no
အပိုင်း (၆.၁) - မိစ္ဆာမီးလျှံ
ဟော့ထင်းလန်နှင့် မလိုအပ်သောအထိအတွေ့များကို ရှောင်ရှားရန်အတွက် ယဲ့စစ် ထိုနေ့ကနေစပြီး အိပ်ရာထနောက်မကျရဲတော့ပေ။
ဟော့ထင်းလန်က ရာထူးမြင့်သော်လည်း ကိုယ့်ကိုယ်ကိုယ် စည်းကမ်းတင်းကျပ်သူဖြစ်သည်။ သူ အိမ်ပြန်နောက်မကျသည့်ရက်များဆိုလျှင် အထက်တန်းကျောင်းသားဖြစ်သော ယဲ့စစ်နည်းတူ အိပ်ရာစောစောထတတ်၏။
ဟော့ထင်းလန်၏ နေ့စဥ်လုပ်ရိုးလုပ်စဥ်များကို ရှာဖွေဖော်ထုတ်ပြီးနောက် ယဲ့စစ် အိပ်ရာစောစောဝင်ကာ စောစီးစွာထခဲ့သည်။ မိုးသောက်ချိန်မှာထကာ မနက်စာကို အလျင်အမြန်စားပြီး ကျောင်းသို့သွားတတ်၏။ ပုဂ္ဂလိကအထက်တန်းကျောင်းများက ညနေခင်းမှာ အတန်းစောစောဆင်းပေးဖြင့် ညနေခင်း ကိုယ်ပိုင်စာကြည့်ချိန်နှစ်နာရီပြီးနောက် ယဲ့စစ်တစ်ယောက် ပြေးလမ်းသို့ သွားတတ်သည်။ သူ စိတ်ခံစားချက်ကောင်းနေလျှင် ပြိုင်ပွဲအနည််းငယ်လောက် ဝင်ပြိုင်တတ်ပြီး စိတ်အခြေအနေမကောင်းလျှင် နားနေခန်းထဲမှာထိုင်ကာ စာအုပ်ဖတ်နေတတ်သည်။
ချူးဝမ်လင်ဆီအကြွေးတင်နေသော ဆေးကုသစရိတ်က ပမာဏများပြီး သူ တစ်နှစ်၊ နှစ်နှစ်အတွင်း ပြန်မပေးနိုင်သော်ငြား အလျင်လည်းမလိုပေ။ သူ့လက်ထဲမှာ ပိုက်ဆံပိုရှိနေခြင်းက မသေချာမရေရာမှုများ ပြည့်နှက်နေသောအခြေအနေတွင် အခြားသူများဆီကနေ ခြယ်လှယ်ခြင်းမခံရဖို့ သူ့အား ယုံကြည်မှုပိုရှိစေ၏။ ဟော့ထင်းလန်နှင့် လက်ထပ်ပြီးနောက် သီအိုရီအရ သူ့ဆီကနေ ပိုင်ဆိုင်မှုများကိုခွဲဝေယူနိုင်သော်လည်း ယဲ့စစ်ကတော့ သူနှင့်မသက်ဆိုင်သောအရာများကို မမက်မောပေ။
ယဲ့စစ်က တစ်နေ့လုံး အိမ်မှာမရှိဘဲ သူ့ကို သိသိသာသာရှောင်နေကြောင်း တွေ့လိုက်သောအခါ ဟော့ထင်းလန်ကလည်း အလျင်စလိုမပြုမူခဲ့ဘဲ မီးဖိုချောင်ကို အစားအသောက်အစီအစဥ်များ ပြန်လည်ပြင်ဆင်ဖို့သာ အမိန့်ပေးခဲ့သည်။ သူက အလွန်အကျွံစျေးကြီးသော အစားအသောက်များကိုဖယ်ရှားကာ အာဟာရပြည့်ဝပြီး အရသာရှိသည့် အိမ်ချက်ဟင်းလျာများကိိုသာ အဓိကအာရုံစိုက်စေခဲ့၏။ ထို့နောက် နေ့တိုင်းနေ့တိုင်း ယဲ့စစ်၏စားသောက်မှုပုံစံနှင့် ကျောင်းသို့ထွက်ခွာချိန်တို့ကို ဦးလေးယဲ့အား စောင့်ကြည့်ခိုင်းထားခဲ့သည်။
မိသားစုဆီမှ ဘာအကွာအကွယ်မှမရှိဘဲ အသက်ကြီးသော သူစိမ်းအယ်ဖာတစ်ယောက်နှင့် လက်ထပ်လိုက်ရသည့် ဆယ့်ရှစ်နှစ်အရွယ် အိုမီဂါတစ်ယောက်အတွက်... ထိုကဲ့သို့အပြုအမူက ပုံမှန်ဖြစ်သည်။
အလွန်အမင်း ဝေဒနာခံစားခဲ့ရပြီး ကြီးပြင်းလာခဲ့ရသော ကြောင်လေးတစ်ကောင်လို လူများချဉ်းကပ်လာသည်ကို မြင်လိုက်ရသောအခါ သေးငယ်သော ခြေသည်းလေးများအား ကြောက်ရွံ့ထိတ်လန့်စွာဖြင့် အပြင်းအထန် ဝှေ့ယမ်းလိမ့်မည်ပင်။
ယခုလိုအချိန်မှာ သူသာ ယဲ့စစ်နောက်လိုက်ကာ ရင်းနှီးမှုရယူဖို့ ကြိုးစားလိုက်ပါက သူ့ကို ဆိုးယုတ်သောရည်ရွယ်ချက်များနှင့် လူယုတ်မာတစ်ယောက်အဖြစ် သတ်မှတ်ရပေမည်။
သူ မည်မျှပင်အလျင်လိုကာ စိတ်အားထက်သန်နေပါစေ၊ ယဲ့စစ်အား ဖြည်းဖြည်းချင်းကျင့်သားရစေဖို့ လုံလောက်သောအချိန်ပေး၍ စိတ်ရှည်ဖို့လိုအပ်သည်။
သို့သော်လည်း တချို့ကတော့ တစ်မျိုးတစ်မည်တွေးကြ၏။
လင်ယောင်တစ်ယောက် သူ(မ)၏သားက ချူးဝမ်လင်ဆီကနေ ၁၀၀% ကိုက်ညီသော အိုမီဂါလေးကို တိတ်တဆိတ်မလာပြီး အိမ်မှာခေါ်ထားသည်ဟု သတင်းကြားလိုက်ရသောအခါ ထိုနေ့က သူ(မ)၏ကျက်သရေရှိမှုတို့ကို စွန့်လွှတ်ကာ သူ့သားဆီ သုံးကြိမ်တိုင်တိုင် ဖုန်းခေါ်ခဲ့သည်။ သူ(မ)က ထိုပုဂ္ဂိုလ်လေးကို သူ(မ)ရှိသည့် အိမ်အဟောင်းဆီခေါ်လာပြဖို့ စိတ်အားထက်သန်စွာ တိုက်တွန်းနေခဲ့၏။ အခွင့်အရေးကို လက်လွှတ်မခံဖို့လည်း အကြံပေးထားသေးသည်။ သူ(မ)က 'လက်ထပ်ပွဲရဲ့ရည်ရွယ်ချက်က ဟော့မိသားစုနဲ့ ချူးမိသားစုကို ပေါင်းစည်းဖို့နဲ့ rut ကာလမှာ ရောဂါလက္ခဏာတွေကို သက်သာစေဖို့' ဆိုသည့် ဟော့ထင်းလန်၏အဆိုကို စိတ်ကျေနပ်မှုမရှိပေ။ ဤကတိုက်ကရိုက်မင်္ဂလာပွဲ၏ တကယ့်ရည်ရွယ်ချက်အစစ်က ဟော့မိသားစုအတွက် ဆက်ခံသူကို မွေးဖွားပေးသင့်သည်ဟု သူ(မ) အကြွင်းမဲ့ယုံကြည်နေခဲ့သည်။
ထိုနေ့ညက ဟော့ထင်းလန်တစ်ယောက် စာဖတ်ခန်းထဲမှာ တစ်ယောက်တည်း စီးပွားရေးကိစ္စများကို ကိုင်တွယ်နေပြီး စာရွက်စာတမ်းများကို လှန်လှောနေခဲ့သည်။ တစ်ချိန်တည်းမှာပင် လင်ယောင် သူ့ကို သိမ်မွေ့စွာ၊ နူးညံ့စွာပြောလာသောစကားတို့ကိုလည်း တစ်ဖက်ကနေ နားထောင်ခဲ့ရ၏။
"...မင်းက အသက်သုံးဆယ်တောင်ရှိနေပြီ..."
"...ဟော့မိသားစုအတွက် တရားဝင်ဆက်ခံသူလိုအပ်တယ်လေ။ မင်းအသက်အရွယ်က ကလေးယူဖို့ကိစ္စကို စဥ်းစားဖို့အချိန်ကျနေပြီ..."
"...သူက ထျန်းချန်မှာ စာလေ့လာနေတာလို့ အမေကြားတယ်၊ သူ့ပညာရပ်ဆိုင်ရာစွမ်းဆောင်ရည်တွေကလည်း ထူးချွန်မှာပဲ။ သူက ချူးမိသားစုပင်မအိမ်တော်ရဲ့ သွေးသားဟုတ်မဟုတ်ဆိုတာ အရေးမကြီးဘူးလို့ အမေထင်တယ်..."
"...ဒါ ရှားရှားပါးပါးကိုက်ညီမှုတစ်ခုဖြစ်သလို မင်းတို့က လက်ထပ်ပြီးသွားကြပြီလေ။ ဒီတော့ date လုပ်ဖို့ကို ဘာလို့မကြိုးစားကြည့်ရတာလဲ။ အမေကြားရသလောက်တော့ မင်းတို့နှစ်ယောက်လုံး တစ်နေ့လုံးနေမှ စကားတစ်ခွန်းတောင်မပြောဖြစ်ကြဘူးဆို၊ ဒီလိုဆိုမှတော့ မင်းတို့တွေ မလိုက်ဖက်ဘူးဆိုတာကို ဘယ်လိုလုပ်သိမှာလဲ။ အမေ ဓါတ်ပုံတွေမြင်ပြီးသွားပြီ၊ အဲ့ဒါက စိတ်မချမ်းမြေ့စရာပဲ။ မင်းက လူပျိုတစ်ယောက်မဟုတ်တော့ဘူးလေ..."
ဟော့ထင်းလန်က နှုတ်ခမ်းထောင့်မှ အပြုံးရေးရေးလေးနှင့်အတူ နားထောင်နေခဲ့ပြီး ရံဖန်ရံခါ 'အင်း။' ဟု နူးညံ့စွာ အသံပြုခဲ့၏။
"အနည်းဆုံးတော့ အမေနဲ့ မင်းအဖေကို မျက်နှာသာလေးပေးပါဦး၊ ဟုတ်ပြီလား။ မင်္ဂလာပွဲကို ရွှေ့ဆိုင်းထားရင်တောင် အမေတို့ဟော့မိသားစုက ဟော့နဲ့ ချူးမိသားစုကြား မိသားစုညစာစားပွဲကိုတော့ ကျင်းပဖို့လိုတယ်။ မဟုတ်ရင် ဒါက လက်ခံနိုင်စရာမရှိဘူး..."
"မိသားစုညစာစားပွဲကို စီစဥ်လို့ရပါတယ်။" ရှားရှားပါးပါး ဟော့ထင်းလန်က သဘောတူလိုက်သော်လည်း အကြောင်းအရာက ထပ်ပြီးပြောင်းလဲသွားခဲ့၏။ "ကျွန်တော် အလုပ်ပါးသွားတဲ့အချိန်မှ ဒီအကြောင်းကို ထပ်ပြောကြရအောင်ပါ။"
၎င်းတို့က လက်ထပ်ထားပြီး မင်္ဂလာပွဲကိုရွှေ့ဆိုင်းကာ မိသားစုတွေ့ဆုံပွဲကို မကျင်းပခဲ့ပေ။ ၎င်းမှာ အမှန်တကယ််ကို ကျိုးကြောင်းမသင့်ချေ။
သို့သော် ယဲ့စစ်က ထိုကဲ့သို့လူမှုရေးကိစ္စများကို အမြဲလိုလို ခုခံတတ်သဖြင့် ၎င်းတို့ဆက်ဆံရေး၏ရေခဲအလွှာကို မချိုးဖြတ်နိုင်ခင်အထိ ထိုအသေးအမွှားကိစ္စလေးများကိုအသုံးချကာ ယဲ့စစ်အား စိတ်ဒုက္ခမရောက်စေချင်ပေ။
သူ့ကို အိမ်ခေါ်လာခဲ့ဖို့ အချိန်အတော်ကြာခဲ့ပြီး... သူ့ကို ခြောက်လှန့်မိကာ ထွက်ပြေးသွားခဲ့လျှင် ဘယ့်နှယ့်လုပ်ရမည်နည်း။
"မင်း..." လင်ယောင်တစ်ယောက် ဒေါသထွက်ကာ သူ့ကို ထပ်ပြီးသင်ခန်းစာပေးတော့သည်။
လင်ယောင်နှင့် ရင်ဆိုင်ဖြေရှင်းပြီးနောက်မှာတော့ ကိုးနာရီခွဲသွားပြီဖြစ်ပြီး ဟော့ထင်းလန် သူ၏မျက်ခုံးများကို ပျင်းရိစွာဖြင့် နှိပ်နယ်လိုက်သည်။
ယဲ့စစ်က မည်သည့်အချိန်ကျမှ သူနှင့်နီးကပ်လာဖို့ ဆန္ဒရှိမလဲကို သူမသိပေ။
သူ၏ rut ကာလက နီးကပ်လာပြီဖြစ်ပြီး လာမည့်ရက်အနည်းငယ်အတွင်း ယဲ့စစ်အား မခြောက်လှန့်မိစေရန် မည်ကဲ့သို့ လိမ္မာပါးနပ်စွာတောင်းဆိုရမလဲကို သူမသိချေ။
သူ ထိုအကြောင်းကို စဥ်းစားနေခိုက် စာဖတ်ခန်းတံခါးခေါက်သံ ထွက်ပေါ်လာခဲ့သည်။
"ဝင်ခဲ့ပါ။" ဟော့ထင်းလန်က မျက်လုံးပင့်လိုက်၏။
"ဆရာ။" ဦးလေးဟယ်က တံခါးကိုတွန်းဖွင့်လိုက်ပြီး လက်တစ်ဖက်က ဖုန်းကိုကိုင်ထားရင်း အနည်းငယ်စိုးရိမ်နေပုံရ၏။ သူက တိုးတိုးလေးပြောလာခဲ့သည်။ "ရဲစခန်းက ဖုန်းဆက်လာပါတယ်။ သခင်လေးယဲ့က ပြေးလမ်းမှာ လူအနည်းငယ်ကို ရိုက်ခဲ့တယ်လို့ပြောပါတယ်။ အခု သူ့ကို စစ်ဆေးမေးမြန်းဖို့ ရဲစခန်းမှာ ထိန်းသိမ်းထားပါတယ်။ သခင်လေးယဲ့ကိုထုတ်ပေးဖို့ တစ်စုံတစ်ယောက်ကို စေလွှတ်လိုက်ရမလား..."
ဟော့ထင်းလန်တစ်ယောက် မှင်တက်သွားပြီးနောက် ပြောလိုက်သည်။ "ကျွန်တော် သွားလိုက်ပါ့မယ်။" သူက ထရပ်ကာ အပေါ်ဝတ်ကိုဆွဲယူ၍ အမြန်ထွက်ခဲ့လိုက်သည်။
ယဲ့စစ်က တိုက်ခိုက်နိုင်မှန်း သူသိထား၏။ မည်သို့ပင်ဆိုစေ ယဲ့စစ်၏ပထမဆုံးကွဲပြားမှုရလဒ်က A အဆင့်အယ်ဖာတစ်ယောက်ပင်။ ဒုတိယအကြိမ်ကွဲပြားမှုမတိုင်ခင်က သူ့ခန္ဓာကိုယ်သည် ထိပ်တန်းအယ်ဖာတစ်ယောက်၏ ဗီဇများအရ ဖွံ့ဖြိုးခဲ့သည်။ သူ၏ကြွက်သားထိန်းချုပ်မှု၊ ပေါက်ကွဲနိုင်သော စွမ်းအားများနှင့် အလိုအလျောက်တုံ့ပြန်မှုများအားလုံး အလွန်ထူးခြား၏။ ထိုသို့မဟုတ်ပါက ဖော်မြူလာပြိုင််ပွဲလောက၌ အောင်မြင်မှုရနိုင်လိမ့်မည်မဟုတ်ပေ။
သို့သော်လည်း ဟော့ထင်းလန်က သီအိုရီအရသာ 'သိ' ထား၏။ တကယ့်လက်တွေ့မှာတော့ ယဲ့စစ်တိုက်ခိုက်တာကို တစ်ခါမှမမြင်ခဲ့ဖူးပေ။
ပထမဆုံးအနေဖြင့် ထိုကဲ့သို့ ကြမ်းတမ်းသောအပြုအမူမျိုးက အားကစားသမားတစ်ယောက်အား ဆိုင်းငံ့ခံရနိုင်၏။ ဒုတိယအနေဖြင့် ယခင်ဘဝက ယဲ့စစ်၏ အေးစက်ပြီး သီးသန့်ဆန်သောစိတ်နေသဘောထားအရ သူက ဘာကိုမှဂရုမစိုက်တတ်ဘဲ တစ်စုံတစ်ယောက်ထံ လက်သီးဖြင့်ချိန်ရွယ်ဖို့ဆိုတာ မဖြစ်နိုင်ပေ။
ယခုမှာမူ လဝက်တောက်မရှိသေးဘဲ သူက တစ်စုံတစ်ယောက်ကို ထိုးကြိတ်ခဲ့လေ၏။
ဆယ့်ရှစ်နှစ်အရွယ်ယဲ့စစ်က ယခုလိုပုံစံဖြစ်သည်ပင်။
ဟော့ထင်းလန်၏နှလုံးသားက စည်းချက်နှင့်ကွဲလွဲစွာဖြင့် နှစ်ကြိမ်ခုန်ပေါက်သွားတော့သည်။
...
ခုနစ်နာရီခွဲပြီးနောက် ကျောင်းခေါင်းလောင်းထိုးသံ ထွက်ပေါ်လာခဲ့သည်။
ထျန်းချန်ကိုယ်ပိုင်အထက်တန်းကျောင်းက လွတ်လပ်ပြီး အမှီအခိုကင်းသော သင်ကြားရေးပတ်ဝန်းကျင်ကို ထောက်ခံအားပေးသည်။ ညနေခင်းကိုယ်ပိုင်စာကြည့်ချိန်က မလုပ်မနေရ မဟုတ်ဘဲ ကျောင်းသားတစ်ဝက်ခန့်မှာ ပျောက်ကွယ်သွားပြီဖြစ်၏။
စာသင်ခန်း၏နောက်ဆုံးခုံမှာ ယဲ့စစ်တစ်ယောက် နဖူးကို လက်တစ်ဖက်ဖြင့်ထောက်ထား၏။ သူက ခန္ဓာကိုယ်ကို အနည်းငယ်စောင်း၍ သူ့ထိုင်ခုံဖော်၏အကြည့်ကို ကွယ်ထားသည်။
ယနေ့မနက်ပိုင်း လေးကြိမ်မြောက်အတန်းချိန်၌ ဝေပေးခဲ့သည့် ရူပဗေဒမေးခွန်းလွှာက ၎င်းတို့၏အခြေခံသဘောတရားများကို ပိုင်နိုင်စေရန်အတွက်ဟု ပြောခဲ့သည်။ သူ့ထိုင်ခုံဖော်က ၎င်းအား အားလပ်ချိန်အတွင်း ဂိမ်းကစားနေသကဲ့သို့ အေးအေးဆေးဆေးဖြေနိုင်ခဲ့ပြီး ထိပ်တန်းကျောင်းသားများကမူ ထိုကဲ့သို့ရိုးရှင်းသောမေးခွန်းများကို ဖြေဖို့ စိတ်တောင်မဝင်စားလောက်ပေ။
ယဲ့စစ် ချွေးစေးများကပ်နေသောဘောပင်ကို ဆုပ်ကိုင်ထားပြီး နောက်ထပ်မေးခွန်းတစ်ပုဒ်ကို ကျော်လိုက်သည်။
စာရွက်ပေါ်မှ ကွက်လပ်များက သူ၏ဦးခေါင်းကို ထုံကျဥ်သွားစေ၏။ အကယ်၍ ယင်းကသာ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြစ်လျှင် သူ ကျနေလောက်ချေပြီ။
ယဲ့စစ် ကျောင်းမနားခင်တုန်းက သာမန်အထက်တန်းကျောင်းမှာ စာလေ့လာခဲ့သည်။ သူက အင်္ဂလိပ်စာညံ့တာတောင် အဆင့်ကောင်းများရရှိခဲ့ပြီး ရူပဗေဒက သူအတော်ဆုံးဘာသာရပ်ဖြစ်ခဲ့၏။
သို့သော်လည်း သူတတ်ခဲ့သော သာမန်အထက်တန်းကျောင်း၏ သင်ကြားရေးစံနှုန်းက ဤပုဂ္ဂလိကကျောင်းနှင့် တော်တော်လေးခြားနားပေ၏။ သူက အချ်န်တစ်ခုကြာအောင် ကျောင်းနားခဲ့သည့်အတွက် သူ၏ဗဟုသုတမှာ ကွာဟချက်များစွာရှိနေခဲ့သည်။ သူ ဆရာ့ကို သွားမေးလျှင်တောင် ဘယ်ကစရမှန်းမသိပေ။ ဘာသာပြဆရာတစ်ယောက်က အတန်းနှစ်တန်း၊ သုံးတန်းလောက်ကို တာဝန်ယူရသဖြင့် သူ၏မေးခွန်းတစ်ခုစီတိုင်းကို ဖြေဆိုပေးဖို့အတွက် မည်သို့အချိန်ရှိမည်နည်း။ သူ့အနေနှင့် သူ့ဘာသာသူ စာအုပ်များကိုမွှေနှောက်ရင်းသာ လေ့လာနိုင်ခဲ့ပြီး ရလဒ်များကတော့ ဆိုးဝါးနေခဲ့သည်။ အားနည်းပြီးသား ဘာသာရပ်ဖြစ်သော သူ၏အင်္ဂလိပ်စာအတွက်မူ ဘာသာစကားနှစ်မျိုးသုံးသော ပုဂ္ဂလိကကျောင်းမှာ ပိုလို့တောင်ဒုက္ခရောက်ခဲ့ရ၏။
ယဲ့စစ် သူ့ကိုယ်သူ အပျင်းထူသောကျောင်းသားဟု ပြောဖို့အတွက်တောင် လုံလုံလောက်လောက်မတော်ဘူးဟု ခံစားနေရ၏။ သူက ယခု လေလာရာလွင့်မည့် သဲမှုန်လေးမျှသာ။
"ဟေး၊ တစ်စိတ်လောက်ပါ၊ ငါ ထွက်ချင်လို့။" သူ၏ထိုင်ခုံဖော်က ထွက်ခွာဖို့ ထရပ်လိုက်ပြီး သူ၏လေသံက နွေးထွေးမှုမရှိသလို အေးလည်းမအေးစက်ပေ။
ယဲ့စစ်က လွန်ခဲ့သောတစ်လခန့်ကမှ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး သူ့အတန်းဖော်များနှင့် အဆက်အဆံမရှိခဲ့ချေ။ ဤနေရာမှာ စာလေ့လာနိုင်သည့် ကျောင်းသားအများစုက လူချမ်းသာမိသားစုများမှ ဆင်းသက်လာသူများဖြစ်၏။ B မြို့မှာ ယဲ့မျိုးရိုးနာမည်ရှိသည့် ချမ်းသာသောမိသားစုကြီးများမရှိကြောင်း ၎င်းတို့အားလုံး ရှင်းရှင်းလင်းလင်းသိထားသောကြောင့် ယဲ့စစ်နှင့်ပေါင်းသင်းဆက်ဆံရန် အစပြုခဲ့ခြင်းမရှိသလို သူ့ကို အထင်လည်းမသေးခဲ့ကြပေ။ ၎င်းက အရေးမပါသည့်ကိစ္စရပ်သာ။ အယ်ဖာသခင်လေးအနည်းငယ်က သူ့ကို ချဥ်းကပ်ခဲ့ကြသော်လည်း ၎င်းတို့အားလုံး သူ၏ငြင်းပယ်မှုကို ကြုံတွေ့ခံစားခဲ့ကြရ၏။ ထို့နောက်မှာတော့ သူက ပေါင်းသင်းဆက်ဆံဖို့ မလွယ်ကူကြောင်း အတန်းဖော်များအားလုံး သိသွားကြပြီး လူအနည်းငယ်လောက်ကသာ သူ့ကို စကားပြောကြတော့သည်။
အားကစားအတန်းမှာတောင် သူက တစ်ယောက်တည်းရှိနိုင်သည့်နေရာကို ရှာဖွေတတ်ပေ၏။
သူ၏နဖူးက ပူလောင်ကာ စိုစွတ်လာ၏။ နဖူးထက်မှာ သူ့လက်ဖဝါးရာကြောင့် နီရဲနေသော်လည်း ကံကောင်းစွာဖြင့် အရှေ့ဆံပင်များနှင့် ဖုံးအုပ်နေခဲ့သည်။ ယဲ့စစ် သူ၏ဘောပင်ကို စားပွဲပေါ်ပစ်ချလိုက်ပြီး စာရွက်ကို အေးအေးလူလူခေါက်ကာ သူ၏ကျောင်းလွယ်အိတ်ကိုယူ၍ ထွက်လာလိုက်တော့သည်။ ၎င်းမှာ သူက မိဘများကို ကျေနပ်စေရုံမျှ အချိန်ဖြုန်းခြင်းဖြစ်ပြီး မေးခွန်းအားလုံးကို ဖြေဆိုဖို့ ရည်ရွယ်ချက်မရှိသကဲ့သို့ပင်။
သူ သနားစရာကောင်းနေလေ လူများက သူ့အပေါ် သနားစိတ်ဝင်လာမည်ကို ကြောက်လေလေပင်။
သူ၏မေးခွန်းလွှာကို အဆုံးမသတ်နိုင်ခဲ့သဖြင့် ယဲ့စစ်တစ်ယောက် စိတ်ပူနေခဲ့သည်။ သူ ပြေးလမ်းကိုရောက်သောအခါ မိုးရွာတာနှင့်ကြုံခဲ့ရပြီး ရလဒ်အနေဖြင့် သူ၏စိုးရိမ်ပူပန်မှုတို့က နှစ်ဆဖြစ်သွားခဲ့လေ၏။
လွန်ခဲ့သောလဝက်ခန့်က သူ့ကို ပြေးလမ်းပေါ်မှာ ပြဿနာရှာဖို့ကြိုးစားခဲ့သည့် အမှိုက်ငါးတစ်ကောင်*ကို ရိုက်နှက်ခဲ့၏။ သူက အမှန်တရားဘက်မှာရှိခဲ့ပြီး လွန်လွန်ကျွံကျွံမလုပ်ခဲ့သလို သူရသင့်ရထိုက်သည့် ယွမ် ၃၀၀၀ ကိုလည်း မယူခဲ့ပေ။ မည်သို့ပင်ဆိုစေ တစ်စုံတစ်ယောက်အား ရိုက်နှက်ပြီးလျှင် ဆေးဖိုးလျော်ပေးသင့်သည်။ လမ်းကြိုလမ်းကြားထက်ရှိ သူ၏ယခင်အတွေ့အကြုံများအရ ၎င်းကို ခြေတစ်လှမ်းဆုတ်ခြင်းဟု ခေါ်ဆိုနိုင်ပြီး ကိုယ့်ကိုယ်ကိုယ် လေးစားမှုရှိသည့်မည်သူမဆို သူနှင့် ထပ်ပြီးဇယားရှုပ်ရဲမည်မဟုတ်ပေ။
[TN/ အမှိုက်ငါး - အရည်အချင်းမရှိသလို ဦးနှောက်လည်းမရှိတဲ့အမှိုက်ကောင်။]
ပြဿနာမှာ ထိုအမှိုက်ငါးက အရှက်မဲ့သူဖြစ်နေ၏။
လဝက်လောက် ပျောက်နေခဲ့ပြီးနောက် သူ၏ဒဏ်ရာများက သက်သာလာပြီး ထိုအမှိုက်ငါးက မျက်နှာပြန်ဆယ်ဖို့ အခြားသောအမှိုက်ငါးတချို့ကို ဦးဆောင်ခေါ်လာခဲ့သည်။ ယဲ့စစ်တစ်ယောက် စျေးပေါပေါနှင့်ဆေးဆိုးထားသည့် သူ၏အဝါရောင်ဆံပင်ကို မှတ်မိပြီး သူ့အား တစ်ချက်ကြည့်လိုက်ရုံဖြင့် သိသွား၏။ ဟွမ်မောက်က လက်ထဲမှာ သံပိုက်လုံးတစ်ချောင်းကိုင်ထားပြီး သူ့ပါးစပ်မှထွက်လာသော ဆဲဆိုကြိမ်းမောင်းသံများကို ပြေးလမ်းတစ်လျှောက် ကြားနေရပေသည်။
ထိုအခိုက်အတန့်မှာ ယဲ့စစ်က လူတချို့နှင့် တစ်ပွဲပြိုင်ထားသည့်အချိန်ဖြစ်ပြီး သူ၏ခန္ဓာကိုယ်က ပူလောင်နေ၏။ သူ၏အားကစားဝတ်စုံကို ဇစ်ဖွင့်ထားပြီး အထဲမှ သန့်ရှင်းပြီး လူငယ်ဆန်သော အဖြူအပြာကျောင်းဝတ်စုံကို ထုတ်ဖော်ပြသထားသည်။
ဆိုင်ကယ်ပြိုင်ပွဲက သူ၏စိတ်အခြေအနေကို အနည်းငယ်တိုးတက်လာစေခဲ့ပြီး မြင့်မားသောမြန်နှုန်းဖြင့် မောင်းနှင်နေခိုက် သူ့ကိုဖြတ်တိုက်သွားသော လေပြင်းများကြောင့် သူ့ရင်ထဲမှ အစိုင်အခဲများက လွင့်စင်သွားခဲ့သည်။ သို့သော် ကံမကောင်းစွာဖြင့် ကောင်းမွန်နေသော သူ၏စိတ်အခြေအနေက ကြာရှည်မခံခဲ့ပေ။
သူက မော်တော်ဆိုင်ကယ်ပေါ်ကနေ ခြေထောက်ဖြင့်ထောက်ကာ ရပ်လိုက်ပြီး သူ့ဆီချဥ်းကပ်လာနေသော လူတစ်စုကို ငြိမ်သက်စွာကြည့်နေခဲ့သည်။
ထိုအဖွဲ့မှာ လူတော််တော်များသော်လည်း ၎င်းတို့၏အားနည်းချက်များကို သာမန်မျက်စိနှင့်တောင် မြင်နေရ၏။
အားလုံးက ဟွမ်မောက်လို ငပိန်ခြောက်ရိုးမျောက်များ သို့မဟုတ် ဘီယာနှင့် BBQ အကင်များကြောင့် အဆီပိတ်နေသော လူဝကြီးများဖြစ်ကြပြီး ဘယ်သူမှ အသုံးမဝင်နိုင်ပေ။
၎င်းတို့တွေ အနားသို့ ရောက်မလာသေးခင် ယဲ့စစ်က စီးကရက်ဘူးနှင့် မီးခြစ်ကိုထုတ်ယူလိုက်သည်။
သူက ဆေးလိပ်သောက်ခြင်းကို စွဲလန်းမနေသလို စီးကရက်ဘူးက ရှုံ့တွနေပြီး အထဲမှာ ဘယ်လောက်မှမကုန်သေးသော်လည်း အနေအထားကိုတော့ ရင်းနှီးပေ၏။ သူက ခေါင်းလေးစောင်းငဲ့ကာ မျက်လွှာချလိုက်သည်။ သူ တစ်ရှိုက်ဖွာလိုက်ချိန်မှာ စီးကရက်မီးက ရဲခနဲဖြစ်သွားပြီး သူ၏ ကြွေရုပ်လေးလိုအလှတရားက မှုတ်ထုတ်လိုက်သော မီးခိုးငွေ့များနောက်ကွယ်မှာ ပျောက်ကွယ်သွားခဲ့သည်။ သူ့ပုံစံက လူမိုက်တစ်ဦးနှယ်။
ရန်ပွဲတစ်ခုမှာ အကြမ်းကြုတ်ဆုံးပုံစံရှိသူက တစ်ဝက်နိုင်ပြီဟု ပြောလို့ရသည်။
"အဲ့ဒီကောင်စုတ်လေးပဲ!" ဟွမ်မောက်က ချဥ်းကပ်လာပြီး ပြေးလမ်းပေါ် တံတွေးထွေးကာ ယဲ့စစ်ကိုလက်ညှိုးထိုးပြ၍ နားမထောင်နိုင်လောက်အောင် ညစ်ညမ်းသောစကားများဖြင့် ဆိုခဲ့သည်။
ယဲ့စစ် စောင့်ကြည့်ကင်မရာကို တစ်ချက်ကြည့်လိုက်ပြီး စီးကရက်ကို တစ်ဝက်ကုန်အောင်သောက်လိုက်သည်။ ထို့နောက် မော်တော်ဆိုင်ကယ်ပေါ်ကဆင်းကာ စီးကရက်မီးကို လက်ဖြင့်ချေလိုက်ပြီး သူ၏လက်ချောင်းများကြားကနေ မီးပွားလေးများစင်လာလေ၏။
သူက ကျောင်းဝတ်စုံကို လက်များပင့်တင်၍ အမူအရာမဲ့နေသလို ရုန့်ရင်းကြမ်းတမ်းသောစကားတို့ကိုလည်း မပြောခဲ့ချေ။ သူက ခပ်ပြတ်ပြတ်ပြောလိုက်သည်။ "လာခဲ့။"
"ငါလာပြီကွ မအေ*..." လူတော်တော်များများက ဆဲဆိုကာ သူ့ဆီချီတက်လာခဲ့သည်။ ပထမဆုံးတစ်ယောက်က သူ့ပခုံးကို သံပိုက်လုံးဖြင့်ရိုက်ဖို့ရွယ်လာခဲ့လေ၏။
ယဲ့စစ်က သူ့ကို စောင့်ကြည့်ကင်မရာအကွာအဝေးအတွင်းရောက်အောင် တမင်တကာ ဆွဲခေါ်ကာ နံဘေးသို့တိမ်းရှောင်လိုက်သည်။ ထို့နောက် သံပိုက်လုံးကိုင်ထားသောလူ၏လက်ကောက်ဝတ်ကို လက်ချောင််းငါးချောင်းဖြင့် ဆုပ်ကိုင််လိုက်ပြီး ကျွမ်းကျင်စွာလိမ်ချိုးလိုက်၏။ ထိုလူခမျာ နာကျင်သွားပြီး သံပိုက်လုံးက ပြုတ်ကျသွားခဲ့သည်။ ယဲ့စစ်က သံပိုက်လုံးအစွန်းတစ်ဖက်ကို ဆတ်ခနဲနင်းလိုက်သဖြင့် အခြားအစွန်းတစ်ဖက်က လေပေါ်မြှောက်လာချိန်မှာ ဖမ်းဆုပ်ယူလိုက်ပြီး ယင်းသံပိုက်လုံးဖြင့် ထိုလူ၏ဒူးကို ရိုက်ချလိုက်လေ၏!
ထိုလူက မြေပြင်ပေါ် လဲကျသွားခဲ့ပြီး ပါးစပ်ကနေလည်း သွေးများထွက်ကျလာခဲ့သည်။
ထိုအဖြစ်အပျက်တစ်ခုလုံးက နှစ်စက္ကန့်၊ သုံးစက္ကန့်လောက်သာ ကြာမြင့်ခဲ့ပြီး ထို့နောက််တွင််မှ အခြားသူများက အဖြစ်အပျက်တို့ကို နားလည်သဘောပေါက်သွားခဲ့သည်။
ယဲ့စစ် သံပိုက်လုံးကို သူ့လက်ထဲမှာ ချိန်ဆကြည့်လိုက်ပြီးနောက် ပါးစပ်ထဲကနေ သွေးများထွက်ကျနေသောလူယုတ်မာကို ခေါင်းညိတ်ပြပြီး ပြောလိုက်သည်။ "ကျေးဇူး။"
-ထိုလူက သူ့ဆီကို အပြေးရောက်လာပြီး လက်နက်တစ်ခုထောက်ပံ့ပေးခဲ့သည်လေ။
သူက စကားကို ဖြောင့်အောင်မပြောနိုင်သလို အခြားသူများ ရန်စပြောဆိုပုံကိုလည်း ရွံရှာစက်ဆုပ်သည်။ ထို့ကြောင့် အတတ်နိုင်ဆုံး စကားလုံးနည်းနည်းနှင့် လှောင်ပြောင်ပြောဆိုသည့်စွမ်းရည်ကိုသာ ပျိုးထောင်ခဲ့၏။
"မအေ*..." ဟွမ်မောက်မှာ အခိုက်အတန့်တစ်ခုလောက် မှင်တက်နေခဲ့ပြီးနောက်မှ တုံ့ပြန်နိုင်ခဲ့ပြီး သူ၏မျက်နှာက ဒေါသကြောင့် ရှုံ့တွသွားခဲ့သည်။ သူက လက်တစ်ဖက်ကို ဝှေ့ယမ်းပြလိုက်ပြီး လူဆိုးအဖွဲ့ကို ခုန်အုပ်ဖို့ အချက်ပြလိုက်လေသည်။
***
Aurora Novel Translation Team
There is No Eng Version