no
အပိုင်း (၅၃.၁) - အချပ်ပို (၈.၁)
[ယဲ့စစ်၏ချစ်သူကောင်လေးစွမ်းအင်]
ဆောင်းတွင်းကြီး၌ဖြစ်၏။
မိုးသီးလေးများနှင့်ရောနေသည့် ဆီးနှင်းများက ပြတင်းပေါက်များကို တဖြောက်ဖြောက်ထိမှန်ကာ ဆိတ်ငြိမ်မှုလေးကို ထပ်လောင်းအေးချမ်းပေးနေစေ၏။
အိပ်ခန်းထဲရှိ အပူပေးစက်က အလွန်ပူသော်လည်း ယဲ့စစ်၏လက်များက နှင်းကိုက်ဝေဒနာကို ခံစားခဲ့ရသဖြင့် သူက သာမန်လူများထက် အအေးဒဏ်ကို ပိုကြောက်တတ်သည်။ ဟော့ထင်းလန်၏ညွှန်ကြားချက်အရ သူသည် သူ၏လက်များကို အအေးဒဏ်မှကာကွယ်ရန် လက်အနွေးအိတ်ထဲထည့်ထားပြီး သူ့အရှေ့က စားပွဲပေါ်၌ စာအုပ်တစ်အုပ်ကိုဖြန့်ထားပြီး စာမျက်နှာတစ်ခုစီမှာ မေးခွန်းထုတ်လို့ရသည့်အချက်အလက်များကို ဘောပင်ဖြင့်မှတ်သားထားသော အမှတ်အသားများဖြင့်ပြည့်နှက်နေလေ၏။
ယဲ့စစ်၏နှုတ်ခမ်းလွှာတို့က လှုပ်ရှားနေပြီး သူက ခက်ခဲသော ဓါတုဗေဒညီမျှခြင်းများကို ကျမ်းစာရွတ်သကဲ့သို့ နှုတ်တိုက်ရွတ်ဆိုနေခဲ့သည်။
လွန်ခဲ့သောလအနည်းငယ်က သူ ထိပ်တန်းဆေးဝါးတက္ကသိုလ်မှ ဝင်ခွင့်စာတစ်စောင်ကို လက်ခံရရှိခဲ့၏။ လွန်ခဲ့သည့်တစ်နှစ်ခွဲခန့်က သူ၏ မီးကုန်ယမ်းကုန်ကြိုးစားအားထုတ်မှုများမှာ အချည်းနှီးမဟုတ်ခဲ့ပေ။
ဆေးဝါးမေဂျာက ထောင်ချောက်တစ်ခုဟု ပြောစမှတ်ပြုကြသည်။ ၎င်းက အလုပ်အကိုင်အခွင့်အလမ်းနည်းပါးသလို စာလေ့လာရတာပင်ပန်းပြီး ကျောင်းသားများမှာ ဆံပင်မကျွတ်အောင် အလွန်ဂရုစိုက်ကြရသည်။ 'မေဂျာကောင်းကောင်းကို လိုချင်လျှင် နှစ်တိုင်း ကောလိပ်ဝင်ခွင့်စာမေးပွဲလိုမျိုး ဖြေဆိုရလိမ့်မည်' ဟူသော ဆိုရိုးစကားအတိုင်း ၎င်းတို့၏မေဂျာမှာ ပထမနှစ်ကတည်းက မလွယ်ကူခဲ့သော်လည်း ယဲ့စစ်မှာ ရည်မှန်းချက်များရှိသဖြင့် ၎င်းကို ခက်ခဲသည်ဟု မတွေးခဲ့ပေ။ ၎င်းက စိန်ခေါ်မှုမြင့်မားကာ ယဲ့စစ်တစ်ယောက် စာလေ့လာဖို့ကို စိတ်အားထက်သန်နေတော့သည်။
ဓါတုဗေဒ၌ ကျက်မှတ်စရာများစွာရှိ၏။ ယဲ့စစ်၏မှတ်ဉာဏ်က မဆိုးဝါးဘဲ သူက အရာအားလုံးကို လျင်မြန်စွာ ကျက်မှတ်နိုင်ရုံသော်လည်း စာမေးပွဲရမှတ်များ၌ အမှတ်အများကြီး မဆုံးရှုံးချင်သည့်အတွက် စာသင်နှစ်ကုန်ခါနီးမှ ပြွတ်သိပ်ထည့်ခြင်းမျိုးကို မလုပ်နိုင်ပေ။
အဆောင်မှာရှိသော အခြားကျောင်းသားသုံးယောက်ကလည်း ဘုန်းတော်ကြီးများ သုတ္တန်ရွတ်ဖတ်သလို အာဂုံဆောင်နေကြသည်။ ၎င်းတို့က များသောအားဖြင့် နုနယ်သောအိုမီဂါလေးများဖြစ်သော်လည်း ယခု အားလုံးမှာ စာမေးပွဲဒဏ်ကြောင့် ဖိုသီဖတ်သီနေကြလေ၏။ ၎င်းတို့၏ခန္ဓာကိုယ်အပေါ်ပိုင်းက အပူတပြင်းရွတ်ဖတ်သံများအတိုင်း စည်းချက်လိုက်ကာ လွှဲယမ်းနေခဲ့ကြသည်။
ယဲ့စစ်က စာမျက်နှာဆယ်မျက်နှာကို ပြန်လည်ဖတ်ရှုပြီးတိုင်း ငါးမိနစ်အနားယူတတ်သည်။ ယခု အနားယူဖို့အချိန်ရောက်လာရာ ဖုန်းကိုကောက်ယူလိုက်လေ၏။
စာမေးပွဲရာသီအတွင်း အဓိကကောလိပ်များနှင့် တက္ကသိုလ်များအားလုံး တစ်ခုပြီးတစ်ခု နောက်ဆုံးအဆင့်ကို ရောက်နေပြီဖြစ်ရာ ထျန်းချန်၏ အတန်း ၇ WeChat အဖွဲ့ထဲမှာ ငိုကြွေးနေခဲ့ကြလေသည်။
...
[ကျန်းယန်]: ငါသေချင်တယ်။ လစ်ဘရယ်အနုပညာဆိုတာ ဘာကြီးလဲ! ငါက ဘာဖြစ်လို့ အဆင့်မြင့်သင်္ချာကို ဘာလို့သင်နေရသေးတာလဲ။ အား အား အား...
[ကျန်းယန်]: ငါ မကြိုးစားချင်တော့ဘူးလို့။
[ကျန်းယန်]: မှော်မန္တာန်ရွတ်ဆိုခြင်း.jpg
[ကျန်းယန်]: ငါ့ကို ပျိုးထောင်ပေးမဲ့ အရပ်ရှည်ပြီး စွမ်းအားကြီးတဲ့ အယ်ဖာတစ်ယောက်ကိုဆင့်ခေါ်ဖို့ မှော်စွမ်းအားသုံးလိုက်ပြီ။
[လုမင်ဟန်]: သောက်ကျိုးနည်း။
[လုမင်ဟန်]: မင်းရဲ့ဦးနှောက်ကိုရှင်းပေးဖို့ ငါမလာတာ လဝက်တောင်ကြာသွားလို့မို့ အဲ့လိုထင်ယောင်ထင်မှားတွေဖြစ်နေတာလား @ကျန်းယန်
[ကျန်းယန်]: အီးစားလိုက်.jpg
[ကျန်းယန်]: မင်းမှာ အရည်အချင်းရှိရင် နောက်ထပ်လဝက်လောက် ဒီကိုမလာခဲ့နဲ့လေ။
[လုမင်ဟန်]: ငါ စာမေးပွဲပြီးတဲ့အချိန်ကို စောင့်နေလိုက်၊ မင်းကို လာခေါ်လိုက်မယ်။
[ယဲ့စစ်]: ယန်၊ ပြောမနေနဲ့တော့။ အားကစားကော်မတီခေါင်းဆောင်ကို မင်း မှော်မန္တာန်နဲ့ ဆင့်ခေါ်လိုက်ပြီမလား။
[ကျန်းယန်]: ???
[ကျန်းယန်]: မင်းလည်း ဒီစကားဝိုင်းထဲကို ဘယ်လိုခိုးဝင်ရမလဲဆိုတာ သိတယ်?
[ယဲ့စစ်]: အမှန်ပဲ။
အလွန်စိတ်တိုစရာကောင်းသော 'အမှန်ပဲ' ဆိုသည့်စကားလုံးက ဟော့ထင်းလန်၏လေသံအတိုင်းပင်။
[ယဲ့စစ်]: ငိုနေသောကြောင်ဦးခေါင်းလေး.jpg
[ကျန်းယန်]: အိုးမိုင်ဂေါ့၊ အရင်တုန်းက အစခံရရုံနဲ့ မျက်နှာကြီးနီလာတတ်တဲ့ယဲ့စစ်က ဘယ်ရောက်သွားပြီလဲ! ဒီကွာဟချက်ကြီးက ဘာလို့ ဒီလောက်ထိကြီးမားနေရတာလဲ!
[ကျန်းယန်]: နဂါးလက်ဖဝါးသိုင်း.jpg
[ယဲ့စစ်]: ကြောင်လေးက ခေါင်းကိုအုပ်ထားပြီး 'ငါ့ကို နာကျင်အောင်မလုပ်ပါနဲ့' ဟုပြောနေသည့်.jpg
...
နောက်ဆုံးတော့ မျက်နှာရူးအတန်းဖော်များ၏ လွှမ်းမိုးမှုအောက်မှာ ယခင်ကအထီးကျန်သောကောင်လေးတစ်ယောက်က emoticons များကို ကျွမ်းကျင်စွာ အသုံးပြုတတ်လာခဲ့သည်။
ကျန်းယန်၏အဆိုအရ နူးညံ့ပြီး ချစ်စရာကောင်းသော အိုမီဂါလေးများကသာ 'အီးစားလိုက်' ကဲ့သို့ ရိုင်းစိုင်းသည့် emoticons များကို အသုံးပြုတတ်ကြပြီး ကြမ်းကြုတ်သော အယ်ဖာများက ကြောင်လေးများ၊ ခွေးလေးများကို အသုံးပြုတတ်ကြသည်။
ထို့ကြောင့် စိတ်ပိုင်းဆိုင်ရာမှာ အယ်ဖာဖြစ်သောယဲ့စစ်က ချစ်စရာကြောင်ပုံလေးများကို သိမ်းထားခဲ့သည်။
ကျန်းယန်နှင့် လုမင်ဟန်တို့က အမြဲလိုလို ရန်သတ်နေကြသော်လည်း ချစ်နေကြသော' သူငယ်ဂျင်း' များဖြစ်သည်။ နှစ်ယောက်စလုံးက စကားပြောကောင်းပြီး အထက်တန်းဘွဲ့ရပြီးနောက်ပိုင်း အပြန်အလှန်ဆက်ဆံရေးများက ပိုပိုပြီး ဒွိဟဖြစ်စရာကောင်းလာသောကြောင့် ၎င်းတို့ တစ်ယောက်ကိုတစ်ယောက်ချစ်နေကြသည်မှာ တစ်နှစ်လောက်ရှိလောက်ချေပြီ။ နှစ်ဦးသားက နေရာမတူသော်လည်း အမြန်ရထားဖြင့်သွားလျှင် တစ်နာရီလောက်သာ ဝေးပေ၏။ လုမင်ဟန်က ကျန်းယန်ကို သွားသွားတွေ့ကာ နှစ်ဦးသား မကြာခဏဆိုသလို သီးသန့်အချိန်ကုန်ဆုံးတတ်ကြသည်။ မျက်လုံးပါသူတိုင်း ၎င်းတို့နှစ်ယောက် တရားဝင်ကြေညာဖို့ သိပ်မလိုတော့ကြောင်း ပြောနိုင်ပေသည်။
အတန်းဖော်များစကားပြောခန်း၌ ကျန်းယန်နှင့် လုမင်ဟန်တို့က ပရောပရည်လုပ်နေကြပြီး ကျန်လူအုပ်ကြီးက 'ဝိုးအိုး' တစ်တန်းလိုက်ကြီးဖြင့် အားပေးတတ်ကြသည်။ ယဲ့စစ်က အပြုံးလေးဖြင့် မက်ဆေ့ချ်စာရင်းဆီပြန်ထွက်ကာ အောက်သို့ဆွဲလိုက်သည်။
ထိုနေရာမှာ လွန်ခဲ့သာ နှစ်ဆယ့်လေးနာရီကပို့ထားသည့် ဟော့ထင်းလန်၏ မက်ဆေ့ချ်အသစ်ရှိနေ၏။
ယဲ့စစ်က တစ်နေ့လုံး စာများကျက်မှတ်နေရသောကြောင့် သူ့ဆီကနေ သတင်းမကြားရသည်မှာ ပုံမှန်ဖြစ်ပေ၏။ သူက စားပွဲကိုဓါတ်ပုံရိုက်ကာ ပို့လိုက်သည်။
[ယဲ့စစ်]: [ပုံ]
[ယဲ့စစ်]: ကျွန်တော် တစ်ညလုံးစာလုပ်နေတာ၊ စာမျက်နှာ ၃၀ လောက်ပြီးသွားပြီ။
[ယဲ့စစ်]: ကြောင်ပေါက်လေးမေ့လဲနေသည့်.jpg
[ယဲ့စစ်]: ခင်ဗျား ဘာလုပ်နေတာလဲ။
အခြားတစ်ဖက်က စက္ကန့်ပိုင်းအတွင်း စာပြန်လာခဲ့သည်။
[ဟော့ထင်းလန်]: ပေါင်ပေါင်းက လုပ်နိုင်ပါတယ်။
[ဟော့ထင်းလန်]: ဘာမှမလုပ်ပါဘူး။ ကိုယ် ဒီနေ့ အလုပ်မှာ အားနေတာမို့ အနားယူနေတာ။
အဖြေက တော်တော်လေးကျေနပ်စရာကောင်းသော်လည်း ယဲ့စစ်က တစ်စုံတစ်ခုထူးဆန်းနေသည်ဟု ခံစားလိုက်ရသည်။ ၎င်းက အိုမီဂါ၏ဆဌမအာရုံဖြစ်နိုင်ပေ၏။
[ယဲ့စစ်]: ခင်ဗျား စကားပြောလို့ရလား။
[ဟော့ထင်းလန်]: ပေါင်ပေါင်းအတွက် အဆင်ပြေရင်ပေါ့။ အဲ့ဒီမှာ အခန်းဖော်တွေမရှိဘူးလား။
ယဲ့စစ်သည် ဘာကိုမှ ဖုံးကွယ်မထားခဲ့ပေ။ သူက သူ၏လက်သန်းကြွယ်၌ လက်ထပ်လက်စွပ်ကို တစ်ချိန်လုံးဝတ်ထားသဖြင့် စာရင်းသွင်းပြီးပြီးချင်း သူက အိမ်ထောင်သည်မှန်း အခြားကျောင်းသားများအားလုံး သိကြပေ၏။ ယဲ့စစ်နှင့် အရင်းနှီးဆုံးဖြစ်သည့် အခန်းဖော်သုံးယောက်ဆို ဟော့ထင်းလန်နှင့်တောင် ညစာအတူစားဖူးရာ ဖုံးကွယ်ထားစရာ ဘာမှမရှိပေ။ သို့သော် ဟော့ထင်းလန်က ၎င်းတို့နှစ်ဦးကြားရှိ ကိုယ်ရေးကိုယ်တာကိစ္စများကို အာရုံစိုက်ပြီး ယဲ့စစ်တစ်ယောက်တည်းရှိချိန်မှသာ ဖုန်းပြောခြင်း သို့မဟုတ် video call ခေါ်ခြင်းတို့ကို ပြုလုပ်တတ်သည်။
[ယဲ့စစ်]: အဆင်ပြေပါတယ်။
ထိုသို့ပို့ပြီးနောက် ယဲ့စစ်က ထရပ်ကာ ကော်ရစ်တာဘက်သို့ထွက်လိုက်သည်။ ထို့နောက် ဟော့ထင်းလန်ကို ဖုန်းခေါ်လိုက်လေ၏။
ဟော့ထင်းလန်က ချက်ချင်းကိုင်ခဲ့သည်။
"ပေါင်ပေါင်း။"
သူ့စိတ်ထင်ပဲလားတော့ မသိသော်လည်း ဟော့ထင်းလန်၏အသံက ပုံမှန်ထက် အနည်းငယ်အက်ရှကာ သူ၏နားရွက်ဖျားများအား သဲမှုန်လေးများဖြင့် ပွတ်တိုက်သွားသလို ခံစားလိုက်ရသည်။
သူ့အသံကို ကြားလိုက်ရသောအခါ ယဲ့စစ်၏နားရွက်ဖျားများက ယားယံလာခဲ့ပြီး မှင်တက်စွာဖြင့် သူ၏လက်ကောက်ဝတ်ကို ကုတ်ခြစ်၍ ခပ်တိုးတိုးမေးလိုက်သည်။ "ခင်ဗျား စောစောတုန်းက ဘာလုပ်နေခဲ့တာလဲ။"
"ဟမ်?" ဟော့ထင်းလန်၏လေသံက အပြစ်ကင်းစင်နေ၏။ သူက ရယ်မောကာ လည်ချောင်းရှင်းလိုက်သည်။ "ကိုယ် ဘာမှမလုပ်ပါဘူး။ ဒီတိုင်း လှဲပဲလှဲနေတာ... ကိုယ် မျက်လုံးမှိတ်ထားပြီး အနားယူနေတာလေ။ ဘာဖြစ်လို့လဲ။"
လဲလျောင်းပြီး မျက်စိမှိတ်ကာ အနားယူနေ၏။
ဤသည်မှာ အထီးကျန်နေသော အသိုက်လွတ်ငှက်ကလေးနှယ်။
ယဲ့စစ်၏စိတ်ထဲ တစ်စုံတစ်ခုကပေါ်လာပြီး ရှက်ရွံ့သွားလေ၏။ "ဒါဆို ခင်ဗျားရဲ့အသံက ဘာလို့အဲ့လိုဖြစ်နေတာလဲ။"
ဖုန်းတစ်ဖက်မှာ ခဏလောက်တိတ်ဆိတ်သွားပြီးနောက် နက်ရှိုင်းသောရယ်သံက ပေါ်ထွက်လာခဲ့သည်။ "ပေါင်ပေါင်းက ကြားတယ်ပေါ့?"
ယဲ့စစ်၏အကြားအာရုံက စူးရှသောကြောင်မဟုတ်ဘဲ အရင်က ထိုကဲ့သို့တွေ့ကြုံဖူးသောကြောင့်ဖြစ်သည်...
ကျောင်းသားအသစ်များအတွက် စစ်သင်တန်းက လဝက်ကြာမြင့်ခဲ့ပြီး ထိုအချိန်အတောအတွင်း အကြောင်းပြချက်ကောင်းကောင်းမရှိဘဲ ကျောင်းအပြင်ကိုထွက်လို့်မရပေ။ ထိုလဝက်အတွင်း ဟော့ထင်းလန်က ပိုလို့တောင် ကျိုးကြောင်းမဆီလျော်ခဲ့ပေ။ သူက ယဲ့စစ်ကို ညသန်းခေါင်ကြီးဖုန်းခေါ်ကာ လူမရှိသော အရေးပေါ်ထွက်ပေါက်ဆီသွားရန် ချော့မြှူခဲ့ပြီး မပြောအပ်သောစကားလုံးတချို့ကိုပြောရန် သွေးဆောင်ခဲ့သည်။ ယဲ့စစ်ကိုယ်တိုင်က ညစ်ပတ်သောစကားများကို မပြောတတ်သော်လည်း ဟော့ထင်းလန်က သူ့ကို သင်ပေးခဲ့သည်။ ဟော့ထင်းလန်က ဖုန်းထဲကနေ တစ်စုံတစ်ခုကိုပြောလိုက်ပြီး ယဲ့စစ်မှာ ခေါင်းမီးတောက်လျက် နာခံမှုရှိစွာဖြင့် ပြန်ပြောခဲ့ရ၏။
ကနဦးတုန်းက ယဲ့စစ်သည် ဟော့ထင်းလန်က သူ့ကိုလွမ်းနေသဖြင့် သူ့အသံကြားချင်သောကြောင့်ဟုသာ ထင်ခဲ့သော်လည်း တဖြည်းဖြည်းနှင့် စကားလုံးများက ပိုပိုပြီးညစ်ညမ်းလာခဲ့သည်။ ၎င်းတို့ကို 'အချစ်စကားများ' ဟု သတ်မှတ်ရန်တောင် ခက်ခဲလာခဲ့၏။ ဟော့ထင်းလန်၏အသံကလည်း နက်ရှိုင်းကာ ပို၍ကြမ်းရှလာပြီး စိုစွတ်သည့်အသံတချို့ပါ ရောထွေးလာခဲ့သည်... ထိုအချိန်ကျမှ ယဲ့စစ်တစ်ယောက် သတိပြုမိသွားပြီး ဖုန်းချလုနီးပါးအထိ ရှက်ရွံ့လာလေ၏။
ထို့ကြောင့် သူက ထိုကဲ့သို့အသံမျိုးကို ပို၍သတိထားမိလာပြီး ၎င်းတို့ကြားလိုက်သောအခါ ကိစ္စများက ရိုးရှင်းမနေကြောင်း ခံစားခဲ့ရသည်။
"အွန်း။" ယဲ့စစ်က ခေါင်းငုံ့ကာ သူ၏ဖိနပ်ဖြင့် စကြင်ကျောက်သားကြမ်းပြင်အား ပွတ်တိုက်နေခဲ့သည်။ သူ ခဏလောက်တွေးတောကာ ပရောပရည်လုပ်ရန် ကြိုးစားလိုက်၏။ "ခင်ဗျား... ကျွန်တော့်ကိုလွမ်းလား။"
"ဘယ်လိုလုပ် မလွမ်းဘဲနေမှာလဲ။" ဟော့ထင်းလန်က လည်ချောင်းရှင်းကာ စနောက်သလို အပြစ်တင်လိုက်သည်။ "အရင်တစ်ပတ်က ပေါင်ပေါင်းက အိမ်ပြန်မလာဘူးလေ။"
ကျောင်းက တနင်္လာနေ့ကနေ ကြာသပတေးနေ့အထိ အိပ်ဆောင်များကို ကျပန်းစစ်ဆေးတတ်ပြီး အဆောင်ပြန်မအိပ်သည့်ကျောင်းသားများကို အပြစ်ပေးတတ်သည်။ သို့သော်လည်း ကျောင်းသား၏မိသားစု၌ အထူးအခြေအနေများရှိပါက ကျောင်းပြင်ပမှာ ရေရှည်နေထိုင်ရန် အဆောင်မှူးကိုတင်ပြနိုင်သည်။
ယဲ့စစ်က လက်ထပ်ပြီးသားဖြစ်ရာ ကျောင်းပြင်ပမှာနေထိုင်ခွင့်လျှောက်တင်ရန် အရည်အချင်းပြည့်မီသော်လည်း ဟော့ထင်းလန်က သူ့ကို ပထမနှစ်တစ်နှစ်ကို ကျောင်းတွင်းအဆောင်၌ နေခွင့်ပြုခဲ့သည်။
ပထမနှစ်ကျောင်းသားတစ်ယောက်က ကျောင်းမှာ စာရင်းသွင်းပြီးပြီးချင်း ကျောင်းပြင်ပမှာနေထိုင်ခွင့်လျှောက်လိုက်လျှင် အတန်းဖော်များနှင့် ရင်းနှီးနိုင်သည့်အခွင့်အရေးများက လျော့နည်းသွားနိုင်သည်။ ဆက်ဆံရေးများသည် မလွဲမသွေ ဝေးကွာသွားကာ ယဲ့စစ်ကိုယ်တိုင်ကလည်း စိတ်အားထက်သန်စွာဖြင့် စကားများများပြောတတ်သူမဟုတ်ရာ သူစိမ်းများနှင့် စကားအနည်းငယ်သာ ပြောဖြစ်လိမ့်မည်ပင်။
ယဲ့စစ် သူငယ်ချင်းများမရှိဘဲ တစ်ယောက်တည်းရှိနေချိန် သူ၏အသွင်အပြင်နှင့် သူ၏အတန်းဖော်များနှင့်အတူ ရယ်ရယ်မောမော စကားစမြည်ပြောနေချိန် သူ၏အသွင်အပြင်တို့ကို ဟော့ထင်းလန် မြင််ခဲ့ဖူး၏။ ကောလိပ်ဘဝမှာခံစားသင့်သော ယဲ့စစ်၏ပျော်ရွှင်မှုများကို ကျိုးကြောင်းမဆီလျော်သော သူ၏ပိုင်ဆိုင်လိုစိတ်ကြောင့် မဆုံးရှုံးစေချင်ပေ။ ထို့ကြောင့် ယခုစာသင်နှစ်၌ ယဲ့စစ်က ကျောင်းတွင်းအဆောင်မှာနေထိုင်ပြီး အပတ်တိုင်းအိမ်ပြန်လာတတ်သည်။ သို့သော် လတ်တလော၌ လလယ်စာမေးပွဲဖြေဆိုရန် အလွန်အလုပ်များနေသဖြင့် ယဲ့စစ်က အာရုံမများချင်ပေ။ သူ အိမ်မှာဆို စာအုပ်များဖတ်၍ ကျောင်းမှအချက်အလက်များကို ရှာဖွေနိုင်မည်မဟုတ်သောကြောင့် ပြီးခဲ့သည့်အပတ်က အိမ်မပြန်ခဲ့ချေ။
"...ကျွန်တော် ၁၂ ရက်နေ့ စာမေးပွဲပြီးသွားရင် အိမ်ပြန်လာပြီး ခင်ဗျားကို အဖော််ပြုပေးပါ့မယ်။ အဲ့ဒါက သိပ်မလိုတော့ပါဘူး။" ယဲ့စစ်က ဖုန်းထဲကနေ ပျော့ပျောင်းစွာချော့မြှုလိုက်သည်။ "အဲ့လိုဆို အဆင်ပြေတယ်မလား။"
"ဒါပေါ့။" ဟော့ထင်းလန်က အတော်အသင့် ကျိုးကြောင်းဆီလျော်နေပြီး နှစ်သိမ့်သည့်လေသံဖြင့် နူးညံ့စွာပြောလိုက်သည်။ "စာမေးပွဲအတွက် စာလေ့လာတာကို အာရုံစိုက်ထားလိုက်ပါ။ ကျောင်းမှာက စာလေ့လာဖို့ကောင်းတဲ့အငွေ့အသက်တွေရှိတယ်... လွန်ခဲ့တဲ့နှစ်ရက်က ကိုယ် မင်းကိုနှောင့်ယှက်မိမှာစိုးလို့ ကိုယ့်ဘက်ကစပြိီး စာမပို့ရဲခဲ့ဘူး။"
ယဲ့စစ် သူနှင့် အချိန်တော်တော်ကြာအောင် စကားပြောပြီးနောက် ဖုန်းချကာ ချက်ချင်းဆိုလို ဦးလေးဟယ်ကို ဖုန်းခေါ်လိုက်သည်။
ဖုန်းခေါ်ဆိုမှုပြီးနောက် ယဲ့စစ်က အဆောင်ခန်းထဲပြန်ဝင်ကာ ဆယ့်နှစ်ရက်နေ့စာမေးပွဲအတွက် စာအုပ်များနှင့် မှတ်စုများကိုထုပ်ပိုး၍ အမြန်အဝတ်လဲလိုက်၏။
"...ရှောင်စစ်၊ အပြင်သွားမလို့လား။" အခန်းဖော်များက မော့ကြည့်လာပြီး သူ့ကို မေးမြန်းလာခဲ့သည်။
"အွန်း။" ယဲ့စစ်က လက်အိတ်ဝတ်ကာ ပြောလိုက်သည်။ "ငါ့လောင်ကုန်းက အအေးမိပြီး အဖျားတက်နေလို့။ ငါ ပြန်သွားကြည့်လိုက်ဦးမယ်။ ကျောင်းသားကောင်စီက အိပ်ခန်းကို လာစစ်ခဲ့ရင်..." ယဲ့စစ်က ခဏတွေးလိုက်၏။ ယခု ဆယ့်တစ်နာရီိထိုးပြီဖြစ်ရာ အဆောင်မှူးကိုခွင့်တိုင်ဖို့က အဆင်မပြေချေ။ "ထားလိုက်ပါတော့၊ သူတို့ စစ်ပါစေတော့။"
စောစောက ဖုန်းခေါ်ဆိုမှုအတွင်း ယဲ့စစ် ဟော့ထင်းလန်၏အသံကိုနားထောင်လေလေ တစ်စုံတစ်ခုက မှားယွင်းလေဟု ခံစားရလေပင်။ အထူးသဖြင့် သူ လည်ချောင်းရှင်းလိုက်ချိန်က တစ်ခုခုကို ဖုံးကွယ်ထားချင်နေသလိုပင်။
***
Aurora Novel Translation Team
There is No Eng Version