ်ရိုမုန်းများကလည်း ရောနှောသွား၏။

စိတ်အခြေအနေက မှန်ကန်နေပြီး လမင်းကြီးက ဝိုင်းစက်ကာ စွဲမက်ဖွယ်လေထုက ပြင်းထန်လှသည်။ သူ၏ rut ကာလက စတင်နေပြီဖြစ်ပြီး ယဲ့စစ်ကလည်း စိတ်အေးနေပြီဖြစ်၏... အရာအားလုံးက အဆင်သင့်ဖြစ်နေပြီး တစ်သက်တာအမှတ်အသားအတွက် ချောမွေ့နေပြီဖြစ်သော်လည်း ဟော့ထင်းလန်က တွန်းအားကို သည်းခံခဲ့သည်...

နားလည်မှုလွဲမှားခြင်းက နားလည်မှုလွဲမှားခြင်းဖြစ်၏။ သူက သူ၏ဆံပင်ကို သပ်တင်လိုက်ပြီး ယဲ့စစ်အပေါ်ကနေ လက်ထောက်ကာ အပြုံးလေးဖြင့်ပြောလိုက်သည်။

"နောက်တာပါ၊ အဲ့ဒါကြောင့်မဟုတ်ပါဘူး..."

"...ဟမ်?"

ယဲ့စစ်၏ ဝေဝါးနေသောမျက်လုံးများက ဖြည်းဖြည်းချင်း ဆုံချက်ရလာ၏။ ဟော့ထင်းလန်ဆိုလိုသည်ကို သူ နားလည်သွားခဲ့သည်။ သူ စောစောက စိတ်ကူးယဥ်ဆန်လွန်းပြီး တစ်သက်တာအမှတ်အသားပေးဖို့ကိုတောင် အစပြုပြီးပြောခဲ့သေးသည်။ ထို့နောက်မှာတော့ သူ၏အမူအရာက အသက်ဆက်ရှင်ဖို့ ဘာမှမကျန်တော့သည့်လူတစ်ယောက်လို တဖြည်းဖြည်း ပြောင်းလဲသွားခဲ့၏။

"ဒါဆို ခင်ဗျား၊ ခင်ဗျားပြောတဲ့... စိတ်ခံစားချက်ကိစ္စဆိုတာ ဘာ၊ ဘာလဲ..."

ဤသည်မှာ သူတွေးနိုင်တာအကုန်ဖြစ်၏။

ဟော့ထင်းလန်က တစ်ခဏလောက်စဥ်းစားကာ ပျော့ပျောင်းစွာပြန်ပြောလိုက်သည်။

"ကိုယ် အိပ်မက်တစ်ခုမက်ခဲ့တယ်။"

'အတိတ်ကိုပြန်ရောက်ခြင်းနှင့် ပြန်လည်ရှင်သန်ခြင်း။'

ဟော့ထင်းလန်သာ ယဲ့စစ်အား ထိုကဲ့သို့အရာမျိုးကို လေးလးနက်နက်ပြောပြပါက ယဲ့စစ်က ယုံကြည်ပေလိမ့်မည်။

သူ ကြွေးမြီများကာ ဒေဝါလီခံရတော့မည်ဟုပြောလျှင်တောင် ဘာပဲဖြစ်ဖြစ် ယဲ့စစ်က ယုံကြည်နေလိမ့်မည်ပင်။

သို့သော်လည်း...

ဟော့ထင်းလန်က သူ အရင်ဘဝမှာ မည်မျှကြောက်မက်ဖွယ်ကောင်းပြီး မျှော်လင့်ချက်မဲ့သောအခြေအနေမှာ ရှိနေခဲ့ကြောင်း၊ သူ အနိုင်ကျင့်ခံ၊ နင်းချေခံရပြီး ငယ်ငယ်ရွယ်ရွယ်နှင့် သေဆုံးခဲ့ကြောင်းကို ယဲ့စစ်ကို မသိစေချင်ပေ။

ထို့အပြင် ထိုမှောင်မိုက်သောအတိတ်ကို အတိတ်ဟုခေါ်လို့မရတော့ပေ။ ထိုအချိန်နေရာတစ်ခုလုံးက မတည်ရှိတော့ရာ အဘယ့်ကြောင့် ပြောပြဖို့လိုဦးမည်နည်း။

ယင်းက စိတ်ဆင်းရဲမှုကို ဖြစ်စေလိမ့်မည်။

ထို့ကြောင့် သူက ၎င်းကို အိပ်မက်ဆိုးအဖြစ် အစားထိုးလိုက်သည်။

"အိပ်မက်ဆိုး?"

အနှီမျက်ရည်စက်များက သေခြင်းတရားမှရှောင်လွှဲဖို့ ရွှေရောင်လက်မှတ်တစ်ခုဖြစ်လာ၏။ ယဲ့စစ် စောစောက အစခံခဲ့ရသည်ကို စိတ်ထဲမထားတော့ဘဲ ဟော့ထင်းလန်၏ဦးခေါင်းကို တုန်တုန်ယင်ယင်ဖြင့် ပွတ်သပ်ပေးလိုက်သည်။

သူ့လက်ဖဝါးနှင့် ထိတွေ့သွားသောဆံပင်တို့က ဆံလုံးတုတ်ကာ ချောမွေ့နေ၏။ ဆံပင်ဖြန်းဆေးမပါဘဲ လိုသလိုထိန်းချုပ်လို့ရသည့်ခံစားချက်နှင့် အလွန်စစ်မှန်ကာ နုနယ်လွန်းလှသည်။

"ကျွန်တော့်ကို ပြောပြလိုက်။ အိပ်မက်ဆိုးကို ဖွင့်ပြောလိုက်တာနဲ့ အဲ့ဒါက ကျိုးပဲ့သွားပြီး အမှန်ဖြစ်မလာနိုင်တော့ဘူး။"

ယဲ့စစ်က ထထိုင်ကာ ညမီးအိမ်ကိုဖွင့်လိုက်သည်။ နွေးထွေးသောအလင်းရောင်က မြူမှုန်အလွှာပါးပါးလေးလို ဖြစ်ပေါ်နေပြီး လူများအား ရိုးသားလာဖို့ ဆွဲဆောင်နေပေ၏။

"ကိုယ် မင်းကိုအိပ်မက်မက်ခဲ့တာ..."

သူက စပြောလိုက်သည်။

သူ၏လေသံက ပုံမှန်မဟုတ်သောအရာတစ်ခုကို ဖော်ထုတ်မိသွားမည်စိုး၍ မတော်တဆနှင့်ပတ်သက်ပြီး အတိုချုံ့ပြောဖို့ ကြိုးစားခဲ့သည်။

သို့သော် ယဲ့စစ်တစ်ယောက် ထိတ်လန့်ဖွယ်အိပ်မက်ထဲမှ နက်ရှိုင်းပြီး ပြင်းထန်သောနာကျင်မှုကို ခံစားမိနေဆဲပင်။ ယင်းမှာ လွန်ခဲ့သောအခိုက်အတန့်က အိပ်မက်ဆိုးမဟုတ်ဘဲ နှစ်ပေါင်းများစွာကြာ စိမ့်ဝင်နေသော ဝမ်းနည်းပူဆွေးမှုနှယ်။

ယဲ့စစ် စကားလုံးများပျောက်ရှကာ အထိတ်တလန့်ဖြစ်လာ၏။ သူသည် အစကတည်းက လူများကို မည်သို့ချော့မြှူရကြောင်း မသိခဲ့ဘဲ ယခုမှာမူ ဟော့ထင်းလန်၏ကျောပြင်ကိုသာ ပွတ်သပ်ပေးနေခဲ့ပြီး ကိုးရိုးကားရားဖြင့် ယခုလိုသာပြောနေခဲ့သည်။

"ဒါပေမဲ့ ကျွန်တော် အဆင်ပြေနေတာပဲမဟုတ်ဘူးလား။ ဟော့ရှူးရှူ၊ ကျွန်တော်အဆင်ပြေပါတယ်။"

"တောင်းပန်ပါတယ်၊ အိပ်မက်က အစစ်နဲ့အရမ်းတူလွန်းတယ်။"

ဟော့ထင်းလန်က အက်ရှနေသောအသံဖြင့် ပြောလာပြီး သူ့ကို ပြုံးပြခဲ့သည်။

"ကိုယ် မင်းကို အရမ်းဂရုစိုက်တာကြောင့်... ဒီဖြစ်နိုင်ခြေကို လက်မခံနိုင်တာဖြစ်လောက်တယ်။"

ယဲ့စစ်တစ်ယောက် လက်ဖဝါးများချွေးပျံလာတဲ့အထိ စိုးရိမ်လာခဲ့၏။ သူက ဟော့ထင်းလန်၏လက်ကို အားကုန်ဆုပ်ညှစ်ထားပြီး သူ၏လက်ငါးချောင်းအား ထိုအမျိုးသား၏လက်ငါးချောင်းနှင့် ယှက်ကိုင်ထားလိုက်သည်။ သူ၏လက်ကို တင်းကျပ်စွာဆုပ်ကိုင်ထားလျက် သူ၏ခွန်အားအလုံးစုံကို နှစ်သိမ့်မှုအဖြစ် ပြောင်းလဲနိုင်စေဖို့ ဆုတောင်းနေခဲ့၏။ သူ့ခန့်မှန်းချက်က မှန်ကန်ပေသည်။ ဟော့ရှူးရှုက အမှန်တကယ်ကို စိတ်လှုံခြုံမှုမရှိသောလူတစ်ယောက်ဖြစ်နေသည်။

"အဲ့လို... အဲ့လိုမျိုး မဖြစ်နိုင်ပါဘူး။"

သူက သူ၏လျှာကို အပြင်းအထန်ခြယ်လှယ်လိုက်သည်။

"ကျွန်တော်က ကိုယ့်ကိုယ်ကိုယ်ကာကွယ်ဖို့ အရမ်း၊ အရမ်းဂရုစိုက်ပါတယ်။ ကျွန်တော်၊ ကျွန်တော်က တစ်သက်လုံးပြိုင်လာတဲ့သူပါ... အဲ့လိုမျိုး ဖြစ်မှာမဟုတ်ပါဘူး။ ဘာပဲဖြစ်ဖြစ် အဲ့ဒါက ဝါသနာတစ်ခုပါ... တကယ်တော့ အဲ့ဒါကို ဝါသနာအဖြစ်တောင် သတ်မှတ်လို့မရပါဘူး။ အဲ့ဒါကို ကျွန်တော် စိတ်အခြေအနေမကောင်းတဲ့အချိန်မှ လုပ်တာပါ။ ပတ်လမ်းနည်းနည်းလောက် ပြိုင်ပြီးသွားရင် ကျွန်တော် သက်တောင့်သက်သာရှိသလိုမျိုး ခံစားရလို့ပါ..."

ယင်းက သူ၏စိတ်ဖိစီးမှုများ ဖွင့်ထုတ်ရာနေရာဖြစ်သည်။

သို့သော် ယခုမှာမူ ထိုသို့လုပ်ဖို့မလိုတော့ပေ။

"ခင်ဗျား၊ ခင်ဗျား အန္တရာယ်ရှိတယ်လို့ထင်တဲ့အရာတွေကို ကျွန်တော် ဘယ်တော့မှမလုပ်တော့ပါဘူး။"

ယဲ့စစ်က သူ့ကိုယ်သူနှင့် တိုက်ခိုက်နေခဲ့ပြီးနောက် ရုတ်တရက် ကြမ်းပြင်ပေါ်ဆင်းရပ်လိုက်သည်။

"ကျွန်တော်၊ ကျွန်တော် သေနတ်ပစ်ကွင်းကိုလည်း မသွားတော့ပါဘူး..."

ယဲ့စစ်က ဤသည်မှာ ဟော့ထင်းလန်စိုးရိမ်နေသောအရာဖြစ်မည်ဟု တွေးလိုက်၏။ သူသည် သူ့ချစ်သူကို မထင်မရှားဝါသနာလေးကြောင့် စိုးရိမ်မနေစေချင်ရာ သူ၏မန်ဘာကတ်ကို သူ့အရှေ့မှာတင် ထက်ဝက်ချိုးပြချင်ခဲ့သည်။

"ဒီကိုပြန်လာခဲ့။"

ဟော့ထင်းလန်က ရယ်မောလိုက်ပြီး သေးငယ်သော်လည်း သန်မာသောလက်ကောက်ဝတ်လေးကို ဆုပ်ကိုင်ကာ သူ့ဆီကိုပြန်ခေါ်လိုက်၏။ ခုတင်ခေါင်းရင်းနားမှာ ပွေ့ဖက်ရင်း သူက မျက်လုံးများမှိတ်ကာ လေးနက်စွာပြောကြားလိုက်သည်။

"ကိုယ်နဲ့အတူရှိနေသရွေ့ သေနတ်နဲ့ကစားတာက အဆင်ပြေပါတယ်။ ကားပြိုင်တာကတော့... ကိုယ့်ကို တကယ်ကြောက်လန့်စေတယ်။"

သူက အချစ်၏ခေါင်းစဥ်အောက်မှာ ယဲ့စစ်၏လွတ်လပ်မှုကို ထိန်းချုပ်ဖို့်လိုလားသော်လည်း ဤကိစ္စမှာတော့ သူ ကျိုးကြောင်းမသင့်သည့် တစ်ကိုယ်ကောင်းဆန်သူသာ ဖြစ်လိုက်မည်။

"ကျွန်တော် နားလည်ပါတယ်၊ တကယ်ပါ။"

ယဲ့စစ်က ခေါင်းညိတ်ပြလာ၏။

"အဲ့ဒါကို၊ အဲ့ဒါကို... ကျွန်တော့်ရဲ့လွတ်လပ်မှုကို ထိန်းချုပ်နေတာလို့လည်း တွေးစရာမလိုပါဘူး။ ကျွန်တော်က..."

သူက လျှာဖျားထိပ်ထိရောက်လာသော 'အယ်ဖာ' ဆိုသည့်စကားကိုမျိုသိပ်ကာ ကိုးရိုးကားရားဖြင့် စကားလုံးပြောင်းလဲလိုက်၏။

"...လက်ထပ်ထားတဲ့ ယောက်ျားတစ်ယောက်ဖြစ်တာမို့ ခင်ဗျားကို စိတ်လှုံခြုံမှုပေးသင့်တယ်လေ။"

ဤအယ်ဖာစရိုက်လက္ခဏာကို ဘေးဖယ်ထားလို့မရပေ။

ဟော့ထင်းလန်က ပြုံးလိုက်ပြီး ယဲ့စစ်၏ ချစ်သူကောင်လေးစွမ်းအားဖြင့် လွှမ်းခြုံခံရသောအခိုက်အတန့်ကို ပျော်ရွှင်ခံစားနေ၏။ ထို့ကြောင့် ယဲ့စစ်၏ အယ်ဖာအမြင်ကို မဖျက်ဆီးဘဲ ပျော့ပျောင်းစွာပြောလိုက်သည်။

"ကောင်းပါပြီ။"

ယဲ့စစ်က သူ၏အမူအရာကို စမ်းစစ်ကာ အဆင်မပြေဖြစ်နေဆဲဖြစ်ပြီး သူ၏စကားလုံးများကို စုစည်းလိုက်သည်။ ကုထုံးဆရာက သူ့ကိုသင်ကြားထားသည့်အတိုင်း သူ၏စကားပြောသည့်အရှိန်ကို လျှော့ချကာ လေသံကိုနိမ့်၍ တစ်လုံးချင်းပြောလိုက်သည်။

"ဟော့ရှူးရှူ၊ ကျွန်တော်တို့ရဲ့ကံကြမ္မာက... နက်ရှိုင်းတယ်လို့မထင်ဘူးလား။ ခင်ဗျားလို ကိုယ်နေဟန်ထားနဲ့ တခြားသူတွေနဲ့ လိုက်ဖက်ညီမှုက အရမ်းနိမ့်ပေမဲ့ ကျွန်တော်နဲ့ကျမြင့်နေတယ်။ ပြီးတော့ ကျွန်တော်ကလည်း ရုတ်တရက်ကြီး ဒုတိယအကြိိမ်ကွဲပြားမှုကနေ အိုမီဂါအဖြစ်ပြောင်းလဲသွားခဲ့တယ်၊ အဲ့ဒါက ခင်ဗျားနဲ့တွေ့ဆုံဖို့အတွက်လိုပဲ။"

"ခင်ဗျားနဲ့ ကျွန်တော်က ကမ္ဘာချင်းမတူတော့... လက်ထပ်ဖို့မပြောနဲ့ လမ်းမှာတွေ့ဖို့ဆိုတာတောင် ခက်ခဲတယ်လေ။ ဒါပေမဲ့ ကျွန်တော်တို့က ကိုက်ညီရုံတင်မကဘဲ Buttrerfly Effect လို... အဆိုးနဲ့အကောင်း ပေါင်းစည်းမှုတွေ အများကြီးပဲရှိတယ်။"

[TN/ Butterfly effect ဆိုတာ အစပိုင်းမှာ သေးငယ်တဲ့အပြောင်းအလဲတစ်ခုကနေ နောက်ပိုင်းမှာ ကြီးမားတဲ့အကျိုးဆက်တွေဖြစ်လာတာမျိုးပါ။]

သူ ထိုကဲ့သို့သော အချစ်စကားများကို တစ်ခါမှမပြောခဲ့ဖူးချေ။ သူ၏ပါးပြင်များက ရှက်ရွံ့မှုကြောင့် ပန်းရောင်သန်းလာသော်လည်း သူ၏မျက်ဝန်းနက်များကတော့ လေးနက်မှုအပြည့်ပင်။

"ခင်ဗျားနဲ့ ကျွန်တော်တို့ကြား ကံကြမ္မာက ခွဲခွာလို့မရလောက်အောင် အရမ်းနက်ရှိုင်းလောက်တယ်။ ကျွန်တော်၊ ကျွန်တော်သာ ခင်ဗျားနဲ့ မတွေ့ခဲ့ရင် ကျွန်တော့်ရဲ့ကံကြမ္မာက ဘယ်လိုဖြစ်လာမလဲဆိုတာကိုတောင် စိတ်ကူးမကြည့်နိုင်ဘူး... ကံကောင်းစွာနဲ့ပဲ ကျွန်တော် ခင်ဗျားနဲ့ စောစောစီးစီးတွေ့ဆုံခဲ့ပြီး ခင်ဗျားဆီကနေ ကာကွယ်ပေးခံခဲ့ရတယ်။ ဒါတွေအားလုံးကို ကောင်းကင်ဘုံက စီစဥ်ပေးထားတာဖြစ်မယ်လို့ ကျွန်တော်ခံစားမိတယ်။"

"ဒီဘဝမှာ ကျွန်တော်က ခင်ဗျားရဲ့ရောဂါကိုကုသပေးဖို့ ခင်ဗျားအတွက် မွေးဖွားလာခဲ့တယ်။"

သူက အဆုံးသတ်လိုက်၏။

"ခင်ဗျားကလည်း ကျွန်တော့်ကိုကာကွယ်ဖို့ ကျွန်တော့်အတွက် မွေးဖွားလာခဲ့တယ်။ ဘုရားရှင်က ကျွန်တော်တို့ကို ကွဲကွာခွင့်ပေးမှာမဟုတ်ပါဘူး.... အဲ့ဒါကြောင့် ထပ်ပြီးတော့ မကြောက်ပါနဲ့၊ စိတ်မပူပါနဲ့တော့။"

ဟော့ထင်းလန်က သူ၏နှုတ်ခမ်းပါးလှုပ်ရှားမှုကို ငေးစိုက်ကြည့်နေခဲ့ပြီး သူ့နားထဲမှာ သွေးများအုံကြွလာခဲ့သည်။

—နောင်ဘဝမှာ သားတို့ထပ်တွေ့နိုင်မှာပါ...

—ကံကြမ္မာက သိပ်ကိုနက်ရှိုင်းလွန်းလို့ ချိုးဖျက်လို့ရမှာမဟုတ်ဘူး...

—သူနဲ့ အစောဆုံးတွေ့ဆုံပြီး သူ့ကို ကာကွယ်ပေးနိုင်မှာ...

—ဒါတွေအားလုံးကို ကောင်းကင်ဘုံက စီစဥ်ပေးထားတာပဲ...

အိပ်မက်ထဲမှ လင်ယောင်၏စကားများက သူ့နားထဲရစ်ဝဲနေပြီး ယဲ့စစ်၏နှုတ်မှထွက်လာသော စကားအသံများနှင့် တဖြည်းဖြည်းပေါင်းစည်းသွားခဲ့သည်။ ၎င်းတို့က တစ်ထပ်တည်းကျလုနီးပါးဖြစ်ပြီး တချို့ဝါကျများက အတိအကျတူနေခဲ့သည်။

ဒါ တိုက်ဆိုင်မှုတစ်ခုလား။

ဒါမှမဟုတ် ဒီဘဝမှာ သူတို့တွေ တကယ်ပဲ ကံကြမ္မာသတ်မှတ်ခံခဲ့ရတာလား။

ထိုအခိုက်အတန့်၌ သူ၏ခံစားချက်များကို စကားလုံးများနှင့်ဖော်ပြဖို့ မဖြစ်နိုင်ချေ။ သူက ရုတ်တရက်ဆိုသလို သူ့ကိုချော့မြှူပေးနေသော ယဲ့စစ်ကိုပွေ့ဖက်လိုက်ပြီး အနည်းငယ် တုန်ယင်နေသောအသံဖြင့် ပြောလိုက်၏။

"ကိုယ်သိပါတယ် ပေါင်ပေါင်း..."

သူ့နှလုံးသားထဲမှာ အချိန်ကြာမြင့်စွာ အေးခဲနေခဲ့သည့် နက်နဲသောကြေကွဲဝမ်းနည်းခြင်းများနှင့် နောင်တတရားတို့က ရုတ်ခြည်းရောက်ရှိလာသောနွေဦးကြောင့် ကွဲအက်သွားလေ၏။

နွေဦး၏စမ်းချောင်းလေးက ပေါ်ထွက်လာပြီး ရုတ်တရက်လှိုင်းထန်ကာ သူ့နှလုံးသားထဲမှ အနက်ရောင်နှင့် အပြာရောင်နှင်းကိုက်ဝေဒနာကို သက်သာလာစေပြီး သူ့ရင်ဘတ်ကြီးတစ်ခုလုံး နွေးထွေးသောစိတ်ခံစားချက်များနှင့် ပြည့်နှက်လာ၏။ သူ ယဲ့စစ်ကို တင်းကျပ်စွာပွေ့ဖက်လိုက်သည်။ အေးခဲနေသောမြေသားက အသက်ပြန်ဝင်လာပြီး နွေဦးပေါက်မြက်ပင်လေးများက သိပ်သည်းစွာပေါ်ထွက်ကာ သူ့နှလုံးသားကို သည်းမခံနိုင်လောက်အောင် ယားယံလာစေခဲ့သည်။ ယားယံမှုကို သက်သာလာစေရန် သူ့မှာ ရွေးချယ်စရာမရှိတော့ဘဲ ယဲ့စစ်၏မျက်နှာလေးကိုဆုပ်ကိုင်၍ သူ့ကို ပြင်းပြစွာ၊ စိတ်အားထက်သန်စွာ၊ စိတ်ရင်းအမှန်ဖြင့်နမ်းရှုပ်၍ တင်းတင်းကျပ်ကျပ်ပွေ့ဖက်ထားခဲ့သည််။

သူ့ကို ယနေ့ည၊ ယခုအချိန်မှာ တစ်သက်တာအမှတ်အသားပေးတော့မည်။

"ပေါင်ပေါင်း..."

ဟော့ထင်းလန်က ရေဗွက်အိုင်အဖြစ်ပြောင်းလဲတော့မည့် ယဲ့စစ်ကိုဖိကပ်ရင်း လတ်တလောသင်ခန်းစာများ၏ရလဒ်များကို စစ်ဆေးလိုက်သည်။

"တစ်သက်တာအမှတ်အသားလုပ်တဲ့ဖြစ်စဥ်ကို မှတ်မိသေးလား။"

ယဲ့စစ်က ခေါင်းညိတ်ပြလာ၏။

"ပေါင်ပေါင်းက သိတယ်ဆိုရင်တောင် ကိုယ် ထပ်ပြီးသတိပေးဖို့လိုသေးတယ်။"

ဟော့ထင်းလန်က နဖူးချင်းထိကပ်ကာ နှာခေါင်းထိပ်လေးကို မြတ်မြတ်နိုးနိုးပွတ်သပ်၍ ထရပ်လိုက်သည်။ ထို့နောက် သူက အိပ်ရာပေါ်မှထရပ်ကာ အံဆွဲထဲက ပုလင်းထဲမှ ဆေးတောင့်နှစ်တောင့်ကိုထုတ်ယူကာ ရေနှင့်သောက်လိုက်လေ၏။ ၎င်းက မျိုးပွားမှုဆဲလ်တချို့၏လုပ်ဆောင်မှုကို လျှော့ချခြင်းဖြင့် သန္ဓေတားဆေးအဖြစ် လုပ်ဆောင်သည့် ဆေးဝါးဖြစ်ပြီး အယ်ဖာများသာ သောက်သုံးရသည်။ ဤဆေးက တစ်သက်တာအမှတ်အသားပေးနေစဥ်အတွင်း သူအသုံးပြုနိုင်သည့် တစ်ခုတည်းသော သန္ဓေတားနည်းဖြစ်သည်...

မသိနိုင်သောမတော်တဆများကြောင့် ယဲ့စစ်၏စာလေ့လာခြင်းကို မနှောင့်နှေးစေချင်သလို ယဲ့စစ်ကိုလည်း ဆေးမသောက်စေချင်သဖြင့် သူကိုယ်တိုင်သောက်ခဲ့သည်။ ဤဆေးကို အံဆွဲထဲနေရာချထားသည်မှာ အချိန်အတော်ကြာပြီဖြစ်၏။

"တစ်သက်သာအမှတ်အသားက အိုမီဂါအတွက် ၁၀၀% သာယာမှုရှိမှာမဟုတ်ဘူး..."

သူက ဆေးသောက်ပြီးနောက် သိပ္ပံပညာကို ဆက်လက်ပို့ချခဲ့သည်။

ပထမပိုင်းမှာ ၎င်းက သာယာလိမ့်မည်။

သို့သော် ၎င်းက သဘာဝနိယာမ၏ ယုတ်မာသောလှည့်ကွက်တစ်ခုပင်။

စစ်မှန်သောအမှတ်အသားပေးခြင်း စတင်သည်နှင့် အိုမီဂါ၏ နက်ရှိုင်းသောမွေးလမ်းကြောင်းကို ပထမဆုံးအကြိမ် ဖွင့်ဖို့လိုအပ်သည်။ ဤဖြစ်စဥ်က နာကျင်မှုနှင့်အတူ ဖြစ်ပွားတတ်ပြီး စိတ်ပိုင်းဆိုင်ရာ ချိုးဖောက်ခံရခြင်းနှင့် လွှမ်းမိုးခံရခြင်းတို့၏ ပြင်းထန်သောခံစားမှုတို့လည်း လိုက်ပါလာတတ်သည်။ ၎င်းမှာ အယ်ဖာဖယ်ရိုမုန်းများ နက်ရှိူင်းစွာထိုးဖောက်မှု၏ အကျိုးဆက်ဖြစ်ပြီး အယ်ဖာ၏စွမ်းဆောင်ရည်က မည်မျှနူးညံ့ကာ စာနာထောက်ထားသည်ဖြစ်စေ ၎င်းနှင့်မသက်ဆိုင်ပေ။

ထို့ကြောင့် ဂုဏ်ယူဝံ့ကြွားဟန်ရှိသော အိုမီဂါတချို့အတွက် စိတ်ပိုင်းဆိုင်ရာအဆင်မပြေမှုက ရုပ်ပိုင်းဆိုင်ရာနာကျင်မှုထက်တောင် အလေးသာနေတတ်သည်။

"...အထူးသဖြင့် ပထမအကြိမ်ကွဲပြားမှုမှာ အယ်ဖာဖြစ်ခဲ့တဲ့ အိုမီဂါအနေနဲ့ အချိန်တစ်ခုမှာ ခုခံမှုကို ခံစားရနိုင်တယ်။"

မြားကို လေးပေါ်တင်ထားပြီးပြီဖြစ်သော်လည်း ဟော့ထင်းလန်က စိတ်အေးအေးထားကာ ယဲ့စစ်ကို သတိပေးလိုက်သည်။

"အဲ့ဒီအချိန်ဆို ကိုယ် လုံးဝစိတ်လွတ်သွားနိုင်တယ်။ မင်း ငိုကြွေးပြီး ကိုယ့်ကိုတောင်းပန်လာမယ်၊ ကိုယ့်ကို ရိုက်နှက်မယ်ဆိုရင်တောင် ကိုယ် မင်းကို အမှတ်အသားပေးနေတာကိုရပ်လိုက်ဖို့ ခက်ခဲလိမ့်မယ်... တစ်သက်သာအမှတ်အသားက အကြိမ်များစွာ ထပ်တလဲလဲလုပ်ဖို့လိုအပ်သလို ရက်အနည်းငယ်ကြာနိုင်တယ်။ မင်း ကြောက်နေလား။"

ယဲ့စစ်က ရှက်ရွံ့စွာဖြင့် တစ်ဖက်လှည့်လိုက်ပြီး အနမ်းခံထားရသောကြောင့် မျက်ရည်များပြည့်နှက်နေသည့် တရုတ်ဆီးသီးစေ့မျက်ဝန်းများကို ပြန်ဖွင့်ကာ ပြောလာလေ၏။

"ကျွန်တော် မ၊ မကြောက်ပါဘူး။ ပြီးတော့ ကျွန်တော်က မကြာခဏငိုတတ်တဲ့သူလည်း မဟုတ်ပါဘူး..."

ကိစ္စများက အရေးကြီးနေပြီဖြစ်သော်လည်း သူက သူ၏အယ်ဖာမာနကို ခဝါမချသေးပေ။

၎င်းက ချစ်စရာကောင်းလှသည်။

ဟော့ထင်းလန်က ပြုံးလိုက်ပြီး သူ့စကားသံများ တိတ်ဆိတ်သွားစေရန် သူ့အနားကို တိုးကပ်သွားခဲ့၏။

... ...

... ...

... ...

အားလုံးပြီးဆုံးသွားသောအခါ လေးရက်တာကုန်ဆုံးသွားလေပြီ။

***

Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment