no
အပိုင်း (၅၀.၂) - အချပ်ပို (၅.၂)
အဝတ်လဲခန်းမှ လှည့်လို့ရသည့်မှန်ကို ထိုင်ခုံဘက်သို့လှည့်ထား၏။
ယဲ့စစ်က မရုန်းကန်သော်ငြား ပူးပေါင်းပေးခြင်းလည်းမရှိဘဲ အသံတိတ်ခုခံနေခဲ့သည်။
ထို့နောက် ဟော့ထင်းလန်ကို အရုပ်တစ်ရုပ်အား အဝတ်ဝတ်ပေးသကဲ့သို့ လွှတ်ထားပေးလိုက်လေသည်။
...
ခန္ဓာကိုယ်အပူချိန် မြင့်တက်လာခြင်းကြောင့် ဖြူဖွေးနေသော သူ၏ကျောပြင်၊ ရင်ဘတ်နှင့် ဝမ်းဗိုက်တို့ကတောင် ပန်းရောင်သန်းလာခဲ့သည်။
အရောင်အနုအရင့်မတူသော ပိုးသားနှင့် ဇာပါးတို့က သူ့ခန္ဓာကိုယ်လှုပ်ရှားမှုများအတိုင်း လှိုင်းထနေပြီး အနှီပန်းရောင်အသားရေကို အားဖြည့်ပေးနေ၏။
"ကျွန်တော်၊ ကျွန်တော် မနက်ဖြန်ကျ... အားကစားဝတ်စုံကို ဝတ်၊ ဝတ်ရဦးမှာ။" ယဲ့စစ်က တုန်ယင်စွာပြောလိုက်သည်။ "ကျွန်တော့်၊ ကျွန်တော့်ရဲ့ လက်မောင်းတွေနဲ့ ခြေထောက်တွေကို မထိနဲ့နော်၊ ဟုတ်ပြီလား ဟော့ရှူးရှူ။"
ထိခြင်းဆိုသည်မှာ 'အမှတ်အသားများချန်ခြင်း' ကို ဆိုလိုပေ၏။
"ဟုတ်ပါပြီ။" ဟော့ထင်းလန်က ဦးစွာ တုံ့ပြန်လိုက်ပြီးနောက် ယဥ်ကျေးစွာမေးလိုက်သည်။" ဒါဆို ကိုယ် ဘယ်နေရာတွေထိလို့ရလဲ။"
"..."
"ကိုယ့်ကို စာရင်းလုပ်ပေးမလား။"
"မျက်နှာ၊ ဗိုက် နဲ့...."
အရမ်းချစ်စရာကောင်းတာပဲ။
ဟော့ထင်းလန်က ယဲ့စစ်၏စကားအတိုင်း သူ၏မျက်နှာလေးကိုနမ်းလိုက်သည်။
ထို့နောက် စာရင်းထဲကအတိုင်း တစ်ခုချင်းစီ လိုက်နမ်းခဲ့လေ၏။
...
ကျောင်းအားကစားပြိုင်ပွဲ၏ ဒုတိယမြောက်နေ့မှာ ယဲ့စစ်က ပြိုင်ပွဲအနည်းငယ်ဝင်ပြိုင်ခဲ့သော်လည်း အားလုံးက သိပ်မပြင်းထန်ပေ။
လှံတံပစ်ခြင်းကဲ့သို့ အားကစားမျိုးက အနည်းငယ်ပြေးဖို့သာလိုအပ်ပြီး သူ၏နာကျင်နေသောခါးနှင့် ခြေထောက်တို့အတွက် သက်တောင့်သက်သာရှိပေ၏။ ထို့အပြင် ကျောင်းသားများက ထိုအားကစားမှာ မကျွမ်းကျင်ကြရာ လူတိုင်းက အပျော်သဘောသာ ဆော့ခဲ့ကြသည်။
ပြိုင်ပွဲများအားလုံးပြီးနောက် ယဲ့စစ်က ပြိုင်ပွဲကိုအာရုံစိုက်ပြီးကြည့်ရန် အတန်း ၇ စင်မြင့်ဆီ ပြန်လာခဲ့သည်။
ယနေ့ မယုံကြည်နိုင်လောက်အောင် ပူလွန်းပြီး နေရောင်ကိုကာရန် သူနှင့် ကျန်းယန်တို့က ကျောင်းယူနီဖောင်းလက်ရှည်ကို လက်တစ်ဖက်စီဖြင့်ကာထားကြပြီး ကျန်လက်တစ်ဖက်စီက နှစ်ဦးသားကြားချထားသော အာလူးကြော်ကို နှိုက်စားနေခဲ့ကြသည်။
"မင်းကို ဒီလိုဟာတွေမကြိုက်လောက်ဘူးလို့ ထင်နေခဲ့တာ။" ကျန်းယန်က ပြောလာ၏။ "မင်းက အရမ်းမိုက်တာပဲ။ ပထမတစ်ခေါက်ကြည့်ရုံနဲ့ သရေစာမုန့်တွေကြိုက်တဲ့သူလို့ မထင်ရဘူး။"
သူက မကြိုက်တာမဟုတ်ဘဲ အရင်က အများကြီးမစားဖူးသောကြောင့်သာ။
"အရင်က ငါ သရေစာမုန့်တွေကို ကြိုက်နိုင်မယ်လို့ မထင်ခဲ့မိဘူး။" ယဲ့စစ်၏နှုတ်ခမ်းထောင့်များက ကွေးညွတ်သွား၏။
ကျန်းယန်က နှစ်ယောက်ကြားမှာတောင် နေရာမဆန့်ချင်သည့် ဧရာမအဖိုးတန်မုန့်တစ်ထုပ်ကို ဖောက်လိုက်သည်။ "ဒီချီစ်ကြက်သွန်အရသာကလည်း အရမ်းအရမ်းကိုအရသာရှိတာ၊ စားကြည့်ကြည့်..."
ရိုးရှင်းသော ကျောင်းဝတ်စုံ မိုးကာအောက်တွင်...
ဂျွတ်၊ ဂျွတ်။
ဂျွတ်၊ ဂျွတ်။
ပျော်ရွှင်နေသော ဟမ်းစတားလေးနှစ်ကောင်ရှိနေခဲ့သည်။
ဖောက်-
Coke ဘူးကိုလည်း ဖောက်လိုက်ကြလေ၏။
"ငါတို့အတန်းက စုစုပေါင်းအမှတ်မှာ ပထမဖြစ်လောက်တယ်။ ငါ စောစောကပဲ သွားမေးလာခဲ့တာ။"
"အဲ့လိုပဲ ဖြစ်၊ ဖြစ်ရမှာပေါ့။"
"ခဏနေကျရင် မင်းက ငါတို့အတန်းကိုယ်စားပြု ဆုသွားယူရမှာ။ အတန်းခေါင်းဆောင်နဲ့ အားကစားကော်မတီဝင်ကလည်း သဘောတူထားတယ်။ မင်းက အမှတ်တွေအများကြီးသယ်ပေးခဲ့တဲ့သူလေ၊ ပြီးတော့ မင်းရဲ့အသွင်အပြင်က အရမ်းကောင်းတယ်။"
"...ငါသွားရမှာ?"
"စကားပြောစရာမလိုပါဘူး။ ကိုယ်စားလှယ်တွေအများကြီးရှိမှာဆိုတော့ မင်းအလှည့်ရောက်ရင် ဦးညွတ်လိုက်ရုံပဲ။"
"ဒါဆို... ကောင်းပြီလေ။ ငါသွားလိုက်မယ်။"
"..."
ခပ်လှမ်းလှမ်းကနေ နောက်ထပ်အားပေးသံများနှင့် အော်သံများက ထပ်မံထွက်ပေါ်လာလေ၏။
"ဟိုမှာ ကြည့်လိုက်၊ ကြည့်လိုက်! အားကစားကော်မတီရဲ့ခေါင်းဆောင်က ပန်းဝင်တော့မှာ!"
အရှေ့တန်းမှကျောင်းသားများက ချက်ချင်းထရပ်လိုက်ကြသည်။
ယဲ့စစ်ကလည်း ပါးစပ်ထဲမှာ အာလူးကြော်များအပြည့်ဖြင့် ထရပ်ကာ စိတ်ဝင်တစားလိုက်ကြည့်နေခဲ့၏။ သူက အော်ဟစ်ခြင်းနှင့် အသားမကျသေးသော်လည်း သူ၏အသင်းဖော်အတွက် နှလုံးသားထဲကနေ အသံတိတ်အားပေးနေခဲ့သည်။
တောက်ပသော အစိမ်း-အနီ ပြေးလမ်းပေါ်၌ ပေါ့ပါးသွက်လက်သောပုံရိပ်များက ဆောင်းဦးလေအေးကိုဆန့်ကျင်၍ အရှေ့သို့ပြေးလွှားနေခဲ့ကြပြီး အားပေးသံများ၊ ရယ်မောသံများက ဒီရေလှိုင်းများလို ထွက်ပေါ်နေခဲ့သည်။
ကြည်လင်ပြီး တိမ်များကင်းစင်နေသော ကောင်းကင်ကြီး၊ ပျိုမျစ်သောအတန်းဖော်များနှင့်အတူ...
ဤသည်မှာ လှပသော ဆောင်းဦးနေ့ရက်လေးပင်။
[ကျောင်းအားကစားပြိုင်ပွဲပြီးပါပြီ။]
***
Aurora Novel Translation Team
There is No Eng Version