no

Font
Theme

### ကမ္ဘာပျက်ကပ်နှင့် ကျိုးမိသားစု

ယွင်ချဲ့ ပြောခဲ့သည့်အတိုင်းပင် တစ်နိုင်ငံလုံးသာမက ကမ္ဘာတစ်ဝန်းလုံးမှာပါ ရုတ်တရက် ထူးဆန်းစွာ နှင်းထူထူကြီးများ ကျဆင်းလာခဲ့သည်။ အဲဒီအကျိုးဆက်ကြောင့် အမြန်လမ်းကို ပိတ်ထားလိုက်ရပြီး ယွင်ချဲ့လည်း အမြန်လမ်းပေါ်မှာ နာရီပေါင်းများစွာ ပိတ်မိနေခဲ့ရသည်။

နေထွက်လာသည့်အခါ တိတ်ဆိတ်ငြိမ်သက်နေသော ကမ္ဘာကြီးသည် ရုတ်တရက် အော်ဟစ်သံများကြောင့် ဆူညံပွက်လောရိုက်သွားခဲ့သည်။ လမ်းမများပေါ်မှာဖြစ်စေ၊ လူတွေရဲ့ အိမ်တွေထဲမှာဖြစ်စေ အော်ဟစ်အကူအညီတောင်းသံများ တစ်သံပြီးတစ်သံ ပေါ်ထွက်လာပြီး ကမ္ဘာကြီးတစ်ခုလုံး ပွက်လောရိုက်သွားခဲ့သည်။

ကမ္ဘာပျက်ကပ်ကြီးသည် အမှန်တကယ်ပင် ရောက်ရှိလာခဲ့လေပြီ။

Jiang City ရှိ ချောင်ယန်လူနေရပ်ကွက်၏ ရှစ်ထပ်အိမ်ခန်းတစ်ခန်းထဲတွင် ယွင်ယောင်သည် ကြောက်လန့်နေသော သားလေးကို ရင်ခွင်ထဲထည့်ကာ ကုတင်ပေါ်မှာ ထိုင်နေသည်။

“ချန်ချန်၊ မကြောက်နဲ့နော်။ ဦးလေး မကြာခင် မေမေတို့ကို လာခေါ်တော့မှာပါ။”

ယွင်ယောင်၏ မျက်နှာမှာ ဖြူဖျော့နေပြီး နေမကောင်းဖြစ်နေသည့်ပုံပေါ်သည်။ သူမ၏ သွယ်လျသော ခန္ဓာကိုယ်လေးသည်လည်း မထိန်းနိုင်ဘဲ တုန်ယင်နေခဲ့သည်။ တံခါးတွေနဲ့ ပြတင်းပေါက်တွေကို တင်းတင်းကျပ်ကျပ် ပိတ်ထားသော်လည်း အပြင်ဘက်မှ အော်ဟစ်သံတွေကိုတော့ ရှင်းရှင်းလင်းလင်း ကြားနေရဆဲဖြစ်သည်။

“မေမေ… မေမေ…”

ချန်ချန်သည် ကြောက်လန့်တကြားဖြင့် သူ့လက်ဖောင်းဖောင်းလေးနှစ်ဖက်ကို မိခင်၏ လည်ပင်းမှာ တင်းတင်းကျပ်ကျပ် ဖက်ထားသည်။ သို့သော် မေမေက ငိုမနေရဘူးဟု ကြိုပြောထားသည့်အတွက် သူလည်း အသံထွက်ပြီး မငိုရဲပေ။ မျက်လုံးဝိုင်းဝိုင်းကြီးထဲမှာတော့ မျက်ရည်များ အပြည့်ဖြင့် တောက်ပနေခဲ့သည်။

“ဦးလေး မကြာခင် ရောက်လာတော့မှာနော်။ မကြောက်နဲ့။ ဦးလေးက မေမေတို့ကို သေချာပေါက် ကယ်တင်ပေးမှာပါ။”

ယွင်ယောင်သည် အရင်ကတည်းက ခင်ပွန်းဖြစ်သူထံ ဖုန်းဆက်ထားပြီးဖြစ်သော်လည်း ဖုန်းမဝင်ခဲ့ပေ။ သူမ လုံးဝစိတ်မပျက်ဘူးဆိုလျှင်တော့ မုသားသာဖြစ်လိမ့်မည်။ သူမ ခင်ပွန်းကို အလိုအပ်ဆုံးအချိန်မှာ ခင်ပွန်းက သူမဘေးမှာ မရှိသည့်အပြင် ဖုန်းတောင် ဆက်သွယ်လို့မရခဲ့ပေ။

သို့သော် သူမမှာ ဝမ်းနည်းနေရန် အချိန်မရှိခဲ့ပါ။ ပြတင်းပေါက်ကန့်လန့်ကာကို တိတ်တဆိတ်ဖွင့်ကြည့်လိုက်ရာ အောက်ထပ်လမ်းပေါ်မှာ “မိစ္ဆာကောင်” များက လူတွေကို လိုက်ဖမ်းပြီး ကိုက်ဖြတ်နေသည်ကို ဝိုးတဝါး မြင်လိုက်ရချိန်မှာတော့ သူမ စိတ်ပြိုလဲလုနီးပါး ဖြစ်သွားခဲ့သည်။

ယခုအချိန်မှာ သူမ၏ တစ်ခုတည်းသော မျှော်လင့်ချက်က သူမ၏ မောင်လေးပင် ဖြစ်သည်။

မနေ့ညက နှင်းကျပြီးကတည်းက အစ်ကိုဖြစ်သူသည် တစ်စုံတစ်ခုကို သိထားလိမ့်မည်ဟု သူမ ခန့်မှန်းမိခဲ့သည်။ သူမတို့သားအမိကို ကယ်တင်နိုင်မည့်သူသည် အစ်ကိုဖြစ်သူတစ်ယောက်တည်းသာ ဖြစ်ကောင်းဖြစ်နိုင်သည်။

“ဦးလေး… သား ဦးလေးကို လိုချင်တယ်…”

ချန်ချန်က ခေါင်းမော့လာပြီး မိခင်၏ ညဝတ်အင်္ကျီကို လက်နှစ်ဖက်ဖြင့် တင်းတင်းဆုပ်ကိုင်ထားသည်။

ယွင်ယောင် ခဏစဉ်းစားလိုက်ပြီးနောက် သားလေး၏ မျက်လုံးထဲမှ မျက်ရည်များကို ညင်သာစွာ သုတ်ပေးလိုက်သည်။ ထို့နောက် ကုတင်ဘေးစားပွဲပေါ်မှ ဖုန်းကိုယူကာ ပြောလိုက်သည်။

“သားလေး၊ ဦးလေးကို ဖုန်းဆက်ကြရအောင်နော်။”

“ဟုတ်ကဲ့…”

ချန်ချန်က ခေါင်းညိတ်လိုက်သည်။ သားအမိနှစ်ယောက်စလုံး စိတ်အနည်းငယ် သက်သာရာရသွားသလိုပင်။ ယွင်ယောင်သည် ယွင်ချဲ့၏ ဖုန်းနံပါတ်ကို နှိပ်လိုက်သည်။

“အစ်မ!”

“ချဲ့…”

ဖုန်းက အချိန်အတော်ကြာ မြည်နေပြီးမှ တစ်ဖက်က ကိုင်လာခဲ့သည်။ ယွင်ချဲ့၏ အသံကို ကြားလိုက်ရသည်နှင့် ယွင်ယောင်သည် မထိန်းနိုင်တော့ဘဲ ငိုချလိုက်မိသည်။

သူမက သာမန်ရိုးရိုး အမျိုးသမီးတစ်ယောက်သာ ဖြစ်သည်။ ရှေးရိုးစွဲပြီး မိသားစုကို အလေးထားတတ်သူလည်း ဖြစ်သည်။ ယခုလို ကြောက်မက်ဖွယ်အခြေအနေမျိုးကို မြင်တွေ့လိုက်ရသည့်အခါ သူမ ကြောက်လန့်တကြားဖြင့် ဘာလုပ်ရမှန်းမသိ ဖြစ်နေခဲ့သည်။

ခင်ပွန်းဖြစ်သူကိုလည်း ဆက်သွယ်မရ၊ အကယ်၍ မောင်လေးက သူမကို ဆက်သွယ်မလာခဲ့ဘူးဆိုလျှင်၊ သားလေးကို စောင့်ရှောက်ပေးနေရခြင်းသာ မရှိခဲ့ဘူးဆိုလျှင် သူမ စိတ်လုံးဝပြိုလဲသွားလောက်ပြီ ဖြစ်သည်။

“အစ်မ၊ မကြောက်နဲ့။ ငါ မြို့ထဲကို ခဏနေရင် ရောက်တော့မယ်။ အစ်မတို့အိမ်ကိုလည်း မကြာခင် ရောက်လာတော့မှာ။ ဘာပဲဖြစ်ဖြစ် တံခါးကို လုံးဝမဖွင့်နဲ့နော်။ မှတ်ထားပါ!”

အမြန်လမ်းပေါ်မှာ နာရီပေါင်းများစွာ ပိတ်မိနေခဲ့သော ယွင်ချဲ့သည် ယခုအခါ လမ်းဟောင်းမှတစ်ဆင့် မြို့ထဲသို့ ဝင်လာခဲ့ပြီဖြစ်သည်။ လမ်းတစ်လျှောက်လုံးမှာ ဇွန်ဘီတွေက လူတွေကို လိုက်ကိုက်နေကြပြီး အော်ဟစ်သံတွေကလည်း တိတ်ဆိတ်မသွားခဲ့ပေ။

အမြန်လမ်းပေါ်မှာ ကားတွေက နေရာအနှံ့ ပိတ်ဆို့နေကြသည်။

ကံကောင်းထောက်မစွာ ယွင်ချဲ့သည် ကုန်တင်ကားကို စွန့်ပစ်လိုက်ပြီး သူ့နေရာလွတ်ထဲမှ လျှပ်စစ်ဆိုင်ကယ်တစ်စီးကို ထုတ်ယူလိုက်သည်။ မကြာသေးခင်ကမှ ရရှိထားသော လေစွမ်းအားကို အသုံးပြုပြီး တစ်လျှောက်လုံး သူ့ခန္ဓာကိုယ်ကို လေထုစွမ်းအားဖြင့် ဖုံးအုပ်ထားခဲ့သည်။

အနံ့ခံအာရုံနှင့် အကြားအာရုံကိုသာ အဓိကအားကိုးရသော ဇွန်ဘီတွေသည် သူ့ထံမှ ထွက်ပေါ်နေသော အသက်ရှူအနံ့ကို မခံစားနိုင်ကြပေ။ လျှပ်စစ်ဆိုင်ကယ်အသစ်၏ အသံကလည်း အလွန်တိတ်ဆိတ်သည့်အတွက် သူ၏ လေစွမ်းအားက အသံကိုပါ အပြင်သို့ မထွက်စေရန် လုံလောက်စွာ တားဆီးပေးနိုင်ခဲ့သည်။

ဇွန်ဘီတစ်ကောင်မှ သူ့ဆီ ခုန်အုပ်မလာသော်လည်း အစ်မဖြစ်သူ၏ နေအိမ်သို့ တတ်နိုင်သမျှ အမြန်ဆုံး ရောက်လိုသည့်အတွက် ယွင်ချဲ့သည် သူ့နေရာလွတ်ထဲမှ ဓားရှည်တစ်လက်ကို ထုတ်ယူလိုက်သည်။ လမ်းပိတ်နေသော ဇွန်ဘီများကို တွေ့တိုင်း သူ့လမ်းကြောင်းကို ပိတ်ဆို့မနေစေရန် ခုတ်ထွင်ရှင်းလင်းသွားခဲ့သည်။

“သောက်ကျိုးနည်း၊ မင်းကိုကျ ဘာလို့ မကိုက်ကြတာလဲကွ!”

လမ်းပေါ်မှာ ကားတွေ အလွန်အမင်း ပိတ်ဆို့နေသည့်အတွက် ယွင်ချဲ့သည် လမ်းအလယ်ရှိ မြက်ခင်းစပ်ပေါ်သို့ ဆိုင်ကယ်ကို တက်မောင်းလိုက်သည်။ ထိုအချိန်မှာ သူ့အသက်အရွယ်လောက်ရှိမည့် အမျိုးသားတစ်ယောက်က ယွင်ချဲ့ကို ဘာမှမမေးဘဲ လျှပ်စစ်ဆိုင်ကယ်၏ နောက်ခုံပေါ်သို့ ခုန်တက်လာခဲ့သည်။

ဖုန်းပြောနေသော ယွင်ချဲ့က မျက်မှောင်ကြုတ်လိုက်ပြီး ပြောလိုက်သည်။

“ဆင်းလိုက်!”

သူသည် အသံတိတ်ဆိတ်သည့်အတွက် အမျိုးသမီးစီး လျှပ်စစ်ဆိုင်ကယ်ကို တမင်ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ သို့သော် အဲဒီလူ နောက်ခုံပေါ် တက်ထိုင်လိုက်သည်နှင့် ဆိုင်ကယ်၏ အမြန်နှုန်းက သိသိသာသာ လျော့ကျသွားခဲ့သည်။

“ညီအစ်ကိုရေ၊ ကျေးဇူးပြုပြီး ကူညီပါဦး။ အဲဒီမိစ္ဆာကောင်တွေက အရမ်းကြောက်ဖို့ကောင်းတယ်။ ကျွန်တော်က ဖုန်းဟွမ်အိမ်ရာမှာ နေတာပါ။ မင်းသွားမယ့်လမ်းပေါ်မှာပဲ ရှိတယ်။ ကျေးဇူးပြုပြီး တစ်ခါတည်း လိုက်ပို့ပေးပါနော်။”

နောက်ခုံပေါ် ထိုင်နေသော အမျိုးသားသည် ယွင်ချဲ့က သူ့ကို ကန်ချလိုက်မည်ကို စိုးရိမ်နေသည့်ပုံဖြင့် လက်နှစ်ဖက်ကို ပူးကပ်ကာ တောင်းပန်လိုက်သည်။ ထို့နောက် ယွင်ချဲ့၏ ခါးကို အလျင်အမြန် ဖက်တွယ်ထားလိုက်သည်။

“ချဲ့၊ မင်းဆီမှာ ဘာမှမဖြစ်ဘူးမဟုတ်လား?”

ယွင်ယောင်က မောင်လေးအတွက် စိုးရိမ်တကြီး မေးလိုက်သည်။

မူလက နောက်ခုံပေါ်မှ လူကို ဆင်းခိုင်းပြီးမှ ဆက်သွားရန် စိတ်ကူးထားသော ယွင်ချဲ့သည် ယခုတော့ ခဏတာ လက်လျှော့လိုက်ရသည်။

“ဘာမှမဖြစ်ဘူး အစ်မ။ နောက်နာရီဝက်ကျော်လောက်ဆို အစ်မတို့အိမ်ကို ရောက်တော့မယ်။ အစ်မ အရင်ဆုံး ဗိုက်ပြည့်အောင် တစ်ခုခုစားထားနော်။ နောက်ကျရင် ငါတို့ ရှောင်ချန်ကို သွားရှာကြမယ်။”

ကမ္ဘာပျက်ကပ် စတင်ခါစဖြစ်သည့်အတွက် ရေနဲ့လျှပ်စစ်မီးတွေက ပုံမှန်အတိုင်း ရရှိနေသေးသည်။ သူ့အစ်မကိုလည်း တစ်ခုခုလုပ်နေရအောင် စီစဉ်ပေးထားရမည်။ သူမတစ်ယောက်တည်း ကြောက်လန့်ပြီး စိတ်ပူနေရတာမျိုးကိုတော့ သူ ခွင့်မပြုနိုင်ပေ။

“ဒါပေမဲ့ ရှောင်ချန်ကလေ… သူ ဘယ်လိုဖြစ်နေမှန်း အစ်မ မသိဘူး။”

နောက်မောင်လေးတစ်ယောက်ဖြစ်သူကို တွေးမိသည့်အခါ ယွင်ယောင်မှာ မစိုးရိမ်ဘဲ မနေနိုင်တော့ပေ။

“ဘာမှမဖြစ်ပါဘူး အစ်မ။ ငါ့စွမ်းအား နိုးထလာပြီ။ ဇွန်ဘီတွေက လောလောဆယ် ငါ့ကို ဒုက္ခပေးနိုင်မှာ မဟုတ်ဘူး။ ငါ အစ်မတို့ကို ကာကွယ်ပေးမယ်။ ရှောင်ချန်အတွက်လည်း စိတ်မပူနဲ့။ သူ့ကို ပုန်းနေဖို့ ငါပြောထားပြီးပြီ။”

ယခုအချိန်မှာ ယွင်ချဲ့သည် အမှန်တရားကို ဖုံးကွယ်ထားရန် မလိုတော့ဟု ထင်မြင်လာခဲ့သည်။ သူ့မောင်လေး ဘာမှမဖြစ်ဖို့သာ မျှော်လင့်နေမိသည်။

သို့သော် ယခင်ဘဝတုန်းကတော့ ကမ္ဘာပျက်ကပ်ဖြစ်ပြီးနောက် နှစ်နှစ်ကြာသည်အထိ သူ့မောင်လေးကို ရှာမတွေ့ခဲ့ရသည့် အဖြစ်ကို သူ မှတ်မိနေဆဲဖြစ်သည်။ အဲဒီအချိန်တုန်းက သူ့မောင်လေး၏ ဒဏ်ရာသည်လည်း အသစ်စက်စက် ရှိနေသေးသည်။ ထိုအချက်ကိုကြည့်လျှင် သူ့မောင်လေးသည် မကြာသေးခင်ကမှ ဇွန်ဘီအဖြစ် ပြောင်းလဲသွားခဲ့ခြင်း ဖြစ်နိုင်သည်။

ဒါကြောင့် အခုတစ်ကြိမ်မှာ သူ့မောင်လေး ကောင်းကောင်းမပုန်းနိုင်ခဲ့ဘူးဆိုရင်တောင် အခြေအနေက အရမ်းဆိုးရွားနေဦးမည် မဟုတ်လောက်ပေ။ ယခုအချိန်တွင် အရာအားလုံးက သူ့ထိန်းချုပ်မှုအောက်မှ လွတ်ထွက်သွားခဲ့ပြီဖြစ်သဖြင့် အကောင်းဆုံးဖြစ်လာဖို့သာ မျှော်လင့်နိုင်တော့သည်။

“အင်းပါ။ အစ်မဖုန်းကလည်း ဘက်ထရီကုန်တော့မယ်။ အရင်အားသွင်းထားရင်း ထမင်းချက်ထားလိုက်မယ်။ ချဲ့၊ သတိထားဦးနော်။”

“အင်း။”

ဖုန်းချလိုက်ပြီးနောက် ယွင်ချဲ့သည် နောက်ခုံမှ လူနှင့် ဆက်ပြီး အချေအတင် မပြောချင်တော့ပေ။ ထို့ကြောင့် အရှိန်မြှင့်ကာ အစ်မဖြစ်သူ၏ နေအိမ်ဘက်သို့ မောင်းနှင်သွားခဲ့သည်။

သို့သော် ယွင်ယောင် ထမင်းချက်နေချိန်မှာ တစ်စုံတစ်ယောက်က သူမအိမ်တံခါးကို လာခေါက်လိမ့်မည်ဟု သူ မသိခဲ့ပေ။

“မေမေ!”

နို့ဘူးဖြင့် နို့သောက်နေသော ချန်ချန်သည် တံခါးခေါက်သံကြောင့် လန့်သွားပြီး နို့ဘူးကိုပစ်ချလိုက်ကာ မိခင်၏ ပေါင်ကို ပြေးဖက်ထားလိုက်သည်။

ယွင်ယောင်လည်း ကြောက်လန့်နေသော်လည်း သားလေးကို ပုတ်ပေးရင်း နှစ်သိမ့်လိုက်သည်။

“မကြောက်နဲ့နော်။ အသံလည်း မထွက်နဲ့။ မေမေတို့ တံခါးမဖွင့်ပေးသရွေ့ ဘယ်သူမှ အထဲဝင်လာလို့ မရဘူး။”

“ဟုတ်ကဲ့…”

ချန်ချန်က ခေါင်းညိတ်လိုက်သော်လည်း မိခင်၏ ပေါင်ကို တင်းတင်းဖက်ထားသည့် လက်တွေကိုတော့ မလွှတ်ပေးခဲ့ပေ။

အပြင်ဘက်မှ လူတွေက အတော်လေး ဇွဲကောင်းနေပုံရသည်။ တံခါးကို အဆက်မပြတ် ထုရိုက်နေကြပြီး လက်မလျှော့ကြပေ။ သားအမိနှစ်ယောက်စလုံး ကြောက်လန့်နေကြသည်။

ကိုယ့်ကိုယ်ကို မထိန်းနိုင်တော့မှာစိုးသည့်အတွက် ယွင်ယောင်သည် ကိုယ်ကိုငုံ့ချကာ သားလေးကို လက်တစ်ဖက်ဖြင့် ပွေ့ချီလိုက်ပြီး ကျန်လက်တစ်ဖက်ဖြင့် ပါးစပ်ကို အုပ်ထားလိုက်သည်။

“ယွင်ယောင်! တံခါးဖွင့်စမ်း၊ မိန်းမယုတ်မ! ငါတို့ကို သတ်ချင်နေတာလား။ တံခါးဖွင့်စမ်း!”

“တံခါးဖွင့်!”

အပြင်ဘက်မှ တံခါးခေါက်သံများနှင့် ရင်းနှီးနေသော ဆဲဆိုသံများသည် မရပ်မနား ထွက်ပေါ်နေခဲ့သည်။

ချန်ချန်သည် မိခင်၏ ရင်ခွင်ထဲသို့ ပိုမိုတိုးဝင်သွားပြီး မျက်ရည်များကျကာ တုန်တုန်ယင်ယင်ဖြင့် ပြောလိုက်သည်။

“မေမေ… အဘွားကြီးပါ။ သားကြောက်တယ်…”

“မကြောက်နဲ့နော် သားလေး။ မကြောက်နဲ့…”

ယွင်ယောင်ကိုယ်တိုင်လည်း ကြောက်နေသော်လည်း စိတ်ကိုတင်းထားရသည်။ သူမသည် တံခါးဆီသို့ သွားကာ တံခါးပေါက်မှ အပြင်ကို မြင်ရသည့် မှန်ဝိုင်းလေးမှတစ်ဆင့် ချောင်းကြည့်လိုက်သည်။

အပြင်ဘက်မှာ လူအများကြီး စုရုံးရပ်နေကြသည်။ သူတို့အားလုံး ဖရိုဖရဲဖြစ်နေကြပြီး ခန္ဓာကိုယ်တွေပေါ်မှာလည်း သွေးတွေ စွန်းထင်းနေကြသည်။

အဲဒီလူတွေဟာ တကယ်ပဲ သူမ၏ ယောက္ခမ ကျိုးဝမ်၊ ခယ်မဖြစ်သူနှင့် ခယ်မ၏ ကလေးနှစ်ယောက်တို့ ဖြစ်ကြသည်။

ခဏစဉ်းစားပြီးနောက် ယွင်ယောင်သည် ခင်ပွန်းဖြစ်သူ၏ မိသားစုဝင်တွေဖြစ်နေသည့်အတွက် တံခါးဖွင့်ပေးရန် ဆုံးဖြတ်လိုက်သည်။

“အမေ၊ အမေတို့ပဲလား…”

“ဖြန်း!”

တံခါးဖွင့်လိုက်သည်နှင့် ယွင်ယောင် စကားတစ်ခွန်းပင် မပြောရသေးခင် ယောက္ခမ ကျိုးဝမ်က သူမကို ပါးရိုက်ချလိုက်သည်။

ယွင်ယောင်နှင့် သူမ၏ သားလေးတို့သည် တံခါးဝမှာ ရပ်နေရာမှ အလုအယက် ဝင်တိုးလာကြသော လူတွေကြောင့် မြေပေါ်သို့ လဲကျသွားခဲ့ကြသည်။ သို့သော် သူမကို ကူညီထူပေးမည့်သူ တစ်ယောက်မှ မရှိခဲ့ပေ။

အဲဒီလူတွေ အိမ်ထဲသို့ ဝင်လာပြီးသည်နှင့် တံခါးကို ပြန်ပိတ်လိုက်ကြသည်။

အိမ်အပြင်ဘက်မှ ဇွန်ဘီတွေရဲ့ ဟိန်းဟောက်သံတွေကိုတော့ ရှင်းရှင်းလင်းလင်း ကြားနေရဆဲဖြစ်သည်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment