no

အပိုင်း (၄၈) - အချပ်ပို (၃)

[အလင်းရောင်]

ထိုနေ့ညနေခင်း၏ အားကစားခန်းမထဲရှိဇာတ်လမ်းက အလျင်အမြန်ပျံ့နှံ့သွားခဲ့သည်။ ကံကောင်းစွာဖြင့် ထျန်းချန်ကျောင်းသားအများစုက လောကကြီး၏နည်းလမ်းများနှင့် အကျွမ်းတဝင်ရှိကြပြီး ယဲ့စစ်ကို ရှားပါးတိရစ္ဆာန် သို့မဟုတ် ဒေါသတကြီးကောလာဟလများဖြန့်သည့်ရှုထောင့်ကနေ မကြည့်ခဲ့ကြပေ။ ကနဦး ထိတ်လန့်သွားသည်မှလွဲ၍ ကျောင်းသားအများစုက ပုံမှန်ပြန်ဖြစ်သွားကြသော်လည်း အကွက်ရွှေ့ဖို့ချောင်းနေကြသည့် အယ်ဖာတစ်စုကတော့ ရေအေးများဖြင့် လောင်းချခံရကာ စိတ်ဓါတ်ကျသွားကြ၏။

၎င်းတို့ကြားထဲမှာ ချန်ရှောက်၏ကျရှုံးခန်းက အထူးပြင်းထန်လွန်းသည်။ အခိုက်အတန့်တစ်ခုမှာ သူက ယဲ့စစ်၏ ဘတ်စကတ်ဘောစွမ်းရည်များကြောင့် ရူးသွပ်စွာ စိတ်လှုပ်ရှားလာခဲ့ပြီး နောက်အခိုက်အတန့်၌ ယဲ့စစ်မှာ အယ်ဖာတစ်ယောက်ရှိရုံသာမက လက်တောင်လက်ထပ်ပြီးပြီဖြစ်ကြောင်း သိလိုက်ရလေသည်။ သူ့ထက်သန်မာပြီး ပိုမိုကောင်းမွန်သည့်အယ်ဖာတစ်ယောက်ဆီမှာ ဖြည်းဖြည်းချင်း နင်းချေခံလိုက်ရပြီးနောက် သူ့ကိုယ်ထဲမှ စိတ်ဆန္ဒ၏မီးတောက်လေးမှာ ငြိမ်းသွားတော့သည်။ အယ်ဖာ၏မာနကို ကြီးကြီးမားမားထိခိုက်ခံလိုက်ရပြီးနောက် သူက ရာသီဥတုဒဏ်ကြောင့် ညှိုးရော်သွားသော ခရမ်းသီးလေးလို ရက်အနည်းငယ်လောက် ရှုံ့တွနေခဲ့သည်။

အခြားတစ်ဖက်တွင် ယဲ့စစ်နှင့် ဆက်ဆံရေးကောင်းသောအိုမီဂါလေးများမှာ လုံးဝဂနာမငြိမ်ခဲ့ကြပေ။ ၎င်းတို့မှာ အခွင့်အရေးရလာတိုင်း ယဲ့စစ်ကိုအမိဖမ်း၍ 'အသေးစိတ်အချက်အလက်များ' အတွက် နှိပ်စက်ခဲ့ကြသည်။

လူတိုင်းက အပြုသဘောဆောင်ကာ အတင်းအဖျင်းပြောကြခြင်းဖြစ်ပြီး ပြောလို့အဆင်မပြေသည့် ကိုယ်ရေးကိုယ်တာကိစ္စများမရှိရာ ယဲ့စစ်က အရိုးသားဆုံးဖြေပေးခဲ့၏။

ယဲ့စစ်တစ်ခွန်းပြောလိုက်တိုင်း 'ဝူးဝူးဝူး အရမ်းချိုမြိန်တာပဲ!' ဟူသော အာမေဍိတ်သံများကို ကြားရစမြဲပင်။

ရာသီဥတုက ပြောင်းလဲလာပြီး အသက်ရှူကျပ်စရာကောင်းသော နွေရာသီအပူက ညတွင်းချင်း ပျောက်ကွယ်သွားခဲ့သည်။ စာသင်ခန်းထဲမှ လေအေးပေးစက်ကို ပိတ်လိုက်ရပြီဖြစ်ပြီး ဆောင်းဦးရာသီ အားကစားပွဲအတွက်နေ့ကို သတ်မှတ်လိုက်ပြီဖြစ်၏။

