no

Font
Theme

### ဘော့စ်ကြီးရဲ့ အစွမ်းအစ

“ချန်ချန်က ဝလုံးဝမဝဘူးနော်!”

ချန်ချန်က အသက်ငယ်လွန်းသေးတာကြောင့် သူတို့ ဘာကို ရယ်နေကြမှန်း နားမလည်ပေ။ သူက ကျိုးဇယ်ယွီကို မျက်စောင်းထိုးကြည့်ရင်း လက်နှစ်ဖက်ကို ရင်ဘတ်ရှေ့မှာ ယှက်ထားလိုက်သည်။

ကျိုးဇယ်ယွီက ချက်ချင်းပဲ စကားပြင်ပြောလိုက်သည်။

“ဟုတ်တယ်၊ ဟုတ်တယ်… မင်းက တကယ်ကြီး ဝနေတာမဟုတ်ပါဘူး။ ကလေးအရွယ်မို့လို့ ပါးလေးတွေ ဖောင်းနေတာပါ… အဟားဟား…”

သူက ရယ်လည်း ရယ်နေသေးသည်။ နည်းနည်းလောက် ဉာဏ်ရှိတဲ့သူဆိုရင်တောင် ချန်ချန်ရဲ့ပါးဖောင်းဖောင်းလေးတွေက ကလေးအရွယ်မို့လို့ပဲ မဟုတ်ဘဲ တကယ်ကို ဖောင်းဖောင်းလေးဖြစ်နေတာကို မြင်နိုင်သည်။

“ဦးလေး…”

ကျိုးဇယ်ယွီက သူ့ကို အပေါ်ယံသဘောနဲ့ နှစ်သိမ့်ပေးနေမှန်း ချန်ချန်သိသည်။ ဒါကြောင့် ယွင်ချဲ့ဘက်ကို လှည့်ပြီး အကူအညီတောင်းလိုက်သည်။

ယွင်ချဲ့က သူ့ဆံပင်လေးကို နူးနူးညံ့ညံ့ ပွတ်သပ်ပေးရင်း ပြောလိုက်သည်။

“သူက ချန်ချန်ရဲ့ ကျန်းမာသန်စွမ်းတဲ့ ခန္ဓာကိုယ်ကို မနာလိုဖြစ်နေတာပါ။ ချန်ချန်ရေ၊ ဘော့စ်ကြီးဆိုတာ ဘာလဲ သိလား။”

“ဘော့စ်ကြီးဆိုတာ ဘာလဲ။ အရမ်းသန်မာတာလား။”

ချန်ချန်က ကျိုးဇယ်ယွီကို ချက်ချင်းမေ့သွားပြီး ယွင်ချဲ့ကို စိတ်လှုပ်ရှားစွာ မော့ကြည့်လိုက်သည်။ သူ့ရဲ့မျက်လုံးဝိုင်းဝိုင်းကြီးတွေက တလက်လက်တောက်ပနေသည်။

“အရမ်းသန်မာတာပေါ့။ စူပါမန်းတွေထက်တောင် ပိုသန်မာတယ်။ ဘော့စ်ကြီးရဲ့ အစွမ်းက ဘယ်လောက်တောင် ကြီးမားလဲဆိုတာ ကြည့်ချင်လား။”

ယွင်ချဲ့က ပြန်ဖြေရင်း ရယ်သံအကျယ်ဆုံး ထွက်နေတဲ့ ကျိုးဇယ်ယွီကို မကျေမနပ်နဲ့ တစ်ချက်ကြည့်လိုက်သည်။

“ကြည့်ချင်တယ်! ပြပေးပါ!”

ချန်ချန်က လူကြီးတွေကြားက လျှို့ဝှက်တိုက်ပွဲကို နားမလည်ပေ။ သူက လက်ကလေးနှစ်ဖက်ကို ပျော်ပျော်ရွှင်ရွှင် တီးခတ်ရင်း “ဘော့စ်ကြီး” ရဲ့ အစွမ်းကို မြင်ရဖို့ မျှော်လင့်နေသည်။

ယွင်ချဲ့က လက်တစ်ဖက်ကို မြှောက်ပြီး ကျိုးဇယ်ယွီဘက်ကို ချိန်လိုက်သည်။

သူ့လက်မောင်းတစ်လျှောက်မှာ ငွေရောင်လျှပ်စီးကြောင်းတွေ တလက်လက်နဲ့ လှည့်ပတ်စီးဆင်းလာသည်။

“အားလားလား! မင်း တကယ်လုပ်တော့မှာလား!”

“ဖျတ်… ဖျတ်…”

“အား! သောက်ကျိုးနည်း!”

ကျိုးဇယ်ယွီက ချက်ချင်းပဲ ထွက်ပြေးတော့သည်။ ဒါပေမဲ့ လျှပ်စီးကြောင်းတွေက သူ့နောက်ကို တန်းလိုက်သွားပြီး ပြင်းပြင်းထန်ထန် လျှပ်စစ်ဓာတ်လိုက်စေလိုက်သည်။

ကျန်တဲ့သူတွေကလည်း ယွင်ချဲ့က သူတို့ကိုပါ အပြစ်ပေးလာမှာစိုးတာကြောင့် ကျိုးဇယ်ယွီနားကနေ အလျင်အမြန် ခွာလိုက်ကြသည်။

“သောက်ကျိုးနည်း! မင်းကြောင့် ငါ သေတော့မလို့ပဲ!”

ကျိုးဇယ်ယွီက ယွင်ချဲ့ကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။ ယွင်ချဲ့က လျှပ်စစ်ဓာတ်ကို ဒီလို စိတ်ရှိတိုင်း ထုတ်လွှတ်လို့ရသလား။ သူသာ ဘောင်းဘီထဲ သေးပေါက်ချမိရင် ဘယ်လိုလုပ်မလဲ။

“ကြည့်ရတာ မင်း မကျေနပ်သေးဘူးထင်တယ်။ ကောင်းပြီလေ၊ နောက်ထပ် နည်းနည်းလောက် ထပ်ကျွေးပေးမယ်။”

ယွင်ချဲ့က မျက်ခုံးပင့်လိုက်ပြီး ပြုံးလိုက်သည်။ သူ့ရဲ့ချောမောလှပတဲ့ မျက်နှာပေါ်မှာတော့ အပြစ်ကင်းပြီး အန္တရာယ်မရှိတဲ့ပုံစံမျိုးပဲ မြင်ရသည်။

“မလိုတော့ဘူး၊ မလိုတော့ဘူး။ ကျွန်တော် ရှုံးပါပြီ၊ အရှုံးပေးပါပြီ!”

ကျိုးဇယ်ယွီက ထိတ်လန့်တကြား လက်မြှောက်အရှုံးပေးလိုက်သည်။

“ဦးလေးကျိုးက ရယ်ရတာ အရမ်းကောင်းတာပဲ!”

ချန်ချန်က မရယ်ဘဲ မနေနိုင်တော့ပေ။

ယွင်ချဲ့က ချန်ချန်ကို ပွေ့ချီပြီး အခန်းထဲကနေ ထွက်လာသည်။ ကျိုးဇယ်ယွီဘေးက ဖြတ်သွားတဲ့အခါ သူ့ကို အထင်သေးတဲ့အကြည့်တစ်ချက် ပေးသွားလိုက်သေးသည်။ အဲဒီအကြည့်ကြောင့် ကျိုးဇယ်ယွီ ပိုပြီး ဒေါသထွက်သွားတော့သည်။

ဒါက ယွင်ချဲ့ပဲ။ သူ့ရဲ့အစွမ်းအစက ဘော့စ်ကြီးဆိုတဲ့ နာမည်နဲ့ လုံးဝထိုက်တန်သည်။

မနေ့ညက ကျလာတဲ့နှင်းတွေက သိပ်မကြာလိုက်ပေ။ မနက်မိုးလင်းလာတဲ့အခါ နေမင်းကြီးက မိုးကုပ်စက်ဝိုင်းနောက်ကနေ ထွက်ပေါ်လာပြီး လိမ္မော်ရောင်အလင်းတန်းတွေကို ဖြာကျစေခဲ့သည်။

ဟိုတယ်ထဲမှာ နေထိုင်နေကြတဲ့ လူတွေကို ဆွဲဆောင်ခံရသလို ဇွန်ဘီတချို့က အပြင်မှာ လျှောက်သွားနေကြသည်။ အဲဒီထဲက တချို့ကတော့ အသတ်ခံထားရပြီး ခေါင်းမပါတဲ့ အလောင်းတွေ မြေပြင်ပေါ်မှာ ပြန့်ကျဲနေသည်။

ဒီလက်ရာက ဟေးယွီရဲ့ လက်ချက်ဖြစ်ကြောင်း သိသာလှသည်။

“မင်းရဲ့ခွေးက တကယ်ကို အထင်ကြီးစရာကောင်းတာပဲ။”

ယွင်ချဲ့နဲ့ ချန်ချန် အောက်ထပ်ကို ဆင်းလာတဲ့အခါ ရှင်းဖုန်းက သူတို့ကို အရင်ဆုံး သတိထားမိသွားပြီး လက်မထောင်ပြလိုက်သည်။

“ဒီလောက်ပဲလား။”

ယွင်ချဲ့က သံသယဖြစ်တဲ့အကြည့်နဲ့ ပြန်ကြည့်လိုက်သည်။ သူက ရှင်းဖုန်းရဲ့အကျင့်ကို သိသည်။ ဒီလူက သူနဲ့ စကားနိုင်လုဖို့ အခွင့်အရေးရတာနဲ့ လက်လွတ်မခံတတ်ပေ။

“အဲ… သူလုပ်တဲ့ လှည့်ကွက်တွေကလည်း တကယ်အထင်ကြီးစရာကောင်းပါတယ်။”

ရှင်းဖုန်းက နောက်တစ်ကြိမ် လက်မထောင်ပြလိုက်ပြန်သည်။

ကြည့်ရတာ သူလည်း ဟေးယွီရဲ့ လှည့်ကွက်တွေရဲ့ သားကောင်ဖြစ်ခဲ့ပုံရသည်။

ယွင်ချဲ့က တောက်ပစွာ ပြုံးလိုက်သည်။ ကောင်းတယ်။ အခုတော့ သူတစ်ယောက်တည်း သားကောင်ဖြစ်နေတာ မဟုတ်တော့ဘူး။

“သခင်၊ သကြားဖေဖေက အရမ်းကောင်းတာပဲ။ ကျွန်တော့်ကို အစားအသောက်တွေ အများကြီး ပေးတယ်။”

ဟေးယွီက သူတို့ဆီကို လျှောက်လာရင်း သူ့ရဲ့ဖင်ဖောင်းဖောင်းကြီးကို ဘယ်ညာလှုပ်ခါနေသည်။

“သကြားဖေဖေ?”

ဒီနာမည်က နည်းနည်းတော့ ထူးဆန်းနေသည်။

ရှင်းဖုန်းက ယွင်ချဲ့ကို အဓိပ္ပာယ်ပါပါ ကြည့်လိုက်သည်။ ယွင်ချဲ့က ရှက်ရွံ့မှုကို ဖုံးကွယ်ပြီး ဟေးယွီဘက်ကို လှည့်လိုက်သည်။

“လောဘကြီးလိုက်တဲ့ကောင်။ အစားအသောက်နည်းနည်းလောက်နဲ့တင် မင်းကို ဝယ်လို့ရပြီလား။”

“ဘယ်ရမလဲ သခင်ရဲ့။ စိတ်ချပါ။ ကျွန်တော့်နှလုံးသားထဲမှာ သခင်က အမြဲတမ်း အရေးအကြီးဆုံးပါပဲ။ သူက စွမ်းအင်ဘားတောင်တစ်တောင်စာလောက် ပေးလာတာမျိုးတော့ မဟုတ်ရင်ပေါ့။”

ဟေးယွီက သစ္စာရှိတဲ့ပုံစံ ဟန်ဆောင်ရင်း ယွင်ချဲ့ရဲ့ခါးကို သူ့လက်သည်းတွေနဲ့ ချိတ်ထားလိုက်သည်။

ယွင်ချဲ့ရဲ့နှုတ်ခမ်းထောင့်က တွန့်သွားသည်။

“ထွက်သွားစမ်း!”

ဘယ်သူက သူ့နှလုံးသားထဲမှာ အရေးအကြီးဆုံးဖြစ်ချင်နေလို့လဲ။

“သခင်၊ စိတ်ချပါ၊ စိတ်ချပါ။ သူ့မှာ စွမ်းအင်ဘားတောင်တစ်တောင်စာ မရှိဘူးလေ။ ဒါကြောင့် သခင်ကပဲ အရေးအကြီးဆုံး ဖြစ်နေတုန်းပါ။”

ဟေးယွီက ယွင်ချဲ့ရဲ့ ငြင်းဆိုမှုကို မကြားလိုက်သလို ဟန်ဆောင်နေသည်။

“ချန်ချန်၊ ဗိုက်ဆာပြီလား။ လာ၊ မနက်စာစားကြမယ်။”

ယွင်ချဲ့က ဟေးယွီကို လျစ်လျူရှုလိုက်ပြီး ချန်ချန်ရဲ့လက်ကို ဆွဲကာ စားပွဲဆီ လျှောက်သွားသည်။

အဲဒီအချိန်မှာပဲ မျက်နှာတည်တည်နဲ့ လန်ယဲ့ဟန် ဝင်လာသည်။

“ဇွန်ဘီတွေက ပိုပြီး အားကောင်းလာကြပြီ။ ဒါကို ကြည့်ကြည့်။ အရောင်တောင် ပြောင်းသွားပြီ။”

သူက ဇွန်ဘီအမြုတေတချို့ကို စားပွဲပေါ် တင်လိုက်သည်။ ပဲစေ့အရွယ်လောက်ရှိတဲ့ အရောင်အသွေးစုံ အမြုတေတွေက တောက်ပစွာ အရောင်လက်နေကြသည်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment