no

အပိုင်း (၁၄.၁) - ချိုမြိန်မှုကိုတောင်းခံခြင်း


သတိပေးချက်: ကလေးသူငယ် ညှင်းပန်းနှိပ်စက်မှုများပါဝင်သည်။

__


ယဲ့စစ်တစ်ယောက် ကျီစယ်နောက်ပြောင်သောအမူအရာကို သည်းမခံနိုင်ဘဲ အလျင်အမြန် ငြင်းဆိုလိုက်သည်။ "ကျွန်တော်၊ ကျွန်တော် ခင်ဗျားကို စိတ်မဆိုးပါဘူး။"


ထိတ်လန့်မှုများက မည်သည့်နေရာကနေထွက်ပေါ်လာမှန်း သူ မသိသော်လည်း ၎င်းက လုံးဝ ဒေါသမဟုတ်ပေ။


"တကယ်?" ဟော့ထင်းလန်က အတည်ပြုလိုက်၏။


နှစ်ဦးသားက အလွန်နီးကပ်နေသည့်အတွက် ဟော့ထင်းလန်စကားပြောချိန်မှာ လည်စလုတ်၏တုန်ခါမှုကိုတောင် ယဲ့စစ် ခံစားနိုင်လုနီးပါးပင်။


သူ ထုံထိုင်းသွားပြီး တစစ်စစ်ခံစားလိုက်ရသည်။


ယားယံနေသော သူ၏နားရွက်များကို ခံနိုင်ရည်မရှိစွာဖြင့် ကုတ်ခြစ်လိုက်ပြီး ရှင်းပြလို့မရစွာ စိုးရိမ်ပူပန်လာခဲ့သည်။ "တကယ်ပါ။ မြန်မြန်၊ မြန်မြန်သွားတော့လေ။"


"ကိုယ်သွားမှာပါ။ စကားမစပ်..."


ဟော့ထင်းလန်က ပြုံးကာ နီရဲနေသော ယဲ့စစ်၏နားရွက်လေးများကို စိုက်ကြည့်လိုက်၏။ နောက်ဆုံးမှာတော့ အနှီနားရွက်လေးများက အလွန်နီရဲနေသောကြောင့် စိတ်မကောင်းဖြစ်ခဲ့ရပြီး တံခါးကိုမှီ၍ တိုးတိုးလေးမေးလိုက်သည်။


"ဒီနေ့ ညစာက နည်းနည်းနောက်ကျလိမ့်မယ်။ မင်း ဗိုက်ဆာနေလား။ ကိုယ် တစ်ယောက်ယောက်ကို အဆာပြေမုန့်နည်းနည်းလောက် ယူလာခိုင်းလိုက်ရမလား။ မင်း ဘာစားချင်လဲ၊ ချိုတာစားချင်လား၊ ငန်တာစားချင်လား..."


သူက လေးလေးနက်နက်ပြောနေသော်လည်း သူ၏လေသံက အလွန်နူးညံ့နေသည့်အတွက် ယင်းက ဆွဲဆောင်မှုရှိကာ ပူစပ်ပူလောင်နိုင်သော ပရောပရည်ချစ်စကားများနှင့် တူနေတော့သည်။


"...ဘယ်လို? အဲ့ဒီ၊ ချိုတဲ့ဟာ..."


ယဲ့စစ် ရှုပ်ထွေးသွားပြီး ဘာဖြစ်နေမှန်းမသိတော့ပေ။ ထိုအသံက သူ၏နားရွက်များကို ထုံထိုင်းသွားစေကြောင်းကိုသာ သူသိပြီး ဟော့ထင်းလန်အား အကူအညီတောင်းခံနေသကဲ့သို့ ကြည့်နေခဲ့လေသည်။


"ငန်တာလည်း.... အဆင်ပြေပါတယ်။"


ဟော့ထင်းလန်၏လည်ကုပ်ပေါ်မှ အယ်ဖာဂလင်းများက အစိုးမရတော့ချေ။ သူ ပို၍စိတ်အားထက်သန်လာပြီး အပြုံးလေးဖြင့် စနောက်လိုက်ပြန်၏။


"တစ်ခုခုသောက်ချင်လား။ လက်ဖက်ရည်၊ ဒါမှမဟုတ် ဖျော်ရည်?"


"ဘာ၊ ဘာပဲဖြစ်ဖြစ်။"


"ဒါဆို Daejeeling လက်ဖက်ရည်ဆိုရင်ရော ဘယ်လိုသဘောရလဲ။"


[TN/ India နိုင်ငံ၊ Darjeeling ဒေသကထွက်တဲ့ Black tea အမျိုးအစားပါ။ သူက ထူးခြားတဲ့ရနံ့ကြောင့် နာမည်ကြီးပါတယ်။]


"ကောင်းပါပြီ။ ဟော့ရှူးရှူ၊ ကျွန်တော့်မှာ အိမ်စာတွေအများကြီးကျန်သေးလို့ ကျွန်တော် မြန်မြန်ရေးဖို့လိုပါတယ်။"


"..."


သူသာ ဆက်စနေလျှင် ယဲ့စစ် ပြိုလဲတော့မည်ဖြစ်ကြောင်း တွေ့လိုက်ရမှသာ ဟော့ထင်းလန်တစ်ယောက် သူ၏ထူးထူးခြားခြားအစွမ်းပကားများကို ပြန်လည်ထိန်းချုပ်၍ လှည့်ထွက်ကာ တံခါးပိတ်ပေးခဲ့သည်။ အခန်းက တိတ်ဆိတ်သွား၏။ ယဲ့စစ် စားပွဲမှာထိုင်လိုက်ပြီး မေးခွန်းလွှာများကိုထုတ်ကာ တစ်စုံတစ်ခုကနေ လွတ်မြောက်ဖို့ကြိုးစားနေသကဲ့သို့ အလွန်လျင်မြန်သောအရှိန်ဖြင့် ရေးသားတော့သည်။ သူက ရံဖန်ရံခါ နားရွက်ကိုကုတ်ခြစ်နေခဲ့ပြီး သူ၏ဘောပင်ထိပ်က ရေးခြစ်သံများ ပေါ်ထွက်နေခဲ့သည်။


မေးခွန်းများကို အချိန်တစ်ခုလောက် ဖြေဆိုနေပြီးနောက် ယဲ့စစ်၏စိတ်အခြေအနေက တည်ငြိမ်သွားပြီး သူ၏အာရုံက မေးခွန်းလွှာပေါ် အောင်အောင်မြင်မြင်အာရုံစိုက်နိုင်ခဲ့၏။


ဤရက်ပိုင်းအတွင်း ဟော့ထင်းလန်၏သင်ကြားပေးမှုကြောင့် သူ လျင်မြန်စွာတိုးတက်လာခဲ့သည်။ ဤမေးခွန်းလွှာနှစ်စုံလုံးက စာမေးပွဲမေးခွန်းလွှာအဆင့်ရှိပြီး လွန်ခဲ့သည့်နှစ်လအတွင်း စာသင်ခန်းထဲမှာသင်ကြားခဲ့သော အကြောင်းအရာအသစ်များကို ရည်ရွယ်ပြီး စစ်ဆေးခြင်းဖြစ်သည်။ ထို့ကြောင့် သူ့အတွက် ခက်ခဲသောမေးခွန်းများ မပါဝင်ခဲ့ချေ။


ရက်အနည်းငယ်ကြာလျှင် လလယ်စာမေးပွဲကို ကျင်းပမည်ဖြစ်ပြီး သူ၏အဆင့်သတ်မှတ်ချက်က မည်သို့ဖြစ်လာမည်ကို ခန့်မှန်းဖို့ခက်ပေ၏။ မည်သို့ပင်ဆိုစေ စာသင်နှစ်တုန်းက သူ၏ဘိတ်ချေးအဆင့်နှင့် သိပ်ပြီးကွာဟအောင် မလုပ်နိုင်လျှင်တောင် သူ၏ရမှတ်များကတော့ တိုးတက်လာသင့်သည်။


မေးခွန်းလွှာနှစ်စုံကို ဖြေပြီးနောက် နောက်ဆုံးတော့ ယဲ့စစ်တစ်ယောက် ကျောင်းမနားခင်က သူမေးခွန်းများလေ့ကျင့်ခဲ့သည့်ခံစားချက်တချို့ကို ပြန်လည်ရရှိလာခဲ့သည်။ ရှားရှားပါးပါး လွတ်လပ်သောစိတ်အခြေအနေဖြင့် ထုံနေသောလက်ကို ခါလိုက်ပြီး တရုတ်စာပေမလေ့လာမီ မိနစ်အနည်းငယ်လောက်အနားယူဖို့ စဥ်းစားလိုက်သည်။


ထိုစဥ် တံခါးအပြင်ဘက်ကနေ ကြောင်အော်သံကို ကြားလိုက်ရ၏။


ယဲ့စစ် မျက်လုံးများပင့်ကာ တံခါးသွားဖွင့်၍ လျှောက်လမ်းတစ်ဝိုက် စိုးရိမ်ပူပန်စွာကြည့်လိုက်သည်။


ထောင့်ချိုးနားမှာ ခပ်ဝဝ Napoleon Bantam ကြောင်လေးတစ်ကောင်အား တွေ့လိုက်ရပြီး ဖဲသားပမာ ပြောင်လက်အိစက်နေသောအမွေးများက ဒေါသကြောင့် ထောင်မတ်နေ၏။ ယဲ့စစ်၏ 'သွေးတစ်ဝက်တော်သော' ညီဖြစ်သူ၊ ချူးရွေ့က တစ်နေရာရာကနေရခဲ့သော အရုပ်သေနတ်၏ ရာဘာကျည်ဆန်များဖြင့် ၎င်းအားပစ်နေခဲ့သည်။


ချူးရွေ့က ယခု အသက်ရှစ်နှစ်ထဲမှာရှိသည်။ သူက ချူးဝမ်လင်၏အရိုးများထဲမှ တစ်ကိုယ်ကောင်းဆန်မှုတို့ကို အမွေဆက်ခံထားပြီး သူ့အဖွားဆီကနေ အလွန်အလိုလိုက်ခံထားရသဖြင့် ထင်ရှားသည့်မိသားစုမှ ယဥ်ကျေးသောအမူအကျင့်မျိုး နည်းနည်းလေးတောင်ရှိမနေခဲ့ပေ။ ချူးဝမ်လင်နှင့် သူ့မိခင် ရွမ်ကျားယီက ယခု လက်ရည်ပါတီမှာရှိနေပြီး သူက ခဏလောက်တော့ နာခံမှုရှိသလိုဟန်ဆောင်နေခဲ့သော်လည်း လူကြီးများအလစ်မှာ ချက်ချင်းဆိုသလို သူ၏စရိုက်အစစ်အမှန်ကို ထုတ်ပြလာခဲ့သည်။


ယဲ့စစ် သူ့ကို စကားများများမပြောဖူးချေ။ မပြောချင်တာအပြင် ပြောဖို့လည်း အခွင့်အရေးမရခဲ့ပေ။


-သေးသေးလေးမှားသွားတာနှင့် သူက အသတ်ခံရတော့မည့်ဝက်တစ်ကောင်လို အော်ဟစ်လိမ့်မည်။


ယဲ့စစ် ချူးရွေ့ကိုတစ်ချက်ကြည့်ကာ ဘာမှမပြောခဲ့ပေ။ သူက ကြောင်ကို တိတ်တဆိတ်ကောက်ပွေ့၍ ရာဘာကျည်ဆန်ကြောင့် နာကျင်သွားသောနေရာအား ပွတ်သပ်ပေးကာ သူ့အခန်းဘက် ပြန်လှည့်လာခဲ့လိုက်သည်။ သူ့လက်ထဲမှာတော့ ကြောင်လေးက ရှက်ဟန်ဆောင်နေ၏။ ယဲ့စစ်က သူ့ကို ကြင်ကြင်နာနာဆက်ဆံနေကြောင်း တွေ့လိုက်ရသောအခါ သူက တိုးဝေ့လာပြီး တလှုပ်လှုပ်နှင့် ညင်သာစွာညည်းညူနေခဲ့သည်။


ယဲ့စစ်၏နှုတ်ခမ်းထောင့်များက ကွေးညွတ်သွားပြီး သူ့အနောက်မှ ချူးရွေ့၏အော်ဟစ်သံကို လျစ်လျူရှုထားလိုက်၏။


သူ သေနတ်ပစ်သံများဖြင့် လှုံ့ဆော်ခံလိုက်ရ၏။ "ဘန်း! ဘန်း ဘန်း ဘန်း!"


ထို့နောက် ချက်ချင်းဆိုသလို ရာဘာကျည်ဆန်က သူ့ဦးခေါင်းအနောက်သို့ ထိမှန်လာခဲ့သည်။


သူ၏ဦးခေါင်းခွံမှာ နာကျင်သွားပြီး ထိုကောင်လေးက သူ၏အကာအကွယ်မဲ့သောအခြေအနေမှာ ရှိသမျှခွန်အားအကုန်သုံးကာ သူ့ကိုထိုးနှက်လိုက်သကဲ့သို့ ခံစားလိုက်ရသည်။ ယဲ့စစ်၏မျက်လုံးများကတောင် အခိုက်အတန့်တစ်ခုလောက် မမြင်နိုင််ဖြစ်သွားခဲ့၏။


ထိုအရုပ်သေနတ်၏ အဖျက်အမှောင့်စွမ်းအားက မယုံကြည်နိုင်စရာကောင်းပြီး မျက်လုံးကိုသာ ချိန်ရွယ်လိုက်မည်ဆိုပါက လူတစ်ယောက်အား ကန်းသွားစေနိုင်သည်။


"ဟားဟားဟား!" ချူးရွေ့က စိတ်လှုပ်ရှားစွာရယ်မောကာ ခုန်ပေါက်နေခဲ့သည်။ သူ့မျက်နှာပေါ်မှ အဆီဖုများတစ်ဝိုက်မှာ* နီမြန်းနေပြီး မှေးကျဥ်းသောမျက်ဝန်းတစ်စုံက အသားထဲနစ်ဝင်နေ၏။


[TN/ပါးဖောင်းတာပါ။]


ဝက်တစ်ကောင်နှင့် ပိုလိုတောင်တူနေပေသည်။


ယဲ့စစ် အသက်ပြင်းပြင်းရှူကာ နောက်လှည့်မကြည့်ရဲခဲ့ပေ။


ချူးရွေ့၏ စက်ဆုပ်ဖွယ်အသွင်အပြင်ကို သူ စိတ်ကူးကြည့်နိုင်ပြီး သူလှည့်ကြည့်လိုက်လျှင် ရှစ်နှစ်အရွယ်ကလေးကို အကြမ်းမဖက်မိစေရန် သူ့ကိုယ်သူမထိန်းချုပ်နိုင်မှာကို စိုးရိမ်မိသည်။


ထို့ပြင် ဤသတ္တဝါလေးကို ကျိုးကြောင်းဆင်ခြင်နိုင်အောင် ကြိုးပမ်းခြင်းက သူ့အတွက် အရှက်ကွဲခြင်းသာဖြစ်လာလိမ့်မည်... သူ ချူးဝမ်လင်ဆီမှ ဆေးကုသစရိတ်ကိုလည်း လိုအပ်နေဆဲဖြစ်ရာ စိတ်််မြန်ကိုယ်မြန်လုပ်လို့မဖြစ်ပေ။


ထို့ကြောင့် သူ့ကိုလျစ်လျူရှုထားခြင်းက တစ်ခုတည်းသောအဖြေပင်။


သူ အခန်းထဲကိုပြန်သွားနေစဥ် အနောက်ကနေ စော်ကားမှုတစ်ခုက ရုတ်တရက်ပေါ်ထွက်လာခဲ့၏။ "အမှိုက်ကောင်။"


ကလေး၏အသံက ပြတ်သားပြီး တောက်ပနေသော်လည်း သဘာဝဆန်သော ဖျက်လိုဖျက်ဆီးမှုတစ်ခုလည်း ပါဝင်နေခဲ့၏။


ထို့ပြင် ယုတ်ညံ့သော စိတ်လှုပ်ရှားမှုပါ ရှိနေခဲ့သည်။


ယဲ့စစ်က ပြန်မတိုက်ခိုက်ဘဲ တိတ်တဆိတ်လျှောက်သွားကြောင်း မြင်လိုက်ရသောအခါ ချူးရွေ့က ပိုလို့တောင်ရဲတင်းလာ၏။ သူက ပြုံးလိုက်ပြီး ကလေးသီချင်းတစ်ပုဒ်နှယ် သီဆိုနေခဲ့သည်။ "အမှိုက်ကောင်၊ နိမ့်ကျတဲ့ကောင်..."


သူက အန္တရာယ်ရှိသော ဓါတ်စမ်းပစ္စည်းများစွာကို လှောင်အိမ်ထဲပစ်ထည့်ကာ စမ်းသပ်တိရစ္ဆာန်များ၏ တုံ့ပြန်မှုကိုကြည့်ရန် မစောင့်နိုင်တော့သည့် အတွေ့အကြုံမရှိသော စမ်းသပ်သူတစ်ယောက်နှယ် စိတ်လှုပ်ရှားနေခဲ့သည်။


ရှစ်နှစ်အရွယ်ကလေးက ကလေးဆန်သောအရာများကို ပြောသင့်သော်လည်း တချို့နည်းလမ်းများဖြင့် ဆိုးဆိုးဝါးဝါးကောက်ကျစ်နေခဲ့သည်။ ဤကောက်ကျစ်သည့်သူ့ညီက သူ(ယဲ့စစ်) သူ့ကိုအနိုင်မကျင့်နိုင်မှန်း သိထားပြီး ထို့ကြောင့်ပဲ သူက ယဲ့စစ်ကို အနိုင်ကျင့်နေခဲ့သည်။


ယဲ့စစ် မျက်လုံးများမှိတ်ကာ မကြားချင်ယောင်ဆောင်လိုက်သည်။


သူက မလှုပ်ရှားဘဲ သူ့ကိုလျစ်လျူရှုနေကြောင်း တွေ့လိုက်ရသောအခါ ချူးရွေ့က ဒေါသထွက်လာပြီး ဝှက်ဖဲကိုထုတ်သုံးတော့သည်။ "ငါ့အမေကပြောတယ်၊ မင်းအမေက -"


"!"


ထိုစကားလုံးလေးအနည်းငယ်နှင့် ယဲ့စစ်၏နားစည်များက တုန်ခါသွားခဲ့သည်။


သူ့အမေက သူ၏အားနည်းချက်ဖြစ်ပြီး ယင်းက သူ ဘယ်လောက်ပဲခံနိုင်ရည်ရှိရှိ တခြားသူများကို ချနင်းခွင့်မပြုနိုင်သော နေရာဖြစ်သည်...


သို့သော် ထိုအခိုက်အတန့်၌ ချူးရွေ့၏ရန်စသံက ရုတ်ခြည်းပြတ်တောက်သွားခဲ့သည်။


အနောက်ကနေ ဟေ့ထင်းလန်၏အသံက ပေါ်ထွက်လာခဲ့ပြီး တည်ငြိမ်အေးဆေးကာ မည်သည့်စိတ်ခံစားချက်ကိုမှ မကြားနိုင်ခဲ့ပေ။ "မင်းက ဘယ်မိသားစုကလဲ။"


ယဲ့စစ် ထိတ်လန့်သွားပြီး အနောက်လှည့်ကြည့်လိုက်၏။


ဟော့ထင်းလန်က ချူးရွေ့ဘေးမှာရပ်နေပြီး သွယ်လျသောလက်တစ်ဖက်က ချူးရွေ့၏အသားပေါသောဦးခေါင်းကိုကိုင်လိုက်သည်။ ထို့နောက် ပေါ့ပေါ့ပါးပါး သိမ်သိမ်မွေ့မွေ့အမူအရာဖြင့် သူက ချူးရွေ့၏မျက်နှာကို သူ့ဘက်ဦးတည်စေကာ ဘယ်ပြန်ညာပြန်လှည့်ကြည့်လိုက်၏။


ထိုအပြုအမူက သက်ရှိတစ်ယောက်ကို အထောက်အထားခွဲခြားနေတာနှင့်မတူဘဲ စက်လုံးပုံစံလက်မှုပညာတစ်ခုမှာ အမှတ်အသားတစ်ခုခုကို ရှာဖွေနေသကဲ့သို့ပင်။


"အား အား အား အား အား!" ချူးရွေ့က သူ၏အထူးတလှယ်အရည်အချင်းကိုသုံး၍ ကျယ်လောင်စွာအော်တော့သည်။


ဟော့ထင်းလန်က တစ်ခုခုကိုသိသွားသလိုမျိုး ခေါင်းညိတ်ကာ လွှတ်ပေးလိုက်လေ၏။


"ပါး...! မား...!" ချူးရွေ့က ခုန်ပေါက်အော်ဟစ်ကာ ဝုန်းဒိုင်းကြဲနေပြီးနောက် တိုင်တန်းဖို့ ပြေးဆင်းသွားခဲ့လေသည်။


ချူးရွေ့ အော်ဟစ်ရင်းထွက်ပြေးသွားတာကို ယဲ့စစ်ကြည့်နေခဲ့ပြီး ပွက်ပွက်ဆူနေသော သူ၏သွေးများက အေးဆေးလာခဲ့ပြီး သူ၏ဆင်ခြင်တုံတရားက ပြန်လည်ရောက်ရှိလာခဲ့၏။


တကယ်တမ်းတော့ သူ့မှာ အလွန်တရာနူးညံ့သောစိတ်သဘောထားရှိသည်။ သူ အရင်က ဒေါသကြောင့်မျက်ကန်းဖြစ်သွားပြီး လူများကိုရိုက်နှက်ခြင်းမပြုတတ်သော်လည်း ယင်းက ဆင်းရဲသားရပ်ကွက်မှာ နေထိုင်ခြင်းကြောင့် ဖြစ်ပေါ်လာခဲ့သည့်အကျင့်တစ်ခုသာ။ ထိုနေရာရှိလူများက အားနည်းသူကို အနိုင်ကျင့်တတ်ကြပြီး အားကြီးသူကို ကြောက်ရွံ့တတ်ကြသည်။ စိန်ခေါ်မှုများနှင့် ကြုံတွေ့လာရချိန်မှာ သူ မတိုက်ခိုက်ဘဲ သူ့၏အစွမ်းအစအား မပြသခဲ့ပါက သူနှင့် သူ့အမေတို့ သာယာသောဘဝမှာ နေထိုင်နိုင်မည်မဟုတ်ပေ။ 


သို့သော် ချူးရွေ့က သူ့အပေါ် အမှန်တကယ် သက်ရောက်မှုမရှိနိုင်သည့်အပြင် အနာဂတ်မှာ တစ်ယောက်နှင့်တစ်ယောက်ပြန်တွေ့ရန် အခွင့်အလမ်းက အနည်းငယ်သာရှိသဖြင့် စောစောကဒေါသများမှာ ယခု ရပ်တန့်သွားပြီဖြစ်၏။


ထို့ကြောင့် မလိုအပ်ပေ။


ခြေတစ်လှမ်းဆုတ်လိုက်လျှင် ကမ္ဘာလောကကြီးက ပို၍ကျယ်ပြန့်လာလိမ့်မည်။ စော်ကားမှုအနည်းငယ်ကြောင့် တစ်စုံတစ်ဦးနှင့် အဆုံးမရှိငြင်းခုန်နေဖို့ သူ့မှာ စွမ်းအင်မရှိပေ။


"ဟော့ရှူးရှူ။" ယဲ့စစ်က လေဒဏ်နှင့် ဆီးနှင်းဒဏ်များကိုမခံနိုင်သော ဝါးပင်လေးကဲ့သို့ မတ်မတ်ရပ်နေခဲ့သည်။ သူက တည်ငြိမ်သောလေသံဖြင့် ပြောလိုက်လေ၏။ "ခင်ဗျား၊ ခင်ဗျား ညစာအတွက် ကျွန်တော့်ကိုလာခေါ်တာလား။"


ဟော့ထင်းလန်၏အရပ်ရှည်ရှည်ပုံရိပ်က မီးရောင်ဖျော့ဖျော့ထွန်းထားသော စင်္ကြံမှာ အသံတိတ်ရပ်နေပြီး ယဲ့စစ်ကိုစိုက်ကြည့်နေခဲ့သည်။


ကြောင်လေး၏နားရွက်များပေါ်မှ ယဲ့စစ်၏လက်ချောင်းလေးများက တုန်ယင်နေပေ၏။


သူက တည်ငြိမ်ချင်ယောင်ဆောင်နေခြင်းသာ။


မိမိ၏ကိုယ်ပိုင်အယ်ဖာဆီမှ ခိုလှုံရာနှင့် နှစ်သိမ့်မှုတို့ကိုရှာဖွေခြင်း၊ အလိုလိုက်ခံရသော ကလေးတစ်ယောက်လိုပြုမူကာ တိုင်တန်းညည်းညူခြင်း... ၎င်းတို့က အိုမီဂါတစ်ယောက်၏မျက်လုံးများထဲမှာ သဘာဝကျသော်လည်း ယဲ့စစ်အတွက်တော့ စိတ်ကူးတောင်မကြည့်နိုင်ခဲ့ပေ။


အခက်အခဲများနှင့်ကြုံလာတိုင်း သူက သန်မာပြီး သတ္တိရှိဖို့ကိုသာ အမြဲတမ်းရွေးချယ်ခဲ့၏။


အခိုက်အတန့်တစ်ခုလောက် တိတ်ဆိတ်နေပြီးနောက် ဟော့ထင်းလန်က သိမ်မွေ့စွာပြုံးကာ ပြောလာခဲ့သည်။


"ကိုယ် မင်းကိုတွေ့ဖို့ပဲ တက်လာခဲ့တာ... ညစာအတွက် နည်းနည်းလောက်စောင့်ရဦးမယ်၊ ဒီတော့ အခန်းထဲကိုပြန်သွားပြီး ကြောင်နဲ့ဆော့နေလိုက်မလား။"


"ကောင်းပါပြီ။" ယဲ့စစ် စိတ်သက်သာရာရကာ သက်ပြင်းချလိုက်ပြီး ကြောင်လေးကိုပိုက်၍ အခန်းထဲဝင်သွားခဲ့လေ၏။


သူ့လက်မှာ ကြောင်မွေးများရှိနေ၍ မျက်လုံးများကိုသုတ်ဖို့ အဆင်မပြေပေ။


ယဲ့စစ် သူ့မျက်နှာကိုစောင်းငဲ့ကာ သူ၏မျက်လုံးထောင့်များကို သူ့ပခုံးနှင့်ပွတ်သုတ်လိုက်ပြီးနောက် စိုစွတ်နေသောမျက်နှာကို ကြောင်လေး၏ဝမ်းဗိုက်မှာ မြှပ်နှံထားလိုက်သည်။


ကြောင်လေး၏ခန္ဓာကိုယ်က အိမ်မွေးတိရစ္ဆာန်ခေါင်းလျှော်ရည်ရနံ့ကို ထုတ်လွှတ်ပေးနေပြီး ပိုးသားလိုအမွေးများက ရနံ့ကို ကောင်းကောင်းကြီးစုပ်ယူထားခဲ့၏။ ယဲ့စစ် ပျော့ပျောင်းသော ခြေထောက်လေးများဖြင့် ခဏလောက်အနင်းခံပြီးနောက်မှာ သူ့နှလုံးသားထဲမှအထုံးက အနည်းငယ်ပျောက်ကွယ်သွားခဲ့သည်။


ထိုအခိုက်အတန့်၌ ချူးရွေ့၏ ဝက်သေလိုအော်သံက အောက်ထပ်ကနေဖြတ်၍ ဝင်ရောက်လာခဲ့သည်။


သူ အပြစ်ပေးခံနေရပုံပင်။


ယဲ့စစ် ဂရုမစိုက်ပေ။ သူ ထိုအသံအား ကျင့်သားရနေပြီဖြစ်၏။


သူ အပြစ်ပေးခံရတာက ကိစ္စကြီးတစ်ခုမဟုတ်ချေ။ အနှီကောင်စုတ်လေးက တစ်ရက်ကို အကြိမ်ရှစ်ရာလောက် ပြဿနာလိုက်ရှာနေတတ်သူဖြစ်သည်။


သို့သော် အတိတ်တုန်ကနှင့် ကွာခြားသွားသည့်အရာမှာ ချူးရွေ့၏အော်သံများက စက္ကန့်အနည််းငယ်ကြာပြီးနောက် ရပ်တန့်သွားခြင်းဖြစ်၏။ အခိုက်အတန့်တစ်ခုကြာပြီးနောက် အော်ဟစ်သံများက ငိုသံများအဖြစ် ပြောင်းလဲသွားခဲ့သည်။ မုန့်ကျန်းနွီ*ကတောင် ထိုဝမ်းနည်းကြေကွဲမှုကို မယှဥ်နိုင်လောက်ပေ။


[TN/ မုန့်

ကျန်းနွီဆိုတာ သူ(မ)ခင်ပွန်းရဲ့အလောင်းကိုဖော်ထုတ်ဖို့ မဟာတံတိုင်းကြီးကို မျက်ရည်တွေနဲ့ချိုးဖျက်ခဲ့တဲ့ ရိုးရာပုံပြင်ထဲကသူရဲကောင်းတစ်ယောက်ပါ။]


***


Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment