no
အပိုင်း (၉.၁) - လှုပ်ရှားဖို့အသင့်
ဟော့ထင်းလန်က ရေခဲအိတ်နှင့် ဖြန်းဆေးဘူးကိုယူကာ ပျော့ပျောင်းစွာပြောလိုက်သည်။ "ကျေးဇူးတင်ပါတယ်၊"
ယဲ့စစ်၏မျက်ဝန်းများက တဖျပ်ဖျပ်တောက်ပနေပြီး သူ့နှာတံကို စိုက်ကြည့်နေကြောင်း တွေ့လိုက်ရသောအခါ ဟော့ထင်းလန်တစ်ယောက် အခက်ကြုံသွားပြီး နှစ်စက္ကန့်မျှစဥ်းစားကာ အမှားရောယှက်နေသော အမှန်တရားကို ပြောလိုက်လေ၏။
"စောစောက ဗီဒီယိုကောအစည်းအဝေးရှိလို့ ကိုယ် နည်းနည်းလောက်ဖုံးထားလိုက်တာ။"
"အိုး။"
ယဲ့စစ် ထိတ်လန့်သွား၏။ ဟော့ထင်းလန်က သူ၏ရိုင်းပျသောခန့်မှန်းချက်များကို ဖြတ်မြင်နေရမှန်း သိလိုက်ရပြီးနောက် သူ၏အရှက်တရားက နှစ်ဆတိုးလာပြီး အလျင်အမြန် ခေါင်းညိတ်ပြလိုက်သည်။
"ကျွန်တော်သိပါတယ်။ ကျွန်တော် သတိပြုမိပါတယ်။"
ဟော့ထင်းလန်က ပြုံးလိုက်ပြီး အကြောင်းအရာပြောင်းလိုက်၏။
"ဟုတ်သားပဲ၊ ကိုယ် မင်းကို ကျေးဇူးတင်ဖို့ မေ့တော့မလို့... ဒီနေ့ကုသမှုက အရမ်းထိရောက်ပြီး ကိုယ် အများကြီးပိုကောင်းလာတယ်။"
"ရပါတယ်။"
လူသားချင်းစာနာထောက်ထားမှု ရည်ရွယ်ချက်အတွက် ယဲ့စစ် သူ၏ရှက်ရွံ့မှုကို အံကြိတ်ကာ ကျော်လွှားလိုက်သည်။
"ဖယ်ရိုမုန်းတွေက လုံ-လုံလောက်ရဲ့လား။ ကျွန်တော်၊ ကျွန်တော် အဝတ်လဲပြီး... အဲ့ဒါတွေကို မလျှော်ရသေးဘူး။"
ဟော့ထင်းလန်တစ်ယောက် ရယ်မောကာ ကျီစယ်သည့်လေသံဖြင့် ထပ်ပြောလိုက်၏။
"အဲ့ဒါတွေကို မလျှော်ရသေးဘူး?..."
ယဲ့စစ်မှာ အိုမီဂါတစ်ယောက်ဖြစ်နေခြင်းအား အမှန်တကယ် ကိုယ့်ကိုယ်ကိုယ်သတိပြုမိခြင်းမရှိပေ။
ဟော့ထင်းလန်၏ လေးနက်ပြီး ဆန်းကြယ်သော မျက်ဝန်းနက်များကို မြင်လိုက်ရသောအခါ ယဲ့စစ် ရုတ်တရက်ဆိုသလို ရှက်ရွံ့လာခဲ့သည်။ သူ့ပါးပြင်ကနေ တင်ပါးအထိ အပူငွေ့များဖြင့် လောင်ကျွမ်းနေပြီး ထပ်ပြီးရှင်းပြရင်း သူ့ကိုယ်သူအတွက် ပိုနက်သောတွင်းတစ်တွင်းကို တူးလိုက်မိ၏။
"အဲ့ဒါ အပေါ်ထပ်တူညီဝတ်စုံ၊ အနွေးထည်နဲ့... ရှပ်အင်္ကျီပါ။"
"ကိုယ်သိပါတယ်။" ဟော့ထင်းလန်က သိမ်မွေ့စွာပြောလိုက်သည်။ "တခြားရော?"
"မရှိ၊ မရှိပါဘူး။" ယဲ့စစ် လက်သီးနှစ်ဖက်ဆုပ်ထားလေ၏။
ဒီဖွင့်ထားတဲ့ပါးစပ်က တကယ်ကို ရပ်တန့်လို့မရတာပဲ။
သူက စကားထစ်ပေ၏။ ထို့ကြောင့် မလိုအပ်သော စကားလုံးများစွာက မည်သည့်နေရာကနေ ရောက်လာကြသနည်း!
ဟော့ထင်းလန်က ပြုံးလိုက်ပြီး အလွန်အကျွံမလုပ်ခဲ့ပေ။
"ကိုယ် အခုလောလောဆယ် အဆင်ပြေတာမို့ မသုံးတော့ပါဘူး။ မင်းရဲ့ဖယ်ရိုမုန်းတွေက ကိုယ့်အတွက် တကယ်ကိုထိရောက်တယ်။"
သူသာ ဆက်ပြီးကျီစယ်နေလျှင်... ယဲ့စစ် သူ့ကို ထထိုးနိုင်ပေသည်။
"...ကောင်းပါပြီ။"
ယဲ့စစ် အလျင်အမြန်ခေါင်းညိတ်ကာ ကိုးရိုးကားရား ပြန်လှည့်သွားတော့၏။
ခြေလှမ်းအနည်းငယ်လှမ်းပြီးနောက် ဟော့ထင်းလန်က သူ့ကို ထပ်မံတားဆီးလိုက်သည်။ "ခဏ။"
ယဲ့စစ်တစ်ယောက် ထွက်ပြေးချင်စိတ်ကို ချုပ်တည်း၍ ပြန်လှည့်ကာ မေးမြန်းလိုက်သည်။ "ဘာလို့လဲ။"
"ကိုယ်တို့ ကုသတဲ့နည်းလမ်းကို နည်းနည်းလောက် ပြောင်းလိုက်ကြမလား။"
ဟော့ထင်းလန်က လက်ပိုက်ကာ တံခါးဘောင်ကိုမှီထားရင်း ဒဏ်ရာကိုအသားပေးဖော်ပြရန် သူ၏နှာတံကိုပွတ်သပ်၍ ကြီးကျယ်ခမ်းနားသလို ဟန်ဆောင်လိုက်၏။
"မဟုတ်ရင် ကိုယ့်နှာခေါင်းက ခံနိုင်ရည်ရှိတော့မှာမဟုတ်လောက်ဘူး။"
ယဲ့စစ် အားနာသွားပြီး ချက်ချင်းဆိုသလိုစိတ်လျှော့ကာ အရိုးသားဆုံးပြောလိုက်သည်။ "ခင်ဗျားပြောပါ။"
"လာမဲ့တနင်္လာနေ့ကနေစပြီး မင်း အတတ်နိုင်ဆုံး နေ့တိုင်း ကျောင်းကနေစောစောပြန်လာပြီး ကိုယ့်စာဖတ်ခန်းဆီ လာခဲ့ပေးပါ။ ကိုယ်က အလုပ်လုပ်မယ်၊ မင်းက မင်းရဲ့အိမ်စာတွေကိုလုပ်ပြီး တစ်ခန်းထဲမှာ နာရီပိုင်းလောက် အတူတူအချိန်ဖြုန်းမယ်ဆိုရင် ဒီဖယ်ရိုးမုန်းဖလှယ်တဲ့အဆင့်က ကိုယ့်အတွက် ထိရောက်တဲ့ကုသမှုလည်းရနိုင်သလို မင်းကိုလည်း မသက်မသာဖြစ်စေမှာမဟုတ်တော့ဘူး..."
လွန်ခဲ့သောနာရီအနည်းငယ်က သူ ဤပုဂ္ဂိုလ်ကို ပန်းများ၊ သစ်ပင်များ၏အရိပ်အောက်မှာ သူ့ရင်ခွင်ထဲ ထွေးပွေ့လုနီးနီး ထိန်းချုပ်ထားခဲ့ပြီး အရှက်မဲ့စွာဖြင့် အနံ့ခံကာ သူ့ကို ချော့မြှူခဲ့သလို သူ၏အတားအဆီးကပ်ခွာကိုတောင်ဖြဲ၍ သူ့အိတ်ကပ်ထဲ တိတ်တိတ်လေးသိမ်းထားခဲ့၏။ ယခုမှာမူ သူက လူကြီးလူကောင်းမျက်နှာဖုံးကို တစ်ဖန်ထပ်တပ်ကာ နွေးထွေးသောလေသံဖြင့် ပြောလိုက်လေ၏။
"ဒီအစီအစဥ်က အဆင်ပြေမယ်လို့ထင်လား။"
ယဲ့စစ်တစ်ယောက် စာဖတ်ခန်းထဲမှာ အလုအ်များနေမည့် နှစ်ဦးသား၏ပုံရိပ်ကို မြင်ယောင်ကြည့်လိုက်သည်။ ယင်းက ဂလင်းများကိုအနံ့ခံဖို့ သူ့နားတိုးကပ်လာတာထက် အများကြီးပိုကောင်းပေ၏။ သူ အလျင်အမြန် ခေါင်းညိတ်ပြလိုက်သည်။
ကျောင်းကနေ အိမ်ကို တန်းတန်းပြန်လာရသည့်အတွက် တစ်ခုတည်းသောပြဿနာမှာ သူ ပြေးလမ်းသို့သွားဖို့ နည်းလမ်းမရှိတော့ခြင်းပင်။ ကံကောင်းစွာဖြင့် ထိုကာလအတောအတွင်း သူ ပိုက်ဆံများ စုဆောင်းထားခဲ့သည်။ ထို့ပြင် ဟော့ထင်းလန်က သူ့ကို ကြင်နာစွာဆက်ဆံပေး၏။ သူ အရင်က စိတ်ကူးကြည့်ခဲ့သော အဆိုးဆုံးအခြေအနေဖြင့် သူ့အမေကို ခေါ်ထုတ်သွားစရာမလိုတော့ပေ။ ထို့ကြောင့် သူ ပိုက်ဆံရဖို့ အလျင်လိုစရာမလိုအပ်ချေ။
ထို့ပြင် သူသည် အစတုန်းကလောက် ဟော့ထင်းလန်၏ ဖိနှိပ်မှုမြင့်မားသည့်ဖယ်ရိုမုန်းများကို ခုခံခြင်းမရှိတော့ပေ။ နှစ်ဦးသား အတူတူရှိခဲ့သည့် အချိန်အနည်းငယ်ကို ထည့်သွင်းစဥ်းစားကြည့်မည်ဆိုပါက ယခုလိုလိုက်လျောညီထွေရှိမှုက တော်တော်လေး အရှိန်မြန်လွန်း၏။ ထို့ကြောင့် ၁၀၀% ကိုက်ညီမှုဆိုသည်မှာ တကယ်ကို အချည်းနှီးမဟုတ်ပေ။
...
တနင်္လာနေ့ညမှာ ယဲ့စစ် သူ့ကတိကိုတည်ပြီး အိမ်သို့ စောစောပြန်လာခဲ့၏။ သူ ဧည့်ခန်းထဲမှာ ခဏလောက်တစ်ယောက်တည်းနေကာ စိတ်ပိုင်းဆိုင်ရာပြင်ဆင်မှုတချို့ပြုလုပ်၍ စွန့်စားပြီး စာဖတ်ခန်းထဲသို့ သွားခဲ့လိုက်သည်။
စာဖတ်ခန်းတံခါးကို ခပ်ကျယ်ကျယ်ဟထား၏။ ဟော့ထင်းလန်က စားပွဲမှာထိုင်ကာ စာရွက်စာတမ်းတစ်ခုကို ဖတ်ရှုနေပြီး ယဲ့စစ်ဝင်လာသည်ကို မြင်လိုက်ရသောအခါ မေးပင့်ကာ ပြောခဲ့သည်။ "လာထိုင်လေ။"
သူက စာကြည့်စားပွဲအပိုတစ်လုံးအား မည်သူ့ကိုမှ မပြင်ဆင်ခိုင်းခဲ့ပေ။ ဤစားပွဲက တစ်ယောက်တစ်ဝက်အသုံးပြုဖို့ လုံလုံလောက်လောက်ကျယ်ပြီး တစ်ယောက်ကိုတစ်ယောက် အနှာင့်အယှက်မဖြစ်စေနိုင်ချေ။
"အွန်း။" ယဲ့စစ်က ပေါ့ပေါ့ပါးပါး ခေါင်းညိတ်ပြလိုက်၏။ လွယ်အိတ်ကို ပခုံးတစ်ဖက်မှာလွယ်ထားပြီး ဟန်ချက်ထိန်းရန် အခြားပခုံးတစ်ဖက်ကို အနည်းငယ်ဖြေလျှော့ကာ စားပွဲဆီသို့ ခြေလှမ်းကျဲများဖြင့် အေးစက်စွာလျှောက်သွားလိုက်ပြီး ထိုင်ချလိုက်သည်။
... သူ့ရဲ့လုပ်ဆောင်ချက်က မဆိုးပါဘူး။
ယဲ့စစ် ကျောင်းလွယ်အိတ်ကိုချွတ်ကာ မေးခွန်းလွှာတစ်စုံကို ထုတ်ယူ၍ စားပွဲပေါ်တင်လိုက်သည်။ သူ အသက်ပြင်းပြင်းရှူကာ သူ၏စိတ်ပိုင်းဆိုင်ရာပြင်ဆင်မှုများက အချည်းနှီးမဟုတ်ကြောင်း သတိပြုမိသွား၏။
အကယ်၍ သူ ရှက်ရွံ့သလိုပြုမူနေပါက ကုသမှု၏လေထုကလည်း သဘာဝမကျဘဲ ရှုပ်ထွေးလာလိမ့်မည်။
ဟော့ထင်းလန်က ဖြစ်စဥ်တစ်ခုလုံးကို ပြင်းထန်သောစိတ်ဝင်စားမှု၊ သိမ်မွေ့သော အပြုံးလေးတစ်ခုနှင့်အတူ အသံတိတ်ကြည့်နေခဲ့၏။
ယဲ့စစ်က အကြည့်ခံနေရခြင်းကို ရုတ်တရက် သတိပြုမိသွားပုံပင်။ ယဲ့စစ် တစ်ချက်မော့ကြည့်လာချိန်၌ ဟော့ထင်းလန်တစ်ယောက် အမြန်အကြည့်လွှဲလိုက်သည်။
ဟော့ထင်းလန်က ရှေ့ကို တစ်လှမ်းကြိုရောက်နေပြီး သူ၏အပြုံးကို ခြေရာလက်ရာမကျန်စေဘဲ ဖုံးကွယ်ကာ ခေါင်းငုံ့၍ စာရွက်စာတမ်းတစ်ခုကို ဖတ်နေခဲ့သည်။
...ဟူး။
ယဲ့စစ်တစ်ယောက် စိတ်လှုပ်ရှားကာ စိတ်ထဲကနေ သက်ပြင်းချလိုက်သည်။
သင်္ချာမေးခွန်းလွှာများက အမြဲလိုလိုခက်ခဲပေသည်။ ယဲ့စစ် ရိုးရှင်းသောမေးခွန်းအနည်းငယ်ကို ကောက်နှုတ်ကာ ၎င်းတို့ကို အရင်ဖြေရှင်းခဲ့ပြီးနောက် သူ၏ဖုန်းကို ထုတ်ယူလိုက်သည်။ ဟော့ထင်းလန် အာရုံစိုက်မနေချိန်မှာ သူက ပုစ္ဆာကို ဓါတ်ပုံရိုက်လိုက်ပြီး ရှာဖွေရေး app ကိုအသုံးပြု၍ စိတ်ရှည်လက်ရှည်ရှာဖွေကာ အကြောင်းအရာကို ခွဲခြမ်းစိတ်ဖြာခဲ့သည်။
App ကပေးလာသော ရှင်းလင်းချက်က လုံလုံလောက်လောက်အသေးစိတ်မပါခဲ့ပေ။ ပုစ္ဆာ၏ခက်ခဲမှုအဆင့်က မြင့်မားသဖြင့် ယဲ့စစ် အဓိကအဆင့်မှာတစ်နေပြီး ၎င်းကို နားမလည်နိုင်ခဲ့ချေ။ အဖြေကို တိုက်ရိုက်ကူးချဖို့ ဆန္ဒမရှိရာ သူ့နှာခေါင်းထိပ်မှာ ချွေးသီးလေးများထွက်လာတဲ့အထိ အလွန်စိတ်ရှုပ်လာခဲ့၏။ သူ ရှက်ရွံ့မှုကို ခံစားလိုက်ရချိန်မှာပဲ ဟော့ထင်းလန်၏ တိုးလျသောလေသံက ရုတ်တရက် သူ့ဦးခေါင်းအထက်မှ ပျံ့လွင့်လာခဲ့သည်။
"မင်း ဘာလုပ်နေတာလဲ။"
သူ ဘယ်အချိန်ကရောက်လာကြောင်း၊ သို့မဟုတ် ထိုနေရာမှာ မည်မျှကြာအောင်ရပ်နေကြောင်း သူ မသိခဲ့ပေ။ သူက သူ၏ကျောင်းပညာရေးအဆင့်ကိုစစ်ဆေးဖို့ ကြိုတင်ပြင်ဆင်ထားသည့်နှယ်။
ယဲ့စစ်၏လက်များ တုန်ယင်လာ၏။ သူ ဖုန်းစခရင်ကို အမြန်ပိတ်လိုက်ပြီး မသဲမကွဲပြန်ဖြေလိုက်သည်။ "ဘာမှမဟုတ်ပါဘူး..."
ဟော့ထင်းလန်က စားပွဲပေါ် လက်တစ်ဖက်ထောက်ကာ အရှေ့သို့ အနည်းငယ်ကိုင်းလာ၏။ သူက စာရွက်ပေါ်မှ ကွက်လပ်ကြီးများကိုကြည့်ကာ သူ၏လေသံကိုပျော့ပျောင်းစေလိုက်ပြီး သိမ်မွေ့စွာမေးလိုက်သည်။
"ရှင်းပြပေးဖို့လိုအပ်တဲ့တစ်ခုခုရှိလား။"
ဘယ်တစ်ပုဒ်ကို ရှင်းပြပေးဖို့လိုမှာလဲ။
နေရာတိုင်းမှာ ကွက်လပ်တွေချည်းပဲကို။
ယဲ့စစ် သူ့ကိုယ်သူဆူပူလိုက်ပြီး လက်သီးဆုပ်လိုက်သည်။
သူ့လက်ဖဝါးက ချွေးများဖြင့်စိုစွတ်လာပြီး ပုစ္ဆာရှင်းလင်းချက်ကိုနားလည်ဖို့ အလျင်လိုနေခဲ့၏။
သူ စိုးရိမ်နေပြီး ဟော့ထင်းလန်က မေးခွန်းအကြောင်းကို ပြောလာသောအခါ ဝါကျတစ်ကြောင်းကို ထုတ်ပြောလိုက်မိတော့မလိုဖြစ်သွားသည်။
-ဒီပုစ္ဆာကို ဘယ်လိုတွက်ရတာလဲ။
ထိုစကားလုံးများ သူ့လျှာဖျားထိပ်ကို ရောက်ရှိလာသောအခါ ဟော့ထင်းလန်အကြောင်း မိတ်ဆက်ပေးခဲ့ချိန်က ချူးဝမ်လင်ပြောပြခဲ့ဖူးတာကို ယဲ့စစ် ရုတ်တရက် အမှတ်ရသွားခဲ့သည် - ထိပ်တန်းတက္ကသိုလ်မှ နှစ်ထပ်ကွမ်းဘွဲ့ရ၊ နိုင်ငံတကာဘဏ္ဍာရေးဆိုင်ရာ ထိပ်တန်းကျောင်းသား။ ထို့ပြင် နာမည်ခေါ်ဖို့ခက်ခဲသော မေဂျာတစ်ခုမှ မဟာဘွဲ့ကိုလည်း ရရှိထားသည်။ သူက လက်ရွေးစင်များထဲမှ လက်ရွေးစင်တစ်ယောက်ပင်...
ဟော့ထင်းလန်အား ရိုးရှင်းသော အထက်တန်းသင်္ချာပုစ္ဆာများကို သင်ကြားခွင့်ပေးရန်က... ယဲ့စစ်၏မျက်နှာက ပူလောင်လာပြီး ရှက်ရွံ့လာခဲ့လေသည်။
"မရှိပါဘူး။" သူက မေးခွန်းလွှာကို လှန်လိုက်ပြီး အိမ်စာလုပ်ဖို့ စိတ်မရှည်တော့သည့်ပုံအဖြစ် သရုပ်ဆောင်လိုက်၏။
သူ၏ရှက်ရွံ့မှုနှင့် တုံးအမှုတို့ကိုဖုံးကွယ်ဖို့ ပုန်ကန်သည့်အပြုအမူကို အသုံးပြုခဲ့သည်။
"မရှိရင်..."
ဟော့ထင်းလန်က လက်ဆန့်ကာ ရှားရှားပါးပါးမြဲမြံမှုနှင့်အတူ စားပွဲပေါ်မှမေးခွန်းလွှာကို လက်ချောင်းထိပ်များဖြင့် ဖိကပ်လိုက်ပြီး ယဲ့စစ် ၎င်းအား ကျောင်းလွယ်အိတ်ထဲပြန်မထည့်နိုင်ဖို့ တားဆီးလိုက်သည်။ သူ၏မျက်ဝန်းများက အဓိပ္ပါယ်ဖော်ဆောင်ရခက်သော အမူအရာနှင့်အတူ မည်းနက်နေခဲ့သည်။
"ဒါဆို ကိုယ့်ဘာသာချရေးကြည့်။"
ယဲ့စစ် မေးခွန်းလွှာကို မယူနိုင်တော့ရာ နက်နက်ရှိုင်းရှိုင်းစိုးရိမ်လာပြီး သူ၏ဆံပင်ကိုဆွဲဖွ၍ တောင့်တင်းစွာပြောလိုက်သည်။
"ကျွန်တော်က ပုံမှန်ဆို... ချရေးလေ့မရှိဘူး။"
ဟော့ထင်းလန်က သူ့ကို နှစ်စက္ကန့်လောက် စိုက်ကြည့်နေပြီးနောက် မျက်စိလှန်ကာ တစ်လုံးစီကို ဖြည်းဖြည်းချင်းပြောလာခဲ့သည်။
"မင်း ကျောင်းသားတစ်ယောက်လို ပြုမူသင့်တယ်၊ ပြီးတော့ ကျောင်းသားတစ်ယောက်ရဲ့ အသွင်အပြင်လည်း ရှိဖို့လိုတယ်။ ပုံမှန်ဆို မင်းက ဉာဏ်ကောင်းတဲ့သူလို့ထင်ရပေမဲ့ မင်းရဲ့အိမ်စာကိုတောင် မရေးတဲ့အထိ ပညာရေးပိုင်းမှာ အပျင်းကြီးတဲ့သူဖြစ်မယ်လို့ မမျှော်လင့်ခဲ့မိဘူး... မင်းက အရွယ်ရောက်နေပြီဆိုပေမဲ့ ဒီကိစ္စမှာတော့ မင်းမိသားစုရဲ့ကိုယ်စား ကိုယ် မင်းကို ဆုံးမမှဖြစ်မယ်။"
ထိုသို့ပြောပြီးနောက် သူက မေးခွန်းလွှာပေါ်ကနေ လက်ပြန်ရုပ်သွားပြီး ပေါ့ပေါ့ပါးပါးပြောလိုက်သည်။
"ဒီနေ့ ဒီမေးခွန်းလွှာမပြီးရင် မင်း ဒီကနေထွက်သွားလို့မရဘူး။"
ဆန့်ကျင်ဘက်အနေဖြင့် ယဲ့စစ်တစ်ယောက် ဟော့ထင်းလန်၏ဆူပူမှုများကို နားထောင်အပြီးမှာ ကပ်ဘေးကနေ ကင်းလွတ်သွားသလိုမျိုး စိတ်သက်သာရာရကာ သက်ပြင်းချလိုက်သည်။ သူက စာရွက်ကိုဖြန့်လိုက်ပြီး သူ၏ဘောပင်ကိုလှည့်နေရင်းဖြင့် ဟော့ထင်းလန်၏အကြည့်အောက်မှာ အပျင်းတစ်နေလိုက်၏။
သူ မသွားနိုင်တော့လည်း မသွားရုံပေါ့။
မည်သို့ပင်ဆိုစေ ဟော့ထင်းလန်တစ်ယောက် အိပ်စက်ဖို့အတွက် သူ့အခန်းကို ပြန်သွားဖို့လိုအပ်သည်။
အခိုက်အတန့်တစ်ခုလောက် တိတ်ဆိတ်နေခဲ့ပြီးနောက် ဟော့ထင်းလန်က အေးအေးဆေးဆေးအကဲဖြတ်လိုက်၏။
"အသံတိတ်ဆန္ဒပြနေတာပေါ့?"
ယဲ့စစ်က မျက်လွှာချထားပြီး ဘာကိုမှမပြောခဲ့ပေ။
ပြဿနာရှာတတ်သောချာတိတ်လေးကို အဆုံးထိတိုက်ထုတ်ဖို့ စိတ်ပိုင်းဖြတ်ထားသကဲ့သို့ ဟော့ထင်းလန်က ဘောပင်ကိုယူကာ မေးခွန်းလွှာပေါ် လက်ဆစ်ခေါက်၍ ဖြည်းဖြည်းချင်းပြောလိုက်၏။
"ဒါဆို မင်းနဲ့အတူ တစ်ပုဒ်ချင်းစီသွားမယ်... ဒီမေးခွန်းကနေ စလိုက်ရအောင်။"
ယဲ့စစ် ထိတ်လန့်သွားပြီး နားထောင်ရန် အလျင်အမြန်နားစွင့်လိုက်လေသည်။ သူက မသိစိတ်ကနေ ခန္ဓာကိုယ်ကို မတ်မတ်ပြင်လိုက်ပြီး သူထိုင်နေသည့်ပုံစံက ရှင်းပြလို့မရစွာဖြင့် ချစ်စရာကောင်းနေ၏။
ဟော့ထင်းလန် သူ့မျက်လုံးထောင့်ကနေ ဖျပ်ခနဲမြင်လိုက်ရသည်။ ထို့နောက် သူ့နှုတ်ခမ်းထောင့်များက အပြုံးတစ်ခုအဖြစ် ကွေးညွတ်သွားပြီးနောက် ထိုအပြုံးက လျင်မြန်စွာပျောက်ကွယ်သွားခဲ့သည်။
ထိပ်တန်းတက္ကသိုလ်တစ်ခု၏ ဘဏ္ဍာရေးဌာနမှ ထိပ်တန်းကျောင်းသားတစ်ဦးအနေဖြင့် ဟော့ထင်းလန်က အထက်တန်းကျောင်းသင်္ချာပုစ္ဆာများကို ဂိမ်းတစ်ခုလိုမျိုး ကစားပြသွားခဲ့သည်။ သူ၏ရှင်းလင်းချက်အဆင့်က ရှာဖွေရေး app ထက် မိုင်ပေါင်း ၁၀၀၀၀၀ လောက် သာလွန်နေပေ၏။
ယဲစစ်က သင်္ချာနှင့် ရူပဗေဒဘာသာရပ်မှာ တော်ခဲ့သော်လည်း ကျောင်းနားခဲ့ပြီး အချိန်တစ်ခုကြာတဲ့အထိ ၎င်းတို့နှင့် အထိအတွေ့မရှိခဲ့ပေ။ သို့သော် သူ၏ဦးနှောက်က ထက်မြက်နေဆဲဖြစ်ပြီး ဟော့ထင်းလန်ရှင်းပြတာကို နားထောင်ခဲ့ပြီးနောက် သူ့ကို သေချင်လောက်အောင်နှိပ်စက်ခဲ့သော ပုစ္ဆာများက ချက်ချင်းဆိုသလို ရှင်းလင်းလာခဲ့လေသည်။
"...အခြေခံက အားနည်းပေမဲ့ မင်းရဲ့ဦးနှောက်က ကိုယ်မြန်မြန်ပြောနေတာတောင် လိုက်မိနိုင်တဲ့အထိ ဉာဏ်ကောင်းတာပဲ။"
ဟော့ထင်းလန်၏လေသံက အရင်ကထက် အနည်းငယ်ပို၍သိမ်မွေ့လာပြီး သူ၏မျက်လုံးများထဲမှာ ခပ်ညစ်ညစ်အရိပ်အမြွက်လေး ဖြတ်ပြေးသွားခဲ့သည်။
"မင်း တမင်သက်သက် မသင်ယူခဲ့တာပဲ၊ ဟုတ်တယ်မလား။"
"...အင်း။" ယဲ့စစ် နှုတ်ခမ်းများကို တစ်တန်းတည်းစေ့ပိတ်ထားခဲ့သည်။
သူ ရှက်ရွံ့မှုကိုရှောင်ဖို့ လိမ်ညာခဲ့လေ၏။ ယဲ့စစ်၏မျက်နှာက အနည်းငယ်ပူလောင်လာပြီး မော့မကြည့်ရဲခဲ့ပေ။
"'အင်း' လို့ပြောရဲသေးတယ်ပေါ့လေ?"
ယဲ့စစ် မော့မကြည့်ရဲတာကို အခွင့်ကောင်းယူကာ ဟော့ထင်းလန်တစ်ယောက် ခိုးပြုံးလိုက်သော်လည်း သူ၏လေသံက လေးနက်နေပြီး အနှီချာတိတ်လေးကို လေးလေးနက်နက် ပညာပေးနေခဲ့သည်။
ယဲ့စစ်က ခေါင်းငုံ့ထားပြီး နားထောင်ပြီးရင်း နားထောင်နေခဲ့၏။ ထို့နောက် သူ့နှလုံးသားထဲမှာ သံသယများကြီးထွားလာပြီး သူ၏ပါးလျနူးညံ့သောမျက်ခုံးများက အနည်းငယ်တွန့်ချိုးလာလေသည်။ သူ ဟော့ထင်းလန်ကို တစ််ချက်မော့ကြည့်လိုက်ပြီးနောက် အကြည့်ပြန်လွှဲလိုက်၏။
ဟော့ထင်းလန်က တမင်လုပ်နေတာဟု... တစ်နည်းနည်းဖြင့် သူ ယောင်ဝါးဝါးခံစားလိုက်ရသည်။
***
Aurora Novel Translation Team
There is No Eng Version