no
အပိုင်း (၁.၂) - အဖြူထည်
ဟော့ထင်းလန် နိုးလာချိန်၌ ကောင်းကင်ကြီးက အလင်းရောင်ရှိနေလေပြီ။
သူ့ဖုန်းနှိုးစက်သံက ကျယ်လောင်စွာ မြည်လာခဲ့၏။
မနက် ၆ နာရီထိုးပြီ။
ဟော့ထင်းလန် နှိုးစက်ကိုပိတ်ကာ မျက်လုံးများကို တစ်ဖန်ပြန်မှိတ်လိုက်သည်။ အပြာရောင်သွေးကြောများထနေသော လက်တစ်ဖက်ကိုဆန့်ထုတ်ကာ နံဘေးကိို လိုက်စမ်း၍ တစ်ဝက်ကျန်နေသေးသည့် တက်ကီလာပုလင်းကို ရှာဖွေနေခဲ့သည်။
ယဲ့စစ်မရှိတော့ဘူး။
၎င်းက သိပ်ကိုနာကျင်ရသည်။
သူ့နှလုံးသား၏ အနူးညံ့ဆုံးအပိုင်းမှာ အပေါက်ကြီးတစ်ပေါက်ဖြစ်လို့နေ၏။
သူ၏အာရုံကြောများက အရက်ပြင်းပြင်းထဲမှာ နစ်မြုပ်ဖို့တောင့်တနေပြီး သူ ပို၍နစ်မြုပ်လေ ပိုကောင်းလေပင်။
သို့သော်လည်း အေးစက်မာကျောသည့် ပုလင်းကို စမ်းမိရမည့်အစား ချောမွေ့နေသော LCD စခရင်ကို ထိတွေ့မိလိုက်၏။ ထိုအထိအတွေ့က တော်တော်လေးကို စိမ်းသက်နေပေသည်။
"..."
ဟော့ထင်းလန် မျက်မှောင်ကြုတ်၍ ဖြည်းဖြည်းချင်းမျက်လုံးဖွင့်ကြည့်လိုက်သည်။
သူ့မြင်ကွင်းထဲဝင်လာသည်က အနက်ရောင်နောက်ခံနှင့် ဖွင့်ထားသော လပ်တော့တစ်လုံးပင်။ စခရင်ပေါ်၌ ECG လှိုင်းများလို အမျိုးမျိုးသောမျဥ်းများနှင့် ပြွတ်သိပ်နေသော နံပါတ်များရှိနေ၏။ ၎င်းက သူ သိပ်ကိုရင်းနှီးနေသော ငွေကြေးဆိုင်ရာဆော့ဖ်ဝဲတစ်ခု၏ အဖွင့်မျက်နှာပြင်တစ်ခုပင်...
တကယ်တမ်းမှာတော့ သူက စားပွဲပေါ်မှာမှောက်အိပ်နေပြီး ကန့်လန့်ကာများဆီမှ မှိန်ဖျော့သော ရွှေရောင်အလင်းများ ဖြာကျနေသည်။
စီးပွားရေးကိစ္စများကိုကိုင်တွယ်ဖို့ ညနက်တဲ့အထိနေရင်း အမှတ်တမဲ့အိပ်ပျော်သွားပုံပင်။
ဒါ ဖြစ််နိုင်လို့လား။
သူ့မှာ အလုပ်လုပ်ချင်စိတ်မှမရှိတာ။
ဒါပေမဲ့ သူက ဘယ်လိုဖြစ်ပြီး ကုမ္ပဏီမှာရှိနေရတာလဲ...
သူ အိပ်နေရင်းလမ်းလျှောက်လာတာလား။
အဲ့လိုဆို သိပ်ကိုရယ်စရာကောင်းသွားပြီ။
ဟော့ထင်းလန် ခပ်မတ်မတ်ထိုင်လိုက်ပြီး နာကျင်စွာ ပြုံးလိုက်မိသည်။
သို့သော်လည်း ဤလှောင်ပြုံးက ရုတ်တရက် အေးခဲသွားလေ၏။
အိပ်မက်နှင့် နိုးထခြင်းကြားမှ ရုန်းရင်းဆန်ခတ်များက အားလုံးမှေးမှိန်သွားပြီး အခိုက်အတန့်တစ်ခုအကြာမှာ သူ ရုတ်တရက် အသိစိတ်ဝင်လာခဲ့သည်။
ဒီနေရာ... ဒါလွန်ခဲ့တဲ့ဆယ်နှစ်တုန်းက သူ့ရဲ့ရုံးခန်းပဲ။
ခန္ဓာကိုယ်က စိတ်ထက် ပိုမြန်နေခဲ့သည်။ ဟော့ထင်းလန် လပ်တော့စခရင်၏ ညာဘက်အောက်ခြေထောင့်ကို တစ်ချက်ကြည့်လိုက်၏။ သူ၏အသိစိတ်က တစ်စုံတစ်ခုကို အာရုံခံလိုက်ပြီးနောက် သူ၏သူငယ်အိမ်များက အလွန်တောက်ပသွားခဲ့သည်။
စနေနေ့၊ ၆:၀၂။
၂၀၂၁/.../ ...
ဟော့ထင်းလန် အသက်ရှူသံကိုထိန်းကာ သူ့ဖုန်းကို လက်ဗွေရာဖြင့် လော့ဖြည်လိုက်၏။ ဖုန်းမှာလည်း ထိုရက်စွဲကိုသာ ပြသနေဆဲပင်။
သူ အဆက်အသွယ်ထဲ ဝင်ကြည့်လိုက်သောအချိန်မှာ သူ၏လက်များက ဖုန်းကိုတောင် မကိုင်နိုင်လောက်အောင် တုန်ယင်နေခဲ့သည်။
မှတ်ဉာဏ်များအရ သူ့မှာ ထိုအချိန်ကရှိခဲ့သော ကိုယ်ရေးကိုယ်တာလက်ထောက်ကို ခေါ်ဆိုလိုက်၏။
မနက်ခင်း ၆:၃၀ အချိန် ဖုန်းခေါ်ဆိုမှုကို တစ်ဖက်က သုံးစက္ကန့်အတွင်း ဖုန်းဖြေဆိုခဲ့သည်။
၎င််းမှာ ကိုယ်ရေးကိုယ်တာလက်ထောက်၏ပုံစံပင်ဖြစ်သည်။ အလုပ်ကြိုးစားပြီး အမြဲတမ်းအသင့်ဖြစ်နေသော ဘီတာတစ်ယောက်။
"မစ္စတာဟော့။"
ဤအသံကို အလွန်ရင်းနှီးနေ၏။
ဟော့ထင်းလန် စကားတစ်ခွန်းမဆိုဘဲ ဖုန်းကို ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားပြီး ကြမ်းပြင်မှ မျက်နှာကြက်အထိရှိသော ပြတင်းပေါက်ဆီသို့ လျှောက်သွားလိုက်သည်။ မနက်စောစော၌ မှန်ပြတင်းက အနည်းငယ်အုံ့ဆိုင်းနေပြီး သူ၏မျက်နှာက အရိပ်ထင်ဟပ်နေ၏။
ခံ့ညားပြီး ပြတ်သားသောအသွင်အပြင်များ၊ ရှားရှားပါးပါး အံ့သြသည့်အကြည့်ကိုပြသနေသော နက်မှောင်တဲ့မျက်ဝန်းတစ်စုံ... သူ ငယ်ရွယ်နေတုန်းပဲ။
ဤသည်မှာ သူ အသက်သုံးဆယ်အရွယ်က ပုံပန်းသဏ္ဌာန်ဖြစ်သည်။
ယင်းက လွန်ခဲ့သောဆယ်နှစ်က ဖြစ်၏။
ရုတ်တရက်ဆိုသလို...
သူ၏နှလုံးသားက အရိုင်းဆန်စွာ ခုန်ပေါက်လာပြီး သူ၏သွေးများက ဆူပွက်ကာ နှာခေါင်းထိပ်ကလည်း ချဥ်းစူးလာခဲ့သည်။
ယခုနှစ်မှာ ယဲ့စစ်က ဆယ့်ရှစ်နှစ်သာရှိဦးမည်။
အရာအားလုံးအတွက် အချိန်မီသေးသည်။
...
နေ့လယ်ခင်း ၂ နာရီအချိန်၊ မြို့ပြင်ရှိ ဖုန်းချီပတ်လမ်း၌ လူများစည်ကားနေ၏။
ပြေးလမ်း၏ဘေးတစ်ဖက်မှာ အကြမ်းခံမော်တော်ဆိုင်ကယ်တစ်စီးက မီးအလင်းရောင်များအောက် ရပ်တန့်သွားခဲ့သည်။
လွန်ခဲ့သောအခိုက်အတန့်တုန်းကမှ ပြိုင်ပွဲကြောင့် ၎င်း၏ကိုယ်ထည်ပေါ်ရှိ သတ္တုအစိတ်အပိုင်းများက တောက်လောင်နေသော နေ့ခင်းနေရောင်အောက်မှာ အပူငွေ့များထနေပေသည်။
မော်တော်ဆိုင်ကယ်၏ဘေးဘက်၌ ခြေတံရှည်တစ်ဖက်ကို မြေပြင်ပေါ်ထောက်ထား၏။ စီးနင်းသူက အထက်တန်းကျောင်းသားနှင့်တူသော ဆယ်ကျော်သက်အရွယ် ကောင်လေးတစ်ယောက်ဖြစ်သည်။
သူက အနည်းငယ်ကလေးဆန်သော အနက်ရောင်ဆွယ်တာကို ဝတ်ဆင်ထားပြီး ဆိုင်ကယ်ဦးထုပ်အောက်မှ ပျော့ပျောင်းသော အနက်ရောင်ဆံချည်မျှင်အနည်းငယ်က ထိုးထွက်နေခဲ့သည်။ ၎င်းက သူ၏မျက်ခုံးပေါ်မှာ သပ်သပ်ရပ်ရပ်ဖြာကျနေပြီး ပတ်ပတ်လည်မှ ထူးထူးဆန်းဆန်းဝတ်ဆင်ထားသည့် မော်တော်ဆိုင်ကယ်အဖွဲ့သားများနှင့် မလိုက်ဖက်လှပေ။
အသက်ဆယ့်ရှစ်နှစ်ပြည့်ပြီးခါစ ယဲ့စစ်က ကျောင်းထွက်ခဲ့တာ တစ်နှစ်ကျော်လေပြီ။ သူက လက်ရှိတွင် ထျန်းချန်ကိုယ်ပိုင်ကျောင်း၌ အထက်တန်းဒုတိယနှစ်ကို ပြန်တက်နေ၏။ သူ၏ဖွဲ့စည်းတည်ဆောက်ပုံဆိုင်ရာ လိင်အမျိုးအစားက အမျိုးသားဖြစ်ပြီး အဖုအကျိတ်ဆိုင်ရာ လိင်အမျိုးအစားက... သူ့အိမ်ထောင်စုစာရင်းထဲမှာ လွန်ခဲ့သောရက်ပိုင်းလောက်ကမှ အိုမီဂါအဖြစ် ပြောင်းလဲသွားခဲ့သည်။
သူ ငွေစက္ကူအထပ်လိုက်ကိုကိုင်ကာ ရေတွက်လိုက်ပြီး သူ့အိတ်ကပ်ထဲထည့်လိုက်သည်။
... သွားရမဲ့လမ်းက အဝေကြီးလိုသေးတယ်။
ယဲ့စစ် ပြေးလမ်းကိုစိုက်ကြည့်လိုက်သည်။ ဖြူဖျော့နေသော မျက်ဆံများနှင့် သူ၏အသားအရေတို့က ပါးလျသော်လည်း မာကျောကာ ကြွပ်ဆတ်သည့် ကြွေထည်တစ်ခုနှယ် အေးစက်နေပေသည်။
ဖုန်းချီပတ်လမ်းက မော်တော်ဆိုင်ကယ်များ၊ ဖော်မြူလာဝမ်းပြိုင်ပွဲများအပါအဝင် အမျိုးမျိုးသောယာဥ်များအတွက် လမ်းကြောင်းကိုထောက်ပံ့ပေးပြီး နှစ်ပေါင်းများစွာကြာအောင် ဆင်ခြေဖုံးရပ်ကွက်များ၌ လည်ပတ်နေခဲ့သည်။
ဤပြေးလမ်းကို တရားဝင်လည်ပတ်နေသော်လည်း ယှဥ်ပြိုင်ဖို့ရောက်လာသူများကတော့ လူကောင်းများမဟုတ်ပေ။ ပြိုင်ပွဲများက ငွေကုန်ကြေးကျများသည် - ပြေးလမ်း၊ ကား၊ လောင်စာ၊ နေရာတိုင်းမှာ ပိုက်ဆံအစစ်ကိုသုံးရသည်။ ထို့ကြောင့် မကြာခဏလာရောက်ယှဥ်ပြိုင်သူများကြား ငွေကြေးဖြင့်ယှဥ်ပြိုင်ရသောဓလေ့က တဖြည်းဖြည်း ပေါ်ထွက်လာခဲ့သည်။ အစပိုင်းတွင် ပြေးလမ်းအတွက် ငှားရမ်းခနှင့် လောင်စာအတွက် စရိတ်စကများအတွက် လုံလောက်ရုံမျှ ပမာဏအနည်းငယ်သာဖြစ်သော်လည်း နောက်ပိုင်းတွင် ဤလူတစ်စုက ပိုက်ဆံနှင့်ကစားရတာကို ကျင့်သားရလာကြပြီး ကြေးကလည်း မြင့်တက်လာခဲ့သည်။ တစ်ခါတလေ အနိုင်အရှုံးကို ဒေါ်လာသောင်းချီဖြင့် လောင်းကြေးထပ်ကြသလို ပြိုင်ပွဲကြီးအနည်းငယ်ကို ဆက်တိုက်ရှုံးနိမ့်နေခဲ့လျှင် မိမိ၏ဆိုင်ကယ်ကို အခြားသူထံ စွန့်လွှတ်လိုက်ရနိုင်သည်။
"ပြိုင်ချင်လား။" Harley ကိုစီးလာပြီး နားနှင့် နှုတ်ခမ်းတို့မှာ ပေါင်းလိုက်လျှင် ကီလိုဂရမ်တော်တော်များမည့် သံကွင်းများကို ဝတ်ဆင်ထားသော ရွှေရောင်ဆံပင်နှင့်အမျိုးသားတစ်ယောက်က ယဲ့စစ်ထံ ရောက်လာခဲ့သည်။
ဟွမ်မောက်က ပြိုင်ကွင်းသို့ မကြာခဏလာရောက်တတ်သူဖြစ်၏။ သူ၏အရည်အချင်းများက မဆိုးဝါးဘဲ လှည့်ကွက်များကို ကောင်းကောင်းလုပ်နိုင်ပြီး ပြိုင်ပွဲတစ်ခုကနေ သူ့ဖင်အောက်က Harley ကို ရရှိခဲ့ခြင်းဖြစ်သည်။
ယဲ့စစ် ထိုလူ့ကို မမှတ်မိတော့သဖြင့် ရိုးရိုးတန်းတန်း ပြန်ဖြေလိုက်သည်။ "ကောင်းပြီ။"
"မင်း အသက်ဘယ်လောက်လဲ။" ဟွမ်မောက်က နှုတ်ခမ်းသပ်လိုက်သည်။
ယဲ့စစ် သူ၏ဦးထုပ်ကိုညှိကာ နို့အရသာသကြားလုံးကို ကိုက်လိုက်၏။ "ဘာပဲဖြစ်ဖြစ် အဲ့ဒါက အရေးမကြီးဘူး။"
ဟွမ်မောက်က ပြုံးလိုက်သည်။ သူက ADHD* ရှိနေသူတစ်ယောက်လို ခြေတံရှည်များကို မြေပြင်ပေါ်လွှဲယမ်းနေပြီး ယဲ့စစ်၏အဝတ်အစားများကိုကြည့်ကာ လွန်လွန်ကဲကဲမဟုတ်သည့်စျေးကို ကမ်းလှမ်းလိုက်၏။ "သုံးထောင်၊ ကစားရဲလား။"
[TN/ အာရုံစူးစိုက်နိုင်စွမ်းချို့တဲ့ခြင်း/ ဂနာမငြိမ်တာပါ။]
ယဲ့စစ်က မျက်လွှာချလိုက်သည်။ "ရတယ်။"
သူက စကားလုံးများကို ရွှေလိုတန်ဖိုးထားသူပင်။
မော်တော်ဆိုင်ကယ်နှစ်စီးက ပြေးလမ်း၏အစမှာ ရပ်တန့်နေကြသည်။
ဟွမ်မောက်က မျက်လုံးများမှေးကျဥ်း၍ ယဲ့စစ်ကို
ကြည့်လိုက်၏။ သူ၏အကြည့်များက ကောက်ကျစ်ပြီး ယဲ့စစ်၏ခြေထောက်ဆီ အကြည့်ရောက်သွားခဲ့သည်။
စျေးပေါပြီး စုတ်ပြတ်နေပေမဲ့ သန့်ရှင်းနေတဲ့ နာမည်မရှိတဲ့ဖိနပ်၊ အရောင်ချွတ်ထားတာဖြစ်နိုင်တယ်။ လုံးဝကိုအဖြူထည်ပဲ။
ဟွမ်မောက်တစ်ယောက် ဆိုင်ကယ်ဦးထုပ်အောက်မှာ ပျော်ရွှင်စွာပြုံးလိုက်၏။ လူတိုင်းက ထိုကောင်လေးကို ယခုလမှ စတင်ကစားခဲ့သည့် လူသစ်လေးဖြစ်ပြီး ရူးသွပ်ကာ ကြမ်းကြုတ်သည့်လေပွေလို အံ့သြစရာကောင်းသည့်ပြိုင်ပွဲဝင်ဟု ပြောခဲ့ကြသည်။ သို့သော်လည်း ဤသည်မှာ အမှန်တကယ်တော့ ကလေးတစ်ယောက်သာမဟုတ်လော။
အင်ဂျင်သံများ ထွက်ပေါ်လာပြီး အကြမ်းခံမော်တော်ဆိုင်ကယ်နှစ်စီးက တာထွက်ကို တစ်ဟုန်ထိုးကျော်ဖြတ်သွားကြသည်။
Harley ၏အရှိန်က ပြင်းထန်ပြီး မြင်းကောင်ရေအားမြင့်မားသည့် တာထွက်အရှိန်နှင့် ကနဦးခွန်အားပြသမှုဖြင့် ယဲ့စစ်ကို ခြိမ်းခြောက်ရန်လုံလောက်သည်။ သို့သော် ယဲ့စစ်က လောင်စာကို ပို၍လက်လွတ်စပယ်သုံးစွဲခဲ့သည်။ သူ၏ကိုယ််ထည်က ၎င်းနှင့် ကိုက်ညီမှုမရှိလျှင်တောင် သူက အကွာအဝေးကို ထိန်းထားနိုင်ဆဲပင်။ ဆိုင်ကယ်နှစ်စီးကြားတိုက်ပွဲက ပြေးလမ်းအလယ်လောက်အထိ ရှေ့မတိုးသာ နောက်မဆုတ်သာဖြစ်နေ၏။ ယဲ့စစ်က သူ့အရှေ့မှာရှိသော မော်တော်ဆိုင်ကယ်အနောက်မှ ဖိအားနည်းရပ်ဝန်းကို တိတိကျကျဖမ်းဆုပ်လိုက်ပြီး သူ၏ အကြမ်းခံပုံစံ Kawasaki မော်တော်ဆိုင်ကယ်က ဟွမ်မောက်ကို သေသေသပ်သပ်ကျော်တက်သွားခဲ့လေသည်။
"မင်းမေငါ*!" ဟွမ်မောက်က အရှုံးမပေးနိုင်ဘဲ သူ၏ကြမ်းကြုတ်မှုကို ဖော်ထုတ်ပြသလာခဲ့သည်။ "ကောင်စုတ်လေး!"
ကနဦးတုန်းက သူ ဤကလေးကိုအနိုင်ကျင့်ကာ ချေမွချင်ခဲ့သော်လည်း မမျှော်လင့်စွာဖြင့် ဤမြေခွေးပေါက်က သူ့ကို လိုက်ကိုက်နေခဲ့သည်။
ယဲ့စစ် သူ၏ဆဲဆိုသံများကို လျစ်လျူရှုထားပြီး တတိယအကွေ့ကို အရှိန်မြှင့်ကာမောင်းနှင်လိုက်သဖြင့် နှစ်ဦးသားကြားမှအကွာအဝေးက ကျယ်သည်ထက် ကျယ်လာခဲ့လေ၏။
ယွမ်သုံးထောင်ကို ဆုံးရုံးလိုက်ရတော့မည်ဖြစ်သလို ထိုကောင်စုတ်လေးက သူ့ကိုအနိုင်ကျင့်နေသည်အား ကြည့်နေရဆဲပင်! ဟွမ်မောက်၏လက်ဖမိုးပေါ်မှ သွေးကြောများကထောင်လာပြီး ထောင့်ချိုးကွေ့များမှာ အရှိန်မြှင့်ရန် အကြမ်းပတမ်းတိုက်ခိုက်ခဲ့သည်။
မော်တော်ဆိုင်ကယ်နှစ်စီးက အချင်းချင်း အရှိန်ထိန်းထားကြဆဲဖြစ်ပြီး ၎င်းတို့ကြားမှအကွာအဝေးက တစ်မီတာထက်မပိုတော့ပေ။ ဟွမ်မောက်က အခွင့်အရေးကိုဆုပ်ကိုင်ကာ သူ၏လက်ကိုင်ကနေ လက်တစ်ဖက်လွှတ်၍ မမျှော်လင့်စွာဖြင့် ယဲ့စစ်၏လက်ကိုင်တစ်ဖက်ကို ဖိညှစ်လိုက်သည်...
ပြိုင်ပွဲအတွင်း ပြိုင်ဘက်၏ဘရိတ်ကိုအုပ်လိုက်ခြင်းက ညစ်ပတ်သည့် လှည့်ကွက်တစ်ခုမျှသာမဟုတ်တော့ဘဲ ရည်ရွယ်ချက်ရှိရှိ ဒဏ်ရာဖြစ်စေသည်ဟုပြောလျှင် ချဲ့ကားရာရောက်မည်မဟုတ်ပေ။
မော်တော်ဆိုင်ကယ်၏ကိုယ်ထည်က ပြင်းထန်စွာတုန်လှုပ်သွားပြီး အမြီးကလည်း ယမ်းခါသွား၏။ ယဲ့စစ် အကောင်းဆုံးကြိုးစား၍ တည်ငြိမ်အောင်ထိန်းကာ အသံတိတ်လျက်ပင် သူ့အနောက်ကနေ အကြမ်းပတမ်းလိုက်တော့သည်။ ကွာဟသွားသော အကွာအဝေးက တစ်ဖန်ထပ်ပြီး သရေကျသွားပြန်သည်။ ဟွမ်မောက်တစ်ယောက် သူ့ဘရိတ်ကိုလှမ်းဆွဲဖို့ နောက်ထပ်အခွင့်အရေးမရတော့ပေ။ သူ တော်တော်လေးတုန်လှုပ်နေပြီး ဆဲရေးသည့်စကားများတောင် ထွက်လာခဲ့သည်။
မိနစ်အနည်းငယ်ကြာပြီးနောက် ဆိုင်ကယ်နှစ်စီးက အဆုံးသတ်မျဥ်းကို ဖြတ်ကျော်ခဲ့ကြပြီး ယဲ့စစ်က ဆင်းရန်ပြင်လိုက်သည်။
ဟွမ်မောက်က ပြေးလမ်းအပြင်မှာ ရပ်လိုက်ပြီး ခြေထောက်များလွှဲယမ်း၍ လူဆိုးတစ်ယောက်နှယ်ပြောလာခဲ့သည်။ "ဟေး၊ သရေမလား။"
ယဲ့စစ်က သူ၏ဆိုင်ကယ်ဦးထုပ်ကိုချွတ်ကာ သူ့ကိုကြည့်လာ၏။
"ငိုးပဲ။" ဟွမ်မောက်က မေးကြောများထောင်နေပြီး သူ့ကို ကြမ်းကြုတ်စွာပြန်ကြည့်လိုက်သည်။ "အဲ့ဒီအမူအရာက ဘာသဘောလဲ။"
သူ့စကားမဆုံးခင် ဆိုင်ကယ်ဦးထုပ်က သူ့ဆီပျံသန်းလာပြီး သူ့ပါးစပ်ကို ဖြတ်ရိုက်သွားလေသည်။ ဟွမ်မောက် ပြန်တိုက်ခိုက်ဖို့ပြင်လိုက်သော်လည်း သူ့ပခုံးကို အကန်ခံလိုက်ရပြီး မြေပြင်ပေါ်လှိမ့်သွားခဲ့၏။ ထို့နောက်ချက်ချင်းဆိုသလို ပြင်းထန်သောကန်ချက်များစွာကို ခံယူလိုက်ရပြီး နာကျင်မှုက သူ့ကို ကျောတောင်မဆန့်နိုင််တဲ့အထိ ဖြစ်စေခဲ့သည်။
ယဲ့စစ်က ဦးထုပ်ကိုပြန်ကောက်လိုက်ပြီး သူ့ဘရိတ်ကိုဆွဲခဲ့သည့် ဟွမ်မောက်၏ဘယ်ဘက်လက်ကို ငုံကြည့်ကာ သူ့ကိုမေးလိုက်သည်။ "အကြွေးတင်နေတဲ့လက်မလား။"
ဟွမ်မောက် သွေးများကို ထွေးထုတ်လိုက်သည်။ "မင်းမေငါ* အားအားအား!"
ဆဲရေးသည့်စကားများက တစ်ဝက်တစ်ပြတ်ဖြင့် ရပ်တန့်သွားခဲ့သည်။
ယဲ့စစ်က သူ့ဘယ်လက်ပေါ် တက်နင်းခဲ့လေသည်။
ရန်ပွဲကိုကြည့်ဖို့ တော်တော်များများ စုဝေးရောက်ရှိလာသော်လည်း မည်သူကမှ ရန်ပွဲကိုမတားခဲ့ကြပေ။
ယဲ့စစ်၏အသွင်အပြင်မှာ ဖုံးကွယ်လို့မရသော ငယ်ရွယ်မှုများရှိနေသော်လည်း သူ၏အရှိန်အဝါက ကြောက်မက်ဖွယ်ကောင်းအောင် ပြင်းထန်လွန်းလှသည်။
သူက ဖန်ဓါးတစ်လက်လို အထိအခိုက်မခံသော်လည်း ထက်ရှနေပေ၏။
ဟွမ်မောက်တစ်ယောက် နာကျင်ကာ ကြောက်ရွံ့လာလေပြီ။ စောစောက ထိုးနှက်ချက်အနည်းငယ်ဖြင့် ယဲ့စစ်၏ခွန်အားကိုအကဲဖြတ်ဖို့ လုံလောက်ပေသည်။ သူက အဆင့်မြင့်အယ်ဖာတစ်ယောက်ဖြစ်မည်မှန်း ၈၀% သေချာပေ၏။ ခဏတာမျက်ကန်းဖြစ်ခဲ့ခြင်းက သူ့အပြစ်သာ။ သူ နောက်ထပ်စကားမပြောရဲတော့ဘဲ နီရဲနေသောမျက်လုံးများဖြင့် နံရံအနောက်ကို ဆုတ်သွားခဲ့သည်။
ယဲ့စစ်က ဆောင့်ကြောင့်ထိုင်ကာ သူ၏လက်ချောင်းထိပ်လေးများဖြင့် ဟွမ်မောက်၏အဝါရောင်ဆွယ်တာအင်္ကျီစကိို လှန်ကြည့်လိုက်ပြီး တည်ငြိမ်သောအကြည့်များဖြင့် ဟွမ်ဟောက်၏အပေါ်ပိုင်းကို စစ်ဆေးနေခဲ့သည်။
"ဘာ... ဘာလုပ်နေတာလဲ။" ဟွမ်မောက်က သူ့အင်္ကျီကို အမြန်ပြန်ဆွဲချလိုက်သည်။
၁၅ စတုရန်းမီတာအတွင်း ပျော့ပျောင်းတဲ့တစ်ရှူးတွေ ပေါက်ပြဲသွားတယ်၊ ပါးစပ်ပေါက်မှာ ဒဏ်ရာရတယ်၊ လက်ချောင်းကျိုးတယ်... အကုန်လုံး ဒဏ်ရာအသေးစားတွေပဲ၊ ပြင်းထန်တာမပါဘူး။
ယဲ့စစ် သူ့အတိုင်းအစကို သူသိပေ၏။
ယဲ့စစ်က သူ့ကိုစိုက်ကြည့်ကာ ဖုန်းကိုထုတ်ယူလိုက်သည်။ သူ့ကိုကြည့်ရတာ နှလုံးသားနွေးထွေးသည်ဟု ထင်ရသော်လည်း သူ၏လေသံကတော့ ခြိမ်းခြောက်နေသလိုပင်။ "ရဲကိုဖုန်းဆက်လိုက်။"
ဉာဏ်ရှိသူသာဆို သူနှင့်တိုက်ခိုက်ခြင်းမှာ အလေးမသာနိုင်ကြောင်း သိကြပေလိမ့်မည်။ ဟွမ်မောက်က ခေါင်းကို တသွင်သွင်ခါယမ်းလိုက်လေ၏။ "ကော၊ ကျွန်တော် မတိုင်ပါဘူး။ တကယ် မတိုင်ပါဘူး။"
ယဲ့စစ်က ခေါင်းညိတ်ကာ ထရပ်လိုက်ပြီး ပြတ်သားသောအသံဖြင့် ပြောလိုက်သည်။ "အဲ့ဒီသုံးထောင်က..."
"ဟုတ်တယ် ဟုတ်တယ်၊ သုံးထောင်၊ အဲ့ဒါ ကောအနိုင်ပါ။" ဟွမ်မောက်က သူ့ဖုန်းကိုထုတ်လိုက်သည်။
ယဲ့စစ်က ခေါင်းယမ်းကာ စက္ကန့်ပိုင်းလောက် အသက်ရှူအောင့်၍ ဖြည်းဖြည်းချင်းပြောလိုက်သည်။ "...ဆေးဖိုးဝါးခ။"
***
Aurora Novel Translation Team
There is No Eng Version