no
အပိုင်း (၅) - ချော့မြှူလှည့်စားခြင်း
ဟော့မိသားစု၏အဓိကအိမ်တော်က ချူးအိမ်တော်ကနေ တစ်နာရီခန့်မောင်းနှင်ရသည်။ ၎င်းက မြို့လယ်နှင့်နီးသလို ယဲ့စစ်တက်နေသော ကိုယ်ပိုင်ကျောင်းနှင့်လည်း နီးသဖြင့် သူ့အတွက် ကျောင်းတက်ရတာ ပို၍သက်တောင့်သက်သာရှိပေ၏။
ယခင်ဘိုးဘေးများ နေထိုင်ခဲ့သော ပင်မအဆောက်အအုံက ဟောင်းနွမ်းနေပြီဆိုသော်လည်း ၎င်းက ပျက်စီးသည့်ပုံစံမပေါ်ဘဲ ထိုအစား မြင့်မြတ်သောမျိုးဆက်များစွာ၏ ဂုဏ်ကျက်သရေတို့ကို ပေါ်လွင်စေပေသည်။ အရန်အဆောက်အအုံနှစ်ခုကို ပင်မအဆောက်အအုံ၏ ဘေးတစ်ဖက်စီမှာ ချိတ်ဆက်ထားပြီး ကောင်းမွန်စွာထိန်းသိမ်းထားသော စားကျက်မြေ၊ ဥယျာဥ်နှင့် ရေတံခွန်များကြား ကွယ်ဝှက်ထားသည်။ နှိုင်းယှဥ်ရလျှင် ချူးဝမ်လင်၏အိမ်က အနည်းငယ်တောင် ညံ့နေသည်။
ယဲ့စစ် ကားထဲကဆင်းလာချိန်မှာ အစေခံများစွာက ခရီးဆောင်အိတ်များကို တိတ်တဆိတ်သယ်ယူခဲ့ကြသည်။ အိမ်တော်ထိန်းဖြစ်သူ ဦးလေးဟယ်က ကြင်ကြင်နာနာ ပြုံးပြခဲ့၏။ ယဲ့စစ်အတွက် အဆင်မပြေဖြစ်မည်စိုး၍ လက်ထပ်ပြီးနောက်ခေါ်ဝေါ်ရသည့် 'မစ္စတာ' ဟူသောအသုံးအနှုန်းကို တမင်မသုံးခိုင်းဘဲ ထိုအစား သူ့အား 'သခင်လေးယဲ့' ဟုသာ ခေါ်စေခဲ့၏။ သူက ယဲ့စစ်ကို ပင်မအဆောက်အအုံထဲခေါ်သွားခဲ့ပြီး သူ့အတွက် အထူးတလှယ်ပြင်ဆင်ထားသော အိပ်ခန်းဆီသို့ လိုက်ပြပေးခဲ့သည်။
အိပ်ခန်း၏အတိုင်းအတာက ချူးအိမ်တော်ရှိ သူ့အိပ်ခန်းထက် နှစ်ဆကျယ်၏။ ၎င်းကို ပြန်လည်ပြုပြင်ထားသည်ဟုဆိုသော်လည်း အဓိကပြောင်းလဲမှုများက ပရိဘောဂများနှင့် အခန်းတွင်းအပြင်အဆင်များဖြစ်သည်။ ပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်စေမည့် အကောင်းတကာ့အကောင်းဆုံး ပစ္စည်းများအားလုံးကို အသုံးပြုခဲ့ပြီး အခန်းတွင်းအလှဆင်ခြင်းကနေ အန္တရာယ်ရှိနိုင်သောအရာများအားလုံးကို ဖယ်ရှားရန် ပရော်ဖက်ရှင်နယ်အဖွဲ့ကိုလည်း ငှားရမ်းခဲ့သည်။ အယ်ဖာတစ်ယောက်၏ ခွေးနှာခေါင်းကတောင် မည်သည့်အနံ့အသက်ကိုမှ အာရုံခံနိုင်လိမ့်မည်မဟုတ်ပေ။
အဓိကအရောင််များဖြစ်သော အပြာနုရောင်နှင့် နွေးထွေးသောမီးခိုးရောင်က လူငယ်ဆန်သည့် ရိုးရှင်းမှုနှင့် သန့်ရှင်းမှုတို့ကို ပေးစွမ်းနေခဲ့သည်။ သစ်လွင်တောက်ပြောင်သော ဗဟိုလေအေးပေးစက်ကို အလွယ်တကူရရှိနိုင်ပြီး အိပ်ခန်းထဲမှာ အိပ်စက်ခြင်း၊ ကစားခြင်းနှင့် စာလေ့လာခြင်းတို့အတွက် သီးသန့်နေရာများကို ပြုလုပ်ပေးထားသည်။ ဤသည်မှာ ဟော့ထင်းလန်၏ရည်ရွယ်ချက်ဖြစ်သည်။ ယဲ့စစ်က ဤနေရာမှာ လူသစ်ဖြစ်ရာ သူ တစ်စုံတစ်ခုလိုအပ်လျှင် သို့မဟုတ် သူလုပ်ချင်သော တစ်စုံတစ်ခုရှိခဲ့လျှင် ၎င်းအား ထုတ်ပြောဝံ့မှာမဟုတ်ပေ။ အိပ်ခန်းထဲမှာ ပြီးပြည့်စုံသောလုပ်ဆောင်ချက်များရှိနေလျှင် သူ အဆင်မပြေဖြစ်တာ လျော့နည်းသွားစေနိုင်သည်။
ခုတင်အနောက်မှနံရံမှာ အသစ်စက်စက် စကိတ်ဘုတ်ပြားများကို ချိတ်ဆွဲထားပြီး အလှပြဗီရို၏ဘယ်ဘက်အခြမ်းတွင် ကြယ်ပွင့်များ လက်မှတ်ထိုးထားသော F1 ပုံစံငယ်များကို စီရရီပြသထား၏။ မနှစ်တုန်းက ပဲရစ်မြို့ရှိ ဆော့သဘီးဇ်မှာ လေလံတင်ရောင်းချခဲ့သော F1 နတ်ဘုရား လက်မှတ်ထိုးထားသည့် ဦးထုပ်တစ်လုံးတောင် ရှိနေပေသည်။ ညာဘက်အခြမ်းမှာ ထုပ်ပိုးမှုကိုတောင် မဖြည်ရသေးသည့် စက်ရုပ်ပြိုင်ကားများကဲ့သို့ ဆေးသုတ်ထားသော ပုံစံငယ်များစွာရှိသည်။ ခုတင်နှင့် မျက်နှာချင်းဆိုင်၌ ကြီးမားသော စခရင်ကြီးကိုချိတ်ဆွဲထားပြီး များစွာသော ဂိမ်းစက်များနှင့် ချိတ်ဆက်ထား၏။ စာလေ့လာသည့်နေရာ၌ နံရံမှာကပ်ထားသည့် မီးခိုးဖျော့ရောင်စာအုပ်စင်များ အတန်းလိုက်ရှိနေပြီး တစ်ဝက်လောက်က စာအုပ်များဖြင့်ပြည့်နှက်နေသည်။ အများစုက နာမည်ကြီး တရုတ်စာအုပ်များနှင့် နိုင်ငံခြားဂန္တဝင်များအပြင် အထက်တန်းအတွက် သင်ထောက်ကူများလည်းပါဝင်သည်...
အိပ်ခန်းထဲမှာ ပစ္စည်းများက များပြားလွန်းသော်လည်း ရှုပ်ပွနေသည်ဟု မခံစားရပေ။ အသေးစိတ်အချက်အလက်တိုင်းက ယဲ့စစ်လိုအရွယ်ကောင်လေးတစ်ယောက်အား စိတ်ကျေနပ်စေဖို့ ကြိုးစားထားသည်... မဟုတ်သေးပေ၊ ၎င်းက ယဲ့စစ်ကိုယ်တိုင်အတွက် တိတိကျကျ ပြုလုပ်ထားသကဲ့သို့ပင်။
ယဲ့စစ် အခန်းကိုကြည့်ရှုရင်း မှင်တက်နေမိ၏။ သူ ဤနေရာမှာရှိသော အရာအားလုံးကို သဘောကျသော်လည်း တံခါးဝမှာပဲ မလှုပ်မယှက်ရပ်နေခဲ့သည်။
ယခုလိုမျိုး ကောင်းမွန်စွာပြင်ဆင်ထားသောအိပ်ခန်းက သူနှင့်သက်ဆိုင်သည်ဟု အမှန်တကယ်မထင်မိပေ။
"ဒါ မင်းရဲ့အခန်းပဲ၊ ကိုယ် ဒါကို ဒီဇိုင်းပြန်လုပ်ဖို့ တစ်စုံတစ်ယောက်ကို အပ်ခဲ့တာလေ။" ဒီဇိုင်းပုံကြမ်းက ဟော့ထင်းလန်ကိုယ်တိုင် ရေးဆွဲထားခြင်းဖြစ်ပြီး သူက အသေးစိတ်အချက်အလက်တိုင်းကို ရင်းနှီးကျွမ်းဝင်ပေသည်။ အခန်းထဲရှိ ပရိဘောဂများ၊ ခုတင်နှင့် စာအုပ်များ၊ ဗီရိုထဲရှိ အဝတ်အစားများ၊ ဖိနပ်များ၊ ခြေအိတ်များနှင့် အတွင်းခံများ... သေးသေးကြီးကြီး အရာအားလုံးကို ကိုယ်တိုင်ကိုယ်ကျ ရွေးချယ်ခဲ့သည်။ ယဲ့စစ်၏သံသယကို ရှောင်ရှားဖို့အတွက် သူက ဖြည်းဖြည်းချင်းလှည့်ပတ်ကြည့်ရှုကာ ဤအခန်းနှင့် မရင်းနှီးသလိုမျိုး ဟန်ဆောင်ခဲ့လေ၏။ "မင်းတို့အရွယ်ကောင်လေးတွေက ဘာတွေကြိုက်တတ်လဲဆိုတာ ကိုယ်မသိသလို အချိန်တိုအတွင်း ပြင်ဆင်ထားရတာမို့ မင်း တစ်ခုခုလိုအပ်တာရှိရင် ကိုယ့်ကိုပြောလို့ရတယ်နော်၊ ဘာမှအားနာစရာမလိုဘူး..." ယဲ့စစ်က တံခါးနားမှာ မလှုပ်မယှက်ရပ်နေကြောင်း တွေ့လိုက်ရသောအခါ သူ၏မျက်ဝန်းနက်များက သူ့ကိုစိုက်ကြည့်၍ ပြောလိုက်သည်။ "ဝင်လာခဲ့လေ။"
ယဲ့စစ် ကြောက်ရွံ့နေသည့်ပုံ မပေါ်ချင်ပေ။ ထို့ကြောင့် ခန္ဓာကိုယ်ကို မတ်မတ်ပြင်ကာ အထဲသို့ လှမ်းဝင်သွားလိုက်တော့သည်။ သို့သော် သိပ်မကြာခင်မှာပင် သူ၏သတ္တိကို ဆုံးရှုံးသွားခဲ့ပြန်၏။ သူ သူ့ခြေထောက်ကို ဘယ်နေရာမှာချလို့ရမှန်း မသိခဲ့ပေ။
လက်ထပ်စာချုပ်အရ သူ ဟော့အိမ်တော်မှာ ရေရှည်နေရမည်ဖြစ်ကြောင်း သိထားပြီး ယဲ့ဟုန်ကျွင်း၏အခြေအနေက မတည်ငြိမ်သရွေ့ သူ ကွာရှင်းဖို့ကို တောင်းဆိုလို့ရမည်မဟုတ်ပေ။ သူ ဤနေရာမှာ သုံးနှစ်ကနေ ငါးနှစ်အထိ နေဖို့လိုကြောင်း တွက်ချက်လိုက်ပြီး ဟော့ထင်းလန်အတွက် ဤအခန်းကို ပြန်လည်ပြုပြင်ပေးခြင်းက စာချုပ်အရဖြစ်ကြောင်းကိုလည်း သိထားပေ၏။ သို့သော် သူ့အမြင်မှာတော့ ယခုလိုကြင်နာသောဆက်ဆံမှုက အလွန်... ကြီးကျယ်ခမ်းနားနေဆဲပင်။
၎င်း၏ကြီးကျယ်ခမ်းနားမှုကြောင့် သူ ဘာလုပ်ရမှန်းမသိတော့ပေ။
ယဲ့စစ်တစ်ယောက် ကျောက်ရုပ်ဖြစ်လာလုမတတ် အေးခဲနေသည်ကို မြင်လိုက်ရသောအခါ ဟော့ထင်းလန်က ကြာကြာမနေနိုင်တော့ပေ။ ရိုးရိုးရှင်းရှင်း အနည်းငယ်ရှင်းပြပြီးနောက် ဦးလေးဟယ်ကိုပါခေါ်သွားပြီး တံခါးပိတ်လိုက်တော့သည်။
ယဲ့စစ် သူထွက်သွားတာကို ကြည့်နေပြီးနောက် တံခါးဘောင်က ဟိုတယ်အခန်းများမှာ တွေ့နေကျလိုမျိုး သူခိုးရန်ကာကွယ်ရေးကြိုးနှင့် တပ်ဆင်ထားတာကို တွေ့လိုက်ရသည်။ ဤအိမ်တော်ရှိ အခန်းများအားလုံးက ယခုလိုပဲလား သို့မဟုတ် ဟော့ထင်းလန်က သူ၏ခုခံမှုတို့ကို မြင်တွေ့ခဲ့ရပြီး ညဘက် ကောင်းကောင်းအိပ်စက်စေနိုင်ဖို့ တပ်ဆင်ပေးထားခြင်းလား သူ မသိပေ... ၎င်းမှာ ညဘက်၌လည်း သူ ဘာမှလုပ်လိမ့်မည်မဟုတ်ကြောင်း အလေးပေးဖော်ပြနေသကဲ့သို့ပင်။
အဲ့ဒီလောက်ထိ... လေးနက်မနေသင့်ပါဘူး...
ယဲ့စစ်တစ်ယောက် စိုးရိမ်စိတ်ဖြင့် ဂနာမငြိမ်ဖြစ်ကာ ရှင်းပြလို့မရစွာ ရှက်ရွံ့သွားပြီး သူ၏ဆံပင်များကို ဆုပ်ကိုင်လိုက်လေသည်။
...
ဦးလေးဟယ်က ညစာပြင်ဖို့ အရင်ထွက်ခွာသွားခဲ့သည်။ ဟော့ထင်းလန်က စာဖိုမှူးအနည်းငယ်ကို လွန်ခဲ့သောအချိန်အနည်းငယ်ကတည်းက အစားထိုးခဲ့ပြီး လက်ရှိမှာ စာဖိုမှူးအားလုံးက သူ၏ညွှန်ကြားချက်အရ ဦးလေးဟယ်မှ အခြားနေရာများကနေ လစာမြင့်မားစွာ ငှားရမ်းခဲ့သူများဖြစ်သည်။ ထိုလူများက အလုပ်ကိုစတင်ခဲ့ကြသော်လည်း ဦးလေးဟယ်က စိတ်မချဖြစ်ကာ ၎င်းတို့တွေ မနက်ခင်း၊ နေ့လယ်ခင်းနှင့် ညနေခင်းမှာ အစားအသောက်ပြင်ဆင်ချိန်တိုင်း ဦးလေးဟယ်က စောင့်ကြည့်နေတတ်လေသည်။
ဟော့ထင်းလန်က ထွက်ခွာမသွားဘဲ ယဲ့စစ်၏အခန်းတံခါးအပြင်မှာ ငြိမ်သက်စွာရပ်နေခဲ့သည်။
ချော့မြှူလှည့်စားမှုများကို ထပ်တလဲလဲပြုလုပ်ခဲ့ပြီး နောက်ဆုံးတော့ သူ့ကို အိမ်သို့ အပါခေါ်လာနိုင်ခဲ့သည်။
...ကလေးတစ်ယောက်ကို ပြန်ပေးဆွဲလာရသလိုပဲ။
ကိုယ့်ကိုယ်ကိုယ် လှောင်ပြောင်သကဲ့သို့ ဟော့ထင်းလန်၏နှုတ်ခမ်းထောင့်များက အနည်းငယ်ကွေးညွတ်သွား၏။
ဒုတိယအကြိမ်ကွဲပြားမှု၏ အစောပိုင်းအဆင့်မှာရှိသော အိုမီဂါလေးအတွက် ဖယ်ရိုမုန်းများက အားနည်းနေဆဲပင်။ တံခါးအဟကြားထဲကနေ နွေးထွေးသော ဗနီလာရနံ့ရေးရေးလေးကိုသာ ရနေ၏။
သူ့မှတ်ဉာဏ်ထဲမှ ယဲ့စစ်၏ရနံ့လေး။
ဟော့ထင်းလန် အသက်ပြင်းပြင်ရှူကာ သူ၏နဖူးဖြင့် တံခါးကို အသံတိတ်ဖိကပ်ထားပြီး ဆယ်ကျော်သက်လေး၏ ကျောရိုးတစ်လျှောက်ကို ပွတ်သပ်နေသကဲ့သို့ တံခါးဘောင်ကို သူ၏လက်ချောင်းလေးများဖြင့် ပွတ်သပ်နေ၏။
ထိပ်တန်းအယ်ဖာတစ်ယောက်အနေဖြင့် ဟော့ထင်းလန်၏အာရုံငါးပါးတို့က အတော်လေးထိရှလွယ်၏။ သူ အိပ်ခန်းထဲမှ ယဲ့စစ်ပြုလုပ်နေသော အသံများကို ရှင်းရှင်းလင်းလင်းကြားနေရသည်။
ယဲ့စစ်က အခြားတစ်ယောက်၏အမိုးအောက်မှာ မှီခိုနေရသည့်စိတ်နှင့်အတူ လမ်းလျှောက်နေ၏။ သူ၏ခြေလှမ်းများက ကြောင်လေးတစ်ကောင်လို အလွန်ပေါ့ပါးနေပြီး ရပ်တန့်ကာ စူးစမ်းနေခဲ့သည်။
သူ အလှပြဗီရိုထဲမှပစ္စည်းများအတွက် အလွန်လောဘကြီးသော်လည်း ထိုနေရာမှာရပ်ကာ သူစိတ်ကျေနပ်တဲ့အထိ ကြည့်ရုံသာကြည့်နေခဲ့၏။ ထို့နောက် စာဖတ်ဧရိယာရှိ စာရေးစားပွဲဆီသွားကာ သူ့ကျောင်းလွယ်အိတ်ထဲမှ သင်ရိုးညွှန်းတမ်းများကိုထုတ်၍ စားပွဲပေါ်မှာ ထပ်ထားလိုက်သည်။
ထို့နောက် သက်ပြင်းဖွဖွချသံလေး ထွက်ပေါ်လာ၏။
စာရွက်လှန်သံ။
ဘောပင်ကိုနှိပ်လိုက်သည့်အသံ။
၎င်းက ပတ်ဝန်းကျင်အသစ်ဖြစ်နေသောကြောင့် သူ ယာယီ စာမဖတ်နိုင်ဖြစ်နေလောက်ပြီး စားပွဲအရှေ့မှ လှုပ်ရှားမှုတို့က အချိန်တစ်ခုထိ ရပ်တန့်သွားခဲ့သည်။
ထို့နောက် အခန်းထဲကနေ ဇစ်ဆွဲသံနှင့် ဓါတုနည်းဖြင့်ရက်လုပ်ထားသော အထည်စပွတ်တိုက်သံတို့ ထွက်ပေါ်လာခဲ့၏။
ဤသည်မှာ... အဝတ်ချွတ်နေသည့်အသံပင်။
သူက သက်တောင့်သက်သာရှိသော အိမ်နေရင်းအဝတ်အစားများ လဲဝတ်နေတာဖြစ်နိုင်၏။
ဟော့ထင်းလန် မျက်လုံးများမှိတ်လိုက်၏။
သူ ဤနေရာမှာ ဆက်ရှိမနေသင့်ပေ။
ငါးနှစ်တာ အိမ်ထောင်ရေး၏ ချစ်ခြင်းမေတ္တာများက မီးခိုးငွေ့လို ပျောက်ကွယ်သွားပြီး သူ၏မှတ်ဉာဏ်ထဲမှာသာ ကျန်ရှိနေတော့သည်။ ယဲ့စစ်အတွက် ယခုလက်ရှိမှာ သူက မရင်းနှီးသောအယ်ဖာတစ်ယောက်သာ။ သို့သော် သူက ထုတ်ပြောလို့မရသော ချစ်ခြင်းမေတ္တာများနှင့် တံခါးအပြင်မှာရပ်နေရင်း အခန်းထဲက အဝတ်များပွတ်တိုက်သံကို ခိုးနားထောင်နေမိသည်... ၎င်းက လူယုတ်မာတစ်ယောက်လို အပြုအမူဖြစ်ပြီး မနှစ်မြို့စရာကောင်းလွန်း၏။ ဟော့ထင်းလန်က ကိုယ့်ကိုယ်ကိုယ် အပြစ်ဆိုနေသော်လည်း သူ၏ခြေထောက်များကတော့ အမြစ်တွယ်နေခဲ့သည်။ မီးပူတိုက်ထားသော အနောက်တိုင်းဝတ်စုံနှင့် ဘောင်းဘီရှည်ဖြင့် သူက သပ်သပ်ရပ်ရပ် ဝတ်စားထားသော လူယုတ်မာတစ်ယောက်နှယ် ထိုနေရာမှာ အခိုင်အမာရပ်နေခဲ့လေ၏။
ထိုအခိုက်အတန့်၌ ယဲ့စစ်က အဝတ်လဲရင်းတန်းလန်းကနေ ရုတ်တရက် ရပ်တန့်သွားခဲ့သည်။
ကြောင်ပေါက်လို ခြေလှမ်းများက သူနှင့် ပိုပိုပြီး နီးကပ်လာ၏။
ဟော့ထင်းလန်တစ်ယောက် အသက်ကိုအောင့်ကာ ပြန်လှည့်ပြေးတော့မည့်ဆဲဆဲ၌ ရုတ်တရက် တံခါးအနောက်ကနေ 'ချပ်' ခနဲအသံကို ကြားလိုက်ရ၏။ အသံနှစ်သံက ဆက်တိုက်ထွက်ပေါ်လာပြီး... ယဲ့စစ်က သော့နှင့် သူခိုးကာကွယ်ရေးကြိုးတို့ကို တစ်ပြိုင်နက် လော့ချလိုက်လေသည်။
"..."
ဟော့ထင်းလန် အခိုက်အတန့်တစ်ခုလောက် ကြောင်အမ်းသွားပြီးနောက် နှာမှုတ်လိုက်၏။
ဒါ... သူ အထဲကို အပြေးဝင်လာမှာ ကြောက်နေတာမဟုတ်လား။
ဟော့ထင်းလန်၏ရင်ဘတ်က ပူလောင်နေပြီး လျင်မြန်စွာ နိမ့်လိုက်မြင့်လိုက်ဖြစ်နေ၏။ သူ၏ ပြောလို့်မဖြစ်သောအတွေးများကို ဖောက်ထွင်းအမြင်ခံလိုက်ရလိုပင်။
--သူ အဲ့လိုလုပ်ချင်ခဲ့တာ။
...
နောက်တစ်နေ့တွင် ယဲ့စစ် နောက်ကျမှနိုးလာခဲ့သည်။
ထွက်ခွာရန် အချိန်ကျတော့မည်ဖြစ်သော်လည်း ယဲ့စစ်၏အခန်းထဲမှာ ဘာလှုပ်ရှားမှုမှမရှိသဖြင့် ဦးလေးဟယ်က သူ့ကိုနှိုးဖို့ တံခါးခေါက်ခဲ့ရလေသည်။
မနက်စာက အဆင်သင့်ဖြစ်နေ၏။ ယဲ့စစ်တစ်ယောက် ခပ်သွက်သွက်ဆေးကြောကာ အဝတ်ကိုအမြန်လဲ၍ မျက်လုံးများကိုပွတ်သပ်ရင်း စားပွဲမှာထိုင်လိုက်သည်။
သူ မနေ့ညက ကောင်းကောင်းအနားမယူခဲ့ရချေ။ သူ နှစ်နှစ်ခြိုက်ခြိုက်အိပ်မပျော်ဘဲ ခဏခဏနိုးနေခဲ့သည်။
ဘဝမှာ လုံခြုံမှုကင်းမဲ့ခဲ့သည့် နှစ်များစွာကြောင့် ပတ်ဝန်းကျင်အသစ်၌ အသားကျစေရန် သာမန်လူတစ်ဦးထက် အချိန်ပိုယူရပေ၏။ အိပ်ရာဝင်ပြီးနောက် သူ၏အာရုံကြောများက တောင့်တင်းနေပြီး နေရာအသစ်မှာ ပထမဆုံးညကတော့ သေချာပေါက် ကောင်းကောင်းအိပ်စက်ရလိမ့်မည်မဟုတ်ပေ။
ယဲ့စစ်၏မနက်စာကို ထမင်းစားစားပွဲမှာ အဆင်သင့်ပြင်ထားပြီးဖြစ်၏။
ဟော့ထင်းလန်က ယဲ့စစ်၏အကြိုက်များကို ကောင်းကောင်းကြီးသိပေသည်။ သူ၏စားချင်စိိတ်က သာမန်အိုမီဂါများထက် ပို၍ကြီးမားပြီး သူက အသားကိုပိုကြိုက်သည်။ အထူးသဖြင့် ငါး၊ ပုစွန်၊ ဂဏန်းနှင့် အခြားပင်လယ်စာများကိုလည်း ကြိုက်ပေသည်။ သူက ချိုသောအရာများနှင့် အပူပိုင်းဒေသအသီးအနှံများကို ကြိုက်တတ်ပြီး မှည့်နေသော pineapple shakya* ကို တစ်ကိုက်စားလိုက်ပြီးလျှင် သူ၏ပါးစပ်အား မရပ်တန့်နိုင်တော့ပေ...
[TN/ အခွံအစိမ်းရှိတဲ့အသီးပါ။ သူက ဩဇာသီးနဲ့တူပါတယ်။]
စာဖိုမှူးက အသေးစိတ်စာရင်းကို ရရှိထား၏။ အကူနှစ်ယောက်က မိုးမသောက်ခင်ကတည်းက အိပ်ရာထကာ ဂဏန်းအသားများကိုနွှင်ခဲ့ကြပြီး လတ်လတ်ဆတ်ဆတ်ဂဏန်းအသား သုံးအိုးကို ဟော့ထင်းလန်အထူးတလှယ်ခန့်အပ်ထားသော ပထမတန်းစားစာဖိုမှူးဆီ ယူလာပေးခဲ့၏။ သူက ဂဏန်းအသား၊ ဂဏန်းဥနှင့် ဂဏန်းပျော့တို့ကို အစာသွတ်ကာ ရှောင်းလုံပေါင်း*များပြုလုပ်ခဲ့ပြီး တစ်ခုစီမှာ ကိုယ်ပိုင်အရသာရှိကြသည်။ ဦးလေးဟယ်တစ်ယောက် ကနဦးတုန်းက အမှတ်ယူချင်ခဲ့သော်လည်း ယဲ့စစ်က ရှောင်းလုံပေါင်းကို စိတ်မဝင်စားခဲ့ပေ။ သူက သူ့ကိုယ်သူထိန်းချုပ်ကာ သူ၏မျက်လုံးများကို ထိုအရာဆီကနေအကြည့်လွှဲထားပြီး ငါးဆန်ပြုတ်ကိုသာ ခပ်လိုက်သည်။
[TN/ရှောင်းလုံပေါင်းက ဖက်ထုပ်ပေါင်းလိုမျိုးကိုပြောတာပါ။]
တစ်ပန်းကန်ခပ်ထည့်ပြီးနောက် သူက ဆန်ပြုတ်သောက်ကာ အရန်ဟင်းအနည်းငယ်ကို တူဖြင့်ကောက်ယူလိုက်၏။
"သခင်လေးယဲ့က ဂဏန်းစားရတာကို မကြိုက်ဘူးလား။" ဦးလေးဟယ်က စိုးရိမ်စွာဖြင့် မေးလာ၏။
နောက်ဖေးမီးဖိုချောင်အတွက် ဟော့ထင်းလန်ပေးခဲ့သောစာရင်းထဲမှာ ထိုကဲ့သို့မပြောခဲ့ပေ။
"...အဆင်ပြေပါတယ်။" ယဲ့စစ်က မသဲမကွဲပြန်ဖြေလိုက်သည်။
ဦးလေးဟယ်က နှစ်ပေါင်းများစွာကြာအောင် ဟော့မိသားစုအတွက် တာဝန်ထမ်းရွက်ခဲ့သည်။ သူက ဉာဏ်ကောင်းပြီး သခင်ကြီး၏မျက်လုံးများထဲမှာ ဤသခင်လေး၏အနေအထားက တော်တော်လေးထူးကဲကြောင်းကို တွေ့မြင်နိုင်ခဲ့သည်။ သူ့ကို လုံးဝလျစ်လျူမရှူရဲဘဲ ဂရုတစိုက်ဖျောင်းဖျလိုက်၏။ "ဒါကို သခင်လေးကြိုက်လောက်မယ်ထင်လို့ မစ္စတာဟော့ကိုယ်တိုင် မီးဖိုးချောင်ကို ပြင်ဆင်ထားဖို့အမိန့်ပေးခဲ့တာပါ..."
ယဲ့စစ်က ပျော့ပျောင်းစွာအသံပြုလိုက်ပြီး ဆန်ပြုတ်ကိုသောက်ကာ အရွက်များကိုစားနေဆဲပင်။
ဦးလေးဟယ်တစ်ယောက် အခက်တွေ့နေစဥ် ဟော့ထင်းလန်က ဒုတိယထပ်ကနေ ဆင်းလာပြီး ထမင်းစားခန်းထဲ လျှောက်လာခဲ့လေသည်။
သူ ရေချိုးပြီးခါစဖြစ်လောက်၏။ ဆံပင်များက သူ့နဖူးပေါ် သဘာဝအတိုင်းကျနေပြီး အစိုဓါတ်ကြောင့် အထူးတလှယ်နက်မှောင်နေ၏။ သူ၏မျက်နှာက ခံ့ညားပြီး တဖျပ်ဖျပ်တောက်ပနေသလို သူ၏ရေချိုးဝတ်ရုံအောက်မှ ဆန့်ထွက်နေသောလက်ကောက်ဝတ်များမှာ အပြာရောင်အကြောများ ထင်ရှားနေသည်။ ဤသည်မှာ မနက်ခင်းအိပ်ရာထ၊ လေ့ကျင့်ခန်းလုပ်ပြီးနောက် သူ၏အခြေအနေဖြစ်သည်။
-မနက်စောစောမှာ ရုန်းရင်းဆန်ခတ်ဖြစ်တတ်သည့် ဆန္ဒများအတွက် ထွက်ပေါက်တစ်ခုရှိဖို့ လိုအပ်ပေသည်။
ယဲ့စစ်တစ်ယောက် စားတဲ့ထဲကိုပဲ အာရုံစိုက်ထားပြီး သူရောက်လာသည်ကို သတိမပြုမိသလို ဟန်ဆောင်လိုက်၏။ အမှန်မှာတော့ သူ၏နားရွက်များက ထောင်နေပြီး လင်းယုန်ငှက်ကိုတွေ့လိုက်ရသော တွင်းထဲကယုန်လေးတစ်ကောင်နှယ်။
အယ်ဖာတစ်ယောက်၏ ဖယ်ရိုမုန်းပြင်းအားက လေ့ကျင့်ခန်းလုပ်ပြီးနောက် ပို၍တိုးပွားလာတတ်ပြီး ပြင်းထန်သောတက်ကီလာရနံ့က ယဲ့စစ်၏ ပေါ်နေသောအရေပြားတို့ကို လောင်ကျွမ်းသွားစေပြီး ယားယံကာ အနီရောင်ပြောင်းလဲစေခဲ့သည်။
A+ အဆင့်အယ်ဖာတစ်ယောက်၏ ပြင်းထန်သောဖယ်ရိုမုန်းများကို ရင်ဆိုင်ရချိန်၌ ၁၀၀% ကိုက်ညီသော အိုမီဂါတစ်ယောက်အတွက်တောင် လိုက်လျောညီထွေဖြစ်ဖို့ အချိန်တစ်ခုလိုပေ၏။
"မောနင်း။" ဟော့ထင်းလန်၏အကြည့်က ယဲ့စစ်၏ နီရဲနေသောနားရွက်ဖျားပေါ် သိမ်မွေ့စွာကျရောက်သွားခဲ့သည်။
ယဲ့စစ် ပါးစပ်ထဲကဆန်ပြုတ်များကို ခက်ခက်ခဲခဲမျိုချကာ တည်ငြိမ်ချင်ယောင်ဆောင်၍ ပြန်နှုတ်ဆက်လိုက်၏။ "မောနင်း။"
ယဲ့စစ်တစ်ယောက် အလွန်စိတ်လှုပ်ရှားကာ ကောင်းကောင်းမစားနိုင်သည်ကိို မြင်နေရသည်အား ဟော့ထင်းလန် ခံနိုင်ရည်မရှိပေ။ ထို့ကြောင့် သူ ပြန်ဆုတ်ခွာရန် ပြင်လိုက်ချိန်မှာ ယဲ့စစ်က ပန်းကန်ကိုတွန်းလိုက်ပြီး ထရပ်၍ မသဲမကွဲပြောလိုက်သည်။ "ကျွန်တော်... စားလို့ပြီးပြီ။"
သူက အလျင်လိုနေသော်လည်း စားစရာကိုဖြုန်းတီးရန် တွန့်ဆုတ်နေသည့်အတွက် သူ့ဇွန်းတပ်ထားသောဆန်ပြုတ်ပန်းကန်ကို အကုန်သောက်ခဲ့၏။ နောက်ဆုံးအလုတ်အနည်းငယ်ကို အကုန်ထိုးသွပ်ခဲ့သည့်အတွက် သူ၏ပါးနှစ်ဖက်က အနည်းငယ်ဖောင်းနေခဲ့သည်။
"မင်း စားလို့ပြီးပြီ...?" ဟော့ထင်းလန် ခဏရပ်လိုက်ပြီး မထိရသေးသော ရှောင်းလုံပေါင်းနှစ်ပွဲကို တစ်ချက်ကြည့်လိုက်ရာ သူ အနည်းငယ််ထိတ်လန့်သွားလေ၏။ သူ့နှလုံးသားထဲမှာ ထင်မြင်ချက်တို့ရှိသော်လည်း မျက်နှာပေါ်မှာ မဖော်ပြခဲ့ဘဲ ပေါ့ပေါ့ပါးပါးသာပြောလိုက်သည်။ "မင်းက အစားအသောက် ချေးများတဲ့သူလား။"
"ကျွန်တော်..." ယဲ့စစ် ကျောင်းလွယ်အိတ်ကို အမြန်ကောက်လွယ်လိုက်သည်။ "... ကျွန်တော် နောက်ကျတော့မှာမို့ပါ။"
သူက ဆင်းရဲသောဘဝမှာ နေထိုင်ခဲ့ရသည်။ ငယ်ငယ်ကတည်းကရနိုင်သောအရင်းအမြစ်များက ချို့တဲ့လွန်းပြီး သူ့အမေ၏ များပြားလှသည့်ဆေးဖိုးများက သူ့နှလုံးသားထဲ လေးလံစွာဝန်ပိနေခဲ့သလို သူ့အနာဂတ်ကလည်း မသေချာခဲ့ပေ... သူ ယခုလိုမျိုး စျေးကြီးပြီး လက်ရာမြောက်သည့်အစားအသောက်ကို မြင်လိုက်ရချိန်တိုင်း မလှုပ်ရှားရဲတော့ချေ။
သူ အစားအသောက်ကောင်း၏အရသာကို မှတ်မိနေပြီး အနာဂတ်မှာ မကြာခဏတောင့်တနေမိမည်ကို စိုးရိမ်မိ၏။
တစ်စုံတစ်ယောက်မှာ ဆန္ဒများရှိလာလေ၊ ပို၍အားနည်းလာလေပင်။
"အလျင်မလိုပါနဲ့။ ဒရိုက်ဘာကို နည်းနည်းမြန်မြန်မောင်းခိုင်းလိုက်လို့ရတာပဲ။" ဟော့ထင်းလန်က နူးညံ့သောနှလုံးသားလေးဖြင့် သူ့ကိုကြည့်လိုက်သည်။ "လမ်းမှာစားဖို့ နွားနို့နဲ့ အသီးယူသွားဦး..."
ဦးလေးဟယ်က သူ့နောက်ကနေပြေးလိုက်ကာ နွားနို့ဘူးနှင့် ကြိုတင်ပြင်ဆင်ထားသော အသီးဘူးတို့ကို ယဲ့စစ်လက်ထဲ ထိုးထည့်ပေးလာခဲ့သည်။ ဘူးထဲမှာ အခွံခွာပြီး အစေ့ထုတ်ထားသောအသီးများကို အတုံးသေးသေးလေးများ လှီးထားလေ၏။ ယဲ့စစ်တစ်ယောက် ကြောင်အမ်းစွာဖြင့်ယူလိုက်ပြီး ပြေးထွက်သွားတော့သည်။
အမူအကျင့်ကိုသာ ထိန်းသိမ်းဖို့မလိုလျှင် သူ မီတာ ၁၀၀ လောက်ထိ ပြေးထွက်သွားမိပေမည်။
ဟော့ထင်းလန်တစ်ယောက် နက်နက်ရှိုင်းရှိုင်း သက်ပြင်းချလိုက်သည်။
ယဲ့စစ်၏သတိထားမှုက အရင်ဘဝကထက် ပို၍ပြင်းထန်လာပုံပင်။ သို့သော် သူ့ကို ခိုးခိုးကြည့်နေသော အနှီမျက်ဝန်းလေးများကလည်း အရင်ဘဝကထက် အများကြီး ပိုအသက်ဝင်ကာ တောက်ပလာခဲ့သည်။
အရှက်အကြောက်ကြီးသော်လည်း တောက်ပနေ၏။ သူ၏မျက်ဝန်းများထဲမှ တောက်လောင်နေသောမီးလျှံများက မငြိမ်းသေးပေ။
...
အခြားတစ်ဖက်တွင် ယဲ့စစ်တစ်ယောက် ကားပေါ်တက်ကာ အနောက်ခန်းမှာထိုင်လိုက်ပြီး နောက်ဆုံးတော့ အသက်ရှူသံကို ပုံမှန်ဖြစ်အောင် ပြန်ထိန်းနိုင်ခဲ့သည်။
ပြင်းပြသော တက်ကီလာရနံဖျော့ဖျော့ကတော့ သူနှာဖျားမှာ တဝဲလည်လည်ရှိနေသေး၏။
ယဲ့စစ် ပြတင်းတံခါးကို အနည်းငယ်ချလိုက်ပြီး သူ လက်ခံရရှိခဲ့သော ဘူးလေးကို ငုံ့ကြည့်လိုက်သည်။
သူ ယနေ့မနက်တုန်းက ဗိုက်ပြည့်အောင်မစားခဲ့သဖြင့် သူအစာအိမ်က တစ်ဝက်လောက်လွတ်နေသေးသည်။ ယဲ့စစ် ခဏလောက်တွန့်ဆုတ်နေပြီးနောက် အဖုံးဖွင့်ကာ အထဲကအသီးကို ကြည့်လိုက်သည်။
သူ အရင်က တစ်ခါမှမမြင်ဖူးသော နွားနို့ဖြူရောင် အတုံးသေးသေးလေးများက နာနတ်သီးလိုအနံ့မျိုးထွက်နေ၏။
ယဲ့စစ် သံသယအပြည့်ဖြင့် တစ်တုံးကိုကောက်ယူကာ ဘယ်ပြန်ညာပြန်ကြည့်လိုက်သည်။
... ဒါက ဘာအသီးလဲ။
ဆယ်မိနစ်ကြာပြီးနောက် ကားက ကျောင်းဂိတ်တံခါးနှင့်မျက်နှာချင်းဆိုင်မှာ ဖြည်းဖြည်းချင်းရပ်သွားခဲ့ပြီး ဒရိုက်ဘာက တံခါးဖွင့်ပေးလာ၏။
ကားနောက်ခန်းမှာ ယဲ့စစ်တစ်ယောက် အိပ်မက်ကနေနိုးလာသကဲ့သို့ ဒရိုက်ဘာကို တစ်ချက်ကြည့်လိုက်သည်။
ထို့နောက် သူ့နှုတ်ခမ်းပေါ်မှ pineapple sakya အရည်များကို ချက်ချင်းသုတ်လိုက်ပြီး အပြစ်လုပ်ထားသလိုမျိုး ဘူးအလွတ်ကို ကျောင်းလွယ်အိတ်ထဲ အလျင်အမြန် ထိုးထည့်လိုက်လေတော့သည်။
***
Aurora Novel Translation Team
There is No Eng Version