no
အပိုင်း (၃၅.၂) - ပန်းနီကလေး
နှစ်ဦးသား၏အသက်ရှူသံများက ရောယှက်နေပြီး တိတ်ဆိတ်နေသောညအလယ်မှာ တက်ကီလာရနံက လေးလံစွာရစ်ပတ်ထားခဲ့သည်။
သဘာဝ၏ 'ခေါင်းဆောင်နှင့် ထိန်းချုပ်သူ' ဖြစ်သည့် အယ်ဖာတစ်ယောက်၏ဂလင်းမှ ဖယ်ရိုမုန်းထွက်ရှိမှုက အယ်ဖာ၏ စိတ်အခြေအနေအတက်အကျအရ ပြောင်းလဲတတ်ပြီး အယ်ဖာ၏လိုအပ်ချက်အလိုက် ပတ်ဝန်းကျင်ကို မတူညီသောသက်ရောက်မှုများ ပေးစွမ်းတတ်သည်။
ယခုလိုအခိုက်အတန့်၌ ဟော့ထင်းလန်က သူ၏လိုအပ်ချက်တချို့ကို ဖိနှိပ်ထားရာ တက်ကီလာရနံ့က အရင်ကထက် သိသိသာသာနူးညံ့နေခဲ့သည်။ အိုမီဂါ၏ဆန္ဒကို နှိုးဆွနိုင်သည့် ပါဝင်ပေါင်းစပ်မှုက ရှားပါးပြီး အများစုက သက်သောက်သက်သာရှိကာ စိတ်အေးစေသည့်အာနိသင်ရှိနေပေသည်။
စောစောက တစ်မိနစ်ကို ၁၈၀ လောက်ရှိခဲ့သော ယဲ့စစ်၏နှလုံးခုန်နှုန်းက တဖြည်းဖြည်း အေးဆေးလာ၏။
၁၀၀% ဗီဇကိုက်ညီသည့် သက်တောင့်သက်သာဖြစ်စေသော ဖယ်ရိုမုန်းများကြား မနေ့ညက ကောင်းကောင်းမအိပ်ခဲ့ရသည့်အချက်ကိုပါ ပေါင်းထည့်လိုက်သောအခါ... အိပ်ဆေးမှာတောင် ယခုလိုမျိုး ပြင်းထန်သောအာနိသင်ရှိမည်မဟုတ်ပေ။
ယဲ့စစ်၏မျက်ခွံများက လေးလံလာ၏။
"ကိုယ် မင်းကိုအိပ်ပျော်သွားအောင် လုပ်ပေးမှာပါ။" ဟော့ထင်းလန်က သူ၏ဆံပင်များကို ပွတ်သပ်လိုက်သည်။ "အိပ်လိုက်တော့နော်။"
...
ဒုတိယနှစ်ဝက်အတွက် နောက်ဆုံးစာမေးပွဲက ဂျုလိုင်လ ၇ ရက်၊ ၈ ရက်ဖြစ်ပြီး စာမေးပွဲပြီးနောက် ကျောင်းသုံးရက်ပိတ်ခဲ့သည်။ ထို့နောက် ရလဒ်များထုတ်ပြန်ပြီးနောက် အောင်မြင်သွားသော အထက်တန်းကျောင်းစီနီယာများက လာမည့်နှစ်နွေရာသီ၏ အဖိုးတန်အားလပ်ရက်ဖြစ်သော ရက်နှစ်ဆယ်ပိတ်ရက်ရှည်ကို ခံစားနိုင်လိမ့်မည်ပင်။
ထိုကဲ့သို့သော အားလပ်ရက်အချိန်ဇယားက အနည်းငယ်ကြမ်းတမ်းသော်လည်း သူက အထက်တန်းကျောင်း တတိယနှစ်ကို ရောက်လာပြီဖြစ်ရာ ယဲ့စစ်မှာ အပြစ်တင်ညည်းညူလို့မရတော့ပေ။
သူက ဟော့ထင်းလန်၏အခန်းထဲသို့ တရားဝင်ပြောင်းရွှေ့လာခဲ့ပြီဖြစ်၏။ အနည်းငယ် ထိန်းချုပ်မှုလွတ်သွားကြသော ၎င်းတို့၏ဆက်ဆံရေးကို အတည်ပြုသည့်ညမှလွဲ၍ ဟော့ထင်းလန်က ကောင်းကောင်းပြုမူကာ အချစ်ကြောင့် အခြားအရာများကို နှောင့်နှေးခွင့်မပြုခဲ့ပေ။ ထို့ကြောင့် သူ၏နောက်ဆုံးစာမေးပွဲမှာ ယဲ့စစ်တစ်ယောက် သူ့တို့နှစ်ထဲမှာ နေရာတစ်ရာကျော်လောက် ခုန်တက်လာခဲ့သည်။
သူက အလယ်အလတ်အဆင့်မှာ ရှိနေဆဲဖြစ်သော်လည်း ထျန်းချန်၏ ယှဥ်ပြိုင်လိုစိတ်ပြင်းပြသည့် ပတ်ဝန်းကျင်ကို ထည့်သွင်းစဥ်းစားလိုက်ပါက ယဲ့စစ်၏အဆင့်က ဆိုးဝါးမှာမဟုတ်ကြောင်း သေချာပေ၏။ အနည်းဆုံးတော့ သူ၏ဘွဲ့ကြိုအဆင့်က တည်ငြိမ်သောအမှတ်တစ််ခုကို ရောက်ရှိနေလေပြီ။
လာမည့်နှစ်မှာ သူ ယခုလိုတိုးတက်နှုန်းနှင့် အရှိန်ကို ဆက်ထိန်းထားနိုင်ခဲ့ပြီး အလယ်အလတ်အဆင့်မှာရှိနေသရွေ့ ဝင်ခွင့်စာမေးပွဲက ပြဿနာမရှိတော့ပေ။
ထို့အပြင်... သူ၏အလားအလာက ထိုထက်တောင် ပိုမြင့်နေသင့်သည်။
ရလဒ်များ ထုတ်ပြန်ပြီးနောက် နွေရာသီပိတ်ရက်မတိုင်ခင် နောက်ဆုံးသော အတန်းအစည်းအဝေး၌ အတန်းပိုင်ဆရာမက သူ့နာမည်ကိုခေါ်လာပြီး ချီးကျူးလာခဲ့၏။ ထို့အပြင် သူ့ကို ကျောင်းကိုယ်စား 'တိုးတက်မှုကြယ်ပွင့်' လက်မှတ်ကိုလည်း ပေးအပ်ခဲ့သေးသည်။
ထိုနေ့လယ်ခင်းက ယဲ့စစ် သူ၏အမှတ်စာရင်း၊ ဂုဏ်ပြုလက်မှတ်တို့နှင့်အတူ အိမ်ပြန်သွားခဲ့သည်။ အိမ်ရောက်ရောက်ချင်း သူ ပထမဆုံးလုပ်သည့်အရာမှာ ဆရာမက သူ့ကို မည်သို့ချီးကျူးလိုက်ကြောင်း ဟော့ထင်းလန်အား တစ်လုံးချင်းစီ ထစ်ငေါ့စွာပြန်ပြောပြခြင်းပင်။
"...ရွှီလောင်ရှီးက အဲ့လိုမျိုးပြောခဲ့တာ။"
ယဲ့စစ်တစ်ယောက် ပြောပြပြီးနောက် သူ၏နှုတ်ခမ်းထောင့်များက ကွေးညွတ်နေခဲ့လေသည်။ သူက သူ၏ချစ်သူအရှေ့မှာ ကလေးဆန်သည့်ပုံမပေါ်စေဖို့ သို့မဟုတ် ထိုအသေးအမွှားရမှတ်လေးအတွက် အလွန်အမင်းစိတ်လှုပ်ရှားပုံမပေါ်စေရန် တည်ငြိမ်သည့်ပုံပေါက်အောင် ကြိုးစားနေခဲ့သည်။ သို့သော် ဟော့ထင်းလန်၏မျက်လုံးထဲမှာ သူက ဝံပုလွေပေါက်လေးလို တောက်ပနေပြီး နားရွက်များကလည်း ထောင်မတ်နေသည့်ပုံပေါ်ကြောင်း ကိုယ့်ကိုယ်ကိုယ် မသိခဲ့ပေ။
ချီးကျူးခံရဖို့စောင့်နေသည့် ကလေးတစ်ယောက်နှယ်။
"အဲ့ဒါကအရမ်းကောင်းတယ်။ မင်း သိသိသာသာ တိုးတက်လာတာပဲ။"
ဟော့ထင်းလန်က ပြုံးလိုက်ပြီး ဦးစွာပထမ ခြုံငုံပြီးချီးမွမ်းလိုက်၏။ ထို့နောက် အဖြေလွှာခြောက်ခုလုံးကိုဖြန့်၍ ယဲ့စစ် ထူးချွန်သောအပိုင်းများကို အသေးစိတ်ဆွေးနွေးခဲ့သည်။
"ဒီတစ်ခေါက် မင်းရဲ့သင်္ချာက အကောင်းဆုံးပဲ။ အမှတ်ကောင်းရုံတင်ပဲမကဘူး။"
အပြာရောင်နှင့် ရွှေရောင်ဖောင်တိန်ဖြင့် သင်္ချာအဖြေလွှာပေါ် ထောက်ကာ နောက်ဆုံးမေးခွန်းကို ညွှန်ပြလိုက်သည်။
"ပုစ္ဆာဖြေရှင်းတဲ့နည်းလမ်းကလည်း ရှင်းလင်းပြီး တိကျတယ်။ အရင်လက ကိုယ် မင်းကို ဒီလိုပုစ္ဆာမျိုးအတွက် ရိုးရှင်းတဲ့နည်းကို တစ်ခါပဲသင်ပေးခဲ့တာ။ မင်းမှတ်မိနေမယ်လို့ ကိုယ် ထင်မထားခဲ့မိဘူး... ဒါက မင်း သေချာနားလည်တဲ့အပြင် ဂရုတစိုက်နားထောင်ခဲ့တယ်ဆိုတာကိုပါ ပြသနေတယ်။"
"မင်း ရူပဗေဒမှာရော ကောင်းကောင်းလုပ်နိုင်ခဲ့တာပဲ။"
"ဓါတုဗေဒမှာလည်း..."
သူက တစ်ဖက်သတ်တည်းနှင့် ယဲ့စစ်အတွက် သီးသန့်ဆုပေးပွဲကို ကျင်းပပေးနေခဲ့သည်။
ချီးကျူးမှုများကို များစွာခံယူပြီးနောက် ယဲ့စစ်ခမျာ ထိုင်ခုံပေါ်မှာတောင် မထိုင်နိုင်တော့ပေ။
သူ့ဘဝမှာ ယခုလိုချီးကျူးမှုမျိုးကို တစ်ခါမှမရရှိခဲ့ဖူးချေ။ သူ ပန်းနီလေးတစ်ပွင့်တောင်းလိုက်တာကို ကွန်တိန်နာတစ်လုံးအပြည့် ပန်းအနီများရရှိလိုက်သလို ခံစားလိုက်ရသည်။ သို့သော် ဟော့ထင်းလန်၏အမူအရာနှင့် လေသံက အလွန်လေးနက်နေပြီး ချီးကျူးစကားများကလည်း အခြေခိုင်ကာ ကျီစယ်လိုခြင်း သို့မဟုတ် စနောက်လိုခြင်းများ မပါခဲ့ပေ။
"ဟော့ရှူးရှူ။" သူ ဆက်ပြီးထိန်းမထားနိုင်တော့ပေ။ နီမြန်းနေသော သူ၏မျက်နှာကိုပွတ်သပ်လိုက်ပြီး သူ တိတ်တိတ်ကလေးငြင်းဆန်လိုက်၏။ "ခင်ဗျားက အများကြီး၊ အများကြီး ချဲ့ကားလွန်းနေပါပြီ။ ကျွန်တော်သာ ဟော့ရှူးရှူပြောသလို တကယ်တော်နေရင်... နောက်နှစ်ကျ ကျွန်တော် နာမည်ကြီးကျောင်းကိုတောင် ဝင်ခွင့်ရလောက်တယ်။"
ဟော့ထင်းလန်က သူ့ကိုတည့်တည့်စိုက်ကြည့်၍ မျက်ခုံးပင့်လိုက်ပြီး အမှန်တရားကိုပြောနေသကဲ့သို့ ပြောလိုက်သည်။
"မင်းရဲ့အရည်အချင်းနဲ့ဆိုရင် နာမည်ကြီးကျောင်းကို ပန်းတိုင်အဖြစ်သတ်မှတ်လို့ရနိုင်တယ်။ မင်းရဲ့အခြေခံက နည်းနည်းတော့မကောင်းပေမဲ့ လအနည်းငယ်အတွင်း အများကြီးတိုးတက်လာခဲ့တယ်။ မင်းက ဉာဏ်ကောင်းပြီး သင်ယူဖို့စိတ်အားထက်သန်တယ်။ ပြီးတော့ လာမဲ့တစ်နှစ်လုံးအချိန်ရသေးတော့ မင်း အောင်မြင်နိုင်မယ်လို့ ကိုယ်ထင်တယ်။"
သူက ထိုသို့ပြောကာ နူးညံ့ပြီး ကျီစယ်လိုစိတ်ဖြင့် ပြောလိုက်သည်။
"ဘာလို့လဲ၊ ကိုယ်တို့ရှောင်စစ်လေးက နာမည်ကြီးကျောင်းတွေကို သဘောမကျဘူးလား။"
ယဲ့စစ်က ခေါင်းယမ်းပြလိုက်သည်။ သူက ပျော်ရွှင်နေပြီး ရယ်မောလိုက်လေ၏။ ရယ်မောပြီးနောက် သူ၏မျက်လုံးများက ပူလောင်ကာ နာကျင်လာခဲ့သည်။
"ရက်နှစ်ဆယ်အတွင်း မင်းက ကျောင်းမှာ စီနီယာတစ်ယောက်ဖြစ်လာတော့မယ်။" ဟော့ထင်းလန်က အဖြေလွှာနှင့် အမှတ်စာရင်းစာရွက်ထောင့်လေးများကို ဂရုတစိုက်ဖြန့်ကာ သူနှင့် စကားစမြည်ဆက်ပြောခဲ့သည်။ "မေဂျာတို့၊ ကျောင်းတို့နဲ့ပတ်သက်ပြီး တွေးထားတာတစ်ခုခုရှိလား။"
သူက ယဲ့စစ်ကို ကန့်သတ်ချက်ပေးမည်မဟုတ်ဘဲ အများဆုံးမှ လမ်းညွှန်မှုတချို့ကို ပြသပေးမည်ဖြစ်သည်။
သူ ဖော်မြူလာဝမ်းကို မသွားသရွေ့... သူလုပ်ချင်တာဘာမဆိုကို လုပ်ခွင့်ပေးမည်ပင်။
ဖော်မြူလာဝမ်းနှင့်ပတ်သက်ပြီး သူ၏စိတ်ပိုင်းဆိုင်ရာအရိပ်မည်းကြီး၏ ဧရိယာကို သင်္ချာပညာရှင်ဆယ်ယောက်ဆိုလျှင်တောင် တွက်ချက်နိုင်မည်မဟုတ်ပေ။
"ကျွန်တော့်၊ ကျွန်တော့်မှာ အခြေခံ... စဥ်းစားထားတာလေးတွေတော့ ရှိပါတယ်။" ယဲ့စစ်က တွန့်ဆုတ်စွာဖြင့် တီးတိုးပြောလိုက်သည်။ "ကျွန်တော် ဆေးဝါးထုတ်လုပ်တာကို စိတ်၊ စိတ်ဝင်စားတယ်..."
ယဲ့ဟုန်ကျွင်းက ဆန်ဖရန်စစ္စကိုရှိ ဆေးဝါးစမ်းသပ်မှုမှာ လေးပတ်ကြာ ပါဝင်ခဲ့သည်။ မကြာသေးမီက စမ်းသပ်မှုရလဒ်များကို အကဲဖြတ်ရာတွင် သူ(မ)က တိုးတက်မှု လက္ခဏာများ ပြသလာခဲ့သည်။ နောက်ဆက်တွဲစမ်းသပ်မှုများက အချိန်ကြာမြင့်မည်ဖြစ်ပြီး သူ(မ) ပြန်လည်ကောင်းမွန်လာနိုင်ခြင်းရှိ၊ မရှိ အတိအကျမသိရသေးသော်လည်း ၎င်းမှာ အံ့သြစရာကောင်းလောက်အောင်ဖြစ်နေလေပြီ။
"ကျွန်တော်၊ ကျွန်တော် ဒါကိုစဥ်းစားနေတာ တော်တော်ကြာပါပြီ။" ယဲ့စစ်က လက်ချောင်းများကိုဆုပ်လိုက်ပြီး သူ၏အိပ်မက်အကြောင်း ပြောနေစဥ်အတွင်း သူ၏မျက်လုံးများက တောက်ပနေခဲ့သည်။ "ကျွန်တော့်အမေ ဒီတစ်ခေါက် ကု၊ ကုသမှုခံယူနိုင်ခဲ့တာက... ခင်ဗျား သူ(မ)အတွက် အခုလို၊ အခုလို... ကောင်းမွန်တဲ့အခြေအနေတွေနဲ့ လမ်းကြောင်းခင်းပေးခဲ့လို့ပါ။ ဒါပေမဲ့ လူတော်တော်များများမှာ ဒီလို၊ ဒီလိုအရည်အချင်းမျိုး မရှိကြဘူးလေ။ အရင်က ကျွန်တော်တို့သုံးခဲ့ကြတဲ့ တင်သွင်းတဲ့ဆေးဝါးတွေအားလုံးက... အရမ်းစျေးကြီးတယ်။ အနာဂတ်မှာ ကျွန်တော်၊ ကျွန်တော် ဆေးပညာကိုလေ့လာပြီး၊ အဲ့လိုလူတွေအများကြီးအတွက် အာနိသင်ရှိတဲ့ဆေးဝါးတွေကို စျေးသက်သက်သာသာနဲ့ ရောင်းချပေးပြီး ကူညီပေးလို့ရနိုင်တယ်လေ။"
အပြင်းအထန်နာမကျန်းဖြစ်ခြင်း၏ ခါးသီးမှုကို သူ ကောင်းကောင်းကြီးနားလည်ပြီး စာနာပေးနိုင်သည်။ သူက ပြောမပြနိုင်သော ခက်ခဲမှုများကြားကနေ ရုန်းကန်ထွက်လာပြီးနောက် အနောက်လှည့်ကာ အခြားသူများကို ကိုယ့်အစွမ်းအစနှင့် ကူညီပေးချင်ခဲ့သည်။
သူက ရှက်ရွံ့စွာဖြင့် သူ၏ပါးပြင်လေးကိုကုတ်ခြစ်ကာ ပြောလိုက်သည်။
"အဲ့ဒါက တော်တော်၊ တော်တော် ကလေးဆန်တဲ့အကြံပါ။ အဲ့လောက်မရိုးရှင်းမှန်း ကျွန်တော်သိပါတယ်။"
သူက မျက်လွှာပင့်လိုက်ချိန်မှာ မျက်လုံးများထဲ၌ အလင်းတန်းလေးတောက်ပနေပြီး ကြင်နာမှုလေးရှိနေခဲ့သည်။ ၎င်းတို့မှာ ဆင်းရဲဒုက္ခများကို မျက်မြင်ကြုံခဲ့ဖူးပြီး မိမိ၏မူလနှလုံးသားကို မဆုံးရှုံးဖူးသူများ၏ အသွင်အပြင်မျိုးရှိနေ၏။
"အဲ့ဒါက... ယေဘုယျအမြင်ပဲရှိသေးတာပါ။ ကျွန်တော့်ကို မရယ်ပါနဲ့။"
ဟော့ထင်းလန်က သူ့ကိုကြည့်လိုက်ပြီး နှလုံးသားလေးက အလွန်ပျော့ပျောင်းလွန်းသဖြင့် သူ့ကို မည်မျှချစ်မြတ်နိုးကြောင်းကိုတောင် ဖော်မပြတတ်တော့ပေ။
"အဲ့ဒါက လုံးဝကလေးမဆန်ပါဘူး။" သူက မြဲမြံစွာထရပ်လိုက်သည်။
၎င်းတို့က စာဖတ်ခန်းထဲမှာရှိနေပြီး ဘဝပန်းတိုင်များအကြောင်း ပြောနေကြ၏... ဤသည်မှာ လေးနက်ပြီး ဖြောင့်မတ်မှန်ကန်သော အကြောင်းအရာတစ်ခုဖြစ်သော်လည်း သူ၏နှလုံးခုန်သံများက ရှင်းပြလို့မရစွာဖြင့် တောက်လောင်နေခဲ့သည်။
"အဲ့ဒီအလုပ်မျိုးက... လစာ၊ လစာမြင့်မလားဆိုတာ ကျွန်တော် မသေ၊ မသေချာဘူး။" ယဲ့စစ်က သူ၏ဦးခေါင်းထဲမှာ အနှီအရာလေးများကို တွက်ချက်နေခဲ့သည်။ အမျိုးသားတစ်ယောက်မှာ မိသားစုနှင့် အိမ်တစ်အိမ်ရှိလာချိန်မှာ ကိုယ့်တစ်ယောက်တည်းအတွက် တွေးလို့မရပေ။ "ကျွန်တော် အနာဂတ်မှာ ပိုက်ဆံတွေ အများကြီး၊ အများကြီးရှာပြီး ခင်ဗျားနဲ့ ကျွန်တော့်၊ ကျွန်တော့်အမေအတွက် သုံးချင်တယ်..."
ထိုစဥ် ဟော့ထင်းလန်က သူ့ပုံမှန်စိတ်ထားနှင့်မကိုက်ညီသည့် မဆင်မခြင်ရူးသွပ်မှုဖြင့် သူ့ကို ပွေ့ဖက်လာ၏။ သူ၏ရင်ဘတ်နှင့် ဝမ်းဗိုက်ထဲမှာ ပူပူနွေးနွေးစီးကြောင်းလေးနှင့်အတူ သူ့ကိုပွေ့ဖက်ထားရင်း စာရွက်များနှင့် ဆုလက်မှတ်များကို စားပွဲပေါ်သို့တင်လိုက်သည်။ နှစ်ဦးသားကြားမှာ ပြောစရာမလိုသည့် စည်းမျဥ်းလေးရှိနေပြီး သူ့နားရွက်နားတိုးကပ်ကာ နွေးထွေးစွာကတိပေးလိုက်လေ၏။
"မင်းအလိုရှိတာကို လေ့လာပါ၊ ကျန်တာကို ဘာမှစိတ်မပူနဲ့။ ကိုယ် မင်းအတွက် ရင်းနှီးမြှုပ်နှံပြီး မင်းရဲ့ပရောဂျက်တိုင်းမှာ ကူညီပေးမယ်။ ဟုတ်ပြီလား၊ ပေါင်ပေါင်း။ အဆင်ပြေလား။"
"အာ... အွန်း။ အဆင်ပြေပါတယ်..." ယဲ့စစ်က နာခံမှုရှိစွာဖြင့် သူ့ကိုယ်သူ အနမ်းခံနေရင်း ရိုက်ကွင်းမှားရောက်သွားသော သရုပ်ဆောင်တစ်ယောက်လို မှင်တက်နေခဲ့သည်။
သူနဲ့ ဟော့ရှူးရှူက စောစောလေးကတင်... လေးနက်တဲ့အနာဂတ်အကြောင်းကို ဆွေးနွေးနေခဲ့ကြတာမဟုတ်ဘူးလား!
***
Aurora Novel Translation Team
There is No Eng Version