no
အပိုင်း (၇.၂) - ရှောင်ပိုင်ယန်
ရဲစခန်းမှအဖြစ်အပျက်သည် ဟော့ထင်းလန်အပေါ် ယဲ့စစ်၏ယုံကြည်မှုကို ပို၍တိုးလာစေခဲ့၏။
သူက မတုံးအသလို အတွေ့အကြုံလည်း မလစ်လပ်ပေ။ လူဆိုးများက မကြာခဏဆိုသလို လက်စားချေကာ တိုက်ခိုက်တတ်ကြ၏။ ရဲစခန်းထဲဝင်လိုက်ခြင်းက ကျေအေးရန်အတွက် ငွေပေးရုံထက်မပိုနိုင်ပေ။ ဟော့ထင်းလန်က ထိုလူတစ်စုကို ရန်စကာ ပြဿနာရှာသည့်ပုဒ်မဖြင့် ရှင်းလင်းခဲ့လောက်သည်။
သို့သော်လည်း ထိုနေ့နောက်ပိုင်းက နားလည်မှုလွဲမှားသည့်ကိစ္စရပ်ကြောင့် နှစ်ဦးသားကြားဆက်ဆံရေးက သိသိသာသာ တိုးတက်မလာခဲ့ပေ။ ဟော့ထင်းလန်က အမြဲလိုလို နူးညံ့သိမ်မွေ့ကာ လူကြီးလူကောင်းဆန်စွာ ပြုမူတတ်သော်လည်း ယဲ့စစ်က အလွန်တရာအရေပါးသူဖြစ်သည်။ သူ တောင်းပန်ခဲ့လျှင်တောင် ထိုမြင်ကွင်းကိုပြန်တွေးမိလိုက်ချိန်မှာ မလွဲမသွေ ရှက်ရွံ့လာလိမ့်မည်။
ထို့ကြောင့် သူ ဟော့ထင်းလန်နှင့်မတိုးစေရန် အိပ်စက်ချိန်နှင့် ထချိန်များကို နှစ်ဆ ပိုဂရုစိုက်ခဲ့သည်။ ရလဒ်အနေဖြင့် သူ ထမင်းစားခန်းထဲဝင်လိုက်ချိန်မှာ သူ့ထက် နာရီဝက်နောက်ကျမှနိုးရမည့် ဟော့ထင်းလန်က စားပွဲမှာထိုင်နေပြီး ကော်ဖီသောက်နေကြောင်း တွေ့လိုက်ရသောအခါ ယဲ့စစ်တစ်ယောက် ထိတ်လန့်သွားခဲ့လေသည်။
သူက စောစောနိုးနေရုံသာမက အပြာရောင်အနောက်တိုင်းဝတ်စုံကို ဝတ်ဆင်ထားပြီး မျက်စိဖမ်းစားနိုင်သော လက်မဝက်အရွယ်ရှိသည့် ပုလဲလက်ကြယ်သီးများကို တပ်ဆင်ထာားသည်။ သူက တမင်တကာစောင့်နေသလိုမျိုး ပုလဲလုံးလေးများကို ပွတ်သပ်နေခဲ့သည်။
ယဲ့စစ် မှင်တက်သွားပြီးနောက် ခြေတစ်လှမ်းဆုတ်ကာ လစ်ထွက်ရန်ပြင်လိုက်သည်။
"မောနင်း။" သို့သော် ဟော့ထင်းလန်က မျက်လွှာပင့်ကာ သူ့ကို တိုက်ရိုက်ကြည့်လာခဲ့၏။ "မင်း မသွားခင် မနက်စာစားသွားသင့်တယ်။"
"...မောနင်း။" ယဲ့စစ် ခဏရပ်တန့်သွားပြီး နှုတ်ခမ်းကိုကိုက်ကာ တောင့်တင်းစွာပြောလိုက်သည်။ "ကျွန်တော်သိပါတယ်။"
သူက ဟော့ထင်းလန်နှင့် ထောင့်ဖြတ်နေရာမှာ ထိုင်လိုက်သည်။ တစ်စုံတစ်ခုကို ရေးတေးတေးသတိပြုမိလိုက်ပြီး သူ၏နှာခေါင်းက အနည်းငယ်လှုပ်ခတ်သွားခဲ့သည်။
ဟော့ထင်းလန်၏ခန္ဓာကိုယ်မှာ တက်ကီလာရနံ့ဖျော့ဖျော့လေးနှင့် ပြည့်နှက်နေပြီး ယင်းက သူ၏အတားအဆီးကနေ စိမ့်ထွက်လာသော ဖယ်ရိုးမုန်းရနံ့ဖြစ်ပေ၏။ ယဲ့စစ် ဤအရက်ပြင်းနှင့်တူသောလေထုကို ကျင့်သားရကာ ရင်းနှီးလာလေပြီ။ သို့သော် သူ၏စိတ်ကပဲဖြစ်နေသည်လား မပြောတတ်သော်လည်း ယနေ့မနက် သူ၏အရှိန်အဝါက အရင်ကနှင့်မတူသလိုပင်။ ၎င်းက ခါတိုင်းထက် ပို၍ပြင်းထန်နေသလို ပို၍ဖိနှိပ်နေပြီး ရိုင်းစိုင်းကြမ်းကြုတ်သော သားရဲကောင်၏ရနံ့လို တစ်စုံတစ်ခုနှင့်လည်း ရောထွေးနေခဲ့သည်။
သူ့လည်ကုပ်က အနည်းငယ်ပူလာပြီး ယဲ့စစ်တစ်ယောက် မသက်မသာခံစားလိုက်ရသည်။ သူ့မနက်စာ မြန်မြန်စားပြီးဖို့မျှော်လင့်ရင်း ယဲ့စစ် နွားနို့တစ်ခွက်ကို ကမန်းကတန်း သောက်လိုက်လေ၏။
ဟော့ထင်းလန်က သူ့ကို အခိုက်အတန့်တစ်ခုလောက် အသံတိတ်ကြည့်နေခဲ့ပြီး ကော်ဖီတစ််ငုံသောက်ကာ ဖြည်းဖြည်းချင်းပြောလိုက်သည်။ "ကိုယ် မင်းနဲ့ လူချင်းတွေ့ပြီး ဆွေးနွေးချင်တာလေးရှိလို့။ အဲ့ဒါကြောင့် မင်းနဲ့မတွေ့လိုက်ရမှာစိုးလို့ ကိုယ် စောစောထလာခဲ့တာ။"
ဆိုလိုသည်မှာ သူ ယနေ့မနက် အစောကြီးထရလောက်အောင်ထိ အထူးတလှယ်ပြောစရာရှိနေသဖြင့် ယဲ့စစ်အနေနှင့် သူ့ကိုရှောင်ဖို့ မနက်စောစောထကာ အားထုတ်စရာမလိုတော့ပေ... တစ်စုံတစ်ယောက်သောချာတိတ်လေးက ကျောင်းသွားဖို့ ညလယ်ခေါင်ကြီး အိပ်ရာထနေမည်ကို သူ စိုးရိမ်နေမိသည်။
ယဲ့စစ် နွားနို့ခွက်ကိုဆုပ်ကိုင်ရင်း သက်ပြင်းဖွဖွချကာ မေးလိုက်သည်။ "ဘာကိစ္စရှိလို့လဲ။"
ထိုသို့မေးပြီးနောက် ဟော့ထင်းလန်ကို တစ်ချက်ကြည့်လိုက်သည်။ အဘယ့်ကြောင့်မှန်းမသိသော်လည်း ထိုသူက စောစောထလာတာနှင့်မတူဘဲ ညမအိပ်ရသေးတာဟု ယဲ့စစ် ထင်နေမိ၏။ သူ၏ခန္ဓာကိုယ်ကနေ မောပန်းနွမ်းနယ်နေသော စိတ်လှုပ်ရှားမှုတို့ ထွက်ပေါ်နေခဲ့သည်။
လွန်ကဲတာလား... အလွန်အကျွံ လွန်ကဲနေတာလား။
ယဲ့စစ် ရုတ်တရက် အကြည့်လွှဲလိုက်သည်။
A+ အယ်ဖာအတွက် အိုမီဂါရှာဖို့ အလွန်ခက်သော်လည်း ၎င်းတို့၏ပြင်းထန်သောလွန်ကဲမှုများကို ဖယ်ရိုမုန်းများအားအနံ့မခံနိုင်သော ဘီတာများထံ ဖွင့်ထုတ်လိုက်လိို့ရပေ၏... ဒါဆို ဘာကိစ္စလဲ။
"တကယ်တော့ ကိုယ့်ရဲ့ rut ကာလက စတော့မှာ။" ဟော့ထင်းလန်က ယဲ့စစ်၏အတွေးများကို ဖြတ်တောက်လိုက်သည်။ "ကြားထဲမှာ ဘာအနှောင့်အယှက်မှမရှိရင် ဒီနှစ်ရက်နေရင်ဖြစ်နိုင်တယ်။"
လေထုက ရုတ်တရက် တိတ်ဆိတ်သွားခဲ့သည်။
ဒီနှစ်ရက်နေရင် ဖြစ်နိုင်တယ်... ဒီနှစ်ရက်နေရင်... ဒီနှစ်ရက်...
ယဲ့စစ် တံတွေးမျိုချကာ 'အို' ဟု အသံပြုလိုက်ပြီး သူ့လက်ထဲကနွားနို့ခွက်ကို ခွဲမိလုနီးနီးပင်။
ဟော့ထင်းလန်က စားပွဲကို လက်ချောင်းများဖြင့်တောက်နေ၏။ သူ၏မျက်လုံးများက စူးရှကာ ယဲ့စစ်၏ရှက်ရွံ့နေသောမျက်နှာလေးကို တစ်လက်မချင်းစီ ရှုစားနေခဲ့သည်။ နှစ်စက္ကန့်လောက် တိတ်ဆိတ်နေပြီးနောက် သူက ကိုယ့်ကိုယ်ကိုယ် စိတ်ပျက်အားငယ်စွာ ပြုံးလိုက်၏။
"မင်း စိတ်ပိုင်းဆိုင်ရာကို မပြင်ဆင်ရသေးမှာစိုးလို့ ကိုယ် မပြောပြချင်ခဲ့တာ။ ဒါပေမဲ့ လွန်ခဲ့တဲ့ရက်တွေတုန်းက ကိုယ် ဆေးသောက်ခဲ့ပေမဲ့ ဆေးသောက်တာနဲ့ မသောက်တာက သိပ်ပြီးကွာခြားချက်မရှိဘူးလို့ ခံစားရတယ်။ ဒီ rut ကာလက အရင်ကထက် ပိုပြီးပြင်းထန်လို့ စပြီဆိုရင် ထိန်းချုပ်ဖို့လွယ်မှာမဟုတ်လောက်ဘူး။ အဲ့ဒါကြောင့် မင်းရဲ့ရည်ရွယ်ချက်တွေကို ကိုယ် မေးမြန်းကြည့်ချင်တာပါ။"
အယ်ဖာများက rut ကာလအတွင်းမှာ ဖယ်ရိုမုန်းများ အလွန်အကျွံတိုးလာပြီး နှလုံးခုန်နှုန်းနှင့် သွေးဖိအားတို့ကလည်း တိုးလာတတ်သည်။ ထို့ပြင် အာရုံငါးပါး၏အာရုံစူးစိုက်မှုက ကန့်သတ်ချက်အထိ မြင့်တက်လာသလို ဂလင်းနှင့်ပတ်သက်သော လုပ်ဆောင်ချက်ကလည်း ကြီးကြီးမားမား အလွန်တိုးတက်လာတတ်၏... ရှေးယခင်အချိန်များ၌ ထိုကဲ့သို့ပြောင်းလဲမှုဖြစ်စဥ်က အယ်ဖာအတွက် သူနှင့်သက်ဆိုင်သောအိုမီဂါကို ခြေရာခံရှာဖွေကာ ဖမ်းဆီးနိုင်ဖို့ ကူညီပေးနိုင််၏။
ထို့ကြောင့် အယ်ဖာကို အိုမီဂါဖယ်ရိုမုန်းများဖြင့် သက်သာစေနိုင်လျှင် အယ်ဖာတစ်ယောက်၏ rut ကာလကို နှောင့်နှေးစေနိုင်သည်။ အဘယ့်ကြောင့်ကြောင့်ဆိုသော် သူ၏ဦးနှောက်က မှန်ကန်သောအိုမီဂါကို ရှာတွေ့သွားပြီဟု စဥ်းစားလိမ့်မည်ဖြစ်သောကြောင့်ပင်။
ဤသည်မှာ ရေရှည်အတွက်အဖြေမဟုတ်ဘဲ rut ကာလကို တစ်လ၊ နှစ်လလောက် အချိန်ဆွဲနိုင်ရုံဖြစ်ပြီး အခြားနည်းလမ်းမရှိချေ။
"ကိုယ့်ရဲ့ ဒီ rut ကာလကို နှောင့်နှေးသွားဖို့ ကူညီနိုင်မယ်ဆိုရင် ကိုယ်တို့နှစ်ယောက်လုံးအတွက် မကောင်းတဲ့ကိစ္စမဟုတ်ပါဘူး..." ဟော့ထင်းလန်၏လေသံက နက်ရှိုင်းလာ၏။ "မင်းလည်း ထိန်းချုပ်မှုလွတ်သွားနိုင်တဲ့ အယ်ဖာတစ််ယောက်နဲ့ မနေချင်လောက်ဘူးလို့ ကိုယ်ထင်တယ်။"
အယ်ဖာတစ်ယောက်၏ rut ကာလပြင်းထန်မှုက စိတ်ပိုင်းဆိုင်ရာအခြေအနေနှင့် ပြင်းပြင်းထန်ထန်ချိိတ်ဆက်နေသည်။
ကွာရှင်းပြတ်ဆဲခြင်းကြောင့် စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာရထားသူများ၊ မုဆိုးဖို/မများ၊ ရေရှည်တစ်ကိုယ်တည်းသမားများ သို့မဟုတ် အထူးသီးသန့်အိုမီဂါတစ်ဦးအပေါ် ပြင်းထန်သောစိတ်ဆန္ဒရှိနေသည့် အယ်ဖာတစ်ယောက်မှာ ရောဂါလက္ခဏာများ ပို၍ပြင်းထန်နိုင်ပြီး rut ကာလကလည်း ကြာရှည်နိုင်၏။
- ကံမကောင်းစွာဖြင့် ဟော့ထင်းလန်က အထက်ပါအခြေအနေများအားလုံးကို ခံစားနေရသူဖြစ်သည်။
ထို့ကြောင့် သူ၏ ဤ rut ကာလက တော်တော်လေး ကြောက်စရာကောင်းပေလိမ့်မည်။ Rut ကာလစတင်သည်နှင့် နူးညံ့ပြီး လူကြီးလူကောင်းဆန်သည့်မျက်နှာဖုံးကို တပ်ဆင်ဖို့ ခက်ခဲသွားနိုင်သည်။
နှစ်ဦးသားကြား လက်ရှိအခြေအနေအရ တတ်နိုင်သမျှ နှောင့်နှေးစေလိုက်သည်မှာ သဘာဝကျပေ၏။
ယဲ့စစ်တစ်ယောက် မှင်တက်နေပြီး စကားမပြောနိုင်ခဲ့ပေ။
ဟော့ထင်းလန်က အလျင်စလိုမတိုက်တွန်းဘဲ သူ၏အနေအထားကို ဖော်ပြလာမည်အား စောင့်ဆိုင်းနေခဲ့သည်။
သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးထားပြီး ဤရက်ပိုင်းမှာ ဟော့ထင်းလန်က သူ့အပေါ် အလွန်ကြင်နာစွာ ဆက်ဆံပေးခဲ့သည်။ ငြင်းဆိုရန်မှာ ကျိုးကြောင်းဆီလျော်မှုမရှိသလို ကျင့်ဝတ်လည်းမရှိပေ။
"ဘာလုပ်ဖို့... လိုအပ်..." ယဲ့စစ်၏လက်ချောင်းလေးများက တုန်ယင်နေပြီး ကျောင်းဝတ်စုံလက်ထဲ တိုးဝင်နေခဲ့၏။ "လိုအပ်လဲ။"
ဟော့ထင်းလန်က တည်ငြိမ်ချင်ယောင်ဆောင်နေသောကောင်လေးကို စိုက်ကြည့်လိုက်သည်။ သဘောတူညီချက်များကို အဖြူအမည်းနှင့် ရေးသားရသည်မှာ အဆင်ပြေသော်လည်း ပါးစပ်ကနေ ထုတ်ပြောရခြင်းက... စကားလုံးများကို မည်မျှရွေးထုတ်နေပါစေ သူ့ကိုယ်သူ လူယုတ်မာမဟုတ်ပါဘူးဟု နာမည်ရှင်းဖို့တောင် ခက်ခဲပေလိမ့်မည်။
သူ လူယုတ်မာအဖြစ်ကစားဖို့ကို စိတ်မရှိပေ...
ယဲ့စစ်က လူယုတ်မာတစ်ယောက်အနေဖြင့် သူ့ကို သဘောမကျမည်ကိုသာ စိုးရိမ်ခြင်းဖြစ်၏။
ယဲ့စစ်တစ်ယောက် စောင့်ဆိုင်းနေရင်း ပြိုလဲတော့မည်ကို မြင်လိုက်ရသဖြင့် ဟော့ထင်းလန်က လည်ချောင်းရှင်းကာ စီးပွားရေးလေသံကို ပြောင်းလဲလိုက်သည်။ "သဘောတူညီချက်တွေအရ မင်း ကိုယ့်ကို ဖယ်ရိုမုန်းပါတဲ့ပစ္စည်းတချို့နဲ့ ကူညီပေးလို့ရပါတယ်။"
"..." ယဲ့စစ်တစ်ယောက် အောက်နှုတ်ခမ်းကိုသပ်ကာ ဆွံ့အနေခဲ့သည်။
ဖယ်ရိုမုန်းပါသောပစ္စည်းများက ရုတ်တရက်ကြည့်လိုက်လျှင် ဘာမှမဟုတ်ဘူးဟု ထင်ရ၏။ သို့သော်လည်း ဖယ်ရိုမုန်းပါဝင်နိုင်သည့်ပစ္စည်းက လည်ကုပ်မှာကပ်ထားသော ရနံ့အတားအဆီးအပြင်... အဝတ်အစားများလည်းဖြစ်နိုင်သည်။
ယဲ့စစ် အလိုလိုပင် လက်မြှောက်ကာ သူ့လည်ကုပ်ရှိ ရနံ့အတားအဆီးကို ပွတ်သပ်လိုက်၏။
လေးထောင့်ပုံစံကပ်ခွာလေးက ထိလိုက်တာနှင့် ချောမွေ့နေပေ၏။ ၎င်းက အရေးပြားနှင့် အနီးဆုံးမှာရှိနေသဖြင့် ချွေးများလည်းကပ်ငြိနေမှာ မလွဲမသွေပင်။ ထို့ကြောင့် ၎င်းအားခွာလိုက်လျှင် နူးညံ့သော ဗနီလာရနံ့ အိုမီဂါဖယ်ရိုမုန်းများနှင့်အတူ အနည်းငယ်စိုထိုင်းနေလိမ့်မည်... ထိုကဲ့သို့ သီးသန့်ဆန်သောပစ္စည်းကို ဟော့ထင်းလန်အား ပေးရမည်ဟုတွေးလိုက်သောအခါ ယဲ့စစ်တစ်ယောက် ဓါတ်လိုက်သွားသကဲ့သို့ သူ့လက်ကို ချက်ချင်းပြန်ရုပ်လိုက်သည်။
ရနံ့အတားအဆီးက အလုပ်မဖြစ်ပေ။
ထို့နောက် ရွေးချယ်စရာက အဝတ်အစားများသာ ကျန်တော့သည်။
ယဲ့စစ် ဇစ်ပိတ်ထားသော သူ၏ကျောင်းလွယ်အိတ်ကို ဆုပ်ကိုင်ထားပြီး တုံ့ဆိုင်းနေလေ၏။ သူ၏ဦးနှောက်က ရှက်ရွံ့မှုမီးလျှံကြောင့် မီးကျွမ်းသွားတာဖြစ်နိုင်ပြီး မှင်တက်စွာမေးလိုက်မိသည်။ "ခင်ဗျား၊ ခင်ဗျား အဲ့ဒါကိုယူပြီး... အနံ့ရှူမလို့လား။"
ထိုစကားလုံးများ ထွက်ကျသွားသည့်အခိုက်အတန့်၌ သူ၏ IQ က ပြန်ရောက်လာခဲ့ပြီး နောင်တရကာ ပါးစပ်ကို အပ်ဖြင့်ချုပ်လိုက်ချင်တော့သည်။
"..."
အနှီကိစ္စများက ရှုပ်ထွေးပြီး ဝါကျတစ်ကြောင်းတည်းနှင့် ရှင်းမပြနိုင်ပေ။ ဟော့ထင်းလန်တစ်ယောက် အခိုက်အတန့်တစ်ခုလောက် တိတ်ဆိတ်နေခဲ့ပြီး သူ့အသံကို အတတ်နိုင်ဆုံး ပျော့ပျောင်းအောင်ကြိုးစားလိုက်သည်။ "မဟုတ်ရင် ကိုယ်က ဘာလုပ်ရဦးမှာလဲ။"
___
စာရေးသူမှာ ပြောစရာရှိပါတယ်:
ဟော့ခွေး: မဟုတ်ရင် ကိုယ် လျက်လို့ရနိုင်မလား။
ရှောင်ယဲ့: ကိုယ့်ကိုယ်ကိုယ် နိုးထစေဖို့ ဆွဲဆိတ်နေတဲ့ .jpg
***
Aurora Novel Translation Team
There is No Eng Version