no
အပိုင်း (၄၅.၃) - ရှေ့သို့ဆက်လျှောက်ခြင်း
ယဲ့စစ် မျက်လုံးများကိုပွတ်သပ်၍ ဖိုင်ကိုဖွင့်ကြည့်လိုက်သည်။
... သူ စကားလုံး တစ်လုံးလေးကိုတောင် နားမလည်ချေ။
"ဒါက ဘာလဲ။" သူက စာရွက်များကို မှင်တက်စွာလှန်လှောကြည့်လိုက်၏။ အားလုံးကို တူညီသောဘာသာစကားနှင့် ရေးသားထားသည်။
ဟော့ထန်းလန်က ပြုံးလိုက်ပြီး ပြန်ဖြေခဲ့သည်။ "မင်း လေ့လာပြီးရင် ဖတ်တတ်သွားမှာပါ... အခုလောလောဆယ် ဒါက အရမ်းအရေးကြီးတယ်ဆိုတာရယ်၊ ဒါကို ဂရုစိုက်ဖို့ရယ်ပဲ မှတ်ထားဖို့လိုတယ်။" သူက သတိပေးလိုက်သည်။ "ဒါကို ကျောက်စိမ်းလက်ကောက်နဲ့ အတူတူသိမ်းထားလို့ရတယ်။"
ထိုစာရွက်စာတမ်းများက 'ဘီလီယံနာမြို့တော်' ဟု လူသိများသော ကမ္ဘာတစ်ဝှမ်းရှိ ဘဏ်ပေါင်း ၁၂၀ ကျော် ရုံးစိုက်ရာ ဥရောပအလယ်ပိုင်းမှ မြို့တစ်မြို့ကနေ ဆင်းသက်လာခြင်းဖြစ်သည်။ ယဲ့စစ်လက်ထဲမှ စာရွက်စာတမ်းများက ငွေကြေးဝန်ဆောင်မှုအဖွဲ့ထဲမှတစ်ဦးက ပေးအပ်လာသောလက်မှတ်ဖြစ်သည်။ ၎င်းတို့၏ တရားဝင်စံဘာသာစကားက ဂျာမန်ဖြစ်ရာ ယဲ့စစ်တစ်ယောက် တစ်လုံးမှတောင်နားမလည်ခဲ့ပေ။ ဤလက်မှတ်၊ သော့နှင့် ကိုယ်ပိုင်လက်ဗွေများဖြင့် ယဲ့စစ်သည် ဟော့ထင်းလန် ဝယ်ယူထားခဲ့သော နှစ် ၁၀၀ ဝန်ဆောင်မှုကာလရှိသည့် သီးသန့်အခန်းကို ဖွင့်နိုင်မည်ဖြစ်ပြီး အထဲမှာ သာမန်လူများ ဆယ်သက်သုံးလို့မကုန်နိုင်သော ရွှေအပုံလိုက်ကြီးရှိပေ၏။ ယင်းက အာကာသလောက်ကြီးမားသည့် ကြွယ်ဝချမ်းသာမှုပင်။ ဟော့ထင်းလန်က ယခုအခိုက်အတန့်၌ ယဲ့စစ်ကို တိုက်ရိုက်မပြောပြလျှင်တောင် အနှေးနှင့်အမြန်ဆိုသလို ယဲ့စစ်က သိသွားပေလိမ့်မည်။
"ဟော့ရှူးရှူ၊ ကျွန်တော် ဒါဘာလဲဆိုတာကို... အကြမ်းဖျင်းခန့်မှန်းမိသလိုပဲ။"
သူ စာလုံးများကို လုံးဝနားမလည်သော်လည်း ယင်းက ပိုင်ဆိုင်မှုနှင့်သက်ဆိုင်သည့် စာရွက်စာတမ်းများဖြစ်ပုံပင်။ ၎င်းကို လက်ဆောင်အဖြစ်ပေးခြင်းက သိပ်ကိုတန်ဖိုးကြီးလွန်းသည်။
"ခန့်မှန်းနိုင်တော့လည်း ခန့်မှန်းကြည့်တာပေါ့၊ ကိုယ်ကတော့ ပြန်ယူမှာမဟုတ်ဘူး။" ဟော့ထင်းလန်က နောက်ဆုံးတော့ သူ၏လူယုတ်မာဆန်ဆန်သဘောထားကို မှန်ကန်သည့်နေရာမှာ အသုံးချလိုက်လေ၏။ "အဲ့ဒါက ကိုယ့်အတွက်ဘာမှမဟုတ်ဘဲ... မင်းအတွက် ကိုယ့်ရဲ့တစ်သက်တာအာမခံချက်ပဲ။"
ယဲ့စစ်ဘဝ၌ ဆယ့်ရှစ်နှစ်တာကာလလုံး ဆင်းရဲမှုဒဏ်ကို ခံစားခဲ့ရသည်။ သူ၏ကျန်ဘဝတစ်လျှောက်မှာ ထိုကဲ့ဝေဒနာကို ထပ်ပြီးမခံစားစေရဖို့သာ သူ မျှော်လင့်မိသည်။
တစ်စက္ကန့်လေးတောင်မရှိစေရ။
သူက သူ့ကို မြင့်မြင့်ပျံသန်းစေချင်ရုံသာ။
သူ ကောင်းကင်သို့ လွတ်လပ်ပေါ့ပါးစွာ ပျံသန်းနိုင်ပါစေ။
"ကျွန်တော် နားလည်ပါတယ်။" ယဲ့စစ်က စာရွက်စာတမ်းများကို ဆုပ်ကိုင်လိုက်ပြီး မငြင်းဆန်ခဲ့ပေ။ သူက ခေါင်းမော့ကာ ဟော့ထင်းလန်၏နှုတ်ခမ်းကို ဖွဖွလေးနမ်းလိုက်ပြီး တီးတိုးပြောလိုက်သည်။ "ကျေးဇူးတင်ပါတယ်။ ဒါ ကျွန်တော်ရဖူးသမျှထဲမှာ အကောင်းဆုံးမွေးနေ့လက်ဆောင်ပဲ။"
သူ စိတ်တည်ငြိမ်လာပြီး ချစ်ခြင်းမေတ္တာများနှင့် ကြင်နာမှုတို့ကို အတားအဆီးမရှိ လက်ခံခဲ့လေသည်။
ယဲ့စစ် အချစ်ခံနေရသလို သူကလည်းချစ်နေခဲ့သည်။
ဒီထပ်ပိုပြီး ကောင်းသည့်အရာမရှိနိုင်တော့ပေ။
ပြန်လှည့်ကြည့်လိုက်သောအခါ သူ့အနောက်မှ မီးရောင်ဆယ့်ကိုးလုံးက ချစ်ခြင်းမေတ္တာများ၊ နွေးထွေးမှုများအပြည့်နှင့် တောက်ပသည့်လမ်းကလေးကို ဖော်ဆောင်ပေးခဲ့သည်။
ခန်းမထဲမှ မီးများ တဖြည်းဖြည်းလင်းလာသည်နှင့်ပမျှ အရှေ့မှလမ်းကလေးက ပို၍ရှင်းလင်းလာခဲ့၏။
၎င်းမှာ ချောမွေ့နေသောလမ်းကလေးဖြစ်သည်။
တောက်ပပြီး ခမ်းနားနေသည်။
ဤနည်းအားဖြင့် ချစ်ခြင်းမေတ္တာများနှင့် နွေးထွေးမှုတို့ပြည့်နှက်နေသည့် လမ်းလေးအတိုင်း သူ ရှေ့ဆက်လျှောက်လှမ်းသွားခဲ့လေသည်။
***
Aurora Novel Translation Team
There is No Eng Version