no
အပိုင်း (၅၄.၁) - အချပ်ပို (၉.၁)
[မင်္ဂလာပွဲ]
ခြူးမိသားစုနှင့် ပထမဆုံးလက်မှတ်ရေးထိုးချိန်က ဟော့ထင်းလန်သည် ယဲ့စစ်၏စိတ်အခြေအနေကို ထည့်သွင်းစဥ်းစားပေးခဲ့သည်။ အဆိုပါကိစ္စကို မီဒီယာသို့ ထုတ်ဖော်လိုက်လျှင် စူးစမ်းလိုသောမျက်လုံးများနှင့် ကောလာဟလများက ယဲ့စစ်၏စာလေ့လာမှုကို ထိခိုက်စေမည်စိုးသဖြင့် သူက ထုံးတမ်းစဉ်လာများနှင့် လုပ်ရိုးလုပ်စဥ်များကိုသာ ကျော်ဖြတ်ခဲ့ပြီး အိမ်ထောင်ရေးကို ပြင်ပလောကဆီကနေ လျှို့ဝှက်ထားခဲ့သည်။
နောက်ပိုင်းတွင် ယဲ့စစ်က သူ၏အတန်းဖော်များကို အိမ်ထောင်ရေးအကြောင်း ဖွင့်ဟလိုက်ပြီး ကျောင်းမှာ ရုန်းရင်းဆန်ခတ်ဖြစ်သွားသော်လည်း ပြင်ပလောကမှ တုံ့ပြန်မှုများက မကြီးမားခဲ့ပေ။ မည်သို့ပင်ဆိုစေ ဟော့မိသားစုက ဆိုရှယ်မီဒီယာ၌ နာမည်ကြီးကြယ်ပွင့်များမဟုတ်ရာ ဖျော်ဖြေရေးမီဒီယာများက ၎င်းတို့၏ဘဝများကို မည်သို့ဖြင့်ဂရုစိုက်လိမ့်မည်နည်း။
ယဲ့စစ် ကောလိပ်ဝင်ခွင့်စာမေးပွဲဖြေပြီးနောက် ဟော့ထင်းလန်က မင်္ဂလာပွဲအခမ်းအနားကို စီစဥ်ခဲ့သည်။ မင်္ဂလာသတင်းကို မီဒီယာထံ တရားဝင်ကြေညာပြီးနောက် ယဲ့စစ်၏အခြေအနေက အရင်ကနှင့် လုံးဝမတူတော့ပေ။ ကြေညာချက်များနောက်လိုက်ပါလာသော မီဒီယာသတင်းထောက်များက အလင်း၏အရှိန်လို ပေါ်လာခဲ့ပြီး ၎င်းတို့ တစ်စုံတစ်ခုဝယ်ရန် ကုန်စုံဆိုင်သွားလျှင်တောင် လျှို့ဝှက်ဓါတ်ပုံရိုက်ကူးသော ပါပါရာဇီများနှင့် ကြုံတွေ့ရတတ်သည်။ ထို့အပြင် လတ်တလောနှစ််များအတွင်း ပြည်တွင်းဖျော်ဖြေရေးမီဒီယာများ၏ အရေးအသားစတိုင်က ဟောင်ကောင်ဒေသဘက်မှ အတင်းအဖျင်းသတင်းစာများဆီကနေ ကူးစက်ခံလိုက်ရပုံပေါ်ပေ၏။
"ဟော့ထင်းလန်ရဲ့မင်္ဂလာပွဲက မကြာခင်ရောက်ရှိလာပါတော့မယ်။ အသက်ဆယ့်နှစ်နှစ်ငယ်တဲ့ သူ့ရဲ့ခင်ပွန်းလောင်းလေးက ခြူးမိသားစုရဲ့ တတိယအိမ်တော်က အကြီးဆုံးသားလေးဖြစ်ပြီး နူးနူးညံ့ညံ့နဲ့ ချစ်စရာကောင်းပါတယ်။"
"ဟော့ဇနီးမောင်နှံက မြင်းစီးကွင်းမှာ အချစ်တွေကိုပြသခဲ့ပြီး ဖြစ်စဥ်တစ်လျှောက်လုံးမှာ ဟော့ထင်းလန်က သူ့ခင်ပွန်းလောင်းလေးကို ဂရုစိုက်ပြီး အဖော်ပြုပေးခဲ့ပါတယ်။"
"ဒီပြည်တွင်းအာဏာရှင်ကြီးက ဘယ်လောက်ထိချမ်းသာလဲ။ ဟော့မိသားစုရဲ့ဘိုးဘေးတွေက ခန်းဝင်ပစ္စည်း သန်း ၁၀၀ ကျော်နဲ့ လက်ထပ်ခဲ့ကြတာပါ။"
...အနှီစကားများက ချဲ့ကားလွန်းပြီး ရှက်ရွံ့မှုကြောင့် ယဲ့စစ်၏မျက်နှာမှာ နီမြန်းကာ သူ၏ခြေချောင်းလေးများဆို ခဏခဏကွေးညွတ်သွားခဲ့၏။
ဟော့ထင်းလန်၏ အထူးလက်ထောက်အောက်မှ ပြည်သူ့ဆက်ဆံရေးအဖွဲ့က လူထုအမြင်ကို စောင့်ကြပ်နေခဲ့ကြပြီး အမှားအယွင်းများ သို့မဟုတ် အလွန်အကျွံအပျက်သဘောဆောင်သည့် သတင်းများကို ထုတ်ဝေလို့မရအောင် အချိန်တိုအတွင်း ဖြုတ်ချခဲ့ကြသည်။ ဟော့ထင်းလန်က အင်တာဗျူးများ၊ မီဒီယာသတင်းထောက်များနှင့် ကျင့်သားရပြီးသားဖြစ်ရာ ၎င်းတို့ကို များများစားစားမတွေးသော်လည်း ယဲ့စစ်က ယခုလိုမျိုးအရာကို တစ်ခါမှမကြံဖူးရာ ဟော့ထင်းလန်၏အကြံကို နားမထောင်ဘဲ ဖုန်းထုတ်၍ သူနှင့်ပတ်သက်သောသတင်းများကို ရှာဖွေနေခဲ့၏။
"...နူးညံ့ပြီး ချစ်စရာကောင်းတယ်ဆိုတာကို ထားလိုက်ပါဦး။" သေနတ်ပစ်ကလပ်၏ တတိယထပ်ရှိ VIP နားနေခန်းထဲမှာ ယဲ့စစ်က ဆိုဖာပေါ်ထိုင်၍ သတင်းများကိုလှန်လှောနေပြီး ရှက်ရွံ့စွာဖြင့် ဆံပင်များကို ဆွဲဖွလိုက်သည်။ "ပြီးတော့ 'ချိုမြိန်ပြီး ချစ်စရာကောင်းတယ်'တဲ့..."
ဘယ်သူက ချိုမြိန်ပြီး ချစ်စရာကောင်းတာလဲ!
ကောလိပ်ဝင်ခွင့်စာမေးပွဲ၌ ထိုကဲ့သို့ အခြေခံဖော်ပြချက်အမှားများကို ရေးသားလိုက်ပါက အမှတ်ရလိမ့်မည်မဟုတ်ပေ!
"ပြီးတော့ ဒီတစ်ခုရောပဲ၊ ဒီထဲမှာ ကျွန်တော်က ၁.၈ မီတာနဲ့မတူဘဲ ၁.၇၅ မီတာလောက်ပဲရှိမှာ။" ယဲ့စစ်က စိတ်လှုပ်ရှားစွာဖြင့် ခြောက်သွေ့နေသော သူ၏နှုတ်ခမ်းတို့ကို ခဏခဏသပ်ကာ သတင်းမှာဖော်ပြထားသည့် ခိုးရိုက်ဓါတ်ပုံကိုလက်ညှိုးထိုး၍ ယင်းက သူ့အတွက် ထာဝရမတရားမှုအဖြစ် ခံစားနေရသည်။ "ပြီးတော့ ဒါက ပုံမှန်ပွေ့ဖက်ထားတာပဲမလား။ ဘာလို့ ကျွန်တော်က ရင်ခွင်ထဲနစ်မြုပ်နေပြီး အလိုလိုက်ခံထားရသလို ပြုမူနေတာလို့ ရေးထားရတာလဲ။ ကျွန်တော်က အချိန်တိုင်း အလိုလုပ်ခံရသလို ပြုမူနေတဲ့သူမှမဟုတ်တာ..."
သူ၏နူးညံ့ပျော့ပျောင်းပြီး နာခံမှုရှိသည့်အသွင်အပြင်လေးကြောင့် သဘာဝကျစွာဖြင့် သူက အပြင်လူများအတွက် အလိုလိုက်ခံထားရပြီး ချစ်စရာကောင်းသည့်ပုံပေါ်နေ၏... ဟော့ထင်းလန်က ခေါင်းညိတ်ပြကာ အဓိကအချက်ကိုရှောင်၍ ပြောလိုက်၏။ "အဲ့ဒါတွေကို အာရုံစိုက်မနေပါနဲ့။ ကိုယ်တို့ စကားပြောရအောင်။"
"ကျွန်တော် အာရုံစိုက်နေတာမဟုတ်ပါဘူး။ သူတို့က အခြေအမြစ်မရှိ လျှောက်ရေးထားကြလို့သာ။" သူ့အတွင်းစိတ်ထဲမှ အယ်ဖာစိတ်နေစိတ်ထား၏ ဂုဏ်သိက္ခာမှာ ဖျက်ဆီးခံလိုက်ရပြီး ယဲ့စစ်က ဒေါသတကြီးပြောလိုက်သည်။ "၁.၈ မီတာရှိတဲ့ ယောက်ျားတစ်ယောက်ကို အဲ့လို၊ အဲ့လိုဖော်ပြလို့မရဘူးလေ။"
"အွန်း၊ မီဒီယာတွေက အခြေအမြစ်မရှိ လျှောက်ရေးထားကြတာ။" ဟော့ထင်းလန်က လူကြီးလူကောင်းလေးကို အလိုလိုက်အကြိုက်ဆောင်ကာ ပြန်ဖြေပေးလိုက်သည်။
"ကျေးဇူးပြုပြီး လူထုဆက်ဆံရေးအဖွဲ့ကို ဖျက်ခိုင်းပေးပါလား။" ယဲ့စစ်က ဟော့ထင်းလန်၏လက်ကောက်ဝတ်ကို လှုပ်ယမ်းလိုက်သည်။ "အဲ့လိုလုပ်လို့ရလားဟင်။"
သူက အလိုလိုက်ခံထားရသူလို ပြုမူတတ်သူမဟုတ်ဟု ပြောခဲ့သည်။
သို့သော် သူက ကလေးတစ်ယောက်လို ပြုမူရာ၌ အလွန်ကျွမ်းကျင်သူဖြစ်ပေ၏။
"ဒါက..." ဟော့ထင်းလန်က အခက်တွေ့နေဟန်ဆောင်ကာ သက်ပြင်းချလိုက်သည်။ "ပေါင်ပေါင်း၊ ဘယ်လိုပဲဖြစ်ဖြစ် ဒါကို ကောလာဟလအဖြစ် ထည့်တွက်လို့်မရဘူးလေ။ အဲ့ဒါကြောင့် အဲ့ဒါတွေကို ဘယ်လိုလုပ်ပြီးဖြုတ်ချလို့ရမှာလဲ။"
ယဲ့စစ်က ခဏလောက်တိတ်ဆိတ်သွားပြီး သူ၏မျက်လုံးများက သတိအပြည့်ရှိနေ၏။ "သူတို့ရေးထားတာတွေကို... တိကျတယ်လို့ထင်တယ်ပေါ့?"
ဟော့ထင်းလန်က တိတ်ဆိတ်သွားပြီး သူ၏ပါးစပ်ကိုဖုံးကွယ်ရန် လက်သီးဆုပ်ကိုအသုံးပြုကာ ရှုခင်းကြည့်ချင်ယောင်ဟန်ဆောင်၍ သေနတ်ပစ်ကွင်း၏အပြင်ဘက်သို့ အကြည့်လွှဲလိုက်လေ၏။
"ကျွန်တော်က ချိုမြိန်တဲ့ပုံပေါ်နေတာလား။" ယဲ့စစ်က ကြောင်အမ်းစွာစိုက်ကြည့်ကာ သူ၏မျက်နှာကို လက်ညှိုးထိုးပြပြီးနောက် သူ၏ခြေထောက်တို့ကို ပြန်ထိုးပြလိုက်သည်။ သူက ဘောင်းဘီရှည်ကို ဘွတ်ဖိနပ်ထဲထည့်ဝတ်ထားပြီး သူ၏ခြေတံရှည်များကို ပို၍သွယ်လျကာ သပ်ရပ်ပြီး ခံ့ညားနေသည့်ပုံပေါ်လာစေ၏။
ဟော့ထင်းလန်က သူ့ကို တမင်မကြည့်ခဲ့ပေ။
"ဟော့ရှူးရှူလို့!" ယဲ့စစ်က စိုးရိမ်ကြောင့်ကြနေပြီး ထရပ်ကာ ဤကိစ္စကို ဖြေရှင်းချင်နေသည့် အစိုးမရသောစိတ်ဖြင့် ဟော့ထင်းလန်နားတိုးကပ်၍ လက်တစ်ဖက်က ဆိုဖာအနောက်ကိုထောက်ကာ သူ့အပေါ်ကို အုပ်မိုးလိုက်သည်။
"သူတို့တွေ 'ချိုမြိန်တယ်' အစား 'ခံ့ညားတယ်' လို့ သုံးသင့်တယ်..." ဟော့ထင်းလန်က အကြည့်လွှဲထားပြီး အဝေးကိုငေးကြည့်နေကြောင်း တွေ့လိုက်ရသောအခါ သူ၏ဦးခေါင်းကို လက်တစ်ဖက်ဖြင့် အတင်းအကျပ်ပြန်လှည့်၍ သူနှင့် အကြည့်ချင်းဆုံစေလိုက်၏။ သူ့အရိုးများထဲမှ ချိုမြိန်မှုများက ခွန်အားအဖြစ် ထင်ယောင်ထင်မှားတောက်ပလာခဲ့သည်။ "ဟော့ရှူးရှူ၊ အခု ကျွန်တော် အတည်ပြောနေတာနော်။"
ဟော့ထင်းလန်က သူ၏အရောင်အစစ်အမှန်ကို ဖော်ထုတ်ပြသလာခဲ့သည်။ သူက ရယ်မောကာ အခွင့်အရေးကိုဖမ်းဆုပ်၍ သူ့ကိုဆွဲဖက်ပြီး ပြင်းပြင်းပြပြနမ်းလိုက်သည်။ နားနေခန်းထဲ၌ မည်သူမှမရှိရာ ဟော့ထင်းလန်က တစ်ပတ်လည်လိုက်ပြီး ယဲ့စစ်ကို ဆိုဖာပေါ်ဖိကာ ယဲ့စစ်၏မျက်နှာပေါ်မှ နူးညံ့သောအသားလေးနှင့် ပါးချိုင့်လေးများကို အားပါးတရ ကိုက်ခဲစုပ်ယူနေခဲ့သည်။ ဖျော်ဖြေရေးအတင်းအဖျင်းသတင်းများအတိုင်း သူက ပြောလာ၏။ "ပေါင်ပေါင်းက တစ်ကိုယ်လုံး ချိုမြိန်နေတာ။ အရမ်းချိုမြိန်လွန်းလို့ ကိုယ် သေတောင်သေသွားနိုင်တယ်..."
ယဲ့စစ်၏ပါးပြင်နှင့် နှုတ်ခမ်းတို့က အနိုင်ကျင့်ခံရခြင်းကြောင့် နီမြန်းလာခဲ့သည်။ အချထန်အတော်ကြာပြီးနောက် သူက ဟော့ထင်းလန်၏ရင်အုပ်နှင့် ဆိုဖာကြားထဲကနေရုန်းကန်ကာ သူ၏အဝတ်အစားများကို နေရာတကျပြင်ဆင်လိုက်၏။ ဟော့ထင်းလန်နှင့် မရိုးသားသောမီဒီယာများအား ရင်မဆိုင်နိုင်တော့ဘဲ ယဲ့စစ်မှာ စူးစူးရဲရဲသာ စိုက်ကြည့်နေနိုင်ခဲ့သည်။
ဟော့ထင်းလန်က သူ၏ဝမ်းနည်းကြေကွဲနေသောအမူအရာကြောင့် စိတ်ရွှင်မြူးသွားပြီး ညှိနှိုင်းသည့်သဘောဖြင့် လက်မြှောက်ကာ ပြောလိုက်သည်။ "ပေါင်ပေါင်းကို ကောင်းကောင်းဖော်ပြပေးနိုင်ဖို့ လူထုဆက်ဆံရေးအဖွဲ့ကို မူကြမ်းတချို့ ရေးခိုင်းလိုက်ရမလား... သူတို့ကို ဘယ်လိုဖော်ပြခိုင်းလိုက်ရမလဲ။" ဟော့ထင်းလန်က အခိုက်အတန့်တစ်ခုလောက် တွေးတောပြီးနောက် ယဲ့စစ်၏ခန္ဓာကိုယ်တစ်ခုလုံးကို စေ့စေ့ကြည့်ကာ ခပ်ညစ်ညစ်ပြောလိုက်သည်။ "ယောက်ျားဆန်ပြီး အစွမ်းထက်တယ်?"
ထိုအကြည့်က တစ်နည်းနည်းဖြင့် ပုန်းလျှိုးကွယ်လျှိုးနိုင်သလိုပင်။ ယဲ့စစ်က ချောင်းဆိုးကာ သူ့စိတ်များ မည်သည့်နေရာသို့လွင့်စင်သွားကြောင်းကို မသိသော်လည်း သူ၏မျက်နှာကတော့ ပိုလို့တောင်နီရဲလာပြီး စကားထစ်သွားခဲ့လေ၏။ "မလို၊ မလိုပါဘူး။ ခင်ဗျား နည်းနည်းလောက် လေးနက်လို့မရဘူးလား။"
"ကိုယ်နားလည်ပါပြီ။" ဟော့ထင်းလန်က ချာတိတ်လေးကို စနောက်လို့ဝသွားပြီးနောက် အားကိုးအားထားပြုလို့ရသောဘက်အခြမ်းကို ပြသလာခဲ့သည်။ "အဲ့ဒါ ဘယ်သတင်းလဲ။ ကိုယ့်ကို link ပို့ပေးလိုက်၊ ကိုယ် တစ်ယောက်ယောက်ကို ဖြေရှင်းခိုင်းလိုက်မယ်။"
ယခု လေးနက်ဖို့အချိန်တန်ပြီဖြစ်၏။ သူက ယဲ့စစ်ကို အသေးအမွှားကိစ္စလေးကြောင့် စိတ်သောကမရောက်စေချင်ပေ။
ယဲ့စစ်က သတင်း link ကို သူ့ဆီပို့ပေးကာ စိတ်သက်သာရာရကာ သက်ပြင်းချလိုက်သည်။
သူ၏ 'မိမိုက်သောကောင်လေး' ပုံစံက ဝန်ထုပ်ဝန်ပိုးများနေသည်အား မြင်တွေ့နိုင်ပေ၏။
"အောက်ထပ်ကိုသွားပြီး နည်းနည်းလောက်ကစားချင်လား။" ဟော့ထင်းလန်က သူ၏လက်ထောက်ကိုအမိန့်ပေးလိုက်ပြီး သူ့ဖုန်းကို ကောက်ကိုင်လိုက်၏။ "ကိုယ် Cheytak ရဲ့စက်ရုံက စနိုက်ပါရိုင်ဖယ်အကြောင်း တာဝန်ခံနဲ့ စကားပြောပြီးသွားပြီ။ အဲ့ဒါကို စမ်းသုံးကြည့်လို့ရတယ်။"
ယဲ့စစ် ထိတ်လန့်သွားပြီး အတင်းအဖျင်းသတင်းများကို ချက်ချင်းမေ့သွားတော့သည်။ သူ၏မျက်ဝန်းများက မီးတောက်နေသဖြင့် ဟော့ထင်းလန်ကိုတောင် လောင်ကျွမ်းသွားစေနိုင်သည်။ "တကယ်?!"
သေနတ်ပုံစံက သိပ္ပံစိတ်ကူးယဥ်များထဲမှ လက်နက်များအတိုင်း အတော်လေးမိုက်ပေ၏။ ၎င်းက ၁၄.၀၆ kg လေးပြီး ယဲ့စစ် လက်တစ်ဖက်တည်းနှင့်ကိုင်ဖို့ အနည်းငယ်အားထုတ်ရသည်။ သူ အရင်တစ်ခေါက် လာကစားတုန်းက ၎င်းကို ဗီရိုထဲမှာပြသထားပြီး သူ တစ်ခါလေးထိရလျှင်တောင် စိတ်ကျေနပ်ပြီဟု ခံစားခဲ့ရလေ၏။
ပြည်တွင်းလက်နက်ထိန်းချုပ်မှုက အတော်လေးတင်းကျပ်ပြီး လုံခြုံရေးအကြောင်းပြချက်များကြောင့် ဤသေနတ်ပစ်ကွင်း၌ အဆင့်မြင့်သေနတ်အများအပြားကို သာမန်အဖွဲ့ဝင်များအတွက် ဖွင့်မပေးခဲ့ပေ။ ၎င်းတို့ကို တစ်နှစ်ပတ်လုံး ဗီရိုထဲသော့ခတ်ကာ ပြသထားပြီး အလွန်စီနီယာကျသော အဖွဲ့ဝင်များသာလျှင် သေနတ်ပစ်နည်းပြများ၏ ကြီးကြပ်မှုအောက်မှာ အသုံးပြုနိုင်ကြသည်။
"တကယ်။" ဟော့ထင်းလန်က သူ့မျက်နှာကို လက်ညှိုးထိုးပြလိုက်သည်။
ယဲ့စစ်က အလိုလိုနားလည်ကာ အရှေ့သို့ငုံ့ကိုင်း၍ သူ၏ပါးပြင်ကို အနမ်းပေးလိုက်သည်။
"အောက်ထပ်ကိုသွားရအောင်။" ဟော့ထင်းလန်က သူ၏နာရီကို တစိချက်ကြည့်လိုက်သည်။ "ကိုယ်တို့ နှစ်နာရီလောက်ထိ ကစားလို့ရတယ်။ မဒမ်လင်က ဒီဇိုင်နာကို ၂:၃၀ မှာလာဖို့ပြောထားတာ။"
"ဟုတ်!" ယဲ့စစ် လေအလျင်ဖြင့် အောက်ထပ်သို့ဆင်းသွားခဲ့လေသည်။
***
Aurora Novel Translation Team
There is No Eng Version