no

အပိုင်း (၄၀) - ဝမ်းနည်းငိုကြွေးခြင်း

အဖိုးတန်သော နွေရာသီကျောင်းပိတ်ရက်နှစ်ဆယ်က မျက်စိတစ်မှိတ်အတွင်း ဆယ်ရက်ကုန်သွားလေပြီ။

ကိုးကားချက်များကို အလေးပေးသော 'အိုမီဂါ အထွေထွေကျန်းမာရေးအတန်း'ကိုမူ ယဲ့စစ် တစ်ကြိမ်သာတက်ခဲ့ပြီး နောက်ထပ်တက်ရောက်ဖို့ကို ငြင်းဆန်နေခဲ့သည်။ ၎င်းတို့၏ဆက်ဆံရေးက အတည်ပြုထားသည်မှာ အချိန်တစ်ခုကြာပြီဖြစ်ပြီး ယခုလိုလှုံ့ဆော်မှုမျိုးကို မည်သူက ခံနိုင်ရည်ရှိမည်နည်း။ ရလဒ်အနေဖြင့် မျက်နှာဖုံးချွတ်လိုက်ပြီဖြစ်သော ဟော့ထင်းလန်က အကြိမ်တိုင်း သူ့ကို ဖမ်းဆီးကာ စာဖတ်ခန်းထဲကို ဆွဲခေါ်သွားတတ်သည်။

အတန်းချိန်ရောက်လာသည်နှင့် ဂုဏ်သရေရှိသော ဟော့မိသားစု၏ခေါင်းဆောင်က ကြောက်မက်ဖွယ်ကောင်းလောက်အောင် သန်မာလွန်းသော အာရုံငါးပါးကိုအသုံးချ၍ ကြောင်ပေါက်လေးကို တစ်အိမ်လုံးအနှံ့လိုက်ရှာခဲ့ရ၏။ သူက ကောက်ကျစ်သောနေရာများ၌ သူ၏ ထိပ်တန်းအယ်ဖာအရည်အသွေးကို အသုံးချခဲ့သည်။

သူကိုယ်တိုင်က အလိုဆန္ဒကြီးမားသောလူမျိုးဖြစ်ပြီး ယဲ့စစ်၏ခြေလှမ်းများနှင့် လိုက်လျောညီထွေရှိစေဖို့ အချိန်အကြာကြာကြီး သည်းခံခဲ့ရသဖြင့် သူ ယခုလိုလုပ်နေသည်ကို နားလည်လို့ရပေ၏။

သိပ်မကြာခင် သူ၏ rut ကာလက စတင်တော့မည်ဖြစ်ပြီး နောက်ဆုံးတော့ သူ၏အိုမီဂါကို နှစ်သိမ့်ပေးဖို့အတွက် တောင်းဆိုနိုင်တော့မည်။ ဟော့ထင်းလန်က rut ကာလကို တမင်တကာ ထိန်းချုပ်မနေဘဲ ထိန်းချုပ်ဆေးများသောက်ခြင်းကိုလည်း စောစီးစွာရပ်တန့်ခဲ့သည်။ သူက သဘာဝအတိုင်းထားကာ သူ၏ rut ကာလရောက်ဖို့ကို စောင့်ဆိုင်းရင်း rut လာလ၏ အစောပိုင်းအဆင့်များကြောင့် ဖြစ်ပေါ်လာသည့် အဆင်မပြေမှုများကို သက်သာစေရန် ယဲ့စစ်နှင့် ပွတ်သီးပွတ်သပ်လုပ်ခြင်း၊ သူ၏ရနံ့ကို ရှူရှိုက်ခြင်းတို့အား နေ့တိုင်းလုပ်ဆောင်ခဲ့သည်။

လွန်ခဲ့သောရက်ပိုင်းအတွင်း အိုမီဂါ အထွေထွေကျန်းမာရေးအတန်းကို အခွင့်ကောင်းယူကာ ဟော့ထင်းလန်က ယဲ့စစ်အား ထူးဆန်းသော 'ရုပ်ပိုင်းဆိုင်ရာစာမေးပွဲများ' ကို စစ်ဆေးခဲ့သည်။

ယဲ့စစ်၏ လက်ရှိတိုးတက်မှုက ကောင်းမွန်နေပြီး တစ်သက်တာအမှတ်အသား၏ပြင်းအားကို အန္တရာယ်မရှိဘဲ ခံနိုင်လောက်သည်။

သို့သော် ကျန်းမာရေးက ထိပ်တန်းဦးစားပေးပင်။ ဟော့ထင်းလန်က မစွန့်စားချင်သဖြင့် ယဲ့စစ်ကို အသေးစိတ်စစ်ဆေးရန် ဆေးရုံသို့ခေါ်သွားပေးခဲ့၏။

...ယင်းက တော်တော်လေးအသေးစိတ်လွန်းသည်။

ယဲ့စစ်က ဆေးရုံလျှောက်လမ်းရှိ ခုံတန်းမှာထိုင်နေပြီး ဟော့ထင်လန်ကမ်းပေးလာသော ဆေးမှတ်တမ်းကို လက်ဆစ်များဖြူဖျော့လာသည့်တိုင် ဆုပ်ကိုင်ထားခဲ့သည်။

ရှက်ရွံ့မှုများနှင့် ဒေါသများကြောင့် စာရွက်လေးမှာ တွန့်ကြေနေရှာ၏။

... နေရာအထား ကောင်းမွန်သည်၊ နူးညံ့ပြီး ကောင်းမွန်သည့် ချဲ့ထွင်ခြင်းကို ပြုလုပ်နိုင်သည်၊ လုံးဝဖွံ့ဖြိုးနေပြီး မူမမှန်သည့်အရာများမရှိ...

သူ သေလိုက်ချင်၏။

အိုမီဂါဆရာဝန်က သူ၏ဝမ်းဗိုက်ကို ထူးဆန်းသောကိရိယာကြီးဖြင့် အပြန်ပြန်အလှန်လှန် စမ်းသပ်ခဲ့သည်မဟုတ်လော...

မည်သို့ဖြင့် ယခုလိုကောက်ချက်ချမှုများ ထွက်ပေါ်လာရသနည်း။

ယင်းက ထိုမျှတိုးတက်နေပြီလော!

"ခင်ဗျား ဆေးမှတ်တမ်းကို အကုန်၊ အကုန်ဖတ်ပြီးသွားပြီလား။"

ယဲ့စစ်က တုန်ယင်နေသောလေသံဖြင့် မေးလိုက်ပြီး သူ၏နဖူးကို လက်တစ်ဖက်ဖြင့် ထောက်ထားလေ၏။

ဟော့ထင်းလန်က ပြန်ပြောလိုက်သည်။

"ကိုယ် နည်းနည်းဖတ်ထားတယ်။"

ယဲ့စစ်: "..."

"ပေါင်ပေါင်း၊ ဒီစစ်ဆေးချက်တွေကို မဖြစ်မနေလုပ်ဖို့လိုတယ်။"

ဟော့ထင်းလန်က သူ့ကို နူးညံ့စွာကြည့်ကာ နှစ်သိမ့်မှုတစ်ဝက်၊ အကြံပြုမှုတစ်ဝက်ဖြင့် ပြောလိုက်သည်။

"ကိုယ့်ရဲ့ rut က နှစ်ရက်အတွင်း ရောက်လာတော့မှာ။ တကယ်လို့ ကိုယ် မထိန်းချုပ်နိုင်ဘဲ မင်းကို တစ်သက်တာအမှတ်အသားပေးခဲ့မိရင်... ကိုယ် မင်းကိုမနာကျင်စေချင်ဘူး။"

ထို့အပြင် သူ ခံနိုင်ရည်ရှိမည်မဟုတ်ပေ။

တစ်သက်တာအမှတ်အသားကိစ္စကို နောက်ဆုံးတော့ ကြုံတွေ့ရတော့မည်။

ယဲ့စစ်၏မျက်ဆံများက တုန်လှုပ်သွားပြီး သူ၏ဦးခေါင်းကို သတိအနေအထားဖြင့် ငုံ့ထားလိုက်သည်။

Rut ကာလ လက္ခဏာများက အယ်ဖာတစ်ယောက်အတွက် ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်ဆိုင်ရာပါ ထိခိုက်စေနိုင်သည်။ ၎င်း၏လွှမ်းမိုးမှုကို တစ်သက်တာအမှတ်အသားဖြင့် အပြီးတိုင်ဖယ်ရှားနိုင်ရာ ဟော့ထင်းလန်အတွက် သူ့ကိုယ်သူ ဆက်လက်ညှင်းပန်းနေစရာ အကြောင်းမရှိပေ။

တစ်သက်သာအမှတ်အသားရှိခြင်းက အိုမီဂါအတွက်လည်း ကောင်းပေ၏။ ၎င်းက heat ကာလအတွင်း တည်ငြိမ်သောဟော်မုန်းများနှင့် စိတ်ခံစားချက်များကို ပုံမှန်အတိုင်းတည်ရှိစေနိုင်သည်။

ဟော့ထင်းလန်က ယဲ့စစ်ဘေးမှာထိုင်ကာ ဖြူဖွေးနေသည့် သွယ်လျသောလက်ကလေးကို ဆုက်ကိုင်လိုက်ပြီး သိမ်မွေ့စွာပြောလိုက်သည်။

"ကိုယ် မထိန်းချုပ်နိုင်ခဲ့ရင် ကိုယ့်ကို အပြစ်တင်မှာလား။"

ယဲ့စစ်က ခြောက်သွေ့နေသောနှုတ်ခမ်းကို လျက်လိုက်ပြီး တီးတိုးပြောလိုက်သည်။

"ခင်ဗျား၊ ခင်ဗျား... သည်းခံနေစရာမလိုပါဘူး။"

ဟော့ထင်လန်က သက်ပြင်းဖွဖွချကာ အရှက်မဲ့စွာပြောလိုက်သည်။

"ပေါင်ပေါင်းက ဟော့ရှူးရှူအတွက် အများကြီးတွေးပေးတာပဲ။"

ယဲ့စစ်တစ်ယောက် နူးညံ့လာသော သူ၏နှလုံးသားနှင့် ဆန့်ကျင်တိုက်ခိုက်နေခဲ့၏။ သူက ပါးစပ်ဟလိုက်သည်နှင့် ချိုမြိန်သောစကားလုံးများ ထွက်ကျလာမည်ကြောက်၍ နှုတ်ခမ်းကို တင်းကျပ်စွာစေ့ပိတ်ထားသည်။

"တကယ်လို့ပေါ့နော်၊ အဲ့လိုဖြစ်လာခဲ့ရင်။" ဟော့ထင်းလန်က ပြုံးလိုက်ပြီး ကျီစယ်လိုက်လေ၏။ "ပေါင်းပေါင်က လက်ခံပေးနိုင်မှာလား။"

သူက အလွန်အရှက်မဲ့လွန်းသဖြင့် ယဲ့စစ်မှာ မည်ကဲ့သို့ပြန်ဖြေရမှန်းမသိတော့ပေ။

ထို့ကြောင့် ဟော့ထင်းလန်က မေးခွန်းပြောင်းလိုက်သည်။

"ဒါဆို လက်မခံနိုင်ဘူးပေါ့၊ အဲ့လိုလား။"

ယဲ့စစ်၏နှလုံးခုန်သံများက မြန်ဆန်နေပြီး ခေါင်းယမ်းပြလိုက်သည်။

"...အဲ့လိုမဟုတ်ပါဘူး။"

"လက်မခံတာမဟုတ်ဘူး။"

ဟော့ထင်းလန်က အပြုံးလေးဖြင့် ပြောလိုက်သည်။

"အငြင်းနှစ်ထပ်ဆိုတော့ ဒါက အတည်ပြုလိုက်တာမဟုတ်လား။"

"!"

ယဲ့စစ်၏မျက်နှာက နီရဲလာ၏။ သူက ဆေးမှတ်တမ်းများကိုကိုင်လျက် ပြေးထွက်သွားတော့သည်။

သူ ဟော့ရှူးရှူအနားမှာ တစ်စက္ကန့်လေးတောင် ထပ်မနေနိုင်တော့ပေ!

....

မနက်နှစ်နာရီအချိန်၌ဖြစ်၏။

တိတ်ဆိတ်နေသောအိပ်ခန်းထဲမှာ ရုတ်တရက် ညည်းတွားသံတစ်သံ ထွက်ပေါ်လာခဲ့သည်။

အသံမှာ တစ်စုံတစ်ယောက်က အိပ်မက်ဆိုးကနေ လန့်နိုးလာသကဲ့သို့ ကြမ်းရှကာ နာကျင်နေဟန်ပင်။

ဟော့ထင်းလန်တစ်ယောက် မျက်နှာကြက်ကိုစိုက်ကြည့်နေ၏။ သူ၏နဖူးပေါ်မှာ ချွေးများရွှဲနေပြီး မင်နက်ရောင်မျက်ဆံများက တုန်လှုပ်နေခဲ့သည်။

