no

Font
Theme

### ရူးမိုက်လွန်းတဲ့ ဆုံးဖြတ်ချက် — ဇွန်ဘီတစ်ကောင်ကို မွေးမြူတော့မှာလား။

“ဒါဆို…”

“နောက်ဆို သူ့ကို ငါတို့ မွေးမြူသွားမယ်။”

သူ့ရဲ့ဆုံးဖြတ်ချက်ကြောင့် အားလုံး ထိတ်လန့်တုန်လှုပ်နေကြမှန်း ယွင်ချဲ့ သိပေမဲ့ သူကတော့ တစ်စက္ကန့်တောင် တွန့်ဆုတ်မနေခဲ့ဘူး။ ညီဖြစ်သူက ဇွန်ဘီတစ်ကောင် ဖြစ်သွားခဲ့ရင်တောင် သူ့ညီပဲ ဖြစ်နေတုန်းပဲလေ။

ကျန်တဲ့သူတွေကတော့ ယွင်ချဲ့ရဲ့ဆုံးဖြတ်ချက်ကြောင့် တကယ်ကို အံ့အားသင့်သွားကြတယ်။ ယွင်ချဲ့ ဘာလုပ်ဖို့ စိတ်ကူးထားလဲဆိုတာကို သူတို့လည်း အနည်းအကျဉ်း ခန့်မှန်းမိထားကြပေမဲ့ ဇွန်ဘီတစ်ကောင်ကို မွေးမြူမယ်ဆိုတာက လွယ်လွယ်နဲ့ ဆုံးဖြတ်လို့ရတဲ့ ကိစ္စမျိုးမှ မဟုတ်တာ။

ဒါပေမဲ့…

တိတ်တိတ်ဆိတ်ဆိတ်နဲ့ “သကြားလုံး” တွေကို စားနေတဲ့ ယွင်ချန်ကို ကြည့်လိုက်မိတဲ့အခါမှာတော့ သူတို့စိတ်ထဲမှာ ဒီကောင်လေးက နည်းနည်းလေး ချစ်စရာကောင်းနေသလိုတောင် ခံစားလိုက်ရတယ်။

“ဘယ်လို မွေးမြူမှာလဲ။”

လန်ယဲ့ဟန်က ရှေ့ကို ခြေလှမ်းကျဲကြီးတွေနဲ့ လျှောက်လာတယ်။ သူ့ရဲ့ချောမောတဲ့မျက်နှာက ရေခဲတမျှ အေးစက်နေပြီး လက်သီးနှစ်ဖက်ကိုလည်း တင်းတင်းဆုပ်ထားတယ်။ သူ့ရဲ့နက်မှောင်တဲ့မျက်လုံးတွေထဲမှာတော့ ခိုင်မာပြတ်သားတဲ့ ဆုံးဖြတ်ချက်တစ်ခုကို မြင်နေရတယ်။

“အရမ်းရိုးရှင်းတယ်။ လူသားတွေကို စားခိုင်းမလား၊ ဒါမှမဟုတ် ဇွန်ဘီအမြုတေတွေကို စားခိုင်းမလားပဲ။ ဇွန်ဘီအမြုတေတွေက ဇွန်ဘီတွေရဲ့ ဦးခေါင်းထဲမှာ ရှိတယ်။ အဲဒါကို လိုချင်ရင်တော့ ဇွန်ဘီကို သတ်ပြီး ဦးခေါင်းကို ခွဲရှာရလိမ့်မယ်။”

အခုမှ ပထမဆုံးအကြိမ် တွေ့ဖူးကြတာဖြစ်ပေမဲ့ ဒီလူက သူ့ညီလေးကို အရမ်းဂရုစိုက်တယ်ဆိုတာ ယွင်ချဲ့ သတိထားမိခဲ့တယ်။ သူတို့ရောက်လာတုန်းကလည်း ယွင်ချန်ရှေ့မှာ ရပ်ပြီး ကာကွယ်ပေးနေခဲ့တဲ့သူက ဒီလူနဲ့ နောက်တစ်ယောက်ပဲဆိုတာကို သူ မမေ့ခဲ့ဘူး။

ယွင်ချဲ့ရဲ့စကားကို ကြားလိုက်ရတဲ့အခါ အားလုံး ရွံရှာသွားကြတယ်။

ကျိုးဇယ်ယွီနဲ့ ယွင်ယောင်တို့ဟာ လမ်းတစ်လျှောက်မှာ ယွင်ချဲ့ ဇွန်ဘီတွေရဲ့ ဦးခေါင်းကို ခွဲပြီး ဇွန်ဘီအမြုတေတွေ ရှာနေခဲ့တဲ့ မြင်ကွင်းကို ပြန်သတိရသွားကြတယ်။ အဲဒီအကြောင်းကို တွေးမိလိုက်တာနဲ့တင် သူတို့နှစ်ယောက်လုံး အန်ချင်လာကြတယ်။

“လူတွေကို စားရမှာပေါ့လေ… ဒါဆို ငါလည်း မင်းတို့နဲ့ လိုက်ခဲ့မယ်။ ဇွန်ဘီအမြုတေတွေကို စုဆောင်းပေးဖို့ ငါ တာဝန်ယူမယ်။”

လန်ယဲ့ဟန်လည်း ဒီလိုဆုံးဖြတ်ချက်မျိုးကို ကြားလိုက်ရတဲ့အခါ အံ့အားသင့်သွားခဲ့ပေမဲ့ မကြာခင်မှာပဲ ယွင်ချဲ့ရဲ့ဆုံးဖြတ်ချက်ကို ခိုင်ခိုင်မာမာ ထောက်ခံလိုက်တယ်။ ယွင်ချန်က နောက်ဆုံးမှာ ဘယ်လိုအရာမျိုးအဖြစ် ပြောင်းလဲသွားမလဲဆိုတာ သူ မသိပေမဲ့ ယွင်ချဲ့ကတော့ ယွင်ချန်ကို ဘယ်တော့မှ ထိခိုက်အောင်လုပ်မှာ မဟုတ်ဘူးဆိုတာ သူ သိတယ်။

ယွင်ချန်ကို ကာကွယ်ပေးနိုင်ခဲ့မယ်ဆိုရင် ဒီလိုအခြေအနေမျိုးအထိ ရောက်လာမှာ မဟုတ်ဘူး။ ဒါပေမဲ့ အခုတော့ အရာအားလုံး နောက်ကျသွားပြီ။ ယွင်ချန်က တစ်သက်လုံး ဒီလိုပဲ ဖြစ်နေမယ်ဆိုရင်တောင် သူ့အနားမှာ အမြဲရှိနေပြီး ဂရုစိုက်ပေးသွားမယ်။

“ခွေးမသားတွေ! အဲဒီကောင်တွေကို ငါ သတ်ပစ်မယ်!”

လုဟိုင်ရွှမ်းက ဒေါသတကြီး ဟိန်းဟောက်လိုက်တယ်။ သူ ဖရဲသီးဓားကို ကောက်ယူပြီး အောက်ထပ်ကို အပြေးဆင်းသွားတယ်။ လန်ယဲ့ဟန်က ယွင်ချန်ကို တစ်ချက်ကြည့်ပြီးနောက် လှည့်ကာ သူ့နောက်ကို လိုက်သွားခဲ့တယ်။ အဲဒီလူတစ်စုကို ဒီအတိုင်း လွှတ်ပေးထားမှာ မဟုတ်ဘူး။

“မင်းပြောတာအရဆိုရင် ယွင်ချန်က အရင်ကအကြောင်းတွေကို မှတ်မိတော့မှာ မဟုတ်ဘူးပေါ့။ ဒါဆို တစ်နေ့နေ့မှာ သူ တကယ်ပဲ ဆင့်ကဲပြောင်းလဲပြီး ထိန်းချုပ်လို့မရတော့ဘူးဆိုရင်… ငါတို့ထဲက ဘယ်သူမှ သူ့ကို တားနိုင်မှာ မဟုတ်ဘူးလို့ ငါထင်တယ်။ ဒါ့အပြင် သူ့ပုံစံက လူသားတစ်ယောက်နဲ့လည်း မတူတော့ဘူး။ အဲဒီလိုဆိုရင် သူ့ကို ငါတို့နဲ့အတူ ဘယ်လိုခေါ်သွားကြမှာလဲ။ သူ့ကို စမ်းသပ်ခန်းထဲက စမ်းသပ်ခံပစ္စည်းတစ်ခု ဖြစ်သွားစေချင်တာ မဟုတ်ရင်ပေါ့။”

လှေကားပေါ်ကနေ ပျောက်ကွယ်သွားတဲ့ လူနှစ်ယောက်ကို တစ်ချက်ကြည့်ပြီး ကျိုးဇယ်ယွီက ယွင်ချဲ့ဆီ လျှောက်လာကာ အကျိုးအကြောင်း ဆင်ခြင်ပြီး ပြောလိုက်တယ်။ တကယ်တော့ သူကိုယ်တိုင်လည်း အခုထိ ထိတ်လန့်နေတုန်းပဲ။ ဒါပေမဲ့ ယွင်ချဲ့နဲ့ အေးအေးဆေးဆေး ဆွေးနွေးနိုင်ဖို့ သူ့ကိုယ်သူ စိတ်ထိန်းထားရတယ်။

ဇွန်ဘီတစ်ကောင်ကို မွေးမြူဖို့ဆိုတာ ယွင်ချဲ့ပြောသလို လွယ်ကူတဲ့ကိစ္စ မဟုတ်ဘူး။

“ချဲ့…”

ဒီစကားတွေကို ကြားလိုက်ရတဲ့အခါ ယွင်ယောင်လည်း ယွင်ချဲ့ကို တစ်ချက်ကြည့်ပြီး ယွင်ချန်ကိုပါ လှည့်ကြည့်လိုက်တယ်။ သူမ ဘာလုပ်ရမလဲ မဆုံးဖြတ်နိုင်ဘဲ တွေဝေနေခဲ့တယ်။

ဒါပေမဲ့ ယွင်ချဲ့ကတော့ ကျိုးဇယ်ယွီကို ခိုင်မာပြတ်သားတဲ့ အကြည့်နဲ့ ပြန်ကြည့်လိုက်တယ်။

“အဲဒါဆို ဘာဖြစ်လဲ။”

ဒါက သူ့ရဲ့အဖြေပဲ။

သူ့ညီကို တစ်ကြိမ် ဆုံးရှုံးခဲ့ဖူးပြီ။ ဒီတစ်ကြိမ်မှာတော့ အဲဒီလို ထပ်ဖြစ်ခွင့်မပေးနိုင်တော့ဘူး။ ယွင်ချန် ရှိနေသေးသရွေ့ မျှော်လင့်ချက် ရှိနေသေးတယ်။

“သောက်ကျိုးနည်း!”

ယွင်ချဲ့ဟာ ဒီကိစ္စကို ရူးရူးမိုက်မိုက်နဲ့တောင် ဂုဏ်ယူနေသလိုမျိုး ခိုင်မာတဲ့စိတ်ဆန္ဒရှိနေမှန်း ကျိုးဇယ်ယွီ သဘောပေါက်သွားတယ်။ သူ အသံတိုးတိုးနဲ့ ကျိန်ဆဲလိုက်ပြီး ဓားကို ကောက်ယူကာ ဘေးကို လှည့်ထွက်သွားရင်း ပြောလိုက်တယ်။

“ငါ သူတို့ကို သွားကူလိုက်ဦးမယ်။”

“ချဲ့… ချန်က နောက်ဆို ဘယ်လိုဖြစ်သွားမှာလဲ။”

ဒုတိယထပ်မှာ သူတို့သုံးယောက်ပဲ ကျန်ခဲ့တဲ့အခါ ယွင်ယောင်က ယွင်ချဲ့အနားကို တိုးကပ်လာပြီး သူ့အင်္ကျီလက်ကို ဆွဲလိုက်တယ်။

ယွင်ချဲ့က သူမကို လေးလေးနက်နက် ကြည့်လိုက်ပြီး ခဏကြာမှ ပြန်ဖြေတယ်။

“ငါလည်း မသိဘူး။ ဒါကြောင့် အဖြေကို ငါတို့အတူတူ ရှာကြရမှာပေါ့။”

ပြောရင်းနဲ့ ယွင်ချဲ့က သူမလက်ပေါ်ကို သူ့လက်နဲ့ ခိုင်ခိုင်မာမာ အုပ်ကိုင်လိုက်တယ်။

သူ့မှာ အနာဂတ်ကို ကြိုတင်ခန့်မှန်းနိုင်တဲ့ အစွမ်းမရှိဘူး။ နောက်ဆို ဘာတွေဖြစ်လာမလဲဆိုတာ ဘယ်သူမှ မသိနိုင်ဘူး။ သူသိတာတစ်ခုတည်းကတော့ အနာဂတ်မှာ ဘယ်လိုအရာတွေပဲ ဖြစ်လာပါစေ ဒီနေ့ သူချခဲ့တဲ့ ဆုံးဖြတ်ချက်အတွက် နောင်တရမှာ မဟုတ်ဘူးဆိုတာပဲ။

“ဟုတ်တယ်!”

ယွင်ချဲ့ရဲ့လက်ချောင်းတွေ တုန်ယင်နေတာနဲ့အတူ မသိနိုင်သေးတဲ့ အနာဂတ်အပေါ် သူ့ရဲ့ခိုင်မာတဲ့ ဆုံးဖြတ်ချက်ကို ခံစားလိုက်ရတဲ့အခါ ယွင်ယောင်ရဲ့စိတ်ဟာ အံ့ဩစရာကောင်းလောက်အောင် တည်ငြိမ်သွားခဲ့တယ်။

သူမက သူတို့ရဲ့အစ်မကြီးလေ။ ညီဖြစ်သူတောင် အနာဂတ်ကို ယုံကြည်ချက်အပြည့်နဲ့ ရင်ဆိုင်ဖို့ ဆုံးဖြတ်ထားတာ။ သူမက ဘယ်လိုလုပ် နောက်ဆုတ်နေလို့ ဖြစ်မလဲ။

အနည်းဆုံးတော့ ညီလေးက အသက်ရှင်နေသေးတယ် မဟုတ်လား။ နောင်တစ်ချိန်မှာ လူသားတွေဟာ ဇွန်ဘီတွေကို လူသားတွေအဖြစ် ပြန်ပြောင်းလဲပေးနိုင်မယ့် နည်းလမ်းကို ရှာတွေ့လာနိုင်တာပဲ။ အနာဂတ်မှာ ဘာတွေဖြစ်လာမလဲဆိုတာ ဘယ်သူက အတိအကျ ပြောနိုင်မှာလဲ။

အခုကတည်းက မျှော်လင့်ချက်ကို လက်လွှတ်လိုက်မယ်ဆိုရင်တော့ နောက်ထပ်အခွင့်အရေး ရှိလာတော့မှာ မဟုတ်ဘူး။

“အင်း။”

ယွင်ချဲ့က ခေါင်းညိတ်လိုက်ပြီး ယွင်ချန်ရှေ့မှာ ထိုင်ချလိုက်တယ်။ သူ့ညီလေးရဲ့ခေါင်းကို ညင်ညင်သာသာ ပွတ်သပ်ပေးရင်း ပြောလိုက်တယ်။

“မင်း လူသားအဖြစ် ပြန်မပြောင်းလဲနိုင်တော့ရင်တောင် ငါ မင်းကို အင်အားအကြီးဆုံး ဇွန်ဘီတစ်ကောင် ဖြစ်လာအောင် လုပ်ပေးမယ်!”

သူ့စကားကို နားလည်သွားသလို ယွင်ချန်က ခေါင်းလှည့်ပြီး သူ့ကို ကြည့်လာတယ်။ သူ့ရဲ့နီရဲနေတဲ့ မျက်လုံးတွေထဲမှာတော့ ရှုပ်ထွေးနားမလည်နိုင်တဲ့ အရိပ်အယောင်တွေ အပြည့်ပဲ။

သိပ်မကြာခင်မှာပဲ သူဟာ စက်ရုပ်တစ်ရုပ်လိုပဲ ခေါင်းလှည့်ပြီး သူ့ရဲ့ “သကြားလုံး” တွေကို ဆက်စားနေပြန်တယ်။

ယွင်ချဲ့ရဲ့ရင်ထဲမှာ အနည်းငယ် ဝမ်းနည်းသွားပေမဲ့ မကြာခင်မှာပဲ ဘာမှမဖြစ်သလို ဟန်ဆောင်လိုက်တယ်။ သူ့လက်ထဲက နောက်ဆုံးလက်ကျန် ဇွန်ဘီအမြုတေကို ယွင်ချန်ဆီ ကမ်းပေးလိုက်ပြီးနောက်—

“ဝူး…”

“ချဲ့!”

ယွင်ချဲ့က လက်ကို ဝှေ့ယမ်းလိုက်ပြီး ယွင်ချန်ကို သူ့ရဲ့နေရာလွတ်ထဲ အတင်းပို့လိုက်တယ်။ တစ်ချိန်တည်းမှာပဲ သူ့ခန္ဓာကိုယ်ဟာ ထိန်းချုပ်မရဘဲ ရှေ့ကို ယိုင်ကျသွားပြီး ပါးစပ်ကနေ သွေးတွေ အန်ထွက်လာခဲ့တယ်။

ဒီမြင်ကွင်းကို မြင်လိုက်ရတဲ့ ယွင်ယောင်ဟာ ညီဖြစ်သူ ရုတ်တရက် ဘယ်နေရာကို ပျောက်သွားတာလဲဆိုတာတောင် စဉ်းစားချိန်မရတော့ဘဲ ယွင်ချဲ့ကို ကမန်းကတန်း ပြေးထူလိုက်တယ်။

“ဘာဖြစ်တာလဲ။ ဘာလို့ သွေးအန်ရတာလဲ။”

သူမရဲ့မျက်နှာမှာ စိုးရိမ်ပူပန်မှုတွေနဲ့ ပင်ပန်းနွမ်းနယ်မှုတွေ အထင်းသား ပေါ်လွင်နေတယ်။

သူမမှာ ညီလေးနှစ်ယောက်ပဲ ရှိတာ။ အခုတစ်ယောက်က ဇွန်ဘီဖြစ်သွားခဲ့ပြီ။ ကျန်တဲ့တစ်ယောက်ကိုတော့ ဘာအန္တရာယ်မှ မဖြစ်အောင် သူမ မဖြစ်မနေ ကာကွယ်ပေးရတော့မယ်။

မဟုတ်ရင်…

သူမအတွက် ဆက်လက်အသက်ရှင်နေဖို့ အကြောင်းပြချက်တောင် ပျောက်ဆုံးသွားမှာကို သူမ ကြောက်ရွံ့နေခဲ့တယ်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment