no
အပိုင်း (၃၀) - တွန့်ဆုတ်မှုမရှိအညံ့ခံခြင်း
ယဲ့စစ်တစ်ယောက် ငြိမ်ငြိမ်လေးထိုင်မနေနိုင်တော့ပေ။ သူက ကင်မရာကို လက်ချောင်းထိပ်လေးဖြင့်အုပ်ကာ သူ့လက်ချောင်းများ အဖြူရောင်သန်းလာတဲ့အထိ ဖိထားလေ၏။
သူစကားပြောနေရင်း သူ၏အသံက တဖြည်းဖြည်းတိုးလျသွားခဲ့သည်။
"ခင်ဗျား ကျွန်တော့်ကို၊ ကျွန်တော့်ကို ဖက်ထားသလိုမျိုး..."
ထိုနေ့ညက သူ ဟော့ထင်းလန်ကို စပြီးပွေ့ဖက်ခဲ့၏။ တောင့်တင်းခိုင်မာသော သူ၏ရင်အုပ်ကြီးထဲမှ အနှီနှစ်သိမ့်မှုတို့က သမုဒ္ဒရာထဲမှ လှိုင်းလုံးလေးများပမာ မေ့လို့မရနိုင်ပေ။
ယဲ့စစ် ရိုးရှင်းသော ထိုပွေ့ဖက်မှုကို ထပ်ခါတလဲလဲ စဥ်းစားနေခဲ့သည်။
မှတ်ဉာဏ်များက သူ့အတွေးများကို ရှုပ်ထွေးသွားစေပြီး အာဟာရပြည့်ဝနေသော ပေါင်းပင်များလို ပျံ့နှံ့လာခဲ့၏။ ရက်အနည်းငယ်ကြာ ခွဲခွာပြီးနောက် သူ၏နှလုံးသားက အလွန်ဗလာကျင်းနေသည့်အတွက် သူ စိုးရိမ်တုန်လှုပ်လာခဲ့သည်။
ယင်းက သူ အရင်ကစိုးရိမ်ခဲ့သောအရာများနှင့် ကွဲလွဲနေပြီး ဆန့်ကျင်ဘက်တောင် ဖြစ်နေခဲ့လေ၏။
ရှုပ်ထွေးသောအရာများကို သူ အခြေခံအားဖြင့်တော့ ရှင်းလင်းနိုင်ခဲ့သည်။
တစ်စုံတစ်ယောက်၏နှလုံးသားက အခြေကျသွားပြီဆိုလျှင် စကားပြောရန်အချိန်ကျရောက်လာပြီဖြစ်၏။
သူ ဝန်ခံဖို့ အချိန်တစ်ခုရှာချင်ပြီး ထိုအကြောင်းကို တစ်ညလုံးတွေးနေခဲ့သော်လည်း သူက အလွန်အရှက်အကြောက်ကြီးကာ မျက်နှာကလည်း အလွန်သေးသလို အထူးသဖြင့် သူ၏စိတ်ခံစားချက်များ ပြင်းထန်နေချိန်မှာ စကားပြောဆိုရန် အခက်အခဲရှိပေသည်။ သူ ဟော့ထင်းလန်ကို မျက်နှာချင်းဆိုင်ဝန်ခံမည်ဆိုပါက ကောင်းမွန်သော အနှီစကားလုံးများက တစ်စစီကွဲကာ ရှုပ်ထွေးသွားလိမ့်မည်...
ထို့ကြောင့် အရင်ဆုံး အဝေးကနေပြောဖို့ ကြံရွယ်ထားခဲ့သည်။ သို့မှသာ နှစ်ဦးသား တွေ့ဆုံချိန်မှာ ထိုအရာကို တစ်စိတ်တစ်ပိုင်းနားလည်ထားပြီး စိတ်ခံစားချက်များကလည်း တည်ငြိမ်နေလိမ့်မည်။ သူကလည်း စကားမပြောနိုင်လောက်တဲ့အထိ စိတ်လှုပ်ရှားမည်မဟုတ်တော့ပေ။
သူက အတွေ့အကြုံမရှိကာ မည်မျှတုံးအကြောင်းကို သတိမပြုမိဘဲ အက်ကွဲကာ ဖရိုဖရဲဖြစ်နေသော သူ၏ပေသီးလေးများဖြင့် ပုံသေနည်းတစ်ခုကို ရေးဆွဲခဲ့သည်။
"ခင်ဗျား ကျွန်တော့်ကိုပေးခဲ့တဲ့ ယာ၊ ယာယီအမှတ်အသားက ပိုပိုပြီးအားနည်းလာပြီ..."
ယဲ့စစ်က ရှက်ရွံ့စွာဖြင့် တံတွေးမျိုချကာ သူ့ဘာသာသူပြောနေသကဲ့သို့ မျက်လုံးများမှိတ်၍ ပြောလာ၏။
"ဒါပေမဲ့ ဆန့်ကျင်ဘက်အနေနဲ့... ကျွန်တော် ခင်ဗျားကို ပိုပြီးလွမ်းလာတယ်။"
သူ၏စကားလုံးများက မရေရာသော်လည်း ရှင်းလင်းနေပေ၏။
ယင်းက ဟော်မုန်းအတက်အကျကြောင့် သက်ရောက်မှုမဟုတ်ပေ။
ရုပ်ပိုင်းဆိုင်ရာဆွဲဆောင်မှု၏ ရှုပ်ထွေးခြင်းလည်းမဟုတ်ချေ။
ဟော့ထင်းလန်နှင့် ဝေးနေရသည့် လွန်ခဲ့သောရက်အနည်းငယ်အတွင်း သူ အမှီအခိုကင်းစွာစဥ်းစားဖို့ အချိန်အများကြီးရခဲ့သည်။
စမ်းချောင်းလေးထဲကနေ ကျောက်စရစ်ခဲတစ်လုံးကို ကောက်ယူလိုက်သလိိုမျိုး နွေးထွေးပြီး တစစ်စစ်ဖြစ်နေသောအတွေးများထဲကနေ ရှုပ်ထွေးနေသော သူ့ကိုယ်ပိုင်လုံးသားကို ကောက်ယူလိုက်သည်။ သူ့ဆန္ဒအလိုအရ ရေစက်ကလေးများကို အခြောက်ခံလိုက်ရာ ယင်းက ချစ်ခြင်းမေတ္တာဖြင့် သန့်ရှင်းနူးညံ့နေပြီး ထွင်းထုထားသလိုမျိုး ရှင်းရှင်းလင်းလင်းဖြစ်နေခဲ့သည်...
ငါ ဟော့ရှူးရှူကို သဘောကျတယ်။
ငါ ဟော့ရှူးရှူကို သဘောကျတယ်။
ငါ သူ့ကို နေ့တိုင်းနေ့တိုင်း ပိုပိုပြီးသဘောကျလာတယ်၊ တခြားဘယ်သူမှမဟုတ်ဘဲ သူ့ကို။
"... ကိုယ့်ကို ဘာလို့လွမ်းတာလဲ။"
ဖုန်းတစ်ဖက်ကနေ မေးခွန်းသံထွက်ပေါ်လာပြီး ငြိမ်သက်ခြင်းနှင့် စိတ်ရှည်သည်းခံခြင်းတို့ကိို ကုန်ဆုံးသွားစေခဲ့၏။
"ဘာလို့လဲဆိုတော့..."
ယဲ့စစ် အသက်ပြင်းပြင်းရှူလိုက်ပြီး လူငယ်လေးများပေးနိုင်သော ထူးခြားသည့်ရိုးသားမှုလေးဖြင့် ပြောလာခဲ့သည်။
"ကျွန်တော် ခင်ဗျားကိုသဘောကျလို့။"
"ယာယီအမှတ်အသားကြောင့် မ၊ မဟုတ်သလို ကျွန်တော့်အမေကြောင့်လည်း မဟုတ်ပါဘူး... ဘာသံသယမှမဝင်ပါနဲ့။ ကျွန်တော် ရက်အတော်ကြာတဲ့အထိ အဲ့ဒီအကြောင်းကိုစဥ်းစားနေခဲ့တာ၊ ကျွန်တော်... ခင်ဗျားကို တကယ်သဘောကျတယ်။"
"..."
သူ့ကို တကယ်ပဲသဘောကျတယ်။
ယင်းက အမှန်တကယ်ကို သူအဝေးရောက်နေခြင်းအပေါ် အားကိုးယူခဲ့သည်။
ဟော့ထင်းလန်က သူ၏လည်စည်းကို ဖြေလျှော့ကာ အသက်ပြင်းပြင်းရှူလိုက်သည်။ သူ့နားထင်ရှိ အပြာရောင်သွေးကြောများက တဒိတ်ဒိတ်ခုန်နေပြီး သူ၏အသိစိတ်က ပြိုလဲလုနီးနီးပင်။
ကနဦးတုန်းက သူသည်းခံထားခဲ့သည့်ကိစ္စများကို ယဲ့စစ်၏ 'နှိုးဆွခြင်း' စစ်ဆင်ရေးဖြင့် လှုံ့ဆော်ခံလိုက်ရပြီး သူ ထပ်ပြီးခံနိုင်ရည်မရှိတော့မှာကို စိုးရိမ်မိသည်။
ကင်မရာကို ဖုံးထားဆဲပင်။ ယဲ့စစ်က တစ်ဖက်ကနေ သူ့ကိုကြည့်နေမလားဆိုသည်ကို မသေချာသဖြင့် သူ မီးတောက်လေးကို ဖိအားပေးထိန်းချုပ်ကာ အတုအယောင်တည်ငြိမ်မှုဖြင့် ပြောလိုက်သည်။
"မင်းက ဗီဒီယိုတစ်ဖက် ဟိုးအဝေးကြီးမှာရှိနေတာ၊ ပြီးတော့ ကိုယ့်ကို အခုလိုပြောနေတယ်..."
သူက အေးအေးဆေးဆေး စစ်ဆေးမေးမြန်းလိုက်သည်။
"မင်းမှာ ဘယ်လိုမျိုး မကောင်းတဲ့ရည်ရွယ်ချက်လေးတွေရှိနေတာလဲ။"
"မ၊ မကောင်းတဲ့ရည်ရွယ်ချက်တွေ မရှိပါဘူး!"
သူက မပျော်မရွှင်ဖြစ်နေသည်ဟု ယဲ့စစ်တွေးလိုက်ပြီး ကင်မရာဖုံးထားတာကို အမြန်ဖယ်ရှားလိုက်၏။ သူ၏မျက်နှာက တစ်ပြင်လုံးနီရဲနေပြီး သူ၏မျက်လုံးလေးများကတောင် ပန်းရောင်သန်းနေသလို နှုတ်ခမ်းလေးများကလည်း နီစွေးနေခဲ့သည်။
သူ အလွန်ရှက်နေပြီး နှုတ်ခမ်းသပ်လိုက်ရာ နှုတ်ခမ်းလွှာများက စိုစွတ်သွားပြီး သူ့ကို ပိုလို့တောင်လှပသွားစေခဲ့၏။
သူ၏ ချစ်လှစွာသောဟော့ရှူးရှုက ခံစားချက်များကို နာကျင်စွာထိန်းချုပ်ထားရကြောင်းကို သူ မသိသလို အရွယ်ရောက်ပြီးသူများ၏လောက၌ ဆက်ဆံရေးတစ်ခုရှိခြင်းက မည်သည့်အရာကိုဆိုလိုကြောင်း သူ သတိမပြုမိခဲ့ပေ။ သူကလည်း အရွယ်ရောက်ပြီးသူတစ်ယောက်ဖြစ်သော်ငြား ယင်းက မကြာသေးမီအချိန်ကမှ ဖွံ့ဖြိုးတိုးတက်မှုဖြစ်ရာ သူက အပြစ်ကင်းစင်နေဆဲပင်။
သူက သက်တူရွယ်တူများနှင့် အချစ်ဂိမ်းကို ကစားနေသကဲ့သို့ အချိန်အကြာကြီး တစ်ကိုယ်တည်းသမားဖြစ်ခဲ့သည့် အသက်သုံးဆယ်အရွယ် အယ်ဖာတစ်ယောက်ကို ခွဲခြမ်းစိတ်ဖြာဖို့ ဤကလေးဆန်သောနည်းလမ်းကို အသုံးပြုခဲ့သည်။ ထို့ကြောင့် သူက ထိုအကြောင်းကို ထပ်တွေးလိုက်ပြီး ဟော့ရှူးရှူလိုချင်နိုင်လောက်သည့် ခံစားချက်များကို ပြင်ဆင်ဖို့ကြိုးစားနေခဲ့၏။
"ကျွန်တော်၊ ကျွန်တော် video call ကနေ ဝန်ခံတာက... မစစ်မှန်လို့၊ ဒါမှမဟုတ် ခင်ဗျားနဲ့ပတ်သက်ပြီး အလေးအနက်မထားလို့ မဟုတ်ပါဘူး။ ကျွန်တော် ခင်ဗျားအရှေ့ကိုရောက်တဲ့အခါကျ ထပ်ပြီးဝန်ခံချင်ပါတယ်။ ကျွန်တော်က စကားပြောတာ ကိုးရိုးကားရားနိုင်တယ်လေ။ အဲ့ဒီအချိန်ကျရင် ကျွန်တော် စိတ်လှုပ်ရှားနေမှာကို စိုးရိမ်လိို့ပါ။ ကျွန်တော်က စကားကောင်းကောင်းမပြောနိုင်တာကြောင့် ခင်ဗျားကို video call ကနေတစ်ဆင့် အရင်ပြောခဲ့တာ... ကျွန်တော် အဲ့ဒါကို ထပ်ပြီးပြောမှာပါ။"
သူက သူ၏ချစ်ရသူအပေါ် အလွန်စစ်မှန်ပြီး သူ၏နှလုံးသားလေးကိုဖွင့်ပြဖို့ မစောင့်နိုင်တော့ဘဲ အရိပ်မဲ့မီးအိမ်က စကားလုံးတိုင်းကို တောက်ပလာစေခဲ့၏။
"ပြီးတော့ ကျွန်တော်ခံမိစားတာ၊ အခု ကျွန်တော်တို့နှစ်ယောက်လုံး... အဖြေထုတ်ပြီးပြီဆိုတော့ ကျွန်တော် အမြန်ဆုံးပြောလိုက်သင့်တယ်... ခင်ဗျားကို ကြိုးနဲ့ဆွဲမထားသင့်တော့ဘူးလေ။"
စိတ်ဆိုးနေသော ချစ်သူကောင်မလေးကို ချော့မြှူနေသကဲ့သို့ သူက ယောက်ျားပီသစွာဖြင့် ခန္ဓာကိုယ်ကိုနှိမ့်ချ၍ တောင်းပန်သည့်အနေအထားနှင့် ပြောလိုက်သည်။
"ခင်ဗျား... ခင်ဗျား စိတ်မဆိုးပါနဲ့၊ ဟုတ်ပြီလား။"
ဟော့ထင်းလန်က သူ့ကိုယ်သူကြားရရုံသာ ရယ်မောလိုက်ပြီး စက္ကန့်ပိုင်းလောက် ဆွံ့အသွားခဲ့သည်။
သူက စိတ်ဆိုးခြင်းနှင့် ဟိုးအဝေးကြီးမှာရှိနေ၏...
သူက သူ၏ရူးသွပ်မှုကို ထိန်းချုပ်နေရပြီး ကြမ်းတမ်းသော အနှီရေစီးကြောင်းများကို ခေါင်းအစ ခြေအဆုံးထိ သည်းခံနေခဲ့ရသည်။ ဘယ်ဘက်ပခုံးထက်မှာ သည်းခံခြင်းရှိပြီး ညာဘက်မှာလည်း သည်းခံခြင်းကိုနေရာချထားရ၏။ သူ လုံးဝသည်းခံနေရပေသည်!
သို့သော် ယဲ့စစ်က ထိုအရာကိုနားမလည်ပေ။
ဟော့ထင်းလန်က သက်ပြင်းချလိုက်၏။ ထိုချာတိတ်လေး၏ စိတ်ပိုင်းဆိုင်ရာခရီးရောက်မှုက နေ့လယ်ခင်းအချိန်၏နေမင်းကြီးကဲ့သို့ ရှင်းလင်းနေခဲ့သည်။ ဦးနှောက်အလုပ်လုပ်ပုံနှင့် သူ၏စဥ်းစားဆင်ခြင်မှုများက တကယ်ကို စိမ်းစိုပြီး ချစ်စရာကောင်း၏။ သူက လုံးဝကို နှလုံးသားနူးညံ့နေသည်။
သူက နှလုံးသားနူးညံ့နိုင်သော်လည်း အခြားသူများကတော့ ထိုနူးညံ့မှုလေးကို တုပနိုင်မည်မဟုတ်ပေ။
ထိုအစား ၎င်းတို့က ကျောက်စိုင်ကျောက်ခဲနှင့် သံမဏိလို ခိုင်မာတောင့်တင်းနိုင််ပေ၏။
ဟော့ထင်းလန်က နှုတ်ခမ်းများကို တစ်တန်းတည်းထားကာ ပြောလိုက်သည်။
"မရပါဘူး။"
"...အာ?"
ယဲသစ်တစ်ယောက် ၂၀၀°C မီးဖိုထဲ အပူပေးခံလိုက်ရသော နှင်းလူသားကဲ့သို့ ညှိုးနွမ်းသွားလေသည်။
သူ၏ပခုံးများက ပြိုလဲကျကာ လျင်မြန်စွာပင် အရည်ပျော်သွားခဲ့သည်။
အိုး မဖြစ်ဘူး။
သူတော့ သွားပြီ။
ဟော့ထင်းလန်က ထိုင်ခုံကိုမှီကာ စားပွဲကို လက်ချောင်းလေးမျာဖြင့်တောက်နေပြီး စီးပွားရေးကိစ္စကို ဆွေးနွေးနေသကဲ့သို့ လေးနက်နေသော်လည်း သူ၏စကားလုံးများကတော့ လေးလေးနက်နက်မရှိနေပေ။
"ကိုယ်တို့ ပြန်တွေ့ရင် မင်းစောစောကပြောလိုက်တဲ့စကားကိို ပြန်ပြောရမယ်..."
"အွန်း!" ယဲ့စစ်က အလျင်အမြန်ခေါင်းညိတ်ပြလိုက်၏။
"မင်း ပြောလို့ပြီးသွားရင်။" ဟော့ထင်းလန်က တိုးတိုးလေးပြောလာ၏။ "ကိုယ် မင်းကိုနမ်းမယ်... အဲ့ဒါက အဆင်ပြေလား။"
"အင်းအင်း အဆင်ပြေပါတယ်။"
ယဲ့စစ်တစ်ယောက် အစပိုင်းမှာ လှိုက်လှိုက်လှဲလှဲပြန်ဖြေလိုက်ပြီး စက္ကန့်အနည်းငယ်ကြာတော့မှ သူ၏မျက်လုံးများက စိတ်လှုပ်ရှားစွာဖြင့် တုန်ယင်လာခဲ့သည်။ သူ၏လည်စလုတ်က လှုပ်ရှားသွားပြီး ဟန်ဆောင်ပါးနပ်မှုဖြင့် မေးလိုက်လေ၏။
"အရင်၊ အရင်တစ်ခေါက်တုန်းကလိုပဲမလား။ ဒါဆို နမ်းပြီးသွားရင်...ခင်ဗျား စိတ်မဆိုးတော့ဘူးမလား။"
မျက်နှာလေးကို နမ်းတယ်၊ မျက်ခုံးလေးကို နမ်းတယ်၊ နဖူးလေးကို နမ်းတယ်...
သူ ထိုအနမ်းများကို ရင်းနှီးပေသည်။
ဗီဒီယိုခေါ်ဆိုမှု၏ အခြားတစ်ဖက်မှလူက သူ၏အကြည့်များ မည်သည့်နေရာကိုကျရောက်နေကြောင်း ရှင်းရှင်းလင်းလင်းမမြင်နိုင်သည့်အချက်ကို အခွင့်ကောင်းယူ၍ ဟော့ထင်းလန်က စခရင်ပေါ်မှ စွဲမက်ဖွယ်ကောင်းသော နီစွေးစွေးနှုတ်ခမ်းလေးကို မရိုးမသားစိတ်နှင့် စိုက်ကြည့်နေခဲ့သည်။
"မဟုတ်ဘူး။" သူက ပြုံးလိုက်ပြီး သူ၏အမူအရာကိုထိန်းချုပ်၍ မေးခွန်းနှစ်ခုလုံးကို ဖြေပေးလိုက်သည်။ "ကိုယ် ထပ်ပြီးစိတ်ဆိုးတော့မှာမဟုတ်ဘူး။"
ယဲ့စစ်က 'ဟော့ရှူးရှူက လူကောင်းတစ်ယောက်ပဲ' ဟူသောအမူအရာဖြင့် သူ့ကိုယ်သူ ကံကောင်းသည်ဟု တွေးနေပုံပေါ်သောကြောင့် ဟော့ထင်းလန်က နှုတ်ခမ်းထောင့်များကွေးညွတ်သွားပြီး တီးတိုးပြောလိုက်သည်။
"ကိုယ် မင်းရဲ့နှုတ်ခမ်းကို နမ်းချင်တယ်၊ ရမလား။"
"!"
ယဲ့စစ်တစ်ယောက် အလွန်ရှက်ရွံ့ကာ ဖုန်းကိုတောင် လွှင့်ပစ်မိလုနီးနီးပင်။
ရလား။
မဖြစ်နိုင်စရာတော့ မရှိသလိုပင်။
၎င်းတို့က အချင်းချင်း ခံစားချက်များကို ဝန်ခံထားကြသည်။ သာမန်အားဖြင့် ဤသည်ကို ချစ်သူဆက်ဆံရေးအဖြစ် သတ်မှတ်နိုင်ပြီး အချစ်မှလွဲ၍ ၎င်းတို့တွေ မည်သည့်သက်သေများရှိဖို့ လိုအပ်မည်နည်း...
နှစ်ဦးသားက လက်ထပ်ထားပြီး တစ်ယောက်ကိုတစ်ယောက် ချစ်ကြသည်။ နှုတ်ခမ်းလေးကိုနမ်းတာကတောင် များလွန်သည်ဟုထင်နေပါက ရှေ့ဆက်လျှောက်လို့မရနိုင်ပေ။
"အိုး၊ မရဘူးပဲ။"
ဟော့ထင်းလန်၏လေသံက စိတ်ပျက်အားလျော့သွားသော်လည်း သည်းခံမှုတို့ကတော့ ရှိနေဆဲပင်။
ယဲ့စစ်က ခွင့်မပြုသရွေ့ သူက ကမ္ဘာအဆုံးထိ အမှန်တကယ် သည်းခံနေမည့်ပုံပင်။
"ဟင့်အင်း... ရပါတယ်။"
ယဲ့စစ်က အိပ်ရာပေါ်မှာ တင်ပျဥ်ခွေထိုင်နေပြီး ရှက်ရွံ့စွာဖြင့် သူ၏နဖူးကို အုပ်ထားလေသည်။ ထိုအခိုက်အတန့်၌ သူ၏လက်ဖမိုးလေးကတောင် နီမြန်းနေခဲ့သည်။
ဟော့ထင်းလန်က စီးပွားရေးညှိုနှိုင်းနေသည့်ပုံစံအတိုင်း ယဲ့စစ်နှင့် စာချုပ်လက်မှတ်ထိုးချင်နေသကဲ့သို့ တည်ရှိပြီးသားအခြေအနေများကို ဦးစွာ အလေးပေးဖော်ပြလိုက်သည်။
"ကိုယ်တို့က အစစ်အမှန် လက်ထပ်ပြီးသား။"
သူက ချက်ချင်းဆိုသလို ပြတ်ပြတ်သားသား အတည်ပြုလိုက်သည်။
"ဒီတော့ ကိုယ် မင်းကို ဘယ်နှကြိမ်နမ်းလို့ရလဲ။"
"အာ၊ ဘယ်၊ ဘယ်နှကြိမ်နမ်းလို့ရလဲ?"
ယဲ့စစ်က အသက်ရှူသံများ မညီမညာဖြစ်သွားပြီး ထိတ်လန့်တကြားဖြင့် သံယောင်လိုက်ကာမေးမြန်းလိုက်သည်။
ချစ်မိနေတဲ့ လူကြီးလူကောင်းဆန်တဲ့လူတစ်ယောက်က အခုလိုမျိုး စကားပြောတယ်ပေါ့?!
ဘယ်နှကြိမ်နမ်းခွင့်ပြုလဲဟု ရှင်းရှင်းလင်းလင်းမေးမြန်းနေ၏။ ပိုနမ်းလိုက်လျှင် အပြစ်ဟု ယူဆနိုင်သည်လော။
ဒီတိုင်း...
ဒီတိုင်းနမ်းလိုက်တာကမှ ပိုကောင်းသေးတယ်...
အခုဟာက ပိုပြီးရှက်စရာမကောင်းဘူးလား!
"ဘယ်၊ ဘယ်နှကြိမ်ပဲဖြစ်ဖြစ်။" ယဲ့စစ်အတွက် တိကျသည့်နံပါတ်ကိုပြောရန် ခက်ခဲပေ၏။
နည်းသွားသည်ဖြစ်စေ၊ များသွားသည်ဖြစ်စေ ဟော့ရှူးရှုက သူနှင့် ညှိနှိုင်းနေပေလိမ့်မည်။
"ဘယ်နှကြိမ်ပဲဖြစ်ဖြစ်?" ဟော့ထင်စလန်က သူ့အပြုံးကိုဖုံးကွယ်ရန် ချောင်းဟန့်လိုက်၏။
ဤလူကြီးလူကောင်းလေးကို ကျီစယ်နေရသည်မှာ အလွန်ပျော်စရာကောင်းလှသည်။
တကယ်ကို အဆုံးမရှိပျော်ရွှင်ရသည်။
အတိတ်ဘဝတုန်းက သူ ယဲ့စစ်ကို ယခုလိုမျိုး တစ်ခါမှမစနောက်ခဲ့ဖူးချေ။
အတိတ်ဘဝတုန်းက ယဲ့စစ်သည် ယခုထက်ပို၍ သိုဝှက်တတ်ပြီး နုနယ်လှသည်။ သူက အဝေးကြီးသွားဖို့ သည်းခံနိုင်မည်မဟုတ်သလို အသက်နှစ်ဆယ့်နှစ်နှစ်အရွယ်ယဲ့စစ်က ဆယ့်ရှစ်နှစ်ထက် အများကြီးရင့်ကျက်ပေ၏။ သူ့ကိုကျီစယ်တိုင်း ငါးစာမိသွားတတ်သည့် ယခုလက်ရှိနှင့်မတူပေ...
"အများဆုံးအရေအတွက်ကို ကန့်သတ်ချက်မရှိဘူး။"
ဟော့ထင်းလန်က စက္ကန့်ဝက်မျှစဥ်းစားလိုက်ပြီး သူ၏လူသားဆန်မှုက ပျော်ကွယ်ကာ အပြုံးလေးဖြင့် အနှစ်ချုပ်လိုက်သည်။
"အဲ့ဒါက အဆုံးမရှိဘူးပဲ။"
သူပြောနေသည့်အရာကို ယဲ့စစ်တစ်ယောက် နားမလည်ဘဲ ရှုပ်ထွေးစွာဖြင့် ခေါင်းညိတ်လိုက်သည်။
ယဲ့စစ်တစ်ယောက် အစခံရပြီး မျက်ရည်ကျများတောင် ကျတော့မည်ဖြစ်ကြောင်းကို သိလိုက်ရပြီး ဟော့ထင်းလန်က ကရုဏာသက်စွာဖြင့် video call ကို အဆုံးသတ်လိုက်လေသည်။
စခရင်ထက်မှာ 'ခေါ်ဆိုမှုအဆုံးသတ်သွားပါပြီ' ဆိုသော စာလုံးများပေါ်လာသည်နှင့် ယဲ့စစ်မှာ ကယ်တင်ခြင်းခံလိုက်ရသလို သူ့ဖုန််းကို ဘေးသို့ချလိုက်ပြီး အိပ်ရာပေါ်လှဲချ၍ မျက်နှာကြက်ကို မှင်တက်စွာစိုက်ကြည့်နေခဲ့သည်။
ယင်းက ဝန်ခံမှုတစ်ခုမျှသာ... သို့သော်လည်း ၎င်းက အရေခွံချွတ်ခံရသလိုမျိုးဖြစ်လိမ့်မည်ဟု မည်သူကမျှော်လင့်မိမည်နည်း။
သို့သော်လည်း နောက်ဆုံး ခွဲခြမ်းစိတ်ဖြာမှုအရ ဟော့ရှူးရှူ၏အပြစ်မဟုတ်ပေ။
သူကိုယ်တိုင်က အရေပါးလွန်းပြီး အရှက်အကြောက်ကြီးသောကြောင့်ဖြစ်သည်။ စုံတွဲများအတွက် ထမင်းစား၊ ရေသောက်ကဲ့သို့ ပုံမှန်ကိစ္စများက သူ့အတွက် ခက်ခဲပေ၏။
သူ ပွင့်လင်းဖို့ သင်ယူရမည်ဖြစ်ပြီး သူ့ကို တည်ငြိမ်စွာ၊ သဘာဝကျကျ နမ်းနိုင်ရမည်။
ဟုတ်တယ်!
ဤဆုံးဖြတ်ချက်က နာရီ ၄၀ ကျော်သာ ကြာရှည်ခံခဲ့သည်။
[TN/ တရုတ်နဲ့ ဆန်ဖရန်စစ္စကိုကြား အချိန်ကွာဟချက်က ၁၅ နာရီရှိပါတယ်။ တရုတ်က ပိုစောတာပါ။]
ထိုနာရီ ၄၀ လုံး သူက ပင်လယ်ပြင်ကို မျက်နှာမူလျက် နွေဦးပန်းလေးများကိုခံစားရင်း ရွှင်မြူးကာ ပွင့်လင်းသည့်သူဖြစ်ခဲ့၏။
ထိုစဥ် ဟော့ထင်းလန်ဆီမှ ရုတ်တရက်ဆန်သောသတင်းအချက်အလက်ကြောင့် ယဲ့စစ်တစ်ယောက် နဂိုမူလပုံစံကို ပြန်ရောက်သွားခဲ့လေသည်။
ညဘက် ကိုးနာရီခွဲအချိန်ဖြစ်၏။ ဦးလေးဟယ်ပို့ပေးလာသော ညလယ်သရေစာအသီးများစားပြီးနောက် ယဲ့စစ် ပါးစပ်သုတ်ကာ မေးခွန်းလွှာကို အလျင်အမြန်လက်စသတ်ချင်နေခဲ့သည်။
သူ မေးခွန်းလွှာများ ပြီးဆုံးသွားသောအခါ ဆန်ဖရန်စစ္စကို၌ မနက်ရှစ်နာရီခွဲရှိပြီဖြစ်၏။
[TN/ ယဲ့စစ် စာစလုပ်တဲ့အချိန် ည ၉:၃၀ က ဆန်ဖရန်စစ္စကိုမှာ မနက် ၆:၃၀ ပါ။ ဒီတော့ ဆန်ဖရန်စစ္စကိုမှာ မနက် ၈:၃၀ က ယဲ့စစ်ဆီမှာ ည ၁၁:၃၀ ပါ။ စလုပ်ချိန် ၂ နာရီကြာပါတယ်။]
ပုံမှန်ဆို သူ video call ပြုလုပ်ကာ သူ့အမေနှင့် စကားစမြည်ပြောဆိုပြီးနောက် ဟော့ရှူးရှုနှင့် စကားပြောလိမ့်မည်ပင်... ယနေ့ ကျောင်းစာများက အလွန်များနေပြီး ညဘက်မှာ ဖုန်းခေါ်ဆိုမှုပြုလုပ်ဖို့ အချိန်ရရှိစေရန်အတွက် ယဲ့စစ်က တစ်နေကုန်ဖုန်းမကိုင်ခဲ့သဖြင့် ဟော့ထင်းလန် သူ့ကိုမဆက်သွယ်သည်မှာ ဆယ်နာရီကျော်သွားပြီမှန်း သတိမပြုမိခဲ့ပေ။
သူ၏ဖုန်းက အသံမြည်လာသောအခါ မေးခွန်းလွှာများက ပြန့်ကျဲနေဆဲသာရှိသေးသည်။
ယဲ့စစ် ဖုန်းကိုယူလိုက်ပြီး စစ်ဆေးလိုက်၏။
ထို့နောက် သူ၏နှလုံးသားလေးမှာ ရပ်တန့်သွားခဲ့လေသည်။
[ဟော့ထင်းလန်]: ကိုယ် ဆယ်မိနစ်နေရင် အိမ်ပြန်ရောက်မယ်။
[ဟော့ထင်းလန်]: ကိုယ့်ကိုစောင့်နေ။
"!"
ယဲ့စစ်တစ်ယောက် ဖုန်းကိုဆုပ်ကိုင်လျက် စက္ကန့်အနည်းငယ်လောက် မှင်တက်နေခဲ့သည်။
ဆယ်မိနစ်?
ဆယ်မိနစ်!
ဟော့ရှူးရှူက အချိန်နေရာရွှေ့ပြောင်းတဲ့လမ်းကြောင်းထဲ ကျသွားခဲ့တာလား!
အချိန်နဲ့ နေရာက ခေါက်ရိုးကျိုးသွားတာလား!
[ဟော့ထင်းလန်]: ကိုယ် မနေ့ညက တစ်ညလုံးအလုပ်ရှုပ်နေပြီး အဲ့ကကိစ္စတွေအားလုံးကို လက်စသတ်ခဲ့တယ်။ ဒီမနက်လေယာဥ်နဲ့ ပြန်လာခဲ့ပေမဲ့ မင်း တစ်နေ့လုံးလျှောက်တွေးနေပြီး စာကောင်းကောင်းမလေ့လာနိုင်မှာစိုးလို့ ကြိုမပြောခဲ့တာ။
ယင်းက အမှန်တကယ် ထည့်သွင်းစဥ်းစားပေးခြင်းလော၊ သို့မဟုတ် ယဲ့စစ်ကို အချိန်ဆွဲခွင့်နှင့် နောင်တရခွင့်တို့မရှိအောင် လျှပ်တစ်ပြက်တိုက်ခိုက်ခြင်းလောကို ဟော့ထင်းလန်တစ်ယောက်တည်းကသာ သိနိုင်ပေလိမ့်မည်။
ယဲ့စစ်မှာ တုန်ယင်နေသောလက်များဖြင့် 'ကောင်းပါပြီ' ဆိုသောစာလုံးလေးများကို ဖျစ်ညှစ်ပြီး စာရိုက်လိုက်ရသည်။
ယဲ့စစ် ဖုန်းကိုချလိုက်ပြီး အခိုက်အတန့်တစ်ခုလောက် မှင်တက်နေခဲ့၏။ ထို့နောက် ထခုန်ကာ သွားတိုက်ဖို့အတွက် ရေချိုးခန်းဆီသို့ ပြေးသွားခဲ့လေသည်။
အလွန်တရာစေ့စပ်စွာဖြင့် ကြိမ်ဖန်များစွာတိုက်ပြီးနောက် သူ၏လျှာက သွားတိုက်ဆေးအရသာများကြောင့် ထုံနေလေပြီ။
သူ၏မေးစေ့ကနေ ရေစက်ကလေးတချို့ တွဲလွဲခိုနေပြီး သွားတိုက်တံကိုကိုင်ထားရင်း နီမြန်းနေသောမျက်နှာဖြင့် မှန်ကို စိုက်ကြည့်နေခဲ့သည်။
ထိုစဥ် ပထမထပ်ကနေ အသံများကြားလိုက်ရ၏။ ဟော့ထင်းလန် ပြန်လာလေပြီ။
အခိုက်အတန့်တစ်ခုမှာ ၎င်းတို့တွေ နှုတ်ခမ်းချင်းနမ်းတော့မည်ဖြစ်ရာ သူ့ကို မည်သို့ဖြင့် သွားပြီးနှုတ်ဆက်ဝံ့မည်နည်း။
ဘယ်နှမိနစ်၊ ဘယ်နှစက္ကန့်ကျန်သေးလဲ။ သူ ဘယ်နားကနေ စောင့်နေရမလဲ။ ဘယ်လိုပုံစံနဲ့ စောင့်နေသင့်လဲ။ သူ ဘယ်လိုအမူအရာမျိုး တပ်ဆင်ထားရမလဲ။ သူ ဘာပြောသင့်လဲ...
မိနစ်အနည်းငယ်အတွင်း သူ၏စိတ်လှုပ်ရှားမှုများနှင့် အတွေးများက အဆုံးမရှိထွက်ပေါ်လာခဲ့သည်။ စက္ကန့်တိုင်းက နှိပ်စက်ခံနေရသလိုဖြစ်နေပြီး ဟော့ထင်းလန် အမြန်ဆုံးရောက်လာပြီး သူ့ကိုလာနမ်းပါစေဟုတောင် ဆုတောင်းနေမိ၏။
ယဲ့စစ်တစ်ယောက် အရှက်တရားနှင့် စိတ်ဆိုးမှုများကို ဖွင့်ထုတ်စရာမရှိဘဲ လက်ဆေးကန်ကိုသာ လက်သီးဖြင့်ထုလိုက်လေသည်။
ကျယ်လောင်သောအသံထွက်ပေါ်လာခဲ့၏။
ထို့နောက် ခြေသံသဲ့သဲ့ကို သူ ကြားလိုက်ရသည်။
ဒုတိယထပ် အိပ်ခန်းနှင့် ရေချိုးခန်း၏တံခါးတို့ကိုဖြတ်ကာ သူ့နားထဲ ရောက်ရှိလာခဲ့သည်။
ယဲ့စစ်၏နှလုံးသားက ဗုံတစ်ခုလို အသံမြည်နေပြီး ရင်ခုန်စိတ်လှုပ်ရှားစွာဖြင့် နားစွင့်နေခဲ့၏။
ထို့နောက် ခေါင်းငုံ့ကာ နှုတ်ခမ်းပေါ်ကျရောက်လာမည့်အနမ်းအတွက် စောင့်ဆိုင်းနေခဲ့လေသည်။
***
Aurora Novel Translation Team
There is No Eng Version