no
အပိုင်း (၅၄.၂) - အချပ်ပို (၈.၂)
လင်ယောင်က ပကာသနနှင့် မျက်နှာဆယ်ရသည်ကို သဘောကျသောလူမျိုးဖြစ်ရာ သူ(မ)၏ တစ်ဦးတည်းသောသား၏မင်္ဂလာပွဲကို သူ(မ)ဘဝ၏ ထိပ်တန်းဦးစားပေးအဖြစ် ခံယူထားသည်။ သူ(မ)က အထူးမင်္ဂလာပွဲကို ကျင်းပပေးချင်ပြီး အယ်ဖာ၏အကြိုက်များကို ယုံကြည်လို့မရဟုခံစားရသဖြင့် ကြီးလေးသောတာဝန်ကိုယူကာ နေ့တိုင်းလိုလို မင်္ဂလာပွဲစီစဥ်သည့်အဖွဲ့နှင့် ဆက်သွယ်ပြောဆိုခဲ့သည်။
မင်္ဂလာခန်းမကို နိုင်ငံခြားရှိ သမိုင်းဝင်ပြတိုက်အဖြစ် ပြောင်းလဲထားသော ရှေးဟောင်းရဲတိုက်ကြီးကို ရွေးချယ်ထားသည်။ ၎င်းက ကမ္ဘာပေါ်တွင် အကြီးမားဆုံးခြောက်နေရာထဲမှ တစ်နေရာဖြစ်ပြီး ခန်းမငှားရမ်းခမှာ ယူရို ၁၀၀၀၀၀ ကျော်ပေ၏။ တကယ့်အခက်အခဲမှာ ဖွင့်လှစ်သည့်အရေအတွက်က အလွန်အကန့်အသတ်ရှိပြီး နှစ်စဉ်နှစ်တိုင်း စုံတွဲတချို့သာ ရွေးချယ်ခံရခြင်းဖြစ်သည်။ သူ(မ)က စိစစ်မှုများစွာကို ကျော်ဖြတ်ခဲ့ရသော်လည်း အဆုံးသတ်မှာ ခေါင်းမာစွာဖြင့် တစ်နေရာရရှိခဲ့လေ၏။
လင်ယောင်က မင်္ဂလာခန်းမတင်မကဘဲ ဝတ်စုံဒီဇိုင်းအတွက်ပါ စိုးရိမ်နေခဲ့သော်လည်း အမျိုးသားအိုမီဂါများက ဂါဝန်လှလှလေးများကို မဝတ်ဆင်နိုင်သည်မှာ နှမြောစရာကောင်းပေသည်။ အမျိုးသားဝတ်ဒီဇိုင်းများက ရိုးရှင်းမှုကို အခြေခံထားဖြင့် သူ(မ)ပါဝင်ဖို့အတွက် နေရာနည်းပါးသွားခဲ့၏။
မင်္ဂလာဓါတ်ပုံများကို ကြိုတင်ရိုက်ကူးလေ့ရှိသော ရိုးရာမင်္ဂလာပွဲနှင့်မတူဘဲ လင်ယောင်၏စီစဥ်မှုက သတို့သားသည် ပွဲအခမ်းအနားမတိုင်ခင်အထိ သတို့သမီးကို ကြည့်လို့မရပေ။ ၎င်းက နောက်ဆုံးအခိုက်အတန့်မှာ အံ့အားသင့်မှုများကိုစုပြုံထားပြီး စိတ်ဓါတ်အမာဆုံးသော သတို့သားကတောင် သတို့သမီးကို မြင်မြင်ချင်း ငိုသွားနိုင်ပေ၏။ မင်္ဂလာဓါတ်ပုံများကို နောက်ပိုင်းမှ ရိုက်ကူးလို့ရပေသည်။ လင်ယောက်၏စီစဥ်မှုက အမွှန်းတင်လွန်းအားကြီးနေနိုင်သော်လည်း ယင်းမှာ ဟော့ထင်းလန်သည် ငါးနှစ်သားအရွယ်မှစ၍ မငိုခဲ့သောကြောင့်ဖြစ်နိုင်ပေ၏...
မင်္ဂလာပွဲအတွက် အဓိကဝတ်စုံအပြင် သတို့သားနှစ်ယောက်က သုံးရက်တာမင်္ဂလာပွဲအစီအစဥ်အတွင်း ပါတီပွဲများအတွက်လည်း ပေါ့ပေါ့ပါးပါးဝတ်စုံများကိုပါ လဲရန်လိုအပ်သည်။ အဆုံးသတ်တွင် တစ်ယောက်စီကို ဆယ်စုံပြင်ဆင်ခဲ့သည်။ ယင်းမှာ လူများကို မူးမေ့သွားလောက်နိုင်စေသည်။ အထူးသဖြင့် ဤကိစ္စ၌ လုံးဝစိမ်းသက်သော ယဲ့စစ်ပင်။ ကံကောင်းစွာဖြင့် လင်ယောင်က ထိုကိစ္စမှာ ပျော်ရွှင်နေပြီး ပင်ပန်းသည်ဟုမခံစားရဘဲ ဒီဇိုင်းများကို အပြည့်အဝတာဝန်ယူခဲ့သည်။ ယဲ့စစ်က စိတ်ဗလာကျင်းစွာဖြင့် ဒီဇိုင်နာအတွက် မော်ဒယ်အဖြစ်ပြုမူပေးဖို့သာ လိုအပ်ခဲ့သည်။
မင်္ဂလာပွဲမတိုင်ခင် လုပ်ရသည်များက ထိုမျှသာမကဘဲ အခြားသော အသေးအမွှားကိစ္စများစွာလည်း ရှိပေသည်။ ယဲ့စစ်ဆီမှ လက်ရေးစာများက တစ်ရာနီးပါးရှိခဲ့သည်။ သူ့မှာ သူငယ်ချင်းများ များများစားစားမရှိဟုထင်ခဲ့သော်လည်း ဖိတ်စာဝေမည့်အချိန်မှာ လူတော်တော်များများကို ဖိတ်နိုင်ကြောင်း တွေ့ရှိခဲ့ရသည်။
ချန်ရှောက်နှင့် သူ၏လူဆိုးအဖွဲ့အပြင် အတန်း ၇ လည်းရှိနေသည်။ ယဲ့စစ်က သူ့အတန်းဖော်များနှင့် ဆက်ဆံရေးကောင်းပြီး အခြားအတန်းများမှ အိုမီဂါများတချို့နှင့်လည်း ရင်းနှီးပေ၏။
မင်္ဂလာပွဲအကြိုနေ့မှာ ယဲ့စစ်က ဟော့ထင်းလန်၏ကိုယ်ပိုင်လေယာဥ်ဖြင့် မင်္ဂလာပွဲသို့ ဖိတ်ကြားခံထားရသော သူငယ်ချင်းများ၊ အတန်းဖော်များနှင့်အတူ လိုက်ပါခဲ့သည်။ လူများကို အားကျစေနိုင်သည့် အလွန်သေးငယ်သော ယဲ့စစ်၏မျက်နှာလေးမှာ နဂိုကထက် ပို၍သေးသွယ်လာပြီး သူ၏မေးစေ့ကလည်း အရင်တစ်ခေါက်တွေ့တုန်းကထက် ပို၍ချွန်လာကြောင်း ကျန်းယန်က ဝမ်းနည်းကြေကွဲစွာဖြင့် ညည်းတွားခဲ့သည်။ ထို့ကြောင့် လင်ယောင်က စိတ်ပူကာ ယဲ့စစ်အား နှစ်ရက်အတွင်း ကိုယ်အလေးချိန်ပြန်တက်အောင် တစ်ရက်လျှင် ထမင်းငါးနပ်စားရမည်ဟု ကြွေးကြော်လိုက်၏။ သို့မှသာ သူ၏ခါးလေးက သိမ်မသွားမှာပင်။ မည်သို့ပင်ဆိုစေ ခန္ဓာကိုယ်အရွယ်အစားပြောင်းသွားပါက အဝတ်အစားဆယ်စုံလုံးကို ပြန်ပြင်ရလိမ့်မည်။
"နည်းနည်းလေးပဲစားပြီး အဆီတွေပိုလာတဲ့ ငါ့လိုအိုမီဂါကို သနားပါဦးကွာ!" ကျန်းယန်က ယဲ့စစ်၏ခါးလေးကိုဆုပ်ကိုင်ကာ လင်ယောင်ကို တိုင်တန်းလိုက်၏။ "အန်တီ၊ သူ ကျွန်တော်တို့နောက်ကွယ်မှာ ဝိတ်ချနေတာပဲဖြစ်ရမယ်။ သူ့ရဲ့ခါးလေးကို ကြည့်လိုက်ပါဦး။ ကျေးဇူးပြုပြီး သူ့ကိုဂရုစိုက်ပေးပါဦး!"
ဆွယ်တာက ပွယောင်းယောင်းဖြစ်ကာ ထူနေ၏။ အကြည့်တစ်ချက်ဖြင့် ၎င်းကိုမသိနိုင်သော်လည်း ကျန်းယန်က ပိုနေသောအဝတ်စကို တင်းတင်းကျပ်ကျပ်ကိုင်ကာ သူ၏ကောက်ကြောင်းကို ပြသလိုက်၏။ ယဲ့စစ်က ရယ်မောကာ ကျန်းယန်၏လက်ထဲကနေ ရုန်းထွက်လိုက်သည်။ လေယာဥ်က မဆိုက်သေးဘဲ နှစ်ဦးသားမှာ ဆိုဖာပေါ် စနောက်ရယ်မောနေကြစဥ် လင်ယောင်က ကြေကွဲစွာဖြင့် အပြစ်တင်ပြောဆိုလာ၏။ "ထင်းလန်က မင်းကို ဘယ်လိုဂရုစိုက်ရမယ်ဆိုတာ တကယ်မသိဘူးပဲ..."
"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ထင်းလန်ထက် ပိုပြီးစဥ်းစားပေးတတ်တဲ့အယ်ဖာဆိုတာ မရှိတော့ပါဘူး။ ရှောင်စစ်က ငယ်ငယ်လေးကတည်းက အလေးချိန်မတက်တဲ့ကလေးမို့ပါ..." ယဲ့ဟုန်ကျွင်းက ဟော့ထင်းလန်အား အလျင်အမြန်ကာကွယ်လိုက်၏။
သူ(မ)ဘေးကဆိုဖာပေါ်မှာ ထိုင်နေသည့် ဟော့ထင်းလန်က ကူကယ်ရာမဲ့စွာသက်ပြင်းချ၍ ပြောလိုက်သည်။ "ရှောင်စစ်က ခက်ခက်ခဲခဲနဲ့ ကိုယ်အလေးချိန်တက်အောင် လုပ်ထားရတာကို ဒီအတောအတွင်း မားက..."
မင်္ဂလာပွဲ၏အတိုင်းအတာက အလွန်ကြီးမားပြီး လုပ်ထုံးလုပ်နည်းများစွာကို ဖြတ်သန်းခဲ့ရသည်။ ယဲ့စစ် ခက်ခက်ခဲခဲရရှိခဲ့သော ကိုယ်အလေးချိန်များမှာ ပျောက်ကွယ်သွားခဲ့ရသည်။ သူက သူ့ကိုယ်သူဂရုမစိုက်တာမဟုတ်ဘဲ အလွန်ပင်ပန်းခဲ့သောကြောင့်ဖြစ်၏။
လင်ယောင်က ယဲ့ဟုန်ကျွင်းကို နူးညံ့သိမ်မွေ့စွာဆက်ဆံသော်လည်း သူ(မ)၏သားဘက်သို့ အသံတိတ်ခေါင်းလှည့်ကာ လူသတ်လိုသောအကြည့်ကို ပေးအပ်လိုက်သည်။
"..." ယင်းက ဟော့ချန်းယွီတောင် အပြစ််မပြုနိုင်သောတစ်စုံတစ်ယောက်ဖြစ်ရာ ဟော့ထင်းလန်မှာ ရွေးချယ်စရာမရှိဘဲ ခြွင်းချက်မရှိ လက်နက်ချလိုက်ရတော့သည်။ "ရှောင်စစ်ကို ဂရုမစိုက်မိတဲ့အတွက် ကျွန်တော့်ကိုပဲ အပြစ်တင်ပါ။"
"ကျွန်တော် ကြိုးစားပါ့မယ်။ လာမဲ့နှစ်ရက်အတွင်း ကျွန်တော်... ညစာပိုစားပြီး နွားနို့တွေလည်း ပိုသောက်လိုက်ပါ့မယ်။" ရန်ပွဲကို ကြေအေးသွားရစေရန် ယဲ့စစ်က တစ်သွေးတစ်သံတစ်မိန့်အတိုင်း အလေးအနက်ထားကာ သူ့ဝတ်စုံများနှင့် ကွက်တိကျနေစေရန် ပိုဝလာစေရမည်ဟု ကတိသစ္စာပြုလိုက်သည်။
"သူပြောလိုက်တာကို နားထောင်ကြည့်ကြစမ်းပါကွာ၊ ငါဆို နို့လက်ဖက်ရည်ကို လဝက်တောင်ဖြတ်ထားရတာ!" ကြေကွဲနေသော ဖန်းယန်က ယဲ့စစ်၏ အိုမီဂါသတို့သားအရန်အဖွဲ့ဘက်သို့လှည့်ကာ ညည်းညူလိုက်သည်။ ထိုအခါ သတို့သားအရန်များကလည်း တက်ညီလက်ညီပြောဆိုကာ ၎င်းတို့၏ ပိုနေသောအသားများကို ယဲ့စစ်အားပေးနိုင်ဖို့ မျှော်လင့်နေကြလေ၏။
အရင်ဘဝတုန်းက ယဲ့စစ် သူနှင့်ရွယ်တူများနှင့် ပျော်ရွှင်တက်ကြွစွာ စကားပြောရယ်မောနေသည်အား ဟော့ထင်းလန် တစ်ခါမှမမြင်ခဲ့ဖူးပေ။ ယခုဘဝ၌လည်း ထိုကဲ့သို့မြင်ရဖို့ အခွင့်အရေးအများကြီးမရှိရာ ထိုကလေးတစ်စုကို ဆူညံသည်ဟု လုံးဝမခံစားခဲ့ရပေ။ သူ့မျက်နှာပေါ်မှာ တစ်ချိန်လုံး အပြုံးတစ်ပွင့်ရှိနေပြီး ယဲ့စစ်ကို နူးညံ့စွာ ငေးကြည့်နေခဲ့သည်။
အိုမီဂါအနည်းငယ်က သတိပြုမိသွားပြီး ယဲ့စစ်၏နားထဲ တီးတိုးပြောလိုက်ကြ၏။
"မစ္စတာဟော့က မင်းကိုစိုက်ကြည့်နေတာနော်။"
"သူက မင်းဆီကနေ အကြည့်မခွာနိုင်ဖြစ်နေတာ၊ အား!"
"အိုး။" ယဲ့စစ်က တည်ငြိမ်ချင်ယောင်ဆောင်နေသော်လည်း သူ၏အရေပြားမှ လောင်ကျွမ်းနေလေပြီ။ သူက ဟော့ထင်းလန်ကို အလျင်အမြန်တစ်ချက်ကြည့်လိုက်သည်။ အနှီမျက်လုံးများက အလွန်နူးညံ့နေပြီး သူ၏နှလုံးသားကို အခိုက်အတန့်တစ်ခုလောက် ရင်ဖိုသွားစေခဲ့၏။ သူ အချိန်အတော်ကြာသည်အထိ မျက်လွှာပင့်ကြည့်ဖို့ကိုတောင် မဝံ့ရဲတော့ပေ။
လေယာဥ်က မနက်ဆယ်နာရီမှာ ထွက်ခွာခဲ့သည်။ ဆယ်နာရီကြာခရီးစဥ်အပြီးမှာတော့ ဧည့်သည်ပထမအသုတ်က သတ်မှတ်နေရာသို့ ချောမွေ့စွာရောက်ရှိလာခဲ့၏။ လောယာဥ်ဆင်းသက်ပြီးနောက် ၎င်းတို့အား လာကြိုကာ နေရာထိုင်ခင်းနှင့် ညစာတို့အတွက် စီစဉ်ပေးခဲ့သည်။ တော်တော်လေး အလုပ်များသွားသော်လည်း လူတိုင်း ပျော်ရွှင်နေကြလေသည်။ အထက်တန်းတတိယနှစ်၏ ခါးသီးမှုမှ လွတ်မြောက်လာခါစ ဆယ်ကျော်သက်ဆစ်စုမှာ စိတ်လှုပ်ရှားနေကြပြီး ချစ်စရာကောင်းပြီး ဆူညံသောကြက်ပေါက်လေးတစ်စုနှယ် အဆက်မပြတ် စကားပြောကာ ရယ်မောနေခဲ့ကြလေသည်။
နေရာအပြင်အဆင်၊ အစမ်းလေ့ကျင့်မှု...
၎င်းတို့က အလုပ်ပိုခဲ့သည်။ ပထမဆုံးရောက်ရှိလာသည့်ဧည့်သည်များကို အကောင်းဆုံးကြိုဆိုခဲ့ကြသည်။ နှစ်ဖက်စလုံးမှ သတို့သားအရန်များက အစမ်းလေ့ကျင့်မှုကို လိုက်နာခဲ့ကြပြီးနောက် ကျန်သောအရာများက ထိုဒေသတွင်း၌ စားရန်၊ သောက်ရန်၊ ပျော်ပါးရန်အတွက်သာ တာဝန်ယူကြရ၏။ ဟော့မိသားစုက bill ကိုပါ ဂရုစိုက်ပေးသဖြင့် ၎င်းတို့မှာ ခရီးသွားများကဲ့သို့ ဖြစ်နေတော့သည်။
မင်္ဂလာပွဲနေ့တွင် ယဲ့စစ်တစ်ယောက် မိုးသောက်ချိန်၌ လင်ယောင်နှင့် ယဲ့ဟုန်ကျွင်းတို့ညီအစ်မနှစ်ယောက်ဆီကနေ အဝတ်လဲခန်းထဲသို့ ဆွဲခေါ်သွားခံခဲ့ရသည်။ လျှို့ဝှက်ဆန်းကြယ်မှုကို ထိန်းသိမ်းရန်အလို့ငှာ သတို့သားနှစ်ယောက်ကို ဟိုတယ်တစ်ဝက်လောက်ထိနေရာခွဲထားကာ ပွဲအခမ်းအနား တရားဝင်မစခင်အထိ တစ်ယောက်နှင့်တစ်ယောက် မတွေ့ခဲ့ရပေ။
ယဲ့စစ်က နီစွေးစွေးနှုတ်ခမ်း၊ ဖြူဆွတ်နေသောသွားများနှင့်အတူ ငယ်ရွယ်နုပျိုသည်။ သူက ကင်မရာပေါ်မှာ ကြည့်ကောင်းပြီး မိတ်ကပ်က သူ၏ငယ်ရွယ်နုပျိုသောအလှကို ဖျက်ဆီးလိုက်မည်စိုး၍ သူ့ကို အသားအရေထိန်းသိမ်းမှုတချို့လုပ်ပေးကာ ဆံပင်ပုံစံကို သဘာဝကျအောင်ပုံသွင်းပေးခဲ့သည်။ ယဲ့စစ်က နာခံမှုရှိစွာ ပူးပေါင်းပေးသည့်ပုံပေါ်သော်လည်း သူ၏ပယင်းရောင်မျက်ဝန်းများက အဆက်မပြတ်လျှောက်ကြည့်ကာ ဂနာမငြိမ်ခဲ့ပေ။
"ဆံပင်ပုံသွင်းတာ ပြီးပြီလား။" လင်ယောင်က ဒေါက်မြင့်ဖိနပ်ဖြင့် အဝတ်လဲခန်းထဲဝင်လာပြီး လက်ထဲမှာ သရဖူသေးသေးလေးနှင့် သတို့သမီးခေါင်းဆောင်းပဝါကို ကိုင်ထားလေ၏။ သူ(မ)က ချစ်မြတ်နိုးစွာပြောလိုက်သည်။ "ရှောင်စစ်က လိမ္မာတာပဲ။ ဆံပင်ပုံသွင်းပြီးရင် ဒါလေးကိုတပ်လိုက်နော်..."
တစ်စုံတစ်ခုကို ထိတ်လန့်သွားသည့်အလား ယဲ့စစ်၏မျက်လုံးများက ပြူးကျယ်သွားခဲ့သည်။ ထိတ်လန့်နေသောကြောင်ပေါက်လေးက ထခုန်ကာ ထွက်ပြေးရန်ပြင်လိုက်သော်လည်း ယဲ့ဟုန်ကျွင်းက သူ့ကို ပြန်ဖိချကာ ပျော့ပျောင်းစွာ နှစ်သိမ့်လိုက်သည်။ "ဒါကို လက်ထပ်ပွဲမှာ အိုမီဂါတိုင်း တပ်ရတယ်။ မတပ်တဲ့အိုမီဂါဆိုတာ တစ်ယောက်မှမရှိဘူး..."
"အဲ့ဒါ၊ အဲ့ဒါက ကျွန်တော်နဲ့ ကြည့်ကောင်းမှာမဟုတ်ဘူး။" ယဲ့စစ်စိတ်ထဲမှ အယ်ဖာဗီဇက ပါးလွှာသောပဝါလေးကြောင့် ကြေမွသွားခဲ့လေသည်။ သူက အချည်းနှီးရုန်းကန်နေခဲ့ပြီး မလွတ်မြောက်နိုင်ကြောင်း တွေ့လိုက်ရသောအခါ သူက တောင်းဆိုလိုက်၏။ "ကျွန်တော် သရဖူမတပ်လို့မရဘူလား။ ပဝါကို ပန်းမပါတဲ့ဟာနဲ့ လဲပေးပါလားဟင်။"
လင်ယောင်က သူ့ကို မည်သို့ဖြင့် သက်ညှာပေးလိမ့်နည်း။ ယဲ့စစ်ပြောနေသော သရဖူက အကုန်အကျများစွာဖြင့် လင်ယောင်ကိုယ်တိုင် ဒီဇိုင်းထုတ်ထားသော သတို့သမီး၏ဦးဆောက်ပန်းဖြစ်ပြီး ထိုအပေါ်မှာ စီခြယ်ထားသော စိန်ပွင့်များနှင့်ပင် နှစ်သန်းနီးပါးကုန်ကျခဲ့သည်။
"အိုက်ရား၊ ဒီသရဖူကို အမျိုးသားအိုမီဂါအတွက် အထူးတလှယ် ဒီဇိုင်းထုတ်ထားတာ။ ဒီပုံစံကိုကြည့်ကြည့်လိုက် လုံးဝမိိိန်းမမဆန်ဘူး။ ဒီဟာမပါရင် မင်းဝတ်ထားတဲ့ဝတ်စုံက ရိုးရိုးရှင်းရှင်းကြီးဖြစ်နေတော့ မင်းက လက်ထပ်တော့မဲ့ပုံပေါ်မနေတော့ဘူးဖြစ်သွားမှာပေါ့..." ယခု အားလုံးကိုပြောင်းလဲဖို့က အချိန်နှောင်းသွားပြီဖြစ်၏။ လင်ယောင်က သူ့ကို သိမ်မွေ့စွာနှစ်သိမ့်ကာ စတိုင်လစ်ကိုညွှန်ကြားလိုက်သည်။ "မြန်မြန်။ သူ့ကိုဝတ်ပေးလိုက်တော့။"
ပြောင်မြောက်သော မျက်နှာအစိတ်အပိုင်များနှင့် လှပသော လူငယ်လေးယဲ့စစ်မှာ ပဝါလေးဖြင့် ကြည့်ကောင်းနေပေ၏။ မနာခံလိုသောစိတ်က မရှိသလောက်ဖြစ်နေသော်လည်း သူ သက်တောင့်သက်သာမဖြစ်သေးဘဲ ထိုပဝါအား သူ့ကော်လံထဲ ထိုးသိပ်ထည့်နိုင်ဖို့ ဆုတောင်းနေမိသည်။
မင်္ဂလာပွဲ တရားဝင်စတင်ရန် နှစ်နာရီလောက်လိုသေးပြီး သူ အကြည့်ခံရမည်စိုး၍ နီမြန်းနေသောမျက်နှာလေးဖြင့် အဝတ်လဲခန်းထဲမှာ ပုန်းအောင်းနေပြီး အပြင်ထွက်ဖို့ကို ငြင်းဆန်နေခဲ့သည်။ သူက မနက်စာစားပြီး အသီးဖျော်ရည်ကို ခွက်ကြီးတစ်ခွက်လုံးသောက်ထားရာ ယခု အကျိုးဆက်ကို ခံစားနေရပြီဖြစ်သော်လည်း သန့်စင်ခန်းကိုတောင် မသွားချင်သည့်အတွက် သူ၏ခြေထောက်များက တုန်ယင်လာခဲ့၏။ ခဏအကြာတွင် ယဲ့ဟုန်ကျွင်းက သတိထားမိသွားရာ သူ့ကိုယ်သူအားတင်း၍ သန့်စင်ခန်းသို့သွားခဲ့ရသည်။ ကံကောင်းစွာဖြင့် ၎င်းက အဝန်လဲခန်း၏ဘေးမှာရှိပြီး ခြေလှမ်းအနည်းငယ်သာ လှမ်းရသော်လည်း တစ်စုံတစ်ဦးထံမှ သန်းပေါင်းများစွာကို ခိုးယူထားသူလိုမျိုး နံရံကိုမျက်နှာမူကာ ခေါင်းငိုက်စိုက်ဖြင့် လျှောက်လာခဲ့သည်။
မင်္ဂလာပွဲကို နေ့လယ် ၁၂ နာရီ၌ စတင်ခဲ့သည်။ နန်းတော်ထဲရှိ ပြပွဲခန်းမအများအပြားကို ရှင်းလင်းထားပြီး ယခုလက်ရှိ၌ မင်္ဂလာပွဲသို့ တက်ရောက်လာကြသည့် ဧည့်သည်များဖြင့် ပြည့်နှက်နေလေသည်။ စင်မြင့်ကနေ ပြပွဲခန်းမအပြင်ဘက်အထိ ကော်ဇောနီခင်းထား၏။ စင်္ကြံတစ်ဖက်ရှိ မှန်ပြတင်းပေါက်များမှတစ်ဆင့် နေရောင်ခြည်က ကော်ဇောနီပေါ်ကို နွေးထွေးသောအလင်းရောင်များ ဖြန့်ကျက်ပေးထားသည်။ ဟိုတယ်ကနေ ထွက်လာပြီးနောက် ယဲ့စစ် အငြိမ်မနေနိုင်တော့ဘဲ အလွန်စိတ်လှုပ်ရှားလာခဲ့သည်။ ပဝါနှင့် သရဖူအကြောင်းကတောင် စိတ်ထဲမှာမရှိတော့ဘဲ တံခါးအတွင်းဘက်မှ ထွက်ပေါ်လာသော မင်္ဂလာသီချင်းနှင့် အခမ်းအနားမှူး၏အသံတို့ကို နားထောင်နေခဲ့သည်။
"...ဒါဆို နောက်ထပ်သတို့သားလောင်းကို လက်ခုပ်ဩဘာများနဲ့ ကြိုဆိုလိုက်ကြရအောင်ပါခင်ဗျာ..."
"သွားတော့ ရှောင်စစ်။" ယဲ့ဟုန်ကျွင်းက ပြုံးပြကာ လီလီပန်းစည်းအသေးစားလေးကို ကမ်းပေးလိုက်ပြီး သူ၏ကျောကို ပုတ်လိုက်သည်။
ယဲ့စစ် ကော်ဇောနီပေါ်သို့ လျှောက်လှမ်းသွားလိုက်၏။
ကော်ဇောက အလွန်နူးညံ့နေလောက်သည်။ အဘယ့်ကြောင့်ဆိုသော် နဂိုမတည်ငြိမ်သော သူ၏ခြေလှမ်းများက ရုတ်တရက် ယိုင်နဲ့လာသောကြောင့်ပင်။ မည်သို့ပင်ဆိုစေ ယဲ့စစ်က အရှက်အကြောက်ကြီးသူဖြစ်ရာ ဤပွဲ၌ စိတ်လှုပ်ရှားမည်မှာ မလွဲမသွေဖြစ်သည်။ ပန်းစည်းကိုကိုင်ထားသော လက်ဖဝါးနှစ်ဖက်မှာလည်း ချွေးများစို့လာခဲ့သည်။
ဝန်ထမ်းနှစ်ယောက်က ခန်းမတံခါးကို တစ်ပြိုင်နက်ဖွင့်လိုက်ပြီး တံခါးဖွင့်သံက ရုတ်တရက် ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့သည်။ တံခါး၏နောက်ကွယ်၊ ကော်ဇောနီ၏အဆုံးတစ်ဖက်၌ ဟော့ထင်းလန်က ဝင်ပေါက်ကိုကျောပေးလျက် အနက်ရောင်ပြောင်ဝတ်စုံဖြင့် မတ်တတ်ရပ်နေခဲ့၏။ သူ၏ပခုံးနှစ်ဖက်က ဖြောင့်တန်းနေပြီး သူ၏အသွင်အပြင်က အရပ်ရှည်ကာ တောင့်တာင့်တင်းတင်းရှိနေသည်။ သူ့ကိုမြင်လိုက်ရသည့်အခိုက်အတန့်မှာ အရိုင်းဆန်စွာခုန်ပေါက်နေသော ယဲ့စစ်၏နှလုံးသားလေးက တည်ငြိမ်သွားပြီး စင်မြင့်ကိုကြောက်ခြင်းနှင့် နှလုံးခုန်သံတို့ကလည်း လျော့ကျသွားလေ၏။ ကော်ဇောနီက အလွန်ရှည်လျားပြီး ယဲ့စစ်၏ခြေလှမ်းများက တဖြည်းဖြည်းတည်ငြိမ်လာခဲ့သည်။ သူက ပြုံးပျော်နေကြသော ဧည့်သည်တော်များကိုကျော်ဖြတ်ကာ ဟော့ထင်းလန်၏အနောက်မှာ ရပ်လိုက်သည်။
ယဲ့စစ် အသက်ပြင်းပြင်းရှူလိုက်၏။ သူ၏ပါးနှစ်ဖက်က ကလေးဆန်စွာဖောင်းလာခဲ့ပြီး လေများကို မှုတ်ထုတ်လိုက်ရာ သူ့နဖူးပေါ်ရှိဆံစလေးများနှင့် မျက်လုံးအရှေ့မှ ပဝါစတို့က လွင့်သွားခဲ့သည်။ "ဟူး..."
အနီးနားမှ တချို့ဧည့်သည်များက ထိုအသေးစိတ်အပြုအမူလေးကို သတိပြုမိသွားကြပြီး ကောင်းသောအမြင်ဖြင့် ရယ်မောလိုက်ကြသည်။ ယဲ့စစ်၏ စိတ်လှုပ်ရှားနေသော အသက်ရှူထုတ်သံကို ကြားလိုက်သောအခါ ဟော့ထင်းလန်၏ပခုံးတို့က အနည်းငယ်တုန်ယင်သွား၏။
ခဏတာ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်မှုတချို့လုပ်ပြီးနောက် ယဲ့စစ်က လက်မြှောက်ကာ ဟော့ထင်းလန်၏ပခုံးကိုပုတ်၍ တီးတိုးခေါ်လိုက်သည်။ "ထင်းလန်။"
ဟော့ထင်းလန်က အနောက်သို့လှည့်လာခဲ့သည်။
ယဲ့စစ်က တောက်ပသောကော်ဇောနီပေါ်မှာ ရပ်နေပြီး သစ်လွင်သော စိတ်အားထက်သန်မှုများဖြင့် ပဝါအလွှာပါးပါးကိုဖြတ်ကာ သူ့ကို မော့ကြည့်နေခဲ့သည်။ သွယ်လျသောခန္ဓာကိုယ်လေးထက်မှာ အဖြူရောင််မင်္ဂလာဝတ်စုံကို ဝတ်ဆင်ထားပြီး သူ့ခြေဖဝါးအောက်မှ အနီရောင်ကော်ဇောနီနှင့် ပနံသင့်နေခဲ့သည်။ သူက အနီရောင်ဘရိုကိတ်အစပေါ်ရှိ ပုလဲလုံးလေးနှယ် တောက်ပပြီး အဖိုးတန်သောရတနာလေးဖြစ်ပေသည်။
ဟော့ထင်းလန်က အံအားသင့်စွာဖြင့် မျက်ခုံးများက မြင့်တက်သွားခဲ့သည်။ သူ ယဲ့စစ် ပဝါဆောင်းထားသည်ကို တစ်ခါမှမမြင်ခဲ့ဖူးသလို ယဲ့စစ်က ယခင်ဘဝတုန်းကလည်း ထိုအကြောင်းကိုမပြောခဲ့ဖူးပေ။
သူ မျှော်လင့်မထားခဲ့မိပေ...
ဟော့ထင်းလန်က ကွေးညွတ်နေသောနှုတ်ခမ်းပါးတို့ဖြင့် ယဲ့စစ်ကိုကြည့်နေခဲ့ပြီး နှစ်ဦးသားစက္ကန့်ပိုင်းလောက် အကြည့်ချင်းဆုံပြီးနောက် သူက လက်ဆန့်ကာ ယဲ့စစ်ကို ပွေ့ဖက်လိုက်သည်။ ကျယ်ပြန့်သော သူ၏ပခုံးများက အနည်းငယ်ကွေးညွတ်သွားပြီး ပူနွေးလာသောမျက်လုံးများကို ယဲ့စစ်၏ပခုံးပေါ် ဖိကပ်ကာ တိတ်ဆိတ်နေခဲ့သည်။
"... မငို၊ မငိုပါနဲ့။" ယဲ့စစ်က ဟော့ထင်းထန်၏ကျောကို ပွတ်သပ်ပေးနေရင်း သူပါကူးစက်သွားပြီး နှုတ်ခမ်းများကိုတင်းတင်းစေ့ကာ မျက်လုံးများက နီရဲလာခဲ့သည်။
"ပေါင်ပေါင်း။"
"အမ်?"
"ကိုယ် မင်းနဲ့လက်ထပ်လိုက်ပြီ။"
"ကျွန်တော်၊ ကျွန်တော်ရောပဲ။"
[TN/ တရုတ်မှာ ယောက်ျားလေးဆိုရင် မိန်းကလေးကို လက်ထပ်ယူတယ်။ မိန်းကလေးတွေဆို ယောက်ျားလေးတွေကို လက်ထပ်ပေါင်းသင်းတယ်ဆိုပြီး နှစ်မျိုးရှိပါတယ်။ အပေါ်မှာ နှစ်ယောက်လုံးက ယောက်ျားလေးနေရာကနေ ပြောထားကြတာပါ။]
သူသည် ရှုံးနိမ့်မှုကို ဘယ်တော့မှဝန်မခံခဲ့ပေ။
ဟော့ထင်းလန်က သဘောကျစွာပြုံးလိုက်၏။ "အွန်း။"
နှစ်ဦးသား ကော်ဇောနီ၏အဆုံးမှာ ခဏလောက် ပွေ့ဖက်နေခဲ့ကြသည်။
ခန်းမထဲမှာ ဂီတသံနှင့် ရယ်သံများဖြင့် ပြည့်နှက်နေ၏။ ၎င်းက ဆူညံနေသော်လည်း ရှင်းပြလို့မရစွာဖြင့် နွေးထွေးမှုကို ခံစားရစေခဲ့သည်။
ဟော့ထင်းလန်က ကိုယ်ကိုပြန်မတ်ကာ သူ၏မျက်ဝန်းများက မဟူရာကျောက်စိမ်းလို မည်းနက်နေခဲ့သည်။ ယဲ့စစ်က လက်မြှောက်ကာ သူ၏မျက်နှာကိုဆုပ်ကိုင်၍ လက်မလေးနှစ်ဖက်ဖြင့် သူ၏မျက်လုံးထောင့်များရှိ စိုစွတ်နေသောမျက်ရည်များကို သုတ်ပေးလိုက်သည်။
ထို့နောက် ဟော့ထင်းလန်က ပဝါကိုလှန်တင်ကာ ဧည့်သည်များ၏ လက်ဆုပ်ဩဘာသံများကြား၌ ယဲ့စစ်၏နဖူးလေးကို ကြင်နာစွာအနမ်းပေးလိုက်သည်။
ကင်မရာက ထိုအခိုက်အတန့်လေးကို ထာဝရအဖြစ် မှတ်တမ်းတင်ပေးခဲ့သည်။
အဖြူရောင်မြူခိုးများနှင့်တူသော ခေါင်းဆောင်းပဝါလေးက ပြန်ကျလာပြီး နှစ်ဦးသားကို လွှမ်းခြုံသွားခဲ့သည်။ အဆက်မပြတ်သောရိုက်ချက်များက ထိုဖြစ်စဥ်ကို သစ္စာရှိရှိမှတ်တမ်းတင်ခဲ့လေ၏။
ကင်မရာဘောင်ထဲတွင် ဟော့ထင်းလန်က ယဲ့စစ်ကို သူ့ရင်ခွင်ထဲထွေးပွေ့ထားသည်။ လူငယ်လေးက အရပ်ရှည်ပြီး သွယ်လျကာ သူ၏ပခုံးများကို အရပ်ရှည်ရှည်အယ်ဖာက ပွေ့ဖက်ထားလေ၏။ သူ့ကိုကြည့်ရသည်မှာ ငြိမ်သက်နေသောဆိပ်ကမ်း၌ ကမ်းကပ်ထားသော လှေငယ်လေးတစ်စင်းနှယ် ပျော်ရွှင်ကာ ကျေနပ်ရောင့်ရဲနေခဲ့သည်။
ယခုအချိန်မှစ၍ လေပြင်းများနှင့် မိုးများက ရှိတော့မည်မဟုတ်ဘဲ နွေးထွေးသော နေမင်းကြီးသာ ရှိနေပေတော့မည်။
[ပြီးပါပြီ။]
***
Aurora Novel Translation Team
There is No Eng Version
Saung2004
4 months ago
ဝူးးးးးး အရမ်း၀မ်းနည်း၀မ်းသာဖြစ်ရတာပဲ