no

အပိုင်း (၅၃.၂) - အချပ်ပို (၈.၂)

ထို့ကြောင့် ဖုန်းချပြီးနောက် ဦးလေးဟယ်ဆီ ဖုန်းဆက်မေးလိုက်ရာ ဟော့ထင်းလန်က လွန်ခဲ့သည့်နှစ်ရက်လုံး အဖျားကြီးကာ ဆရာဝန်ပင့်ပြီး IV တောင်ချိတ်ခဲ့ရ၏။ သို့သော်လည်း အဖျားပိုးက ပြင်းထန်ပြီး သူ၏အိုမီဂါလေးကိုလည်း မတွေ့နိုင်သောကြောင့် စိတ်မကောင်းဖြစ်ကာ အဖျားက တော်တော်နှင့်မပျောက်ခဲ့ပေ။ ထိုနှစ်ရက်လုံး သူက အစားတောင်သိပ်မစားခဲ့ပေ။

အခန်းဖော်တစ်ယောက်က ဖုန်းကိုကောက်ကြည့်ပြီး စိုးရိမ်စွာ ပြောလာခဲ့သည်။ "ကျောင်းဂိတ်က မကြာခင်ပိတ်တော့မှာ။ အပြင်မှာ နှင်းတွေလည်းကျနေတုန်းပဲ။ မင်း ကားခေါ်လို့အဆင်ပြေပါ့မလား...."

"ငါ နံရံကျော်တက်သွားလိုက်မယ်။ ပြီးရင် လမ်းလျှောက်ရင်း ကားခေါ်လိုက်လို့ရတယ်။ ကားခေါ်လို့်မရရင်လည်း စက်ဘီးငှားသွားလိုက်မယ်။" ယဲ့စစ်က အခက်အခဲအားလုံးကို ကျော်လွှားခဲ့ဖူးပြီး ကျောင်းလွယ်အိတ်ကို ပခုံးပေါ်သို့ ခပ်မိုက်မိုက်ပစ်တင်ကာ အခန်းဖော်သုံးယောက်ကို လက်ပြလိုက်သည်။ "နောက်မှတွေ့မယ်။"

...

ဟော့အိမ်တော်ရှိ ညအချိန်က အေးချမ်းမနေပေ။

IV ကုန်သွားသောအခါ ဆရာဝန်က ဟော့ထင်းလန်၏လက်ကအပ်ကို ဖြုတ်လိုက်ပြီး ကိုယ်အပူချိန်ပြန်တိုင်းကာ နှလုံးခုန်သံကို နားထောင်လိုက်သည်။

သူ၏ကိုယ်အပူချိန်က အနည်းငယ်သာကျသွားသော်လည်း ကံကောင်းစွာဖြင့် အဆုပ်ကိုတော့ မထိခိုက်ခဲ့ပေ။ မည်သို့ပင်ဆိုစေ သူ့မှာ ထိပ်တန်းအယ်ဖာတစ်ယောက်၏ ခန္ဓာကိုယ်တည်ဆောက်ပုံရှိရာ သာမန်လူများထက် အခက်အခဲများကို ပို၍ခံနိုင်ရည်ရှိပေ၏။

"ဒီနေ့ သူ အစားစားရဲ့လား...:

တံခါးအပြင်ဘက်မှာ မိသားစုဆရာဝန်က ဦးလေးဟယ်နှင့် စကားပြောနေခဲ့သည်။ ဟော့ထင်းလန်က သူ့နဖူးအလယ်ကိုပွတ်သပ်ကာ ခေါင်းအုံးပေါ်ပြန်လှဲလိုက်၏။

ထိုစဥ် လှေကားဘက်မှ အလျင်လိုသောခြေသံများထွက်ပေါ်လာ၏။ တစ်စုံတစ်ယောက်၏ မောဟိုက်နေသော အသက်ရှူသံများနှင့်အတူ လှေကားကို နှစ်ထစ်၊ သုံးထစ်ကျော်တက်ကာ ဒုတိယထပ်သို့ ချက်ချင်းခုန်ပျံကျော်လွှားလာသည့်အတိုင်းပင်။

ဟော့ထင်းလန်က မယုံကြည်နိုင်စွာဖြင့် မျက်လုံးဖွင့်ကြည့်လိုက်သော်လည်း သူ မထထိုင်နိုင်ခင် ယဲ့စစ်က လေအလျင်ဖြင့် အထဲကိုရောက်လာပြီဖြစ်၏။ သူ၏လေဖောင်းအင်္ကျီပေါ်မှာ နှင်းများခဲနေပြီး ပဝါလည်စည်းလေးကို နှာခေါင်းထိရောက်အောင်ပတ်ထားကာ သူ၏ပါးမို့မို့လေးနှစ်ဖက်က အေးခဲနေသော အနီရောင်အသီးလေးပမာ။ သူ၏မျက်လုံးများက တောက်ပနေပြီး ဆံပင်များက လေကြောင့်ပုံပျက်ကာ အေးစက်ပြီး လူငယ်ဆန်သောအရှိန်အဝါကို ထုတ်လွှတ်နေသည့် သူ၏နဖူးနှင့် မျက်ခုံးတန်းတန်းလေးများမှာ ထင်ပေါ်နေခဲ့သည်။

"ပေါင်ပေါင်း..." ဟာ့ထင်းလန်မှာ ရှားရှားပါးပါး ထိတ်လန့်တကြားဖြစ်သွား၏။ "ဘာလို့ပြန်လာတာလဲ။"

"ခင်ဗျား နေမကောင်းဖြစ်နေတာကို ဘာဖြစ်လို့ ကျွန်တော့်ကိုမပြောတာလဲ။ ကျွန်တော့်ကို ကလေးတစ်ယောက်လိုမျိုး ဆက်ဆံနေတုန်းပဲ။" ယဲ့စစ်က ဒေါသတကြီးပြောလိုက်သည်။ သူက ကျောင်းလွယ်အိတ်နှင့် လေဖောင်းအင်္ကျီကိုချွတ်ကာ နံဘေးသို့ပစ်ချလိုက်ပြီး အိပ်ရာနားကို လျှောက်လာခဲ့သည်။ "ဦးလေးဟယ်က ခင်ဗျား rut ကာလနီးလာပြီလို့ပြောတော့ ခင်ဗျား စိတ်ဆတ်နေတယ်လို့ ကျွန်တော်ထင်လိုက်တာ။"

"သူက လျှောက်ပြောနေတာ။" ဟော့ထင်းလန်က နှာမှုတ်လိုက်ပြီး ယဲ့စစ်၏တာဝန်ကို ဦးစွာရှင်းလင်းပေးလိုက်သည်။ "ပေါင်ပေါင််းပြောတာမှန်ပေမဲ့ ကိုယ် စိတ်ဆတ်မနေပါဘူး။"

"ကျွန်တော် မနက်ဖြန် နည်းပြနဲ့သွားတွေ့ပြီး ဒီရက်ပိုင်း အိမ်မှာပဲစာလေ့လာလိုက်မယ်။" ယဲ့စစ်က အတင်းအကျပ်စီစဥ်လိုက်သည်။

ဟော့ထင်းလန်က မျက်လုံးများမှိတ်ကာ ပြောလိုက်သည်။ "ပေါင်ပေါင်း၊ ကိုယ့်ကို အဲ့လောက်ထိ အလိုမလိုက်ပါနဲ့။"

ယဲ့စစ်က ဒေါသထွက်နေသည်လော။

သူ အမှန်တကယ် ဒေါသထွက်နေသည်။

ဟော့ထင်းလန်က ဆိုးဝါးသော သူ၏အယ်ဖာသဘာဝကို ထုတ်လွှတ်ဖို့ရည်ရွယ်ချက်မရှိခဲ့ပေ။ သို့သော် ယဲ့စစ်က အလွန်စဥ်းစားပေးတတ်သောကြောင့် မီးတောက်များကို ယပ်ခတ်ပေးကာ သူ၏မောက်မာမှုနှင့် ပိုင်ဆိုင်လိုမှုတို့အား လောင်စာထပ်ဖြည့်ပေးနေလေ၏။

"အသား၊ အသားကျအောင်လုပ်ထား။" ယဲ့စစ်၏စကားထစ်ခြင်းက လုံးဝနီးပါး ပျောက်ကွယ်သွားပြီး စိတ်ခံစားချက်များ မြင့်တက်လာချိန်မှသာ စကားထစ်တော့သည်။ "ဒါက အပြန်အလှန်ပဲလေ၊ ကျွန်တော့်ကိုကျ အသားကျအောင်လုပ်ခိုင်းပြီး ခင်ဗျားက ဘာဖြစ်လို့ အသားမကျသေးတာလဲ။"

သူက ပြောနေရင်းဖြင့် ဟော့ထင်းလန်၏လည်ကုပ်ကိုဖက်တွယ်ကာ သူ၏နဖူးကို တစ်ဖက်လူ၏နဖူးနှင့် ဖိကပ်လိုက်သည်။ "အရမ်းပူနေတာပဲ။"

"အဆင်ပြေပါတယ်။ ကိုယ် IV ချိတ်ပြီးသွားပြီ။" ဟော့ထင်းလန်၏နှလုံးသားလေးက နူးညံ့သွားပြီး ယဲ့စစ်၏နီမြန်းနေသောမျက်နှာလေးကို သူ၏လက်ချောင်းလေးများဖြင့် ပွတ်သပ်လိုက်သည်။ "အဲ့ဒါ မင်းရဲ့နဖူးက အရမ်းအေးနေတာမို့လေ... ဒါနဲ့ ဘာဖြစ်လို့ ဒီလောက်ထိအေးစက်ပြီး နီရဲနေရတာလဲ။ မင်း ဘယ်လိုပြန်လာတာလဲ။"

"ကျွန်တော် စက်ဘီးငှားပြီး နင်းလာခဲ့တာ။ အခုက နောက်ကျနေပြီလေ၊ ပြီးတော့ နေရာကလည်း မြို့နဲ့ဝေးတော့ ကားငှားလို့မရခဲ့ဘူး။" ဟော့ထင်းလန်က သူ့ကို သင်ခန်းစာပေးတော့မည်စိုး၍ သူက ဦးအောင်အပြစ်တင်ကာ ဟော့ထင်းလန်ကို မျက်လုံးထောင့်ကနေခိုးကြည့်၍ ပြောလိုက်သည်။ "ခင်ဗျား ကျွန်တော့်ကို နှင်းမကျတဲ့ရက်တုန်းကသာပြောခဲ့ရင် ကျွန်တော် ဒီလိုလုပ်စရာလိုမှာမဟုတ်ဘူး..."

"အွန်း၊ ပေါင်ပေါင်းပြောတာ မှန်ပါတယ်။ ကိုယ် မဖုံးကွယ််ထားသင့်ဘူး။" ဟော့ထင်းလန်က သူ့အမှားကို ဝန်ခံခဲ့သည်။

"အတိအကျပဲ။" ယဲ့စစ်က အကြည့်လွှဲကာ သူ၏ဂျင်းဘောင်းဘီကိုချွတ်၍ ကိုယ်ကျပ်အပူခံဘောင်းဘီကို ပြသလာပြီးနောက် စောင်ကိုမကာ အိပ်ရာထဲဝင်လိုက်သည်။

သွက်လက်ဖျတ်လတ်သည့်အရွယ်မှာ သူက တစ်လမ်းလုံး စက်ဘီးနင်းလာရသဖြင့် သူ၏ခန္ဓာကိုယ်က မီးဖိုကြီးနှင့်တူနေပြီး အအေးမိလူနာအတွက် အိပ်ရာကိုနွေးထွေးအောင်ပြုလုပ်ပေးဖို့ သင့်တော်ပေသည်။

မမျှော်လင့်စွာဖြင့် ဟော့ထင်းလန်က သူ့၏လည်ကုပ်ကိုဆုပ်ကိုင်ကာ သူ့ကို နားမလည်နိုင်စွာဖြင့် ပြန်၍မ'ထူလိုက်သည်။ "ကိုယ်တို့ ဒီနေ့ည အခန်းခွဲအိပ်ကြရအောင်။"

ယဲ့စစ်၏မျက်လုံးများက ပြူးကျယ်သွား၏။

ဒါ သူသိတဲ့ လိင်ကိစ္စကိုရူသွပ်စွဲလမ်းနေတဲ့ ဟော့ရှူးရှူရောဟုတ်ရဲ့လား!

"မင်း အဖျားကူးသွားရင် ကိုယ် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်လို့ဆုံးမှာမဟုတ်ဘူး။" ဟော့ထင်းလန်က အိပ်ရာထဲကထွက်ကာ မှင်တက်နေသောယဲ့စစ်နှင့်အတူ တံခါးနားသို့ လျှောက်သွားလိုက်သည်။ "ပေါင်ပေါင်းအိမ်ပြန်လာတာကို ကိုယ် အရမ်းပျော်ပါတယ်။"

ဘဝမှာ ပထမဆုံးအကြိမ်အဖြစ် သူ ဟော့ထင်းလန်ဆီကနေ အငြင်းခံခဲ့ရသည်။

ယဲ့စစ်တစ်ယောက် ပိတ်ထားသောတံခါး၏နောက်ကွယ်မှာ လင်ယောင်၏ကြောင်လေးလို လက်သည်းများဖြင့် ကုတ်ခြစ်နေခဲ့သည်။

"ဟော့ရှူးရှူ... ထင်းလန်ရေ..."

ယဲ့စစ် သူ့ကို အော်ခေါ်လိုက်သည်။

သူ တံခါးအပြင်မှာရပ်ကာ တံခါးကိုကုတ်ခြစ်နေသည်အား ဟော့ထင်းလန်က မည်သို့ဖြင့် ခံနိုင်ရည်ရှိမည်နည်း။ သူ အကြိမ်အနည်းငယ်ခေါ်ပြီးနောက် တံခါးက ပြန်ပွင့်သွားလေ၏။ ဟော့ထင်းလန်က ယဲ့စစ်၏မျက်နှာလေးကို အုပ်ကိုင်ကာ ဘယ်ညာလှုပ်ယမ်း၍ ကူကယ်ရာမဲ့စွာဖြင့် ပြောလိုက်သည်။ "ဒါက တကယ်ကူးသွားပြီး မင်း နောက်ဆုံးစာပြန်ကြည့်တာကို ကောင်းကောင်းမလုပ်နိုင်တော့ရင် ဘယ်လိုလုပ်မလဲ။ ကိုယ့်ကိုထောက်ပံ့ပေးဖို့ ပိုက်ဆံရှာချင်တယ်ဆို? မင်း ဒါကို နောင်တမရမှာသေချာလား။"

သူပြောတာမှန်ပေ၏။ ယဲ့စစ်က အခိုက်အတန့်တစ်ခုလောက် တွေးတောလိုက်သည်။ "ဒါဆို ကျွန်တော့်ကို ကတိတစ်ခုပေး။"

"ပြောလေ။" ဟော့ထင်းလန်က ပြောလိုက်သည်။

"တစ်ခုခုစားရမယ်။" ယဲ့စစ်က တောက်ပနေသောမျက်လုံးများဖြင့် ပြောလိုက်၏။ "ဆန်ပြုတ်တစ်ပန်းကန်ဆိုလည်းရတယ်။"

"ကိုယ့်ကိုခွံ့ကျွေးမှာလား။"

သူက စတင်ညှိနှိုင်းခဲ့လေသည်။

"ဟုတ်ပြီလေ။"

ဟော့ထင်းလန်က တစ်ခုခုစားရန်သဘောတူသည်မှာ ရှားရှားပါးပါး အခွင့်အရေးတစ်ခုဖြစ်ရာ ဦးလေးဟယ်က မီးဖိုချောင်သို့ အမြန်သွား၍ အသီးအရွက်ဆန်ပြုတ်တစ်ပန်းကန်ကို အာဟာရပြည့်ဝစေရန် ဝက်သားပြားပါးပါးလေးများနှင့်အတူ အမြန်ဆုံးပြင်ဆင်ခိုင်းလိုက်သည်။

ဆန်ပြုတ်က အငွေ့များထောင်းထောင်းထနေပြီး ယဲ့စစ်က တစ်ဇွန်းခပ်၍ အေးအောင်မှုတ်ကာ ဟော့ထင်းလန်ကိုခွံ့လိုက်သည်။

ပထမတစ်ဇွန်းစားပြီးနောက် နှစ်ဦးသား အချိန်အတော်ကြာတဲ့အထိ စိုက်ကြည့်နေခဲ့ကြပြီး ထိုစဥ် နံဘေးရှိဦးလေးဟယ်က ၎င်းတို့၏သီးသန့်ချိုမြိန်မှုလေးအား နေရာပေးရန် အလျင်မြန်ထွက်ခွာသွားခဲ့သည်။

"ထင်းလန်။"

"အမ်?"

"ကျွန်တော်က..." ယဲ့စစ်က ချောင်းဟန့်ကာ တီးတိုးမေးလိုက်၏။ "... ချစ်သူကောင်းတစ်ယောက်လား။"

ဟော့ထင်းလန်နေမကောင်းဖြစ်နေသည်ဟု ကြားကြားချင်း သူက နံရံခုန်ကျော်ကာ ကျောင်းကနေထွက်လာပြီး ကားငှားလို့မရသည့်အတွက် စက်ဘီးနင်းလာခဲ့ရသည်။ ထို့နောက် သူ့ကိုချော့မြှူကာ ဆန်ပြုတ်ကိုလည်း ခွံ့ကျွေးပေးပြီး IV ကိုတောင် ကိုယ်တိုင်ချိတ်ပေးနိုင်သည့်အဆင့်ထိ ရောက်နေပြီဖြစ်၏။

ထိုကဲ့သို့လူမျိုးက ရည်းစားကောင်းမဟုတ်လျှင် မည်သည့်အရာဖြစ်မည်နည်း။

ဟော့ထင်းလန်က သူ့ကိုယ်သူ ထိန်းချုပ်ထားသည့်အတိုင်း တစ်ခဏလောက် နှုတ်ဆိတ်သွားခဲ့သည်။

"...အွန်း အရမ်းကိုကောင်းတယ်။"

ယဲ့စစ်၏နှုတ်ခမ်းများက ရှက်ရွံ့ပြီး ဂုဏ်ယူဝံ့ကြွားစွာဖြင့် ကွေးညွတ်သွားခဲ့သည်။ ထို့နောက် သူက ဟော့ထင်းလန်ကို ဆန်ပြုတ်ဆက်ခွံ့ခဲ့လေ၏။

သူ့နှလုံးသားထဲမှ အယ်ဖာဗီဇက အလွန်စိတ်ကျေနပ်သွားခဲ့သည်။

"ကိုယ်အပူချိန်က နည်းနည်းကျသွားသလိုပဲ။"

ယဲ့သစ်က ဟော့ထင်းလန်၏နဖူးကို ထိတွေ့လိုက်သည်။

"အွန်း၊ ကိုယ် ခေါင်းလည်းသိပ်မကိုက်တော့ဘူး။"

"ဒါက ကိုယ်တွင်းအပူတွေပဲဖြစ်မယ်ထင်တယ်။"

"အွန်း၊ ကိုယ်တွင်းအပူတွေ။"

ထိုလေသံက အလွန််ကို အလိုလိုက်အကြိုက်ဆောင်နေဟန်။

"အနာဂတ်မှာ ဒီလိုမျိုးထပ်ဖြစ်ရင် ကျွန်တော့်ကိုပြောမှာလား။"

"ကိုယ်ပြောပါ့မယ်။"

"ခင်ဗျား ကျွန်တော့်ကိုလိုအပ်တဲ့အချိန်တိုင်း ကျွန်တော့်ကိုပြောပြမှာလား။"

"ပြောပြမှာပါ။"

ယဲ့စစ်က စိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်လေသည်။

"..."

ယနေ့ညက နှင်းဝေသောဆောင်းညတစ်ညဖြစ်၏။

ဆီးနှင်းများက ပြတင်းပေါက်ကို တဖြောက်ဖြောက်နှင့် လာရောက်ထိမှန်နေပြီး အိမ်ထဲမှလူများကို ပို၍သက်တောင့်သက်သာ ဖြစ်စေခဲ့သည်။

ခန္ဓာကိုယ်အတွင်းပိုင်ရော အပြင်ပိုင်းမှာပါ နွေးထွေးနေသည်။

ချစ်ရသူနှင့်အတူတူသာရှိလျှင် မည်သည့်ရာသီမဆို နွေဦးရာသီနှယ် ခံစားရပေသည်။

[ယဲ့စစ်၏ချစ်သူကောင်လေးစွမ်းအင် ပြီးပါပြီ။]

***

Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment