no

အပိုင်း (၅၁.၂) - အချပ်ပို (၆.၂)

နောက်တစ်နေ့က တနင်္ဂနွေနေ့ဖြစ်၏။

ယဲ့စစ် ကျောင်းသွားစရာမလိုသဖြင့် မနေ့ညက အိပ်ရာထဲမှာ မိုလင်းပေါက် လှန်မှောက်ခံရပြီးနောက် ယဲ့စစ်တစ်ယောက် ထုံးစံအတိုင်း အိပ်ရာထဲမှာပဲ နေနေခဲ့သည်။ သို့သော်လည်း အချိန်စာရင်းအပြည့်ရှိနေသည့် ဟော့ထင်းလန်က အဆင်သင့်ဖြစ်နေလေပြီ။ မုတ်ဆိတ်ဂျယ်၏ သံပုရာရနံ့သင်းသင်းလေးနှင့်အတူ သူက ယဲ့စစ်၏နဖူးကို အနမ်းပေးလာ၏။

"ဝူး..."

ယဲ့စစ်၏မျက်လုံးများက မပွင့်တပွင့်ဖြစ်နေပြီး အိပ်ငိုက်နေသော်လည်း နာခံမှုရှိပေ၏။ သူက ခေါင်းအနည်းငယ်မော့ကာ ဟော့ထင်းလန်၏ပါးကို ထိတွေ့လိုက်သည်။ အသိစိတ်မပျောက်ခင် တစ်စုံတစ်ခုက ယဲ့စစ်အရှေ့မှာ ခဏလောက် ဖျပ်ခနဲဖြစ်သွားသော်လည်း သူက အလွန်အိပ်ငိုက်နေပြီး တွေးတောဖို့အချိန်မရှိဘဲ နောက်တစ်ကြိမ်ပြန်အိပ်ပျော်သွားလေ၏။

သူ ပြန်နိုးလာသောအခါ မနက်ဆယ်နာရီရှိပြီဖြစ်၏။ ကုန်ဆုံးသွားသည့်အချိန်များကို အစားပြန်ဖြည့်ရန် ယဲ့စစ်က စားသောက်ချိန်နှင့် သန့်စင်ခန်းဝင်ချိန်တို့မှလွဲ၍ တစ်နေ့လုံး စာလေ့လာနေခဲ့သည်။ သူ့စိတ်ထဲမှာ ယနေ့မနက်က အရေးကြီးကိစ္စတစ်စုံတစ်ခုကို လွဲချော်သွားကြောင်း ခံစားနေရသော်လည်း မည်သည့်အရာမှန်း မပြောနိုင်ခဲ့ပေ။သို့သော် ထိုနေ့ညနေခင်းက ညစာစားပွဲမှာ ဟော့ထင်းလန်ကို တွေ့လိုက်ရသောအခါ ယဲ့စစ် တစ်မနက်လုံးတွေးနေခဲ့သည့် 'အရေးကြီးကိစ္စ' အား ရုတ်တရက် သိလိုက်ရလေသည်။

-ကုမ္ပဏီမှာ အလုပ်များသော တစ်ရက်တာပြီးနောက် အိမ်ပြန်လာခဲ့သော ဟော့ထင်းလန်က သူ့လည်ပင်းမှာ ငွေရောင်ပန်းထိုးထားသည့် အပြာရင့်ရောင်လည်စည်းကို ဝတ်ဆင်ထားခဲ့သည်။

အဲ့ဒီတစ်ခုက!!!

စစချင်းမှာ ယဲ့စစ်တစ်ယောက် ထိုလည်စည်းကြောင့် သူ့ဦးခါင်းကနေ ဝိညာဥ်အနှုတ်ခံလိုက်ရသလိုမျိုး မှင်တက်သွား၏။ စက္ကန့်အနည်းငယ်ကြာပြီးနောက် သူ့နားရွက်ဖျားကနေ ညှပ်ရိုးများအထိ အပူငွေ့များဖြင့် တောက်လောင်လာခဲ့သည်။ ၎င်းတို့ပတ်ပတ်လည်မှာ မည်သူမှမရှိကြောင်း တွေ့လိုက်ရသောအခါ ယဲ့စစ်က ပါးစပ်ဖွင့်ဟလိုက်သည်။ "ခင်ဗျား ဘာဖြစ်လို့ အဲ့ဒါကြီးကို ဝတ်၊ ဝတ်ထားတာလဲ..."

"ဒီဟာလား။" ဟော့ထင်းလန်က မျက်ခုံးပင့်ကာ လည်စည်းကို ငုံ့ကြည့်လိုက်သည်။ သူက ယဲ့စစ်ကို အပြစ်ကင်းစင်စွာကြည့်နေပြီး ပျော့ပျောင်းစွာမေးလိုက်၏။ "မနေ့ညက ကိုယ် အိပ်မပျော်လို့ လျှော်ပြီးအခြောက်ခံထားတာ။ ကိုယ် ပြောင်နေအောင် ပွတ်ထားတာပဲလေ... ဘာလို့ ဝတ်လို့မရရမှာလဲ ပေါင်ပေါင်းရဲ့။"

"..."

ထိုသို့ကြားလိုက်ရသောအခါ ယဲ့စစ်၏လက်သီးဆုပ်များက တင်းကျပ်သွားပြီး သူ၏တူကို ချိုးမိလုနီးနီးဖြစ်သွား၏။

ညသန်းခေါင်အချိန်ကြီးမှာ မအိပ်ဘဲ လည်စည်းကိုလျှော်နေတာက ပြဿနာရှိနေတာမဟုတ်ဘူးလား!

နောက်မှလျှော်တော့ရော ဘာဖြစ်လဲ၊ သူ့ပြစ်မှုရဲ့သက်သေတွေကို ဖျက်ဆီးမိသွားမှာများ စိုးရိမ်နေတာလား!

"ဒီနေ့။" ယဲ့စစ်က တံတွေးမျိုချကာ တီးတိုးမေးလိုက်သည်။ "အဲ့ဒီလည်စည်းဝတ်ပြီး ဘာ၊ ဘာတွေလုပ်ခဲ့တာလဲ။"

ဟော့ထင်းလန်က ပြုံးလိုက်ပြီး ခပ်မတ်မတ်ထိုင်ကာ လူကြီးလူကောင်းလေးကို တစ်နေ့တာလုပ်များအား တင်ပြခဲ့သည်။ "ဒီနေ့မနက် ကိုးနာရီတုန်းက ဘုတ်အဖွဲ့အစည်းအဝေးတက်ခဲ့တယ်။ ဆယ်နာရီမှာ..."

အရှင်းဆုံးပြောရလျှင် သူ့မှာ နားချိန်တောင်မရှိခဲ့ပေ။

ယင်းမှာ ထိုမျှသာဖြစ်သည့်နှယ်...

သူက နာမည်ကြီး စီးပွားရေးမဂ္ဂဇင်းတစ်ခုနှင့် သီးသန့်အင်တာဗျူးအတွက်လည်း အချိန်ယူခဲ့ရပြီး မဂ္ဂဇင်းမျက်နှာဖုံးဓါတ်ပုံရိုက်ကူးရန်လည်း တစ်ဖက်ပါတီနှင့် ပူးပေါင်းခဲ့ရသည်။

ယဲ့စစ်၏မျက်လုံးများရှေ့မှာ မီးပုံးလေးက ဖျပ်ခနဲလင်းလက်သွား၏။

မှန်ပေ၏။ အပြင်လူများသည် ထိုလည်စည်း၏ထူးခြားချက်ကို မသိကြပေ။

သို့သော် ယဲ့စစ်ကတော့ သိပေသည်!

သူတော့ သေပြီ!!!

[TN/ဟော့ထင်းလန်က အဲ့လည်စည်းနဲ့ဘာလုပ်ခဲ့တာလဲ။ ဒီတစ်ခုကိုတော့ ကျွန်မလည်း မသိပါဘူး ( ꈍᴗꈍ)]

ခဏကြာပြီးနောက် ယဲ့စစ်က ကျင်လည်နေသော သူ၏ဝိညာဥ်ကိုပြန်ခေါ်ကာ ဟော့ထင်းလန်ကို နီရဲနေပြီး စွပ်စွဲသည့်မျက်လုံးများဖြင့် စိုက်ကြည့်လိုက်သည်။

"ခင်ဗျားက အရမ်း၊ အရမ်းဆိုးတာပဲ။"

ဟော့ထင်းလန်က ခေါင်းညိတ်ပြကာ သူ၏နှုတ်ခမ်းများကို လက်သုတ်ပဝါဖြင့်သုတ်၍ သက်ပြင်းချလိုက်သည်။ "ဘယ်သူက မဟုတ်ဘူးပြောလို့လဲ။"

ယဲ့စစ်: "..."

ဘယ်လိုတောင် အရှက်မဲ့တဲ့အဖြေလဲ။

ယဲ့စစ်က တူကိုချကာ စားသောက်ခြင်းအမှုကိုရပ်တန့်၍ နီမြန်းနေသောမျက်နှာဖြင့် ဟော့ထင်းလန်၏ပေါင်ပေါ်ထိုင်လိုက်ပြီး လည်စည်းကို အတင်းဖြည်လိုက်သည်။

"ခင်ဗျား၊ ခင်ဗျား ဒီလည်စည်းကို ကျွန်တော့်ကိုပေးထားတာ... ကျွန်တော်၊ ကျွန်တော် ဒါကိုပြန်သိမ်းမယ်။"

"ပေါင်ပေါင်းက ဒါကို လွှင့်ပစ်တော့မှာလား။"

"ကျွန်တော် လွှင့်ပစ်ပစ်၊ မပစ်ပစ် ခင်ဗျားနဲ့မဆိုင်ပါဘူး။"

"ဘယ်လိုလုပ် အဲ့လိုလုပ်လို့ရမှာလဲ။ ဟော့မိသားစုရဲ့ဆောင်ပုဒ်က ချွေတာစုဆောင်းခြင်းက..."

"ဟော့မိသားစုရဲ့ဆောင်ပုဒ်မှာ 'တစ်စုံတစ်ယောက်က ကိုယ့်ကိုယ်ကိုယ်လေးစားပြီး ဘဝကို ဂုဏ်သိက္ခာရှိရှိနေထိုင်ရမယ်' လို့ ဘာလို့၊ ဘာလို့ထပ်မဖြည့်လိုက်တာလဲ။ ခင်ဗျား နေ့တိုင်း မိသားစုဆောင်ပုဒ်ကို ဖောက်၊ ဖောက်ဖျက်နေတာ မကြောက်၊ မကြောက်ဘူးလား။"

အနှီစကားထစ်သူလေးမှာ တဖြည်းဖြည်း ပိုဆိုးလာခဲ့သည်။

ဟော့ထင်းလန်က ရယ်မောကာ ရုန်းကန်နေသော ယဲ့စစ်ကိုပွေ့ချီရင်း ဒုတိယထပ်သို့တက်လာခဲ့သည်။ "မစားတော့ဘူးလား။ မင်းက မစားတော့ဘူးဆိုတော့ ကိုယ်တို့ အပေါ်တက်ကြစို့။"

မည်သို့ပင်ဆိုစေ ထိုလည်စည်းမှာ အသိမ်းခံရတော့မည်ဖြစ်၏။

ပြီးလျှင် နောက်တစ်ကြိမ် ထပ်ပြီးအသုံးပြုလိမ့်မည်ပင်။

[လည်စည်း ပြီးပါပြီ။]

***

Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment