no
အပိုင်း (၃၃) - လူကောင်းတစ်ယောက်နှင့် ကုသိုလ်ရေး
ယဲ့စစ်က စိတ်သက်သာရာရကာ သက်ပြင်းချလိုက်ပြီး အလျင်အမြန်မေးလိုက်သည်။
"ဘာ... ဘာနည်းလမ်းလဲ။"
ဟော့ထင်းလန်က နူးညံ့စွာပြုံးလိုက်ပြီး လက်ခံဖို့လွယ်ကူသော ဝင်ပေါက်တစ်ခုကိုရှာတွေ့ကာ ပြောလိုက်သည်။
"မင်း လွန်ခဲ့တဲ့နှစ်ရက်က ကိုယ့်အခန်းထဲမှာအိပ်ခဲ့တာလား။"
"အွန်း။" ယဲ့စစ်က ခေါင်းညိတ်လိုက်သည်။
"ဒါဆို ဒီနေ့ညရော?"
ယဲ့စစ်တစ်ယောက် အံ့အားသင့်ကာ ပါးစပ်အဟောင်းသားဖြစ်သွားချိန်၌ ဟော့ထင်းလန်က တည်ငြိမ်စွာ ထပ်ဖြည့်ပြောလာခဲ့သည်။
"ကိုယ် ဘာမှမလုပ်ပါဘူး။ ကိုယ်တို့ တစ်ယောက်တစ်ထည်စီခြုံဖို့ စောင်အပိုထပ်ထည့်လို့ရတယ်။"
သူက သူ့နဖူးကို ပင်ပန်းနွမ်းနယ်စွာ ပွတ်သပ်ကာ သားကောင်ကိုကစားရန်နှင့် သူက လက်ရှိတွင် အားအင်ကုန်ခန်း၍ အန္တရာယ်ရှိသော အခြေအနေမှာမရှိဟု အရိပ်အမြွက်ပြောခဲ့သည်။
"ကိုယ် မနေ့ညက တစ်ညလုံးအလုပ်များနေခဲ့တာ၊ အခုထိ မျက်လုံးတောင်မမှိတ်နိုင်ခဲ့ဘူး။ ကိုယ် အရမ်းပင်ပန်းနေပြီမို့ မင်းကို ပွေ့ဖက်ထားချင်လို့ပါ။"
ယဲ့စစ်က ရှက်ရွံ့သွားပြီး ပါးစပ်ပိတ်ထားကာ သူ၏သဘောထားက အနည်းငယ်ယိမ်းယိုင်သွားသော်လည်း ပြတ်ပြတ်သားသား အငြင်းစကားမဆိုခဲ့ပေ။
စောစောက လက်မခံနိုင်သောရလဒ်ကြောင့် ထိတ်လန့်သွားခဲ့ပြီး ကိုယ့်ကိုယ်ကိုယ် အတွေးလွန်နေမှန်းသိလိုက်ရသည်။ စိတ်သက်သာရာရကာ သက်ပြင်းချလိုက်ပြီးနောက် သူ၏လက်ခံနိုင်သည့်နှုန်းကလည်း တိုးတက်လာခဲ့လေသည်။
သူ၏ ညှိနှိုင်းသည့်အကြံပြုချက်တချို့က အခြေခံကျသော်လည်း လက်တွေ့ဆန်ပေ၏။
ဟော့ထင်းလန်က ကျွမ်းကျင်စွာဖြင့် ကြောင်လေး၏လည်ကုပ်ကို ညင်သာသော်လည်း မြဲမြံစွာကိုင်ထားပြီး အတွေ့အကြံမရှိသောကြောင်လေးကို စိတ်ရှုပ်ထွေးအောင် လုပ်နေခဲ့သည်။
"စောစောက မင်းရဲ့အမူအရာက..."
အပြုံးလေးနှင့်အတူ ဗီလိန်ကြီးက သူ၏နစ်နာသူကို စွဲချက်တင်ကာ ကျီစယ်လိုက်သည်။
"မင်း ဘာတွေတွေးနေတာလဲ။"
ယဲ့စစ်က သူ့ကို ဖန်လုံးလေးများလို ကြင်လင်နေသောမျက်ဝန်းများဖြင့် ကြည့်လာသော်လည်း သူ့ကိုယ်သူအတွက် မငြင်းဆိုနိုင်ဘဲ နီစွေးလာခဲ့လေ၏။
အဘယ့်ကြောင့်ဆိုသော် သူ အမှန်တကယ်ကို အရိုင်းဆန်သည့်အရာများအား တွေးနေခဲ့သောကြောင့်ပင်။
သူ သူ့ဦးနှောက်ထဲမှ အဝါရောင်အမှိုက်များကို ဟော့ရှူးရှူအားပြောပြကာ အစခံရမည့်အစား စကားတစ်ခွန်းမှမပြောဘဲ မျက်စိမှိတ်ခေါင်းညိတ်လိုက်ချင်၏။ သူ သူ၏ချစ်ရသူကိုလည်း မလိမ်ညာချင်ပေ။
"ဘာတွေတွေးနေတာလဲ ပေါင်ပေါင်း။"
ဟော့ထင်းလန်က အပြစ်ကင်းစင်သော အသက်ကြီးကြီးကောင်လေးတစ်ယောက်လို သူ၏သိချင်စိတ်ကို ဖော်ပြခဲ့သည်။
"ကိုယ့်ကိုပြောပါဦး။"
ယဲ့စစ်တစ်ယောက် အသားစားသတ္တဝါတစ်ကောင်ဆီကနေ ပစ်မှတ်ထားခံနေရသကဲ့သို့ ရုတ်တရက်ဆိုသလို အန္တရာယ်အငွေ့အသက်ကို ခံစားလိုက်ရသည်။ သူသာ ထိုသတ္တဝါကြီးထံ အသားအနည်းငယ်ဆုတ်ဖြဲ၍ မစတေးလိုက်ပါက ယနေ့ည လုံးဝလွတ်မြောက်နိုင်မည်မဟုတ်ပေ။
-သူ ဘာတွေတွေးနေခဲ့တာလဲ။
သူက တကယ့်လက်ထပ်ပြီးသားစုံတွဲများလို ဟော့ထင်းလန်နှင့် စောင်တစ်တစ်ထည်တည်းအောက်မှာ အိပ်စက်ရန် တွေးနေခဲ့၏။ ထို့အပြင် 'ဟိုလိုအရာ' များနှင့်ပတ်သက်၍တောင် ဝိုးတိုးဝါးတားတွေးလိုက်မိသေးသည်။
သို့သော် ထိုစကားလုံးများကို မည်ကဲ့သို့ပြောရမည်နည်း။
သားရဲကြီးအတွက် ကျွေးနိုင်သည့်အသားက တစ်ပိုင်းတည်းသာကျန်တော့သည်။
သူ၏လည်ချောင်းက တင်းကျပ်သွားခဲ့ပြီး အလျှော့အတင်းလုပ်ရန် အနှီမေးခွန်းကို အတင်းအကျပ်ကျော်သွားခဲ့သည်။
"ဒါဆို၊ ဒါဆို စောင်တစ်ထည်ထပ်ထည့်လိုက်မယ်..."
မာစတာအိပ်ခန်းထဲ၌ ခေါင်းအုံနှစ်လုံး၊ စောင်နှစ်ထည်ကို ခုတင်တစ်ဖက်စီမှာ နေရာချထားပြီး အလယ်၌ နေရာအကျယ်ကြီးရှိနေသေးသည်။
ဟော့ထင်းလန်က ဆေးကြောရန် ရေချိုးခန်းထဲဝင်သွားပြီး ယဲ့စစ်က သူခိုးတစ်ယောက်နှယ် သူ့စောင်အောက်ထဲတစ်ကိုယ်လုံးမြုပ်နေခဲ့သည်။ သူက စောင်အပါးလေးကို သူ့နှာခေါင်းထိပ်ဖျားလေးအထိ ဆွဲခြုံထားလေ၏။
ယဲ့စစ်တစ်ယောက် စောင်အောက်ကနေ သူ့နှုတ်ခမ်းထောင့်လေးကို တိတ်တိတ်လေးထိကြည့်လိုက်သည်။
ထုံထိုင်းစေသည့်အပူက ပျောက်ကွယ်သွားပြီး အရေပြားကလည်း ပြဲမသွားခဲ့ပေ။
ရုတ်တရက်ဆိုသလို ရေချိုးခန်းထဲမှရေကျသံက ရပ်တန့်သွား၏။
ယဲ့စစ်က ဓါတ်လိုက်သကဲ့သို့ လက်ပြန်ရုပ်ကာ မျက်လုံးများမှိတ်၍ အိပ်ချင်ယောင်ဆောင်လိုက်သည်။
သူ၏စိတ်နေသဘောထားနှင့် ယခုလိုအခြေအနေများအောက်မှာ သတိလက်လွတ်အိပ်ပျော်သွားခြင်းက အတုအယောင်ဆန်မှန်း သူသိသော်လည်း ဟော့ထင်းလန်က အရင်ကလိုမျိုး မြင်သော်လည်း ထုတ်မပြောဘဲနေပါစေဟု မျှော်လင့်နေလေ၏။
ရေချိုးခန်းတံခါး ပွင့်လာခဲ့သည်။
ပင်လယ်ဆားနှင့် ထင်းရှူးသားတို့ ရောယှက်နေသည့် အမျိုးသားကိုယ်တိုက်ဆပ်ပြာအနံ့က တဖြည်းဖြည်းချဥ်းကပ်လာ၏။
သူ့ခန္ဓာကိုယ်ဘေးတစ်ဖက်က အိခနဲဖြစ်သွားပြီး တစ်စုံတစ်ခုက အလင်းရောင်ကိုကွယ်လိုက်သည်။ ထို့နောက် ဟော့ထင်စလန်က သူ့ကို တိုးတိုးလေးခေါ်လာခဲ့လေသည်။
"ပေါင်ပေါင်း၊ အိပ်နေပြီလား။"
ယဲ့စစ်က မလှုပ်ရှားခဲ့ပေ၊ မျက်တောင်လေးတောင် တဖျပ်ဖျပ်ဖြစ်မသွားချေ။
သူက တော်တော်လေးကောင်းမွန်စွာ သရုပ်ဆောင်နိုင်ခဲ့သည်။
ဟော့ထင်းလန်၏နှုတ်ခမ်းထောင့်များက အနည်းငယ်ကွေးညွတ်သွား၏။ သူက ဘာမှမပြောသလို မီးလည်းမပိတ်ခဲ့ပေ။ ယဲ့စစ်ဘေးနားမှာ လဲလျောင်းလိုက်ပြီး လက်ဆန့်ကာ စောင်ပါးလေးနှင့်ထုပ်ထားသော အနှီပုဂ္ဂိုလ်လေးကို သူ့ရင်ခွင်ထဲ ဆွဲထည့်လိုက်သည်။
စောစောကအနမ်းလေးမှာ သူ၏တောင့်တမှုကို မကျေနပ်စေနိုင်ပေ။ ထိုအစား ၎င်းက အတိတ်ဘဝမှာ သူ့ချစ်သူနှင့် လိမ်ယှက်နေခဲ့သည့်မှတ်ဉာဏ်များအား နှိုးဆွပေးလာခဲ့သည်။
အလိုရမ္မက်က ငါးမန်းတစ်ကောင် သွေးနံ့ကိုအာရုံခံမိလိုက််ခြင်းနှင့်တူ၏။ အရသာမြည်းစမ်းမကြည့်လျှင် ပိုကောင်းလိမ့်မည်ဖြစ်သော်လည်း အရသာခံပြီးသည်နှင့် ပို၍ရူးသွပ်ကာ ပို၍လောဘတက်လာခဲ့သည်။
ခဲရောင်ပိုးထည်စောင်လေးက ပင်လယ်ကဲ့သို့ နက်ရှိုင်းကာ နက်မှောင်နေသည်။ သူက ၎င်းကို အသံတိတ်ဖြတ်သန်းကာ အနှီသမုဒ္ဒရာထဲမှ ခရင်မ်လိုအဖြူရောင်အသားစလေးကို တပ်မက်နေခဲ့သည်။ အမှတ်အသားကာလက မပြီးဆုံးသေးသော်လည်း သူ၏အယ်ဖာဂလင်းများက စတင်ထကြွလာ၏။
အိုမီဂါတစ်ယောက်ဆီကနေ နှစ်သိမ့်ခံရပြီးနောက် ဂလင်းများက ငြိမ်သက်နေသင့်သည်။
သို့သော် အတိတ်ဘဝမှ သူ့ခင်ပွန်း၏သေဆုံးမှုအတွေ့အကြုံက ဟော့ထင်းလန်၏အယ်ဖာဂလင်းများကို ပိုလို့တောင် အထိမခံဖြစ်လာစေပြီး အရင်ဘဝကထက် ပို၍နုနယ်လာခဲ့၏။ ၎င်းတို့၏ဖယ်ရိုမုန်းအတက်အကျများကလည်း ပုံမှန်ဆေးပညာသီအိုရီကိုသုံး၍ ခန့်မှန်းဖို့ ခက်ခဲပေသည်။
ဟော့ထင်းလန်၏မျက်လုံးများက မည်းမှောင်သွားပြီး သူ၏လက်များက ယဲ့စစ်အရှေ့မှာ လှည့်ပတ်နေခဲ့သည်။
သူ၏လက်ချောင်းထိပ်လေးက ယဲ့စစ်၏အသက်ရှူသံများဖြင့် စိုထိုင်းနေသော စောင်လေးကို ထိတွေ့လိုက်ပြီး စောင်အပေါ်ကနေ သူ၏နှုတ်ခမ်းသားများကို ခြေရာခံနေခဲ့သည်။
ခဏအကြာတွင် နှုတ်ခမ်းလေးပေါ်ရပ်တန့်သွားပြီး ၎င်းတို့နှင့်ကစားနေတာကို မရပ်နိုင်တော့ပေ။
ဟော့ထင်းလန်၏လက်ချောင်းလေးများကို ထိခတ်နေသော အသက်ရှူသံလေးများက ရုတ်တရက် မြန်ဆန်လာ၏။
ယဲ့စစ် ထိတ်လန့်နေမိသည်။
သူ၏အသက်ရှူသံက သူ၏ဟန်ဆောင်မှုကို ဖော်ထုတ်လိုက်မိမည်စိုး၍ ယဲ့စစ်က အသက်အနည်းငယ်ရှူလိုက်ပြီး အသက်ရှူသံကို ထိန်းချုပ်လိုက်ချိန်မှာ သူ၏ခန္ဓာကိုယ်က အနည်းငယ်တုန်ယင်လာခဲ့သည်။
ဤသည်မှာ အိပ်ချင်ယောင်ဆောင်ခြင်းမဟုတ်တော့ဘဲ သေချင်ယောင်ဆောင်ခြင်းနှယ်။
"ယဲ့စစ်။"
ဟော့ထင်းလန်က ရယ်ချင်စိတ်ကိုထိန်းချုပ်၍ သူ၏လက်ချောင်းလေးများဖြင့် ငါးစာကိုလာဟပ်ခဲ့ပြီး ထိုသင်ခန်းစာကိုမမှတ်မိတော့သည့် မိုက်မဲသောအနှီပါးစပ်လေးကို ပွတ်သပ်လိုက်သည်။
"မင်း တကယ်အိပ်ပျော်နေတာလား။"
ယခုအချိန်ကျမှ ရုတ်တရက်ထလိုက်ပါက ပို၍ရှက်စရာကောင်းပေ၏။
ကျားတစ်ကောင်ကိုစီးဖို့ ခက်ခဲပြီး ယခုဇာတ်ကောင်ကိုပဲ အဆုံးထိသရုပ်ဆောင်သွားတာက ပိုကောင်းသည်။ ယဲ့စစ်တစ်ယောက် မျက်လုံးများကို ဆက်မှိတ်ထားလိုက်၏။ သူ့နဖူးပေါ်မှာ ချွေးသီးလေးများစို့လာပြီး မျက်တောင်လေးများကလည်း တုန်ယင်လာခဲ့သည်။
"တကယ်အိပ်ပျော်သွားပြီလား။"
ဟော့ထင်းလန်က တီးတိုးကြေညာလိုက်သည်။
"ဒါဆို ကိုယ်မကောင်းတာတစ်ခုခုလုပ်တော့မယ်။"
ယဲ့စစ်: "..."
သူ၏လည်စလုတ်က မယုံကြည်နိုင်စွာဖြင့် အနည်းငယ်လှုပ်ရှားသွားခဲ့သည်။
ဟော့ထင်းလန်က စောင်အနားစကိုဆုပ်ကိုင်ကာ မ'လိုက်လေ၏။
ယင်းက စကတ်အနားစကို လှန်နေတာနှင့်တူသော်လည်း သူက ညစ်ညမ်းသည့်ပုံမပေါ်အောင် လုပ်နိုင်ခဲ့သည်။
စောင်အောက်မှာ ယဲ့စစ်၏ညအိပ်ဝတ်စုံက ကြယ်သီးအပြည့်တပ်ထားပြီး ဟော့ထင်းလန်က ငါးလေးကိုကျီစယ်နေသကဲ့သို့ ထိပ်ဆုံးကကြယ်သီးကို ထိလိုက်လေ၏။
ယဲ့စစ်၏မျက်တောင်များက တုန်ယင်လာပြီး လုံးဝပြိုလဲသွားတော့သည်။ သူက မျက်လုံးများဖွင့်ရန် အလွန်ရှက်ရွံ့နေသည့်အတွက် ဘေးတစ်စောင်းလှည့်ကာ ဟော့ထင်းလန်၏ရင်ခွင်ထဲတိုးဝင်၍ ညှာတာပေးဖို့တောင်းဆိုလိုက်သည်။
"ဟော့ရှူးရှူ၊ မ၊ မလုပ်ပါနဲ့..."
"မင်းက အိပ်ချင်ယောင်ဆောင်နေတယ်ပေါ့လေ။" ဟော့ထင်းလန်က ယဲ့စစ်၏ နီရဲတောက်ပနေသောနားရွက်လေးကို ညင်သာစွာထိတွေ့လိုက်သည်။
သူ ၎င်းကို ရှင်းရှင်းလင်းလင်း မြင်တွေ့ခဲ့သည်။
ယဲ့စစ်က မည်မျှပင်တုံးအပါစေ၊ ဟော့ထင်းလန်က ၎င်းတို့၏ဆက်ဆံရေးကို အတည်မပြုရသေးခင်ကနှင့် မတူတော့ကြောင်း သူသတိပြုမိပေ၏။ ထို့အပြင် သူသည် အစကတည်းက မတုံးအပေ။ အခြားတစ်စုံတစ်ယောက်ကသာ ဟော့ထင်းလန်၏လုပ်ရပ်များကို ကြိုးစားခဲ့မည်ဆိုပါက သူ စကားသုံးခွန်းအတွင်းမှာပင် မြင်တွေ့လိမ့်မည်။
ပထမတစ်ချက်နဲ့တင် သူ ငါးစာချိတ်မိသွားခြင်းမှာ ကြိုတင်စိတ်ကူးမှန်းဆချက်များကြောင့်ဖြစ်၏။ သူက ဟော့ထင်းလန်၏ သန့်စင်ပြီး ကြင်နာတတ်သောသဘာဝကို အခိုင်အမာယုံကြည်ထားကာ ထိုစစ်ထုတ်သည့်မှန်ပြားက ဖောက်မြင်ဖို့ အလွန်ထူထဲနေခဲ့ခြင်းပင်။
"ဟော့ရှူးရှူ၊ ဘာလို့..." ယဲ့စစ်က လက်သီးဆုပ်လိုက်ပြီး တွန့်ဆုတ်တွန့်ဆုတ်နှင့်ပြောလိုက်သည်။ "ဘာလို့... ဒီလိုဖြစ်နေတာလဲ။"
"ကိုယ်က ဘယ်လိုဖြစ်လို့လဲ။"
ဟော့ထင်းလန်က ရယ်မောလိုက်ပြီး သူ့ရင်ဘတ်ထဲမှ နက်ရှိုင်းသည့်တုန်ခါမှုက ယဲ့စစ်၏နားစည်ကို ယားယံစေခဲ့၏။
"ဟိုလို။" ယဲ့စစ်တစ်ယောက် အဆဲစကားလုံးဖြစ်စေဖို့ တိကျသည့်စကားလုံးကိုရှာဖွေရင်း ရုန်းကန်လိုက်ရသည်။ "ခင်ဗျားက လူ၊ လူကြီးလူကောင်းမဆန်တော့ဘူး။"
လူကြီးလူကောင်းမဆန်ဘူး။
ဟော့ထင်းလန်တစ်ယောက် အခိုက်အတန့်တစ််ခုလောက် မှင်တက်သွား၏။ သူ့အရင်ဘဝမှာရော၊ လက်ရှိဘဝမှာပါ သူနှင့်ပတ်သက်၍ ထိုကဲ့သို့မှတ်ချက်မျိုးကို မည်သူကမှမပြောခဲ့ဖူးပေ။
ထိုမျှသာမကသေးဘဲ သူ့ကို ဆန့်ကျင်ဘက်သာ ဖော်ပြတတ်ကြသည်။
ကလေးများကို မိခင်အရင်းလောက် မည်သူမှမသိဟု ပြောကြသော်လည်း သူ့အမေဖြစ်သူ လင်ယောင်ကတောင် သူ့တစ်ဘဝလုံးတည်ရှိလာသော အထီးကျန်ဆန်နေခြင်း၏ အထက်တန်းစားဟန်ပန်ကို လက်လွှတ်လိုက်ဖို့ မကြာခဏဖျောင်းဖျတတ်၏။ အကယ်၍ သူနှင့်ကိုက်ညီသော အိုမီဂါကိုမရှာနိုင််ခဲ့လျှင် အနည်းဆုံးတော့ ဘီတာအမျိုးသမီးနှင့် တွေ့နိုင်ပေလိမ့်မည်...
ထို့အပြင် သူနှင့် ယဲ့စစ်တို့က အတိတ်ဘဝမှာ ယခုလိုမျိုးမဟုတ်ပေ။
၎င်းက ချီးကျူးစရာတစ်ခုမဟုတ်သော်လည်း သူ့ကျောရိုးတစ်လျှောက် အပူများတက်လာသလို ခံစားလိုက်ရသည်။ ပင်လယ်ဓါးပြသင်္ဘောပေါ်ရောက်နေကြောင်း ဝိုးတိုးဝါးတားမှတ်မိသွားခဲ့သည့် ဝမ်းနည်းကြေကွဲနေသောချစ်သူလေးဆီကနေ နှိုးဆွခံလိုက်ရသောကြောင့် သူ၏စိတ်လှုပ်ရှားမှုများက နှစ်ဆဖြစ််သွားခဲ့သည်။
"ရှောင်စစ်။"
ဟော့ထင်းလန်က အနောက်သို့ အနည်းငယ်ရွှေ့လိုက်ပြီး သူ့ရင်ဘတ်ထဲနစ်မြုပ်နေသော ယဲ့စစ်ကို စိုက်ကြည့်ကာ ရှုပ်ပွနေသောဆံပင်များကို ပွတ်သပ်ပေးလိုက်သည်။ ထို့နောက် ချော့မြှူခြင်းတစ်ဝက်၊ လေးနက်မှုတစ်ဝက်ဖြင့် ပြောလိုက်၏။
"ကိုယ်တို့ဆက်ဆံရေးကို အတည်ပြုလိုက်တဲ့အခိုက်အတန့်ကတည်းက မင်းက ဥပဒေအရရော၊ စိတ်ပိုင်းဆိုင်ရာခံစားချက်တွေအရပါ တရားဝင် ကိုယ့်ရဲ့ချစ်သူ၊ ကိုယ့်ရဲ့ခင်ပွန်းဖြစ်သွားပြီ။ မင်းအရှေ့မှာ ကိုယ် လူကြီးလူကောင်းတစ်ယောက်လို ပြုမူဖို့လိုတယ်၊ ဒါမှမဟုတ် ပြုမူသင့်တယ်လို့ ကိုယ်မထင်ဘူး။ မင်း ကိုယ့်အရှေ့မှာ ရဲရင့်သလိုမျိုး ပြုမူဖို့ ကြိုးစားဖို့မလိုသလိုပေါ့။ မင်း ကိုယ့်ကို ရင်ဖွင့်လို့ရတယ်၊ ကိုယ့်အရှေ့မှာ ငိုလိုရတယ်၊ မင်းရဲ့နှလုံးသားဆန္ဒအတိုင်း ကိုယ့်ကို အားကိုးလို့ရတယ်... အဲ့ဒါကို ဘယ်လိုထင်လဲ။"
စကားလုံးလေးအနည်းငယ်ဖြင့် သူ၏စစ်မှန်သောသဘာဝနှင့် သူ၏ 'ရမ်းကားမှု' ကို ပေါင်းစပ်လိုက်သည်။
အလွန်အရှက်မဲ့ပေ၏။
ယဲ့စစ်တစ်ယောက် ထိုအရာနှင့် အချိန်တစ်ခုကြာသည်အထိ နပန်းလုံးနေခဲ့ရသည်။ သူကလည်း ဟော့ထင်းလန်ရှေ့မှာ မာကျောချင်ယောင်ဆောင်ခဲ့သည်။ ၎င်းက မတူညီဘူးဟုပြောလျှင် မှားယွင်းပေ၏။ ထို့ကြောင့် သူ့ကိုလည်း... အပြစ်ကင်းသည်ဟု ယူဆလို့မရပေ။
ထို့အပြင် ချစ်သူနှင့် ပရောပရည်လုပ်နေခြင်းက အဆင်ပြေသည်ဟုထင်ရသော်လည်း ၎င်းမှာ ဆန့်ကျင်ဘက်ဖြစ်နေ၏...
"မင်း ဟော့ရှူးရှူကို သဘောကျသေးလား။" ဟော့ထင်းလန်က သိသိလျက်နှင့် မေးလိုက်သည်။
ထိုအရာကြောင့်နှင့် မည်သို့သဘောမကျဘဲနေမည်နည်း။
ယဲ့စစ်က ရှက်ရွံ့စွာဖြင့် ခေါင်းညိတ်လိုက်သည်။
"ကိုယ်က လူကြီးလူကောင်းမဟုတ်ရင်တောင် သဘောကျတယ်ပေါ့?"
ဟော့ထင်းလန်က အပြုံးလေးဖြင့် မေးလိုက်လေသည်။
ယဲ့စစ်က အံကြိတ်လိုက်ရာ သူ၏မေးရိုးများက တင်းကျပ်သွားခဲ့သည်။ စက္ကန့်အနည်းငယ်တိတ်ဆိတ်သွားပြီးနောက် သူက ဝန်ခံလိုက်လေ၏။
"ကျွန်တော် ခင်ဗျားကိုသဘောကျပါတယ်။"
သို့သော်လည်း ဗီလိန်ကြီးက သူအစစ်အမှန်၏ ဆယ်ပုံတစ်ပုံတောင် ဖော်မပြရသေးတာကို ယဲ့စစ် မသိခဲ့ရှာပေ။
"ဒါဆို... "
ဟော့ထင်းလန်က ရပ်တန့်လိုက်၏။ ထို့နောက် ယဲ့စစ်၏စူးစမ်းနေသောမျက်ဝန်းများနှင့် အကြည့်ချင်းဆုံကာ တိတ်တဆိတ်ပြောလိုက်သည်။
"ကိုယ့်ကို ကူညီပေးမလား။ Rut ကာလကို မင်းကဆွဲထုတ်လိုက်တာမို့ ကိုယ့်ကို နှစ်သိမ့်ပေးပါ..."
ယဲ့စစ်က ကြောင်အမ်းသွားပြီး ငြင်းတောင်မငြင်းနိုင််ခဲ့ပေ။
"ကျွန်တော်၊ ကျွန်တော်က ဆွဲထုတ်လိုက်တာ?"
"အွန်း။"
ဟော့ထင်းလန်က ရယ်ချင်စိတ်ကို ထိန်းချုပ်လိုက်သည်။ သူ၏မျက်လုံးများက မည်းနက်တောက်ပကာ သူ့မှာ ခံ့ညားသောအသွင်အပြင်ရှိသော်လည်း ချာတိတ်လေးထံ အိုးမည်းကြီးပစ်ပေးသည့် ယုတ်မာသည့်စိတ်ကလေးကိန်းဝပ်နေသည်ကတော့ နှမြောစရာပင်။
[TN/ အိုးမည်းကြီးပစ်ပေးတယ်ဆိုတာက အပြစ်ပုံချတာကိုပြောတာပါ။]
"မင်းကြောင့်... မင်း ရှက်ရွံ့ပြီးနီစွေးနေတာက ဘယ်လောက်ထိလှလဲဆိုတာကို သိရဲ့လား။" အိုးအမည်းကြီးမှာ သူ့မျက်နှာတည့်တည့်ကို ထိမှန်သွားခဲ့သည်။ "အခုလည်း ဆွဲထုတ်နေတုန်းပဲ။"
ရှက်ရွံ့ပြီးနီစွေးတာက အပြစ်တစ်ခုဖြစ်သွားတာလား။ သူ့မှာ ဆံချည်မျှင်သွေးကြောတွေ ပေါများနေတာကို သူက ဘာလုပ်နိုင်မှာလဲ။
ယဲ့စစ်မှာ ရှားရှားပါးပါး ပုန်ကန်သည့်အတွေးလေးဝင်လာပြီး ဟော့ထင်းလန်ဆီကနေ စောင်ကိုဆွဲလုကာ သူ့မျက်နှာကိုအုပ်လိုက်သည်။ ရလဒ်အနေဖြင့် သူ့နှာတံလေးထိ ဖုံးအုပ်ရုံသာရှိသေးသော်လည်း သူ့မေးစေ့အထိရောက်အောင် ပြန်ဆွဲချခံလိုက်ရသည်။ သူက တစ်ဖန်ထပ်ပြီး ပြန်ဆွဲခြုံလိုက်သော်လည်း ဟော့ထင်းလန်က လည်ပင်းအထိရောက်အောင် ဆွဲချလိုက်ပြန်၏။ သူက ဖျတ်လတ်သွက်လက်ပြီး အပြုံးလေးဖြင့် စုံတွဲများစနောက်ကျီစယ်ကာ ပရောပရည်လုပ်နေကြသလိုမျိုး ပြုလုပ်နေခဲ့သည်။
လေထုက ထူးဆန်းလာကြောင်း ယဲ့စစ် သတိပြုမိလိုက်ပြီး စောင်ကို ထပ်မဆွဲရဲတော့ပေ။ နီမြန်းနေသောသူ့မျက်နှာလေးက လေထုထဲထုတ်ဖော်ခံထားရပြီး ဟော့ထင်းလန်၏အကြည့်အောက်မှာ 'ကြည့်ကောင်းနေစေဖို့' သူ့ကိုယ်သူ စိတ်ကိုပြင်ဆင်၍ တီးတိုးပြောလိုက်သည်။
"ခင်ဗျားရဲ့ rut ကာလက... လွန်၊ လွန်ခဲ့တဲ့တစ်လကျော်က မဟုတ်ဘူးလား။ ပုံမှန်ဆို အယ်ဖာတစ်ယောက်က... တစ်နှစ်နေမှ နှစ်ကြိမ်၊ သုံးကြိမ်လောက်ပဲ rut ဝင်တာပါ။ ပြီးတော့ အဲ့ဒါကို ဆွဲထုတ်လို့မှမရတာ။"
သူက အနည်းငယ်သာသိထားသော်လည်း တစ်ချိန်က သူသည် အယ်ဖာတစ်ယောက်ဖြစ်ခဲ့ဖူးပြီး သူ့ကို အရူးလုပ်လို့မရနိုင်ပေ။
"ကိုယ်က နေမကောင်းဘူးလေ။" ဟော့ထင်းလန်က ပြုံးလိုက်၏။ "ကိုယ့်မှာ မူမမှန်တဲ့ rut ကာလရှိတယ်။"
ယဲ့စစ်က အသံတိတ် စိုက်ကြည့်နေခဲ့သည်။
ဟော့ထင်းလန်က အမှန်တကယ်ကို နေမကောင်းပေ။ ယင်းက rut ကာလ၏လက္ခဏာများဖြစ်သည်။ အယ်ဖာတိုင်း၏ rut ကာလ လက္ခဏာများက သူ့လောက်မပြင်းထန်ပေ။ ၎င်းကို ရောဂါတစ်ခုလို ယူဆလို့ရပြီး ကြိမ်နှုန်းကလည်း အမှန်တကယ်ကို မတိကျပေ။
"ကိုယ့်ကို နှစ်သိမ့်ပေးပါ ပေါင်ပေါင်း။ ဒါကို လူကောင်းတစ်ယောက်က ကုသိုလ်လုပ်တယ်လို့ သဘောထားလိုက်လေ၊ မကောင်းဘူးလား။"
ပြောလေပြောလေ ပို၍ရယ်စရာကောင်းလာလေဖြစ်ပြီး မရိုးမသားဖြစ်လာလေပင်။ သူက အပြုံးကိုထိန်းချုပ်ထားပြီး ဆက်လက်ချော့မြှူကာ လှည့်စားနေခဲ့သည်။
"ကိုယ့်မှာ မင်းရဲ့နှုတ်ခမ်းကိုမထိဘဲ မင်းလက်ခံနိုင်မဲ့ နည်းလမ်းတစ်ခုရှိတယ်။"
သူက ဘေးတစ်စောင်းလှည့်ကာ ရေပူစမ်းကရေကဲ့သို့ ပူလောင်နေသော ယဲ့စစ်မျက်နှာလေးကို အုပ်ကိုင်လိုက်ပြီး နီမြန်းနေသော သူ၏ပါးပြင်နှစ်ဖက်၊ ချွေးများစိုနေသော ဆံပင်လေးများ၊ မျက်တောင်ခတ်နေသော မျက်ခွံလေးများတစ်လျှောက် အနမ်းမိုးများရွာနေခဲ့သည်...
သူ၏စကားများက အမှန်တကယ် ယုံကြည်ရပေသည်။ သူက သူ၏နှုတ်ခမ်းကို မထိဘူးဟုပြောခဲ့သည့်အတွက် အမှန်တကယ်မထိခဲ့ပေ။
သို့သော်လည်း အဆုံးသတ်မှာ ယဲ့စစ်တစ်ယောက် သူ၏ကော်လံကို အသေဆုပ်ကိုင်ထားပြီး လွှတ်မပေးခဲ့ပေ။ ကြည်လင်သောအသံဖြင့် သူက သူ့လည်ပင်းကိုမထိဖို့လည်း ထပ်တလဲလဲ အလေးပေးပြောကြားနေခဲ့၏။ သူ၏ကျောင်းဝတ်စုံကော်လံက လည်ပင်းတစ်ခုလုံးကို လုံအောင်မဖုံးနိုင်သောကြောင့် သူ၏အတန်းဖော်များနှင့် ဆရာများက တစ်ချက်ကြည့်ရုံနှင့် မြင်တွေ့သွားလိမ့်မည်ပင်။
၎င်းမှာ သူ၏လည်ပင်းကို ကယ်တင်ရုံမျှသာ။
ထိုနေ့ညက ယဲ့စစ်တစ်ယောက် သူ၏ပိုးအိမ်အပြင်မှာထွက်နေသော မျက်နှာအနှံ့ အနမ်းခံခဲ့ရလေသည်။
***
Aurora Novel Translation Team
There is No Eng Version