no
အပိုင်း (၃၇) - အားကိုးရာ
ယဲ့စစ် ထထိုင်လိုက်ပြီး သူ၏လက်ချောင်းလေးများကို ပွတ်သပ်လိုက်၏။
လက်ချောင်းထိပ်လေးများကြားမှာ ပျော့ပျောင်းပြီး စေးကပ်ကပ်ခံစားချက်ကို ရရှိနေသည်။
သူ ရှုပ်ထွေးနေဆဲဖြစ်သော်လည်း တစ်ခုခုမှားယွင်းနေကြောင်း ခံစားမိလိုက်၏။ သူ၏မျက်နှာက ရုတ်တရက် ပူလောင်လာပြီး သူ၏လည်ကုပ်အနောက်ကို ဆုပ်ကိုင်ကာ ခုတင်ပေါ်ကနေဆင်းလိုက်၏။ သူ့စိတ်ထဲမှာတော့ အသက်မီးပုံးက လှည့်ပတ်နေခဲ့သည်...
ကံကောင်းစွာဖြင့် ဟော့ထင်းလန်က အိပ်ပျော်နေဆဲပင်။
မိနစ်ဝက်ကြာပြီးနောက် သူ တံတွေးမျိုချကာ အိပ်ရာခင်းထောင့်ကနေ ဖြည်းဖြည်းချင်းဆွဲလိုက်သည်။
သူ၏လှုပ်ရှားမှုများက မည်မျှပေါ့ပါးကာ ဂရုတစိုက်ရှိနေပါစေ၊ ဟော့ရှူးရှူ၏သတိကို မလွန်ဆန်နိုင်ခဲ့ပေ။
ထိုအကြံက ကောင်းမွန်သော်လည်း ဟော့ထင်းလန်က သူ့ဘက်လှည့်လာသဖြင့် ကံမကောင်းစွာနှင့်ဘဲ အသုံးမကျခဲ့ချေ။ သူက သတိပေးခြင်းမရှိဘဲ မျက်လုံးများပွင့်လာပြီး ယဲ့စစ်ကို စိုက်ကြည့်လိုက်သည်။ သူက လုံးဝမအိပ်ရသေးသလို သူ့လေသံက နိုးနိုးကြားကြားရှိနေ၏။
"ဘာဖြစ်လို့လဲ ပေါင်ပေါင်း။"
အယ်ဖာဗီဇ၏ အဓိကအခွင့်ထူးတစ်ခုအနေဖြင့် သူက ခဏလောက်အိပ်စက်ရုံဖြင့် စွမ်းအင်များကို လျင်မြန်စွာပြန်လည်ရရှိစေနိုင်သည်။ ဂလင်းအဆင့်က မြင့်မားလေ အလွယ်တကူနိုးကြားလေဖြစ်၏။
ထို့အပြင် ချိုမြိန်သော ညှိစို့စို့ဗနီလာရနံ့က အလွန်ပြင်းထန်သဖြင့် သူ မနိုးဖို့ဆိုတာ ခက်ခဲပေသညိ။
"ဘာ-ဘာမှမဟုတ်ပါဘူး!" မျှော်လင့်မထားသောအကြည့်ကြောင့် ယဲ့စစ် ထခုန်လုနီးနီးပင်။ "ခင်ဗျား အိပ်တော့လေ။ ကျွန်တော်... သန့်စင်ခန်းဝင််မလို့။"
ဟော့ရှူးရှူရဲ့ အိပ်စက်တဲ့ပုံစံက ဘာလို့ ဒီလိုဖြစ်နေရတလဲ... မဟုတ်သေးပါဘူး၊ သူက ဘာလို့ ဒီလောက်ထိသတိကောင်းနေရတာလဲ!
ဟော့ထင်းလန်က တစ်ဖက်လှည့်ကာ မီးဖွင့်လိုက်၏။ သူက တံတောင်ထောက်၍ သူ့ခန္ဓာကိုယ်အပေါ်ပိုင်းကိုပင့်ကာ ခေါင်းအုံးပေါ်မှီလိုက်ပြီး သူ့ကိုကြည့်လိုက်သည်။ သူက ပြုံးလိုက်ပြီး ကျီစယ်လိုက်လေ၏။ "ချိုတဲ့အနံ့လေးရနေတယ်။ အအေးတွေဖိတ်ကျထားတာလား။"
"အာ၊ အင်း။" ယဲ့စစ်က အခိုက်အတန့်တစ်ခုလောက် ကြောင်အမ်းသွား၏။ သူက ခုန်ပေါက်နေသောနှလုံးသားနှင့်အတူ ပေါက်ကရများကိုပြောလိုက်သည်။ "ကျွန်တော်၊ ကျွန်တော် ဂရုမစိုက်မိလိုက်လို့ပါ။"
"ညသန်းခေါင်ကျမှ အမှောင်ထဲမှာ ဘာလို့စားနေရတာလဲ။" ဟော့ထင်းလန်က ယဲ့စစ်ကို နူးညံ့စွာကြည့်ကာ စိုးရိမ်ပူပန်မှုနှင့်အတူ ဖြည်းဖြည်းချင်းပြောလိုက်သည်။ "ညစာစားတုန်းက ဗိုက်ပြည့်အောင်မစားခဲ့ဘူးလား။ မင်း ဗိုက်ဆာနေတာလား။"
"ကျွန်တော် ညစာစားတုန်းက ဗိုက်ဝအောင်စားခဲ့ပါတယ်။" ယဲ့စစ်က ရေရွတ်လိုက်သည်။ "အဲ့လိုမျိုးမဟုတ်ပါဘူး... ခန္ဓာကိုယ်က ဖွံ့၊ ဖွံ့ဖြိုးဆဲကာလမှာ အလွယ်တကူ ဗိုက်ဆာတတ်တယ်လေ။"
"အိုး။" ဟော့ထင်းလန်က တစ်ခဏလောက်တိတ်ဆိတ်သွားပြီး စဥ်းစားလိုက်သည်။ ထို့နောက် ချစ်မြတ်နိုးစွာဖြင့် ပြောလိုက်၏။ "မင်း ဘောင်းဘီတွေပေါ်ကိုပါ ဖိတ်ကျထားတာပဲ... နောက်တစ်ခေါက်ကျ သတိထားဦး။"
ယဲ့စစ်၏မျက်လုံးများက ဗလာကျင်းသွားပြီး သူ အခန်းပြတင်းပေါက်ကနေ ခုန်ချကာ အားလုံးကို တစ်ခါတည်းအဆုံးသတ်ချင်နေသည့်စိတ်အား အစွမ်းကုန်ဖိနှိပ်ထားရသည်။
ဟော့ထင်းလန်က တည်ငြိမ်နေဆဲပင်။ "နောက်တစ်ခါ မင်း ညလယ်စာစားတဲ့အခါကျ... ကိုယ့်အတွက်ပါ တစ်ခုလောက်ယူခဲ့ပေးမလား။"
"ကျွန်တော်၊ ကျွန်တော် ယူလာခဲ့ပေးပါ့မယ်။" ယဲ့စစ်က ခေါင်းညိတ်ပြလိုက်သည်။
"မင်း ဘာအအေးသောက်ထားတာလဲ။"
"စ၊ စတော်ဘယ်ရီပါ။"
"ဘယ်ကရတာလဲ။"
"မီး၊ မီးမိုးချောင် ရေခဲသေတ္တာထဲက။"
"မီးဖိုချောင် ဘယ်မှာရှိတယ်ဆိုတာကို မင်းသိတယ်ပေါ့?"
သူ၏လေသံက အံ့အားသင့်နေဟန်။
"..."
မေးခွန်းတိုင်းကို ကျပန်းပြန်ဖြေပေးနေသည့် သူ၏လူကြီးလူကောင်းလေးက ရှက်ရွံ့နေတာကို မြင်လိုက်ရသောအခါ ဟော့ထင်းလန်က သူ့ကို အချိန်အတော်ကြာသည်အထိ ကျီစယ်နေခဲ့သည်။
သူ အယ်ဖာတစ်ယောက်အနေဖြင့် လိုအပ်ချက်များကို မဖြည့်ဆည်းနိုင်ခဲ့သည်မှာ ကြာပြီဖြစ်၏။ ထို့အပြင် သူ၏ခင်ပွန်းကို ဆုံးရှုံးခဲ့ပြီးနောက် ချစ်သူလေးကို ထပ်မံတွေ့ရှိခဲ့သော်လည်း သူ့ချစ်သူက အလွန်ငယ်ရွယ်ပြီး သူ၏ဂလင်းများကလည်း အပြည့်အဝမဖွံ့ဖြိုးသေးရာ သူ့ခမျာ မြင်ရုံသာမြင်ရပြီး မကြင်ခဲ့ရချေ... စိတ်ပိုင်းဆိုင်ရာအရ ပြင်းထန်သောရောဂါများ ဖြစ်ပေါ်လာမည်မှာ မလွဲမသွေပင်။
ရောဂါလက္ခဏာများကတော့ ကလေးများကို အနိုင်ကျင့်ခြင်းမျိုးဖြစ်၏။ နာခံမှုရှိလေ ၎င်းတို့ကို အနိုင်ကျင့်ရတာ ပျော်ရွှင်ရလေပင်။
ယဲ့စစ်: "..."
ဟော့ရှူးရှုက သူ့ကို ကယ်တင်ပေးကာ လွတ်လမ်းချန်ပေးလိမ့်မည်ဟု ယဲ့စစ် တွေးခဲ့မိသည်။
အဆုံးသတ်မှာတော့ သူ အမှားကြီးမှားသွားလေ၏...
ယဲ့စစ်တစ်ယောက် အနိုင်ကျင့်ခံနေရသဖြင့် မူးမေ့တော့မတတ်ဖြစ်နေကြောင်း မြင်တွေ့လိုက်တော့မှသာ ဟော့ထင်းလန်က သူ၏သဘာဝလွန်စွမ်းအားများကို ကရုဏာသက်စွာဖြင့် ပြန်ရုပ်သိမ်းခဲ့သည်။ ဗီရိုထဲကနေ လဲဝတ်ဖို့အဝတ်အစားများ၊ အိပ်ရာခင်းများနှင့် အခြားသောပစ္စည်းများကိုထုတ်ကာ ယဲ့စစ်ကို သန့်စင်ခန်းထဲသို့ သွားခွင့်ပေးလိုက်၏။
အလျင်အမြန်ရှင်းလင်းပြီးနောက် ဟော့ထင်းလန်က ယဲ့စစ်ကို ချောင်ပိတ်ကာ 'နာမည်ကျော်သိပ္ပံပညာ' ထဲမှ စကားလုံးအနည်းငယ်ကို သင်ခန်းစာပေးနေခဲ့သည်။
အတိုချုပ်ရသော် ၎င်းက...
အလွန်စေ့စပ်လွန်းပေ၏။
"ခင်ဗျား၊ ဒါကို ရပ်၊ ရပ်လိုက်လို့ရမလား ဟော့ရှူးရှူ..."
ယဲ့စစ်က ခေါင်းငုံ့ထား၏၊ သူ၏မျက်နှာက အလွန်နီမြန်းနေပြီး ကြက်ဥတောင်ကြော်လို့ရလောက်သည်။ သူ ငိုတောင်ငိုသွားနိုင်သည်အထိ အလွန်ရှက်ရွံ့နေခဲ့သည်။
သူ့လည်ကုပ်ပေါ်မှ ဂလင်းများသာမကဘဲ သူကိုယ်တိုင်က အိုမီဂါအဖြစ် ပြောင်းလဲသွားပြီဖြစ်၏။
သို့သော်လည်း ဟော့ထင်းလန်က ရိုးသားသောလေသံနှင့်အတူ သူ့ကို ဆက်ပြောနေခဲ့သည်။
ဟော့ထင်းလန်ကို ယာယီပါးစပ်ပိတ်သွားအောင် လုပ်ရန်အတွက် ယဲ့စစ် အော်ငိုပစ်လိုက်ချင်သော်လည်း သူ အခြားအချက်တစ်ခုကြောင့် မျက်ရည်များမကျနိုင်ခဲ့ပေ...
သူက အမှန်တကယ်ကို တချို့အရာများနှင့်ပတ်သက်၍ ဗဟုသုတလစ်လပ်နေခဲ့သည်။
အမှန်တော့ နှောင့်နှေးနေဖို့အချိန်မရှိပေ။ ၎င်းတို့၏ဆက်ဆံရေး အတည်တကျမဖြစ်ခင်တုန်းက ဟော့ထင်းလန်တစ်ယောက် သင်ပေးချင်လျှင်တောင် သင်ပေးလို့မရသည့်အရာများ ရှိခဲ့၏။ ယခုမှာတော့ သူ စေ့စေ့စပ်စပ် ပညာပေးလို့ရပြီဖြစ်၏။
"...ဒါဆို အဆင်သွားပြီလား။ ကိုယ် ဒီနေ့ မပြောတော့ဘူး။ ကိုယ်တို့ ပြန်ရောက်တော့မှ ဖြည်းဖြည်းချင်းပြောတာပေါ့။"
ဟော့ထင်းလန်က အပြစ်ကင်းစင်သောအပြုံးလေးဖြင့် သူ့ကို အပြစ်တင်လာ၏။
"မင်းက ကိုယ်ပေးခဲ့တဲ့ သိပ္ပံစာအုပ်ကို မဖတ်ခဲ့ဘူးလေ။ အဲ့ဒါကြောင့် ကိုယ်ကိုယ်တိုင်သင်ပေးနေတာဆိုပေမဲ့ မင်းက အရှက်အေကြာက်ကြီးတော့ ကိုယ် မင်းကိုအခွင့်အရေးယူနေတယ်ဆိုပြီး နားလည်မှုလွဲသွားမှာလည်း စိုးရိမ်မိတယ်... အခု နွေပိတ်ရက်ပဲရှိသေးတယ်ဆိုတော့ ဒီနှစ်ရက်ပြီးလို့ ကိုယ်တို့ အိမ်ပြန်ရောက်ရင် အဲ့ဒီစာအုပ်အဆုံးသတ်တဲ့ထိ တစ်ရက်ကို မိနစ်လေးဆယ်လောက်လေ့လာကြမယ်။ ဘယ်လိုလဲ အဆင်ပြေမယ်ထင်လား။"
"အဆင်ပြေပါတယ်။ အားလုံး... အဆင်ပြေပါတယ်။"
"ဒါဆို မင်းအားတဲ့အချိန် တစ်ရက်ရက်လောက်... ဆေးရုံကို ဆေးသွားစစ်ကြမလား။" ဟော့ထင်းလန်က ယဲ့စစ်၏ဝမ်းဗိုက်ကို ညွှန်ပြလိုက်သည်။
ယဲ့စစ်မှာ မည်သို့ဖြင့် ငြင်းဝံ့မည်နည်း။ ဟော့ရှူးရှူ အမြန်ရပ်တန့်သွားဖို့မျှော်လင့်လျက် သူက ဘာလာလာခေါင်းညိတ်ခဲ့သည်။
ထို့နောက်မှာတော့ ဟော့ထင်းလန်တစ်ယောက် စိတ်ကျေနပ်သွားပြီး သူ့ကို အိပ်ခွင့်ပေးခဲ့လေသည်။
...
နောက်တစ်နေ့မှာ။
ယဲ့စစ် နွေရာသီအားလပ်ရက်အတွင်း သူ၏အရှိန်တက်လိုသည့်စိတ်ဓာတ်ကို မထိခိုက်စေလိုသောကြောင့် ကျောင်းတက်နေသလိုမျိုး စောစောထကာ မနက်စာမစားမီ ခေါင်းကြည်နေသောအချိန်၌ ရှေးခေတ်တရုတ်စာနှင့် အင်္ဂလိပ်စကားလုံးများကို အလွတ်ကျက်မှတ်ခဲ့သည်။
မနက်စာစားပြီးနောက် သူက ဉာဏ်စမ်းဖြေရန် သူ့အခန်းဆီပြန်သွားခဲ့၏။ ဖိအားများလွန်းခြင်းက ဆန့်ကျင်ဘက်အကျိုးသက်ရောက်မှုကို ဖြစ်စေနိုင်သည့်အတွက် အနားယူဖို့လည်း မမေ့ခဲ့ပေ။ ဟော့ထင်းလန်၏ လမ်းညွှန်မှုအပေါ်အခြေခံ၍ စာလေ့လာမှုအချိန်ဇယားတစ်ခုရေးဆွဲခဲ့ပြီး နေ့စဉ်ရည်မှန်းချက်များ ပြီးမြောက်သွားပြီးနောက်မှာတော့ အနားယူခဲ့ပြီး ယင်းကို လာမည့်နှစ်အတွက် အားပြန်သွင်းရန်နည်းလမ်းတစ်ခုအဖြစ် သတ်မှတ်ခဲ့သည်။
ယနေ့လုပ်ရမည့်အရာများပြီးလျှင် ဟော့ထင်းလန်က သူ့ကို ပျော်ဖို့ခေါ်သွားပေးမည်ဟု ပြောထားသည်။ အိမ်အဟောင်းနားမှာ မြင်းစီးလို့ရသည့် မြင်းခြံတစ်ခုရှိပြီး အနီးနားမှာ သေနတ်များနှင့်ကစားလို့ရသည့် ပစ်ကွင်းတစ်ခုလည်းရှိသည်။ အဆုံးသတ်တွင် သူ့မှာ ပျော်ရွှင်လိုသောစိတ်နှလုံးရှိပြီး သင်ယူဖို့ အလွန်စိတ်အားထက်သန်သူဖြစ်ရာ မျှော်လင့်ထားတာထက် တစ်နာရီစောပြီးသွားခဲ့သည်။ ထို့နောက် ဘောပင်ကိုချလိုက်ပြီး တစ်စုံတစ်ယောက်ကို လိုက်ရှာတော့သည်။
ဟော့ထင်းလန်က ၎င်းတို့ မနေ့ကအိပ်ခဲ့သည့် အခန်းထဲမှာရှိမနေသလို သူ၏မက်ဆေ့ချ်ကိုလည်း ချက်ချင်းပြန်မဖြေသည့်အတွက် အခန်းသန့်ရှင်းရေးလုပ်နေသည့် အန်တီတစ်ယောက်ကို မေးလိုက်ရသည်။ တစ်ဖက်လူက ဒုတိယထပ်ရှိ လက်ဖက်ရည်ခန်းထဲမှာ လက်ဖက်ရည်သောက်နေကြောင်း ပြောပြလာ၏။ သူက များများစားစားမတွေးဘဲ သူ့ကို သွားရှာလိုက်သည်။ သို့သော် သူ တံခါးခေါက်တော့မည့်အချိန်မှာ လက်ဖက်ရည်ခန်းထဲကနေ လင်ယောင်၏ ပျော့ပျောင်းသောအသံကို ကြားလိုက်ရ၏။
"...ဘာပဲဖြစ်ဖြစ် သူက မင်းရဲ့ခင်ပွန်း၊ မင်းက ဟော့မိသားစုရဲ့အကြီးအကဲ။ နောင်တစ်ချိန်မှာ သူက မင်းနဲ့အတူ ပွဲတချို့ကို အနည်းနဲ့အများတော့ တက်ရောက်ရမှာပဲ။ တစ်စုံတစ်ယောက်က စကားကောင်းကောင်းမပြောနိုင်ရင် မကောင်းဘူးလေ..."
သူ စကားထစ်သည့်အကြောင်းကို ပြောနေကြပုံပင်။
လင်ယောင်၏စကားလုံးများက အဓိပ္ပါယ်ရှိပြီး ပါးနပ်မှုရှိသော်လည်း ဟော့ထင်းလန်က သူ့ကို ကာကွယ်ပေးနေဆဲပင်။ သူ၏လေသံထဲမှာ အပြုံးလေးတောင် ရှိနေခဲ့သည်။
"သူ့အတွက် စကားပြောရတာမလွယ်ကူပေမဲ့ သူ့မှာ ကျွန်တော်ရှိနေတုန်းပဲလေ။ ကျွန်တော်က ကျွန်တော့်ခင်ပွန်းရဲ့ကိုယ်စားလှယ်လုပ်ပေးလိုက်မယ်၊ အားလုံး အတူတူပါပဲ..."
"အိုက်ယား။"
လင်ယောင်က သူ့ကို အပြုံးဖြင့် စနောက်လိုက်၏။
"ရှောင်စစ်က မင်းရဲ့အသည်းအသက်လေး၊ မင်းရဲ့နှလုံးသားလေးဖြစ်ပြီး မင်းရဲ့နားက မချိုသာတဲ့စကားတွေကို နားမထောင်ချင်မှန်းသိပါတယ်။"
သူ(မ)က အလျင်မလိုဘဲ ဖြည်းဖြည်းချင်းဖြောင်းဖျလိုက်၏။
"သူက လုံလုံလောက်လောက်မတော်လို့ မင်း သူ့ကိုသဘောမကျဘူးလို့ သူထင်သွားမှာကို မင်းစိုးရိမ်နေမှန်းလည်းသိတယ်။ အဲ့ဒါက သူ့အတွက် ကိုယ့်ကိုယ်ကိုယ်လေးစားမှုကို ထိခိုက်သွားစေနိုင်တယ်လေ။ အမေ အဲ့ဒါကိုနားလည်ပါတယ်၊ နားလည်လို့လည်း ဒီအကြောင်းကို ရှောင်စစ်နဲ့မပြောဘဲ မင်းနဲ့လာပြောရတာပေါ့။ ဒါက အလျင်လိုစရာကိစ္စတော့ မဟုတ်ပါဘူး။ အမေက မင်းကို သတိပေးချင်ရုံပါပဲ။"
"အမေက ကောင်းစေချင်လို့ပြောနေမှန်း ကျွန်တော်နားလည်ပါတယ်။"
ဟော့ထင်းလန်က ပြုံးလိုက်ပြီး ပေါ့ပေါ့ပါးပါး အကြောင်းအရာပြောင်းလဲ၍ လင်ယောင်နှင့် တခြားအကြောင်းကို ပြောလိုက်သည်။
ယဲ့စစ် ဘာသာစကားဆက်သွယ်မှုမှာ အတားအဆီးဖြစ်ရသည့်အကြောင်းရင်းကို သူသိပေသည်။
အတိတ်ဘဝတုန်းက လက်ထပ်ပြီး ဒုတိယမြောက််နှစ်ကျမှ ယဲ့စစ်က သူ့သတိများကိုလျှော့ချကာ သူ့ကို ထိုအကြောင်းများပြောပြခဲ့သည်။
ယင်းမှာ ယဲ့ဟုန်ကျွင်း၏ ခင်ပွန်းဟောင်း၊ ယဲ့စစ်၏ပထွေး၊ အဆင့်နိမ့်အယ်ဖာတစ်ယောက်ကြောင့်ပင်။
ထိုလူက ယဲ့ဟုန်ကျွင်းနှင့်လက်မထပ်ခင် နှစ်ဝက်ကျော်လောက် ချစ်ကြိုက်ခဲ့ပြီး ရိုးသားကြိုးစားကာ သိမ်မွေ့နူးညံ့ပြီး သားအမိနှစ်ယောက်ကို အဆုံးစွန်သော ကရုဏာ၊ မေတ္တာများနှင့် ဆက်ဆံပေးခဲ့သည်။ ယဲ့ဟုန်ကျွင်းက သူ(မ)တို့သားအမိအတွက် ခိုကိုးရာရပြီဟု အထင်မှားသွားခဲ့၏။
သို့သော် လက်ထပ်ပြီး လအနည်းငယ်အကြာမှာ သားအမိနှစ်ယောက်ရှေ့၌ ထိုအမှိုက်ကောင်၏မျက်နှာဖုံးက ဖြည်းဖြည်းချင်းကွာကျလာခဲ့သည်။
သူ့မှာ ကြမ်းတမ်းသောစိတ်နေသဘောထားတို့ရှိသည်။
သူ မူးယစ်ဆေးစွဲလာသောအခါ အနှီစရိုက်ချို့ယွင်းမှုက နှစ်ဆတိုးလာခဲ့၏။
သူက အကြမ်းဖက်မှုများ၏အပြစ်ကို ပြော့လျော့စေရန် သို့မဟုတ် သာမန်ရိုက်နှက်ခြင်း၊ ကန်ကျောက်ခြင်းကဲ့သို့ ငြီးငွေ့ဖွက်အကြမ်းဖက်မှုများကို ပျော်စရာဖြစ်လာစေရန်အတွက် ထိုအချိန်က အသက်ခုနစ်နှစ်သာရှိသေးသော ရှောင်စစ်ကို 'စာအံခြင်း' ဟူသောအမည်ဖြင့် ရံဖန်ရံခါ ညှဉ်းပန်းနှိပ်စက်လေ့ရှိသည်။
ရွတ်ဆိုရမည့်စာပိုဒ်များက မူလတန်းကျောင်း သင်ခန်းစာများသာ မဟုတ်ပေ။ သူ့အတွက် ခက်ခဲသောအရာများကို တမင်တကာဖန်တီးရန် သူ့ပထွေးက တစ်ခါတစ်ရံ ခက်ခဲပြီး မထင်မရှား ဂန္တဝင်တရုတ်စာများကိုတောင် ရှာဖွေခဲ့လေသည်။
စာရွတ်ဆိုခြင်း၌ ယဲ့စစ် စာလုံးအသံထွက်လွဲခဲ့လျှင် သို့မဟုတ် အမှားလုပ်မိခဲ့လျှင်...
ရိုက်နှက်ခံရလိမ့်မည်ပင််။
ယဲ့ဟုန်ကျွင်းက သူ့ကိုတားဖို့ကြိုးစားပါက သူ(မ)ပါ အတူတူအရိုက်ခံရတတ်သည်။
ယဲ့စစ်အတွက် 'စာအံခြင်း' က အကြောက်တရားနှင့် အဓိပ္ပါယ်တူ၏။
'စကားပြောခြင်း' အမှုမှာတောင် ရံဖန်ရံခါ ပြင်းထန်သော ရိုက်နှက်ခြင်းများက လိုက်ပါလာတတ်သည်။
ထိုအချိန်တုန်းက ယဲ့စစ်တစ်ယောက် တစ်ကိုယ်လုံး ဒဏ်ရာအပြည့်ဖြင့် ကျောင်းသို့သွားခဲ့ရပြီး သူ၏ခြေလက်များမှာ ဒဏ်ရာအညိုအမည်းများနှင့် ဖုံးလွှမ်းနေတတ်သည်။ ပူအိုက်သော နွေရာသီမှာတောင် ယဲ့စစ်က လက်ရှည်၊ ဘောင်းဘီရှည်များဝတ်ထားရ၏။ ထိုသို့မဟုတ်ပါက တခြားသူများ မြင်တွေ့သွားနိုင်သည်။
ယဲ့ဟုန်ကျွင်းက သူ(မ)ကလေးကိုကာကွယ်ရန် အပြင်းအထန်ကြိုးစားခဲ့သော်လည်း သူ(မ)နှင့် အယ်ဖာတစ်ယောက်ကြားမှာ ရုပ်ပိုင်းဆိုင်သန်မာမှုတို့က ကွာဟချက်ကြီးမားပေသည်။ ကွာရှင်းမှုလုပ်ငန်းစဉ်ကလည်း ခက်ခဲရှည်လျားကာ နေရာတိုင်းမှာ အတားအဆီးများ ရှိနေခဲ့သည်။ ကွာရှင်းပြတ်စဲပြီးနောက်မှာတောင် သူ(မ)က နှောင့်ယှက်ခံခဲ့ရတုန်းဖြစ်၏။ ထိုလူ မူးယစ်ဆေးဝါးမှုနှင့် ထောင်ထဲသို့ရောက်သွားပြီးနောက် ထောင်ကလွတ်ပြီး ရက်အနည်းငယ်အကြာတွင် မူးယစ်ဆေးအလွန်အကျွံသုံးကာ ရုတ်တရက် ကွယ်လွန်သွားတော့မှ သားအမိနှစ်ယောက်၏ဘဝက အေးချမ်းသွားခဲ့သည်။
ကံမကောင်းစွာဖြင့် ဤအေးချမ်းမှုက အချိန်နှောင်းသွားခဲ့လေပြီ။
အချိန်ကာလတစ်ခုကြာအောင် နှိပ်စက်ခံခဲ့ရပြီးနောက် ယဲ့စစ်က ပုံမှန်အတိုင်းစကားပြောလျှင်တောင် စိတ်လှုပ်ရှားမှု၊ စိုးရိမ်မှုနှင့် တခြားစိတ်ခံစားချက်များကို ခံစားခဲ့ရပြီး သူ့ကို 'စာအံရန်' ဖိအားပေးခံရသလိုမျိုး သူ၏စိတ်ထဲ ဗလာကျင်းကာ ချွေးအေးများထွက်လာတတ်၏။ ထိုအရာကြောင့် ဖြစ်ခဲ့ရသော ဖိအားများနှင့် စိုးရိမ်ထိတ်လန့်မှုတို့က နက်ရှိုင်းစွာတည်ရှိနေခဲ့သည်... ဤနည်းအားဖြင့် ဆိုးဝါးသောသံသရာကို ဖန်တီးခဲ့သည်။
အရွယ်ရောက်လာပြီးနောက် အယ်ဖာအဖြစ် ကွဲပြားခဲ့သော ယဲ့စစ်မှာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်စွမ်းရှိလာပြီဖြစ်၏။ သူ သူ့ပထွေးကိုတွေးမိချိန်မှာ အရင်ကလို ထိတ်လန့်ခြင်းမရှိတော့သော်လည်း စကားထစ်သည့်ပြဿနာကတော့ ဖျောက်ဖျက်ဖို့ခက်ခဲခဲ့သည်။
ယဲ့စစ်၏စကားထစ်သည့်ပြဿနာကို ထိထိရောက်ရောက်ဖြေရှင်းရန် စိတ်ပိုင်းဆိုင်ရာကုသမှုကို ရှောင်လွှဲလို့ရမည်မဟုတ်ပေ။
ကိုယ့်ကိုယ်ကိုယ်လေးစားမှုအား အထိအခိုက်မခံသည့် နစ်နာသူတို့က ဤကဲ့သို့ အကြမ်းဖက်မှုနှင့် အနိုင််ကျင့်ခံရမှုတို့ကို ဖုံးကွယ်ထားတတ်သည်။ လက်ရှိယဲ့စစ်က ကုထုံးဆရာရှေ့မှာ ဤအမာရွတ်ဟောင်းကို ဖော်ပြဖို့ ဆန္ဒရှိမရှိကို ဟော့ထင်းလန် မသေချာပေ။
ထို့ကြောင့် ယဲ့စစ်ဘက်ကနေ သူ့ကို အစပြုပြီးတောင်းဆိုမလာသရွေ့ သူ့ကို ဖိအားပေးလိမ့်မည်မဟုတ်ပေ။
...
လက်ဖက်ရည်ခန်းထဲမှာ တိတ်ဆိတ်သွားလေ၏။
ယဲ့စစ် ထပ်ပြီးမနေတော့ဘဲ ခြေဖျားထောက်ကာ ပြန်ဆုတ်ခွာဖို့ပြင်လိုက်စဥ် သူ့အိတ်ကပ်ထဲမှဖုန်းက ရုတ်တရက်အသံမြည်လာခဲ့သည်။
...ဟော့ထင်းလန်က သူ့ကို စာပြန်ပို့ခြင်းပင်။
နေ့လယ်ခင်း၌ လျှောက်လမ်းတစ်ခုလုံးက တိတ်ဆိတ်နေ၏။ လင်ယောင်တောင်မှ အသံကို ရှင်းရှင်းလင်းလင်းကြားလိုက်ရာ ထိုအသံက ထိပ်တန်းအယ်ဖာတစ်ယောက်၏နားကနေ ပြေးလွတ်မည်မဟုတ်ပေ။
ဟော့ထင်းလန်က အခန်းထဲကနေ ကမန်းကတန်း ပြေးထွက်လာ၏။ ယဲ့စစ် ခြေလှမ်းအနည်းငယ်လှမ်းပြီးနောက် မလွတ်နိုင်ကြောင်းသိသွားပြီး ရှက်ရွံ့စွာဖြင့် ချောင်ကပ်ပြီးရပ်လိုက်သည်။
"ခိုးနားထောင်တဲ့နည်းကို သင်ယူနေတုန်းပဲပေါ့။"
ဟော့ထင်းလန်က သူအပြစ်မယူကြောင်းပြသရန် ပေါ့ပါးသောလေသံဖြင့် စနောက်လိုက်သည်။ ထို့နောက် သူက ယဲ့စစ်မှီထားသော နံရံ၏ဘေးတစ်ဖက်တစ်ချက်မှာ လက်ထောက်ကာ သူ့ကိုချောင်ပိတ်၍ သူ၏အမူအရာကို ကြည့်နေခဲ့၏။
ယဲ့စစ််၏မျက်နှာလေးက နီမြန်းနေပြီး မာနထိခိုက်သလို အမူအရာမျိုးရှိမနေရာ သူ စိတ်သက်သာရာရကာ ဖြည်းဖြည်းချင်းမေးလိုက်သည်။
"ဘာတွေကြားလိုက်လဲ။ ကိုယ့်ကိုပြော။"
ယဲ့စစ်က ခဏလောက်တွန့်ဆုတ်သွားပြီး မျက်လုံးပင့်ကြည့်လိုက်သည်။ အနှီမျက်ဝန်းများက တည်ငြိမ်နေပြီး နာကျင်သည့်အရိပ်အယောင်တို့ နည်းနည်းလေးမှမရှိဘဲ ကြောင်ပေါက်လေးကဲ့သို့ ပျော့ပျောင်းသော အားကိုးမှုတို့သာရှိနေခဲ့၏။
"ဟော့ရှူးရှူ၊ တကယ်တော့ ကျွန်တော်၊ ကျွန်တော် အဲ့ဒါကို ပြင်ချင်ပါတယ်။"
ယဲ့စစ်က အနည်းငယ်ရှက်ရွံ့မှုနှင့်အတူ ပြောလိုက်သည်။
"ပေါင်ပေါင်းက ဘာလို့ ဒီလောက်ထိလိမ္မာနေရတာလဲ..."
ဟော့ထင်းလန်က နူးညံ့စွာပြုံးလိုက်သည်။ ယဲ့စစ်က ဟန်ဆောင်ရဲတင်းမှုမျက်နှာဖုံးကို တပ်ဆင်ထားမည်အား ဟော့ထင်းလန်က စိုးရိမ်သောကြောင့် ပေါ့ပေါ့ပါးပါးပြောလိုက်သည်။
"ကိုယ်နဲ့အတူ ပွဲတက်ရမယ်ဆိုတာမျိုး စဥ်းစားနေစရာမလိုပါဘူး။ မင်းက ကိုယ့်ရဲ့ခင်ပွန်း၊ မင်းမလုပ်ချင်တဲ့အရာကို လုပ်ဖို့၊ မင်းမသွားချင်တဲ့နေရာကို သွားဖို့၊ မင်းမပြောချင်တဲ့အရာကို ပြောဖို့ ဘယ်သူကမှ မင်းကိုဖိအားပေးလို့မရဘူး... နားလည်ပြီလား။"
"အဲ့ဒါ၊ အဲ့ဒါက အဆင်ပြေပါတယ်။"
ယဲ့စစ်က ခေါင်းယမ်းလိုက်၏။ သူ၏အမူအရာက အတုအယောင်မဟုတ်ပေ။
"အရင်က ကျွန်တော်၊ ကျွန်တော် လူတွေနဲ့ တစ်နေ့လုံးနေမှ စကားတစ်ခွန်းတောင်မပြောဖြစ်ခဲ့တာမို့ အဲ့ဒါကိုပြုပြင်ဖို့ စိတ်ကူးမရှိခဲ့ဘူး။ ဒါပေမဲ့..."
သူက အရှေ့ကို ခြေတစ်လှမ်းတိုးလိုက်ပြီး ဟော့ထင်းလန်၏ခါးကိုပွေ့ဖက်၍ သူ့ပခုံးပေါ်မှာ နားခိုလိုက်သည်။
အနှီရှုထောင့်ကနေ ဟော့ထင်းလန်တစ်ယောက် သူ၏အမူအရာကိုမမြင်ရသော်လည်း သူ့အသံကိုတော့ ကြားရပေသည်။
"အနာဂတ်မှာ... ဘာအတားအဆီးမှမရှိဘဲ ခင်ဗျားနဲ့ စကားပြောချင်တယ်။"
သူ၏လေသံထဲမှာ အပြုံးလေးတစ်ခုလည်း ရှိနေခဲ့လေသည်။
***
Aurora Novel Translation Team
There is No Eng Version