သူ၏နှလုံးသားက ပေါက်ထွက်တော့မတတ် ခုန်ပေါက်နေ၏။

ကံကောင်းစွာဖြင့် သူ့နံဘေးမှ နွေးထွေးမှုလေးက သူ့ကို လက်တွေ့ဆီသို့ အလျင်အမြန်ခေါ်ထုတ်ပေးခဲ့သည်။ သူ၏လက်မောင်းပေါ်မှာ လေးလံသောခံစားချက်တစ်ခုရှိနေ၏။ ယဲ့စစ်က သူ့လက်ပေါ်မှာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေခဲ့သည်။

... အဲ့ဒါက အိပ်မက်ပဲ။

သူ ယဲ့စစ်ဖိအိပ်ထားသောလက်ဖြင့် သူ့ကိုပွေ့ဖက်လိုက်ပြီး အခြားလက်တစ်ဖက်ဖြင့် သူ၏လည်ကုပ်ကို ပွတ်သပ်လိုက်သည်။

အယ်ဖာဂလင်းများက စိတ်လှုပ်ရှားမှုများကြောင့် ပွက်ပွက်ဆူနေပြီး သူ၏နှလုံးခုန်သံကပါ တွဲပါလာခဲ့၏။

Rut ကာလ စတင်လေပြီ။

အံ့သြစရာမရှိတော့ပေ။

Rut ကာလအတွင်း ဂလင်းဟော်မုန်းများ အလန်အကျွံထုတ်ခြင်းက အယ်ဖာတစ်ယောက်၏ အာရုံခံနိုင်မှုနှင့် နိုးကြားမှုတို့ကို တိုးမြင့်စေလာပြီး အပျက်သဘောဆောင်သော စိတ်ခံစားချက်များနှင့် ကိုယ်ရည်ကိုယ်သွေး၏အမှောင်ဘက်ခြမ်းကိုပါ တိုးပွားလာစေသည်။

ထို့အပြင် မနေ့က အတိတ်ဘဝ၌ ယဲ့စစ်ဆုံးပါးသွားသည့်နှစ်ပတ်လည်နေ့ဖြစ်သည်...

ယခုတစ်ခေါက် ထို'အနာဂတ်'က ထပ်ဖြစ်တော့မည်မဟုတ်ကြောင်း သူသိသော်လည်း သူ၏စိတ်အခြေအနေက ရှောင်လွှဲလို့မရစွာဖြင့် အလွန်နိမ့်ကျနေခဲ့သည်။ သူ နေ့ခင်းဘက်မှာ ဖုံးကွယ်ထားခဲ့သော်လည်း ညရောက်လာသောအခါ အိပ်မက်ဆိုးများထဲကနေ မလွတ်မြောက်နိုင်ခဲ့ပေ။

သူ ထိုဘုရားကျောင်းကို အိပ်မက်မက်ခဲ့သည်။

တောက်ပသော အဝါရောင်နံရံများ၊ မီးခိုးစိမ်းရောင်ကြွေပြားများနှင့် ခမ်းနားလှစွာသော နှင်းဝေနေသည့်တောင်တန်းကြီးက ဖြူဆွတ်လွန်းလို့ အပြာရောင်ဘက်တောင်သန်းနေခဲ့သည်။ ၎င်းက နွေနှောင်းကာလဖြစ်သော်လည်း ထိုဘုရားကျောင်းတည်ရှိရာနေရာက အလွန်မြင့်မားလွန်းရာ သူ လေကာအင်္ကျီဝတ်ထားတာတောင် အအေးဓါတ်ကို ခံစားနေရဆဲပင်။

သူက ဘာသာမဲ့ဖြစ်သော်လည်း လင်ယောင်က 'သင်ယုံကြည်လျှင် တည်ရှိသည်၊ မယုံကြည်လျှင် မတည်ရှိဘူး' ဆိုသည့်သဘောထားကို ကိုင်ဆောင်ထား၏။ သူ(မ)က များသောအားဖြင့် ထိုအရာများကိုမပြောတတ်သော်လည်း ဘုရားကျောင်းများ၌ ကုသိုလ်ပြုလှူဒါန်းတတ်သည်။ ထို့ကြောင့် ယဲ့စစ် ဆုံးပါးသွားပြီးနောက် သူ(မ)က ယဲ့စစ်အတွက် ဆုတောင်းပေးခဲ့သည်။ ၎င်းတို့က သေဆုံးသူများအတွက် ကောင်းချီးရစေဖို့ ဆုတောင်းခြင်းဖြစ်သော်လည်း တကယ်တမ်းမှာတော့ အသက်ရှင်ကျန်ရစ်သူများအတွက် နှစ်သိမ့်မှုတစ်ခုသာ။

ထိုအချိန်တုန်းက ဟော့ထင်းလန်သည် ဘာကိုမှဂရုမစိုက်ခဲ့ပေ။ လင်ယောင်က သေးသေးကြီးကြီးကိစ္စရပ်တိုင်းကို သူ(မ)ဘာသာ ဆောင်ရွက်ခဲ့သည်။ သူ(မ) သူ့ကိုတောင်းဆိုသည့် တစ်ခုတည်းသောအရာက ဘုရားကျောင်းအတွက် လှူဒါန်းမှုမှာ သဘောတူလက်မှတ်ထိုးပေးရန်ဖြစ်ပြီး အခမ်းအနားနေ့မှာ သူ့ကို ဆွဲခေါ်သွားခြင်းဖြစ်သည်။

သူက မယုံကြည်သလို ယဲ့စစ်အတွက် လင်ယောင်ကိုယ်တိုင် သက်ရှည်မီးပုံးထွန်းပေးချိန်မတိုင်ခင်အထိ သူ၏မျက်နှာက အေးစက်နေခဲ့သည်။

သူ(မ)၏အပြောအရ သက်ရှည်မီးပုံးသည် သက်ရှိများအတွက် အသက်ရှည်ရှည်နေနိုင်ဖို့ ထောက်ပံ့ပေးသလို သေဆုံးသူများအတွက် ဘဝကူးရန် ၎င်းတို့၏ဝိညာဥ်ကို လမ်းပြပေးနိုင်ပြီး ကောင်းချီးများကိုလည်း စုဆောင်းပေးနိုင်သည်။

"...ဒီဘဝမှာ ရှောင်စစ်လေးက ခက်ခဲတဲ့အချိန်တွေကို ရင်ဆိုင်ခဲ့ရပြီး သူ့ရဲ့ကံကောင်းမှုလေးက အရမ်းသေးငယ်ခဲ့သလို အမေတို့နဲ့ အတူတူရှိခဲ့တဲ့အချိန်ကလည်း သိပ်ကိုနည်းပါးခဲ့တယ်။"

လင်ယောင်က သူ(မ)သား၏ပခုံးကိုဖက်ကာ ဝမ်းနည်းစွာဖြင့် ပုတ်ပေးလိုက်သည်။ အယ်ဖာတစ်ယောက်၏ ဖွဲ့စည်းတည်ဆောက်ပုံက အရပ်ရှည်ကာ ခန္ဓာကိုယ်တောင့်တင်းသော်လည်း သူက ဤရက်ပိုင်းမှာ အစားမစားသလို ရေလည်းမသောက်ရာ အရိုးပေါ်အရေတင်ဖြစ်နေ၏။

"ရှောင်စစ်အတွက် မီးပုံးလှူပေးပြီး သူ့အတွက် ကုသိုလ်တွေပွားပေးရအောင်။ အဲ့လိုဆို နောက်ဘဝသာရှိခဲ့ရင် သူက သေချာပေါက် အေးချမ်းပျော်ရွှင်စွာနဲ့ ရှင်သန်နိုင်လိမ့်မယ်။ နောက်ဘဝမှာ သားတို့နှစ်ယောက် ထပ်တွေ့နိုင်ပြီး ကံကြမ္မာက ဖြိုခွင်းလို့မရလောက်အောင်ထိ နက်ရှိုင်းလာနိုင်တယ်။ သား သူ့ကို စောစောတွေ့နိုင်ရင် သူ့ကို ဒုက္ခမခံစားရအောင် စောစောကာကွယ်ပေးနိုင်လိမ့်မယ်။ ဒါတွေအားလုံးကို ကောင်းကင်ဘုံကစီစဥ်ပေးတာမို့ ဘယ်သူမှအတပ်မပြောနိုင်ဘူး။ စစ်မှန်မှုက အောင်မြင်မှုလမ်းကြောင်းဆီ ဦးတည်မယ်လို့ အမေယုံကြည်တယ်။ အမေရယ်၊ သားရယ်၊ သားအဖေရယ် အားလုံး ဒီကိစ္စကို နှလုံးသားထဲကနေ ယုံကြည်ကြမယ်ဆိုရင် အမေတို့တွေ... ထင်းလန်...?"

"...ကျွန်တော် ဒီဘဝကိုလိုချင်တယ်။"

ဟော့ထင်းလန်က ခေါင်းယမ်းလိုက်သည်။ သူက ရက်အတော်ကြာသည်အထိ စကားမပြောခဲ့ရာ သူစကားစပြောလိုက်ချိန်မှာ သူ၏အသံက တော်တော်လေးကြမ်းရှနေခဲ့သည်။

... ဒီဘဝကို လိုချင်တယ်။

ထိုဝါကျဖြစ်နိုင်၏။

သူ ရှင်းရှင်းလင်းလင်းမမှတ်မိတော့ပေ။ ထိုအချိန်တုန်းက သူ အတော်လေးထုံထိုင်းကာ သူ၏စိတ်က ဝေဝါးနေပြီး မှတ်ဉာဏ်များကလည်း မသေချာခဲ့ပေ။

အတိတ်ဘဝ၊ နောက်ဘဝ... ၎င်းတို့က အတုအယောင်ဆန်ကာ မစစ်မှန်လွန်းချေ။

သူ ပစ္စုပ္ပန်ဘဝကိုသာ လိုချင်ခဲ့သည်။

ပစ္စုပ္ပန်ဘဝမှာ သူ ယဲ့စစ်ကို အေးချမ်းမှုနှင့် ပျော်ရွှင်မှုလေးရစေချင်သည်။

ပစ္စုပ္ပန်ဘဝမှာ ယဲ့စစ်နှင့် ဖြိုခွင်းလို့မရအောင် နက်ရှိုင်းသောကံကြမ္မာကို ရချင်ခဲ့သည်။

ပစ္စုပ္ပန်ဘဝမှာ သူ့ကို အတတ်နိုင်ဆုံး စောစီးစွာကာကွယ်ပေးကာ သူ့ကို ဒုက္ခခံစားခွင့်မပေးချင်ခဲ့ပေ...

သူ ဗုဒ္ဓရုပ်ပွားတော်ရှေ့မှာ ဒူးထောက်ခဲ့သည်။

စစ်မှန်ခြင်းက အောင်မြင်မှုရစေနိုင်သည်ဟု ပြောခဲ့၏။

လင်ယောင်တောင်းဆိုသည့်အတိုင်း သူ ဗုဒ္ဓရုပ်ပွားတော်တစ်ဆူ၊ အနီရောင်စန္ဒကူးသားများနှင့် ငွေကြွေပြားများကို လှူဒါန်းခဲ့သည်။ ဘုရာကျောင်း၏ခန်းမဆောင်ကို ပြန်လည်တည်ဆောက်ကာ ရွှေဆင်းတုတော်ကို တည်ထားခဲ့၏။ သူ အရာအားလုံးပြုလုပ်ခဲ့ပြီး ဝတ်ပြုကာ မျက်ရည်များလည်းကျဆင်းခဲ့သည်။ ယင်းက လုံလုံလောက်လောက်စစ်မှန်ပြီး အလုပ်ဖြစ်နိုင်သည်လော။

သူ၏မျက်လုံးထောင့်ကနေ မျက်ရည်စက်များစီးကျကာ ဗုဒ္ဓရုပ်ပွားတော်ရှေ့ရှိ အပြာရောင်ကြွေပြားကို စိုစွတ်သွားစေခဲ့သည်။

သက်ရှည်မီးပုံးများက ယဲ့စစ် ဘဝကူးဖို့ အလင်းပြပေးနိုင်သည်ဟု သူ့အမေကပြောခဲ့သည်။ ထိုသို့ဆိုလျှင် သူ ထိတ်လန့်နေမည်မဟုတ်သလို အမှောင်ကိုလည်း ကြောက်နေလိမ့်မည်မဟုတ်တော့ပေ။

ဒါဆို အဲ့ဒါက သူ့ရဲ့လမ်းကိုရှာတွေ့ဖို့အတွက် အလင်းပြပေးနိုင်မယ်မလား။

...

ထို့နောက်မှာ သူက သေလူတစ်ယောက်လို ရှင်သန်နေထိုင်ခဲ့သည်။

လအနည်းငယ်ကြာပြီးနောက် သူ ထိုနေ့မနက်ခင်းက နိုးလာခဲ့ချိန်မှာ အချိန်က နောက်ပြန်ရောက်နေခဲ့လေသည်။

စစ်မှန်ခြင်းက အောင်မြင်မှုဆီ ဦးတည်နိုင်ခြင်းလား၊ သို့မဟုတ် တိုက်ဆိုင်မှုတစ်ခုလားကို သူမသိပေ။ မည်သို့ပင်ဆိုစေကာမူ သူ ဆန်းပြားစွာဖြင့် အသက်သုံးဆယ်အရွယ်ကို ပြန်ရောက်လာခဲ့၏။ သူ ပထမဆုံးလုပ်ခဲ့သည့်အရာက ချူးမိသားစုဆီသွားကာ ဓါးပြတိုက်ခြင်းပင်။ ဒုတိယလုပ်ခဲ့သည့်အရာမှာ လင်ယောင်ခေါ်သွားပေးသော ဘုရာကျောင်းသို့သွားကာ ရှေးဟောင်းဘုရားကျောင်း၌ အမျိုးမျိုးသော ပြင်ဆင်မှုများအတွက် အတိတ်ကထက် များပြားလှသောပမာဏကို လှူဒါန်းပေးခဲ့သည်။

၎င်းက မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ၊ သူ စိတ်အေးချမ်းရာကို အလိုရှိခဲ့သည်။

ထို့နောက် လအနည်းငယ်ကုန်လွန်ခဲ့၏။

သူ့နှလုံးသားထဲကို တစ်ကြိမ်ထိုးဖောက်ပြီးသား ဝမ်းနည်းပူဆွေးမှုက ပျောက်ကွယ်သားပြီဖြစ်သော်လည်း စိတ်ပိုင်းဆိုင်ရာအရိပ်မည်းကြီးကိုတော့ မဖယ်ရှားနိုင်ခဲ့ပေ။ အထူးသဖြင့် rut ကာလ၏ဒဏ်ကို ခံစားရသောအခါ ထိုအချိန်ကခံစားခဲ့ရသော နာကျင်မှုနှင့် စိတ်ပျက်အားငယ်မှုတို့က သူ့ကို ခြောက်လှန့်ကာ အတိတ်အိမ်မက်ဆိုးများကြောင့် ညသန်းခေါင်ယံမှာ လန့်နိုးခဲ့ရသည်။

ဟော့ထင်းလန်၏အသက်ရှူသံများက တဖြည်းဖြည်းလေးလံလာပြီး သူ့ရင်ခွင်ထဲကယဲ့စစ်ကို ပိုပိုပြီးတင်းကျပ်အောင် ဖက်ထားခဲ့သည်။

စိတ်လှုံခြုံမှုကင်းမဲ့သော အယ်ဖာတစ်ယောက်က ၎င်းတို့၏အိုမီဂါကို အမှတ်အသားပေးတတ်ကြ၏...

ထို့နောက် တက်ကီလာဖယ်ရိုမုန်းများက ယဲ့စစ်၏အရေပြားထဲ ရူးသွပ်စွာစိမ့်ဝင်နေခဲ့သည်။

အသက်ရှူကျပ်လောက်စရာ ပွေ့ဖက်မှုနှင့်အတူ အရေပြားပေါ်မှ စူးရှသောနာကျင်မှုတို့ကြောင့် ယဲ့စစ် လန့်နိုးလာခဲ့၏။

"ဟော့ရှူးရှူ၊ ဘာ... ဘာဖြစ်လို့လဲ။"

ယဲ့စစ်က အိပ်ချင်မူးတူးမျက်လုံးများကို ပွတ်သပ်လိုက်သည်။ သံမဏိလိုလက်မောင်းများက သူ့ကို နာကျင်စေသော်လည်း သူက လွတ်မြောက်ဖို့မရုန်းကန်ခဲ့ဘဲ ခက်ခက်ခဲခဲလက်မြှောက်၍ ဟော့ထင်းလန်၏ကျောကို ပွတ်သပ်ပေးလိုက်၏။

"ပေါင်ပေါင်း..."

ယခုလိုနှစ်သိမ့်မှုက ဟော့ထင်းလန်ကို အနည်းငယ်စိတ်အေးသွားစေခဲ့ပြီး ခံစားနေခဲ့ရသောဝေဒနာက သိပ်ပြီးမနာကျင်တော့ပေ။ သူက ဒဏ်ရာရထားသောသားရဲတစ်ကောင်လို ခေါင်းငုံ့ကာ သူ၏မျက်နှာအား ယဲ့စစ်၏ပခုံးကြားမြှုပ်နှံကာ ချိုမြိန်သည့်ဗနီလာဖယ်ရိုမုန်းများကို ဆာလောင်မွတ်သိပ်စွာ ရှူရှိုက်နေခဲ့၏။

ယဲ့စစ်၏လည်တိုင်လေးမှာ ဟော့ထင်းလန်၏ပါးပြင်နှင့် ဖိကပ်ထားခံရသည်။

ယင်းက ချောမွေ့စိုစွတ်ကာ အနည်းငယ်အေးမြနေ၏။

"ခင်ဗျား၊ ခင်ဗျား..."

ယဲ့စစ်က အနည်းငယ်ထိတ်လန့်နေပြီး အနောက်ကိုဆုတ်ချင်နေခဲ့သည်။ ယင်းက လူသိပ်ကပ်သော ဧရာမခွေးကြီကို တွန်းဖယ်နေသည့်နှယ်။ ဟော့ထင်းလန်၏ရင်ခွင်ထဲ နေရာအလွတ်နည်းနည်းရဖို့ တွန့်ဆုတ်စွာတိုက်ခိုက်ရင်း ဟော့ထင်းလန်၏မျက်နှာကိုကြည့်ရန် သူ၏လည်တိုင်ကို လှုပ်ရှားလိုက်သည်။

စိုစွတ်နေသည့်အထိအတွေ့က... မျက်ရည်များဖြစ်နိုင်သည်။

A+ အဆင့်အယ်ဖာတစ်ယောက်က rut ကာလအတွင်း ဝမ်းနည်းငိုကြွေးနိုင်သည်လော။

ယဲ့စစ် စိုးရိန်ပူပန်စွာဖြင့် ရုတ်တရက်ထထိုင်လိုက်ပြီး ဟော့ထင်းလန်ကို အားကုန်သုံးကာပြန်ဖက်လိုက်သည်။

"တကယ်လို့၊ တကယ်လို့ ကိစ္စတစ်ခုခုရှိရင် ကျွန်တော့်ကို ပြောပြလို့ရပါတယ်။"

သူက ဘာကိုမှဂရုမစိုက်နိုင်တော့လောက်အောင် စိုးရိမ်နေပြီး သူ၏စကားများက အရင်ကထက် ပို၍သွက်လက်နေလေ၏။

"အားလုံးကို ရင်ထဲသိမ်းမထားပါနဲ့။ ခင်ဗျားကို အခုလိုမြင်ရတာ ကျွန်တော် စိတ်ပူတယ်။ အလုပ်မှာ အဆင်၊ အဆင်မပြေလို့လား။"

"ဟင့်အင်း... မဟုတ်ပါဘူး။"

ဟော့ထင်းလန်က သူ၏စိတ်ခံစားချက်များကို ဖိနှိပ်လိုက်ပြီး စိတ်သက်သာရာရကာ သက်ပြင်းချ၍ သူ့ကို နှစ်သိမ့်လိုက်သည်။

"ကိုယ့်ကို ခဏလောက်ဖက်ထားခွင့်ပေးပါဦး ပေါင်ပေါင်း။"

ယဲ့စစ်က ခဏလောက်ရပ်တန့်သွားပြီး လေသံကိုလျှော့ချကာ မေးမြန်းလိုက်သည်။

"အဲ့ဒါက စိတ်ပိုင်းဆိုင်ရာကိစ္စတစ်ခုလား..."

ဟော့ထင်းလန်သည် ယဲ့စစ်၏စိုးရိမ်ပူပန်မှုကို ရရှိခဲ့ပြီး အိပ်မက်ဆိုး၏သက်ရောက်မှုက ခြေရာလက်ရာမကျန်ဘဲ ပျောက်ကွယ်သွားခဲ့သည်။ သူက ပြုံးလိုက်ပြီး အမှန်တိုင်းပြောလိုက်လေ၏။

"ထင်တာပဲ။"

ထိုသို့ပြောပြီးနောက် အခန်းထဲမှာ တိတ်တိတ်သွားခဲ့သည်။

မိနစ်ဝက်အကြာမှာ ယဲ့စစ်က ဟော့ထင်းလန်၏ရင်ခွင်ထဲကနေ ဖြည်းဖြည်းချင်းပြန်ဆုတ်ကာ အိပ်ရာပေါ်မှာ လဲလျောင်းလိုက်လေသည်။

ခဏအကြာတွင် ခြင်ဝီသံထက်ပင် ပို၍ပျော့ပျောင်းသည့်လေသံလေးက အိပ်ရာထဲကနေ ထွက်ပေါ်လာခဲ့သည်။

"ကျွန်တော့်ကို၊ ကျွန်တော့်ကို တစ်သက်တာအမှတ်အသားမပေးရဘူးလို့... ကျွန်တော်၊ ကျွန်တော် မပြောခဲ့ပါဘူး။"

[TN/ ဟော့ရှူးရှူငိုတာကို အမှတ်အသားပေးခွင့်မပြုလို့ဆိုပြီး ထင်သွားတာပါ။]

***

Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment