no
အပိုင်း (၁၂.၁) - သူ မတတ်နိုင်ဘူး
စာဖတ်ခန်းထဲမှာ စကားပြောပြီးနောက် ယဲ့စစ်တစ်ယောက် ၎င်းကြောင့်ပဲ လွှမ်းမိုးခံလိုက်ရသည်လော၊ သို့မဟုတ် 'ကိုယ့်အခန်းထဲ ပြောင်းအိပ်ရမယ်' ဆိုသည့်စကားစုကြောင့် ကြောက်လန့်သွားသည်လော မပြောတတ်ပေ။ သူ၏အလုပ်လုပ်ခြင်းနှင့် အနားယူခြင်းလုပ်ရိုးလုပ်စဥ်အတွက် စက်ရုပ်တစ်ရုပ်နှင့် နှိုင်းယှဥ်နိုင်ရုံသာမက ဟော့ထင်းလန်၏ညွှန်ကြားချက်အတိုင်း ဆေးသောက်ဖို့အတွက် သူ့ဖုန်းမှာ သတိပေးချက်ထားထားပြီး ဆရာဝန်၏ညွှန်ကြားချက်အတိုင်း ဆေးများကို နာခံမှုရှိစွာသောက်သုံးခဲ့သည်။
မျိုးပွားအင်္ဂါဖွံ့ဖြိုးခြင်း၏ ရောဂါလက္ခဏာများက သိသိသာသာ သက်သာလာ၏။ ရက်အနည်းငယ်ကြာသောအခါ အဖျားလက္ခဏာများမရှိတော့ဘဲ ဝမ်းဗိုက်အောက်ပိုင်း၌ အနည်းငယ်တော့နာကျင်နေသေးသည်။ ၎င်းက ဘာမှဖြစ်ပုံမပေါ်သော်လည်း ယဲ့စစ် ထိုအကြောင်းကို တွေးလိုက်မိချိန်တိုင်း လဲကျပြီး လက်သီးများဆုပ်ထားမိ၏။
"... ဒီနေ့ အိမ်စာတွေအများကြီးရှိတာလား။"
ဟော့ထင်းလန်က ဖိုင်တစ်ခုကိုကိုင်ထားပြီး အထဲမှာပါသည့် အမျိုးမျိုးသောအရွယ်အစားရှိသည့် စာရင်းများကို ကြည့်ရှုနေရင်း အမှတ်တမဲ့မေးလာ၏။
"တော်တော်လေးများတယ်။ ကျွန်တော် ဒီနေ့ တစ်ဝက်ပြီးအောင်ရေးမလို့ပါ။"
သောကြာနေ့နှင့် ပိတ်ရက်နှစ်ရက်၊ စုစုပေါင်း သုံးရက်စာအိမ်စာများက နည်းနည်းနောနောမဟုတ်ပေ။ ယဲ့စစ် ကျောင်းလွယ်အိတ်ကိုထုတ်လိုက်ပြီး ဟော့ထင်းလန်လက်ထဲမှဖိုင်ကို မသိမသာတစ်ချက်ကြည့်လိုက်သည်။
သူ ယဲ့ဟုန်ကျွင်းကို ဆေးရုံချိန်းဆိုမှုများစွာ အဖော်လိုက်ပေးဖူးသောကြောင့်ဖြစ်နိုင်ပြီး ဟော့ထင်းလန်ကိုင်ထားသောစာရွက်ကို ဆေးမှတ်တမ်းတစ်ခုနှင့်တူသည်ဟု ခံစားနေရသည်။
သို့သော်လည်း သူ အနီးကပ်မကြည့်နိုင်ခင် ဟော့ထင်းလန်က ဖိုင်ကိုပိတ်ကာ နံဘေးမှာချလိုက်ပြီး ပေါ့ပေါ့ပါးပါးပြောလာ၏။
"ကိုယ် မင်းရဲ့အိပ်ရာဘေးမှာ လူတစ်ယောက်ကို တစ်ခုခုထားခိုင်းထားတယ်။ မင်း အချိန်ရရင် အဲ့ဒါကို ကြည့်ကြည့်လိုက်ဦး။"
"အွန်း။" ယဲ့စစ်က တုံ့ပြန်လိုက်သည်။ သူ၏စူးစမ်းလိုစိတ်ကို မထိန်းထားနိုင်သည့် ယဲ့စစ်တစ်ယောက် အိမ်စာများကိုစီစဥ်ထားပြီးနောက် အိပ်ခန်းထဲ သွားခဲ့လေသည်။
အခန်းထဲမှာ သူ့ခေါင်းအုံးနံဘေး၌ စာအုပ်တစ်အုပ်ရှိနေသည်။
အစေခံများဆီမှ မလိုလားအပ်သော ခိုးကြည့်ခြင်းများကို ရှောင်ရှားရန်အတွက် စာအုပ်အဖုံးကို မာကျောသောကတ်ထူနှင့် ဖုံးအုပ်ထား၏။
ယဲ့စစ် ပိုပိုပြီးသိချင်လာကာ စာအုပ်ကိုကောက်ယူ၍ မပြင်ဆင်ထားဘဲ ဖွင့်ကြည့်လိုက်သည်။ သူ မာတိကာကိုကြည့်လိုက်ချိန်မှာ သူ့မျက်နှာထက် သွေးရောင်များကြွလာတော့သည်။
ဤသည်မှာ အိုမီဂါများအတွက် သီးသန့်လိင်ပညာပေးစာအုပ်ပင်။
စွယ်စုံကျမ်းကဲ့သို့ပင်၊ ၎င်းက ပြည့်စုံပြီး ကျယ်ကျယ်ပြန့်ပြန့်ရေးသားထား၏။
"အိုမီဂါများအတွက် ပထမဆုံးအကြိမ် heat လက္ခဏာများ"၊ "အိုမီဂါ၏ heat ဖြစ်နေစဥ် မိမိကိုယ်ကိုကာကွယ်ခြင်း"၊ "heat ကာလကြောင့်ဖြစ်ပေါ်လာသော ခန္ဓာကိုယ်တည်ဆောက်မှုပြောင်းလဲခြင်းများ"၊ " ပထမဆုံးအကြိမ် heat အတွက် ကြိုတင်ကာကွယ်မှုများ"။ အနှီခေါင်းစဥ်များ၏ရှေ့မှာ အပြာ-အမည်းဘောပင်နှင့် အမှန်ခြစ်သေးသေးလေးလေးခုကို မှတ်သားထားလေ၏။
-ဟော့ထင်းလန်က ဒီစာအုပ်ကိုဖတ်ပြီး သူ့အတွက် အဓိကအချက်တွေကို ကောက်နှုတ်ပေးထားတာပဲ။
ယဲ့စစ် နှုတ်ခမ်းများကို ဖြူဖျော့သွားတဲ့အထိ ကိုက်လိုက်သည်။
သူ့ရင်ဘတ်ကို သံပူဖြင့် ကပ်လိုက်သလို သူ့နှလုံးသားထဲ၌ လျှို့ဝှက်ချက်များနှင့် အရှက်တရားတို့က အဖြူရောင်မီးခိုးငွေ့များအဖြစ် အငွေ့ပျံသွားခဲ့သည်။
စာအုပ်၏စာမျက်နှာများကို လှန်လိုက်ရုံပြီးနောက် သူ၏လည်ပင်းက အနီရောင်ပြောင်းလဲသွားတဲ့အထိ ရှက်ရွံ့လာ၏။
တကယ်တမ်းပြောရလျှင် သူက ဒုတိယအကြိမ်ကွဲပြားသည့် ဂလင်းဆိုင်ရာလိင်ကို ဘယ်တုန်းကမှ လက်မခံနိိုင်ခဲ့ချေ။
'ခွန်အားနှင့် ခေါင်းဆောင်မှု' တို့ကို ကိုယ်စားပြုသည့် အယ်ဖာတစ်ယောက်မှသည် အများကလက်ခံထားသော အိုမီဂါတစ်ယောက်၏ 'နူးညံ့ပျော့ပျောင်းမှုနှင့် သိမ်မွေ့မှု' အဖြစ် ရုတ်ခြည်းပြောင်းလဲမှုက အရှက်တရားနှင့် စိတ်အနှောင့်အယှက်တို့ကို ဖြစ်ပေါ်စေသည်။
သာမန်အချိန်များမှာ ထိုအရာများကိုမပြောတာ အဆင်ပြေပေ၏။ သူ သူ့ကိုယ်သူ လှည့်စားကာ အိုမီဂါဖြစ်ရခြင်းနှင့် အယ်ဖာဖြစ်ရခြင်းကြား ခြားနားမှုမရှိသလို ဟန်ဆောင်နိုင်သည်။ သို့သော် လက်တွေ့နှင့်ရင်ဆိုင်ဖို့ ဖိအားပေးခံရသောအခါ သူ...
ယဲ့စစ်တစ်ယောက် မှင်တက်စွာဖြင့် အခြားစာမျက်နှာတစ်ခုကို လှန်လိုက်သည်။
ထိုစာမျက်နှာ၏မာတိကာ၌ 'X' သင်္ကေတကို ရေးဆွဲထား၏။ ခေါင်းစဥ်မှာ 'အိုမီဂါ၏ပင်ကိုစရိုက်လမ်းညွှန်မှုနှင့် ပုံသွင်းခြင်း' ဖြစ်သည်။
အကြောင်းတချို့ကြောင့် ယဲ့စစ် X အမှတ်အသားဖြင့်မှတ်ထားသော စာမျက်နှာကိုလှန်ကာ တစ်ချက်ကြည့်လိုက်သည်။
ဤစာမျက်နှာပါအကြောင်းအရာက 'အိုမီဂါ၏ပင်ကိုစရိုက်က နူးညံ့သိမ်မွေ့ပြီး စာနာစိတ်ရှိကာ ဣန္ဒြေရှိသည်' ကဲ့သို့သော ဖန်တရာတေနေသည့် အကြံအများစုပါဝင်သည်။ စာမျက်နှာနံပါတ်၏အပေါ်၌ ပြတ်သားပြီး ခံ့ညားစွာရေးသားထားသော စာလုံးသုံးလုံးရှိနေသည်။
-မဖတ်နဲ့။
"..."
ယဲ့စစ် နောက်တစ်မျက်နှာကိုလှန်လိုက်သည်။
-မဖတ်နဲ့ဦး။
၎င်းက ဝှက်ထားသော ဆေးခြယ်ကြက်ဥ (easter egg) ကို ရှာဖွေနေရသလိုပင်။
ယဲ့စစ်၏နှုတ်ခမ်းထောင့်များက သဘောကျစွာဖြင့် ကွေးညွတ်သွားခဲ့သည်။
ထိုစာမျက်နှာနှစ်မျက်နှာမှလွဲ၍ မာတိကာဇယား၌ ကြိုကြားကြိုကြား X သင်္ကေတမှတ်သားထားသော ခေါင်းစဥ်အများစုက ယဲ့စစ်ကို စိတ်အနှောင့်အယှက်ဖြစ်လာစေပြီး စာအုပ်ကို ဆွဲဆုတ်ပစ်ချင်လာခဲ့သည်။
ဟော့ထင်းလန်က သူ့အတွက် ဤစာအုပ်ကို အမှန်တကယ် ကြိုပြီးဖတ်ရှုခဲ့သည်။ သူက သိသိသာသာအလုပ်များနေတာတာင် ယခုလိုတာဝန်ယူပေးခဲ့သေးသည်...
ယဲ့စစ် ပေါ့ပေါ့ပါးပါးသက်ပြင်းချလိုက်၏။
သူ့နံရိုးအနောက်မှ နွေးထွေးမှုအလုံးသေးသေးလေးက ပြန်လည်ပေါ်ပေါက်လာပြီး သူ၏နှာတံက အနည်းငယ်တင်းကျပ်သွားသလို ခံစားလိုက်ရသည်။
သူ စိတ်ငြိမ်ငြိမ်ထားကာ အိတ်ကပ်ထဲမှ စီးကရက်တစ်လိပ်ကိုထုတ်ယူ၍ မီးညှိလိုက်ပြီး ကျွမ်းဝင်စွာဖြင့် တစ်ရှိုက်ဖွာလိုက်၏။
စီးကရက်တစ်ဝက်လောက်ကိို သောက်ပြီးနောက်မှာတော့ သူ မီးပြန်ငြိမ်းလိုက်ပြီး အမှန်ခြစ်ထားသောစာမျက်နှာများကိုဖွင့်၍ အံကြိတ်ကာဖတ်လိုက်သည်။
...
သူ့ကိုယ်သူ စိတ်ပိုင်းဆိုင်ရာပြင်ဆင်ပြီး နာရီဝက်အကြာမှာ ယဲ့စစ် စာဖတ်ခန်းထဲကို ပြန်သွားခဲ့သည်။
စားပွဲမှာ ဟော့ထင်းလန်က သူ့အလုပ်ကို အာရုံစိုက်နေပြီး ဘာစကားမှမပြောခဲ့ပေ။
ဟော့ထင်းလန်က သူဖတ်ကြည့်တာဘယ်လိုနေလဲဟု မေးလာမည်စိုး၍ ယဲ့စစ်တစ်ယောက် သူ့မေးခွန်းလွှာကိုသာ စိုက်ကြည့်နေခဲ့သည်။ သို့သော် သူ့မျက်လုံးထောင့်ကနေတော့ ခိုးကြည့်နေခဲ့ပြီး ဟော့ထင်းလန်၏ခံစားချက်များကို သူ့တစ်ကိုယ်လုံး၊ သူစိတ်တစ်ခုလုံးနှင့် ခံစားနေခဲ့သည်။
မဆုတ်သာ၊ မတိုးသာသည့်အခြေအနေမှာ ယဲ့စစ် ပိုပိုပြီး စိတ်မသက်မသာဖြစ်လာ၏။
ဟော့ထင်းလန်က သူ့ကိုစိုက်ကြည့်နေကြောင်း သူ ခံစားနေရသည်။
နောက်ထပ် ထင်ယောင်ထင်မှားပဲလား။
ယဲ့စစ် တောင့်တင်းစွာဖြင့် ခေါင်းလေးစောင်းငဲ့ကာ တောက်ပနေသောမျက်ဝန်းအစုံဖြင့် ဟော့ထင်းလန်အား ဖျပ်ခနဲတစ်ချက်ကြည့်လိုက်၏။
ဟော့ထင်းလန်က လက်တစ်ဖက်ဖြင့်မေးထောက်ထားပြီး ယုန်ကိုစောင့်ဖမ်းနေသကဲ့သို့ သူ၏အကြည့်ကို ဖမ်းဆီးခဲ့သည်။
"..."
ဟော့ထင်းလန်က တကယ်ကြီး သူ့ကိုစိုက်ကြည့်နေတာပဲ။
ယဲ့စစ်တစ်ယောက် အခိုက်အတန့်တစ်ခုလောက် တိတ်ဆိတ်သွားပြီး ထိတ်လန့်တကြားဖြင့် အကြည့်ပြန်ရုပ်လိုက်သည်။ တွန့်ဆုတ်နေပြီးနောက် သူ နောက်တစ်ခေါက်ပြန်ကြည့်လိုက်ပြန်သည်။
ဟော့ထင်းလန်၏နှုတ်ခမ်းများက ကြောင်လေးတစ်ကောင်ပြုံးနေသကဲ့သို့ ကွေးညွတ်နေပြီး သိသိရက်နှင့် မေးလာခဲ့၏။
"ဘာလို့ စာထဲအာရုံမစိုက်တာလဲ... ကိုယ့်မျက်နှာပေါ်မှာ စာတွေရှိနေလို့လား။"
"မဟုတ်ပါဘူး၊ စာတွေမရှိပါဘူး။" ယဲ့စစ်တစ်ယောက် 'ဝှစ်ရှ်' ခနဲနေအောင် ခေါင်းငုံ့သွားပြီး မေးခွန်းကိုဖတ်လိုက်သည်။
"မင်း စာအုပ်ဖတ်ပြီးပြီလား။" ဟော့ထင်းလန်က အတည်ပြုရန် မေးလိုက်သည်။
"အမ်၊ အမ်း..." ယဲ့စစ်က မသဲမကွဲဖြေလိုက်၏။
သူ ၎င်းအား ဖတ်ချင်ခဲ့ပြီး စာမျက်နှာအနည်းငယ်ကို ဖတ်ဖို့ကြိုးစားခဲ့သည်။ ပြဿနာမှာ အနှီနာမည်ကျော်သိပ္ပံစာအုပ်က အလွန်အသေးစိတ်ရေးသားထားခြင်းပင်။ အိုမီဂါ၏ သီးသန့်အင်္ဂါအစိတ်အပိုင်းများအကြောင်း အသေးစိတ်ဖော်ပြချက်များသာမက၊ တစ်သက်တာအမှတ်အသား၏ဖော်ပြချက်နှင့် ဖြတ်ပိုင်းပုံကြမ်းတို့တောင် ပါနေသေး၏။ သူက အယ်ဖာတစ်ယောက်ဖြစ်ခဲ့ပြီး ဂျူနီယာအထက်တန်းမှာ သူတက်ရောက်ခဲ့ရသည့် ဇီဝကမ္မနှင့် တစ်ကိုယ်ရေသန့်ရှင်းရေးအတန်းတို့က အိုမီဂါများနှင့် ကွဲပြားခဲ့သည်။ တချို့ဆယ်ကျော်သက်အယ်ဖာများလို အဝါရောင်အညစ်အကြေး*များမရှိသည့် ယဲ့စစ်မှာ ဖတ်လေဖတ်လေ၊ ပို၍ရှက်သွေးဖြာလာလေပင်။ 'knot'၊ 'သားအိမ်' နှင့် 'တစ်သက်တာအမှတ်အသား' စသည့်စကားလုံးများက သူ၏မြင်လွှာများကို လောင််ကျွမ်းစေခဲ့သည်။
အဝါရောင်စာအုပ်*ကလည်း ထိုကဲ့သို့ဖြစ်လိမ့်မည်ဟု သူ ခန့်မှန်းလိုက်၏။
[TN/အဝါရောင်အညစ်အကြေးဆိုတာ ခေါင်းထဲမှာ လိင်ဆက်ဆံတဲ့အကြောင်းတွေးနေတာကို ဆိုလိုပါတယ်။
အဝါရောင်စာအုပ်ကတော့ အပြာစာအုပ်ကိုပြောတာပါ။ သူတို့ရဲ့အဝါကို ဒီမှာတော့ အပြာလို့သုံးပါတယ် (/。\)]
သူ ဖတ်လို့မပြီးသေးပေ။
ဟော့ရှူးရှူ၏ ကောင်းမွန်သောရည်ရွယ်ချက်များကို အချည်းနှီးဖြစ်စေခဲ့ပြီး သူ ထိုစာအုပ်ကို အပြစ်ရှိစိတ်၊ ရှက်ရွံ့စိတ်တို့နှင့်အတူ ခုတင်ဘေးကစားပွဲထဲ ထိုးထည့်ခဲ့လိုက်သည်။
လေထုက ကိုးရိုးကားရားနိုင်လှ၏။ ယဲ့စစ်တစ်ယောက် အကြောင်းအရာပြောင်းလဲရန် စိတ်အားထက်သန်နေပြီး မသိစိတ်ကနေ အလိမ်အညာစကားလေးကို ပြောလိုက်မိသည်။ "ကျွန်တော်၊ ကျွန်တော်ဖတ်ပြီပါပြီ။"
"အိုး။" ဟော့ထင်းလန်က ဖောက်ထွင်းမြင်နေရသော်လည်း မဖော်ထုတ်ခဲ့ဘဲ ပြုံးလိုက်သည်။
ဤနာရီဝက်အတွင်း ယဲ့စစ်၏စိတ်ပိုင်းဆိုင်ရာခရီး သူ အလုံးစုံနီးပါး ပုံဖော်နိုင်ခဲ့၏။
ငယ်ရွယ်သော သူ၏ချစ်ရသူလေးက အလွန်ဖြူစင်ကာ အပြစ်ကင်းစင်လွန်းသည်။
ထိုဖြူစင်သောအပြစ်ကင်းစင်မှုက သူ့ကို... နာကျင်စေ၏။
ကြည့်ရတာ သူ၏သိပ္ပံပညာကို လက်တွေ့လုပ်ဆောင်ဖို့ စောင့်ဆိုင်းရဦးမည့်ပုံပင်။
"စကားမစပ်၊ ကိုယ် မင်းနဲ့ဆွေးနွေးချင်တာတစ်ခုရှိတယ်။" ဟော့ထင်းလန်က ခပ်ဝေးဝေးမသွားဘဲ အကြောင်းအရာပြောင်းလဲလိုက်သည်။ "မင်းသိပါတယ်၊ နာမည်အရ ကိုယ်တို့တွေလက်ထပ်ထားတာ တစ်လကျော်ပြီလေ၊ ပြီးတော့ ကိုယ့်အမေက နည်းနည်းစိတ်ပူနေတယ်..."
ယဲ့စစ်တစ်ယောက် ချက်ချင်းဆိုသလို တောင့်တင်းသွားပြီး မျက်လုံးများက ပြူးကျယ်ကာ နိုးကြားသွားခဲ့သည်။
'ကိုယ်တို့လက်ထပ်ထားတာ...' ဆိုသည့်စကားစု။
သူ(မ)က သူတို့ကို တိုက်တွန်းချင်နေတာ၊ ဘာကို တိုက်တွန်းချင်နေတာလဲ!
ယဲ့စစ်: "!"
ဟော့ထင်းလန် စကားဆုံးအောင်မပြောရသေးခင် ယဲ့စစ်၏နိုးကြားမှုက မျက်ဆံများကို မြေငလျင်တောင်လှုပ်ခတ်သွားစေလေ၏။
[TN/ ( ; ; @_@ ) ဒီလိုပုံလေးပါ။]
"...ကိုယ်တို့တွေ မင်္ဂလာပွဲ မကျင်းပရသေးတာကြောင့် သူ(မ)က ဟော့မိသားစုနဲ့ ချူးမိသားစုတို့ ထမင်းလက်စုံစားဖို့ ရိုးရိုးရှင်းရှင်း မိသားစုတွေ့ဆုံပွဲတစ်ခုကို ကျင်းပဖို့စီစဥ်ထားတယ်။ အဲ့ဒါကို နှစ်ဖက်အကြီးအကဲတွေအတွက် လိုက်လျောမှုတစ်ခုလို့ သတ်မှတ်လို့ရနိုင်တယ်။"
ဟော့ထင်းလန်က ယဲ့စစ်၏အပြုအမူကို ကြည့်ရှုရင်း စကားပြောကာ သည်းခံနေခဲ့သော်လည်း ခံနိုင်ရည်မရှိခဲ့ပေ။ မယုံတစ်ဝက်၊ ကျီစယ်မှုတစ်ဝက်နှင့်အတူ မေးမြန်းလိုက်သည်။
"မင်း ဘာတွေတွေးလိုက်တာလဲ။"
"ကျွန်တော်၊ ကျွန်တော် မတွေးပါဘူး။" ယဲ့စစ်တစ်ယောက် ဖော်ထုတ်ခံရမည်စိုး၍ အလျင်အမြန်ပြောလိုက်သည်။ "ကျွန်တော် မိသားစုတွေ့ဆုံပွဲလုပ်နိိုင်ပါတယ်။ ကိစ္စမရှိပါဘူး။"
လက်ထပ်ပြီးကတည်းက ဟော့ထင်းလန် သူ့ကိုပူးပေါင်းပေးဖို့ပြောလာသည်မှာ နှစ်ဖက်မိသားစုကြား ညစာစားပွဲတစ်ခုသာ။ သူ သေချာပေါက် ငြင်းလိမ့်မည်မဟုတ်ပေ။
ယဲ့စစ်က သဘောတူလိုက်သော်လည်း ဟော့မိသားစုက မိသားစုကြီးတစ်ခုဖြစ်သည်။ မိသားစုတွေ့ဆုံပွဲသေးသေးလေးဖြစ်နေပါစေ အနည်းဆုံးတော့ လူဆယ်ချီရှိနေလိမ့်မည်။ ထို့ပြင် ချူးအိမ်တော်၏ဒုတိယအိမ်ထောင်မှလူများလည်း တက်ရောက်လိမ့်မည်... ပြင်ဆင်မှုများကို လက်လွတ်စပယ်ပြုလုပ်လို့မဖြစ်ဘဲ အနည်းဆုံးတော့ လဝက်လောက်ကြာလိမ့်မည်ပင်။
ဟော့ထင်းလန်က ခဏစဥ်ရစားလိုက်ပြီး ပြောလာ၏။ "မင်း ဒီပိတ်ရက်ထဲ အားတဲ့အချိန်ကျ မိသားစုတွေ့ဆုံပွဲအတွက် ဝတ်စုံသွားဝယ်ဖို့ မင်းကိုခေါ်သွားပေးမယ်။"
ယဲ့စစ် သူ့ဗီရိုထဲမှအဝတ်အစားများကို စဥ်းစားကြည့်လိုက်သည် - အားကစားဝတ်စုံများ၊ ဆွယ်တာများ၊ ဂျင်းဘောင်းဘီများ။ သူ မိသားစုတွေ့ဆုံပွဲအတွက် ထိုအရာများကို ဝတ်ဆင်လို့မရသဖြင့် သဘောတူကာ ခေါင်းညိတ်လိုက်တော့သည်။
...
တနင်္ဂနွေနေ့မှာ ဟော့ထင်းလန်က သူ့ကို လက်မှုအပ်ချုပ်ဆိုင်တစ်ဆိုင်ဆီ ခေါ်သွားခဲ့သည်။ ၎င်းက အဖိုးလက်ထပ်ကနေ မြေးအထိ လက်ဆင့်ကမ်းလာခဲ့သော ခေတ်ကာလဂုဏ်ထူးဆောင်အမှတ်တံဆိပ်တစ််ခုဖြစ်၏။ ၁၉၁၃ မှာ စတင်တည်ထောင်ခဲ့ပြီး ကမောက်ကမနှစ်များကိုကျော်ဖြတ်ခဲ့ပြီးနောက် ဆိတ်ငြိမ်၍ ရှေးကျသောနယ်မြေ၌ အခြေချနေဆဲပင်။ စတိုးဆိုင်အဖြစ်အသုံးပြုသည့် အနောက်တိုင်းပုံစံ နှစ်ထပ်အဆောက်အအုံငယ်က ရာစုနှစ်သမိုင်းကြောင်းတစ်ခုရှိခဲ့ပြီး ခြံဝင်းတံခါးကို သဖန်းပင်များ၏အနောက်မှာ တစ်ဝက်ဝှက်ထား၏။ ၎င်းတို့က လူသိရှင်ကြားမဖြစ်ချင်ဘဲ ဖောက်သည်များကိုသာလက်ခံပြီး ခေါင်းမာသော ရှေးဟောင်းမင်းမျိုးမင်းနွယ်များ၏ သီးသန့်ဆန်မှုကို သရုပ်ဖော်ခဲ့ကြသည်။
ယဲ့စစ် ယခုလိုနေရာမျိုးကို ပထမဆုံးအကြိမ်ရောက်ဖူးခြင်းဖြစ်၏။ သူ့အရင်ကအမြင်အတိုင်းသာဆို အပ်ချုပ်ဆိုင်ဆိုသည်မှာ ခေတ်ကာလပြောင်းလဲလာသည်နှင့်အမျှ စွန့်ပစ်ခံရသည့်အရာတစ်ခုဖြစ်ပြီး များသောအားဖြင့် မြို့လယ်ခေါင်လို လူစည်ကားသည့်နေရာမျိုးမှာ ဖွင့်လှစ်ကာ လူများက အဝတ်ကို အရွယ်အစားပြောင်းလဲခြင်း သို့မဟုတ် ကြယ််သီးများ၊ ဇစ်များတပ်ခြင်းကို လုပ်ဆောင်ကြလိမ့်မည်သာ။ ယခုလိုအပ်ချုပ်ဆိုင်မျိုး ရှိနေလိမ့်မည်ဟု သူ တစ်ခါမှမသိခဲ့ပေ။
သူ၏ကိုယ်တိုင်းများကိုတိုင်းရန် ဆိုင်ရှင်နှင့် ပူးပေါင်းပေးခဲ့ပြီးနောက် နူးညံ့သောကတ္တီပါဆိုဖာပေါ်ထိုင်ကာ သူ့နံဘေးကစကားဝိုင်းကို နားထောင်နေရင်း ဤနေရာကို အမှောင်ရိပ်ဆိုင်*ဟုတောင် သံသယဝင်လုနီးပါးပင်။ ဤနေရာမှာ အထည်စပေါင်းသောင်းချီရှိပြီး ဝတ်စုံတစ်စုံ၏တန်ဖိုးက သူ တစ်လလုံး ပြိုင်ပွဲဝင်တာနှင့်တောင် ညီမျှပေ၏။ ယဲ့စစ်တစ်ယောက် တင်ပါးအောက်မှာ မီးတောက်လောင်နေသကဲ့သို့ တုန်လှုပ်သွားပြီး စကားပြောဖို့ကြိုးစားလိုက်သော်လည်း ဟော့ထင်းလန်ကို လူရှေ့သူရှေ့မှာ စော်ကားမိမည်ကိုလည်း စိုးရိမ်မိသည်။ နောက်ဆုံးတော့ ဆိုင်ရှင်က ခဏထွက်သွားခဲ့ချိန်မှာ ယဲ့စစ် အခွင့်အရေးရလိုက်သည်။ သူက ရှက်ရွံ့စွာဖြင့် လက်ချောင်းများကိုလိမ်ယှက်ကာ တီးတိုးပြောလိုက်၏။
"ဟော့ရှူးရှု၊ မလိုအပ်ပါဘူး... ဒါက အရမ်းစျေးကြီးတယ်။"
[TN/ အမှောင်ရိပ်ဆိုင်ဆိုတာ၊ ရှေ့မှာကောင်းတဲ့အရာတွေလုပ်ပြီး နောက်ကွယ်မှာ မကောင်းတဲ့အလုပ်တွေ လုပ်တာပါ။]
ဟော့ထင်းလန်က အိတ်ကပ်ထဲလက်ထည့်ကာ ဆိုဖာရှေ့မှာ အေးအေးဆေးဆေးရပ်နေခဲ့သည်။ သူက ထိုသို့ကြားလိုက်ရသောအခါ သူ့ကိုလှည့်ကြည့်လာပြီး တည်ငြိမ်သောလေသံဖြင့် ပြောလိုက်သည်။
"ကိုယ်ကတော့ စျေးကြီးတယ်လို့မထင်ပါဘူး။ အဲ့ဒါက မင်းနဲ့လိုက်ဖက်တယ်။"
သူက ခဏရပ်တန့်လိုက်ပြီး တောင်းပန်သလိုပြောလာ၏။
"ကိုယ်တို့လက်ထပ်ထားတာ တစ်လကျော်ပြီဆိုပေမဲ့ မင်းအတွက် တစ်စုံတစ်ခုလိုက်ဝယ်ပေးဖို့ကို ကိုယ် တစ်ခါမှမစဥ်းစားခဲ့မိဘူး။ မင်း ထပ်ငြင်းနေမယ်ဆိုရင်... မင်းရဲ့နှလုံးသားထဲမှာ ကိုယ့်ကိုအပြစ်တင်နေတယ်လို့ ခံစားရလိမ့်မယ်။"
'မင်းအတွက် တစ်စုံတစ်ခုလိုက်ဝယ်ပေးဖို့။'
ထိုကဲ့သို့သော ရင်းနှီးသည့်စကားအသုံးအနှုန်းက ၎င်းတို့ကြားမှအကွာအဝေးကို အလိုအလျောက် ကျဥ်းမြောင်းပေးခဲ့သည်။ မည်သို့ပင်ဆ်ိုစေ ယဲ့စစ်က ငယ်ရွယ်ဆဲဖြစ်ကာ ၎င်းအား မကိုင်တွယ်နိုင်ခဲ့ပေ။ သူ၏နှုတ်ခမ်းတို့က အနည်းငယ်လှုပ်ရှားသွားခဲ့သော်လည်း သူ ငြင်းရုံသာတတ်နိုင်ခဲ့သည်။
"ကျွန်တော်... ခင်ဗျားကို အပြစ်မတင်ပါဘူး။"
ဟော့ထင်းလန်က သူ့သဘောထားကို အဖြေရှာဖို့ကြိုးစားလိုက်သည်။
"ကိုယ်က မင်းကို ဝတ်စုံဝယ်ပေးဖို့ခေါ်လာခဲ့တာဆိုပေမဲ့ မင်းက ကိုယ့်ကို မင်းအတွက်ရှင်းမပေးစေချင်ဘူး၊ ဟုတ်တယ်မလား။"
ယဲ့စစ်က အသံတိတ်ဝန်ခံနေသကဲ့သို့ ဘာမှမပြောခဲ့ပေ။
သူ တစ်စုံတစ်ယောက်ဆီမှ ပေးကမ်းခံရခြင်းကို အကြောက်ဆုံးဖြစ်သည်။ အခြားတစ်ယောက်၏ပေးကမ်းခြင်းကိုမှီခိုကာ ယခုလိုစျေးကြီးသောအဝတ်အစားများကို လက်ခံဖို့အတွက် ထုံးစံအတိုင်း သူ အားနာပေ၏။
ဟော့ထင်းလန်က ခဏလောက်တိတ်ဆိတ်နေခဲ့ပြီး ယဲ့စစ်၏ ကိုယ့်ကိုယ်ကိုယ်လေးစားမှုကို ထိခိုက်စေမည်စိုး၍ နူးညံ့စွာစနောက်လိုက်သည်။
"ကိုယ် မနေ့ညက မင်းကို သင်ခန်းစာတွေအများကြီး ရှင်းပြပေးခဲ့တာလေ။ ကိုယ် မင်းဆီကနေ ကျူရှင်ခတောင်းဖို့ လိုအပ်သေးတာလား။"
ယဲ့စစ်က အကြိမ်အနည်းငယ်လောက် ခေါင်းယမ်းလိုက်သည်။
"မဟုတ်ပါဘူး။ ကျွန်တော်က အဲ့လိုသဘောနဲ့ပြောတာမဟုတ်ပါဘူး။"
"အဲ့ဒါက အတူတူပါပဲ။"
ဟော့ထင်းလန်က သူ့ကို သူ၏ပိုက်နက်ထဲသို့ အေးအေးဆေးဆေးဆွဲခေါ်ခဲ့သည်။
"လူနှစ်ယောက်လက်ထပ်ပြီး အတူတူနေကြတဲ့အချိန်မှာ အရာအားလုံးကို တွက်ချက်နေမယ်ဆို အဲ့ဒါက အခန်းဖော်တွေနဲ့ ဘာကွာတော့မှာလဲ။"
စိတ်ပိုင်းဆိုင်ရာအုတ်မြစ်မပါသည့် စီးပွားရေးအရလက်ထပ်မှုက အခန်းဖော်များနှင့် များများစားစားကွဲပြားမသွားချေ... ယဲ့စစ် ဟော့ထင်းလန်ကြောင့် မှက်တက်နေခဲ့ပြီး ငြင်းလိုက်ချင်သော်လည်း ဆိုင်ရှင်က စာအုပ်များစွာနှင့် ပြန်ရောက်လာခဲ့သည်။
ဟော့ထင်းလန်က အချိန်အများကြီးမသုံးဘဲ ပျင်းရိသောအသွင်ဖြင့် ဆိုင်ရှင်နှင့်အတူ ဒီဇိုင်းကိုဆွေးနွေးကာ အသေးစိတ်အချက်အလက်များကို အတည်ပြုလိုက်သည် - ရင်ဖုံးပုံစံ၊ လျှို့ဝှက်အိတ်ကပ်၊ ကြယ်သီးရွေးချယ်မှုနှင့် 'ဘယ်ဖုံးလား၊ ညာဖုံးလား' ဆိုတာတောင် ပါသေးသည်... သူသည် များသောအားဖြင့် ထိုကဲ့သို့အသေးအမွှားကိစ္စများကို ဦးလေးဟယ်ဆီလွှဲထားတတ်သော်လည်း ဤသည်မှာ ဆယ့်ရှစ်နှစ်အရွယ်ယဲ့စစ်၏ ပထမဆုံးတရားဝင်အနောက်တိုင်းဝတ်စုံဖြစ်ရာ အလွန်အရေးပါပေသည်။
အတိတ်ဘဝတုန်းက သူ ယဲ့စစ်အလိုအပ်ဆုံးအချိန်မှာ လေဒဏ်၊ မိုးဒဏ်ကနေ ကာကွယ်ပေးဖို့ ကျရှုံးခဲ့၏။ ယခုဘဝမှာတော့ သူ ဤပုဂ္ဂိုလ်လေးကို သူ့လက်ထဲမှာ ဆုပ်ကိုင်ထားချင်ပြီး သူ့ကို ကောင်းကောင်းဂရုစိုက်ပေးချင်သည်။ ယဲ့စစ်က သူနှင့် အနေဝေးနေဆဲဖြစ်ရာ သူ့အနေနှင့် အဝေးကြီးကိုမသွားရဲသေးရုံသာ။ သူ ဝတ်စုံအနည်းငယ်ကို ထပ်ပြီးမှာယူချိန်၌ ဆင်ခြေများပေးဖို့လိုအပ်သည်။ မဟုတ်လျှင်...
ယဲ့စစ် ၎င်းတို့ကိုစိုက်ကြည့်နေခဲ့သော်လည်း ဝင်မစွက်ဖက်နိုင်ခဲ့ပေ။ သူ ဆိုဖာပေါ်မှာ ကိုးရိုးကားရားထိုင်နေခဲ့ပြီး ဂရုစိုက်ခံနေရခြင်းကြောင့် ဖြစ်ပေါ်လာသည့် သူ၏စိတ်မသက်မသာဖြစ်မှုကိုချေဖျက်ရန် လက်ဖက်ရည်ကိုသာ သောက်နေခဲ့သည်။
သူသည် အရွယ်ရောက်ပြီးအမျိုးသားတစ်ယောက်ဆီကနေ စိုးရိမ်ပူပန်မှုနှင့် ဂရုစိုက်မှုတို့ကို တစ်ခါမှမကြုံတွေ့ဖူးချေ။ ယင်းက ယဲ့ဟုန်ကျွင်း၏မိခင်မေတ္တာနှင့် မတူကွဲပြားပြီး သူ၏ကြီးပြင်းလာမှုတွင် ပျောက်ဆုံးနေသည့် အချိတ်အဆက်တစ်ခုဖြစ်သည်။
သူ့တစ်ကိုယ်လုံး နွေးထွေးမှုဖြင့် ပျော့ပျောင်းလာခဲ့ပြီး 'ဟော့ရှူးရှူနဲ့ စည်းတားထားရမယ်' ဆိုသည့်အပေါ် တွန်းအားပေးမှုများ တဖြည်းဖြည်း လျော့နည်းလာခဲ့သည်။ အသေးစိတ်အချက်အလက်တချို့အတွက် သူ၏အမြင်ကို မေးလာချိန်မှာ ဟော့ထင်းလန်က 'အဆင်ပြေပါတယ်' ဟုတောင် ပြောလာခဲ့သည်။
"အကုန်လုံး အဆင်ပြေသွားလိမ့်မယ်။" ဟော့ထင်းလန်က ယုံကြည်မှုရှိသောသဘောထားနှင့် ပြောလာခဲ့သည်။ "ကိုယ်ပြောတာကိုသာ နားထောင်လိုက်။"
"...အွန်း။"
ဟော့ထင်းလန်က တည်ငြိမ်စွာဖြင့် ယဲ့စစ်ကို တစ်ချက်ကြည့်ခဲ့သည်။
နီရဲနေသော သူ၏နားရွက်များက ပျော့ပျောင်းကာ သူ၏အမူအရာက နာခံမှုရှိနေခဲ့၏။
ယဲ့စစ် သူ၏အကြည့်ကို သတိမထားမိသွားခင် ဟော့ထင်းလန်တစ်ယောက် အကြည့်လွှဲလိုက်ပြီး သူ၏နှုတ်ခမ်းထောင့်များက အနည်းငယ်ကွေးညွတ်သွားခဲ့သည်။
***
Aurora Novel Translation Team
There is No Eng Version