ကျောင်း၏ နှစ် ၃၀ ပြည့် အထိမ်းအမှတ်အခမ်းအနားနှင့်အတူ ဤအားကစားပြိုင်ပွဲကို ကျင်းပမည်ဖြစ်ကြောင်း ကျောင်းက သတိပေးချက်ထုတ်ပြန်ခဲ့သည်။ ဖွင့်ပွဲတင်ဆက်မှုက ယခင်နှစ်များထက် ကြီးကျယ်ခမ်းနားမည်ဖြစ်ပြီး နယ်ပယ်အသီးသီး၌ နာမည်ကြီးများဖြစ်နေကြသည့် ထူးချွန်သော အထက်တန်းကျောင်းထွက်ဘွဲ့ရများကိုလည်း ကျောင်းနှစ်ပတ်လည်အတွက် မိန့်ခွန်းပြောကြားပေးရန် ဖိတ်ကြားလိမ့်မည်ဟုပြောခဲ့သည်။

အချိန်ကို သတ်မှတ်ပြီးသွားပြီး အမျိုးမျိုးသောပြိုင်ပွဲများကိုလည်း ကြေညာထားသည်။ အတန်း ၇ ရှိ အိုမီဂါများ၏စိတ်အာရုံများက ကူးစက်ရောဂါအလား အလွန်ဆိုးဝါးနေ၏။ စာသင်နှစ်လေးဖြတ်စလုံး အိုမီဂါပွဲစဥ်များကို အပြည့်အဝ စာရင်းသွင်းခွင့်မရှိပေ။ တာတိုပြေးခြင်းက အဆင်ပြေပြီး ၎င်းတို့တွေ မီတာ ၄၀၀ ပြေးနိုင်ကြပေ၏။ တာဝေးပြေးပွဲကဲ့သို့ ပြင်းထန်သောပွဲများအတွက် မည်မျှပင်တောင်းပန်နေပါစေ အားကစားကော်မတီအဖွဲ့ဝင်များက မည်သူ့ကိုမျှ စာရင်းသွင်းပေးမည်မဟုတ်ပေ။ အမြဲလိုလို နောက်ဆုံးဘိတ်မှာရှိနေတတ်သည့် သုံးဆင့်ခုန်ခြင်းက*¹ ကျွမ်းကျင်မှုလိုအပ်သည့်ကစားနည်းဖြစ်ပြီး 'မီတာ ၃၀ ပြေးပြီး စမှတ်အနားမှာပဲခုန်ခြင်း'*² အဖြစ် သတ်မှတ်လို့ရပေ၏။ ထို့ကြောင့် အတန်း၏ စုစုပေါင်းအမှတ်များက အလယ်အလတ်နှင့် အောက်ဆုံးအဆင့်၌သာ ရှိနေတတ်ပြီး 'ဖော်ရွေမှုကပထမ၊ ပြိုင်ပွဲကဒုတိယ' ဆိုသည့်မူဝါဒကို ပြတ်ပြတ်သားသား အကောင်အထည်ဖော်ခဲ့ကြသည်။

[TN/*¹ Triple jump ကို သုံးဆင့်ခုန်ခြင်းလို့မြန်မာမှုပြုတာ မှားကောင်းမှားနိုင်ပါတယ်။ သူက အလျားလိုက်ကို ဘယ်လောက်ဝေးဝေးခုန်နိုင်လဲဆိုတဲ့ ဂိမ်းမျိုးပါ။ တရုတ်ဟာသဗီဒီယိုလေးတွေမှာာတွေ့ဖူးမှာပါ။ ခုန်တဲ့နေရာမှာ သဲတွေခင်းထားပါတယ်။ *² မီတာ ၃၀ လောက်ကနေ အရှိန်ယူပြီးပြေးလာခဲ့ပေမဲ့ ခုန်လိုက်တဲ့အချိန်မှာ ခပ်ဝေးဝေးမရောက်ဘဲ စမှတ်နားလောက်ပဲ ခုန်န်ိုင်တာကိုပြောတာပါ။]

အထက်တန်းကျောင်းတတိယနှစ်၏ နောက်ဆုံးစာသင်နှစ်တစ်ဖြတ်၌ ၎င်းတို့သည် မျိုးစေ့ကောင်းလေးကို ရှာတွေ့ခဲ့ကြသည်။ အားကစားကော်မတီဝင်က အားလပ်သည့်အချိန်တိုင်း ယဲ့စစ်ကိုချောင်းကာ တတွတ်တွတ်ညည်းတွားနေခဲ့၏။ "တစ်ခုလေးပါပဲ စစ်ကော၊ နောက်တစ်ခါလေးပဲ လက်မှတ်ထိုးပေးရင် မင်းက ငါ့ရဲ့ကောပဲ။ လှံတံပစ်ပြိုင်ပွဲလေးပဲ ထပ်ထည့်လိုက်ကြရအောင်ပါ။ အဲ့ဒါအတွက် တစ်ယောက်ပဲစာရင်းပေးထားသေးလို့ ငါတို့ လူလိုနေသေးတာ။ ပြီးရင် ငါ နောက်ဆုံးအတန်းကို ထပ်ပြီးသွားမေးဦးမှာပါ..."

ယဲ့စစ်က အလွန်ပင်ပန်းမည်စိုးကြောင့်မဟုတ်ဘဲ ပြိုင်ပွဲအများကြီး၌ ပါဝင်ရမည်ကို အလွန်ရှက်ရွံ့သောကြောင့် ပြန်ဖြေဖို့တွန့်ဆုတ်နေလေ၏။ သူ အားကစားကော်မတီဝင်ကို ခက်ခဲသောပြိုင်ပွဲ နှစ်ပွဲ၊ သုံးပွဲလောက် ကူညီပေးချင်ခဲ့သည်။ ရလဒ်အနေဖြင့် သူ စိတ်ပျော့သွားသည်နှင့်တစ်ပြိုင်နက် အားကစားကော်မတီဝင်ဆီကနေ လုံးလုံးလျားလျား သိမ်းသွင်းခံခဲ့ရသည်။ အခြားအိုမီဂါများကလည်း

သူ့ကို ရူးသွပ်စွာအားပေးခဲ့ကြပြီး ထိုကဲ့သို့သော တွန်းအားများနှင့်အတူ သူ နောက်ထပ်နှစ်ပွဲလောက်ကို စာရင်းပေးခဲ့ရသည်။ သို့သော် ထိုမျှစာရင်းပေးပြီးတာတောင် အားကစားကော်မတီဝင်က သူ့ကို လွှတ်မပေးသေးဘဲ ဆူဖြိုးသည့်သိုးတစ်ကောင်လို စာသင်ဆောင်အပေါက်ဝကနေ ကျောင်းဂိတ်ပေါက်အထိ သူ့နောက်ကနေ တောက်လျှောက်လိုက်နေ၏။ "စစ်ကော၊ ဒီတစ်ခေါက်တော့ အတန်း ၇ က စစ်ကောရဲ့ကျေးဇူးကြောင့် အောင်ပွဲခံနိုင်တော့မှာ!!!"

စိတ်လှုပ်ရှားစွာ ကြည့်နေခဲ့ကြသော အိုမီဂါလေးများကလည်း မီးတောက်ကို ယပ်ခတ်ပေးကာ ချိုမြိန်စွာ ခေါ်လာခဲ့ကြသည်။ "စစ်.....ကော...."

ယဲ့စစ်မှာ တွန့်သွားပြီး သူ ခလုတ်တိုက်လဲတော့မလိုတောင်ဖြစ်သွား၏။

အိုမီဂါလေးများက ခိုးခိုးခစ်ခစ်ရယ်လိုက်ကြသည်။

"လျှောက်၊ လျှောက်မအော်ကြနဲ့လေ..." ယဲ့စစ်၏နားရွက်လေးများက နီရဲလာပြီး အားကစားကော်မတီဝင်ကို ကူကယ်ရာမဲ့သွာကြည့်ကာ ပြောလိုက်သည်။ "တကယ် ဒီတစ်ခုက နောက်ဆုံးပဲ။ ငါ စာရင်းပေးတာများသွားပြီ၊ တခြား၊ တခြားအတန်းတွေက ပြိုင်နိုင်မှာမဟုတ်တော့ဘူး။"

သူပြောသည်မှာ အမှန်ဖြစ်သော်လည်း အနည်းငယ်မောက်မာပုံပေါ်ပြီး သူ၏ရိုးသားမှုကြောင့် အထူးမာနကြီးပုံပေါက်ကာ ယင်းမှာ ကျောင်းသားများကြား နောက််ထပ်စိတ်လှုပ်ရှားမှုလှိုင်းကို ဖြစ်ပေါ်လာစေခဲ့သည်။

ကျောင်းဆင်းချိန်အတွင်း ကျောင်းဂိတ်တံခါးဝမှာ ယာဥ်ကြောပိတ်ဆို့ကာ လူများစည်ကားနေ၏။ ကျောင်းသားများမှာ ရင်းနှီးသောကား သို့မဟုတ် ၎င်းတို့ကိုလာကြိုမည့် တာဝန်ရှိသူကို ရှာတွေ့ရန် လည်ပင်းကိုဆန့်ကာ မျှော်ကြည့်တတ်ကြသည်။

လူအုပ်ကြီးထဲတွင် အရပ်ရှည်ကာ တောင့်တောင့်ဖြောင့်ဖြောင့်ဖြစ်သော ဟော့ထင်းထန်၏ပုံရိပ်က အထူးထင်ရှားနေ၏။ အနက်ရောင်ရှပ်အင်္ကျီက သူ့မျက်နှာနှင့် လိုက်ဖက်နေပြီး မျက်ဝန်းနက်များဖြင့် အသံတိတ်လှည့်ပတ်ကြည့်နေခဲ့သည်။

လူတိုင်းကို ဆွဲဆောင်နိုင်သော သူ၏အိမ်ထောင်ဖက်လေးအား အယ်ဖာများဆီကနေ ကာကွယ်ရုံမျှဖြင့် မလုံလောက်သေးဘဲ အိုမီဂါများကိုလည်း လျှော့တွက်လို့မရပေ။

ထိပ်တန်းအယ်ဖာတစ်ယောက်၏ ပိုင်ဆိုင်လိုမှုက အမြင့်ဆုံးဖြစ်ပြီး တစ်သက်တာအမှတ်အသား၏ လွှမ်းမိုးမှုက ပျောက်ကွယ်မသွားသေးချေ။ သူ နေ့ရက်တိုင်း၏စက္ကန့်တိုင်းမှာ ဆင်ခြင်တုံတရားကိုထိန်းသိမ်းဖို့ သူ့ကိုယ်သူ သတိပေးနေခဲ့ရသည်။

...

ထားလိုက်ပါ။

သူ ကလေးတွေကြောင့်နဲ့ ရှာလကာရည်သောက်ဖို့မလိုပါဘူး။

အဆိုးဆုံးဆိုလည်း... သူ ဘယ်နေရာမှာဖြစ်ဖြစ် လျော်ကြေးပြန်တောင်းလိုက်လို့ရတာပဲ။

ထိုစဥ် တစ်စုံတစ်ယောက်က သူ့ကိုမြင်သွားပြီး ယဲ့စစ်ကို အလျင်အမြန်ပုတ်လိုက်သည်။ "အဟွတ်၊ ရှောင်စစ်၊ ဟိုမှာ..."

ကျောင်းသားလေးများက ခေါင်းမော့လိုက်ရာ အခိုက်အတန့်တစ်ခုလောက် အံ့အားသင့်သွားပြီးနောက် အနည်းငယ်စိတ်လှုပ်ရှားစွာဖြင့် ဟော့ထင်းလန်ကို ယဥ်ကျေးစွာနှုတ်ဆက်လာကြသည်။

၎င်းတို့၏မိသားစုတချို့က ဟော့မိသားစုနှင့်ရင်းနှီးပြီး အခြားသူများက လက်ရှိအချိန်မှာ ထိုကဲ့သို့ဆက်ဆံရေးကို မတည်ဆောက်နိုင်ခဲ့ကြပေ။ ၎င်းတို့ထဲမှာ ဟော့ထင်းလန်အတွက် မျက်နှာသိနေသူမှာ နှစ်ယောက်သာရှိသည်။ ၎င်းတို့ကို နှစ်သစ်ကူးအတွင်း တွေ့ခဲ့ဖူးပြီး ၎င်းတို့မှာ အခြားမိသားစုမှ ဂျူနီယာလေးများဖြစ်သည်။

သူက ပြုံးပြကာ ပြန်လည်နှုတ်ဆက်၍ ပေါ့ပေါ့ပါးပါးပြောလိုက်သည်။ "ကိုယ့်ရဲ့လူကြီးလူကောင်းလေးကို လာကြိုတာ။"

ယဲ့စစ်က ထိုအသုံးအနှုန်းကို ကြားနေကျဖြစ်သော်လည်း အိုမီဂါလေးများမှာ စိတ်လှုပ်ရှားကာ သူ့(ယဲ့)ကိုစားချင်နေသကဲ့သို့ အရူးအမူးစိုက်ကြည့်လာကြသည်။

ယဲ့စစ်: "..."

ယဲ့စစ်တစ်ယောက် ရှက်ရွံ့သွားပြီး တီးတိုးပြောလိုက်သည်။ "ကျွန်တော် အားကစားပြိုင်ပွဲအတွက် စာရင်းပေးနေတာ။"

လွန်ခဲ့သည့်ရက်များအတွင်း ဟော့ထင်းလန်က ဒရိုက်ဘာ၏အလုပ်ကို ဓါးပြတိုက်ခဲ့ပြီး သူ့ကို ကျောင်းလာကြိုဖို့ အဝေးကြီးမောင်းလာခဲ့သည်။ သူက ကားထဲမှာထိုင်စောင့်နေဖို့ကို ငြင်းဆန်ကာ ကျောင်းဂိတ်ပေါက််ဝ၌ မိုးတိုးမတ်တတ်ဖြင့် အလုပ်ကြိုးစားသော အခြားမိဘများကဲ့သို့ အဝေးကို လှမ်းမျှော်နေတတ်၏။ ထို့အပြင် သူက မည်သူမှစော်ကားလို့မရသည့် အာဏာရှိပုဂ္ဂိုလ်ဖြစ်ရာ သူ့အပိုင်ကို မည်သူကမှ မက်မောရဲမည်မဟုတ်တော့ပေ။

"ကိစ္စမရှိပါဘူး၊ အေးအေးဆေးဆေးလုပ်လေ။" ဟော့ထင်းလန်က ယဲ့စစ်၏ညာဘက်ပခုံးပေါ်မှာ လွယ်ထားသောကျောင်းလွယ်အိတ်ကို တည်တည်ငြိမ်ငြိမ်ယူလိုက်ပြီး ကူသယ်ပေးလိုက်၏။ ထို့နောက် သူ့လက်ဖျံမှာချိတ်ထားသော ကျောင်းယူနီဖောင်းလက်ရှည်ကိုလည်း ယူလိုက်သည်။

ဂုဏ်သရေရှိသော မိသားစုခေါင်းဆောင်ဖြစ်သူသည် ကိုယ်ရေးကိုယ်တာလက်ထောက်တစ်ယောက်ကဲ့သို့ ယဲ့စစ်၏လွယ်အိတ်နှင့် လက်ရှည်တို့ကို ကျွမ်းကျင်မှုရှိစွာ သယ်ပေးထားပုံက သိသိသာသာ ရှိုးပြခြင်းအတွက်မဟုတ်ပေ။

ယခုလို အလိုလိုက်သောလုပ်ရပ်၏အဓိပ္ပါယ်က သိသာထင်ရှားပေသည်။

ထုံးစံအတိုင်း ၎င်းမှာ 'ပိုင်ဆိုင်မှုကိုကြေညာခြင်း' အဓိပ္ပါယ်လည်း ပါဝင်နေခဲ့၏။

ယဲ့စစ်က ဤရှူထောင့်များ၌ နှေးကွေးပြီး အဓိပ္ပါယ်ကိုမသိသော်လည်း အခြားအိုမီဂါများကတော့ တစ်စက္ကန့်အတွင်းမြင်လိုက်ကြပြီး အားလုံး တိတ်တဆိတ်ပြုံးနေခဲ့ကြသည်။

ဟော့ထင်းလန်ကလည်း နားလည်စွာဖြင့် ၎င်းတို့ကို ပြုံးပြလိုက်သည်။

"မစ္စတာဟော့၊ စိတ်မပူပါနဲ့။" အနည်းငယ်ရဲတင်းသောအိုမီဂါက တက်ကြွစွာပြောလိုက်သည်။ "ကျွန်တော်တို့အားလုံး မစ္စတာဟော့အတွက် စောင့်ကြည့်ပေးပါ့မယ်!"

"အာ?" ယဲ့စစ်က ဆွံ့အနေ၏။ "ဘာကို စောင့်ကြည့်မှာလဲ၊ ငါ့ကိုလား။"

ဟော့ထင်းလန်က ပြုံးလိုက်ပြီး စနောက်သောလေသံဖြင့် 'ကောင်းပါပြီ' ဟုပြန်ပြောကာ ယဲ့စစ်နှင့်အတူ ကားရှိရာသို့သွားခဲ့သည်။

ယခုတစ်ခေါက်၌ ကားထဲမှာ ဒရိုက်ဘာတစ်ယောက်ရှိလေပြီ။

၎င်းမှာ ရက်အနည်းငယ်ကြာပြီဖြစ်သော်လည်း ယဲ့စစ် ကားအနောက်ခန်းထဲဝင်လိုက်သည်နှင့် သူ့ခြေထောက်များ အပူလာင်သွားသလိုမျိုး ထင်ယောင်ထင်မှားဖြစ်သွားခဲ့သည်။

ယင်းမှာ မီးတောင်ကျောက်ကဲ့သို့သော ပူနေသောတစ်စုံတစ်ခုပေါ် တက်နင်းမိလိုက်သလို သို့မဟုတ် လက်ငါးချောင်းက သူ့ခြေချင်းဝတ်ကို ဆုပ်ကိုင်လိုက်သလိုပင်။

"မင်း တစ်ခုခုကို သတိရနေတာလား။" ဟော့ထင်းလန်က အေးအေးလူလူမေးလာပြီး သူ့ကို လှည့်ကြည့်လာ၏။

"မဟုတ်တာ!" ယဲ့စစ်က ဦးခေါင်းကြီး လွင့်ထွက်သွားတော့မလို အပြင်းအထန်ခေါင်းယမ်းလိုက်သည်။

"စကားမစပ်၊ မင်း အားကစားပြိုင်ပွဲအကြောင်း ဆွေးနွေးနေတာ ကိုယ်ကြားလိုက်ရတယ်။" ဟော့ထင်းလန်က အပြုံးလေးဖြင့် မေးလိုက်သည်။ "အဲ့ဒါက ကျောင်းနှစ်ပတ်လည်နဲ့ အတူတူကျင်းပမှာမဟုတ်လား။"

ယဲ့စစ်က မျက်ခုံးပင့်ကာ စူးစမ်းလိုစိတ်ဖြင့် ပြောလိုက်သည်။ "ဘယ်လိုသိတာလဲ။"

ဟော့ထင်းလန်က ကျောင်း၏ဒါရိုက်တာဘုတ်အဖွဲ့ဝင်တစ်ဦးဖြစ်ကြောင်း သူ သိထားသော်လည်း ဟော့မိသားစု၏ ပိုင်ဆိုင်မှုများစွာနှင့်ဆို ထျန်းချန်ကျောင်းက မထင်မရှားအရာလေးတစ်ခုသာ။ သူက ထိုကဲ့သို့အရာများကို ဂရုမစိုက်တတ်ဘဲ အရေးကြီးကိစ္စရှိလာလျှင်တောင် အထူးလက်ထောက်ကိုသာ လက်လွှဲလိုက်သည်။ ကျောင်းနှစ်ပတ်လည် သို့မဟုတ် အားကစားပြိုင်ပွဲက သူအာရုံစိုက်မည့်စာရင်း၏ ဆယ်နေရာမြောက်မှာတောင် ရှိလိမ့်မည်မဟုတ်ပေ။

"ကိုယ် ကျောင်းနှစ်ပတ်လည်အတွက် ဖိတ်စာရထားတယ်။" ဟော့ထင်းလန်က လှပစွာပုံနှိပ်ထားသောစာကို ထုတ်ယူကာ ၎င်းကိုဖွင့်လိုက်၏။ "ထူးချွန်တဲ့ ထျန်းချန်ကျောင်းထွက်တွေကို ဖွင့်ပွဲအခမ်းအနားမှာ မိန့်ခွန်းပြောဖို့ ဖိတ်ထားတယ်လေ။"

သူသည်လည်း အထက်တန်းတုန်းက ထျန်းချန်မှာတက်ခဲ့ပြီး ဘွဲ့ရပြီးနောက်မှ နိုင်ငံခြားထွက်ခဲ့သည်။

"ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်က မင်းရဲ့စီနီယာဖြစ်နေတုန်းပဲ။" ဟော့ထင်းလန်က ဇဝေဇဝါဖြစ်နေပြီး အနည်းငယ်စိတ်ဖိစီးနေသလို မျက်ခုံးများကို တွန့်ချိုးထား၏။ "ကိုယ် ဒီရက်ပိုင်း အလုပ်များနေတာနဲ့ သွားဖို့၊ မသွားဖို့ကို မဆုံးဖြတ်ရသေးဘူး။ ပေါင်ပေါင်း ကိုယ့်ကို..."

[TN/ လာစေချင်လားလို့ မေးမလို့ပါ။]

ယဲ့စစ်၏တောက်ပသောမျက်ဝန်းများက မှေးကျဥ်းကာ ဦးခေါင်းလေးတိုးဝှေ့သွားပြီး ဖိတ်စာကို သံသယရှိစွာစစ်ဆေးလိုက်သည်။

သူ ဟော့ရှူးရှူပြောတာကို တစ်ဝက်သာနားထောင်ပြီး ကျန်တစ်ဝက်ကို ကိုယ့်ဘာသာကိုယ်စစ်ဆေးခြင်းက ဘယ်တော့မှ မှားယွင်းသည့်လုပ်ရပ်မဟုတ်ပေ။

"ဘာလဲ၊ ကိုယ်က ဖိတ်စာအတုလုပ်မှာကို စိုးရိမ်နေတာလား။" ဟော့ထင်းလန်က ပြုံးလိုက်ပြီး အလွန်အပြစ်ကင်းစင်စွာဖြင့် ခက်ခက်ခဲခဲရထားသောဖိတ်စာထောင့်လေးကို ပွတ်သပ်ကာ ယုံကြည်မှုအပြည့်ဖြင့်ပြောလိုက်သည်။ "ဒီမှာကြည့်လိုက်လေ၊ ကျောင်းဒါရိုက်တာတစ်ယောက်ရဲ့လက်မှတ်နဲ့ ကျောင်းရဲ့တံဆိပ်လည်းပါတယ်..."

၎င်းမှာ အမှန်တကယ်ကို ကျောင်ဒါရိုက်တာ၏လက်မှတ်ပင်။

ယဲ့စစ် ကြောင်အမ်းသွား၏။

ဖိတ်ကြားမည့်ထူးချွန်ဘွဲ့ရကျောင်းသား: ဟော့ထင်းလန်။

ဖိတ်ကြားသူ၏လက်မှတ်: ဟော့ထင်းလန်။

မျဥ်းနှစ်ကြောင်းအထက်မှာ ပြတ်သားပြီး ကြော့ရှင်းသော 'ဟော့ထင်းလန်' ဆိုသည့်လက်ရေးက တစ်ထပ်တည်းတူနေလေ၏။

ကျောင်းဒါရိုက်တာတစ်ယောက်ဖြစ်သည့် အချက်အပေါ်မူတည်၍ ထိုလူက ကျောင်းကို ဖိတ်စာတောင်းကာ သူ့ကိုယ်သူပြန်ဖိတ်ထားခဲ့သည်။

ဘယ်လိုတောင် အရေပါးတဲ့လူလဲ!

ယဲ့စစ်မှာ အံ့သြမဆုံးဖြစ်နေခဲ့၏။

"မင်း အားကစားပြိုင်ပွဲမှာ ဘယ်လိုနေလဲဆိုတာ ကိုယ်ကြည့်ချင်လို့ပါ။" ဟော့ထင်းလန်သည် အစကတည်းက ကွယ်ဝှက်ထားဖို့ရည်ရွယ်ချက်မရှိရာ အပြုံးလေးဖြင့် မေးလိုက်သည်။ "ကိုယ်သွားလို့ရမလား။"

"...အင်း။" ယဲ့စစ်တစ်ယောက် သူ့ပါးကို ကုတ်ခြစ်လိုက်လေသည်။

မည်သည့်ယောက်ျားလေးက သူ့ချစ်သူရှေ့မှာ မိမိုက်သည့်ပုံမပေါက်ချင်ဘဲနေမည်နည်း။

သူ ဟော့ထင်းလန်ကို သူယှဥ်ပြိုင်သည့်ပုံအား ကြည့်စေချင်ခဲ့သည်။

အစတုန်းက သူသည် သူ့အတန်းဖော်တစ်ယောက်ကို ဗီဒီယိုတချို့ရိုက်ကူးပေးဖို့ အကူအညီတောင်းပြီး ဟော့ထင်းလန်ဆီပို့ရန် စီစဥ်ခဲ့၏... သို့သော် ဟော့ထင်းလန် လူကိုယ်တိုင်ရောက်လာလျှင် အကောင်းဆုံးဖြစ်လိမ့်မည်။

အများဆုံးမှ သူ့သူငယ်ချင်းများဆီကနေ အစခံရနိုင်သော်လည်း... သူ ထိုအရာနှင့် အနည်းငယ်ကျင့်သားရနေပြီဖြစ်၏။

...

အားကစားပြိုင်ပွဲနေ့၌ ကောင်းကင်ဘုံက ၎င်းတို့ကို မျက်နှာသာပေးကာ တိမ်များထူနေသော်လည်း မိုးမရွာသလို နေလည်းမပူခဲ့ပေ။

ကျောင်းနှစ်ပတ်လည်၏ ဖွင့်ပွဲအခမ်းအနားက အမှန်တကယ်ကို ခမ်းနားလွန်းပေ၏။ ကျောင်းသားများက တော်တော်လေးများပြီး အတန်းတစ်တန်းစီက အာရုံစိုက်မှုကိုဖမ်းစားရန် တင်ဆက်မှုများကို တီထွင်ကြံဆခဲ့ကြသည်။ ပထမနှစ်အတန်းတစ်တန်းဆိုလျှင် အယ်ဖာသခင်လေးတစ်ယောက်က အလံကိုကိုင်၍ ကွင်းထဲမှာ မြင်းပတ်စီးပြခဲ့၏... ကံကောင်းစွာဖြင့် ယဲ့စစ်က အတန်း ၇ အတွက် ဖွင့်ပွဲတင်ဆက်မှု၌ မပါဝင်ခဲ့ပေ။ မိန်းကလေးများနှင့် အိုမီဂါယောက်ျားလေးများက စကတ်အတိုများဝတ်ကာ ကပြခဲ့ကြသည်။ ယဲ့စစ်က နံဘေးမှာရပ်နေပြီး ၁.၈ မီတာရှည်သော သူ့အရပ်ကြောင့် ဂုဏ်ယူဝံ့ကြွားနေတော့၏။

စကတ်များက သူနှင့်ဆို တစ်ဆယ်စင်တီမီတာလောက် ပိုတိုသွားလိမ့်မည်...

ထိုသို့ဆိုလျှင် ကြောက်စရာမကောင်းဘူးဟုပြောရန် ခက်ခဲပေသည်။

ကျောင်းအသင်းတစ်ခုလုံး ခန်းမထဲဝင်ရောက်လာပြီးနောက် အမျိုးမျိုးသော ခေါင်းဆောင်များနှင့် ကျောင်းသားကိုယ်စားလှယ်များက မိန့်ခွန်းပြောခဲ့ကြပြီး ထို့နောက်မှာ ထူးချွန်ဘွဲ့ရများက မိန့်ခွန်းနှင့် ကျောင်းနှစ်ပတ်လည်အတွက် ဆုတောင်းစကားကို ပြောခဲ့ကြသည်။ ဟော့ထင်းလန်မှလွဲ၍ သက်ဆိုင်ရာနယ်ပယ်အသီးသီး၌ ကျော်ကြားသော ဘွဲ့ရများစွာကို အမှန်တကယ် ဖိတ်ကြားခဲ့သည်။

အားကစားကွင်းထဲမှာ ရပ်နေရသည့် သူ၏လူကြီးလူကောင်းလေးအတွက် တွေးပေးသည်လားမသိသော်ငြား ဟော့ထင်းလန်၏မိန့်ခွန်းက အတိုဆုံးဖြစ်ပေ၏။ သူ ပါးစပ်ဟလိုက်သည်နှင့် တန်းစီရပ်နေကြသော ကျောင်းသားများဆီကနေ အဆက်မပြတ်သော ရုန်းရင်းဆန်ခတ်သံများထွက်လာပြီး ထိန်းမနိုင်သော အော်သံတချို့လည်းရှိလာသည်။ သို့သော် ထိုဖရိုဖရဲလေထုက ဟော့ထင်းလန်ကို သက်ရောက်ခြင်းမရှိခဲ့ပေ။ သူ၏လေသံက လေးနက်ကာ တည်ငြိမ်နေပြီး သူ့ကိုမသိသောလူများက သူ့အား လေးနက်သည့်လူဟု ထင်နေကြလိမ့်မည်။

ဖွင့်ပွဲအခမ်းအနားပြီးနောက် နောက်ဆုံးတော့ အားကစားပြိုင်ပွဲကို စတင်ခဲ့သည်။ ယဲ့စစ်က အလျင်အမြန် သန့်စင်ခန်းထဲသွားကာ အားကစားဝတ်စုံများဖြစ်သည့် လက်တိုနှင့် ဘောင်းဘီအတိုများကို လဲဝတ်ခဲ့သည်။ အားကစားဘောင်းဘီတိုက ပေါင်လယ်ထက် ပိုမရှည်သဖြင့် မှန်ကန်သော ကြွက်သားပမာဏရှိပြီး အချိုးအစားကျသော သူ၏ခြေထောက်လေးနှစ်ချောင်းမှာ ထင်ပေါ်နေခဲ့သည်။ သူ၏အရေပြားက ချောမွေ့လွန်းသောကြောင့်ဖြစ်နိုင်၏၊ သူ၏ပေါင်လုံးကြွက်သားများတစ်လျှောက်၌ အလင်းရောင်အလွှာပါးပါးလေးကို ထုတ်လွှတ်နေသလိုပင်။

အလွန်သွက်လက်၏။

အလွန်လှပ၏။

အလွန်... ဆွဲဆောင်မှုရှိနေပေသည်။

***

Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment